မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏လုပ်ငန်းတော်၌ အံ့အားသင့်စရာများဖြင့် အသက်တာ

ယေဟောဝါ၏လုပ်ငန်းတော်၌ အံ့အားသင့်စရာများဖြင့် အသက်တာ

ဘဝ​အတ္ထုပ္ပတ္တိ

ယေဟောဝါ​၏​လုပ်ငန်းတော်​၌ အံ့အားသင့်​စ​ရာ​များ​ဖြင့် အသက်တာ

အဲရစ်​ခ်​နှင့် ဟေ​ဇဲလ် ဗက်ဗ​ရ​စ်ဂျ် ပြောပြ​သည်

“ထောင်ဒဏ်​ခြောက်​လ​ကျ​ခံစေ။” ကျွန်တော့်​နား​ထဲမှာ အဲဒီ​စကား​တွေ ပဲ့တင်ထပ်​နေရင်း အင်္ဂလန်​နိုင်ငံ၊ မ​န်​ချက်​စ်​တာ​ပြည်နယ်​က စ​ထ​ရိန်​ဝေ​စ်​ထောင်​ထဲ ကျွန်တော့်​ကို​ပို့​လိုက်တယ်။ အဲဒီ​အချိန်​က ၁၉၅၀၊ ဒီဇင်ဘာ​လ​ဖြစ်​ပြီး ကျွန်တော့်​အသက်​က ၁၉ နှစ်​ပါ​ပဲ။ ကျွန်တော့်​ရဲ့​လူငယ်​ဘဝမှာ အခက်ခဲဆုံး​စမ်းသပ်မှု​တွေ​ထဲ​က​တစ်ခု​ကို ရင်ဆိုင်​ခါ​စ​ပဲ ရှိသေးတယ်—စစ်မှုထမ်း​ဖို့ ကျွန်တော်​ငြင်း​ခဲ့​ခြင်း​ပါ​ပဲ။—၂ ကောရိန္သု ၁၀:၃-၅

ယေဟောဝါသက်သေ​တွေ​ရဲ့ အချိန်ပြည့်​ရှေ့ဆောင်​ဓမ္မ​အမှုဆောင်​ဖြစ်​တဲ့ ကျွန်တော့်​ကို စစ်မှုထမ်း​ခြင်း​ကနေ ကင်းလွတ်ခွင့်​ပေး​သင့်​ပေမဲ့ ဗြိတိသျှ​ဥပဒေက ကျွန်တော်​တို့​ရဲ့​အနေအထား​ကို လက်မခံခဲ့​ဘူး။ ဒါ​ကြောင့် အကျဉ်းခန်း​လေး​ထဲမှာ တစ်ယောက်တည်း​နေခဲ့​ရတယ်။ ကျွန်တော့်​အဖေကိုလည်း သတိရ​ခဲ့တယ်။ သွယ်ဝိုက်​တဲ့​နည်းနဲ့ အဖေ့​ကြောင့် ကျွန်တော်​ထောင်ကျ​ခဲ့​ရတာ။

ဒီလို​ပါ၊ ထောင်မှူး​ဖြစ်​တဲ့​အဖေဟာ ခံယူ​ချက်​တွေ​နဲ့ ကိုယ်ကျင့်တရား​မှာ ခိုင်မာ​ပြတ်သား​တဲ့ ယောက်​ရှိုင်း​ယား​ပြည်နယ်သား​တစ်ယောက်​ဖြစ်တယ်။ စစ်တပ်​နဲ့​အကျဉ်းထောင်​လုပ်ငန်းမှာ အဖေ့​ရဲ့​အတွေ့အကြုံ​တွေ​ကြောင့် . . . ဘာသာ​ကို သူ​လုံးဝ​မကြိုက်​ခဲ့​ဘူး။ သက်သေခံတွေကို မောင်းထုတ်​ဖို့ အိမ်ရှေ့​ကို အဖေ​ထွက်သွား​တဲ့ ၁၉၃၀ ပြည့်လွန်​နှစ်​အစောပိုင်းမှာ သူတို့နဲ့ အဖေ​ပထမဦးဆုံး​တွေ့ဆုံ​ခဲ့တယ်၊ ဒါပေမဲ့​လည်း လက်ထဲမှာ သူတို့ရဲ့​စာအုပ်​တချို့​ကို အဖေ​ကိုင်​ပြီး ပြန်ဝင်​လာတယ်! နောက်ပိုင်း​မှာ နှစ်သိမ့်မှု (အခု နိုးလော့!) မဂ္ဂဇင်း​ကို အဖေ​နှစ်စဉ်ကြေး​ယူခဲ့တယ်။ နှစ်စဉ်ကြေး​ပြန်​ယူရ​အောင်​တိုက်တွန်း​ဖို့ အဖေ့​ဆီ​ကို သက်သေခံတွေ နှစ်​တိုင်း​ပြန်လာ​လည်​ကြတယ်။ ကျွန်တော် ၁၅ နှစ်အရွယ်​လောက်​မှာ သက်သေခံတွေ​က အဖေနဲ့ နောက်​တစ်ကြိမ်​ဆွေးနွေး​တဲ့​အခါ ကျွန်တော်​က​တော့ သူတို့​ဘက်က​နေဝင်​ပြော​ခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော် ကျမ်းစာ​စ​သင်​ခဲ့တယ်။

ကျွန်တော့်​အသက် ၁၇ နှစ်အရွယ် ၁၉၄၉၊ မတ်​လမှာ နှစ်ခြင်း​ခံ​ခြင်း​ဖြင့် ယေဟောဝါ​ကို ဆက်ကပ်​အပ်နှံ​ကြောင်း တင်ပြ​ခဲ့တယ်။ အဲဒီ​နောက်ပိုင်း နို​က်​ဂျီး​ရီး​ယား​နိုင်ငံ​ကို​သွားရမယ့် မကြာသေး​ခင်​ကမှ ဂိလဒ်​သာသနာပြု​ကျောင်းဆင်း​တွေ​ဖြစ်​တဲ့ ဂျွန်​နဲ့​မိုက်ကယ်​ရှား​ရု​ခ်​တို့​နဲ့ ကျွန်တော်​တွေ့ဆုံ​ခဲ့တယ်။ သူတို့ရဲ့​သာသနာပြု​စိတ်ဓာတ်​ကို ကျွန်တော်​အရမ်း​သဘောကျ​မိတယ်။ သူတို့​သတိထား​မိ​တာ​ပဲဖြစ်ဖြစ်၊ မထားမိတာ​ပဲ​ဖြစ်ဖြစ် သူတို့​ကြောင့် ကျွန်တော့်​နှလုံးသား​ထဲ အဲဒီ​စိတ်ဓာတ် ရိုက်သွင်း​ခံ​ခဲ့​ရတယ်။

ကျမ်းစာ​လေ့လာ​နေတုန်း တက္ကသိုလ်​တက်​ဖို့ ကျွန်တော်​စိတ်မဝင်စား​တော့​ဘူး။ လန်ဒန်​မြို့က အကောက်​ခွန်​နဲ့​ယစ်​မျိုး​အခွန်​ရုံး​မှာ​အလုပ်လုပ်ဖို့ အိမ်ကနေ​ထွက်သွား​ပြီး တစ်နှစ်​အတွင်းမှာ၊ ဝန်ထမ်း​နေမယ်​ဆိုရင် ဘုရားသခင်​ကို ကျွန်တော့်​ရဲ့​ဆက်ကပ်​အပ်နှံခြင်း​ဟာ အပြည့်အဝ​ဖြစ်​နိုင်​မှာ​မဟုတ်ဘူးလို့ ကျွန်တော်​ခံစား​မိတယ်။ ရုံး​အလုပ်​ကနေ ကျွန်တော်​ထွက်​တဲ့​အခါ လုပ်​သက်​ရှည်​အလုပ်သမား​တစ်ယောက်​က “ဒီ​စိတ်ပျက်​စ​ရာ​ကောင်း​တဲ့​အလုပ်” ကနေ ထွက်သွား​တာ​ကောင်းတယ်​လို့ ကျွန်တော့်​ကို​ပြောပါ​တယ်။

ဒီ​မတိုင်ခင် ကျွန်တော်​နောက်​စမ်းသပ်မှု​တစ်ခု ရင်ဆိုင်ခဲ့​ရတယ်၊ အချိန်ပြည့်​ဓမ္မ​အမှုဆောင်ဖို့ စိတ်ချ​ရတဲ့​အလုပ်​ကနေ ထွက်​ချင်​တယ်လို့ အဖေ့ကို ဘယ်လို​ပြော​ရမလဲ။ ခွင့်ယူ​ပြီး အိမ်​ပြန်လာ​တဲ့ တစ်ည​နေမှာ ကျွန်တော်​ထုတ်ပြော​လိုက်တယ်။ အဖေ့​ရဲ့​ဒေါသ​ပေါက်ကွဲ​သံ​ကို နားစွင့်​နေခဲ့တယ်။ “မင်း​အိပ်ရာ မင်း​ပြင်​တော့; အဲဒီမှာ မင်း​အိပ်​ရမယ်။ ဒါပေမဲ့ မအောင်မြင်​ရင်​တော့ ငါ့​ဆီ​ပြေး​မလာ​နဲ့” လို့​အေးအေးဆေးဆေး​ပဲ အဖေ​ပြော​ခဲ့​တာ​ကို ကျွန်တော်​အံ့သြခဲ့ရ​တယ်။ ၁၉၅၀၊ ဇန်နဝါရီ ၁ ရက်​နေ့စွဲ​နဲ့ ကျွန်တော့်​ရဲ့​ဒိုင်ယာရီ​ထဲမှာ “ရှေ့ဆောင်​မယ်​လို့ အဖေ့ကို​ကျွန်တော်​ပြောပြ​တယ်။ အဖေ့​ရဲ့​အကျိုးသင့်အကြောင်းသင့်​စိတ်ထား​ကို ကျွန်တော်​အရမ်း​အံ့အားသင့်မိ​တယ်။ အဖေ့​ရဲ့​ကြင်နာ​မှု​ကြောင့် ကျွန်တော်​မျက်ရည်​မကျ​ဘဲ​မနေနိုင်​ခဲ့​ဘူး” ဆိုပြီး​ရေးထားတယ်။ ဝန်ထမ်း​ကနေ ကျွန်တော်​ထွက်​လိုက်ပြီး အချိန်ပြည့်​ရှေ့ဆောင်​တာဝန်​ကို လက်ခံခဲ့တယ်။

“အိမ်​ငယ်​လေး” နှင့်​တာဝန်​တစ်ခု

အဲဒီနောက် ဘုရားသခင်​ကို​ဝတ်ပြု​ကိုးကွယ်​လို့ စမ်းသပ်မှု​နောက်တစ်ခု​ကို​ခံ​ခဲ့​ရတယ်။ ဝေ​လ​ပြည်နယ်​က ခရစ်ယာန်​ချင်း​ဖြစ်​တဲ့ လွိုက် ဂ​ရီ​ဖာစ်​နဲ့​အတူ လဲ​န်​က​ရှာ​ခရိုင်​က “အိမ်​ငယ်​လေး” မှာ​အတူ​နေရင်း ရှေ့ဆောင်​ဖို့ ကမ်း​လှမ်း​ခံ​ခဲ့​ရတယ်။ အဲဒီ​အိမ်​ငယ်​လေး​အကြောင်း စိတ်ကူးယဉ်​အိပ်မက်​အပြည့်​နဲ့ ပျင်း​စ​ရာ​ကောင်းပြီး​မိုး​အမြဲ​ရွာ​တဲ့ ဘဲ​ကာ​ပ်​မြို့ကို ကျွန်တော်​ရောက်လာ​ခဲ့တယ်။ နောက်ဆုံး​တော့ အဲဒီ​အိမ်​ငယ်​လေး​ဟာ မြေအောက်ခန်း​လေး​ဖြစ်နေ​တာ​ကိုး! ည​တိုင်း ကြွက်စုတ်​တွေ၊ ပိုးဟပ်​တွေ​နဲ့ အဖော်​လုပ်​နေ​ရတယ်။ စိတ်ပျက်​ပြီး အိမ်ပြန်​ချင်​လာတယ်။ ဒါပေမဲ့ အဲဒီအစား၊ ဒီ​စမ်းသပ်မှု​ကို​ရင်ဆိုင်​နိုင်​ဖို့ ခွန်အား​ပေး​ပါ​လို့ ကျွန်တော်​တိတ်တိတ်လေး​ဆုတောင်း​ခဲ့တယ်။ ရုတ်တရက်​ပဲ စိတ်​ငြိမ်သက်မှု​ရလာ​ပြီး အခြေအနေ​ကို အပြုသဘော​ရှိ​ရှိ​ရှုမြင်​လာတယ်။ ဒါဟာ ယေဟောဝါ​အဖွဲ့အစည်း​ကနေ ပေးအပ်​ထား​တဲ့ ကျွန်တော့်​ရဲ့​တာဝန်​ဖြစ်တယ်။ အကူအညီ​ရဖို့ ယေဟောဝါ​ကို ယုံကြည်​ကိုးစား​မယ်​လို့ ဆုံးဖြတ်​လိုက်တယ်။ ဒီ​အခြေအနေ​မှာ ကျွန်တော်​ခံနိုင်ရည်​ရှိ​ရှိ​ရပ်တည်ခဲ့​တာ တကယ်​ကို​ကျေးဇူး​တင်စရာ​ပါ၊ အလျှော့​သာ​ပေး​ခဲ့ရင် ကျွန်တော့်​ဘဝ ထာဝစဉ်​ပြောင်းလဲ​သွားမှာ!—ဟေရှာယ ၂၆:၃၊ ၄

အဲဒီတုန်းက စီးပွားရေး​ကျနေ​တဲ့ ရော့စ်​စင်​ဒေးလ်​ချိုင့်ဝှမ်း​မှာ ကိုး​လ​တိုင် ကျွန်တော်​ဟောပြောပြီး​နောက် စစ်မှု​မ​ထမ်း​လို့ ကျွန်တော့်​ကို​ထောင်ချ​ခဲ့တယ်။ စ​ထ​ရိန်​ဝေ​စ်​ထောင်​ထဲမှာ နှစ်ပတ်​နေရ​ပြီး​နောက် အင်္ဂလန်​နိုင်ငံ​ရဲ့​တောင်ဘက် ပင်လယ်​ကမ်းရိုးတန်း​က လူး​အစ်​ထောင်​ကို ပို့​လိုက်တယ်။ နောက်ဆုံး အဲဒီမှာ သက်သေခံ​ငါး​ယောက် ဆုံ​မိ​ကြ​ပြီး အကျဉ်းခန်း​ထဲမှာ ခရစ်တော်​ရဲ့​သေခြင်း​သတိရအောက်မေ့ပွဲကို ကျင်းပ​နိုင်​ခဲ့​ကြတယ်။

ကျွန်တော့်​ကို အဖေ​တစ်ခေါက်​လာ​ကြည့်​တယ်။ လူသိ​များတဲ့​ထောင်မှူး​တစ်ယောက်​က သူ့​သား အကျဉ်းသား​ဆီ လာလည်​တာ​ဟာ သူ့​မာန​အတွက် စမ်းသပ်မှု​ဖြစ်​မှာပဲ! ဒီလို​လာလည်​တာ​ကို ကျွန်တော်​အမြဲ​ကျေးဇူး​တင်​နေမှာ​ပါ။ နောက်ဆုံး ၁၉၅၁၊ ဧပြီလ​မှာ ကျွန်တော် ထောင်​က​လွတ်​လာတယ်။

လူး​အစ်​ထောင်​ကနေ ကျွန်တော်​လွတ်​လာပြီး​နောက် ထောင်​အရာရှိ​အကြီးအကဲ​အဖြစ် အဖေ​တာဝန်​ထမ်းဆောင်​နေတဲ့ ဝေ​လ​ပြည်နယ်၊ ကား​ဒစ်ဖ်​မြို့ကို ရထား​စီး​လာခဲ့တယ်။ ကျွန်တော်​က မွေးချင်း​သား​သုံးယောက်၊ သမီး​တစ်ယောက်​ထဲ​က အကြီးဆုံး။ ကိုယ့်​ကိုယ်ကို​ထောက်ပံ့​ပြီး ရှေ့ဆောင်​နိုင်​ဖို့ အချိန်ပိုင်း​အလုပ်ကို ကျွန်တော်​ရှာ​ခဲ့​ရတယ်။ အထည်​ဆိုင်​တစ်ဆိုင်​မှာ အလုပ်ဝင်​ခဲ့​ပေမဲ့ ဘဝမှာ ကျွန်တော့်​ရဲ့​အဓိက​ရည်ရွယ်ချက်ကတော့ ကျွန်တော့်​ရဲ့​ခရစ်ယာန်​ဓမ္မ​အမှု​ပါ။ အဲဒီ​အချိန်​လောက်​မှာ အမေက ကျွန်တော်​တို့ကို စွန့်ခွာ​သွားခဲ့တယ်။ အဖေနဲ့ ၈ နှစ်​ကနေ ၁၉ နှစ်အရွယ်​ရှိတဲ့ ကျွန်တော်​တို့​ကလေး​တွေ အကြီးအကျယ်​စိတ်ထိခိုက်​ခဲ့​ရတယ်။ ကျွန်တော့်​မိဘတွေ ကွာရှင်း​ပြတ်စဲ​ခဲ့​ကြ​တာ ဝမ်းနည်းစရာပါပဲ။

ဇနီး​ကောင်း​တစ်ယောက်ကို ရှာတွေ့​သူ . . .

အသင်းတော်မှာ ရှေ့ဆောင်​တွေ နည်းနည်း​ပဲ​ရှိတယ်။ သူတို့​အထဲမှာ ရော​န်​ဒါ​ချိုင့်ဝှမ်း ကျောက်မီးသွေး​တွင်း​ကနေ နေ့တိုင်း​အလုပ်​လာ​ဆင်း​ပြီး ဟောပြောခြင်း​အလုပ်မှာ​ပါဝင်​တဲ့ ညီအစ်မ​တစ်ယောက်​ရှိတယ်။ သူ့​နာမည်​က​တော့ ဟေ​ဇဲလ် ဂ​ရင်​န်​ဖြစ်​ပြီး တကယ့်ကို​တော်​တဲ့ ရှေ့ဆောင်​တစ်ယောက်​ပါ။ ဟေ​ဇဲလ်​က အမှန်တရားကို ကျွန်တော်​ထက်​အရင် သိခဲ့​တာ၊ သူ့​မိဘတွေက ၁၉၂၀ ပြည့်လွန်​နှစ်တွေ​ကတည်းက (အခု ယေဟောဝါသက်သေ​တွေ​လို့ လူသိ​များတဲ့) ကျမ်းစာ​ကျောင်းသား​တွေ​ရဲ့ စည်းဝေး​တွေ​ကို တက်​ခဲ့​ကြ​တာ။ ဒါပေမဲ့ သူ့​အကြောင်းကို သူ​ပြောပြ​ပါ​လိမ့်မယ်။

ဘာသာ​တရားသည် လေပွေ​တိုက်ခတ်​ခံရ စာအုပ်​ငယ်​ကို ကျွန်မ​ဖတ်​ခဲ့​ရတဲ့ ၁၉၄၄ ခုနှစ်​မတိုင်မီ​အထိ သမ္မာကျမ်းစာ​ကို ကျွန်မ​လေးလေးနက်နက်​သဘော​မထား​ခဲ့​ဘူး။ ကား​ဒစ်ဖ်​မြို့က တိုက်နယ်​စည်းဝေး​တစ်ခု​ကို သွား​တက်​ဖို့ ကျွန်မ​ကို အမေက​နားချ​ခဲ့တယ်။ ကျမ်းစာ​အသိပညာ ဘာမှ​မရှိပေမဲ့ လူထု​ဟောပြောပွဲ​ကို​ကြေညာ​တဲ့ ကြော်ငြာ​ကတ်ပြား​ကို ကျွန်မ​လည်ပင်း​မှာ​ချိတ်​ပြီး အဓိက​ဈေးကြီး​မှာ ကျွန်မ​လျှောက်ပြီး​ကြေညာ​ရက်သား​ဖြစ်နေ​တယ်။ ခရစ်ယာန်​ဓမ္မ​ဆရာ​တွေ​နဲ့ အခြား​သူတွေရဲ့ အနှောင့်အယှက်​ကြား​က အဲဒီ​အတွေ့အကြုံကို အောင်အောင်မြင်မြင်​ရင်ဆိုင်​ခဲ့တယ်။ ၁၉၄၆ ခုနှစ်​မှာ ကျွန်မ​နှစ်ခြင်း​ခံ​ပြီး အဲဒီ​နှစ် ဒီဇင်ဘာ​လမှာ​ပဲ ရှေ့ဆောင်​စ​လုပ်ခဲ့တယ်။ အဲဒီနောက် ၁၉၅၁ ခုနှစ်​မှာ ထောင်​က​လွတ်​ခါ​စ ရှေ့ဆောင်​လူငယ်​တစ်ယောက် ကား​ဒစ်ဖ်​မြို့ကို​ရောက်​လာတယ်။ အဲဒီ​သူကတော့ အဲရစ်​ခ်​ပါ​ပဲ။

“ကျွန်မ​တို့​နှစ်ယောက် အတူတူ​အမှုဆောင်ထွက်​ကြတယ်။ ကျွန်မ​တို့​တစ်ယောက်​နဲ့​တစ်ယောက် ခင်မင်​လာကြတယ်။ ကျွန်မ​တို့​ရဲ့​ဘဝ​ရည်ရွယ်ချက်​ချင်း​တူတယ်၊ ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား​ကို တိုးတက်စေ​ချင်​ကြတယ်။ ဒါနဲ့ ၁၉၅၂၊ ဒီဇင်ဘာ​လမှာ ကျွန်မ​တို့​လက်ထပ်ခဲ့​ကြတယ်။ ကျွန်မ​တို့​နှစ်ယောက်စလုံး အချိန်ပြည့်​ရှေ့ဆောင်​လုပ်ငန်းမှာပါ​ဝင်​နေကြ​ပြီး ဝင်ငွေ​နည်းပေမဲ့ အခြေခံ​ပစ္စည်း​တွေ​မရှိဘူး​ဆိုတာ မရှိခဲ့ဖူးဘူး။ တစ်ခါ​တ​လေ သစ်သီး​ယို ဒါမှ​မဟုတ် ဆပ်ပြာ​စတဲ့ ကုန်​ခြောက်​တွေ​ပို​မှာ​မိ​တဲ့ သက်သေခံ​တစ်ယောက်ယောက်​ဆီကနေ လက်ဆောင်​ရတာ ကျွန်မ​တို့​လိုအပ်​တဲ့​အချိန်နဲ့​ကွက်တိ​ပဲ! အဲဒီလိုမျိုး အသုံးဝင်တဲ့​လက်ဆောင်​တွေ​အတွက် တကယ့်ကို​ကျေးဇူး​တင်​မိ​ပါ​တယ်။ ဒါပေမဲ့​လည်း ဒီထက်​ပို​ပြီး​အံ့သြစရာတွေ ကျွန်မတို့​အတွက် အရန်​သင့်​ရှိနေသေး​တယ်။”

ကျွန်တော်​တို့​ဘဝကို ပြောင်းလဲ​စေ​ခဲ့​သည့် အံ့အားသင့်​စ​ရာ​တစ်ခု

၁၉၅၄၊ နိုဝင်ဘာ​လမှာ ဟေ​ဇဲလ်​နဲ့​ကျွန်တော် မမျှော်လင့်​ဘဲ​အံ့အားသင့်​စ​ရာ​တစ်ခု​ကြုံ​ခဲ့​ရတယ်—အဲဒါ​က​တော့ အသင်းတော်​တစ်ခုစီ​ကို အပတ်​တိုင်း​လည်ပတ်​ရတဲ့ နယ်လှည့်​ကြီးကြပ်မှူး​ဖြစ်​ဖို့ ယေဟောဝါသက်သေ​တွေ​ရဲ့ လန်ဒန်​ဌာနခွဲရုံး​ကနေ လျှောက်လွှာ​တစ်စောင်​ပါ​ပဲ။ တစ်ခုခု​တော့​မှားနေပြီ​လို့ ကျွန်တော်​တို့​ထင်တာ​ကြောင့် အသင်းတော်က ဘယ်သူ​ကို​မှ​မပြောပြခဲ့ဘူး။ ဒါပေမဲ့ အဲဒီ​ပုံစံ​ကို​ဖြည့်​ပြီး​ပြန်​ပို့​လိုက်တယ်၊ ပြီး​တော့ ရင်​တ​မ​မ​နဲ့​စောင့်နေ​ခဲ့​ကြတယ်။ ရက်​အနည်းငယ်​ကြာ​တော့ “သင်တန်းတက်​ဖို့ လန်ဒန်​ကိုလာ​ပါ” ဆိုပြီး ပြန်စာ​ရောက်​လာတယ်​လေ!

လန်ဒန်​ရုံး​မှာ အသက် ၂၃ နှစ်​သာ​ရှိသေး​တဲ့ ကျွန်တော့်​အတွက် ဝိညာဉ်​ရေး​ဉာဏ်စွမ်း​ရှင်​တွေ​လို​ဖြစ်​ကြ​တဲ့ ပ​ရိုက်​စ် ယူ​ဇ်၊ အဲ​မ်​လ​န် ဝိုင်​စ်၊ အာရ်နီ ဘီ​ဗာ၊ အာရ်နီ ဂွီဗာ၊ ဘော့​ဘ် ဂူ​ခ်ျ၊ ဂလင်း ပါ​ရ်၊ ဆ​တန်​နဲ့ မာတင် ဝူ့ဒ်​ဘ​န်​နဲ့ အခြား​ညီအစ်ကို​တွေ​နဲ့​အတူ ကျွန်တော်​ရှိနေတာကို မယုံနိုင်​အောင်​ဖြစ်​ခဲ့တယ်၊ အခု အဲဒီ​ညီအစ်ကို​အများစုကတော့ ကွယ်လွန်​သွား​ကြ​ရှာပြီ။ ၁၉၄၀ နဲ့ ၁၉၅၀ ပြည့်လွန်​နှစ်တွေ​မှာ သူတို့ဟာ ဗြိတိန်​နိုင်ငံ​မှာ ဇွဲရှိ​ရှိ၊ တည်တည်​ကြည်​ကြည်​လုပ်ဆောင်ခဲ့​ကြ​ပြီး ခိုင်ခံ့​တဲ့​အုတ်မြစ်ချ​ပေး​ခဲ့​ကြ​တာ။

အင်္ဂလန်​နိုင်ငံ​တွင် တိုက်နယ်​လုပ်ငန်း—တစ်ခါမျှ ငြီးငွေ့​ဖွယ်​မဖြစ်

ဆီးနှင်း​ဖုံးလွှမ်း​နေတဲ့ ၁၉၅၄/၅၅ ဆောင်း​ရာသီမှာ ကျွန်တော်​တို့​နယ်လှည့်​လုပ်ငန်း စ​ခဲ့​ကြတယ်။ မြောက်​ပင်လယ်​လေ​အေး​တိုက်​တဲ့ အင်္ဂလန်​နိုင်ငံ​ရဲ့​မြေပြန့်​ဒေသ အရှေ့​အဲ​န်​ဂ​လီ​ယာ​မှာ ကျွန်တော်​တို့​တာဝန်ကျ​ခဲ့တယ်။ အဲဒီတုန်းက ဗြိတိန်​မှာ သက်သေခံ ၃၁,၀၀၀ လောက်​ပဲ​ရှိသေးတယ်။ ကျွန်တော်​တို့အတွက် အဲဒီ​ဦးဆုံး​တိုက်နယ်​ဟာ အတော်​ခက်​တဲ့ သင်ခန်းစာယူ​စ​ရာ​အတွေ့အကြုံ​တစ်ခု​ပါ​ပဲ; ကျွန်တော်​တို့ သွားရောက်​လည်ပတ်​တွေ့ဆုံ​ခဲ့​တဲ့ ညီအစ်ကို​တွေ​အတွက်​လည်း မလွယ်​ဘူး။ ကျွန်တော့်​ရဲ့​တွေ့ကြုံမှု နည်း​တာ​ရ​ယ်၊ ယောက်​ရှိုင်း​ယား​သားရဲ့ ပွင့်လင်းမှု​တွေ​ကြောင့် တစ်ခါ​တ​လေ အခြားသူ​တွေ​ကို စိတ်​နာကြည်းအောင် လုပ်မိ​ခဲ့တယ်။ နှစ်တွေ​တစ်လျှောက်​မှာ ပြီးမြောက်​အောင်မြင်မှု​ထက် ကြင်နာ​မှု​က ပို​အရေးကြီးတယ်ဆိုတာ​ရ​ယ်၊ လုပ်ထုံး​လုပ်​နည်း​တွေ​ထက် လူတွေက ပို​အရေးကြီးတယ်ဆိုတာ​ကို​ရ​ယ် ကျွန်တော်​သိ​နားလည်​လာခဲ့တယ်။ အခြားသူ​တွေ​ကို စိတ်​လန်းဆန်း​စေ​တဲ့ ယေရှုရဲ့​ပုံသက်သေ​ကို​အတု​ယူဖို့ ကျွန်တော်​ကြိုးစား​နေဆဲ​ပါ၊ ဒါပေမဲ့ အမြဲတမ်း​မအောင်မြင်​ဘူး။—မဿဲ ၁၁:၂၈-၃၀

အရှေ့​အဲ​န်​ဂ​လီ​ယာ​မှာ ၁၈ လ​ကြာပြီး​တဲ့​နောက် အင်္ဂလန်​အရှေ့မြောက်ပိုင်း တိုင်း​မြစ်​ပေါ်​မှ န​ယူး​ကာ​စဲလ်​နဲ့ နော့သမ်​ဘာ​လ​န်​ပြည်နယ်​မှာ တိုက်နယ်​လှည့်​ဖို့ တာဝန်ကျ​ခဲ့တယ်။ ရှုခင်း​လှပတဲ့​အဲဒီ​ဒေသက ချစ်ခင်​ကြင်နာ​တတ်​တဲ့​လူတွေကို ကျွန်တော်​ခင်မင်​တယ်။ ကျွန်တော့်​ကို အများဆုံး​ကူညီပေး​တဲ့​သူကတော့ ယူ.အက်စ်.အေ.၊ ဝါ​ရှင်​တန်၊ စီအဲတဲလ်​မြို့က လည်ပတ်​ရောက်ရှိ​နေတဲ့ ခရိုင်​ကြီးကြပ်မှူး ဒေါ​န် ဝေါ့ဒ်​ဖြစ်တယ်။ သူက အကြိမ် ၂၀ မြောက်​ဂိလဒ်​သင်တန်းကို တက်​ခဲ့​သူ​ဖြစ်တယ်။ ဟောပြောသူ​အနေ​နဲ့ ကျွန်တော်​ဟာ အကြောင်းအရာတွေကို မြန်မြန်ဆန်ဆန်​နဲ့ တရ​စပ်​ပြောတတ်​ပါ​တယ်။ အရှိန်​လျော့​ဖို့၊ ရပ်တန့်​ပြီး​ပြော​ဖို့၊ သင်ကြား​ပေးဖို့ ကျွန်တော့်​ကို သူ​သင်ပေးခဲ့တယ်။

ကျွန်တော်​တို့​ဘဝကို​ပြောင်းလဲ​စေ​ခဲ့​သည့် အံ့အားသင့်​စ​ရာ​နောက်တစ်ခု

၁၉၅၈ ခုနှစ်​မှာ ကျွန်တော်​တို့​ဘဝကို ပြောင်းလဲ​စေ​တဲ့ စာ​တစ်စောင်​ရရှိခဲ့တယ်။ ယူ.အက်စ်.အေ.၊ နယူးယောက်၊ တောင်​လ​န်​စင်း​မှာ ဂိလဒ်​ကျောင်းတက်​ဖို့ ကျွန်တော်​တို့ ဖိတ်ခေါ်​ခံရ​တယ်။ ဒါနဲ့ ကျွန်တော်​တို့​ရဲ့ ၁၉၃၅ အော်စတင် ဆဲ​ဗင်း​ကား​လေး​ကို ရောင်းပြီး နယူးယောက်​မြို့ကို​သွားဖို့ လက်မှတ်​ဝယ်​လိုက်ကြတယ်။ ဦးဆုံး နယူးယောက်​မြို့က ယေဟောဝါသက်သေ​တွေ​ရဲ့ အပြည်ပြည်ဆိုင်ရာ​စည်းဝေးကြီး​ကို ကျွန်တော်​တို့​တက်​ခဲ့​ကြတယ်။ အဲဒီ​ကနေ တောင်ဘက်​မှာ​ရှိတဲ့ ဂိလဒ်​ကျောင်း​မ​တက်​ခင် အွန်​တဲ​ရီး​ယို​ပြည်နယ်၊ ပီတာ​ဘာ​ရာ​မြို့မှာ ခြောက်​လ​ရှေ့ဆောင်​ခဲ့​ကြတယ်။

ကျောင်း​နည်းပြ​တွေ​ထဲမှာ အခု အုပ်ချုပ်ရေးအဖွဲ့ဝင်​ဖြစ်​တဲ့ အဲလ်ဘတ် ရှ​ရိုး​ဒါ​အပြင် သေဆုံး​သွားပြီ​ဖြစ်​ကြ​တဲ့ မက်​ခ်စ်​ဝဲ​လ် ဖရဲ့န်ဒ်​နဲ့ ဂျက်​ခ် ရက်ဖော့ဒ်​တို့​လည်း​ပါ​တယ်။ ၁၄ နိုင်ငံ​က ကျောင်းသား ၈၂ ယောက်​နဲ့​ပေါင်းသင်း​ရတာ တကယ်​ကို​အားရှိစရာ​ပါ။ အချင်းချင်းရဲ့​ယဉ်ကျေးမှုကို အနည်း​အကျဉ်း​နားလည်​လာ​ခဲ့​ကြတယ်။ အင်္ဂလိပ်စာ​နဲ့​အခက်အခဲ​တွေ့​နေကြ​တဲ့ တိုင်းတစ်ပါး​ကျောင်းသား​တွေ​နဲ့ ပေါင်းသင်း​လိုက်ရ​တော့ ကျွန်တော်​တို့​လည်း ဘာသာ​ခြား​စကား​တစ်ခုခု​ကို သင်ယူ​ရ​ရင် ဘယ်လောက်​အခက်အခဲ​တွေ့​မယ်​ဆိုတာ​ကို သဘောပေါက်​စေ​ခဲ့တယ်။ ငါး​လ​အတွင်း ကျွန်တော်​တို့​သင်တန်း​ပြီးသွား​ပြီး ၂၇ နိုင်ငံ​ကို တာဝန်ချ​ခဲ့တယ်။ ကျောင်းဆင်း​ပြီး​တဲ့​နောက် ဥရောပ​ကို​ပြန်​သွားဖို့ ကွင်း​အဲလစ်ဇဘက် သင်္ဘော​ကို​စောင့်နေ​ရင်း နယူးယောက်​မြို့မှာ ရက်​အနည်းငယ်​အကြာ ရှိနေ​ခဲ့​ကြတယ်။

ကျွန်တော်​တို့၏​ဦးဆုံး​တိုင်းတစ်ပါး​တာဝန်

ကျွန်တော်​တို့ ဘယ်​နေရာမှာ​တာဝန်ချ​ခံရ​သလဲ။ ပေါ်တူဂီ​နိုင်ငံ​မှာ​ပါ! လ​စ္စ​ဘ​န်​မြို့ကို ၁၉၅၉၊ နိုဝင်ဘာ​လမှာ ကျွန်တော်​တို့​ရောက်​လာကြတယ်။ အခု ဘာသာ​စကား​အသစ်​ကို​သင်​ပြီး ယဉ်ကျေးမှု​အသစ်​နဲ့ ထိတွေ့​ရမယ့်​စမ်းသပ်မှု​ကြုံ​ရ​ပါ​ပြီ။ ၁၉၅၉ ခုနှစ်​က ပေါ်တူဂီ​မှာ လူဦးရေ ၉ သန်း​နီးပါး​ရှိပြီး တက်ကြွ​လှုပ်ရှား​တဲ့​သက်သေခံ ၆၄၃ ယောက်​ရှိခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်​တို့​ရဲ့​ဟောပြောခြင်း​လုပ်ငန်း​ကို တရားဝင်​ခွင့်​မပြုရ​သေး​ဘူး။ ကျွန်တော်​တို့​မှာ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တွေ​ရှိကြပေမဲ့ အပြင်မှာ ဆိုင်းဘုတ်​မ​တပ်ထား​ဘူး။

ခရစ်ယာန်​သာသနာပြု​အဲလ်ဇာ ပီ​ကို​နီ​က ကျွန်တော်​တို့ကို ပေါ်တူဂီ​စကား​သင်ပေးတယ်၊ အဲဒီနောက် လစ်​စ​ဘ​န်​မြို့၊ ဖာရူးမြို့၊ အာဗုရာ​မြို့​နဲ့ ဘေ​ဇာ​မြို့တွေမှာ​ရှိတဲ့ အသင်းတော်​တွေ​နဲ့ အုပ်စု​တွေ​ဆီ​ကို ဟေ​ဇဲလ်​နဲ့​ကျွန်တော် လည်ပတ်​ခဲ့​ကြတယ်။ ၁၉၆၁ ခုနှစ်​မှာ အခြေအနေ​တွေ စပြီး​ပြောင်းလဲ​သွားတယ်။ ဇွာအု ဂေါ်န်စဲလ်ဗစ် မာ​တေ​အုစ်​ဆို​တဲ့ လူငယ်လေး​တစ်ယောက်​နဲ့ ကျွန်တော်​ကျမ်းစာ​သင်အံမှု ပြုလုပ်​ခဲ့တယ်။ သူက စစ်မှုထမ်း​တဲ့​ကိစ္စ​မှာ ကြားနေ​ခရစ်ယာန်​တစ်ယောက်​အဖြစ် ရပ်တည်​ဖို့ ဆုံးဖြတ်​ခဲ့တယ်။ အဲဒီနောက်​မကြာခင်​လေးမှာ ရဲဌာန​ချုပ်​က ကျွန်တော့်​ကို​ခေါ်​ပြီး စစ်ဆေး​မေးမြန်းခဲ့​ပါ​တယ်။ အံ့အားသင့်​စ​ရာ​ပါ​လား! ရက်​အနည်းငယ်​ကြာ​တော့ ရက် ၃၀ အတွင်း ဒီ​နိုင်ငံ​ကနေ​ထွက်သွား​ဖို့ ကျွန်တော်​တို့​ဆီ အကြောင်းကြားစာ​ရောက်​လာတယ်! သာသနာပြု​ချင်း​တွေ​ဖြစ်​ကြ​တဲ့ အဲရစ်​ခ်​နဲ့​ခရစ္စတီနာ ဘ​ရ​စ်​တင်၊ ဒေါ​မ်​နစ်​ခ်​နဲ့​အဲလ်ဇာ ပီ​ကို​နီ​တို့​လည်း အဲဒီလိုပဲ​အကြောင်းကြား​ခံ​ခဲ့​ရတယ်။

အမှု​ကြားနာ​ခွင့်​ပေးဖို့ ကျွန်တော်​အသနားခံ​တော့ လျှို့ဝှက်​ရဲ​မှူး​နဲ့ တွေ့ခွင့်​ပြု​ခဲ့တယ်။ ကျွန်တော့်​ကျမ်းစာ​သင်သား—ဇွာအု ဂေါန်စဲလ်ဗစ် မာ​တေ​အုစ်—ရဲ့​နာမည်​ကို​ဖော်​ပြီး ကျွန်တော်​တို့ကို ဘာကြောင့်​ထွက်​ခိုင်း​ရတဲ့​အကြောင်း ရှင်းရှင်း​ပဲ​ပြော​ခဲ့တယ်! ဗြိတိန်နဲ့​မတူတဲ့ ပေါ်တူဂီ​နိုင်ငံ​က ဘာသာရေး​အစွဲ​ကြောင့် စစ်မှု​မ​ထမ်း​ဘဲ​နေခွင့်​မပေးနိုင်​ကြောင်း သူ​ပြော​ခဲ့တယ်။ ဒါနဲ့ ပေါ်တူဂီ​ကနေ ကျွန်တော်​တို့​ထွက်​ခဲ့​ရပြီး ဇွာအု​နဲ့​လည်း အဆက်အသွယ်​ပြတ်​သွားပါ​တယ်။ နောက် ၂၆ နှစ်​အကြာ​မှ ပေါ်တူဂီ​ဗေသလ​အသစ်​အပ်နှံ​ပွဲ​မှာ ဇွာအု​ကို သူ့​ဇနီး​နဲ့ သမီး​သုံးယောက်​နဲ့ ပြန်တွေ့​လိုက်ရ​တော့ တကယ်​ကို​အားရ​ရွှင်လန်းစရာ​ပါ​ပဲ! ပေါ်တူဂီ​မှာ ကျွန်တော်​တို့ ခရစ်ယာန်​ဓမ္မ​အမှုဆောင်ခဲ့တာ​ဟာ အချည်းနှီး​မဖြစ်ခဲ့​ပါ​ဘူး!—၁ ကောရိန္သု ၃:၆-၉

ကျွန်တော်​တို့​ရဲ့​နောက်​တာဝန်ကျ​တဲ့​နေရာ​က ဘယ်မှာ​လဲ! အံ့ဩစရာ​ကောင်းတယ်! အနား​က​စပိန်​နိုင်ငံ​မှာ​ပါ။ ၁၉၆၂၊ ဖေဖော်ဝါရီ​လမှာ မျက်ရည်လည်​ရွဲ​နဲ့ လ​စ္စ​ဘ​န်​မြို့ကနေ မဒရစ်​မြို့ကို ရထား​နဲ့​ခရီးနှင်​ခဲ့​ကြတယ်။

အခြား​ယဉ်ကျေးမှု​နှင့်​ကိုက်ညီ​ရန် ပြုပြင်​ပြောင်းလဲခြင်း

စပိန်​မှာ တိတ်​တိတ်​ပုန်း​အမှုဆောင်ထွက်​ပြီး စည်းဝေး​တွေ​ကျင်းပ​ခဲ့​ရတယ်။ အမှုဆောင်ထွက်​တဲ့​အခါ ကပ်​နေတဲ့​အိမ်​နှစ်​အိမ်ကို ဘယ်တော့မှ မသွားကြ​ဘူး။ အိမ်​တစ်အိမ်​မှာ သက်သေခံ​ပြီး​ရင် နောက်​တစ်​လမ်း​က နောက်​အဆောက်အအုံ​တစ်ခု​ကို သွား​ဟော​ကြတယ်။ ဒီလိုလုပ်​တော့ ရဲတွေ၊ ခရစ်ယာန်​ဓမ္မ​ဆရာ​တွေ ကျွန်တော်​တို့ကို​ဖမ်း​ဖို့ သိပ်​မလွယ်​ဘူး။ ဖက်ဆစ်၊ . . . အာဏာရှင်​အစိုးရ​အောက်မှာ ကျွန်တော်​တို့​နေထိုင်ခဲ့​ကြ​ရပြီး ဟောပြောခြင်း​လုပ်ငန်း​ကို ပိတ်ပင်​ထား​တယ်​ဆိုတာ သတိရပါ။ နိုင်ငံခြားသား​တွေ​ဖြစ်​တဲ့ ကျွန်တော်​တို့ မ​ပေါ်လွင်​ရအောင် စပိန်​နာမည်​တွေ​ခံယူ​ခဲ့​ကြတယ်။ ကျွန်တော့်​နာမည်​က ပါ​ဘ​လို​ဖြစ်​ပြီး ဟေ​ဇဲလ်​က​တော့ ဂျ​ဝါ​နာ​ဖြစ်တယ်။

မဒရစ်​မြို့မှာ လအနည်းငယ်​နေပြီး​တဲ့​နောက် ဗာစယ်လိုးနား​မြို့မှာ တိုက်နယ်​လုပ်ငန်း​လုပ်ဖို့ တာဝန်ရ​ခဲ့တယ်။ အဲဒီမြို့​က အသင်းတော်တွေဆီ​ကို လည်ပတ်​ခဲ့​ပြီး အသင်းတော်​တစ်ခုစီ​မှာ နှစ်ပတ် ဒါမှ​မဟုတ် သုံး​ပတ်​ကြာနေ​တတ်တယ်။ စာအုပ်ကြီး​အုပ်စု​တိုင်း​ဆီ​ကို အသင်းတော်​တစ်ခု​လို​သဘောထား​ပြီး လည်ပတ်​ရတဲ့​အတွက် ဒီလောက်​ကြာကြာ​လည်ပတ်​ခဲ့​ရတာပါ၊ အများအားဖြင့်​တော့ အပတ်စဉ် အုပ်စု​နှစ်စု​ကို လည်ပတ်​ခဲ့​ရတယ်။

မမျှော်လင့်​သော​ပြောင်းလဲမှု​တစ်ခု

စပိန်​မှာ ခရိုင်​လုပ်ငန်း​လုပ်ဖို့ ၁၉၆၃ ခုနှစ်​မှာ ဖိတ်ကြား​ခံ​ခဲ့​ရတယ်။ တက်ကြွ​လှုပ်ရှား​တဲ့​သက်သေခံ ၃,၀၀၀ နီးပါး​ကို​အကျိုးပြု​နိုင်​ဖို့ အဲဒီတုန်းက​ရှိတဲ့ တိုက်နယ်​ကိုးခု​ဆီ​ကို လည်ပတ်​ရအောင် တစ်နိုင်ငံ​လုံး​ကို​သွားခဲ့​ရတယ်။ ကျွန်တော်​တို့ တိတ်​တိတ်​ပုန်း​ကျင်းပ​ခဲ့​ရတဲ့ အမှတ်​မိ​ဆုံး တိုက်နယ်​စည်းဝေး​တချို့က​တော့ စ​ဗေးလ်​မြို့နားက တောအုပ်​မှာ၊ ကီ​ကို​န်​မြို့နားက လယ်ကွင်း​တစ်ခု​မှာ၊ မဒရစ်၊ ဗာစယ်လိုးနား​နဲ့ လာ​ဂ​ရို​န​ယို​အနား​က မြစ်တွေ​မှာ ကျင်းပ​ခဲ့​တဲ့​စည်းဝေး​တွေ​ပါ​ပဲ။

ကြိုတင်​ကာကွယ်​မှု​အနေ​နဲ့ တစ်အိမ်​မှ​တစ်အိမ်​သွား​ဟောတဲ့​အခါ တစ်ခုခု​ဖြစ်လာ​ရင် ထွက်ပြေး​ဖို့ အနီးအနား​လမ်း​တွေ​ရဲ့​အနေအထား​ကို လို​ရမည်​ရ​စစ်ဆေး​ကြည့်​ထား​ရတယ်။ တစ်ခါ​က မဒရစ်​မြို့မှာ အမှုဆောင်ထွက်​နေတုန်း အခြား​သက်သေခံ​တစ်ယောက်​နဲ့​ကျွန်တော် အပေါ်ထပ်​မှာ​ရှိနေကြ​တဲ့​အခါ အောက်ထပ်​မှာ ဆူဆူညံညံ​အော်ဟစ်သံ​တွေ ရုတ်တရက်​ကြား​လိုက်ရတယ်။ ကျွန်တော်​တို့ အောက်ထပ်​ကို​ဆင်းလာတဲ့​အခါ အီကာစ် ဒီ မာ​ရီ​အာ (မာရိရဲ့​သမီး​များ) လို့​ခေါ်​တဲ့ . . . အုပ်စု​ဝင် ဆယ်ကျော်သက်​မိန်းကလေးတွေ​ဖြစ်နေ​တယ်။ သူတို့က အိမ်နီးချင်းတွေကို ကျွန်တော်​တို့​အကြောင်း သတင်းပေး​နေတယ်။ သူတို့ကို ဆင်ခြင်​မပေးတော့ဘူး၊ အခု​ချက်ချင်း​သာ ကျွန်တော်​တို့​ထွက်​မသွား​ရင် ကျွန်တော်​တို့ကို ရဲတွေ​လာ​ဖမ်း​လိမ့်မယ်။ ဒါ​ကြောင့် ကျွန်တော်​တို့ အမြန်ဆုံး​ထွက်ပြေး​ခဲ့​ကြရတယ်!

အဲဒီ​အချိန်​က စပိန်​မှာ တကယ်​စိတ်​လှုပ်ရှား​စ​ရာ​ကောင်း​ခဲ့​တဲ့​နှစ်တွေ​ပါ​ပဲ။ အထူး​ရှေ့ဆောင်​တွေ​အပါအဝင် တကယ်​ကောင်း​တဲ့​ညီအစ်ကို၊ ညီအစ်မ​တွေ​ကို အားပေးဖို့ ကျွန်တော်​တို့​ကြိုးစား​ခဲ့​ကြတယ်။ သူတို့တွေဟာ ထောင်ကျ​နိုင်​တဲ့​ဘေးရန်​ကြား​က ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း​ဟောပြောဖို့နဲ့ အသင်းတော်တွေကို​တည်ထောင်​ပြီး တိုးတက်စေ​ဖို့ ခက်ခဲ​ဆင်းရဲမှု​တွေ​ကို ခံရပ်​ခဲ့​ရတယ်။

အဲဒီအချိန်မှာ ကျွန်တော်​တို့ သတင်းဆိုး​ကို ကြား​ခဲ့​ရတယ်။ “၁၉၆၄ ခုနှစ်​မှာ သစ္စာရှိ​သက်သေခံ​ဖြစ်​တဲ့ ကျွန်မ​အမေ​ဆုံး​သွားတယ်။ နှုတ်ဆက်​စကား​တောင် မပြော​ဖြစ်​လိုက်ရ​ဘဲ အမေ့ကို​ဆုံးရှုံး​ခဲ့​ရတာ ဝမ်းနည်းစရာပဲ။ အဲဒါ​က​တော့ တခြား​သာသနာပြုတွေ​လဲ​ကြုံ​ရတဲ့ သာသနာပြု​လုပ်ငန်းရဲ့ စွန့်လွှတ်​ပေး​ဆပ်​မှု​တစ်ခု​ပါ​ပဲ” ဆိုပြီး ဟေ​ဇဲလ်​ရှင်းပြတယ်။

နောက်ဆုံး​၌ လွတ်လပ်မှု​ရရှိ

နှစ်ချီ​ညှဉ်းပန်း​နှိပ်စက်​ခံရ​ပြီး​တော့ နောက်ဆုံး​မှာ ဖ​ရန်ကို​အစိုးရ​က ကျွန်တော်​တို့​လုပ်ငန်း​ကို ၁၉၇၀၊ ဇူလိုင်​လမှာ တရားဝင်​အသိအမှတ်ပြု​ခဲ့တယ်။ ပထမဦးဆုံး မဒရစ်​မြို့မှာ၊ ဒုတိယ ဗာစယ်လိုးနာ၊ လက်​စက်​ပ်စ်​မှာ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တွေ​ကို ဖွင့်လိုက်​ရလို့ ဟေ​ဇဲလ်​နဲ့​ကျွန်တော် အရမ်း​ဝမ်းသာ​ခဲ့​ရ​ပါ​တယ်။ အဲ့ဒီ​ခန်းမဆောင်​တွေ​မှာ လင်းထိန်​နေတဲ့​ဆိုင်းဘုတ်​ကြီး​တွေ အမြဲ​တပ်ထား​တယ်။ ကျွန်တော်​တို့​ဟာ တရားဝင်​ပြီး ဆက်လက်​တည်ရှိ​နေမယ်​ဆိုတာ​ကို အသိပေး​ချင်​တယ်! အဲဒီ ၁၉၇၂ ခုနှစ်​က စပိန်​မှာ သက်သေခံ ၁၇,၀၀၀ နီးပါး​ရှိနေပြီ။

အဲဒီ​အချိန်​လောက်​မှာ အင်္ဂလန်​နိုင်ငံ​ကနေ အားရှိစရာ​သတင်းတစ်ခု​ရခဲ့တယ်။ ၁၉၆၉ ခုနှစ်​က ကျွန်တော်​တို့​ရှိတဲ့ စပိန်​နိုင်ငံ​ကို အဖေ​လာလည်​ခဲ့တယ်။ အဖေ့ကို စပိန်​သက်သေခံတွေ ဆက်ဆံ​ခဲ့​တာတွေကို အဖေ​အရမ်း​သဘောကျ​သွားပြီး အင်္ဂလန်​ကို​ပြန်​ရောက်တော့ သမ္မာကျမ်းစာ​စတင်​လေ့လာ​ခဲ့တယ်။ နောက်တော့ ၁၉၇၁ ခုနှစ်​မှာ အဖေ​နှစ်ခြင်း​ခံ​လိုက်ပြီ​လို့ ကျွန်တော်​သတင်းရ​တယ်! အိမ်ကို ကျွန်တော်​တို့​ပြန်သွား​လည်​တဲ့​အခါ ကျွန်တော့်​ရဲ့​ခရစ်ယာန်​ညီအစ်ကို​တစ်ယောက်​အနေ​နဲ့ အဖေက အစာ​စားချိန်​မှာ ဆုတောင်း​လိုက်တဲ့​အတွက် တကယ်ပဲ​စိတ်​လှုပ်ရှား​စ​ရာ​ကောင်း​ခဲ့တယ်။ အဲဒီ​နေ့​ရောက်လာ​ဖို့ အနှစ် ၂၀ ကျော်​ကျွန်တော်​စောင့်​ခဲ့​ရတာပါ။ ကျွန်တော့်​ညီ​ဘော့​ဘ်​နဲ့ သူ့​ဇနီး​အိုင်​ရ​စ္စ​က ၁၉၅၈ ခုနှစ်​မှာ သက်သေခံတွေ​ဖြစ်လာ​ခဲ့​ကြတယ်။ အခု​ဆိုရင် သူတို့ရဲ့​သား ဖီ​လစ်​ပ်​လည်း သူ့​ဇနီး​နဲ့​အတူ စပိန်​မှာ တိုက်နယ်​ကြီးကြပ်မှူး​အဖြစ် အမှုဆောင်​နေကြ​တယ်။ အဲဒီ​ထူးခြား​လှတဲ့​နိုင်ငံ​မှာ သူတို့​အမှုဆောင်​နေကြ​တာ​ကို​မြင်ရလို့ ကျွန်တော်​တို့​အရမ်း​ကို​ကျေနပ်​အားရ​ပါ​တယ်။

ကျွန်တော်​တို့​ရဲ့ မကြာသေးမီ​က​ကြုံ​ခဲ့​ရတဲ့ အံ့အား​အသင့်​ရ​ဆုံး​အရာ

၁၉၈၀၊ ဖေဖော်ဝါရီ​လမှာ အုပ်ချုပ်ရေးအဖွဲ့ဝင်​တစ်ဦး ဇုန်​ကြီးကြပ်မှူး​အဖြစ် စပိန်​ကိုလာ​လည်ပတ်​ခဲ့တယ်။ ခရစ်ယာန်​ဓမ္မ​အမှုမှာ ကျွန်တော်​နဲ့​အတူ သူ​ပူးပေါင်း​အမှုဆောင်​ချင်​တဲ့​အတွက် ကျွန်တော်​အံ့သြခဲ့ရ​တယ်။ ကျွန်တော့်​ကို သူ​စစ်ဆေး​လေ့လာ​နေတာကို ကျွန်တော်​မသိလိုက်ဘူး! အဲဒီနောက် စက်တင်ဘာ​လမှာ နယူးယောက်၊ ဘ​ရွတ်​က​လင်​က ကမ္ဘာ့​ဌာနချုပ်​ကို​ပြောင်း​လာဖို့ ကျွန်တော်​တို့​ဖိတ်ခေါ်​ခံ​လိုက်ရ​တာ​ပဲ! ကျွန်တော်​တို့ မှင်တက်​မိ​ခဲ့​ကြတယ်။ ကျွန်တော်​တို့​ရဲ့​စပိန်​ညီအစ်ကို​တွေ​နဲ့ ခွဲခွာ​ရမှာ ဝမ်းနည်းစရာ​ကောင်း​ပေမဲ့ အဲဒီ​ဖိတ်ကြား​ချက်​ကို ကျွန်တော်​တို့​လက်ခံခဲ့​ကြတယ်။ အဲဒီအချိန်မှာ သက်သေခံ ၄၈,၀၀၀ ရှိ​နေပါ​ပြီ!

ကျွန်တော်​ထွက်​လာခဲ့တဲ့​အချိန်​မှာ ညီအစ်ကို​တစ်ယောက်​က ကျွန်တော့်​ကို အိတ်ဆောင်​နာရီ​တစ်လုံး လက်ဆောင်​ပေး​တယ်။ အဲဒီ​အပေါ်မှာ ကျမ်းချက်​နှစ်ချက် “လုကာ ၁၆:၁၀; လုကာ ၁၇:၁၀” ကို​သူ​ရေး​ပေး​ခဲ့တယ်။ အဲဒီ​ကျမ်းချက်​နှစ်ချက်​ဟာ ကျွန်တော့်​ရဲ့​အဓိက​ကျမ်းချက်​တွေ ဖြစ်တယ်​လို့ သူပြောတယ်။ သေးငယ်သော​အမှုမှာ သစ္စာရှိ​သင့်တယ်လို့ လုကာ ၁၆:၁၀ က​အလေးအနက်​ဖော်ပြ​တယ်; လုကာ ၁၇:၁၀က​ဘ မှာ​ကျွန်တော်​တို့​ဟာ “အသုံးမကျ​သော​ကျွန်​များ” ဖြစ်​တဲ့​အတွက် ကြွားဝါ​စ​ရာ​ဘာမှ​မရှိဘူးလို့​ဆိုတယ်။ ယေဟောဝါ​ရဲ့​လုပ်ငန်းတော်မှာ ကျွန်တော်​တို့​ဘာပဲ​လုပ်​ရ​လုပ်​ရ အပ်နှံ​ထား​တဲ့​ခရစ်ယာန်​တွေ​အနေ​နဲ့ ကျွန်တော်​တို့​ရဲ့​ဝတ္တရား​ပါ​ပဲ​လို့ ကျွန်တော်​အမြဲ​သဘောပေါက်ခဲ့​တယ်။

ကျန်းမာ​ရေး​အံ့အားသင့်​စ​ရာ​တစ်ခု

၁၉၉၀ ပြည့်နှစ်​မှာ ကျွန်တော် နှလုံး​ရောဂါ​စ​ဖြစ်လာ​တယ်။ နောက်ဆုံး ပိတ်​နေတဲ့​သွေးလွှတ်ကြော​ကို​ဖွင့်​ပေးဖို့ ပြွန်ကိရိယာ​ကို ကျွန်တော့်​ကိုယ်ခန္ဓာ​ထဲ​ထည့်​ထား​ရတယ်။ အဲဒီလို​ကိုယ်ခန္ဓာ​အားနည်း​နေတဲ့​အချိန်​မှာ ဟေ​ဇဲလ်​ဟာ နည်း​အမျိုးမျိုးနဲ့ ကျွန်တော့်​ကို​ကူညီပေး​ခဲ့တယ်၊ ကျွန်တော်​အရမ်း​အားနည်းနေ​လို့ မ​သယ်​နိုင်​တဲ့ လွယ်အိတ်​တွေ​နဲ့ အဝတ်​သေတ္တာ​တွေ​ကို ဟေ​ဇဲလ်​က​ပဲ သယ်​ပေး​ခဲ့​တာ။ ၂၀၀၀၊ မေလ​မှာ နှလုံး​စည်းချက်​ပေး​ကိရိယာ​ကို ကိုယ်ခန္ဓာ​ထဲ​ထည့်​ခဲ့​ရတယ်။ ကျွန်တော့်​ရောဂါ​အခြေအနေ​ကို အဲဒါ​က တကယ်ပဲ ထူးထူးခြားခြား​အထောက်အကူ​ပြု​ပါ​တယ်!

လွန်ခဲ့တဲ့ အနှစ် ၅၀ တစ်လျှောက်​မှာ ယေဟောဝါ​ရဲ့​လက်တော်​ဟာ မ​တို​ဘူးဆို​တာ​ရ​ယ်၊ ကိုယ်တော်​ရဲ့​ရည်ရွယ်ချက်​တွေ​ဟာ ကျွန်တော်​တို့​သတ်မှတ်​ထား​တဲ့​အချိန်​မှာ​မဟုတ်ဘဲ ကိုယ်တော်​သတ်မှတ်​ထား​တဲ့​အချိန်​မှာ ပြည့်စုံ​လာတယ်ဆိုတာ​ကို​ရ​ယ် ဟေ​ဇဲလ်​နဲ့​ကျွန်တော် သိခဲ့​ရ​ပါ​ပြီ။ (ဟေရှာယ ၅၉:၁; ဟဗက္ကုတ် ၂:၃) ကျွန်တော်​တို့​ရဲ့​ဘဝမှာ အားရ​ရွှင်လန်းစရာ​တွေ အများကြီး​ရှိခဲ့​သလို ဝမ်းနည်းစရာ​တွေ​လည်း​ရှိခဲ့​ပါ​တယ်၊ ဒါပေမဲ့ အဲဒီ​ကြားထဲ ကျွန်တော်​တို့ကို ယေဟောဝါ​ကူညီပေး​ခဲ့​ပါ​တယ်။ ယေဟောဝါ​လူမျိုး​ရဲ့ ဒီ​ကမ္ဘာ့​ဌာနချုပ်​မှာ အုပ်ချုပ်ရေးအဖွဲ့ဝင်​တွေ​နဲ့ ကျွန်တော်​တို့​နေ့စဉ်​တွေ့ဆုံ​ဆက်ဆံ​ရတဲ့ ကောင်းချီး​ကို​ခံစားရ​ပါ​တယ်။ တစ်ခါ​တ​လေ ‘ငါ​တို့ တကယ်ပဲ ဒီကို​ရောက်နေ​ကြ​တာ​လား’ လို့​ကိုယ့်ကို​ကိုယ်​မေး​ယူရ​တယ်။ ဒါဟာ မခံစားထိုက်​တဲ့​ကရုဏာ​ပါ။ (၂ ကောရိန္သု ၁၂:၉က​ဘ) ယေဟောဝါ​ဟာ ကျွန်တော်​တို့ကို စာတန်​ရဲ့​ပရိယာယ်​ကနေ ဆက်လက်​ကာကွယ်​ပေး​ပြီး မြေကြီး​ပေါ်မှာ ကိုယ်တော်​ရဲ့​ဖြောင့်မတ်​တဲ့​အုပ်စိုးချိန်​မှာ ပျော်ရွှင်မှု​ခံစား​ရဖို့ စောင့်ရှောက်​ထား​လိမ့်မယ်လို့ ကျွန်တော်​တို့​ယုံကြည်​စိတ်ချ​ပါ​တယ်။—ဧဖက် ၆:၁၁-၁၈; ဗျာဒိတ် ၂၁:၁-၄

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ကျွန်တော်​စပြီး​ထောင်ကျ​ခဲ့​သည့် မ​န်​ချက်​စ်​တာ​ပြည်နယ်၊ စ​ထ​ရိန်​ဝေ​စ်​ထောင်

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

အင်္ဂလန်​တွင် တိုက်နယ်​လုပ်ငန်း​၌ ကျွန်တော်​တို့၏​အော်စတင်ဆဲဗင်းကား​နှင့်အတူ

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

၁၉၆၂ ခုနှစ်​တွင် စပိန်​နိုင်ငံ၊ မဒရစ်​မြို့၊ သာ​ရ်​စီဒီ​လ်​ယား​၌ လျှို့ဝှက်​အစည်းအဝေး​တစ်ခု

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

ဘ​ရွတ်​က​လင်​တွင် ကျွန်တော်​တို့၏ သက်သေခံ​စားပွဲ​၌