လောကကို သာ၍ကောင်းသောနေရာ ဖြစ်စေနိုင်မည်လော
လောကကို သာ၍ကောင်းသောနေရာ ဖြစ်စေနိုင်မည်လော
“နိုင်ငံရေးသည် လူ့ဘောင်အဖွဲ့အစည်းကို စေ့စပ်ပေး၍မရနိုင်ပေ။ ကိုယ်ကျင့်တရားခံယူချက်အစဉ်အလာများကို ပြန်လည်ဖော်ဆောင်မပေးနိုင်ချေ။ အကောင်းဆုံးပေါ်လစီများပင် ပိုးပန်းခြင်း သို့မဟုတ် အိမ်ထောင်မင်္ဂလာကို ယခင်အခြေအနေသို့ ပြန်လည်မထူထောင်ပေးနိုင်၊ သားသမီးများအပေါ် တာဝန်သိတတ်သောဖခင်များမဖြစ်စေနိုင်၊ တစ်ချိန်ကရှိခဲ့သော စက်ဆုပ်ရွံရှာခြင်း သို့မဟုတ် ရှက်ကြောက်ခြင်းတို့ကို ပြန်လည်မရှိစေနိုင်ချေ။ . . . ကျွန်ုပ်တို့ကိုအနှောင့်အယှက်ပေးသော ကိုယ်ကျင့်တရားပြဿနာအများစုကို ဥပဒေတရားက မပပျောက်စေနိုင်ပေ။”
ယခင် ယူ.အက်စ်. အစိုးရအကြံပေးအရာရှိ၏ အဆိုပါစကားများကို သင်သဘောတူပါသလော။ သို့ဆိုလျှင် လူ့ဘောင်အဆောက်အဦတွင် တဖြည်းဖြည်းလှိုက်စားနေသော လောဘကြီးခြင်း၊ မိသားစုတွင်း ပင်ကိုချစ်ခင်မှုမရှိခြင်း၊ မစင်ကြယ်သောကိုယ်ကျင့်တရားများ၊ အသိဉာဏ်ခေါင်းပါးခြင်းနှင့် အခြားယိုယွင်းမှုများမှ ဖြစ်ပေါ်လာသော ပြဿနာများစွာကို ဖြေရှင်းနည်းကားအဘယ်နည်း။ ဖြေရှင်းနည်းမရှိဟု လူအချို့ ထင်မှတ်ကြသောကြောင့် သူတို့လက်ရှိဘဝအတွက်သာ အတတ်နိုင်ဆုံးလုပ်ဆောင်သွားကြသည်။ အခြားသူများကမူ တစ်နေ့နေ့တွင် ကြည်ညိုအားထားရပြီး ထက်မြက်သောခေါင်းဆောင်တစ်ဦး၊ ဘာသာရေးခေါင်းဆောင်ပင် ဖြစ်နိုင်ဖွယ်ရှိသူတစ်ဦးပေါ်လာပြီး မိမိတို့ကို လမ်းမှန်ပေါ်သို့ လမ်းကြောင်းပေးမည်ဟု မျှော်လင့်ကြ၏။
အမှန်ဆိုရလျှင် လွန်ခဲ့သောအနှစ်နှစ်ထောင်က လူတို့သည် ယေရှုခရစ်ကို သူတို့၏ရှင်ဘုရင်အဖြစ် တင်မြှောက်လိုခဲ့ကြသည်၊ အကြောင်းမှာ ကိုယ်တော်သည် ဘုရားသခင်စေလွှတ်သောသူဖြစ်ပြီး အရည်အချင်းအပြည့်မီဆုံး ရှင်ဘုရင်တစ်ပါးဖြစ်နိုင်ကြောင်းကို သူတို့သိရှိကြသောကြောင့်ဖြစ်သည်။ သို့တိုင် ယေရှုသည် သူတို့၏ကြံရွယ်ချက်များကို သိရှိသောအခါ အလျင်အမြန်ထွက်သွားလေသည်။ (ယောဟန် ၆:၁၄၊ ၁၅) နောက်ပိုင်းတွင် ကိုယ်တော်က “ငါ၏နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်” ဟုရောမဘုရင်ခံအား မိန့်ဆိုခဲ့၏။ (ယောဟန် ၁၈:၃၆) သို့သော် မျက်မှောက်ခေတ်တွင် ယေရှုနည်းတူပြုမူသူ နည်းသည်၊ ကိုယ်တော့်နောက်လိုက်များဖြစ်ကြသည်ဟု ပြောဆိုကြသူ ဘာသာရေးခေါင်းဆောင်များပင်လျှင် ထိုသို့မပြုကြချေ။ သူတို့ထဲမှအချို့သည် လောကအုပ်စိုးရှင်များအပေါ် ဩဇာညောင်းရန် ကြိုးစားခြင်းဖြင့်လည်းကောင်း၊ သူတို့ကိုယ်တိုင် နိုင်ငံရေးရာထူးကို လက်ခံယူထားခြင်းဖြင့်လည်းကောင်း ဤလောကကို သာ၍ကောင်းသောနေရာဖြစ်စေရန် ကြိုးစားခဲ့ကြသည်။ ၁၉၆၀ ပြည့်လွန်နှစ်များနှင့် ၁၉၇၀ ပြည့်လွန်နှစ်များကို ကြည့်ခြင်းဖြင့် ကျွန်ုပ်တို့သိမြင်နိုင်ပါသည်။
လောကတိုးတက်ကောင်းမွန်လာစေရန် ဘာသာရေးကြိုးပမ်းမှုများ
၁၉၆၀ ပြည့်လွန်နှစ်များအကုန်ပိုင်းတွင် လက်တင်အမေရိကနိုင်ငံများမှ ဘာသာရေးပညာရှင်အချို့သည် ဆင်းရဲပြီး ဖိနှိပ်ခံရသူတို့အတွက် အားကြိုးမာန်တက်ကြိုးစားခဲ့ကြသည်။ ယင်းကိုအောင်မြင်စေရန် လွတ်မြောက်ရေးဘာသာဝါဒပညာရပ်ကို သူတို့ဖန်တီးခဲ့သည်၊ ထိုတွင် ခရစ်တော်ကို ကျမ်းစာအဓိပ္ပာယ်ဖွင့်ဆိုချက်အတိုင်း ကယ်တင်ရှင်အဖြစ်သာ ဖော်ပြသည်မဟုတ်တော့ဘဲ နိုင်ငံရေးနှင့် စီးပွားရေးဘက်တွင်လည်း ပါဝင်သူအဖြစ် ဖော်ပြထားသည်။ အမေရိကန်ပြည်ထောင်စုတွင် ကိုယ်ကျင့်တရားစံနှုန်းများ လုံးပါးပါးလာခြင်းကို အလွန်စိုးရိမ်နေကြသော ချာ့ခ်ျခေါင်းဆောင်အတော်များများသည် ကိုယ်ကျင့်တရားအဓိကထားသည့် အဖွဲ့အစည်းတစ်ခုကို တည်ထောင်ခဲ့၏။ ၎င်း၏ရည်ရွယ်ချက်မှာ အကျိုးဖြစ်ထွန်းသောမိသားစုစံနှုန်းများ ပြဋ္ဌာန်းကြမည့်သူများကို နိုင်ငံရေးရာထူးရရှိစေရန်ဖြစ်သည်။ ထိုနည်းတူ မွတ်ဆလင်နိုင်ငံများစွာရှိ အုပ်စုများသည် ကူရ်အန်ကျမ်းကို အနီးကပ်လိုက်နာစွဲကိုင်ဖို့ အားပေးခြင်းဖြင့် အကျင့်ပျက်ပြားမှုနှင့် ပေါက်လွှတ်ပဲစားနေထိုင်မှုတို့ကို ထိန်းချုပ်ရန် ကြိုးစားခဲ့ကြသည်။
ဤသို့သောကြိုးစားမှုများကြောင့် ဤလောကသည် သာ၍ကောင်းသောနေရာဖြစ်လာပြီဟု သင်ထင်သလော။ ခြုံငုံကြည့်လျှင် လွတ်မြောက်ရေးဘာသာဝါဒပညာရပ် လွှမ်းမိုးသောနိုင်ငံများမှာပင် ကိုယ်ကျင့်တရား ဆက်၍ကျဆင်းနေပြီး ချမ်းသာကြွယ်ဝမှုနှင့် ဆင်းရဲမှုတို့ကြားကွာဟမှုသည် ဆက်၍တိုးများနေ၏။
အမေရိကန်ပြည်ထောင်စုတွင် ကိုယ်ကျင့်တရားအုပ်စုသည် ယင်း၏ အဓိကရည်ရွယ်ချက်များ ပျက်ပြားခဲ့သောကြောင့် ၎င်းအဖွဲ့ကိုတည်ထောင်သူ ဂျယ်ရီ ဖောလ်ဝဲလ်သည် ၁၉၈၉ ခုနှစ်တွင် ထိုအဖွဲ့ကို ဖျက်သိမ်းခဲ့သည်။ ယင်းအစား အခြားအဖွဲ့များပေါ်ထွက်လာသည်။ မည်သို့ပင်ဖြစ်ပါစေ၊ “ကိုယ်ကျင့်တရားအုပ်စု” ဟူသော ဝေါဟာရတီထွင်သူ ပေါလ် ဝေရီခ်ျက ယနေ့ ခရစ်ယာန်ဘာသာ မဂ္ဂဇင်းတွင် ဤသို့ရေးခဲ့သည်– “နိုင်ငံရေးတွင် ကျွန်ုပ်တို့အနိုင်ရလျှင်ပင် မိမိတို့၏အောင်ပွဲများသည် ကျွန်ုပ်တို့အရေးကြီးသည်ဟု ထင်မှတ်သည့်ပေါ်လစီများကို ဖြစ်မလာစေချေ။” သူဤသို့လည်းရေးခဲ့၏– “ကျွန်ုပ်တို့၏ယဉ်ကျေးမှုသည် ပိုမိုကျယ်လာသော ရေသွန်မြောင်းဖြစ်လာလေပြီ။ သမိုင်းတွင်ရစ်မည့် ယဉ်ကျေးမှုပျက်ပြားခြင်းတွင် ရစ်ပတ်နေကြသည်၊ ပျက်ပြားမှုမည်မျှကြီးမားသနည်းဟူမူ နိုင်ငံရေးများကို လွှမ်းမိုးပစ်လိုက်သည်။”
ပင်တိုင်ဆောင်းပါးရှင် စာရေးဆရာ ကာလ် သောမတ်စ်သည် နိုင်ငံရေးဖြင့် လူဘောင်အဖွဲ့အစည်းကို မြှင့်တင်ပေးရန် ကြိုးစားရာတွင် အခြေခံချွတ်ယွင်းချက်တစ်ခုအဖြစ် သူရှုမြင်ခဲ့ရာကို ဤသို့ဖော်ပြသည်– “ကျွန်ုပ်တို့၏အဓိကပြဿနာများမှာ စီးပွားရေးနှင့် နိုင်ငံရေးမဟုတ်ဘဲ၊ ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးဖြစ်သောကြောင့် စစ်မှန်သောပြောင်းလဲမှုသည် တစ်ဦးချင်းစီဖြစ်ပေါ်လာသည့် ရွေးကောက်ပွဲဖြစ်စဉ်တွင် အနိုင်ရခြင်းအားဖြင့်မဟုတ်ပါ။”
သို့သော် စံနှုန်းများမရှိသော၊ အမှားအမှန်ကို မိမိတို့ဘာသာဆုံးဖြတ်ကြသော လောကကြီးတွင် ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးပြဿနာများကို သင်မည်သို့ဖြေရှင်းမည်နည်း။ ဘာသာတရားကိုင်းရှိုင်းသူဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဩဇာရှိပြီး ရည်ရွယ်ချက်ကောင်းရှိသူများသည် ဤလောကကို အမှန်ပင် သာ၍ကောင်းသောနေရာတစ်ခု မဖြစ်စေနိုင်လျှင် မည်သူဖြစ်စေနိုင်မည်နည်း။ နောက်ဆောင်းပါးတွင် တွေ့မြင်ရမည့်အတိုင်း အဖြေရှိပါသည်။ အမှန်မှာ၊ ယေရှုက မိမိ၏နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်ဟု မိန့်ဆိုခဲ့သည့်အကြောင်းရင်းပေါ် မူတည်ပါသည်။
[Picture Credit Lines on page 2]
COVER: Dirty water: WHO/UNICEF photo; globe: Mountain High Maps® Copyright © 1997 Digital Wisdom, Inc.
[Picture Credit Lines on page 3]
Children: UN photo; globe: Mountain High Maps® Copyright © 1997 Digital Wisdom, Inc.