မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်အမှန်တကယ်ယုံကြည်နိုင်

သင်အမှန်တကယ်ယုံကြည်နိုင်

သင်​အမှန်တကယ်​ယုံကြည်​နိုင်

ဆယ်​ရာ​ဂျေ​န်း​သည် အသက် ၁၉ နှစ်အရွယ်​တွင် သား​အိမ်​ကင်ဆာ​ရှိကြောင်း သိရှိ​ခဲ့​၏။ ခွဲစိတ်​ကုသမှု​ခံယူ​ပြီး​နောက် ကောင်းမွန်​လာပြီး အနာဂတ်​အတွက် သူ့မှာ​အပြုသဘော​ရှိခဲ့​သည်။ သူသည် မည်မျှ​အပြုသဘော​ရှိ​သနည်း​ဟူ​မူ အသက် ၂၀ တွင်​လက်ထပ်​ရန်​စေ့စပ်​ခဲ့​ပြီး ထိမ်းမြား​ဖို့ အစီအစဉ်များ​ပြုလုပ်​ခဲ့​၏။ ထို​နှစ်​တွင်​ပင် ကင်ဆာ​ပြန်​ပေါ်လာ​ပြီး အပတ်​အနည်းငယ်​သာ အသက်ရှင်​ရတော့မည်​ဖြစ်​ကြောင်း သိရှိ​ခဲ့​သည်။ အသက် ၂၁ နှစ်​မပြည့်မီ​လေး ဇွန် ၂၀၀၀ တွင် ဆယ်​ရာ​ဂျေ​န်း​သေဆုံး​ခဲ့​သည်။

ဆေးရုံ​တက်​နေ​သူ ဆယ်​ရာ​ဂျေ​န်း​ထံ လာရောက်​လည်ပတ်ကြ​သူများ စွဲမှတ်စရာ​ဖြစ်သွား​သည်​မှာ အနာဂတ်​နှင့်​ပတ်သက်​၍ သူ၏​တည်ငြိမ်​သော​ယုံကြည်​စိတ်ချမှု​အပြင် ဘုရားသခင်​နှင့် ကိုယ်တော့်​နှုတ်မြွက်တော် သမ္မာကျမ်းစာ​ကို သူ​အလွန်​ယုံကြည်​အားထား​မှု​တို့​ဖြစ်သည်။ ဝမ်းနည်း​ကြေကွဲဖွယ်​အဖြစ်ဆိုး​ကို သူ​ရင်ဆိုင်​နေရ​သော်လည်း သူ့​သူငယ်ချင်း​အားလုံး​ကို ပြန်မြင်​တွေ့ရ​မည်​ဟူသော ရှင်ပြန်ထမြောက်ခြင်း​မျှော်လင့်ချက်ကို သူ​ယုံကြည်​စိတ်ချ​ခဲ့​သည်။ (ယောဟန် ၅:၂၈၊ ၂၉) “ဘုရားသခင့်​ကမ္ဘာသစ်​မှာ ရှင်တို့​အားလုံး​ကို ကျွန်မ​ပြန်တွေ့​မှာ​ပါ” ဟု​သူ​ပြော​ခဲ့​သည်။

ထိုသို့​သော ယုံကြည်ခြင်း​မျိုးကို လှည့်စား​သော​အရာ​အဖြစ် တချို့က​ပ​လ​ပ်​လိုက်​ကြသည်။ “တ​မ​လွန်​ဘဝ​ဆိုတာ စိတ်​အားငယ်​သူတို့ရဲ့ ခံယူ​ချက်​တစ်ခု၊ နောက်ဆုံး​တံပိုးမှုတ်​တဲ့​အခါ အစားအသောက်​ကောင်း​တွေ​နဲ့ ပျော်ရွှင်​မြူးထူး​ရမယ့်​အချိန်​ရှိမယ်၊ အရွက်​တွေဝေ​ဆာ​တဲ့ ဧဒင်ဥယျာဉ်​တစ်​နေရာ​ရာ​မှာ ကိုယ့်ထက်​အရင်​ရောက်သွား​တဲ့​သူတွေ၊ ကိုယ့်​နောက်​မှ​ရောက်လာ​မယ့်​သူတွေနဲ့​အတူ ရှိကြ​ရလိမ့်မယ်​ဆို​တဲ့ ယုံကြည်ချက်​တစ်ခု​ပါ​ပဲ” ဟု​လူ​ဒို​ဗစ်ခ်​ကနေ​ဒီ​က ဆို​၏။ ယင်း​စကား​ကို ကျွန်ုပ်​တို့​တန်ပြန်​မေး​လို​ပါ​သည်။ ကနေ​ဒီ​အကြံပေး​သကဲ့သို့ “ဒီ​ဘဝက ဒီလောက်ပဲ​ဆိုတော့ ဒီ​ဘဝမှာ အကျိုး​အများဆုံး​ရဖို့​လုပ်ကြ” ခြင်း​သည် ပို​၍​သင့်တော်​သလော၊ သို့​မဟုတ် ဘုရားသခင်​နှင့် ကိုယ်တော်​၏​ရှင်ပြန်ထမြောက်ခြင်း​ဆိုင်ရာ ကတိတော်​ကို ယုံကြည်ခြင်း​သည် ပို​၍​သင့်တော်​သလော ဟူ၍​ဖြစ်သည်။ ဆယ်​ရာ​ဂျေ​န်း​က ဒုတိယ​အချက်​ကို ရွေးချယ်​ခဲ့​သည်။ အဆိုပါ​ယုံကြည်​စိတ်ချမှု​ကို သူ​မည်သို့​မွေးမြူ​ခဲ့​သနည်း။

‘ဘုရားသခင်​ကို​ရှာ​သဖြင့် ဧကန်​အမှန်​တွေ့​လိမ့်​မည်’

တစ်စုံ​တစ်ယောက်ကို ယုံကြည်​ကိုးစားမှု​တိုးပွား​လာ​စေရန် ထို​သူကို​သိကျွမ်း​လာပြီး သူ​တွေးခေါ်​ပြုမူပုံ​တို့ကို သိရှိ​လာဖို့​လို​သည်။ ဤ​တွင် စိတ်​နှင့်​နှလုံး ပါဝင်​ပတ်သက်​သည်။ ဘုရားသခင်​ကို အမှန်တကယ်​ယုံကြည်မှု တိုးပွား​လာ​စေခြင်း​သည်လည်း အလားတူ​ပင်​ဖြစ်၏။ ကိုယ်တော်​ကို​သိကျွမ်း​လာဖို့၊ ကိုယ်တော့်​အရည်အသွေးများနှင့် ကိုယ်တော့်​ဥပဓိရုပ်​အကြောင်းကို သိရှိ​လာဖို့၊ ကိုယ်တော်​ပြောဆို​လုပ်ကိုင်​ခဲ့​သမျှ​သည် မည်မျှ​ပင်​ကိုးစား​အားထား​နိုင်​ကြောင်းကို သိရှိ​လာရန် လေ့လာ​ဖို့​လို​သည်။—ဆာလံ ၉:၁၀; ၁၄၅:၁-၂၁

ထိုသို့​မဖြစ်​နိုင်​ဟု အချို့​က​ယူဆကြ​သည်။ ဘုရားသခင်​သည် အမှန်တကယ်​တည်ရှိ​မည်​ဆိုလျှင်​ပင် အလှမ်း​ကွာ​လွန်း​လှ​သည်၊ လျှို့ဝှက်​နက်နဲ​လွန်း​လှ​သည်​ဟု သူတို့​ပြော​ကြသည်။ “ဘုရားသခင်​ဟာ ဆယ်​ရာ​ဂျေ​န်း​တို့​လို ခရစ်ယာန်​တွေ​အတွက် တကယ့်​ပုဂ္ဂိုလ်​ဖြစ်တယ်​ဆိုရင် ကျန်​တဲ့​ကျွန်တော်​တို့ကို​ကျ​တော့ ဘာကြောင့် မသိ​ရှိစေ​တာလဲ” ဟု​လက်မခံနိုင်​သူက မေး​မည်။ သို့သော် ဘုရားသခင်​သည် ကျွန်ုပ်​တို့​နှင့် အမှန်တကယ်​ပင် အလှမ်း​ကွာ​၍​ဝေးလွန်း​လှ​ပြီး ရှာမတွေ့​နိုင်​သူ​ဖြစ်ပါ​သလော။ အေ​သင်​မြို့ရှိ အတွေးအခေါ်​ပညာရှင်​များနှင့် ပညာတတ်​များ​အား စကားပြော​ဆို​ရာ​၌ တမန်​တော်​ပေါလု​က ‘လောက​နှင့် လောက​၌​ရှိသမျှ​သော​အရာ​တို့ကို ဖန်ဆင်း​တော်​မူ​သော​ဘုရားသခင်​သည် . . . [ကိုယ်တော်​ကို] ရှာ၍ ဧကန်​အမှန်​တွေ့’ ရှိ​နိုင်​စေဖို့ လိုအပ်​သည့်​အရာအားလုံးကို​လည်း ပေးသနား​တော်​မူ​ပြီ​ဟု ပြော​ခဲ့​သည်။ မှန်ပါသည်၊ ပေါလု​က ဤသို့​ဆို​ခဲ့​သည်– “ဘုရားသခင်​သည် ငါ​တို့​တွင် အဘယ်​သူနှင့်​မျှ ဝေး​တော်​မူ​သည်မဟုတ်။—တမန်​တော် ၁၇:၂၄-၂၇

သို့​ဆိုလျှင် သင်သည် မည်သို့​မည်​ပုံ ‘ဘုရားသခင်​ကို​ရှာ၍ ဧကန်​အမှန်​တွေ့’ နိုင်​မည်​နည်း။ တချို့က မိမိတို့​ပတ်ဝန်းကျင်​ရှိ စကြဝဠာ​ကို​သတိထား​မိ​ရုံ​မျှ​ဖြင့် ဘုရားသခင်​ကို​ရှာတွေ့ခဲ့​ကြပြီ။ လူအများ​အတွက် စကြဝဠာ​တစ်ခု​တည်း​က​ပင် ဖန်ဆင်း​ရှင်​တစ်ပါး​ရှိ​ရမည်​ဖြစ်​ကြောင်း ယုံကြည်​စိတ်ချ​စေသည့် ခိုင်လုံ​သော​အထောက်အထား​ဖြစ်သည်။ * (ဆာလံ ၁၉:၁; ဟေရှာယ ၄၀:၂၆; တမန်​တော် ၁၄:၁၆၊ ၁၇) “ဖန်ဆင်း​တော်​မူ​သော​အရာများ​ကို​ထောက်ရှု​သဖြင့်၊ ထာဝရ​တန်ခိုးတော်​နှင့် ထာဝရ​အဖြစ်တော်​တည်း​ဟူသော မျက်မြင်မရ​သော​ဘုရားသခင်​၏​အရာ​တို့သည် ကမ္ဘာ​တည်​သည်​ကာလ​မှ​စ၍ ထင်ရှား​လျက်​ရှိကြ​၏” ဟု​ဆို​ခဲ့​သော တမန်​တော်​ပေါလု​ကဲ့သို့ သူတို့​ခံယူ​ကြသည်။—ရောမ ၁:၂၀; ဆာလံ ၁၀၄:၂၄

သမ္မာကျမ်းစာ​ကို သင်လို​အပ်

သို့ရာတွင် ဖန်ဆင်း​ရှင်​ကို အမှန်တကယ်​ယုံကြည်​ရန် ကိုယ်တော်​ပြင်ဆင်​ပေး​သည့် အခြား​အရာတစ်ခု လို​ပါ​သေး​သည်။ ယင်း​ကား အဘယ်အရာ​နည်း။ ဘုရားသခင့်​အလိုတော်နှင့် ရည်ရွယ်ချက်ကို ဖော်ပြ​ပေး​သည့် ကိုယ်တော့်​မှုတ်သွင်းခံ​နှုတ်မြွက်တော် သမ္မာကျမ်းစာ​ဖြစ်သည်။ (၂ တိမောသေ ၃:၁၆၊ ၁၇) “ဒါနဲ့​နေပါ​ဦး၊ သမ္မာကျမ်းစာ​ကို လိုက်လျှောက်​တယ်​ဆို​တဲ့ လူတွေ​လုပ်​နေကြ​တဲ့ ထိတ်လန့်စရာတွေ​ကို​ကြည့်​ပြီး ကျမ်းစာ​ပြော​တာ​ကို ဘယ်လို​ယုံကြည်​မှာ​လဲ” ဟု​တချို့က​ဆိုပါ​လိမ့်​မည်။ မှန်ပါသည်၊ ခရစ်ယာန်ဘောင်​သည် အရေခြုံမှု၊ ကြမ်းကြုတ်မှု​နှင့် အကျင့်​ယိုယွင်းမှု​ဆိုင်ရာ မှတ်တမ်း​ဆိုး​ကြီး​ရှိသည်။ သို့သော် ခရစ်ယာန်ဘောင်​သည် ကျမ်းစာ​မူများ​ကို ဟန်ဆောင်​လိုက်လျှောက်​နေကြောင်း​ကို ကျိုးကြောင်း​ဆင်ခြင်​တတ်​သူ​တိုင်း သိမြင်​နိုင်​ပါ​သည်။—မဿဲ ၁၅:၈

လူများစွာ​သည် ဘုရားသခင်​ကို ကိုးကွယ်​ပါ​သည်​ဟု​ဆို​ကြသော်လည်း စင်စစ်​အားဖြင့် “မိမိတို့ကို​ဝယ်​တော်​မူ​သော​အရှင်ကို ငြင်းပယ်” ကြ​မည်​ဖြစ်​ကြောင်း သမ္မာကျမ်းစာ​ကိုယ်နှိုက်​က သတိပေး​ထား​သည်။ ဤသို့​သော​သူများ​ကြောင့် “[အမှန်] တရားလမ်း​အသရေ​သည် ပျက်စီး​လိမ့်​မည်” ဟု​တမန်​တော်​ပေတရု​က ပြော​ခဲ့​သည်။ (၂ ပေတရု ၂:၁၊ ၂) ဤသူတို့​၏​လုပ်ရပ်ဆိုး​များ​အားဖြင့် သူတို့သည် “အဓမ္မအမှု​ကို​ပြုသော​သူတို့” ဖြစ်​ကြောင်း ရှင်းလင်းစွာ​ခွဲခြား​သိမြင်​နိုင်​မည်​ဟု ယေရှု​ခရစ်​ပြော​ခဲ့​သည်။ (မဿဲ ၇:၁၅-၂၃) ခရစ်ယာန်ဘောင်​မှတ်တမ်း​ကြောင့် ဘုရားသခင်​၏​နှုတ်မြွက်​စကားတော်​ကို ငြင်းပယ်​ခြင်း​သည် ယုံကြည်​စိတ်ချ​ရသည့် မိတ်ဆွေ​တစ်ဦးထံ​မှ စာ​တစ်စောင်​ကို နာမည်​ပျက်​သူ​တစ်ဦး သယ်ဆောင်​လာသော​ကြောင့် ထို​စာ​ကို​ပစ်လိုက်​ခြင်း​နှင့်​တူ​သည်။

ဘုရားသခင့်​နှုတ်မြွက်တော်​မပါဘဲ စစ်မှန်သော​ယုံကြည်ခြင်းကို တည်ဆောက်​ပေးဖို့​မဖြစ်​နိုင်​ပါ။ ယေဟောဝါ​သည် မိမိ​နှင့်​သက်ဆိုင်​သည့်​အရာများ​ကို သမ္မာကျမ်းစာ​အားဖြင့်​သာ ပြောပြ​၏။ ဆင်းရဲခြင်း​နှင့် နာကျင်မှု​တို့ကို ကိုယ်တော် အဘယ်ကြောင့်​ခွင့်ပြု​ခဲ့​ရ​၍ အခြေအနေ​ကို ကိုယ်တော်​မည်သို့​ပြု​တော်​မူ​မည့်​အကြောင်း​စ​သည့် အစဉ်သဖြင့်​မေးမြန်း​သော​မေးခွန်းများကို ကိုယ်တော်​အလင်းဖြာ​ပေး​ခဲ့​သည်။ (ဆာလံ ၁၁၉:၁၀၅; ရောမ ၁၅:၄) သမ္မာကျမ်းစာ​သည် ဘုရားသခင့်​မှုတ်သွင်းခံ​နှုတ်မြွက်​စကားတော်​ဖြစ်​ကြောင်း ဆယ်​ရာ​ဂျေ​န်း​ယုံကြည်​လာ​ခဲ့​၏။ (၁ သက်သာလောနိတ် ၂:၁၃; ၂ ပေတရု ၁:၁၉-၂၁) မည်သို့​အားဖြင့်​နည်း။ သူ၏​မိဘများ​ပြောပြ​ရုံ​မျှ​ဖြင့် မဟုတ်ပါ၊ သမ္မာကျမ်းစာ​သည် ဘုရားသခင့်​ထံ​တော်​မှ ထူးခြားသော​ဖွင့်ပြချက်​ဖြစ်​ကြောင်း ဖော်ပြ​သည့် အထောက်အထား​အားလုံး​ကို သူ​ရိုးရိုးသားသား အချိန်​ယူ​အကဲဖြတ်​ခဲ့​သောကြောင့်​ဖြစ်သည်။ (ရောမ ၁၂:၂) ဥပမာ၊ သမ္မာကျမ်းစာ​မူများ​ကို လိုက်လျှောက်​သူတို့၏​အသက်တာတွင် ယင်းသည် တန်ခိုး​ပါ​ပါ​သြဇာလွှမ်း​မိုး​ကြောင်း သူ​သတိပြုမိ​ခဲ့​သည်။ သမ္မာကျမ်းစာ—ဘုရားသခင့်​နှုတ်မြွက်တော်​လော၊ လူ့​နှုတ်ထွက်​လော * အစ​ရှိသည့် စာအုပ်စာတမ်း​များ အကူအညီ​ဖြင့် ဘုရားသခင့်​မှုတ်သွင်းခံ​ဖြစ်​ကြောင်း သက်သေထူ​သည့် အတွင်း​အထောက်အထား​များစွာကို​လည်း ဂရုတစိုက်​ဆန်းစစ်​ခဲ့​သည်။

“ယုံကြည်ခြင်း​သည် ကြားနာ​သော​အားဖြင့်​ဖြစ်၏”

သို့ရာတွင် သမ္မာကျမ်းစာ​တစ်အုပ် ပိုင်ဆိုင်​ထား​ရုံ သို့​မဟုတ် ယင်းသည် မှုတ်သွင်းခံ​ဖြစ်​ကြောင်း ယုံကြည်​ရုံ​မျှ​ဖြင့် မလုံလောက်​ပါ။ “ယုံကြည်ခြင်း​သည် ကြားနာ​ခြင်း​အားဖြင့်​ဖြစ်၏” ဟု​တမန်​တော်​ပေါလု​ရေးသားခဲ့​၏။ (ရောမ ၁၀:၁၇) ယုံကြည်ခြင်းကို ပြုစု​ပျိုးထောင်​ပေး​သည်​မှာ သမ္မာကျမ်းစာ ပိုင်ဆိုင်ခြင်း​မျှ​မဟုတ်ဘဲ ယင်းကို​ကြားနာ​ခြင်း​ဖြစ်သည်။ ဘုရားသခင့်​နှုတ်မြွက်တော်​ကို ဖတ်ရှု​လေ့လာခြင်း​အားဖြင့် ကိုယ်တော်​မိန့်ဆို​ရာ​ကို သင် “ကြားနာ” ရ၏။ ငယ်ရွယ်သူ​များ​ပင် ယင်းကို​ပြုလုပ်​နိုင်​သည်။ တိမောသေ​သည် ‘သမ္မာကျမ်းစာ’ ကို ‘နို့စို့အရွယ်​မှ​စ၍’ သွန်သင်ပေး​ခံ​ခဲ့​ရသည်​ဟု ပေါလု​က​ဆို​သည်။ ယင်းကြောင့် ဦးနှောက်​ဆေး​ခြင်း​တစ်မျိုး​မျိုးကို ခံ​ခဲ့​ရ၏​ဟု​ဆိုလို​သလော။ မဟုတ်ပါ! တိမောသေ​သည် အဘယ်​နည်းဖြင့်​မျှ ကြိုးကိုင်​ခြင်း သို့​မဟုတ် လှည့်ဖြားခြင်း​မခံခဲ့​ရ​ပါ။ သူသည် ကြား​ခဲ့​ဖတ်​ခဲ့​သည့်​အရာ​ကို “ယုံကြည်​ရန်​သွေးဆောင် [က​ဘ]” ခံ​ခဲ့​ရသည်။—၂ တိမောသေ ၁:၅; ၃:၁၄၊ ၁၅

ဆယ်​ရာ​ဂျေ​န်း​သည် ထို​နည်း​အတိုင်း​ပင် သွေးဆောင်​ခံ​ခဲ့​ရ၏။ ပထမ​ရာစု​မှ ဗေရိ​မြို့သား​များ​နည်းတူ သူသည် “အလွန်​ကြည်ညို​သော​စေတနာ​စိတ်​နှင့် [မိဘများ၊ အခြား​သွန်သင်​သူများ​ထံ​မှ] နှုတ်[မြွက်]တော်​ကို​ခံယူ” ခဲ့​သည်။ သူသည် ငယ်ရွယ်​သည့်​ကလေး​တစ်ဦး​ဖြစ်​ခဲ့​စဉ်​က မိဘများ​ပြော​သမျှ​ကို အလိုလို​ယုံကြည်ခဲ့​မည်​မှာ သံသယ​ရှိ​စ​ရာ​မလိုပါ။ နောက်ပိုင်း သူကြီး​ပြင်း​လာ​သည့်​အခါ သွန်သင်ခံ​ရ​သမျှ​ကို မျက်စိ​စုံ​မှိတ် အမြဲ​လက်ခံခဲ့​လိမ့်​မည်​မဟုတ်​ချေ။ သူသည် ‘ကျမ်းစာ မှန်​မမှန်​သိနိုင်ဖို့ နေ့တိုင်း​စေ့စေ့​လေ့လာ​ခဲ့’ ပေမည်။—တမန်​တော် ၁၇:၁၁

အမှန်တကယ်​ယုံကြည်မှုကို သင်​ပျိုးထောင်​ပေး​နိုင်

ဟေဗြဲ​ခရစ်ယာန်​များ​ထံ တမန်​တော်​ပေါလု​ရေးသား​ဖော်ပြ​ခဲ့​သည့် ယုံကြည်ခြင်း​မျိုး၊ အမှန်တကယ်​ယုံကြည်မှုကို သင်လည်း ပျိုးထောင်​ပေး​နိုင်​သည်။ ထိုသို့​သော​ယုံကြည်ခြင်း​သည် “မျှော်လင့်​သော​အရာ​တို့ကို စိတ်ချ​စွာ​စောင့်မျှော်​ခြင်း၊ မမြင်​ရ​သော်လည်း အမှန်​တည်ရှိ​သော​အရာ​တို့၏ ထင်ရှားသော​သက်သေ​ဖြစ်၏” ဟု​သူ​ပြော​ခဲ့​သည်။ (ဟေဗြဲ ၁၁:၁က​ဘ) ထိုသို့​သော​ယုံကြည်မှု​ရှိ​ခြင်း​ဖြင့် ရှင်ပြန်ထမြောက်ခြင်း​ဆိုင်ရာ ဘုရားသခင့်​ကတိတော်​အပါအဝင် သင်​မျှော်လင့်​စောင့်စား​သော​အရာအားလုံး ဧကန်​ဖြစ်လာ​လိမ့်​မည်​ဟု လုံးဝ​စိတ်ချ​ပါ​လိမ့်​မည်။ အဆိုပါ​မျှော်လင့်ချက်များ​သည် ဆန္ဒ​အတွေး​အပေါ်​မတည်​ဘဲ သေချာ​သော​အာမခံချက်​များ​အပေါ် အခြေပြု​ကြောင်း သင်​ယုံကြည်​စိတ်ချ​ပါ​လိမ့်​မည်။ ယေဟောဝါ​သည် တစ်ခါမျှ​ကတိ​မပျက်ကွက်​ခဲ့​ကြောင်း သင်​သိရှိ​လာ​ပါ​လိမ့်​မည်။ (ယောရှု ၂၁:၄၅; ၂၃:၁၄; ဟေရှာယ ၅၅:၁၀၊ ၁၁; ဟေဗြဲ ၆:၁၈) ဘုရားသခင်​ကတိထားရာ ကမ္ဘာသစ်​သည် ရောက်ရှိ​နေ​ဘိ​သကဲ့သို့ သင့်အတွက် တကယ်​ဖြစ်ပါ​လိမ့်​မည်။ (၂ ပေတရု ၃:၁၃) သို့​နှင့် ယေဟောဝါ​ဘုရားသခင်၊ ယေရှု​ခရစ်​နှင့် ဘုရားသခင့်​နိုင်ငံတော်​တို့သည် လှည့်စားမှု​များ​မဟုတ်ဘဲ တကယ်​ရှိကြောင်းကို ယုံကြည်ခြင်း​မျက်စိဖြင့် ရှင်းလင်းစွာ သင်​မြင်တွေ့ရ​ပါ​လိမ့်​မည်။

အမှန်တကယ်​ယုံကြည်မှုကို မိမိ​ဘာသာ ပြုစု​ပျိုးထောင်​ရမည်​မဟုတ်ပါ။ ယေဟောဝါ​သည် ကိုယ်တော့်​နှုတ်မြွက်တော်​ကို အလွယ်တကူ​ရရှိစေ​သည့်​အပြင် စိတ်နှလုံး​ရိုး​ဖြောင့်​သူများ ဘုရားသခင်​ကို​ယုံကြည်​လာစေဖို့ ကူညီပေး​ရန် မိမိတို့​ကိုယ်ကို​အပ်နှံ​ထားသော ကမ္ဘာချီခရစ်ယာန်​အသင်းတော်​တစ်ခု ပြင်ဆင်​ပေး​ခဲ့ပြီ။ (ယောဟန် ၁၇:၂၀; ရောမ ၁၀:၁၄၊ ၁၅) ယင်း​အဖွဲ့အစည်း​မှ​တစ်ဆင့် ယေဟောဝါ​ပြင်ဆင်​ပေး​သော အကူအညီ​အားလုံး​ကို လက်ခံပါ။ (တမန်​တော် ၈:၃၀၊ ၃၁) ယုံကြည်ခြင်း​သည် ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်​တော် အသီး​တစ်လုံး​ဖြစ်သော​ကြောင့် စစ်မှန်သော​ယုံကြည်ခြင်း​တိုးပွား​စေရန် သန့်ရှင်းသော​ဝိညာဉ်​တော်​အကူအညီ​ရဖို့​အတွက် မခြားမလပ်​ဆုတောင်း​ပါ။—ဂလာတိ ၅:၂၂

ဘုရားသခင်​နှင့် ကိုယ်တော့်​နှုတ်မြွက်တော်​ကို ယုံကြည်ပါ​သည်​ဟု​ဆို​သူ မည်သူ​မဆို​ကို ပြောင်လှောင်​သရော်​သူများ​ကြောင့် စိတ်​အနှောင့်အယှက်​မဖြစ်​ပါ​နှင့်။ (၁ ကောရိန္သု ၁:၁၈-၂၁; ၂ ပေတရု ၃:၃၊ ၄) အမှန်​မှာ၊ စစ်မှန်သော​ယုံကြည်ခြင်း​သည် ထိုသို့​သော​တိုက်ခိုက်မှု​များ​ကို ဆန့်ကျင်​ခုခံနိုင်​ဖို့ အတိုင်းမသိ​တန်ဖိုး​ရှိသည်။ (ဧဖက် ၆:၁၆) ယင်းသည် မှန်ကန်ကြောင်း ဆယ်​ရာ​ဂျေ​န်း​သိရှိ​ခဲ့​၍ ဆေးရုံ​တွင် သူ့​ထံ​လာလည်​ပတ်​သူတို့အား ယုံကြည်ခြင်းကို ပြုစု​ပျိုးထောင်​ပေး​ကြဖို့ သူ​အမြဲ​အားပေး​တိုက်တွန်း​ခဲ့​သည်။ “[အမှန်] တရားကို ကိုယ်ပိုင်​ဖြစ်စေ​ပါ။ ဘုရားသခင့်​နှုတ်မြွက်တော်​ကို လေ့လာ​ပါ။ ဘုရားသခင့်​အဖွဲ့အစည်း​နဲ့ အနီးကပ်​နေပါ။ မပြတ်​ဆုတောင်း​ပါ။ ယေဟောဝါ​ရဲ့​လုပ်ငန်းတော်မှာ တက်ကြွ​နေပါ” ဟု​သူ​ပြော​လေ့​ရှိသည်။—ယာကုပ် ၂:၁၇၊ ၂၆

ဘုရားသခင်​နှင့် ရှင်ပြန်ထမြောက်ခြင်း​ကို သူ​ယုံကြည်​ကြောင်း သတိပြုမိ​သည့် သူနာပြု​တစ်ဦး​က ဤသို့​ပြော​ခဲ့​သည်– “ဒါကို ဆယ်​ရာ​တကယ်​ယုံကြည်တယ်​နော်။” သူ၏​စမ်းသပ်မှု​များ​ကြား သူ့ကို အဘယ်အရာက ထိုသို့​သော​အပြုသဘော​ရှိစေ​သနည်း​ဟု မေးမြန်း​ခံရသော​အခါ သူက ဤသို့​တုံ့ပြန်​ခဲ့​သည်– “ယေဟောဝါ​ကို ယုံကြည်လို့​ဖြစ်တယ်။ ကိုယ်တော်​ဟာ ကျွန်မ​ရဲ့ မိတ်ဆွေစစ်​တစ်ယောက်​ဖြစ်​ပြီး ကိုယ်တော့်​ကို ကျွန်မ​တကယ်​ချစ်​မြတ်နိုးတယ်။”

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 8 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည့် သင့်ကို​ဂရုစိုက်​တော်​မူ​သော ဖန်ဆင်း​ရှင်​တစ်ပါး​ရှိသလော စာအုပ်​ကို​ရှု။

^ အပိုဒ်၊ 12 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည်။

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

တိမောသေ​သည် “နို့စို့အရွယ်​မှ​စ၍” သူ၏​မိခင်​နှင့် အဘွား​တို့၏ “သမ္မာကျမ်းစာ” သွန်သင်ပေး​မှု​ကို​ခံ​ခဲ့​ရ

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

ဗေရိ​မြို့သား​များသည် ကျမ်းစာ​ကို နေ့တိုင်း စေ့စေ့​ကြည့်ရှု​ကြသော​ကြောင့် ချီးမွမ်း​ခံ​ခဲ့​ကြ​ရ

[Credit Line]

From “Photo-Drama of Creation,” 1914

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ယုံကြည်ခြင်းကို တည်ဆောက်​သော​အရာ​မှာ သမ္မာကျမ်းစာ ပိုင်ဆိုင်ခြင်း​မျှ​သာ​မဟုတ်၊ ယင်းကို​ကြားနာ​ခြင်း​နှင့် လိုက်နာခြင်း​ဖြစ်

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

“ဘုရားသခင့်​ကမ္ဘာသစ်​မှာ ရှင်တို့​အားလုံး​ကို ကျွန်မ​ပြန်တွေ့​မှာ​ပါ”