မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ

သန့်ရှင်း​ရာ​အခန်း​မှ ထမ်းပိုး​ဖျား​တို့ကို မြင်ရ​သည်​ဟု ၃ ဓမ္မ​ရာဇဝင် ၈:၈၊ [သ​မ] တွင်​ဖော်ပြ​ထားသော​ကြောင့် ပဋိညာဉ်သေတ္တာ​ကို​သယ်ဆောင်​ရာ​တွင် ထမ်းပိုး​များသည် မည်သို့​တည်ရှိ​ခဲ့​သနည်း။

ယေဟောဝါ​သည် တောကန္တာရ​တွင် မောရှေ​အား တဲ​တော်​ပုံစံ​ပေး​ခဲ့​စဉ်​က အဓိက​အပိုင်း​တစ်ခု​မှာ ပဋိညာဉ်သေတ္တာ​ဖြစ်သည်။ ရွှေ​ဖြင့်​မွမ်းမံ​ထားသော ထောင့်မှန်​စတုဂံပုံ​ရှိ ဤ​သေတ္တာ​ထဲ​တွင် ပညတ်တော်​ကျောက်ပြား​များနှင့် အခြား​အရာများ​ထည့်​ထား​သည်။ ယင်းကို အတွင်းအကျဆုံး​အခန်း​ဖြစ်သည့် အသန့်ရှင်းဆုံး​အခန်း​တွင်​ထား​သည်။ ထို​သေတ္တာ​အပေါ်​တွင် အတောင်​ဖြန့်​ထားသော ခေရုဗိမ်​ရွှေရုပ်​နှစ်ခု​ရှိ၏။ သေတ္တာ​၏​တစ်ဖက်​စီ​တွင် အကာ​ရှ​သား​နှင့်​ပြုလုပ်​၍ ရွှေ​ဖြင့်​မွမ်းမံ​ထားသော ထမ်းပိုး​နှစ်ခု​နှင့် သယ်ဆောင်​နိုင်​ရန်​အတွက် ကွင်း​များ​ရှိသည်။ ထို့​ကြောင့် ထမ်းပိုး​များ​ကို သေတ္တာ​၏​အလျား​အတိုင်း​ယှဉ်လျက် ကွင်း​များ​ထဲ​သို့​လျှို​ထား​၏။ သို့ဖြင့် အရှေ့ဘက်​သို့​မျက်နှာမူ​နေသော တဲ​တော်​၏​အသန့်ရှင်းဆုံး​အခန်း​တွင် သေတ္တာ​ကို​ချထား​ရာ ထမ်းပိုး​များသည် တောင်​မြောက်​သို့ မျက်နှာမူ​နေသည်။ နောက်ပိုင်း ရှောလမုန်​တည်ဆောက်​ခဲ့​သော ဝတ်ပြုရာ​အိမ်တော်တွင်​လည်း သေတ္တာ​၏​အနေအထား​သည် ထပ်တူ​ပင်​ဖြစ်သည်။—ထွက်မြောက်ရာ ၂၅:၁၀-၂၂; ၃၇:၄-၉; ၄၀:၁၇-၂၁ *

သန့်ရှင်းသော​အခန်း (အပြင်​ခန်း) ကို​အသန့်ရှင်းဆုံး​အခန်း​မှ ကန့်လန့်ကာ​ဖြင့် ပိုင်းခြား​ထား​သည်။ သန့်ရှင်းသော​အခန်း​ရှိ ယဇ်ပုရောဟိတ်​များသည် အသန့်ရှင်းဆုံး​အခန်း​ထဲ​သို့ ကြည့်​ခွင့်​မရ​သောကြောင့် သေတ္တာတော်​ကို မမြင်နိုင်​ချေ၊ ယင်း​အထက်တွင် ဘုရားသခင်​သည် မိမိ​ရောက်ရှိ​နေ​မှု​ကို ဖော်ပြ​ခဲ့​သည်။ (ဟေဗြဲ ၉:၁-၇) ထို့​ကြောင့် “ထမ်းပိုး​များ​ရှည်လျား​သဖြင့် အတွင်းခန်း​မျက်နှာစာ သန့်ရှင်း​ရာ​ဌာန​မှ အစွန်း​ကို​မြင်ရ​သော်လည်း ပြင်​ခန်း​သို့​မ​ရောက်” ဟု​ဆို​သည့် ၃ ဓမ္မ​ရာဇဝင် ၈:၈၊ [သ​မ] ပါ​စကား​သည် စိတ်ရှုပ်​ထွေး​စ​ရာ​ရှိ​ပုံ​ရမည်။ ၂ ရာဇဝင်ချုပ် ၅:၉ တွင်​လည်း ထပ်တူ​အချက်​ကို ဖော်ပြ​သည်။ ဝတ်ပြုရာ​အိမ်တော်​၏​သန့်ရှင်းသော​အခန်း​မှ ထမ်းပိုး​များ​ကို မည်သို့​မြင်နိုင်​မည်​နည်း။

အချို့​က ထမ်းပိုး​များသည် ကန့်လန့်ကာ​ကို​ထိ​နေ​ကာ မြင်သာ​လောက်​အောင် ထိုး​ထွက်​နေသည်​ဟု ယူမှတ်ခဲ့​ကြသည်။ သို့သော် ထမ်းပိုး​များသည် ကန့်လန့်ကာ​နှင့် မျဉ်း​ပြိုင်​တန်း​လျက် တောင်​မြောက်​မျက်နှာမူ​ထား​လျှင် ထိုသို့​ဖြစ်​နိုင်​မည်​မဟုတ်​ချေ။ (တောလည်ရာ ၃:၃၈) ပို​၍​အကျိုးသင့်အကြောင်းသင့်​ရှိသော ရှင်းပြချက်​တစ်ခု​ရှိ၏။ ဝတ်ပြုရာ​အိမ်တော်​၏​ကန့်လန့်ကာ​နှင့် နံရံ​ကြား​တွင် အနည်းငယ်​ဟ​နေလျှင်လည်း​ကောင်း၊ အသန့်ရှင်းဆုံး​အခန်း​ထဲ​သို့ ယဇ်ပုရောဟိတ်​မင်းကြီး​ဝင်​သည့်​အခါ​တွင်​လည်းကောင်း ထမ်းပိုး​များ​ကို မြင်ရ​ခြင်း​ဖြစ်​နိုင်​ပေမည်။ ကန့်လန့်ကာ​ကြောင့် သေတ္တာ​ကို​မမြင်​ရ​သော်လည်း တစ်ဖက်​စီ​တွင် ရှည်​ထွက်​နေသော ထမ်းပိုး​များ​ကို ဟ​နေသော​နေရာ​မှ မြင်ရ​ခြင်း​ဖြစ်​ပေမည်။ ဤ​ရှင်းပြချက်​သည် ယုတ္တိ​ရှိ​ဟန်​တူ​သော်လည်း ယင်းကို တရားသေ​မယူမှတ်​နိုင်​ချေ။

ကျွန်ုပ်​တို့​မသိ​ရှိ​ရ​သေး​သည့် အသေးစိတ်​အချက်အလက်​များစွာ​ရှိသည်​မှာ ထင်ရှား​ပါ​သည်။ ဟေဗြဲ​လူများ​ထံ တမန်​တော်​ပေါလု​ရေးသားခဲ့​သော​စာ​၌ အသွင်အပြင်​အချို့​ကို ဖော်ပြ​ခဲ့​သည်။ ၎င်းနောက် သူက “ထို​အရာများ​ကို ယခု​သေချာ​စွာ​ပြောစရာ​အကြောင်း​မရှိ” ဟု​ပြော​ခဲ့​၏။ (ဟေဗြဲ ၉:၅) တည်ကြည်သူ​များ ထမြောက်​လာ​ကြသောအခါ တဲ​တော်​၏​ပုံစံ​နှင့်​လုပ်ငန်းဆောင်တာ​တို့ကို ကိုယ်တိုင်​ကိုယ်​ကျပ်​အကျွမ်းတဝင်​ရှိခဲ့​ကြသော မောရှေ၊ အာရုန်၊ ဗေဇလေလ​နှင့် အခြားသူများ​ထံ​မှ သိရှိ​စ​ရာ အားတက်ဖွယ်​အခွင့်အရေး​များ ရရှိပါ​လိမ့်​မည်။—ထွက်မြောက်ရာ ၃၆:၁

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 တဲ​တော်​တွင် သေတ္တာ​ကို​ချထား​သောအခါ​၌​ပင် ထမ်းပိုး​များ​ကို ကွင်း​ထဲ​မှ မ​ထုတ်ရ​ချေ။ သို့​ဖြစ်၍ ၎င်း​ထမ်းပိုး​များ​ကို အခြား​မည်သည့်​ရည်ရွယ်ချက်​အတွက်​မျှ အသုံးမပြု​နိုင်​ချေ။ ထို့​ပြင် သေတ္တာ​ကို ကိုင်​ခွင့်​မရှိပေ; ကွင်း​များ​မှ ထမ်းပိုး​များ​ကို ထုတ်ခဲ့​မည်​ဆိုလျှင် ယင်းကို​သယ်ဆောင်​သွား​တိုင်း မြင့်မြတ်​သော​သေတ္တာ​ကို​ကိုင်တွယ်​ဖို့ ကွင်း​များ​ထဲ​သို့ ထမ်းပိုး​များ​ကို​ပြန်​လျှို​ရန်လို​ပေမည်။ တောလည်ရာ ၄:၆ ပါ “ထမ်းပိုး​တို့ကို​လျှို” ခြင်း​အကြောင်း​သည် တပ်​စခန်း​အသစ်​သို့ ထို​လေးလံ​သော​သေတ္တာ​ကို​သယ်ဆောင်​ရန် ပြင်ဆင်​ရာ​တွင် ထမ်းပိုး​များ​ကို အနေအထား​မှန်​စေခြင်း သို့​မဟုတ် ညှိ​ခြင်း​ကို ရည်ညွှန်း​နေခြင်း​ဖြစ်​ပေမည်။