မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပျော်ရွှင်ဖွယ်လောက၏ သော့ချက်

ပျော်ရွှင်ဖွယ်လောက၏ သော့ချက်

ပျော်ရွှင်ဖွယ်​လောက​၏ သော့ချက်

“ဤ​အနှစ်​နှစ်ထောင်​၌​သာ​မဟုတ်ဘဲ လူ့​သမိုင်း​တစ်လျှောက်​လုံး​၌ ပြိုင်ဘက်​မရှိ​သြဇာ​အရှိဆုံး​ပုဂ္ဂိုလ်​မှာ နာဇရက်​မြို့သား​ယေရှု​ဖြစ်သည်” ဟု​တိုင်းမ်​မဂ္ဂဇင်းက ဖော်ပြ​ခဲ့​သည်။ ယေရှု ကမ္ဘာ​ပေါ်​ရှိ​စဉ် ကိုယ်တော်​၏​ကြီးမြတ်မှု​ကို​သာမက အခြားသူများ​အပေါ် ကိုယ်တော်​၏​စိုးရိမ်​ပူပန်မှု​ကို​ပါ ထောင်နှင့်ချီ​သော​စိတ်နှလုံး​ရိုး​ဖြောင့်​သူများ​သိမြင်ခဲ့​ကြ​၏။ ထို့​ကြောင့် ကိုယ်တော့်​ကို ရှင်ဘုရင်​တင်မြှောက်​လို​ကြသည်​မှာ အံ့ဩစရာ​မဟုတ်​ချေ။ (ယောဟန် ၆:၁၀၊ ၁၄၊ ၁၅) သို့​တိုင် ရှေ့​ဆောင်းပါး​တွင် ဖော်ပြ​ထား​သည့်​အတိုင်း ယေရှုသည် နိုင်ငံရေး​တွင်​ပတ်သက်​ရန် ငြင်းပယ်​ခဲ့​သည်။

ယေရှု၏​တုံ့ပြန်မှု​သည် အနည်းဆုံး​ဤ​အချက်​သုံးချက်​အပေါ် အခြေပြု​သည်– လူ့​အုပ်ချုပ်မှု​အပါအဝင် လူများ​မိမိတို့​ဘာသာ​စိတ်ပိုင်းဖြတ်​ခြင်း​အပေါ် ကိုယ်တော်​၏​ခမည်းတော်​ရှုမြင်ပုံ; အုပ်ချုပ်မှု​အတွက် လူ​တို့ အကောင်းဆုံး​ကြိုးစား​အားထုတ်​ကြသော်လည်း ၎င်းကို​တိုက်ခိုက်​နေသော မျက်မြင်မရ တန်ခိုး​စွမ်းအား​များ​ရှိကြောင်းကို ယေရှု​သိမြင်ခြင်း; ကမ္ဘာ​မြေ​တစ်ခွင်​အုပ်ချုပ်​ရန် ကောင်းကင်​အစိုးရ​ကို​တည်ထောင်​ဖို့ ဘုရားသခင်​၏​ရည်ရွယ်ချက်​ရှိ​ခြင်း​တို့​ဖြစ်သည်။ အဆိုပါ​အချက်​သုံးချက်​ကို ပိုမို​အနီးကပ် ဆန်းစစ်​သည်​နှင့်​အမျှ လောကကို သာ၍​ကောင်းသော​နေရာတစ်ခု​ဖြစ်စေ​ရန် လူ့​ကြိုးပမ်းမှု​များ အဘယ်ကြောင့်​မအောင်မြင်​ရသည့် အကြောင်းရင်းကို ကျွန်ုပ်​တို့​တွေ့မြင်​ရ​ပါ​လိမ့်​မည်။ မည်သို့​ဖြစ်မြောက်အောင်​မြင်လာ​မည်​ကိုလည်း သိရှိ​ကြ​ရမည်​ဖြစ်သည်။

လူသားများ​သည် သူတို့​ဘာသာ အုပ်ချုပ်​နိုင်​သလော

ဘုရားသခင်​သည် လူကို​ဖန်ဆင်း​စဉ်​က သူတို့အား တိရစ္ဆာန်​လောက​အပေါ် အခွင့်အာဏာ​ပေး​ခဲ့​သည်။ (ကမ္ဘာဦး ၁:၂၆) သို့သော် လူသား​မူ​ကား ဘုရားသခင်​၏​ပိုင်သ​အုပ်စိုးမှု​အောက်တွင် ရှိခဲ့​ကြ​၏။ ကနဦး​လူသား​မောင်နှံ​သည် “ကောင်း​မကောင်း​ကို​သိကျွမ်းရာ​အပင်” တစ်ပင်​တည်း​၏​အသီးကို နာခံမှု​ရှိ​ရှိ မစား​ခြင်း​အားဖြင့် ဘုရားသခင်​အား သူတို့​လက်အောက်ခံ​ကြောင်း တင်ပြ​ကြ​ရမည်​ဖြစ်သည်။ (ကမ္ဘာဦး ၂:၁၆) ဝမ်းနည်းစရာ​ကား၊ အာဒံ​နှင့်​ဧဝ​သည် သူတို့၏​လွတ်လပ်​စွာ​ရွေးချယ်ပိုင်ခွင့်​ကို တလွဲ​အသုံးပြုပြီး ဘုရားသခင်​ကို အာခံ​ခဲ့​ကြ​၏။ တားမြစ်​ထားသော​အသီးကို စားသုံးခြင်း​သည် ခိုးယူ​ခြင်း​မျှ​သာ​မဟုတ်။ ဘုရားသခင်​၏​ပိုင်သ​အုပ်စိုးမှု​ကို ပုန်ကန်ခြင်း​ဖြစ်သည်။ ယေရုရှလင်​ကျမ်းစာ​မှ ကမ္ဘာဦး ၂:၁၇ ၏​အောက်ခြေမှတ်ချက်​က အာဒံ​နှင့်​ဧဝ​သည် “ဖန်ဆင်း​ရာ​မျှ​ဖြစ်သည့် မိမိ၏​အခြေအနေ​ကို အသိအမှတ်​မပြု​ဘဲ လွတ်လပ်​စွာရွေးချယ်ပိုင်ခွင့်​ရှိသည် . . . ” ဟု​ဆို​ကာ “ပထမ​အပြစ်​သည် ဘုရားသခင်​၏​ပိုင်သ​အုပ်စိုးမှု​ကို တိုက်ခိုက်​ခြင်း​ပင်​ဖြစ်သည်” ဟု​ဖော်ပြ​သည်။

ကြီး​လေး​သော​ကိုယ်ကျင့်တရား​ကိစ္စရပ်​များ ပါဝင်​ပတ်သက်​နေသော​ကြောင့် ဘုရားသခင်​သည် အာဒံ​နှင့်​ဧဝ၊ သူတို့၏​သားစဉ်မြေးဆက်​များ​ကို သူတို့​ကိုယ်ပိုင်​ဘဝ​လမ်းစဉ်​ကို ရွေးချယ်ခွင့်​ပြုပြီး သူတို့​ကိုယ်တိုင် အမှားအမှန်​စံနှုန်း​များ ချမှတ်​ခဲ့​ကြသည်။ (ဆာလံ ၁၄၇:၁၉၊ ၂၀; ရောမ ၂:၁၄) အချုပ်​အားဖြင့်၊ ထို​အချိန်တွင် မိမိတို့​ဘာသာ ဆုံးဖြတ်ချက်​ချ​ခြင်း​နှင့်အတူ လူ့​စမ်းသပ်မှု စတင်​ခဲ့​သည်။ အောင်မြင်​ခဲ့​သလော။ နှစ်ပေါင်း​ထောင်နှင့်ချီ​၍ အကျိုး​ရလဒ်ကို သိရှိ​ခဲ့ပြီ​ဖြစ်​ရာ မအောင်မြင်​ပါ​ဟု ကျွန်ုပ်​တို့​ပြော​နိုင်၏! “လူသည် တစ်ဦး​အပေါ်​တစ်ဦး အကျိုး​နစ်နာ​အောင် အုပ်စိုး​လာ​ခဲ့​ကြ​၏” ဟူ၍ ဒေ. ၈:၉ [က​ဘ] က​ဖော်ပြ​သည်။ လူ့​အုပ်ချုပ်မှု​၏ ဤ​ဝမ်းနည်းဖွယ်​မှတ်တမ်းက ယေရမိ ၁၀:၂၃ ပါ​ဤ​စကား​များ​မှန်ကန်ကြောင်း အတည်ပြု​သည်– “အို​ထာဝရ​ဘုရား လူသည် မိမိ​သွားရာလမ်းကို အစိုးမရ။ သွားစဉ်​အခါ မိမိ​ခြေရာ​တို့ကို မစီရင်​တတ်​သည်ကို အကျွန်ုပ်​သိပါ​၏။” လူသား​တို့သည် မိမိတို့၏​ဖန်ဆင်း​ရှင်​မပါဘဲ အောင်မြင်စွာ​အုပ်ချုပ်နိုင်စွမ်း​မရှိကြောင်း သမိုင်းက သက်သေထူ​ခဲ့​သည်။

၎င်းကို ယေရှု​အပြည့်အဝ​ထောက်ခံ​၏။ ဘုရားသခင်​နှင့်​ကင်းကွာ​နေခြင်း​သည် ကိုယ်တော့်​အတွက် မုန်းတီး​စက်ဆုပ်ဖွယ်​ဖြစ်​ခဲ့​သည်။ “ငါသည် ကိုယ်​အလိုအလျောက် အဘယ်​အမှုကို​မျှ​မပြု” ဟု​ကိုယ်တော်​မိန့်ဆိုခဲ့သည်။ “[ဘုရားသခင်] နှစ်သက်​တော်​မူ​သော​အမှုကို အစဉ်မပြတ်​ငါ​ပြု​သည်။” (ယောဟန် ၄:၃၄; ၈:၂၈၊ ၂၉) ထို့​ကြောင့် ယေရှုသည် လူသားများ​ထံ​မှ ရှင်ဘုရင်​အရာ​ကို​လက်​ခံယူ​ရန် ဘုရားသခင်​ထံ​မှ​အခွင့်အာဏာ​မရရှိ​သောကြောင့် ယင်းကို​လက်ခံဖို့ စိတ်ကူး​ထဲ​ပင်မ​ထည့်​ခဲ့​ပေ။ သို့သော် ကိုယ်တော်​သည် လူသားချင်း​ကို​ကူညီ​ရန် တွန့်ဆုတ်​ခဲ့​သည်​ဟု ယင်းက​ဆိုလို​နေခြင်း​မဟုတ်​ချေ။ ထိုသို့​ပြု​မည့်​အစား၊ ယင်း​အချိန်​နှင့် အနာဂတ်​တွင် အကြီးမားဆုံး​သော​ပျော်ရွှင်မှု​ကို လူ​တို့​တွေ့ရှိ​ရန် ကိုယ်တော်​သည် အစွမ်းကုန်​ကူညီပေး​ခဲ့​၏။ လူသားတို့​အတွက် မိမိ၏​အသက်ကို​ပင် စွန့်ခဲ့​သည်။ (မဿဲ ၅:၃-၁၁; ၇:၂၄-၂၇; ယောဟန် ၃:၁၆) သို့ရာတွင် လူသားများ​အပေါ် ဘုရားသခင်​၏​ပိုင်သ​အုပ်စိုးမှု​ကို အခိုင်အမာ​ဖော်ပြ​ရန် ကိုယ်တော်​၏​အချိန်​အပါအဝင် “ခပ်သိမ်း​သော​အမှုအရာ​တို့သည် မိမိတို့​အချိန်​ရှိ” သည်ကို ယေရှု​သိခဲ့​သည်။ (ဒေ. ၃:၁; မဿဲ ၂၄:၁၄၊ ၂၁၊ ၂၂၊ ၃၆-၃၉) သို့သော် ဧဒင်ဥယျာဉ်​၌ ကျွန်ုပ်​တို့၏​ကနဦး​မိဘများသည် မျက်မြင်ရ​မြွေ​တစ်ကောင်​မှ​တစ်ဆင့် စကားပြော​ခဲ့​သော ဆိုးညစ်​သည့် . . . ဝိညာဉ်​သား​၏​အလို​သို့ လိုက်ခဲ့​သည်ကို ပြန်​အမှတ်ရပါ။ ယင်းက နိုင်ငံရေး​တွင် ယေရှု​မပတ်သက်​ခဲ့​ရသည့် ဒုတိယ​အကြောင်းရင်းကို ဖော်ပြ​သည်။

လောက​၏​လျှို့ဝှက်​အုပ်စိုးရှင်

တစ်ကြိမ်​တည်း​သာ ယေရှု​ညွတ်​ပျပ်​ကိုးကွယ်​လျှင် “ဤ​လောက​၌​ရှိသမျှ​သော တိုင်းနိုင်ငံ​တို့ကို​လည်းကောင်း၊ ထို​တိုင်းနိုင်ငံ​တို့၏ ဘုန်း​စည်းစိမ်​ကိုလည်း​ကောင်း” ပေး​မည်​ဟု စာတန်​ဆို​ကြောင်း ကျမ်းစာ​က​ဖော်ပြ​သည်။ (မဿဲ ၄:၈-၁၀) အဓိက​အားဖြင့် ယေရှုသည် ကမ္ဘာ​ကို​အုပ်ချုပ်ခွင့် ကမ်း​လှမ်း​ခံ​နေရ​၏၊ သို့သော် စာတန်​၏​တောင်းဆိုချက်​များ​အတိုင်း​ဖြစ်​ရမည်။ ယေရှုသည် ဤ​သွေးဆောင်မှု​နောက် ပါ​မသွား​ခဲ့​ချေ။ သို့သော် ယင်းသည် အမှန်တကယ်​ပင် သွေးဆောင်မှု​တစ်ခု​လော။ ဤမျှ​လောက်​ကြီးကျယ်​သော ကမ်း​လှမ်း​မှု​ကို စာတန် အမှန်ပင်​ပေး​နိုင်​သလော။ ပေး​နိုင်​ပါ​သည်၊ အကြောင်း​မှာ ယေရှု​ကိုယ်တော်တိုင်​က စာတန်​ကို “ဤ​လောကကို အစိုး​ရသော​မင်း” ဟူ၍​ခေါ်ဆို​ခဲ့​ပြီး ပေါလု​က “ဤ​အစီအစဉ်​၏​ဘုရား” ဟူ၍​ဖော်ပြ​ခဲ့​သည်။—ယောဟန် ၁၄:၃၀; ၂ ကောရိန္သု ၄:၄က​ဘ; ဧဖက် ၆:၁၂

စင်စစ်​အားဖြင့် စာတန်​သည် လူသား​တို့၏​အကောင်းဆုံး​အကျိုးကို လိုလား​သည်မဟုတ်​ကြောင်း ယေရှု​သိရှိ​ခဲ့​သည်။ ကိုယ်တော်​သည် စာတန်​ကို “လူသတ်သမား” ဟူ၍လည်း​ကောင်း၊ “မုသာ​နှင့် မကောင်းမှု​ရှိသမျှ​၏​အဘ” ဟူ၍လည်း​ကောင်း ဖော်ပြ​ခဲ့​၏။ (ယောဟန် ၈:၄၄အကျယ်​ဖွင့်ဆို​သည့်​သမ္မာကျမ်း) ထင်ရှား​သည်​မှာ၊ ဤသို့​သော​ဆိုးညစ်​သည့် . . . ဝိညာဉ်​သား​၏ “တန်ခိုး​ဩဇာ​အောက်တွင်” ရောက်နေ​သော​လောကသည် မည်သည့်​အခါ​မျှ အမှန်တကယ်​ပျော်ရွှင်​နိုင်​မည်​မဟုတ်​ချေ။ (၁ ယောဟန် ၅:၁၉က​ဘ) သို့သော် စာတန်​သည် ဤ​အုပ်စိုးခွင့်​ကို အစဉ်အမြဲ​ပိုင်ဆိုင်​မည်​မဟုတ်ပေ။ ယခု တန်ခိုး​ကြီးသော . . . ဝိညာဉ်​သား​ဖြစ်နေ​သော ယေရှုသည် စာတန်​ကို မကြာမီ​ပယ်ရှား​ပြီး သူ၏​သြဇာ​အာဏာကို အပြီးသတ်​ရှင်းပစ်​တော့​မည်။—ဟေဗြဲ ၂:၁၄; ဗျာဒိတ် ၂၀:၁-၃

လောက​၏​အုပ်စိုးရှင်​အဖြစ် မိမိ၏​အချိန်ကာလ​သည် ကုန်ဆုံး​တော့​မည်​ကို စာတန်​ကိုယ်တိုင်​သိ​၏။ ထို့​ကြောင့် သူသည် နောဧ​ခေတ်​ရေလွှမ်းမိုးခြင်း​မတိုင်မီ​က​ကဲ့သို့​ပင် ပြုပြင်​ပြောင်းလဲ​၍​မရနိုင်​သည်​အထိ လူသားများ​ကို အကျင့်ပျက်​နေ​စေရန် မီးကုန်ယမ်းကုန်​ကြိုးစား​လျက်​ရှိသည်။ (ကမ္ဘာဦး ၆:၁-၅; ယုဒ ၆) “မြေကြီး​နှင့်​ပင်လယ်​သည် အမင်္ဂလာ​ရှိ၏။ အကြောင်း​မူ​ကား [စာတန်]သည် မိမိ​ကာလ​တစ်ခဏ​သာ​ရှိသည်​ကို​သိ၍ ပြင်းစွာ​သော​ဒေါသ​အမျက်​နှင့်​တကွ သင်တို့​ရှိရာသို့​ဆင်း​လေ​ပြီ” ဟု​ဗျာဒိတ် ၁၂:၁၂ က​ဆို​သည်။ အဆိုပါ “ကာလ​တစ်ခဏ” ၏​အဆုံးပိုင်း​တွင် ကျွန်ုပ်​တို့​အသက်ရှင်နေ​ရ​ကြ​ကြောင်း ကျမ်းစာ​ပရောဖက်ပြုချက်​နှင့် ကမ္ဘာ့​ဖြစ်ရပ်​များ​က ဖော်ပြ​သည်။ (၂ တိမောသေ ၃:၁-၅) ယခု​တွင် လွတ်မြောက်​ချိန် နီးကပ်​နေ​ပေ​ပြီ။

ပျော်ရွှင်မှု​ကို ဆောင်ကြဉ်း​ပေး​မည့်​အစိုးရ​တစ်ခု

နိုင်ငံရေး​တွင် ယေရှု​မ​စွက်ဖက်​ခဲ့​သည့် တတိယ​အကြောင်းရင်း​မှာ အနာဂတ်​၌ သတ်မှတ်​ထားသော​အချိန်​တစ်ချိန်​တွင် ကမ္ဘာ​မြေ​တစ်ခွင်​အုပ်ချုပ်​ရန် ကောင်းကင်​အစိုးရ​ကို ဘုရားသခင်​တည်ထောင်​မည်​ဖြစ်​ကြောင်း ကိုယ်တော်​သိရှိ​ထားခြင်း​ကြောင့်​ဖြစ်သည်။ ဤ​အစိုးရ​ကို ဘုရားသခင့်​နိုင်ငံတော်​ဟု ကျမ်းစာ​က​ခေါ်ဆို​ပြီး ယင်းက ယေရှု​သွန်သင်ချက်​၏ အဓိက​အကြောင်းအရာ​ဖြစ်သည်။ (လုကာ ၄:၄၃; ဗျာဒိတ် ၁၁:၁၅) ယေရှုသည် ဘုရားသခင့်​နိုင်ငံတော်​လာပါစေ​ဟု ဆုတောင်း​ရန် မိမိ၏​တပည့်တော်​များ​ကို သွန်သင်​ပေး​ခဲ့​သည်၊ ၎င်း​၏​အုပ်ချုပ်မှု​အောက်တွင်​သာ ‘ဘုရားသခင်​၏​အလိုတော်သည် ကောင်းကင်​၌​ပြည့်စုံ​သကဲ့သို့ မြေကြီး​ပေါ်မှာ​ပြည့်စုံ’ မည်​ဖြစ်သော​ကြောင့်​တည်း။ (မဿဲ ၆:၉၊ ၁၀) ‘ဘုရားသခင်​၏​နိုင်ငံတော်​သည် ကမ္ဘာ​မြေ​တစ်ခွင်​တွင် အုပ်ချုပ်​သောအခါ လူ့​အစိုးရ​များ မည်သို့​ဖြစ်ပျက်​ကြ​မည်​နည်း’ ကို​သင်​သိ​လို​ပေမည်။

အဖြေကို ဒံယေလ ၂:၄၄ [က​ဘ] တွင်​ဤသို့​တွေ့ရှိ​ရသည်– “ပျက်စီးခြင်း​သို့​မ​ရောက်​နိုင်သော​နိုင်ငံ​ကို [လက်ရှိ​အစီအစဉ်​စနစ်​အဆုံး​တွင် အုပ်ချုပ်​နေကြ​သော] ထို​ဘုရင်​များ​လက်ထက်​၌ ကောင်းကင်ဘုံ​ရှင်​ဘုရားသခင်​သည် တည်ထောင်​တော်​မူ​မည်။ ထို​နိုင်ငံ​သည်လည်း အခြား​အဘယ်​လူမျိုး၏​လက်​သို့​မျှ​မ​ရောက်​ဘဲ အထက်​ဆို​ခဲ့​ပြီး​သော [လူ့]နိုင်ငံ​ရှိသမျှကို ချိုးဖဲ့​ဖျက်ဆီး​၍ အစဉ်အမြဲ​တည်​လိမ့်​မည်။” ဘုရားသခင့်​နိုင်ငံတော်​သည် မြေကြီး​အုပ်ချုပ်မှု​များ​ကို အဘယ်ကြောင့် “ဖျက်ဆီး” ပစ်​ရမည်​နည်း။ အကြောင်း​မူ​ကား ဧဒင်ဥယျာဉ်​တွင် စာတန်​ဆွပေး​ခဲ့​သည့် ဘုရားသခင်​ကို​အာခံ​လို​သော မိမိ​ဘာသာ​ဆုံးဖြတ်​ပြုလုပ်ခြင်း​ကို ဤ​အုပ်ချုပ်မှု​များ​က အစဉ်​တည်ရှိ​စေ​လို​သောကြောင့်​ဖြစ်သည်။ လူ့​ကောင်းကျိုး​ကို ဆန့်ကျင်​၍ လုပ်ဆောင်နေ​ကြ​သည့်​အပြင် ထို​စိတ်ဓာတ်​ကို အစဉ်အမြဲ​ရှိစေဖို့ ကြိုးစား​နေ​သူများ​သည် ဖန်ဆင်း​ရှင်​ကို ကလန်ကဆန်​ပြုလုပ်​နေကြ​သည်။ (ဆာလံ ၂:၆-၁၂; ဗျာဒိတ် ၁၆:၁၄၊ ၁၆) ထို့​ကြောင့် မိမိကိုယ်ကို​မေး​ရမည်​မှာ ‘ကျွန်ုပ်​တို့သည် ဘုရားသခင်​၏​အုပ်ချုပ်မှု​ဘက်မှာ​ရှိသလော၊ သို့​မဟုတ် ၎င်း​၏​တစ်ဖက်​တွင်​ရှိသလော’ ဟူ၍​ဖြစ်သည်။

မည်သူ​၏​ပိုင်သ​အုပ်စိုးမှု​ကို သင်​ရွေးချယ်​မည်​နည်း

လူတို့သည် အုပ်ချုပ်မှု​နှင့်​ပတ်သက်​၍ သိ​နားလည်​စွာ​ဆုံးဖြတ်ချက်​ချဖို့ သူတို့ကို ကူညီပေး​ရန် မိမိ၏​တပည့်တော်​များ​ကို ယေရှု​စေလွှတ်​ပြီး လက်ရှိ​စနစ်​၏​အဆုံး​မတိုင်မီ “လူမျိုးအပေါင်း​တို့အား သက်သေ​ဖြစ်​မည်​အကြောင်း [ဘုရားသခင်]နိုင်ငံတော်​နှင့်ယှဉ်သော ဧဝံဂေလိတရား​ကို” ဟောပြော​စေ​ခဲ့​သည်။ (မဿဲ ၂၄:၁၄) ယနေ့ ဘုရားသခင့်​နိုင်ငံတော်​သတင်း ဟောပြောခြင်း​၌ ကမ္ဘာ​တစ်ခွင် နာမည်​ကျော်ကြား​သူတို့သည် မည်သူ​များ​နည်း။ ယေဟောဝါသက်သေ​များ​ဖြစ်​ကြသည်။ ဤ​ဂျာနယ်​၏​မျက်နှာဖုံး​တွင် “ယေဟောဝါ​၏​နိုင်ငံတော်​ကို​ကြေညာ​ခြင်း” ဟူသော​စကား​ပါရှိ​သည်​မှာ ကြာမြင့်​ပေ​ပြီ။ ယနေ့ နိုင်ငံ​ပေါင်း ၂၃၀ ကျော်​မှ သက်သေခံ​ခြောက်​သန်း​ခန့်​သည် ဘုရားသခင့်​နိုင်ငံတော်​နှင့်​ပတ်သက်​၍ တိကျ​မှန်ကန်သော​အသိပညာကို​ရရှိစေရန် လူ​တို့အား ကူညီပေး​လျက်​ရှိကြသည်။ *

ဘုရားသခင့်​နိုင်ငံတော် လက်အောက်ခံ​များ​အတွက် ကောင်းချီး​များ

ယေရှုသည် ဘုရားသခင်​၏​နည်းလမ်းတော်​အတိုင်း အစဉ်​ပြုမူ​ခဲ့​၏။ သို့​ဖြစ်၍ ကိုယ်တော်​သည် ထင်ရာစိုင်း​လမ်းစဉ်​ကို​ရွေးချယ်​ပြီး လက်ရှိ​အစီအစဉ်​စနစ်​ကို နိုင်ငံရေး​အရ ပံ့ပိုး​ကူညီ​ရန် သို့​မဟုတ် တိုးတက်​ကောင်းမွန်​စေရန် ကြိုးစား​မည့်​အစား လောက​၏​ပြဿနာ​များ​ကို ဖြေရှင်း​နိုင်​သည့် ဘုရားသခင့်​နိုင်ငံတော်​၏​အကျိုး​စီးပွား တိုးတက်လာ​စေရန် ကြိုးစား​လုပ်ဆောင်ခဲ့​၏။ ကိုယ်တော်​၏​တည်ကြည်မှု​အတွက် ထို​နိုင်ငံတော်​၏​ဘုရင်​အဖြစ် ကောင်းကင်​တွင် ဘုန်း​ရှိသော​ပလ္လင်​ပေါ်​ထိုင်​ခွင့်​ရခဲ့​သည်။ ဘုရားသခင်​ကို​လက်အောက်ခံခြင်း​အတွက် တကယ်​ကောင်းမြတ်သော​ဆုကျေးဇူး​ပါ​တကား!—ဒံယေလ ၇:၁၃၊ ၁၄

ယနေ့ ယေရှုကို​အတု​ယူ၍ ဘုရားသခင့်​နိုင်ငံတော်​ကို ရှေးဦး​ရှာပြီး ဘုရားသခင့်​အလိုတော်ကို လိုက်နာသူ သန်းပေါင်း​များစွာတို့သည်​လည်း အလွန်​ကောင်းသော​ဆုကျေးဇူး​ဖြစ်သည့် ဘုရားသခင့်​နိုင်ငံတော်​လက်အောက်ခံ မြေကြီးသား​များ​ဖြစ်ခွင့်​ရ​ကြ​ပါ​လိမ့်​မည်။ (မဿဲ ၆:၃၃) ၎င်း​၏​မေတ္တာပါ​အုပ်ချုပ်မှု​အောက်တွင် သူတို့သည် ထာဝရ​အသက်​ရနိုင်​ခွင့်​ဖြင့် စုံလင်ခြင်း​သို့ မြှင့်တင်​ခံရ​ကြလိမ့်မည်။ (ဗျာဒိတ် ၂၁:၃၊ ၄) “လောက​နှင့်​လော[က]တပ်မက်​ခြင်း​သည် ရွေ့သွား​ကွယ်ပျောက်​တတ်၏။ ဘုရားသခင်​၏​အလိုတော်နှင့်​အညီ ကျင့်​သော​သူ​မူ​ကား၊ . . . ထာဝရ​တည်​၏” ဟူ၍ ၁ ယောဟန် ၂:၁၇ က​ဆို​သည်။ စာတန်​နှင့် သူ၏​နောက်လိုက်​များ ဖယ်ရှားခံ​ရပြီ​ဖြစ်​ပြီး လူမျိုးရေး​ကွဲပြားမှု၊ ဖောက်ပြန်​ပျက်ပြား​သော​စီးပွားရေး​စနစ်​များနှင့် မှားယွင်းသော​ဘာသာရေး​တို့​မရှိတော့​သည့် ကမ္ဘာ​မြေ​ပရဒိသု​တွင် ထာဝစဉ်​နေထိုင်​ရခြင်း​သည် အမှန်တကယ်​ကောင်းမွန်သော အထူး​ရွှင်လန်းမှု​ပါ​တကား!—ဆာလံ ၃၇:၂၉; ၇၂:၁၆

မှန်ပါသည်၊ ဘုရားသခင့်​နိုင်ငံတော်​သည် အမှန်တကယ်​ပျော်ရွှင်သော​လောက​၏ စစ်မှန်သော​သော့ချက်​ဖြစ်​ပြီး ယင်းကို​ကြေညာ​သည့်​သတင်းကို သတင်းကောင်း​ဟု ခေါ်ဆို​ခြင်း​သည် အလွန်​လျောက်ပတ်​ပေ​သည်။ အကယ်၍ သင်သည် ဤ​သတင်းကောင်းကို​လက်မခံ​ရ​သေး​လျှင် သင့်​အိမ်​သို့ နောက်​တစ်ကြိမ် ယေဟောဝါသက်သေ​တစ်ဦး လည်ပတ်​လာသော​အခါ ထို​သတင်းကောင်းကို လက်ခံ​နားထောင်​လိုက်ပါ​လေ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 16 ဘုရားသခင့်​နိုင်ငံတော်​ကို ကြေညာ​ရာ​တွင် ယေဟောဝါသက်သေ​များ​ကို ပိတ်ပင်​ထား​ကြ​သည့် သို့​မဟုတ် ညှဉ်းပန်း​နှိပ်စက်​ကြ​သည့် နိုင်ငံ​များ​၌​ပင် သူတို့သည် နိုင်ငံရေး​နှင့်​ရော​ထွေး​ခြင်း​မရှိ၊ လောက​အစိုးရ​များ​ကို ဆန့်ကျင်​ပုန်ကန်​ရန် လှုံ့ဆော်ပေး​ခြင်း​မရှိ​ချေ။ (တိတု ၃:၁) ၎င်း​အစား၊ သူတို့သည် ယေရှု​နှင့် ကိုယ်တော်​၏​ပထမ​ရာစု​ရှိ တပည့်တော်​များ ပြုလုပ်​ခဲ့​ကြ​သည့်​နည်းတူ နိုင်ငံရေး​တွင်​မပါဝင်ဘဲ ဝိညာဉ်​ရေး​အရ အပြုသဘောပါပါ ကြိုးစား​ကူညီပေး​ကြ​၏။ သက်သေခံ​များသည် မိသားစု​မေတ္တာ၊ ရိုးသား​ဖြောင့်မတ်မှု၊ ကိုယ်ကျင့်တရား​စင်ကြယ်မှု​နှင့် အလုပ်ကို​ကောင်းစွာ​လုပ်ကိုင်​သည့်​အကျင့်​အစ​ရှိသော အကျိုးပြု​သည့် ကျမ်းစာ​စံနှုန်း​များ​ကို​လက်ခံ​စေရန် ရပ်ကွက်​အသီးသီး​ရှိ ဖြောင့်မတ်​စွာ​ကျင့်ကြံ​သူများကို ကြိုးစား​ကူညီပေး​ကြသည်။ အဓိက​အားဖြင့် ကျမ်းစာ​မူများ​ကို လူ​တို့ မည်သို့​လိုက်နာ​ရမည်၊ လူသား​အတွက် စစ်မှန်သော​မျှော်လင့်ချက်​ဖြစ်သည့် ဘုရားသခင့်​နိုင်ငံတော်​ကို မည်သို့​စောင့်မျှော်​ရမည်ကို သူတို့​ကြိုးစား​သွန်သင်ပေး​ကြ​၏။

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

လူသား​တို့သည် ဘုရားသခင်​မပါဘဲ အောင်မြင်စွာ မ​အုပ်ချုပ်​နိုင်​ကြောင်း သမိုင်းက​သက်သေထူ

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

စာတန်​သည် လက်ရှိ “အစီအစဉ်​စနစ်” ကို​အုပ်ချုပ်​နေသော​ကြောင့် ယေရှု​အား “ဤ​လောက​၌​ရှိသမျှ​သော တိုင်းနိုင်ငံ​တို့” ကို​ပေး​နိုင်

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဘုရားသခင့်​နိုင်ငံတော်​အစီအစဉ်​အောက်တွင် ဤ​လောကသည် ထူးခြား​လှ​သော​နေရာ​ဖြစ်​လိမ့်​မည်​ဟု ယေရှု​သွန်သင်​ပေး​ခဲ့