မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏နှလုံးတော်နှင့်ညီညွတ်သော နှလုံးကိုရယူလော့

ယေဟောဝါ၏နှလုံးတော်နှင့်ညီညွတ်သော နှလုံးကိုရယူလော့

ယေဟောဝါ​၏​နှလုံးတော်​နှင့်​ညီညွတ်သော နှလုံးကို​ရယူ​လော့

“အို​ဘုရားသခင် အကျွန်ုပ်​အထဲ​၌ စင်ကြယ်သော​နှလုံးကို​ဖန်ဆင်း​တော်​မူ​ပါ။ မြဲမြံ​တည်ကြည်သော​သဘောကို အသစ်​ပြုပြင်​တော်​မူ​ပါ။”—ဆာလံ ၅၁:၁၀

၁၊ ၂။ ကျွန်ုပ်​တို့၏​နှလုံးကို အဘယ်ကြောင့်​စိတ်ဝင်စား​သင့်​သနည်း။

သူသည် အရပ်အမောင်း​ကောင်း​၍ ရုပ်ရည်​ချောမော​သူ​တစ်ဦး​ဖြစ်သည်။ သူ့ကို​တွေ့​သော် ပရောဖက်​ရှမွေလ​သည် အလွန်​စွဲမှတ်​သွားပြီး ယေရှဲ​၏​ဤ​သားကြီး​သည် ရှောလု​ပြီး​လျှင် ဘုရင်​ဖြစ်လာ​ဖို့ ဘုရားသခင်​ရွေးချယ်​ထား​သူ​ဖြစ်​မည်​ဟု ကောက်ချက်​ချ​ခဲ့​သည်။ သို့သော် ယေဟောဝါ​က​ဤသို့​ကြေညာ​ခဲ့​သည်– “[ထို​သား​၏] မျက်နှာ သူ၏​အရပ်​ကို​မကြည့်​မ​ရှု​နှင့်။ သူ့ကို​ငါ​ပယ်​ပြီ။ . . . လူသည် အဆင်းသဏ္ဌာန်​ကို​ကြည့်ရှု​တတ်၏။ ထာဝရ​ဘုရား​မူ​ကား နှလုံးကို​ကြည့်ရှု​တတ်​သည်။” ယေဟောဝါ​ရွေးချယ်သူ​မှာ ယေရှဲ​၏​သားထွေး၊ ‘ကိုယ်တော့်​နှလုံးတော်​နှင့်​ညီညွတ်သော​သူ’ ဒါဝိဒ်​ဖြစ်​ခဲ့​သည်။—၁ ဓမ္မ​ရာဇဝင် ၁၃:၁၄; ၁၆:၇

ဘုရားသခင်​သည် လူ့​နှလုံးကို သိမြင်​နိုင်​ကြောင်း နောက်ပိုင်း​တွင် ဤသို့​ရှင်းလင်း​ဖော်ပြ​ခဲ့​သည်– “ငါ​ထာဝရ​ဘုရား​သည် လူ​အသီးအသီး​တို့အား မိမိတို့​အကျင့်​အတိုင်း မိမိတို့​ခံထိုက်သော အကျိုးအပြစ်​ကို​ပေးခြင်း​ငှာ နှလုံး​ကျောက်ကပ်​တို့ကို စေ့စေ့​စစ်ကြော​တတ်၏။” (ယေရမိ ၁၇:၁၀) မှန်ပါသည်၊ “စိတ်နှလုံး​ကို​ကား ထာဝရ​ဘုရားစစ်​တော်​မူ​၏။” (သု. ၁၇:၃) သို့သော် ယေဟောဝါ​စစ်ဆေး​တော်​မူ​သော​နှလုံး​ကား အဘယ်နည်း။ ထို့​အပြင် ကိုယ်တော့်​နှလုံးတော်​နှင့်​ညီညွတ်သော နှလုံးကို​ရရှိဖို့ ကျွန်ုပ်​တို့​အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။

“စိတ်နှလုံး​၏​အတွင်းလူ”

၃၊ ၄။ သမ္မာကျမ်းစာ​တွင် “နှလုံး” ဟူသော​စကားလုံး​ကို အဘယ်​သဘောဖြင့် အဓိက​အသုံးပြု​ထား​သနည်း။ ဥပမာ​များ​ပေး​ပါ။

သမ္မာကျမ်းစာ​တွင် “နှလုံး” ဟူသော​စကားလုံး​ကို အကြိမ်​တစ်ထောင်​ခန့်​တွေ့ရှိ​ရသည်။ အများအားဖြင့် ပုံဆောင်​သဘောဖြင့် အသုံးပြု​ထား​သည်။ ဥပမာ၊ ပရောဖက်​မောရှေ​ကို ယေဟောဝါ​ဤသို့​မိန့်ဆိုခဲ့သည်– “ငါ့​အား​လက်ဆောင်​ပ​ဏ္ဏာ​ကို​ဆောင်​ခဲ့​ရမည်​အကြောင်း ဆင့်ဆို​လော့။ ကြည်ညို​သော​စေတနာ​စိတ် [“နှလုံး၊” က​ဘ] နှင့် ငါ့​အား​လှူ​သမျှ​သော​သူတို့၌ သင်သည် အလှူ​ကို​ခံရ​မည်။” “မိမိ​စိတ်နှလုံး​နှိုးဆော်​သော​သူ . . . အပေါင်းတို့သည် . . . လာ” ၍​အလှူ​ထည့်ကြ​၏။ (ထွက်မြောက်ရာ ၂၅:၂; ၃၅:၂၁) ပုံဆောင်​နှလုံး​၏​သွင်ပြင်​တစ်ခု​မှာ လှုံ့ဆော်မှု—လုပ်ဆောင်ရန် ကျွန်ုပ်​တို့ကို​တိုက်တွန်း​ပေး​သော အတွင်း​စွမ်းအား—ဖြစ်သည်​မှာ​ရှင်း​ပါ​သည်။ ကျွန်ုပ်​တို့၏​ပုံဆောင်​နှလုံး​သည် ကျွန်ုပ်​တို့၏​စိတ်​လှုပ်ရှားမှု​နှင့် ခံစားချက်​များ၊ လိုအင်ဆန္ဒ​နှင့် ချစ်ခင်​တွယ်တာမှု​တို့ကို​လည်း ထင်ဟပ်​ဖော်ပြ​သည်။ နှလုံး​သည် အမျက်​ဒေါသ​ဖြင့်​လောင်ကျွမ်း​နိုင်​၍ ကြောက်ရွံ့​မှု​ဖြင့်​ပြည့်​နိုင်​သည်၊ ဝမ်းနည်းပူဆွေး​တတ်​၍ ရွှင်လန်း​တတ်၏။ (ဆာလံ ၂၇:၃; ၃၉:၃; ယောဟန် ၁၆:၂၂; ရောမ ၉:၂) ယင်းသည် မာနကြီး​တတ်​၍ နှိမ့်ချ​တတ်​သည်၊ ချစ်တတ်​၍ မုန်း​တတ်​သည်။—သု. ၁၆:၅; မဿဲ ၁၁:၂၉; ၁ ပေတရု ၁:၂၃

သို့​ဖြစ်၍၊ “နှလုံး” သည် လှုံ့ဆော်မှု၊ စိတ်​လှုပ်ရှားမှု​တို့​နှင့် ဆက်နွှယ်​လေ့​ရှိပြီး အခြား​တစ်ဖက်​တွင်​မူ “စိတ်” သည် အသိဉာဏ်​နှင့် အထူး​သက်ဆိုင်​သည်။ ဤ​အသုံးအနှုန်း​များ​ကို သမ္မာကျမ်းစာ​တွင် ကျမ်းပိုဒ်​ထက်​အောက်​တစ်ခု​တည်း​၌ တွေ့ရ​သောအခါ ၎င်းတို့ကို ယင်း​သို့​နားလည်​ဖို့​ဖြစ်သည်။ (မဿဲ ၂၂:၃၇; ဖိလိပ္ပိ ၄:၇) သို့သော် စိတ်​နှင့်​နှလုံး​တို့သည် အပြန်အလှန်​မဆက်စပ်​ရာ​များ​မဟုတ်​ကြ​ပေ။ ဥပမာ​အားဖြင့် မောရှေ​က ဣသရေလ​လူမျိုး​ကို ဤသို့​တိုက်တွန်း​ခဲ့​သည်– ‘ယေဟောဝါ​သည် မှန်သော​ဘုရား​ဖြစ်​တော်​မူ​ကြောင်းကို သင်၏​နှလုံး​တွင်​ပြန်လည်​သတိရ [သို့​မဟုတ် “သင့်​စိတ်​တွင်​ပြန်သတိရ” အောက်ခြေမှတ်ချက်] ရမည်။’ (တရားဟောရာ ၄:၃၉က​ဘ) မိမိ​နှင့်​ပတ်သက်​၍ လျှို့ဝှက်​ကြံစည်​နေကြ​သော ကျမ်းတတ်​များ​ကို ယေရှု​ဤသို့​မိန့်ဆိုခဲ့သည်– “သင်တို့သည် နှလုံး​ထဲ​၌ ဆိုးညစ်သော​အရာများ​ကို အဘယ်ကြောင့်​စဉ်းစား​နေကြ​သနည်း။” (မဿဲ ၉:၄က​ဘ) ‘သိနားလည်မှု၊’ “အသိပညာ” နှင့် “ကျိုးကြောင်း​ဆင်ခြင်ခြင်း” တို့ကို​လည်း နှလုံး​နှင့်​ဆက်စပ်​၍​ဖော်ပြ​နိုင်​သည်။ (၃ ဓမ္မ​ရာဇဝင် ၃:၁၂; သု. ၁၅:၁၄သ​မ; မာကု ၂:၇က​ဘ) ထို့​ကြောင့် ပုံဆောင်​နှလုံး​တွင် ကျွန်ုပ်​တို့၏​အသိဉာဏ်—ကျွန်ုပ်​တို့၏​အတွေးအခေါ် သို့​မဟုတ် သိနားလည်မှု​တို့​လည်း—အကျုံးဝင်​နိုင်​သည်။

၅။ ပုံဆောင်​နှလုံး​သည် အဘယ်အရာကို​ဆိုလို​သနည်း။

ကိုးကား​ဖော်ပြချက်​တစ်ခု​အရ ပုံဆောင်​နှလုံး​သည် “ယေဘုယျ​အားဖြင့် အချက်အချာ​အပိုင်း၊ အတွင်းသဘော​ကို​တင်စား​ရာ အတွင်းလူ​ကို လူတစ်ဦး​လုပ်ကိုင်​လေ​သမျှ​တွင်၊ သူ၏​ဆန္ဒ​များ၊ ချစ်ခင်​တွယ်တာမှု​များ၊ စိတ်​လှုပ်ရှားမှုများ၊ မက်မော​ရာ​များ၊ ရည်ရွယ်ချက်များ၊ သူ၏​အတွေးအခေါ်​များ၊ သိမြင်နိုင်စွမ်း​များ၊ စိတ်ကူး​များ၊ သူ၏​ဉာဏ်ပညာ၊ အသိပညာ၊ တတ်စွမ်း​မှု၊ သူ၏​ယုံကြည်ချက်များ​နှင့် သူ၏​ကျိုးကြောင်း​ဆင်ခြင်မှု​များ၊ သူ၏​မှတ်ဉာဏ်​နှင့်​အသိတရား​တို့​တွင် သူ့ကိုယ်သူ​သိသာ​ထင်ရှားစေ​သူ​အဖြစ်​ဆိုလို​သည်။” ယင်းက ကျွန်ုပ်​တို့သည် အမှန်တကယ်​တွင် အတွင်း​ထဲ​၌​မည်သို့သော​သူ​ဖြစ်သည်​ဟူ​သည့် “စိတ်နှလုံး​၏​အတွင်းလူ” ကို ကိုယ်စား​ပြု​သည်။ (၁ ပေတရု ၃:၄) ယင်းကို ယေဟောဝါ​တွေ့မြင်​၍ စစ်ဆေး​တော်​မူ​၏။ ထို့​ကြောင့် ဒါဝိဒ်က “အို​ဘုရားသခင် အကျွန်ုပ်​အထဲ​၌ စင်ကြယ်သော​နှလုံးကို​ဖန်ဆင်း​တော်​မူ​ပါ။ မြဲမြံ​တည်ကြည်သော​သဘော​ကို အသစ်​ပြုပြင်​တော်​မူ​ပါ” ဟု​ဆုတောင်း​နိုင်​ခဲ့​ခြင်း​ဖြစ်သည်။ (ဆာလံ ၅၁:၁၀) စင်ကြယ်သော​နှလုံးကို ကျွန်ုပ်​တို့​မည်သို့​ရယူ​နိုင်​မည်​နည်း။

ဘုရားသခင့်​စကားတော်​ကို “နှလုံး​သွင်း​ကြလော့”

၆။ ဣသရေလလူ​တို့ မောဘ​လွင်ပြင်​တွင် စခန်းချ​စဉ် သူတို့ကို မောရှေ​အဘယ်​သို့​တိုက်တွန်း​ခဲ့​သနည်း။

ကတိထားရာပြည်​သို့​မဝင်​မီ မောဘ​လွင်ပြင်​၌ ဣသရေလ​အမျိုးသား​တို့​စုဝေး​နေစဉ် သူတို့ကို မောရှေ​ဤသို့​တိုက်တွန်း​ခဲ့​သည်– “သင်တို့အား ယနေ့​ငါ​သက်သေခံ​သမျှ​သော​စကား​တို့ကို နှလုံး​သွင်း​ကြလော့။ သင်တို့​သားသမီးတို့​သည် ဤ​ပညတ်တရား​စကားတော်​အလုံးစုံ​တို့ကို စောင့်ရှောက်​စေခြင်း​ငှာ သူတို့အား​ထပ်ဆင့်၍ မှာ​ထား​ရ​ကြ​မည်။” (တရားဟောရာ ၃၂:၄၆) ဣသရေလလူ​တို့​က “ဂရုစိုက်​လိုက်နာ” ကြ​ရမည်​ဖြစ်သည်။ (နော့ခ်စ်) ဘုရားသခင့်​ပညတ်တော်​များ​ကို သူတို့​စေ့စေ့စပ်စပ်​သိ​နားလည်​ထား​မှ​သာ သူတို့​သားသမီး​များ​၏​စိတ်ထဲ စွဲမှတ်စေ​နိုင်​မည်​ဖြစ်သည်။—တရားဟောရာ ၆:၆-၈

၇။ ဘုရားသခင့်​စကားတော်​ကို ‘နှလုံး​သွင်း​ခြင်း’ ၌​အဘယ်အရာ​အကျုံးဝင်​သနည်း။

စင်ကြယ်သော​နှလုံး​ရဖို့ အဓိက​လိုအပ်ချက်​တစ်ခု​မှာ ဘုရားသခင့်​အလိုတော်နှင့် ရည်ရွယ်တော်မူချက်​များ​ဆိုင်ရာ တိကျ​မှန်ကန်သော​အသိပညာကို ရယူခြင်း​ဖြစ်သည်။ ထို​အသိပညာ​၏​ရင်းမြစ်​တစ်ခု​တည်း​မှာ ဘုရားသခင့်​မှုတ်သွင်းခံ​စကားတော်​ဖြစ်သည်။ (၂ တိမောသေ ၃:၁၆၊ ၁၇) သို့သော် အသိပညာ​တစ်ခု​တည်း​က ဘုရားသခင့်​စိတ်တော်နှင့်​တွေ့သော​နှလုံး​ရဖို့ ကျွန်ုပ်​တို့ကို​ကူညီပေး​မည်​မဟုတ်ပါ။ အသိပညာ​သည် ကျွန်ုပ်​တို့၏​အတွင်းလူ​ကို အကျိုး​သက်ရောက်​စေဖို့ ကျွန်ုပ်​တို့​သင်ယူ​နေရာကို “နှလုံး​သွင်း” ဖို့ သို့​မဟုတ် “နှလုံး​မှတ်ကျုံး” ဖို့​လို​သည်။ (တရားဟောရာ ၃၂:၄၆အမေရိကန်​ဘာသာပြန်​ကျမ်း) ယင်းကို မည်သို့​ပြုလုပ်​နိုင်​သနည်း။ ဆာလံဆရာ​ဒါဝိဒ်က ဤသို့​ရှင်းပြသည်– “ရှေး​လွန်​လေ​ပြီး​သော​ကာလ​ကို​အောက်မေ့​၍ အလုံးစုံသော​အမှုတော်​တို့ကို​လည်းကောင်း၊ လက်တော်​နှင့်​ပြုပြင်​သော​အရာများ​ကိုလည်း​ကောင်း ဆင်ခြင်​ပါ​၏။”—ဆာလံ ၁၄၃:၅

၈။ ကျွန်ုပ်​တို့​လေ့လာ​နေစဉ် အဘယ်​မေးခွန်းများကို ဆင်ခြင်​သုံးသပ်​နိုင်​သနည်း။

ကျွန်ုပ်​တို့​လည်း ယေဟောဝါ​၏​လုပ်ဆောင်မှုကို ကျေးဇူး​တင်​စွာ တွေးတော​ဆင်ခြင်​သင့်​သည်။ သမ္မာကျမ်းစာ သို့​မဟုတ် ကျမ်းစာ​အခြေပြု​စာပေ​များ​ကို ကျွန်ုပ်​တို့​ဖတ်ရှု​သောအခါ ဤ​မေးခွန်းများကို ဆင်ခြင်​သုံးသပ်​ဖို့​လို​သည်– ‘ဒါက ယေဟောဝါ​နဲ့​ပတ်သက်​လို့ ငါ့ကို​ဘာ​သင်ပေး​သလဲ။ ဒီမှာ ယေဟောဝါ​ရဲ့​ဘယ်​ဂုဏ်ရည်တော်​တွေ​ကို တွေ့ရ​သလဲ။ ဒီ​မှတ်တမ်းက ယေဟောဝါ​နှစ်သက်ရာ၊ မနှစ်သက်​ရာ​နဲ့​ပတ်သက်​လို့ ငါ့ကို​ဘာ​သင်ပေး​သလဲ။ ယေဟောဝါ​ကြိုက်​တဲ့ လမ်းစဉ်​လိုက်တာ​ကို ကိုယ်တော်​မုန်းတဲ့​လမ်းစဉ်​လိုက်တာနဲ့ နှိုင်းယှဉ်​ကြည့်​ရင် အကျိုးဆက်​တွေ​က ဘာတွေလဲ။ ဒီ​အချက်​က ငါ​သိထား​နှင့်​ပြီး​သားနဲ့ ဘယ်လို​ဆက်စပ်​သလဲ။’

၉။ ကိုယ်ပိုင်​လေ့လာမှု​နှင့် တွေးတော​ဆင်ခြင်မှု​သည် မည်မျှ​အရေးပါ​သနည်း။

သုံးဆယ့်​နှစ်နှစ်​အရွယ် လီဆာ *ဆို​သူက ရည်ရွယ်ချက်​ရှိ​ရှိ​လေ့လာ​၍ တွေးတော​ဆင်ခြင်ခြင်း​၏​တန်ဖိုး​ကို သူ​တန်ဖိုး​ထား​တတ်လာ​ပုံ​ကို ဤသို့​ရှင်းပြသည်– “၁၉၉၄ ခုနှစ်​မှာ ကျွန်မ​နှစ်ခြင်း​ခံ​ပြီး​တဲ့​နောက် အမှန်တရားမှာ နှစ်နှစ်လောက် တက်ကြွ​လှုပ်ရှား​ခဲ့တယ်။ ခရစ်ယာန်​အစည်းအဝေး​အားလုံး​ကို ကျွန်မ​တက်ရောက်​ခဲ့တယ်၊ လယ်ကွင်း​အမှုဆောင်ခြင်းမှာ တစ်လ​ကို​နာရီ ၃၀ ကနေ ၄၀ အထိ​ပါဝင်​ခဲ့​ပြီး ခရစ်ယာန်​ချင်း​တွေ​နဲ့​ပေါင်းသင်း​ခဲ့တယ်။ နောက်တော့ ကျွန်မ​လမ်းလွဲ​စ​ပြု​လာတယ်။ ဘုရားသခင့်​ပညတ်တော်​တွေ​ကို ကျူးလွန်​တဲ့​အထိ ကျွန်မ​ဆုတ်ယုတ်​ခဲ့တယ်။ ဒါပေမဲ့ ကျွန်မ​ပြန်​သတိ​လည်​လာပြီး ကျွန်မ​ရဲ့​ဘဝကို​စင်ကြယ်​စေဖို့ ဆုံးဖြတ်​ခဲ့တယ်။ ကျွန်မ​ရဲ့​နောင်တ​ကို ယေဟောဝါ​အသိအမှတ်​ပြုပြီး ပြန်​လက်ခံခဲ့​တဲ့​အတွက် ဝမ်းသာ​လိုက်တာ! ‘ငါ​ဘာလို့​ရွေ့​လျော့​သွားခဲ့​တာလဲ’ ဆိုပြီး ကျွန်မ​အခါခါ​စဉ်းစား​ခဲ့တယ်။ ရည်ရွယ်ချက်​ရှိ​ရှိ​လေ့လာခြင်း​နဲ့ တွေးတော​ဆင်ခြင်မှု​မရှိခဲ့လို့​ဆို​တဲ့​အဖြေကို ကျွန်မ​ရတယ်။ ကျွန်မ​ရဲ့​နှလုံး​ထဲ​ကို ကျမ်းစာ​အမှန်တရား တကယ်​မ​ရောက်​ခဲ့​ဘူး။ ခု​ချိန်​ကစပြီး ကိုယ်ပိုင်​လေ့လာမှု​နဲ့ တွေးတော​ဆင်ခြင်မှု​ဟာ ကျွန်မ​ဘဝရဲ့ အရေးကြီး​ကဏ္ဍ​တစ်ခု အမြဲ​ဖြစ်နေ​မှာ​ပါ။” ယေဟောဝါ၊ ကိုယ်တော့်​သားတော်​နှင့် ကိုယ်တော့်​စကားတော်​ဆိုင်ရာ​အသိပညာ တိုး​သိလာ​သည်​နှင့်​အမျှ အချိန်​ယူပြီး အဓိပ္ပာယ်ရှိရှိ​ပြန်လည်​ဆင်ခြင်​သုံးသပ်​ဖို့ မည်မျှ​အရေးကြီး​လှ​ပါ​သည်​တကား!

၁၀။ ကိုယ်ပိုင်​လေ့လာမှု​နှင့် တွေးတော​ဆင်ခြင်မှု​ပြု​ဖို့​အချိန်​ယူ​ရန် အဘယ်ကြောင့်​အရေးကြီး​သနည်း။

၁၀ အလုပ်​ရှုပ်​နေသည့် ဤ​ကမ္ဘာကြီး​တွင် လေ့လာမှု​နှင့် တွေးတော​ဆင်ခြင်မှု​အတွက် အချိန်​ရှာယူ​ခြင်း​သည် စိန်ခေါ်ချက်​တစ်ရပ် အမှန်ပင်​ဖြစ်သည်။ သို့သော် မျက်မှောက်ခေတ်​ခရစ်ယာန်​များသည် အထူး​ကောင်းမွန်သော​ကတိထားရာပြည်—ဘုရားသခင့်​ဖြောင့်မတ်​သော​ကမ္ဘာသစ်—၏​တံခါးဝ​၌ ရောက်ရှိ​နေကြ​သည်။ (၂ ပေတရု ၃:၁၃) ‘မဟာ​ဗာဗုလုန်’ ဖျက်ဆီး​ခံရ​ခြင်း​နှင့် ယေဟောဝါ​၏​လူမျိုးတော်ကို “မာဂေါဂ​ပြည်သား ဂေါဂ​မင်း” တိုက်ခိုက်​ခြင်း​စ​သည့် ထိတ်လန့်စရာ​ကောင်းသော​ဖြစ်ရပ်​များ နီးကပ်​လာ​နေပြီ။ (ဗျာဒိတ် ၁၇:၁၊ ၂၊ ၅၊ ၁၅-၁၇; ယေဇကျေလ ၃၈:၁-၄၊ ၁၄-၁၆; ၃၉:၂) ရှေ့တွင်​ကြုံတွေ့​ရမည့်​အရာ​က ယေဟောဝါ​အပေါ်​ထားသော ကျွန်ုပ်​တို့၏​မေတ္တာကို စမ်းသပ်မှု​ဖြစ်စေ​နိုင်​သည်။ ယခု ဘုရားသခင့်​စကားတော်​ကို နှလုံး​သွင်း​ဖို့ ကာလ​အချိန်ကို​ဝယ်ယူ​ရန် အရေးကြီး​သည်။—ဧဖက် ၅:၁၅၊ ၁၆

‘ဘုရားသခင့်​စကားတော်​ကို ဆင်ခြင်​သုံးသပ်​ဖို့ သင့်​နှလုံးကို​အသင့်ပြင်​ဆင်’

၁၁။ ကျွန်ုပ်​တို့၏​နှလုံးကို မြေကြီး​နှင့် မည်သို့​ပုံခိုင်း​နိုင်​သနည်း။

၁၁ ပုံဆောင်​နှလုံးကို အမှန်တရား​မျိုးစေ့ စိုက်​ပျိုး​နိုင်​သည့်​မြေ​နှင့် ပုံခိုင်း​နိုင်​သည်။ (မဿဲ ၁၃:၁၈-၂၃) အပင်​ကြီးထွား​သန်မာ​စေဖို့ ပကတိ​မြေကြီးကို ထွန်ယက်​ပြီး​မှ​စိုက်​ပျိုး​လေ့​ရှိသည်။ အလားတူ ဘုရားသခင့်​စကားတော်​ကို ပိုမို​လက်ခံလွယ်​စေဖို့ နှလုံးကို အသင့်ပြင်​ဆင်​သင့်​သည်။ ယဇ်ပုရောဟိတ်​ဧဇရ​သည် ‘ယေဟောဝါ​၏​တရားတော်​ကို ဆင်ခြင်​သုံးသပ်ခြင်း​ငှာ နှလုံးကို​အသင့်ပြင်​ဆင်​ခဲ့​၏။’ (ဧဇရ ၇:၁၀က​ဘ) ကျွန်ုပ်​တို့၏​နှလုံးကို မည်သို့​အသင့်ပြင်​ဆင်​နိုင်​သနည်း။

၁၂။ လေ့လာမှု​ပြု​ရန် နှလုံးကို​အသင့်ပြင်​ဆင်​ဖို့​အတွက် အဘယ်အရာက​အကူအညီ​ဖြစ်​မည်​နည်း။

၁၂ ဘုရားသခင့်​စကားတော်​ကို ကျွန်ုပ်​တို့​ဆင်ခြင်​သုံးသပ်​သောအခါ နှလုံးကို​အကောင်းဆုံး​ပြင်ဆင်​နည်း​တစ်နည်း​ကား နှလုံးပါပါ​ဆုတောင်းခြင်း​ဖြစ်သည်။ စစ်မှန်သော​ဝတ်ပြုသူ​များ​၏ ခရစ်ယာန်​အစည်းအဝေး​များ​ကို ဆုတောင်းခြင်း​နှင့် ဖွင့်​၍​ပိတ်​သည်။ ကိုယ်ပိုင်​ကျမ်းစာ​လေ့လာမှု​ပြု​တိုင်း စိတ်ရင်းမှန်​စွာ​ဆုတောင်းခြင်း​နှင့်​စတင်​ပြီး​နောက် လေ့လာ​နေစဉ်​လည်း ထက်သန်​သည့်​သဘောထား ဆက်​ရှိ​ခြင်း​သည် သင့်လျော်​လှ​သည်​တကား!

၁၃။ ဘုရားသခင်​၏​နှလုံးတော်​နှင့် ညီညွတ်သော​နှလုံးကို​ရယူဖို့ ကျွန်ုပ်​တို့​အဘယ်အရာ​ပြု​ရမည်​နည်း။

၁၃ ပုံဆောင်​နှလုံး​သည် ရှိ​နှင့်​ပြီး​သော ထင်မြင်ချက်​များ​ကို ဖယ်​ပစ်​ရန် ပြင်ဆင်​ထား​ရမည်။ ယေရှု​ခေတ်​မှ ဘာသာရေး​ခေါင်းဆောင်​များသည် ယင်း​သို့​ပြုလိုစိတ်​မရှိကြ​ချေ။ (မဿဲ ၁၃:၁၅) တစ်ဖက်​တွင်​မူ ယေရှု၏​မိခင်​မာရိသည် သူ​ကြား​ခဲ့​သော အမှန်တရားကို​အခြေပြု​၍ “နှလုံး​ထဲ​၌” စဉ်းစား​ဆင်ခြင်​ခဲ့​သည်။ (လုကာ ၂:၁၉၊ ၅၁) ထို့​ကြောင့် သူသည် ယေရှု၏​တည်ကြည်သော​တပည့်​တစ်ဦး​ဖြစ်လာ​ခဲ့​သည်။ သွာ​တိ​ရဲ​မြို့သူ​လုဒိ​သည် ပေါလု​ဟောပြောသော​စကား​ကို​နားထောင်​ခဲ့​ပြီး “မှီဝဲ​ဆည်းကပ်​စေခြင်း​ငှာ သူ၏​စိတ်နှလုံး​ကို [ယေဟောဝါ] ဖွင့်​တော်​မူ​၏။” သူလည်း ယုံကြည်သူ​တစ်ဦး​ဖြစ်လာ​ခဲ့​သည်။ (တမန်​တော် ၁၆:၁၄၊ ၁၅) ကျွန်ုပ်​တို့သည် ဘယ်​သောအခါ​မျှ ကိုယ်ပိုင်​အယူအဆ​များ​ကို အသေ​စွဲကိုင်​ထားခြင်း သို့​မဟုတ် အယူဝါဒ​ဆိုင်ရာ​အမြင်​များ​ကို အမြတ်တနိုး​ထားခြင်း မပြု​ကြ​စို့​နှင့်။ ယင်းအစား “လူ​ခပ်သိမ်း​တို့သည် သစ္စာပျက်​သော်လည်း၊ ဘုရားသခင်​၏​သစ္စာတော်​သည် တည်စေ” ရန်​အသင့်ရှိ​ကြပါစို့။—ရောမ ၃:၄

၁၄။ ခရစ်ယာန်​အစည်းအဝေး​များ​၌​နားထောင်​ရန် ကျွန်ုပ်​တို့၏​နှလုံးကို မည်သို့​အသင့်ပြင်​ထား​နိုင်​သနည်း။

၁၄ ခရစ်ယာန်​အစည်းအဝေး​များ​၌​နားထောင်​ရန် နှလုံးကို​အသင့်​ပြင်ဆင်ခြင်း​သည် အထူး​အရေးကြီး​၏။ စိတ်​ပျံ့လွင့်​ခြင်း​က ပြောဆို​နေသော​အကြောင်းအရာ​မှ ကျွန်ုပ်​တို့​အာရုံ​ကို​လွဲသွား​စေနိုင်​သည်။ ကျွန်ုပ်​တို့သည် တစ်နေ့တာ​ဖြစ်ပျက်​ခဲ့​ရာ​များ​ကို အာရုံရောက်​နေ​မည်၊ သို့​မဟုတ် မနက်ဖြန်​စောင့်ကြို​နေရာများ​ကို စိုးရိမ်​ပူပန်​နေ​မည်​ဆိုလျှင် ပြောဆို​နေသော​စကား​များသည် ကျွန်ုပ်​တို့​အပေါ် ဩဇာ​သက်ရောက်​လိမ့်​မည်​မဟုတ်​ချေ။ ပြောဆို​နေသော​အကြောင်းအရာ​မှ ကျွန်ုပ်​တို့​အကျိုး​ခံစား​ရဖို့​ဆိုလျှင် နားထောင်​၍​သင်ယူ​ရန် အခိုင်အမာ​သန္နိ​ဋ္ဌာန်​ချဖို့​လို​သည်။ ရှင်းလင်း​ဖော်ပြ​သည့်​ကျမ်းချက်​များနှင့် ယင်း​၏​အနက်​အဓိပ္ပာယ်​ကို နားလည်​ရန် စိတ်ပိုင်းဖြတ်​ထား​လျှင် အကျိုးကျေးဇူးများ တကယ်​ရရှိနိုင်​မည်​တကား!—နေဟမိ ၈:၅-၈၊ ၁၂

၁၅။ သွန်သင်မှု​ကို​ပို​၍​ခံယူ​လွယ်​သူများ​ဖြစ်လာ​စေရန် နှိမ့်ချ​ခြင်း​က ကျွန်ုပ်​တို့ကို​မည်သို့​ထောက်ကူ​သနည်း။

၁၅ လျောက်ပတ်​သော​ဖြည့်စွက်​ပေး​မှုများ​ထပ်​ထည့်​ပေးခြင်း​က မြေကြီးကို တိုးတက်​ကောင်းမွန်​စေ​သကဲ့သို့ နှိမ့်ချ​ခြင်း၊ ဝိညာဉ်​ရေးရာ​ကို​ဆာမွတ်​ခြင်း၊ ယုံကြည်​ကိုးစားခြင်း၊ ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​နှင့် ဘုရားသခင်​ကို​ချစ်ခြင်း​တို့ကို ပြုစု​ပျိုးထောင်​လျှင် ကျွန်ုပ်​တို့၏​ပုံဆောင်​နှလုံးကို ဖွံ့ဖြိုး​စေနိုင်​သည်။ နှိမ့်ချ​ခြင်း​သည် နှလုံးကို​ပျော့ပျောင်း​စေပြီး သွန်သင်မှု​ခံယူ​လွယ်​သူများ​ဖြစ်လာ​စေ​သည်။ ယုဒ​ရှင်ဘုရင်​ယောရှိ​ကို ယေဟောဝါ​ဤသို့​မိန့်ဆိုခဲ့သည်– ‘. . . ငါ့​စကား​ကို သင်သည်​ကြား​သောအခါ နူးညံ့​သော​စိတ် [နှလုံး] ရှိ၍ ထာဝရ​ဘုရား​ရှေ့တော်၌ ကိုယ်ကို​နှိမ့်ချ​ခြင်း၊ . . . ငါ့​ရှေ့မှာ​ငိုကြွေးခြင်း​ကို​ပြုသော​ကြောင့် သင့်​စကား​ကို​ငါ​နားထောင်​၏။’ (၄ ဓမ္မ​ရာဇဝင် ၂၂:၁၉) ယောရှိ​၏​နှလုံး​သည် နှိမ့်ချ၍ ခံယူ​လွယ်​ခဲ့​သည်။ နှိမ့်ချ​ခြင်း​က ယေရှု၏ “လူ​တတ်​မဟုတ်၊ လူသာ​မ​ည​သာ​ဖြစ်” ကြသော တပည့်တော်​များ​အား ‘ပညာရှိ​တို့​နှင့်​ဉာဏ်​ကောင်း​သူတို့’ သတိ​မပြုမိ​သော ဝိညာဉ်​ရေးရာ​အမှန်တရားကို သဘောပေါက်​စေ​၍ လိုက်လျှောက်​ကျင့်သုံး​စေ​ခဲ့​သည်။ (တမန်​တော် ၄:၁၃; လုကာ ၁၀:၂၁) ယေဟောဝါ​၏​နှလုံးတော်​နှင့် ညီညွတ်သော​နှလုံးကို​ရယူရန် ကျွန်ုပ်​တို့​ကြိုးစား​နေကြ​စဉ် “ဘုရားသခင့် . . . ရှေ့တော်၌ ကိုယ်ကို​နှိမ့်ချ” ကြပါစို့။—ဧဇရ ၈:၂၁သမ္မာ။

၁၆။ ဝိညာဉ်​အစာ​ဆာလောင်​စိတ်​ကို ပြုစု​ပျိုးထောင်​ရန် အဘယ်ကြောင့်​ကြိုးစား​အားထုတ်​ဖို့​လို​သနည်း။

၁၆ ယေရှု​က “ဝိညာဉ်ရေးတွင် မိမိတို့​လိုလျက်​နေကြောင်း သတိပြု​သူများ​သည် ဝမ်းမြောက်စရာ​ရှိကြ​၏” ဟု​ဆို​ခဲ့​သည်။ (မဿဲ ၅:၃က​ဘ) ကျွန်ုပ်​တို့သည် ဝိညာဉ်​ရေးရာ​ကို​ခံယူ​ရန်​စွမ်းရည် ပေးအပ်​ခံရ​ကြသော်လည်း ဆိုးသွမ်း​သော​ဤ​လောက​မှ​ဖိနှိပ်မှု​များ သို့​မဟုတ် ပျင်းရိခြင်း​ကဲ့သို့​သော​စရိုက်​များ​က ကျွန်ုပ်​တို့​လိုအပ်​နေကြောင်း​သိရှိ​စိတ်​ကို ထုံထိုင်း​စေနိုင်​သည်။ (မဿဲ ၄:၄) ကျွန်ုပ်​တို့သည် ဝိညာဉ်​အစာ​အတွက် ခံတွင်း​ကောင်း​ကို မွေးမြူ​ရမည်။ အစပိုင်း​တွင် သမ္မာကျမ်းစာ​ဖတ်ရှုခြင်း​နှင့် ကိုယ်ပိုင်​လေ့လာမှု​ပြုခြင်း​မှ ကျွန်ုပ်​တို့​ပျော်ရွှင်မှု​မရ​သည့်​တိုင် မဆုတ်မနစ်​ဇွဲ​ဖြင့် ဆက်​ပြုလုပ်​ကြ​လျှင် အသိပညာကို ‘ကျွန်ုပ်​တို့၏​စိုးလ်​က​နှစ်သက်​လာ’ ကာ လေ့လာချိန်​များ​ကို စိတ်အား​ထက်သန်​စွာ စောင့်မျှော်​တတ်လာ​လိမ့်​မည်။—သု. ၂:၁၀၊ ၁၁

၁၇။ (က) ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​အကြွင်းမဲ့ယုံ​ကြည်​ကိုးစားမှု​ကို အဘယ်ကြောင့်​ရထိုက်​သနည်း။ (ခ) ဘုရားသခင်​၌​ယုံကြည်​ကိုးစားမှု​ကို ကျွန်ုပ်​တို့​မည်သို့​ပြုစု​ပျိုးထောင်​နိုင်​သနည်း။

၁၇ ရှောလမုန်​ဘုရင်​က “ထာဝရ​ဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​ကိုးစား​လော့။ ကိုယ်​ဉာဏ်​ကို​အ​မှီ​မပြု​နှင့်” ဟူ၍​သတိပေး​ခဲ့​သည်။ (သု. ၃:၅) ယေဟောဝါ​ကို​ယုံကြည်​ကိုးစား​သော​နှလုံး​သည် ကျမ်းစာ​မှ​တစ်ဆင့် ကိုယ်တော်​တောင်းဆို​၍ ညွှန်ကြား​သမျှ​သည် အစဉ်​မှန်ကန်ကြောင်း သိထား​သည်။ (ဟေရှာယ ၄၈:၁၇) ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​အကြွင်းမဲ့ယုံ​ကြည်​ကိုးစားမှု​ကို အမှန်ပင်​ရထိုက်​တော်​မူ​၏။ ကိုယ်တော်​သည် မိမိ​ရည်ရွယ်​တော်​မူသမျှ​အားလုံး​ကို ဖြစ်မြောက်​စေနိုင်​သည်။ (ဟေရှာယ ၄၀:၂၆၊ ၂၉) ကိုယ်တော့်​နာမတော်​ကိုယ်​၌​က “ကိုယ်တော်​ဖြစ်လာ​စေ​သည်” ဟု​အဓိပ္ပာယ်​ရှိပြီး ယင်းက ကတိ​ထား​တော်​မူသမျှ​ကို​ပြည့်စုံစေရန် ကိုယ်တော့်​စွမ်းရည်​၌ ကျွန်ုပ်​တို့အား​ယုံကြည်​စိတ်ချ​စေ​သည်​တကား! ကိုယ်တော်​၏ “လမ်းခရီးတော်​ရှိသမျှ​တို့သည် ဖြောင့်မတ်​၍ ခပ်သိမ်း​သော​အမှုတော်​တို့သည် သန့်ရှင်း​ကြ​ပါ​၏။” (ဆာလံ ၁၄၅:၁၇) မှန်ပါသည်၊ ကိုယ်တော်​အား​ယုံကြည်​ကိုးစားခြင်း​ကို ပြုစု​ပျိုးထောင်​ရန် ကျွန်ုပ်​တို့၏​ဘဝ​အသက်တာတွင် သမ္မာကျမ်းစာ​မှ​သိရှိ​လာသမျှ​ကို လက်တွေ့​ကျင့်သုံး​ကာ ဖြစ်ပေါ်​လာသော​အကျိုးကျေးဇူးများ​ကို ဆင်ခြင်​သုံးသပ်ခြင်း​ဖြင့် ‘ယေဟောဝါ​သည် ကောင်းမြတ်​တော်​မူ​ကြောင်းကို မြည်းစမ်း​၍​သိမှတ်’ ဖို့​လို​သည်။—ဆာလံ ၃၄:၈

၁၈။ ဘုရားသခင့်​လမ်းညွှန်မှုကို လက်ခံ​ယူ​တတ်​ဖို့ ဘုရားသခင်​ရေးရာ​ကြောက်ရွံ့​ခြင်း​က ကျွန်ုပ်​တို့ကို​မည်သို့​ထောက်ကူ​ပေး​သနည်း။

၁၈ မြင့်မြတ်​သော​လမ်းညွှန်မှုကို လက်ခံ​ယူ​နိုင်သော​နှလုံး​ရှိစေ​သည့် အခြား​အရည်အသွေး​တစ်ခု​ကို ညွှန်ပြ​ရာ​၌ ရှောလမုန်က​ဤသို့​ဆို​သည်– “ထာဝရ​ဘုရား​ကို​ကြောက်ရွံ့​၍ [မကောင်းမှု] ကို​ရှောင်​လော့။” (သု. ၃:၇) ရှေးခေတ်​ဣသရေလ​လူမျိုး​နှင့်​စပ်လျဉ်း၍ ယေဟောဝါ​ဤသို့​မိန့်ဆိုခဲ့​၏– “သူတို့​သားမြေး​အစဉ်အဆက်​တို့သည် ချမ်းသာရ​မည်​အကြောင်း ငါ့ကို​ကြောက်ရွံ့​၍ ငါ​ပညတ်​သမျှ​တို့ကို အစဉ်​စောင့်ရှောက်​ချင်​သော​စိတ်​နှင့် ပြည့်စုံ​ကြ​ပါစေ​သော။” (တရားဟောရာ ၅:၂၉) မှန်​ပါ​၏၊ ဘုရားသခင်​ကို​ကြောက်ရွံ့​သူတို့သည် ကိုယ်တော်​အား​နာခံကြ​သည်။ ယေဟောဝါ​သည် “အထံတော်​၌​စုံလင်သော​စိတ်နှလုံး​ရှိသူတို့​ဘက်တွင် တန်ခိုးတော်​ပြတော်မူ” ၍​မိမိ​အားမနာ​ခံ​သူတို့ကို ဒဏ်​စီရင်ခြင်း​ငှာ အစွမ်း​ရှိ​တော်​မူ​၏။ (၂ ရာဇဝင်ချုပ် ၁၆:၉) ကိုယ်တော့်​စိတ်တော်နှင့်​မ​တွေ့​မည်​ကို ရိုသေ​ခန့်ညား​သော​သဘောဖြင့် ကြောက်ရွံ့​ခြင်း​က ကျွန်ုပ်​တို့၏​လုပ်ရပ်များ၊ အတွေးအခေါ်​များနှင့် စိတ်​လှုပ်ရှားမှုများ​အားလုံး​ကို ထိန်းချုပ်​ပါ​လေ​စေ။

‘ယေဟောဝါ​ကို သင့်​နှလုံး​အကြွင်းမဲ့​ဖြင့်​ချစ်​လော့’

၁၉။ ယေဟောဝါ​၏​ညွှန်ကြားမှု​ကို တုံ့ပြန်​ရန် အသင့်ရှိ​စေသော​နှလုံး​ဖြစ်စေ​ဖို့ မေတ္တာသည် အဘယ်​အခန်းကဏ္ဍ​မှ​ပါဝင်​သနည်း။

၁၉ အခြား​အရည်အသွေး​အားလုံး​တို့​ထက် ချစ်ခြင်း​မေတ္တာသည် ကျွန်ုပ်​တို့၏​နှလုံးကို ယေဟောဝါ​၏​ညွှန်ကြားမှု​လက်ခံရန် အမှန်ပင်​တုံ့ပြန်​စေ​သည်။ ဘုရားသခင်​ကို ချစ်​သည့်​မေတ္တာ​နှင့်​ပြည့်နေ​သော​နှလုံး​သည် ကိုယ်တော်​နှစ်သက်ရာ​နှင့် မနှစ်သက်​ရာ​တို့ကို စိတ်​ထက်သန်​စွာ​သင်ယူ​စေ​သည်။ (၁ ယောဟန် ၅:၃) ယေရှု​က “သင်၏​ဘုရားသခင် [ယေဟောဝါ] ဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့ ဉာဏ်​ရှိသမျှ​နှင့်​ချစ်​လော့” ဟု​ဆို​၏။ (မဿဲ ၂၂:၃၇) ဘုရားသခင်​၏​ကောင်းမြတ်​ခြင်း​ကို ဆင်ခြင်​သုံးသပ်ရန်​အကျင့်​ပြုလုပ်ခြင်း၊ ရင်းနှီးသော​မိတ်ဆွေ​တစ်ဦး​ကဲ့သို့ ကိုယ်တော်​အား​စကားပြော​ဆို​ခြင်း​နှင့် သူတစ်ပါးကို ကိုယ်တော့်​အကြောင်း စိတ်​ထက်သန်​စွာ​ပြောပြ​ခြင်း​အားဖြင့် ဘုရားသခင်​ကို​ပိုမို​ချစ်​ကြ​စို့​လေ။

၂၀။ ယေဟောဝါ​၏​နှလုံးတော်​နှင့် ညီညွတ်သော​နှလုံးကို ကျွန်ုပ်​တို့​မည်သို့​ရနိုင်​သနည်း။

၂၀ ပြန်လည်​သုံးသပ်​သည့်​အနေ​ဖြင့်– ယေဟောဝါ​၏​နှလုံးတော်​နှင့် ညီညွတ်သော​နှလုံးကို ရယူခြင်း​တွင် ဘုရားသခင့်​စကားတော်​ကို စိတ်နှလုံး​၏​အတွင်းလူ​ဖြစ်သော ကျွန်ုပ်​တို့၏​အတွင်းလူ​ကို လွှမ်းမိုး​စေခြင်း​ပါဝင်​သည်။ သမ္မာကျမ်းစာ​ကို အဓိပ္ပာယ်ရှိရှိ​ကိုယ်ပိုင်​လေ့လာခြင်း​နှင့် ကျေးဇူး​တင်​စွာ တွေးတော​ဆင်ခြင်ခြင်း​တို့သည် မရှိမဖြစ်​ချေ။ ယင်းကို​ပြု​ရာ​တွင် အကောင်းဆုံးနည်း​မှာ အသင့်ပြင်​ဆင်​ထားသော​နှလုံး၊ ကြိုတင်​ခံယူ​ထား​သည့် အယူအဆ​များ​ကင်းရှင်း​ကာ ကျွန်ုပ်​တို့အား​သင်ပေး​ရလွယ်​စေသည့် အရည်အသွေးများနှင့်​ပြည့်နေ​သော​နှလုံး​ပင်! မှန်ပါသည်၊ ယေဟောဝါ​၏​အကူအညီ​ဖြင့် ကောင်းသော​နှလုံးကို​ရယူ​နိုင်​ပါ​သည်။ သို့သော် ကျွန်ုပ်​တို့၏​နှလုံးကို​စောင့်ရှောက်​ဖို့ အဘယ်​အရေးယူ​ဆောင်ရွက်မှု​များ​ပြု​နိုင်​သနည်း။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 9 အမည်​ပြောင်း​ထား​သည်။

သင်​မည်သို့​တုံ့ပြန်​မည်​နည်း

• ယေဟောဝါ​စစ်ဆေး​တော်​မူ​သော ပုံဆောင်​နှလုံး​ကား အဘယ်နည်း။

• ဘုရားသခင့်​စကားတော်​ကို ကျွန်ုပ်​တို့​မည်သို့ “နှလုံး​သွင်း” နိုင်​သနည်း။

• ဘုရားသခင့်​စကားတော်​ကို ဆင်ခြင်​သုံးသပ်ရန် ကျွန်ုပ်​တို့၏​နှလုံးကို မည်သို့​အသင့်ပြင်​ဆင်​သင့်​သနည်း။

• ဤ​အကြောင်းအရာကို​သုံးသပ်​ပြီး​နောက် အဘယ်အရာကို​ပြုလုပ်​ရန် သင်​လှုံ့ဆော်​ခံရ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ဒါဝိဒ်​သည် ဝိညာဉ်​ရေးရာ​များ​ကို ကျေးဇူး​တင်​စွာ​တွေးတော​ဆင်ခြင်​ခဲ့​သည်၊ အသင်​ကော

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ဘုရားသခင့်​စကားတော်​ကို မ​လေ့လာ​မီ သင့်​နှလုံးကို အသင့်ပြင်​ဆင်​ပါ