မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်သားသမီးများကို လေ့ကျင့်ရာတွင် ယေဟောဝါအားတုပလော့

သင့်သားသမီးများကို လေ့ကျင့်ရာတွင် ယေဟောဝါအားတုပလော့

သင့်​သားသမီး​များ​ကို လေ့ကျင့်​ရာ​တွင် ယေဟောဝါ​အား​တုပ​လော့

“မိဘ​တိုင်း မိမိတို့၏​သားသမီး​များ​ကို ဆုံးမ​ကြသည်​မဟုတ်လော။”—ဟေဗြဲ ၁၂:၇၊ ခေတ်ပြိုင်​အင်္ဂလိပ်​ဘာသာပြန်​ကျမ်း။

၁၊ ၂။ သားသမီး​များ​မွေးမြူခြင်း​၌ မိဘများသည် ယနေ့ အဘယ်ကြောင့်​အခက်တွေ့​ကြ​ရသနည်း။

ဂျပန်​နိုင်ငံ​၌ လွန်ခဲ့သော​နှစ်​အနည်းငယ်​က ကောက်ယူ​ခဲ့​သည့်​စစ်တမ်း​တွင် လူတွေ့မေးမြန်း​ခံ​ခဲ့​ရသော လူကြီး​ထက်ဝက်​ခန့်​သည် မိဘ​နှင့်​သားသမီးတို့​စပ်ကြား ဆက်သွယ်မှု​နည်း​လွန်း​သည်​ဟု ခံစားရ​ကြောင်း​နှင့် ထို​မိဘတို့​သည် သားသမီး​များ​ကို အလွန်​အလိုလိုက်​ကြောင်း ဖော်ပြ​ခဲ့​၏။ ထို​နိုင်ငံ​၌​ပင် အခြား​စစ်တမ်း​တစ်ခု​တွင် မေးမြန်း​ခံ​ခဲ့​ရသူ​လေး​ပုံ​တစ်​ပုံ​က မိမိတို့​ကလေး​များနှင့် မည်သို့​အပြန်အလှန်​ဆက်ဆံ​ရမည်ကို​မသိကြောင်း ဝန်ခံခဲ့​ကြ​၏။ ဤ​ခေတ်​ရေစီးကြောင်း​မှာ အရှေ့တိုင်း​၌​သာ ထူးထူးခြားခြား​ဖြစ်နေ​သည်မဟုတ်​ပါ။ “ကနေဒါ​နိုင်ငံသား​မိဘများ​စွာ​က မိမိတို့သည် မိဘ​ကောင်း​များ မည်သို့​ဖြစ်​နိုင်​ကြောင်း မသေချာ​ပါ​ဟု​ဝန်ခံခဲ့​ကြ​၏” ဟူ၍ တို​ရန်​တို​စ​တား​က အစီရင်ခံ​သည်။ နေရာတိုင်း​၌ မိဘများသည် သားသမီး​များ​မွေးမြူရေး​တွင် အခက်တွေ့​လျက်​ရှိကြ​၏။

သားသမီး​များ​မွေးမြူခြင်း​၌ မိဘများ အဘယ်ကြောင့်​အခက်တွေ့​နေကြ​သနည်း။ အဓိက​အကြောင်းရင်း​တစ်ခု​မှာ ကျွန်ုပ်​တို့သည် “ကိုင်တွယ်​ရ​ခဲယဉ်း​သည့် ကျပ်တည်း​သော​ကာလ” “နောက်ဆုံးသော​နေ့ရက်​များ” ၌ အသက်ရှင်နေ​ကြသော​ကြောင့်​တည်း။ (၂ တိမောသေ ၃:၁က​ဘ) ထို့​အပြင် “လူတို့သည် ငယ်​သော​အရွယ်​မှ​စ၍ စိတ်နှလုံး​အကြံအစည်​ဆိုး​ကြ​၏” ဟု​သမ္မာကျမ်းစာ​က​ဆို​သည်။ (ကမ္ဘာဦး ၈:၂၁) ထို​မျှ​မ​က အတွေ့အကြုံ​မရှိသူ​တို့ကို အ​မဲ​ဖမ်း​သည့် “ဟောက်​သော​ခြင်္သေ့” ကဲ့သို့​သော စာတန်​၏​တိုက်ခိုက်မှု​ကို လူငယ်များ အထူးသဖြင့်​ခံ​နေကြ​ရ၏။ (၁ ပေတရု ၅:၈) မိမိတို့၏​သားသမီး​များ​ကို “သခင်​ဘုရား​၏​အလိုတော်နှင့်​ညီသော ဆုံးမ​သွန်သင်ခြင်း​ကို​ပြု” လို​ကြ​သည့် ခရစ်ယာန်​မိဘများ​အတွက် အတားအဆီး အမှန်ပင်​များပြား​လှ​သည်။ (ဧဖက် ၆:၄) မိမိတို့၏​သားသမီး​များသည် “ကောင်းကျိုး​မကောင်း​ကျိုး​ကို” ခွဲခြား​သိမြင်​နိုင်​သည့် ယေဟောဝါ​၏ ရင့်ကျက်သော​ဝတ်ပြု​ကိုးကွယ်​သူများ​ဖြစ်လာ​စေရန် မိဘများ မည်သို့​ကူညီပေး​နိုင်​သနည်း။—ဟေဗြဲ ၅:၁၄

၃။ သားသမီး​များ​ကို အောင်မြင်စွာ​ကြီးပြင်း​လာ​စေရန် မိဘ​၏​လေ့ကျင့်ပေး​မှု​နှင့် လမ်းညွှန်မှု​သည် အဘယ်ကြောင့်​မရှိမဖြစ်​သနည်း။

“မိုက်​သော​သဘော​သည် သူငယ်​၏​စိတ်နှလုံး​ထဲမှာ ထုပ်​ထား​လျက်​ရှိ၏” ဟု ဘုရင်​ရှောလမုန်က ကောက်ချက်​ချ​ခဲ့​သည်။ (သု. ၁၃:၁; ၂၂:၁၅) လူငယ်များသည် ထို​မိုက်​သော​သဘောကို သူတို့၏​စိတ်နှလုံး​ထဲ​မှ​ထုတ်ပစ်​ရန် သူတို့​မိဘများ​၏ မေတ္တာပါ​ဆုံးမ​ပဲ့ပြင်​မှု​လို​သည်။ သို့သော် လူငယ်များသည် ထိုသို့​သော​ဆုံးမ​ပဲ့ပြင်​မှု​ကို အမြဲ​ပင် တလိုတလား​လက်ခံ​လို​ကြသည်​မဟုတ်။ အမှန်​မှာ ဆုံးမ​ပဲ့ပြင်​မှု​ကို မည်သူ​ပင်​ပေး​ပါ​လေ​စေ သူတို့သည် ဆုံးမ မခံလို​ကြ​ချေ။ ထို့​ကြောင့် မိဘများသည် “သူငယ်သွားရာ​လမ်းဝ၌ ဆုံးမ​သွန်သင်” ရန် သင်ယူ​ကြ​ရမည်။ (သု. ၂၂:၆) ယင်း​သို့​သော​ဆုံးမ​သွန်သင်မှု​ကို သားသမီး​များ​ဆုပ်ကိုင်​ထား​ကြသောအခါ ၎င်း​က သူတို့​အတွက် အသက်ရှင်ခြင်း​အကြောင်း​ဖြစ်စေ​နိုင်၏။ (သု. ၄:၁၃) မိဘများသည် သူတို့၏​လူ​မ​မယ်​လေး​များ​ကို လေ့ကျင့်ပေး​ရာ​၌ အဘယ်အရာ​ပါဝင်​ကြောင်း သိရှိ​ထားခြင်း​မှာ အရေးပါ​လှ​သည်​တကား!

ဆုံးမ​ပဲ့ပြင်​ခြင်း—အဘယ်အရာကို​ဆိုလို​သနည်း

၄။ သမ္မာကျမ်းစာ​၌ အသုံးပြု​ထားသော “ဆုံးမခြင်း” ၏ အဓိက​အဓိပ္ပာယ်​ကား​အဘယ်နည်း။

မိဘ​အချို့​သည် ကာယ၊ စကား​ဖြင့် သို့​မဟုတ် စိတ်ပိုင်း​ဆိုင်ရာ—ကြမ်းကြုတ်မှု​ပြု​သည်​ဟု စွပ်စွဲ​ခံရ​မည်​ကို စိုးရိမ်​သဖြင့် မိမိတို့၏​သားသမီး​များ​ကို မဆုံးမ​ဘဲ​နေသည်။ ထိုသို့ ကျွန်ုပ်​တို့​စိုးရိမ်​စ​ရာ​မလို​ချေ။ သမ္မာကျမ်းစာ​၌ အသုံးပြု​ထားသော “ဆုံးမခြင်း” ဟူ​သည့်​အသုံးအနှုန်း​တွင် ကြမ်းကြုတ်မှု သို့​မဟုတ် ရက်စက်မှု​လုံးဝ​မပါဝင်​ချေ။ “ဆုံးမခြင်း” အတွက် ဂရိ​စကားလုံး​သည် သွန်သင်ခြင်း၊ ပညာ​ပေးခြင်း၊ ပဲ့ပြင်​ခြင်း​နှင့် ရံဖန်ရံခါ ခိုင်မာ​သော်လည်း မေတ္တာပါပါ​ရိုက်နှက်ခြင်း​နှင့် အဓိက​နှီးနွှယ်​လေ​၏။

၅။ မိမိလူ​တို့​နှင့် ယေဟောဝါ​ဆက်ဆံပုံ​ကို သုံးသပ်ခြင်းက အဘယ်ကြောင့်​အကျိုးရှိ​သနည်း။

ယင်း​သို့​သော ဆုံးမ​ပဲ့ပြင်​မှု​ပေး​ရာ​တွင် ယေဟောဝါ​ဘုရားသခင်​သည် စုံလင်သော​ပုံ​နမူနာ​တစ်ရပ်​ကို ချမှတ်​တော်​မူ​သည်။ လူသား​ဖခင်​တစ်ဦး​နှင့် ယေဟောဝါ​ကို​နှိုင်းယှဉ်​ကာ တမန်​တော်​ပေါလု​က ဤသို့​ရေးသားခဲ့​သည်– “မိဘ​တိုင်း မိမိတို့၏​သားသမီး​များ​ကို ဆုံးမ​ကြသည်​မဟုတ်လော။ . . . ငါ​တို့၏​လူသား​ဖခင်​များသည် အကောင်းဆုံး​ဟု သူတို့​ထင်မှတ်​သည့်​အတိုင်း ငါ​တို့ကို တစ်ခဏ​တာ​ဆုံးမ​တတ်ကြ​၏။ သို့သော် ဘုရားသခင်​မူ​ကား ငါ​တို့ကို​သန့်ရှင်း​စေ​လို​သည့်​အတွက် ငါ​တို့​ကောင်းကျိုး​အ​လို့​ငှာ ငါ​တို့အား ဆုံးမ​တော်​မူ​သည်။” (ဟေဗြဲ ၁၂:၇-၁၀ခေတ်ပြိုင်​အင်္ဂလိပ်​ဘာသာပြန်​ကျမ်း) မှန်ပါသည်၊ မိမိလူ​တို့သည် သန့်ရှင်း​စင်ကြယ်​စေမည်​အကြောင်း ယေဟောဝါ​ဆုံးမ​ပဲ့ပြင်​တော်​မူ​၏။ ယေဟောဝါ​သည် မိမိလူ​တို့ကို မည်သို့​လေ့ကျင့်ပေး​ကြောင်း သုံးသပ်ခြင်း​ဖြင့် သားသမီး​များ​ဆုံးမ​ပဲ့ပြင်​ခြင်း​အကြောင်း ကျွန်ုပ်​တို့ များစွာ​သင်ယူ​နိုင်၏။—တရားဟောရာ ၃၂:၄; မဿဲ ၇:၁၁; ဧဖက် ၅:၁

မေတ္တာ—စေ့ဆော်​ပေး​သည့် အစွမ်း​တန်ခိုး

၆။ မိဘများသည် ယေဟောဝါ​၏​မေတ္တာတော်ကို တုပ​ရန် အဘယ်ကြောင့်​ခက်ခဲ​နိုင်​သနည်း။

“ဘုရားသခင်​သည် ချစ်ခြင်း​မေတ္တာ​ဖြစ်​တော်​မူ​၏” ဟု တမန်​တော်​ယောဟန်​က ဆို​သည်။ သို့​ဖြစ်၍ ယေဟောဝါ​ပေး​သော​လေ့ကျင့်မှု​သည် မေတ္တာဖြင့် အမြဲ​စေ့ဆော်​ခံရ​၏။ (၁ ယောဟန် ၄:၈; သု. ၃:၁၁၊ ၁၂) ထို့​ကြောင့် မိမိ​သားသမီးကို ပကတိ​ကြင်နာ​စုံမက်ခြင်း​ရှိသူတို့​သည် ယင်း​နှင့်​ပတ်သက်​၍ ယေဟောဝါ​ကို​တုပ​ရန် လွယ်ကူ​မည်​ဟု ဆိုလို​သလော။ ထိုသို့​မဆိုလို​ပါ။ ဘုရားသခင့်​မေတ္တာတော်​သည် မူ​အပေါ်​အခြေပြု​သော​မေတ္တာ​ဖြစ်သည်။ ထိုသို့​သော​မေတ္တာသည် “ပင်ကိုစိတ်​သဘော​အတိုင်း အမြဲ​ဖြစ်သည်​မဟုတ်” ဟု ဂရိ​ကျမ်း​ပညာရှင်​တစ်ဦး​က ပြညွှန်​သည်။ ဘုရားသခင်​သည် စိတ်စွဲ​လမ်း​မှု​၏​သြဇာလွှမ်း​မိုး​မှု​ခံရ​သည်မဟုတ်။ ကိုယ်တော်​သည် မိမိလူ​တို့အတွက် အကောင်းဆုံး​အကျိုးကို အမြဲလို​လား​တော်​မူ​၏။—ဟေရှာယ ၃၀:၂၀; ၄၈:၁၇

၇၊ ၈။ (က) မိမိ​လူမျိုး​နှင့်​ဆက်ဆံ​ရာ​တွင် ယေဟောဝါ​သည် မူ​အပေါ်​အခြေခံ​သည့်​မေတ္တာ​နှင့်​ပတ်သက်​၍ အဘယ်​ပုံသက်သေ​ချမှတ်​တော်​မူ​ခဲ့​သနည်း။ (ခ) မိဘများသည် သမ္မာကျမ်းစာ​မူများ​ကို သားသမီး​များ​လိုက်လျှောက်​နိုင်​ရန်​စွမ်းရည် တိုးတက်စေ​ဖို့ ကူညီပေး​ရာ​တွင် ယေဟောဝါ​အား မည်သို့​တုပ​နိုင်​သနည်း။

ဣသရေလ​တို့​နှင့် ဆက်ဆံ​ရာ​၌ ယေဟောဝါ​ဖော်ပြ​သော​မေတ္တာတော်ကို သုံးသပ်ကြည့်​ပါ။ တည်ထောင်​ခါ​စ ဣသရေလ​လူမျိုး​ကို ယေဟောဝါ​၏​ချစ်ခြင်း​အကြောင်း မောရှေ​သရုပ်ဖော်​ရန် ထိရောက်​သော​ပုံ​ဥပမာ​တစ်ရပ်​ကို အသုံးပြု​ခဲ့​သည်။ ကျွန်ုပ်​တို့ ဤသို့​ဖတ်​ရသည်– “ရွှေ​လင်း​တ​သည် အသိုက်​ကို​မွှေ​လျက်၊ သားငယ်​တို့​အပေါ်မှာ​လှုပ်ရှား​လျက်၊ အတောင်​တို့ကို​ဖြန့်​လျက်၊ သားငယ်​တို့ကို​ယူ၍ မိမိ​အတောင်​တို့​ဖြင့်​ဆောင်​သကဲ့သို့၊ ထာဝရ​ဘုရား​တစ်ပါး​တည်း​သာ​လျှင် ယာကုပ်​ကို​ဆောင်​သွား​တော်​မူ​၏။” (တရားဟောရာ ၃၂:၉၊၁၁၊ ၁၂) သားငယ်​တို့ကို ပျံ​တတ်​ရန်​သင်ပေး​ရာ​တွင် မိခင်​လင်းယုန်​ငှက်​သည် သူ၏​တောင်ပံ​များ​ကို တဖျပ်ဖျပ်​ခပ်​၍ ‘သူ၏​အသိုက်​ကို​မွှေ​လျက်’ သားငယ်​များ​ကို ပျံသန်း​ရန်​တိုက်တွန်း​သည်။ မြင့်မားသော​ကျောက်ဆောင်​၌ တည်​လေ့​ရှိသော​အသိုက်​ထဲ​မှ ငှက်​ငယ်​ကလေး​သည် နောက်ဆုံး​တွင် ဒို​င်ဗင်​ထိုး​ချ​လိုက်​သောအခါ မိခင်​သည် အဆိုပါ​သားငယ် “အပေါ်မှာ​လှုပ်ရှား” နေ​လေ​၏။ အ​ပျံ​သင်​စ​ငှက်​ငယ်​သည် မြေပေါ်​ကျ​မည့်​ဟန်​ရှိသည့်​အခါ မိခင်​သည် ၎င်း​၏​အောက်​မှ​ထိုးဆင်း​ပျံဝဲ​လျက် “မိမိ​အတောင်​တို့​ဖြင့်” ငှက်​ငယ်​ကလေး​ကို​ချီဆောင်​လေ​သည်။ အလားတူ​ပင် ယေဟောဝါ​သည် မိမိ၏​ဖွား​ခါ​စ​ဣသရေလ​လူမျိုး​ကို မေတ္တာပါ​စွာ​ဂရုစိုက်​ခဲ့​သည်။ မောရှေ​ပညတ်​ကို သူတို့အား ကိုယ်တော်​ပေး​ခဲ့​သည်။ (ဆာလံ ၇၈:၅-၇) ထို့နောက် ဘုရားသခင်​သည် အဆိုပါ​လူမျိုး​ကို ဂရုတစိုက်​မျက်လုံး​ဖြင့် ကြည့်ရှု​စောင့်မ​တော်​မူ​ပြီး မိမိ​လူမျိုး အခက်အခဲ​ကြုံ​သောအခါ ကယ်မ​ရန် အသင့်ရှိ​တော်​မူ​၏။

ခရစ်ယာန်​မိဘများသည် ယေဟောဝါ​၏​မေတ္တာတော်ကို မည်သို့​တုပ​နိုင်​မည်​နည်း။ ဦးဆုံး ဘုရားသခင့်​စကားတော်​တွင် တွေ့ရှိ​ရသော​မူများ​နှင့် စံနှုန်း​များ​ကို သားသမီး​များ​အား သင်ကြား​ပေး​ရမည်။ (တရားဟောရာ ၆:၄-၉) ပန်းတိုင်​မှာ သမ္မာကျမ်းစာ​မူများ​နှင့်​အညီ ဆုံးဖြတ်ချက်​များ​ချ​တတ်​ရန် ငယ်ရွယ်သူ​အား ထောက်ကူ​ပေးဖို့​ဖြစ်သည်။ ဤသို့​ပြုခြင်း​ဖြင့် မေတ္တာ​ရှိသော​မိဘများသည် သူတို့၏​သားသမီး​များ​အပေါ် ရ​စ်​ဝဲ​နေ​ဘိ​သကဲ့သို့​ရှိပြီး ကလေးငယ်​များ​သင်ယူ​ခဲ့​သည့်​မူများ​နှင့်​အညီ လိုက်လျှောက်​ကျင့်သုံး​ဖို့ ဂရုစိုက်​လျက်​နေသည်။ ကလေး​များ​ကြီးပြင်း​လာ၍ လွတ်လပ်မှု​တဖြည်းဖြည်း​တိုး​ပေး​ရာ​တွင် သူတို့​အန္တရာယ်​ကြုံတွေ့​ကြ​ရသော မည်သည့်​ချိန်​၌​မဆို ဂရုစိုက်​တတ်သော​မိဘများသည် “အောက်​သို့​ထိုးဆင်း” ၍ ‘သားငယ်​တို့ကို မိမိ​အတောင်​ဖြင့်’ ချီဆောင်​ရန်​အသင့်ရှိ​လေ​သည်။ အဘယ်​အန္တရာယ်​မျိုး​နည်း။

၉။ မေတ္တာ​ရှိသော​မိဘများသည် အထူးသဖြင့် အဘယ်​အန္တရာယ်ကို သတိထား​ကြ​ရမည်​နည်း။ သာဓက​ပေး​ပါ။

ယေဟောဝါ​ဘုရားသခင်​သည်​ဣသရေလ​လူမျိုး​အား မကောင်းသော​အပေါင်းအဖော်​နှင့် ပေါင်းဖော်ခြင်း​အကျိုးဆက်များ​ကို သတိပေး​ခဲ့​၏။ (တောလည်ရာ ၂၅:၁-၁၈; ဧဇရ ၁၀:၁၀-၁၄) မ​ပေါင်း​သင့်​သူတို့နှင့်​ပေါင်းဖော်ခြင်း​သည် ယနေ့လည်း ဖြစ်နေ​ကျ​အန္တရာယ်​တစ်ခု​ဖြစ်​ပေ​သည်။ (၁ ကောရိန္သု ၁၅:၃၃) ဤ​ကိစ္စ​တွင် ခရစ်ယာန်​မိဘများသည် ယေဟောဝါ​ကို​တုပ​သင့်​သည်။ အသက် ၁၅ နှစ်အရွယ် လီဆာ​အမည်​ရှိ ကလေး​မ​တစ်ဦး​သည် သူ့​မိသားစု​၏​ကောင်းသော​ကျင့်ဝတ်​နှင့် ဝိညာဉ်​ရေးရာ​များ​ကို တန်ဖိုး​မထား​သော လူငယ်​တစ်ဦး​ကို စိတ်ဝင်စား​ခဲ့​၏။ “ကျွန်မ​မိဘတွေက ကျွန်မ​စိတ်သဘော​ပြောင်းလဲ​နေတာကို ချက်ချင်း​ရိပ်မိ​ကြ​ပြီး စိုးရိမ်​ကြတယ်” ဟု လီဆာ​က​ပြောပြ​သည်။ “တစ်ခါ​တ​လေ​မှာ ကျွန်မ​ကို သူတို့က​ပဲ့ပြင်​ပေး​ပြီး တစ်ခါ​တ​လေ​တော့ သူတို့က​ကြင်ကြင်နာနာ အားပေးကြတယ်။” လီဆာ​နှင့်အတူ သူတို့​ထိုင်ပြီး စိတ်ရှည်ရှည်​ဖြင့် နားထောင်ပေး​ကြ​ရာ လီဆာ​၏​အရင်းခံ​ပြဿနာ​မှာ သက်တူရွယ်တူ​များ​၏ လက်ခံမှုကို​ရ​လို​သော​ဆန္ဒ​ဖြစ်​ကြောင်း သူတို့​သိမြင်​လာပြီး ယင်းကို​ကိုင်တွယ်​ဖြေရှင်း​တတ်​ရန် သူ့ကို​ကူညီပေး​ကြ​လေ​သည်။ *

ဆက်သွယ်ရေး​လမ်းကြောင်း ပွင့်​နေစေပါ

၁၀။ ယေဟောဝါ​သည် ဣသရေလလူ​တို့​နှင့် ဆက်သွယ်​ရာ​၌ အဘယ်​နည်းများဖြင့် စံနမူနာ​ကောင်း ချမှတ်​ပေး​တော်​မူ​ခဲ့​သနည်း။

၁၀ မိဘတို့​သည် သားသမီး​များ​ကို​လေ့ကျင့်ပေး​ရာ​၌ အောင်မြင်မှု​ရရှိရန် သူတို့၏​ကလေး​များနှင့် ဆက်သွယ်ရေး​လမ်းကြောင်း ပွင့်​နေ​စေဖို့ ကြိုးစား​ရမည်။ ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​စိတ်နှလုံး​ထဲ​တွင် အဘယ်အရာ​ရှိကြောင်း အပြည့်အဝ​သိတော်မူ​သော်လည်း ကိုယ်တော်​နှင့်​ဆက်သွယ်မှု​ပြု​ရန် ကျွန်ုပ်​တို့ကို တိုက်တွန်း​ထား​သည်။ (၁ ရာဇဝင်ချုပ် ၂၈:၉) ယေဟောဝါ​သည် ဣသရေလလူ​များ​ကို ပညတ်တော်​ပေး​ပြီး​နောက် သူတို့ကို​သွန်သင်ပေး​ရန် လေဝိ​သားများ​အား တာဝန်​ပေးအပ်​ခဲ့​ပြီး သူတို့နှင့် ကျိုးကြောင်း​ဆင်ခြင်​၍ ပဲ့ပြင်​ဆုံးမ​ပေးဖို့ ပရောဖက်​များ​ကို​စေလွှတ်ခဲ့​သည်။ သူတို့၏​ဆုတောင်းချက်​များ​ကို နားညောင်း​ရန် တလိုတလား​ရှိကြောင်းကိုလည်း ကိုယ်တော်​ဖော်ပြ​ခဲ့​သည်။—၂ ရာဇဝင်ချုပ် ၁၇:၇-၉; ဆာလံ ၆၅:၂; ဟေရှာယ ၁:၁-၃၊ ၁၈-၂၀; ယေရမိ ၂၅:၄; ဂလာတိ ၃:၂၂-၂၄

၁၁။ (က) မိဘများသည် သားသမီး​များနှင့် ဆက်ဆံ​ရေး​ကောင်း​ကို မည်သို့​တိုးမြှင့်​ပေး​နိုင်​သနည်း။ (ခ) မိဘများသည် သားသမီး​များနှင့်​ဆက်သွယ်​ရာ​တွင် အဘယ်ကြောင့် ကောင်းစွာ​နားထောင်​တတ်​သူများ ဖြစ်​သင့်​သနည်း။

၁၁ မိဘများသည် သားသမီး​များနှင့် ဆက်သွယ်​သောအခါ ယေဟောဝါ​ကို သူတို့​မည်သို့​တုပ​နိုင်​ကြ​သနည်း။ ဦးဆုံး​အနေ​နှင့် သူတို့​အတွက် အချိန်ပေး​ရမည်​ဖြစ်သည်။ “ဒါ​လေး​များ၊ တော်​တော်​အရေးကြီးတဲ့​ကိစ္စ ထင်​လို့”; “ဒါက မဖြစ်​စ​လောက်​လေး​ပါ”; “မင်း​က ဘာများ​မျှော်လင့်​ထား​လို့လဲ၊ မင်းဟာ ချာတိတ်​ပဲ​ရှိသေးတယ်” စ​သည့် သရော်​လှောင်ပြောင်​ရာ​ရောက်​သော မစဉ်း​စား​ဘဲ​ပြောဆို​သည့်​စကား​များ​ကိုလည်း မိဘတို့​ရှောင်ကြဉ်​ကြ​ရမည်။ (သု. ၁၂:၁၈) သားသမီး​များ​ကို ရင်ဖွင့်​စေဖို့​အားပေး​ရန် ပညာ​ရှိသော​မိဘများသည် ကောင်းစွာ​နားထောင်သူ​များ​ဖြစ်​ဖို့ ကြိုးစား​ကြသည်။ ကလေး​များ​ငယ်​စဉ် သူတို့ကို​လျစ်လျူရှု​ကြသော​မိဘများသည် သူတို့၏​သားသမီး​များ ကြီးပြင်း​လာသော​အခါ မိမိတို့​ကိုယ်တိုင် ပြန်​လျစ်လျူရှု​ခံရ​မည်​ကို တွေ့ရှိ​ရ​ပေမည်။ ယေဟောဝါ​သည် မိမိလူ​တို့ကို နားထောင်​ရန် အမြဲ​တလိုတလား​ရှိ​တော်​မူ​ခဲ့​သည်။ ဆုတောင်းခြင်း​ဖြင့် ကိုယ်တော်​ထံ နှိမ့်ချစွာ​လှည့်လာ​သူတို့ကို ကိုယ်တော်​နားညောင်း​တော်​မူ​၏။—ဆာလံ ၉၁:၁၅; ယေရမိ ၂၉:၁၂; လုကာ ၁၁:၉-၁၃

၁၂။ မိဘများသည် အဘယ်​အရည်အသွေးများ​ကို​ဖော်ပြ​လျှင် သူတို့​ထံ သားသမီး​များ​ချဉ်းကပ်​ရန် လွယ်ကူ​စေမည်​နည်း။

၁၂ ဘုရားသခင့်​ဂုဏ်ရည်တော်​အချို့​ကြောင့် မိမိ၏​လူတို့သည် ကိုယ်တော့်​ထံ လွတ်လွတ်လပ်လပ်​ချဉ်းကပ်​ဖို့ လွယ်ကူ​စေသည့်​အကြောင်းကိုလည်း သုံးသပ်ကြည့်​ပါ။ ဥပမာ၊ ရှေး​ဣသရေလ​ရှင်ဘုရင်​ဒါဝိဒ်​သည် ဗေသရှေဘ​နှင့် သူ့​သား​အိမ်ရာ​ပြစ်မှားခြင်း​ဖြင့် ကြီး​လေး​သော​အပြစ်ကို​ကျူးလွန်​ခဲ့​သည်။ မစုံလင်သူ​တစ်ဦး​ဖြစ်​သဖြင့် ဒါဝိဒ်​သည် သူ၏​ဘဝတွင် အခြားကြီး​လေး​သော​အပြစ်​များ​ကို ကျူးလွန်​ခဲ့​၏။ သို့​တိုင် သူသည် ယေဟောဝါ​ထံ​ချဉ်းကပ်​ရန်​နှင့် ကိုယ်တော်​၏​ခွင့်လွှတ်​မှု​ကို​တောင်းခံ​၍ ဆုံးမမှု​ခံယူ​ရန် ဘယ်တော့​မျှ​မပျက်ကွက်​ခဲ့​ချေ။ ဘုရားသခင်​၏​မေတ္တာပါ သနား​ညှာတာ​ခြင်း​နှင့် ကြင်နာ​ထောက်ထား​ခြင်း​တို့​က ဒါဝိဒ်​အား ယေဟောဝါ​ထံ​တော်​သို့​လှည့်လာ​ရန် အမှန်ပင်​လွယ်ကူ​စေ​ခဲ့​သည်။ (ဆာလံ ၁၀၃:၈) ထောက်ထား​စာနာ​ခြင်း၊ သနား​ကြင်နာ​ခြင်း​ကဲ့သို့​သော ဘုရားသခင့်​အရည်အသွေးများ​ကို တင်ပြခြင်း​ဖြင့် သားသမီး​များသည် လမ်းလွဲ​ခဲ့​သည့်​တိုင် ဆက်သွယ်ရေး​လမ်းကြောင်း ပွင့်​နေ​စေရန် မိဘများ​ထောက်ကူ​နိုင်​သည်။—ဆာလံ ၁၀၃:၁၃; မာလခိ ၃:၁၇

အကျိုးသင့်အကြောင်းသင့်​ရှိပါ

၁၃။ အကျိုးသင့်အကြောင်းသင့်​ရှိ​ခြင်း​တွင် အဘယ်အရာ​ပါဝင်​သနည်း။

၁၃ သားသမီး​များ​ပြောဆို​သော​စကား​ကို နားထောင်ပေး​သောအခါ မိဘများသည် အကျိုးသင့်အကြောင်းသင့်​ရှိပြီး “အထက်​မှ​သက်ရောက်​သော​ပညာ” ကို ရောင်ပြန်ဟပ်​ကြ​ရမည်။ (ယာကုပ် ၃:၁၇) တမန်​တော်​ပေါလု​က “လူအပေါင်း​တို့​ရှေ့၌ သင်တို့၏​ဖြည်းညင်း​ခြင်း​သဘောကို ထင်ရှားစေ​ကြလော့” ဟု​ရေးသားခဲ့​သည်။ (ဖိလိပ္ပိ ၄:၅) အကျိုးသင့်အကြောင်းသင့်​ရှိ​ခြင်း​အဓိပ္ပာယ်​ကား အဘယ်နည်း။ “အကျိုးသင့်အကြောင်းသင့်​ရှိ​ခြင်း” ဟု ဘာသာ​ပြန်ဆို​ထားသော​ဂရိ​စကားလုံး​၏ အဓိပ္ပာယ်​ဖွင့်ဆိုချက်​တစ်ခု​မှာ “စာအုပ်ကြီး​အတိုင်း တစ်​သ​ဝေ​မ​တိမ်း​လိုက်ရမည်​ဟု မရ​မ​က​ပြော​ခြင်း​မဟုတ်” ဟူ၍​ဖြစ်သည်။ မိဘများသည် ကျင့်ဝတ်​နှင့် ဝိညာဉ်​ရေးရာ​စံနှုန်း​များ​ကို စွဲစွဲမြဲမြဲ​ဆုပ်ကိုင်​ထား​စဉ် မည်သို့​အကျိုးသင့်အကြောင်းသင့်​ရှိ​နိုင်​သနည်း။

၁၄။ ယေဟောဝါ​သည် လောတ​နှင့် ဆက်ဆံ​ရာ​တွင် အကျိုးသင့်အကြောင်းသင့်​ရှိသော​သဘောကို မည်သို့​ဖော်ပြ​တော်​မူ​ခဲ့​သနည်း။

၁၄ ယေဟောဝါ​သည် အကျိုးသင့်အကြောင်းသင့်​ရှိ​ခြင်း​နှင့်​ပတ်သက်​၍ ထူးခြားသော​စံနမူနာ​ကို ချမှတ်​ပေး​သည်။ (ဆာလံ ၁၀:၁၇) ဘုရားသခင်​သည် လောတ​နှင့် သူ၏​မိသားစုကို တရား​စီရင်ခံ​ရသည့် သောဒုံ​မြို့မှ ထွက်ခွာ​ရန် တိုက်တွန်း​ခဲ့​သောအခါ လောတ​သည် “ဖင့်နွှဲ” နေ​၏။ နောက်ပိုင်း​တွင် ယေဟောဝါ​၏​ကောင်းကင်တမန်​က တောင်ပေါ်​ဒေသ​သို့ ထွက်ပြေး​ရန် သူ့ကို​ပြော​သောအခါ လောတ​က “ဘေးလွတ်​၍​တောင်ပေါ်​သို့​မ​ပြေး​နိုင်​ပါ။ . . . ကြည့်​ပါ၊ ထို [ဇော​ရ] မြို့​နီး​ပါ​၏။ ပြေး​သာ​ပါ​၏။ ငယ်​သော​မြို့​လည်း​ဖြစ်ပါ​၏။ ဘေးလွတ်​၍​ထို​အရပ်သို့​ပြေး​ပါ​ရစေ။ ထို​မြို့​သည် ငယ်​သော​မြို့​မဟုတ်လော” ဟု​ပြန်​ပြော​သည်။ ယင်းကို ယေဟောဝါ မည်သို့​တုံ့ပြန်​ခဲ့​သနည်း။ ကိုယ်တော် ဤသို့​မိန့်တော်မူသည်– “ဤ​အမှုအရာ​၌​လည်း သင်၏​စကား​ကို​ငါ​နားထောင်​စေခြင်း​ငှာ၊ ထို​မြို့​အတွက်​တောင်းပန်​သောကြောင့် ငါ​မဖျက်ဆီး။” (ကမ္ဘာဦး ၁၉:၁၆-၂၁၊ ၃၀) ယေဟောဝါ​သည် လောတ​၏​တောင်းဆိုချက်​ကို လိုလိုလားလား​ခွင့်ပြု​ခဲ့​သည်။ မှန်ပါသည်၊ ကိုယ်တော်​၏​စကားတော်၊ သမ္မာကျမ်းစာ​၌ ယေဟောဝါ​ဘုရားသခင်​ချမှတ်​ထားသော စံနှုန်း​များ​ကို မိဘများ​စွဲကိုင်​ထား​ကြ​ရန်လို​သည်။ သို့​တိုင် သမ္မာကျမ်းစာ​မူများ​ကို မထိခိုက်​သောအခါ သူငယ်​၏​ဆန္ဒ​ကို လိုက်လျော​နိုင်​ပေမည်။

၁၅၊ ၁၆။ ဟေရှာယ ၂၈:၂၄၊ ၂၅ ၌​တွေ့ရ​သော ပုံ​ဥပမာ​မှ မိဘများ အဘယ်​သင်ခန်းစာ​သင်ယူ​နိုင်​ကြ​သနည်း။

၁၅ အကျိုးသင့်အကြောင်းသင့်​ရှိ​ခြင်း​တွင် ဆုံးမမှု​ကို ကလေး​များ​လက်ခံရန်​အသင့်ရှိ​ရလေ​အောင် သူတို့၏​စိတ်နှလုံး​ကို ပြင်ဆင်​ပေးခြင်း​ပါဝင်​သည်။ ဟေရှာယ​က ပုံဆောင်​နည်းဖြင့် ယေဟောဝါ​အား လယ်သမား​တစ်ဦး​နှင့်​နှိုင်းယှဉ်​ပြီး ဤသို့​ပြော​ခဲ့​သည်– “လယ်​လုပ်သော​သူသည် မျိုးစေ့ကို​ကြဲ​ခြင်း​ငှာ မြေ​ကို​ဆွ​လျက်၊ မြေ​စိုင်​ကို​ချေ​လျက် အစဉ်​လယ်ထွန်​တတ်​သလော။ လယ်​မျက်နှာကို​ညှိ​ပြီး​မှ စ​မုန်​နက်​မျိုးစေ့၊ ဇီ​ရာ​မျိုးစေ့ကို ကြဲ​သည်မဟုတ်​လော။ ဂျုံ​စပါး​မျိုးစေ့ကို အတန်း​တန်း​စိုက်​၍ မုယော​စပါး​နှင့် ကောက်​စပါး​မျိုးစေ့​အသီးအသီး​တို့ကို သူတို့​အရပ်၌ ကြဲ​သည်မဟုတ်​လော။”—ဟေရှာယ ၂၈:၂၄၊ ၂၅

၁၆ ယေဟောဝါ​သည် “မျိုးစေ့ကို​ကြဲ​ခြင်း​ငှာ မြေ​ကို​ဆွ​လျက်၊ မြေ​စိုင်​ကို​ချေ​လျက် . . . လယ်ထွန်” လေ​သည်။ သို့​နှင့် ကိုယ်တော်​သည် မိမိလူ​တို့ကို ဆုံးမ​ပဲ့ပြင်​မပေး​မီ သူတို့၏​စိတ်နှလုံး​ကို​ပြင်ဆင်​ပေး​သည်။ မိဘများသည် သားသမီး​များ​ကို ဆုံးမ​ရာ​၌ ကလေး​တို့၏​စိတ်နှလုံး​ကို မည်သို့ ‘ထွန်ယက်’ နိုင်​သနည်း။ ဖခင်​တစ်ဦး​သည် မိမိ၏​လေးနှစ်​အရွယ်​သားကို ဆုံးမ​ပဲ့ပြင်​သောအခါ ယေဟောဝါ​ကို​တုပ​ခဲ့​သည်။ သူ၏​သားက အိမ်နီးချင်း​တစ်ဦး၏​သားကို ထိုးနှက်​သောအခါ ဖခင်​သည် သား​ဖြစ်သူ​၏​ဆင်ခြေ​များ​ကို ဦးဆုံး​စိတ်ရှည်​စွာ နားထောင်ပေး​ခဲ့​သည်။ ထို့နောက် မိမိ​သား​၏​စိတ်နှလုံး​ကို ‘ထွန်ယက်’ သကဲ့သို့ ဖခင်​ဖြစ်သူက အနိုင်ကျင့်သူ​တစ်ဦး၏​လက်​တွင် အလူးအလဲ​ဒဏ်​ခံ​ခဲ့​ရသော ကလေးငယ်​တစ်ဦး၏​ပုံပြင်​ကို ပြောပြ​ခဲ့​သည်။ ပုံပြင်​ကို​ကြား​လိုက်​ရာ​တွင် အနိုင်ကျင့်​သူကို အပြစ်ပေး​ရမည်ဟု​ပြောဆို​ရန် သား​ဖြစ်သူ​လှုံ့ဆော်​ခံ​ခဲ့​ရသည်။ ယင်း​သို့ ‘ထွန်ယက်​ခြင်း’ က သားငယ်​၏​စိတ်နှလုံး​ကို ပြင်ဆင်​ပေး​ပြီး အိမ်နီးချင်း​ကလေးငယ်​ကို ထိုးနှက်​ခြင်း​သည် အနိုင်ကျင့်ခြင်း​လုပ်ရပ်​ဖြစ်​ပြီး မှား​ကြောင်း​တွေ့မြင်​စေရန် သူ့​အား သာ၍​လွယ်ကူ​စေ​ခဲ့​သည်။—၂ ဓမ္မ​ရာဇဝင် ၁၂:၁-၁၄

၁၇။ ဟေရှာယ ၂၈:၂၆-၂၉ တွင် မိဘ​၏​ပဲ့ပြင်​ဆုံးမမှု​နှင့်​ပတ်သက်​၍ အဘယ်​သင်ခန်းစာ​ဖော်ပြ​ထား​သနည်း။

၁၇ ယေဟောဝါ​၏​ဆုံးမမှု​ကို လယ်ယာ​လုပ်ငန်း​စဉ် နောက်တစ်ခု​ဖြစ်သော ဂျုံ​စပါး​နယ်​ခြင်း​နှင့် ဟေရှာယ​နှိုင်းယှဉ်​ပြ​ထား​သည်။ လယ်သမား​တစ်ဦး​သည် စပါး​ခွံ​၏​မာကျော​မှု​ပေါ်​မူတည်၍ စပါးခြွေ​သည့်​ကိရိယာ​အမျိုးမျိုးကို အသုံးပြုလေ့​ရှိသည်။ နူးညံ့​သော​စ​မုန်​နက်​အတွက် တုတ်​ကိုလည်း​ကောင်း၊ ဇီ​ရာ​အတွက် တောင်ဝှေး​ကိုလည်း​ကောင်း အသုံးပြု​သော်လည်း သာ၍​မာကျော​သော​အခွံ​ရှိသည့် ဂျုံစေ့​များ​အတွက်​မူ စွတ်ဖား သို့​မဟုတ် လှည်း​ဘီး​ကို​အသုံးပြုလေ့​ရှိကြ​၏။ သို့​တိုင် မာကျော​သော​ဂျုံစေ့​များ ကြေမွ​သွား​သည့်​အထိ သူ​နင်းချေ​ပစ်​မည်​မဟုတ်​ချေ။ အလားတူ ယေဟောဝါ​သည် သူ၏​လူမျိုး​မှ မနှစ်သက်​ဖွယ်​သော မည်သည့်​အရာ​ကို​မဆို ဖယ်ရှား​လို​သောအခါ တည်ရှိ​နေသော​လိုအပ်ရာ​များနှင့် အခြေအနေ​များနှင့်​အညီ ကွဲပြား​ခြား​နာ​စွာ ကိုယ်တော်​စီရင်တော်မူ​၏။ ကိုယ်တော်​သည် ဘယ်​သောအခါ​မျှ နိုင်​လို​မင်း​ထက်​ပြုခြင်း သို့​မဟုတ် နှိပ်စက်​ကလူ​ပြုခြင်း​မရှိ​ချေ။ (ဟေရှာယ ၂၈:၂၆-၂၉) အချို့​ကလေး​များသည် မိဘ​၏ အရိပ်​အ​ခြည်​ကို​ကြည့်ရုံ​ဖြင့် တုံ့ပြန်​တတ်ကြ​၏၊ ထပ်​ပြောဆို​စ​ရာ​မလို​ပေ။ အခြားသူ​တို့​မှာ​မူ ထပ်ခါတလဲ သတိပေး​ရ၏၊ နား​ဝင်​စေရန် ထို​ထက်​ပြင်းထန်​စွာ​ပြုမူ​ဖို့​လို​သော ကလေး​များလည်း​ရှိ​ပေမည်။ အကျိုးသင့်အကြောင်းသင့်​ရှိသော​မိဘများသည် ကလေး​တစ်ဦးချင်း​စီ​၏ လိုအပ်ရာ​နှင့်​အညီ​လိုက်ဖက်​စွာ ဆုံးမ​ပဲ့ပြင်​ရ​ပါ​လိမ့်​မည်။

မိသားစု​ဆွေးနွေးခန်း​များ​ကို ပျော်မွေ့​ဖွယ်​ဖြစ်စေ​ပါ

၁၈။ မိဘများသည် ပုံမှန်​မိသားစု​ကျမ်းစာ​သင်အံမှု​ပြုလုပ်​ဖို့​အတွက် အချိန်​မည်သို့​ရနိုင်​သနည်း။

၁၈ သင့်​သားသမီး​များ​ကို သွန်သင်ပေး​ရန် အကောင်းဆုံး​နည်းလမ်း​ထဲ​တွင် မိသားစု​ကျမ်းစာ​သင်အံမှု​ကို မှန်မှန်​ပြုလုပ်ခြင်း​နှင့် ကျမ်းစာ​ဆွေးနွေးခန်း​များ​ကို နေ့စဉ်​ပြုလုပ်ခြင်း​ပါဝင်​သည်။ မိသားစု​သင်အံမှု​ကို ပုံမှန်​ကျင်းပ​သွားသော​အခါ အထိရောက်ဆုံး​ဖြစ်သည်။ ကြုံ​သလို သို့​မဟုတ် ကြိုတင်​စီစဉ်​ဆုံးဖြတ်ထား​ရာ​မဟုတ်လျှင် တစ်ခါ​တ​လေ​သာ​ပြုလုပ်​ဖို့ အကြောင်း​များသည်။ သို့​ဖြစ်၍ မိဘများသည် သင်အံ​လေ့လာမှု​အတွက် “အချိန်ကို​ဝယ်ယူ” ရမည်။ (ဧဖက် ၅:၁၅-၁၇က​ဘ) တစ်အိမ်​သား​လုံး​အတွက် အဆင်ပြေ​သော အချိန်​အတိအကျ​ကို ရွေးချယ်​သတ်မှတ်ခြင်း​က စိန်ခေါ်ချက်​တစ်ရပ်​ဖြစ်​နိုင်၏။ ကလေး​များ​ကြီးပြင်း​လာ​ကြသောအခါ သူတို့၏​ခြားနား​သော​အချိန်ဇယား​များ​က မိသားစု​တစ်စုလုံး အတူတကွ​ဆုံစည်း​ရန် ခဲယဉ်း​စေ​ကြောင်း အိမ်ထောင်ဦးစီး​တစ်ဦး တွေ့ရှိ​ခဲ့​သည်။ သို့​တိုင် အဆိုပါ​မိသားစု​သည် အသင်းတော်​စည်းဝေးများ​ရှိသည့် ည​များ​တွင် အမြဲ​ပင်​အတူတကွ​ရှိခဲ့​ကြသည်။ ထို့​ကြောင့် ထို​ဖခင်​သည် ယင်း​သို့​သော​ည​များ​မှ​တစ်ည​တွင် မိသားစု​သင်အံမှု​ပြုလုပ်​ရန် စီစဉ်​ခဲ့​သည်။ ယင်းသည် အလွန်​ထိရောက်​ခဲ့​သည်။ ယခု ထို​သားသမီး​သုံးယောက်စလုံး​သည် ယေဟောဝါ​၏ နှစ်ခြင်း​ခံ​ပြီး​သော​ကျေးကျွန်​များ ဖြစ်လာ​ခဲ့​ကြပြီ။

၁၉။ မိဘများသည် မိသားစု​သင်အံမှု ပြုလုပ်​သောအခါ ယေဟောဝါ​ကို မည်သို့​တုပ​နိုင်​ကြ​သနည်း။

၁၉ သို့သော် လေ့လာ​နေချိန်​အတွင်း ကျမ်းစာ​အကြောင်း​တစ်ခုခု​ကို သုံးသပ်​သွား​ရုံ​ဖြင့် မလုံလောက်​ချေ။ ယေဟောဝါ​သည် “လူများ​နားလည်စေ​ခြင်း​ငှာ” ပညတ်​ကို “သေချာ​စွာ​ဖတ်ရွတ်​၍ အနက်​ကို​ပြန်” သော ယဇ်ပုရောဟိတ်​များ​မှ​တစ်ဆင့် ပြန်လည်​တည်ထောင်​ထားသော ဣသရေလ​လူမျိုး​အား သွန်သင်​ပေး​ခဲ့​သည်။ (နေဟမိ ၈:၈) ယေဟောဝါ​အား အစဉ်အမြဲ​ချစ်​မြတ်နိုး​ရန် မိမိ၏​သားသမီး​ခု​နစ်​ယောက်​စ​လုံး​ကို အောင်မြင်စွာ​ကူညီပေး​နိုင်​ခဲ့​သော ဖခင်​တစ်ဦး​သည် မိသားစု​သင်အံမှု​မစ​မီ မိမိ​သားသမီး​တစ်ဦးစီ၏ လိုအပ်ရာ​နှင့်​အညီ ဆီလျော်​စွာ​ပြင်ဆင်​ရန် မိမိ​အခန်း​ထဲ​ဝင်၍ လေ့လာ​ခဲ့​သည်။ အဆိုပါသင်အံမှု​ကို သားသမီး​များ​အတွက် ပျော်ရွှင်စရာ​ဖြစ်စေ​ခဲ့​၏။ အရွယ်ရောက်​ပြီး​ဖြစ်သော သား​တစ်ဦး​က “ကျွန်တော်​တို့​ရဲ့​သင်အံမှု​ဟာ အမြဲ​ပဲ ပျော်စရာ​ကောင်းတယ်။ ကျွန်တော်​တို့ ခြံဝင်း​ထဲမှာ ဘောလုံး​ကန်​နေတဲ့​အခါ မိသားစု​သင်အံမှု​စ​တော့​မယ်​လို့ လှမ်း​ခေါ်​လိုက်ရင် ဘောလုံး​ကို​ချက်ချင်း​သိမ်း​ပြီး သင်အံမှု​အတွက် အိမ်ထဲ​ပြေးဝင်​တတ်ကြ​တယ်။ အဲဒီ​အချိန်​ဟာ တစ်ပတ်​အတွင်း ပျော်စရာ​အကောင်းဆုံး ညနေခင်း​တစ်ခု​ပါ​ပဲ” ဟု​ပြောပြ​သည်။

၂၀။  သားသမီး​များ​ကို မွေးမြူ​ရာ​တွင် ဖြစ်​နိုင်​ခြေ​ရှိသည့် အဘယ်​ပြဿနာ​ကို ဆင်ခြင်​စဉ်းစားစရာ​လို​သေး​သနည်း။

၂၀ ဆာလံဆရာ​က ဤသို့​ကြွေးကြော်​ခဲ့​သည်– “ဖွားမြင်​သော​သားသမီးတို့​သည် ထာဝရ​ဘုရား​ဆုချ​၍ ပေးသနား​တော်​မူ​သော အမွေဥစ္စာ​ဖြစ်​ကြ​၏။” (ဆာလံ ၁၂၇:၃) သားသမီး​များ​ကို လေ့ကျင့်​သွန်သင်ပေး​ရန် အချိန်​နှင့် ကြိုးပမ်း​အားထုတ်မှု​လိုအပ်​သည်၊ သို့သော် ယင်းကို လျောက်ပတ်​သေချာ​စွာ​ပြုလုပ်ခြင်း​က သားသမီး​များ ထာဝရ​အသက်​ရဖို့​အကြောင်း​ဖြစ်စေ​နိုင်​သည်။ ယင်းသည် ကောင်းမွန်သော​ဆုကျေးဇူး​တစ်ရပ်​ပါ​တကား! ထို့​ကြောင့် သားသမီး​များ​ကို လေ့ကျင့်ပေး​ရာ​တွင် ယေဟောဝါ​အား စိတ်အား​ထက်သန်​စွာ​တုပ​ကြ​စို့​လေ။ သို့သော် “[ကလေး​များ​ကို] သခင်​ဘုရား​၏​အလိုတော်နှင့်​ညီသော ဆုံးမ​သွန်သင်ခြင်း​ကို​ပြု” ရန်​မိဘများ​အား တာဝန်​အပ်နှင်း​ခဲ့​သော်လည်း အောင်မြင်​လိမ့်​မည်​ဟူသော အာမခံချက်​မရှိ​ချေ။ (ဧဖက် ၆:၄) အကောင်းဆုံး​ဂရုစိုက်​လျက်​ပင် ကလေး​တစ်ဦး​သည် ပုန်ကန်​လာနိုင်​ပြီး ယေဟောဝါ​အား ဝတ်ပြုခြင်း​ကို ရပ်တန့်​လိုက်​နိုင်​သည်။ ထို​အခါ မည်သို့​ပြု​မည်​နည်း။ ယင်းသည် နောက်​ဆောင်းပါး​၏ အကြောင်းအရာ​ဖြစ်​ပေ​လိမ့်​မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 9 ဤ​ဆောင်းပါး​နှင့် နောက်​ဆောင်းပါး​၌ ပါရှိ​သော​တွေ့ကြုံမှု​များသည် သင့်​နိုင်ငံ​၏​ယဉ်ကျေးမှု​နှင့် မတူ​သော​နိုင်ငံ​များ​မှ​တွေ့ကြုံမှု​များ ဖြစ်​ပေမည်။ ပတ်သက်သော​မူများ​ကို ကြိုးစား​ပိုင်းခြား​၍ သင့်​ယဉ်ကျေးမှု​နှင့်​သက်ဆိုင်​စေပါ။

သင့်​အဖြေ​ကား​အဘယ်နည်း

တရားဟောရာ ၃၂:၁၁၊ ၁၂ တွင်​ဖော်ပြ​ထားသော ယေဟောဝါ​၏​မေတ္တာကို မိဘများ မည်သို့​တုပ​နိုင်​ကြ​သနည်း။

• ဣသရေလလူ​များနှင့် ယေဟောဝါ​ဆက်ဆံ​ခဲ့​ပုံ​မှ အဘယ်​သင်ခန်းစာ​ကို သင်​ရရှိ​သနည်း။

• လောတ​၏​အသနားခံချက်​ကို ယေဟောဝါ​လက်ခံ​နားထောင်​ပေးခြင်း​က ကျွန်ုပ်​တို့အား အဘယ်အရာ​သွန်သင်ပေး​သနည်း။

• သားသမီး​များ​ကို ပဲ့ပြင်​ဆုံးမ​ရာ​၌ ဟေရှာယ ၂၈:၂၄-၂၉ မှ အဘယ်​သင်ခန်းစာ​ရသနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံ]

မိမိ​လူမျိုး​အား ယေဟောဝါ​၏​လေ့ကျင့်ပေး​ပုံ​ကို လင်းယုန်​ငှက်​က မိမိ၏​သားငယ်​အပေါ် လေ့ကျင့်ပေး​ပုံ​နှင့် မောရှေ ခိုင်းနှိုင်း​ပြ​ခဲ့

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

မိဘများသည် သူတို့​သားသမီး​များ​အတွက် အချိန်ပေး​ရန်လို​အပ်

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

“အဲ့ဒီ​အချိန်​ဟာ တစ်ပတ်​အတွင်း ပျော်စရာ​အကောင်းဆုံး ညနေခင်း​တစ်ခု​ပါ​ပဲ”