မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမှန်တကယ်ယုံကြည်မှု ဖြစ်နိုင်တုန်းပင်လော

အမှန်တကယ်ယုံကြည်မှု ဖြစ်နိုင်တုန်းပင်လော

အမှန်တကယ်​ယုံကြည်မှု ဖြစ်​နိုင်​တုန်း​ပင်​လော

“ယုံကြည်ခြင်း​သည် ဘုရားသခင့်​ကရုဏာတော်​၌ သက်ဝင်​လှုပ်ရှား၊ ရဲဝံ့​သော​စိတ်ချ​ခြင်း​ဖြစ်၏၊ မည်မျှ​စိတ်ချ​သေချာ​သည်​ဟူ​မူ ယုံကြည်သူ​သည် ယင်း​အတွက် မိမိ၏ အသက်ကို အကြိမ်​တစ်ထောင်​တိုင် စွန့်​မည်​ဖြစ်သည်။”

—မာတင်​လူသာ၊ ၁၅၂၂။

“ခြုံ​၍​ကြည့်​သော် ကျွန်ုပ်​တို့သည် ခရစ်ယာန်​ယုံကြည်ခြင်း​နှင့် ကျင့်ကြံ​မှုများ မရှိသလောက်​ဖြစ်သည့် လူ့​ဘောင်​တစ်ခု​ဖြစ်နေ​ပါ​သည်။”

—လူ​ဒို​ဗစ် ကနေ​ဒီ၊ ၁၉၉၉။

ယုံကြည်ခြင်း​နှင့်​ပတ်သက်​၍ ရှုမြင်ပုံ​များသည် လွန်​စွာ​ကွဲပြား​သည်။ အတိတ်​က ဘုရားသခင်​အား​ယုံကြည်ခြင်း​သည် စံနှုန်း​ဖြစ်၏။ ယခု​အခါ​မူ သံသယဝင်​စ​ရာ​နှင့် ဆင်းရဲ​ဝေဒနာ​ပြည့်နှက်​သော ဤ​လောက​၌ ဘုရားသခင်​နှင့် သမ္မာကျမ်းစာ​၌ အမှန်တကယ်​ယုံကြည်မှု​သည် လျင်မြန်​စွာ​ကွယ်ပျောက်​လျက်​ရှိသည်။

အမှန်တကယ်​ယုံကြည်မှု

လူအများ​အတွက် “ယုံကြည်ခြင်း” ဟူသည် ဘာသာရေး​တစ်ခု​ရှိ​ခြင်း သို့​မဟုတ် ဝတ်ပြုမှု​ပုံစံ​တစ်ခု​ကို​မှီဝဲခြင်း​မျှ​သာ ဖြစ်ပုံရ​သည်။ သို့ရာတွင် ကျမ်းစာ​၌ အသုံးပြု​ထား​သည့်​အတိုင်း “ယုံကြည်ခြင်း” ဟု​ဆို​ရာ​၌ အခြေခံ​အားဖြင့် ဘုရားသခင်​နှင့် ကိုယ်တော့်​ကတိတော်​များ​ကို အပြည့်အဝ၊ အခိုင်အမာ​စိတ်ချ​ခြင်း၊ လုံးလုံးလျားလျား ယုံကြည်​ကိုးစားခြင်း​ကို ဆိုလို​သည်။ ယင်းသည် ယေရှု​ခရစ်​၏​တပည့်​တစ်ဦး​ကို မှတ်သား​ဖော်ပြ​သော အရည်အသွေး​တစ်ခု​ဖြစ်သည်။

တစ်ခါ​က ဆုတောင်း​ဖို့​နှင့် “အားမလျှော့” ဖို့​လိုအပ်ကြောင်း ယေရှု​ခရစ်​ပြောဆို​ခဲ့​သည်။ ထိုသို့​ပြောဆို​ရာ​တွင် ကျွန်ုပ်​တို့​ခေတ်​၌ အမှန်တကယ်​ယုံကြည်ခြင်း ရှိ​နိုင်​ပါ​မည်​လော​ဟု မေးမြန်းခဲ့​သည်။ ကိုယ်တော်​က “လူသား​သည်​ကြွလာ​သောအခါ ယုံကြည်ခြင်းကို မြေကြီး​ပေါ်မှာ​တွေ့​မည်​လော” ဟု​မေးခဲ့သည်။ အဆိုပါ​မေးခွန်း​ကို ကိုယ်တော်​အဘယ်ကြောင့်​မေးခဲ့​သနည်း။—လုကာ ၁၈:၁၊ ၈

ပျောက်ဆုံး​သော​ယုံကြည်ခြင်း

အကြောင်း​များစွာ​ကြောင့် လူ​တို့​တွင်ရှိသော ယုံကြည်ခြင်း ပျောက်ဆုံး​နိုင်​သည်။ ယင်း​တို့​တွင် နေ့စဉ်​အသက်တာ​မှ ပူဆွေး​သောက​များနှင့် စမ်းသပ်မှု​များ​ပါဝင်​သည်။ ဥပမာ၊ မ​န်​ချက်​စ​တာ​သမဂ္ဂ​ဘောလုံး​အသင်း​မှ လူများစွာ​သေဆုံး​ခဲ့​ရသည့် ၁၉၅၈ ခုနှစ်၊ မြူး​နစ်​လေယာဉ်​ပျက်​ကျ​ခဲ့​ချိန်​၌ ပါမောက္ခ​မိုက်ကယ် ဂို​လ်​ဒါ​သည် အင်္ဂလန်၊ မ​န်​ချက်​စ​တာ​မှ [ခရစ်ယာန်] သာသနာ​နယ်ပယ် ဘုန်းတော်ကြီး​တစ်ပါး​ဖြစ်​ခဲ့​သည်။ ဂို​လ်​ဒါ​သည် “လူတို့၏​ဝမ်းနည်းပူဆွေးမှု​ကို တွေ့ မြင်​သောအခါ ဆောက်​တည်ရာ​မရ​ဖြစ်​ခဲ့​သည်” ဟု​သတင်း​ကြေညာသူ ဂျုန်း ဘေ့ခ်​ဝဲ​လ်​က ဘီဘီစီ​ရုပ်မြင်သံကြား​အစီအစဉ်​တစ်ခု​တွင် ရှင်းပြ​ခဲ့​သည်။ ရလဒ်​တစ်ခု​မှာ သူသည် “လူ့​ကြမ္မာ​၌ ကြားဝင်​စွက်ဖက်​သည့် ဘုရားသခင်​တစ်ပါး​အပေါ် ယုံကြည်ခြင်း​ပျောက်ဆုံး​သွားခဲ့” သည်။ ထို​အခါ ဂို​လ်​ဒါက “သမ္မာကျမ်းစာ​သည် . . . အမှားကင်း​သော ဘုရားသခင့်​နှုတ်မြွက်တော်” မဟုတ်ဘဲ “ဟို​တစ်ချက်​ဒီ​တစ်ချက် ဘုရားသခင်​မှုတ်သွင်း​ကောင်း​မှုတ်သွင်း​မည့် အမှား​ပါ​သော​လူ့​နှုတ်ထွက်​ဖြစ်သည်” ဟု​မိမိ​ယုံကြည်​ကြောင်း ဖော်ပြ​ခဲ့​သည်။

တစ်ခါတစ်ရံ ယုံကြည်ခြင်း ညှိုးနွမ်း​သွား​တတ်၏။ စာရေးသူ​နှင့် အသံလွှင့်သူ လူ​ဒို​ဗစ် ကနေ​ဒီ​လည်း ယင်း​သို့​ဖြစ်သွား​ခဲ့​သည်။ ကလေး​ဘဝက​တည်း​က “[ဘုရားသခင်​နဲ့​ပတ်သက်​လို့] သံသယတွေ၊ မရေမရာ​မှု​တွေ ဟို​လို​လို​ဒီလို​လို​ဖြစ်​ခဲ့​ပြီး [သူ့] မှာ ယုံကြည်ခြင်း​ကင်းမဲ့မှု​တွေ တိုးများ​လာတယ်” ဟု​သူ​ဆို​သည်။ သူ၏​မေးခွန်းများ​အတွက် ကျေနပ်​နိုင်​ဖွယ်​အဖြေ​များ မည်သူမျှ မပေးနိုင်​ပုံ​ရှိသည်။ ပင်လယ်ပြင်​တွင် သူ၏​ဖခင်​သေဆုံး​ခဲ့​ခြင်း​က နဂို​ကတည်းက ယုံကြည်ခြင်း​အားနည်းနေ​သူ​အတွက် ဝမ်းနည်း​ပက်လက်​ဖြစ်စေ​ခဲ့​၏။ ဒုတိယ​ကမ္ဘာ​စစ်​အတွင်း ဖခင်​ဖြစ်သူ​စီးနင်း​လိုက်ပါ​သွား​သည့် အသွင်ပြောင်း​ထားသော ခရီးသည်​တင်​သင်္ဘော​ကြီး​သည် ဂျာမန်​စစ်​သင်္ဘော​များ​၏ တိုက်ခိုက်​ဖျက်ဆီးခြင်း​ခံ​ခဲ့​ရ​စဉ် “ပင်လယ်ပြင်​အန္တရာယ်များ​နှင့် ရန်​သူ့​အကြမ်းဖက်မှု​တို့​မှ ကျွန်ုပ်​တို့အား ကာကွယ်​စောင့်ရှောက်​တော်​မူ​ပါ” ဟု​ဘုရားသခင်​ထံ ဆုတောင်းချက်​များသည် နားညောင်း​မခံခဲ့​ကြ​ရ​ချေ။—စိတ်ကူး​တွင်​သာ—ဘုရားသခင်​အား နှုတ်ဆက်​ခဲ့​ခြင်း။

အဆိုပါ​တွေ့ ကြုံ​မှုများ​သည် ဖြစ်​တော​င့်​ဖြစ်​ခဲ​ရာ မဟုတ်ပါ။ “ယုံကြည်ခြင်း​သည် လူအားလုံး​၏​ပိုင်ဆိုင်ရာ​မဟုတ်” ဟု​တမန်​တော်​ပေါလု​က ဆို​သည်။ (၂ သက်သာလောနိတ် ၃:၂က​ဘ) သင်​မည်သို့​ယူဆ​သနည်း။ တိုး၍​သံသယဝင်​နေကြ​သည့် ဤ​လောကကြီး​တွင် ဘုရားသခင်​နှင့် ကိုယ်တော့်​နှုတ်မြွက်တော်​၌ အမှန်တကယ်​ယုံကြည်မှု ဖြစ်​နိုင်​တုန်း​ပင်​လော။ ဤ​အကြောင်း​နှင့်​ပတ်သက်​၍ နောက်​ဆောင်းပါး​က မည်သို့​ဆို​ကြောင်း ဆန်းစစ်​ကြည့်​ပါ​လေ။