မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်၏နှလုံးကို စောင့်ရှောက်လော့

သင်၏နှလုံးကို စောင့်ရှောက်လော့

သင်၏​နှလုံးကို စောင့်ရှောက်​လော့

“နှလုံး​သည် အသက်​၏​အခြေအမြစ်​ဖြစ်သော​ကြောင့် သင်၏​နှလုံးကို အထူးသဖြင့်​စောင့်ရှောက်​လော့။”—သု. ၄:၂၃

၁၊ ၂။ ကျွန်ုပ်​တို့၏​နှလုံးကို အဘယ်ကြောင့်​စောင့်ရှောက်​ဖို့​လို​သနည်း။

ကရစ်ဘီယံ​ကျွန်း​တစ်ကျွန်း​ပေါ်​ရှိ အဖိုးအို​တစ်ဦး​သည် ဟာရီကိန်း​မုန်တိုင်းတိုက်​ခတ်​ပြီး​နောက် သူ​ခိုအောင်း​နေသော​နေရာ​မှ​ထွက်​လာ​ခဲ့​သည်။ သူ့​ပတ်လည်​ရှိ​အပျက်အစီး​များ​ကို​ကြည့်​လိုက်​ရာ ခြံ​အဝင်ဝ​အနီးရှိ ဆယ်စုနှစ်ချီ​ရှိခဲ့​သော သစ်ပင်​ကြီး​လဲနေ​သည်ကို​တွေ့​လိုက်ရ​၏။ ‘ဘယ်လို​ဖြစ်တာ​လဲ၊ အဲဒီ​အနီးတစ်ဝိုက်​က​သစ်ပင်​ငယ်​တွေ​ကျ​တော့ မလဲ​ပါ​လား’ ဟု​သူ​တွေးမိ​သည်။ လဲကျ​နေသော​သစ်ပင်​၏ သစ်ငုတ်​တို​ကို​ကြည့်​လိုက်​ရာ အဖြေ​ထွက်​လာ​သည်။ မ​ယို​င်​လဲ​နိုင်​ပုံ​ပေါ်​သည့်​သစ်ပင်​၏​အတွင်း​သား​မှာ ဆွေးမြည့်​နေ​၏၊ မမြင်နိုင်​သည့်​ထို​ပျက်စီး​ယိုယွင်းမှု​ကို လေမုန်တိုင်း​က ဖော်ထုတ်​လိုက်​ရုံ​သာ​ဖြစ်သည်။

ခရစ်ယာန်​ဘဝ​လမ်းစဉ်၌ ခိုင်မြဲ​နေ​ပုံ​ပေါက်​သည့် စစ်မှန်သော​ဝတ်ပြုသူ​တစ်ဦး​သည် ယုံကြည်ခြင်း​စမ်းသပ်မှု​ကို အရှုံးပေး​လိုက်​သောအခါ ဝမ်းနည်းစရာပင်။ သမ္မာကျမ်းစာ​က “လူတို့သည် ငယ်​သော​အရွယ်​မှ​စ၍ စိတ်နှလုံး​အကြံအစည်​ဆိုး​ကြ​၏” ဟု​မှန်ကန်​စွာ​ဆို​၏။ (ကမ္ဘာဦး ၈:၂၁) ဆိုလိုသည်မှာ အမြဲ​သတိ​မရှိပါ​က အကောင်းဆုံး​နှလုံးများ​ပင်​လျှင် မကောင်းမှု​ပြု​ရန် သွေးဆောင်​ခံရ​နိုင်​သည်။ မ​ယိုယွင်း​နိုင်သော မစုံလင်​သည့်​လူ့​နှလုံး​မရှိ​ရာ “နှလုံး​သည် အသက်​၏​အခြေအမြစ်​ဖြစ်သော​ကြောင့် သင်၏​နှလုံးကို အထူးသဖြင့်​စောင့်ရှောက်​လော့” ဟူသော​အကြံပေး​ချက်​ကို ကျွန်ုပ်​တို့​အလေးအနက်​ထား​ဖို့​လို​သည်။ (သု. ၄:၂၃) သို့​ဖြစ်၍ ကျွန်ုပ်​တို့၏​ပုံဆောင်​နှလုံးကို မည်သို့​စောင့်ရှောက်​နိုင်​သနည်း။

မှန်မှန်​စစ်ဆေးခြင်း—မရှိမဖြစ်

၃၊ ၄။ (က) ပကတိ​နှလုံး​နှင့်​စပ်လျဉ်း၍ အဘယ်​မေးခွန်းများ​မေး​နိုင်​သနည်း။ (ခ) ကျွန်ုပ်​တို့၏​ပုံဆောင်​နှလုံးကို​စစ်ဆေး​ရန် အဘယ်အရာက​ထောက်ကူ​ပေး​မည်​နည်း။

ကျန်းမာ​ရေး​စစ်ဆေး​ဖို့ ဆရာဝန်​တစ်ဦးထံ သင်​သွား​မည်​ဆိုလျှင် သင့်​နှလုံးကို​သူ​စစ်ဆေး​ပေမည်။ သင့်​နှလုံး​အပါအဝင် သင့်​ကျန်းမာ​ရေး​အခြေအနေ​က သင်​အာဟာရဓာတ် အလုံအလောက်​ရ​နေသည်​ဟု ဖော်ပြ​ပါသလော။ သင့်​သွေး​ပေါင်ချိန်​ကော မည်သို့​ရှိ​သနည်း။ သင့်​နှလုံး​သည် မှန်မှန်​နှင့် အားကောင်းကောင်း​ခုန်​သလော။ လေ့ကျင့်ခန်း အလုံအလောက်​လုပ်​သလော။ သင့်​နှလုံး​သည် တရားလွန်​ဖိစီး​ခံ​နေရ​သလော။

ပကတိ​နှလုံးကို မှန်မှန်​စစ်ဆေး​ဖို့​လိုလျှင် သင့်​ပုံဆောင်​နှလုံးကို​ကော စစ်ဆေး​ဖို့​လို​မည်​လော။ ယင်းကို ယေဟောဝါ​စစ်ဆေး​တော်​မူ​၏။ (၁ ရာဇဝင်ချုပ် ၂၉:၁၇) ကျွန်ုပ်​တို့​လည်း အလားတူ​ပြုသင့်​သည်။ မည်သို့​ပြု​မည်​နည်း။ ဤ​ကဲ့သို့​သော​မေးခွန်းများကို မေး​ခြင်း​အားဖြင့်​ဖြစ်သည်– ကိုယ်ပိုင်​လေ့လာမှု​နှင့် အစည်းအဝေး​တက်​ခြင်း​တို့ကို မှန်မှန်​ပြုလုပ်ခြင်း​အားဖြင့် အကျွန်ုပ်၏​နှလုံး​သည် ဝိညာဉ်​အစာ အလုံအလောက်​ရရှိ​နေပါသလော။ (ဆာလံ ၁:၁၊ ၂; ဟေဗြဲ ၁၀:၂၄၊ ၂၅) ယေဟောဝါ​၏​သတင်းတရားသည် “ငါ့​အရိုး​တို့​၌​ချုပ်​ထား​၍ လောင်​သော​မီး” ကဲ့သို့ အကျွန်ုပ်​နှလုံး အဓိက​အလေးထား​ရာ​ဖြစ်​ပြီး ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်း​နှင့် တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​၌​ပါဝင်​ရန် စေ့ဆော်​ပေး​ပါသလော။ (ယေရမိ ၂၀:၉; မဿဲ ၂၈:၁၉၊ ၂၀; ရောမ ၁:၁၅၊ ၁၆) ဖြစ်​နိုင်​သည့်​အခါ အချိန်ပြည့်​အမှုဆောင်​နည်း တစ်မျိုး​မျိုး​၌ အင်တိုက်အားတိုက်​ကြိုးစား​ပါဝင်​ရန် အကျွန်ုပ်​လှုံ့ဆော်​ခံရ​သလော။ (လုကာ ၁၃:၂၄) အကျွန်ုပ်၏​ပုံဆောင်​နှလုံးကို အဘယ်​ဝန်းကျင်​အခြေအနေ​မျိုး​၌ လှစ်ဟ​ထား​သနည်း။ စစ်မှန်သော​ဝတ်ပြုရေး​၌ နှလုံး​တညီတညွတ်​တည်း​ရှိသော အခြားသူ​တို့​နှင့် အကျွန်ုပ်​ရှာဖွေ​ပေါင်းဖော်​နေ​သလော။ (သု. ၁၃:၂၀; ၁ ကောရိန္သု ၁၅:၃၃) လိုအပ်​နေသည့်​အရာ​ကို သတိပြုမိ​ရန်​လျင်မြန်​ပြီး ချက်ချင်း​ပြုပြင်​ရန် ကြိုးစား​ကြပါစို့။

၅။ ယုံကြည်ခြင်း​စမ်းသပ်မှု​များ​က အဘယ်​အကျိုးပြု​နိုင်​သနည်း။

ယုံကြည်ခြင်း​စမ်းသပ်မှု​များ​ကို မကြာခဏ ကျွန်ုပ်​တို့​ကြုံတွေ့​ရ​ကြသည်။ ယင်း​တို့​က ကျွန်ုပ်​တို့၏​နှလုံး​အခြေအနေ​ကို သတိပြု​ရန်​အခွင့်အလမ်း​များ​ပေး​သည်။ ကတိထားရာပြည်​ထဲ​ဝင်ခါနီး​ဆဲ​ဆဲ ဣသရေလ​လူမျိုး​ကို မောရှေ​ဤသို့​ပြော​ခဲ့​သည်– “သင်၏​ဘုရားသခင်​ထာဝရ​ဘုရား​သည် သင့်ကို​နှိမ့်ချ​စုံစမ်း​၍ ပညတ်တော်​တို့ကို ကျင့်​ချင်​သော​စိတ် ရှိသည်​မရှိ​သည်ကို​သိမည်​အကြောင်း လွန်​ခဲ့​ပြီး​သော​အနှစ်​လေးဆယ်​ပတ်လုံး တော​၌​ပို့ဆောင်​တော်​မူ​သော လမ်းခရီး​တစ်လျှောက်​လုံး​ကို အောက်မေ့​ရမည်။” (တရားဟောရာ ၈:၂) မမျှော်လင့်​ဘဲ အခြေအနေ သို့​မဟုတ် သွေးဆောင်မှု​တစ်မျိုး​မျိုးကို ရင်ဆိုင်​ရသောအခါ ပေါ်ပေါက်​လာ​တတ်​သည့် ခံစားချက်​များ၊ စိတ်ဆန္ဒ​များ သို့​မဟုတ် တုံ့ပြန်​ပုံ​များ​က ကျွန်ုပ်​တို့ကို​အံ့အားသင့်​သွား​စေ​သည် မဟုတ်ပေ​လော။ ယေဟောဝါ​ခွင့်ပြု​သည့် စမ်းသပ်မှု​များ​က ကျွန်ုပ်​တို့၏​အားနည်းချက်များ​ကို အမှန်​သတိပြု​စေပြီး တိုးတက်​ကောင်းမွန်​လာ​စေရန် ပြုပြင်​ဖို့​အခွင့်ပေး​သည်။ (ယာကုပ် ၁:၂-၄) စမ်းသပ်မှု​များ​အား ကျွန်ုပ်​တို့​တုံ့ပြန်​ပုံ​ကို ဆင်ခြင်​သုံးသပ်​၍ ဆုတောင်း​ဖို့ ဘယ်​သောအခါ​မျှ မပျက်ကွက်​ကြ​စို့​နှင့်!

ကျွန်ုပ်​တို့၏​စကား​က အဘယ်အရာကို​ဖော်ပြ​သနည်း

၆။ ကျွန်ုပ်​တို့​ဆွေးနွေး​လို​သော အကြောင်းအရာများ​က ကျွန်ုပ်​တို့၏​နှလုံး​အကြောင်း အဘယ်အရာကို​ဖော်ပြ​နိုင်​သနည်း။

ကျွန်ုပ်​တို့၏​နှလုံး​ထဲ အဘယ်အရာကို​သိုထား​ကြောင်း မည်သို့​သိနိုင်​မည်​နည်း။ ယေရှု​က “ကောင်းသော​သူသည် ကောင်းသော​မိမိ​စိတ်နှလုံး​ဘဏ္ဍာတိုက်​ထဲ​က ကောင်းသော​အရာ​ကို ထုတ်ဖော်​တတ်၏။ မကောင်းသော​သူသည် မကောင်းသော​မိမိ​စိတ်နှလုံး​ဘဏ္ဍာတိုက်​ထဲ​က မကောင်းသော​အရာ​ကို​ထုတ်ဖော်​တတ်၏။ အကြောင်း​မူ​ကား၊ စိတ်နှလုံး​အပြည့်​ရှိသည်​အတိုင်း နှုတ်မြွက်​တတ်၏” ဟု​ဆို​၏။ (လုကာ ၆:၄၅) ကျွန်ုပ်​တို့​ပြောနေကျ​စကား​သည် ကျွန်ုပ်​တို့​အာရုံစိုက်​သည့်​အရာ​ကို ကောင်းစွာ​ဖော်ပြ​သည်။ ရုပ်ပစ္စည်း​များနှင့် လောက​အောင်မြင်မှု​များ​အကြောင်း ကျွန်ုပ်​တို့​ပြောဆို​လေ့​ရှိသလော။ သို့​မဟုတ် ဝိညာဉ်​ရေးရာ​များနှင့် သီအိုကရက်တစ်​ပန်းတိုင်​များ​အကြောင်း ကျွန်ုပ်​တို့​စကား​လက်ဆုံ​ပြောဆို​လေ့​ရှိသလော။ သူတစ်ပါး​၏​အမှား​များ​ကို လူတကာ​သိအောင်​ပြု​မည့်​အစား ၎င်းတို့ကို မေတ္တာ​ရှိ​စွာ​ဖုံးအုပ်​လို​စိတ်​ရှိသလော။ (သု. ၁၀:၁၁၊ ၁၂) မူများ​နှင့် ယုံကြည်ချက်များ​အကြောင်း အပြော​နည်း​ပြီး လူ​တို့​နှင့် သူတို့၏​ဘဝ​အဖြစ်အပျက်​များ​အကြောင်း အပြော​များ​သလော။ ကျွန်ုပ်​တို့သည် သူတစ်ပါး​၏​ကိုယ်ရေးကိုယ်တာ​ကိစ္စ​များ​ကို တရားလွန်​စိတ်ဝင်စား​နေကြောင်း ယင်းက​ဖော်ပြ​သည်မဟုတ်​လော။—၁ ပေတရု ၄:၁၅

၇။ ကျွန်ုပ်​တို့၏​နှလုံးကို​စောင့်ရှောက်ခြင်း​နှင့်​ပတ်သက်​၍ ယောသပ်​အစ်ကို​ဆယ်ယောက်​၏​မှတ်တမ်း​မှ အဘယ်​သင်ခန်းစာ​ရနိုင်​သနည်း။

မိသားစုကြီး​တစ်ခု​၌ ဖြစ်ပျက်​ခဲ့​ရာ​ကို သုံးသပ်ကြည့်​ပါ။ ယာကုပ်​၏​သားကြီး​ဆယ်ယောက်​သည် သူတို့၏​ညီ​ငယ်​ယောသပ်​အား “မေတ္တာ​စကား​ကို . . . မပြော​နိုင်​ကြ။” အဘယ်ကြောင့်​နည်း။ သူသည် ဖခင်​၏​အချစ်ဆုံးသား​ဖြစ်သည့်​အတွက် မနာလို​ဖြစ်​ကြသည်။ နောက်ပိုင်း ယောသပ်​သည် ယေဟောဝါ​၏​မျက်နှာသာ​ရ​ကြောင်း သက်သေ​အဖြစ် ဘုရားသခင့်​ထံ​တော်​မှ အိပ်မက်များ​ရသည့်​ကောင်းချီး​ခံစားရ​သောအခါ သူတို့သည် “သာ၍​မုန်း​ကြ​၏။” (ကမ္ဘာဦး ၃၇:၄၊ ၅၊ ၁၁) ထို​အခါ ညီ​ဖြစ်သူကို ကျွန်​အဖြစ်​ရက်စက်​စွာ ရောင်းချ​လိုက်​ကြသည်။ ထို့နောက် မိမိတို့​အပြစ်ကို​ကြိုးစား​ဖုံးအုပ်​သည့်​အနေ​ဖြင့် ယောသပ်​ကို​သား​ရိုင်း​တိရစ္ဆာန်​တစ်ကောင် သတ်​လိုက်ပြီ​ဟု​ထင်​စေဖို့ ဖခင်​ကို​လှည့်စား​ခဲ့​ကြသည်။ ထို​အချိန်​အခါ​တွင် ယောသပ်​၏​အစ်ကို​ဆယ်ယောက်​သည် သူတို့၏​နှလုံးကို မစောင့်ရှောက်​ခဲ့​ကြ​ချေ။ ကျွန်ုပ်​တို့သည် သူတစ်ပါးကို အပြစ်ရှာ​လွယ်​မည်​ဆိုလျှင် ကျွန်ုပ်​တို့၏​နှလုံး​ထဲ​၌ မနာလို​ဝန်​တို​မှု​ရှိသည့်​လက္ခဏာ​ဖြစ်​နိုင်​သလော။ ကျွန်ုပ်​တို့​နှုတ်​မှ ထွက်​လာ​သည့်​စကား​ကို သတိ​နှင့်​စစ်ဆေး​ကာ မသင့်​လျော်​သော​စိတ်​တိမ်း​ညွတ်​မှုများ​ကို ချက်ချင်း​အမြစ်​လှန်ပစ်​ဖို့​လို​သည်။

၈။ လိမ်လည်​ပြောဆို​မိ​လျှင် ကျွန်ုပ်​တို့၏​နှလုံးကို​စစ်ဆေး​ဖို့ အဘယ်အရာက​ထောက်ကူ​မည်​နည်း။

“ဘုရားသခင်​သည် မုသာ​မ​သုံးနိုင်” သော်လည်း မစုံလင်​သော​လူသားများ​မူ လိမ်လည်​တတ်​သည်။ (ဟေဗြဲ ၆:၁၈) “လူအပေါင်း​တို့သည် မုသာ​ကို​သုံး​တတ်ကြ​၏” ဟု​ဆာလံဆရာ​မြည်တမ်း​ခဲ့​သည်။ (ဆာလံ ၁၁၆:၁၁) တမန်​တော်​ပေတရု​ပင် ယေရှုကို မုသာ​သုံး​၍ သုံးကြိမ်​ငြင်းပယ်​ခဲ့​၏။ (မဿဲ ၂၆:၆၉-၇၅) ယေဟောဝါ​သည် “မုသာ​၌​ကျင်လည်​သော​လျှာ” ကို​မုန်း​သောကြောင့် လိမ်လည်​ခြင်း​ကို ကျွန်ုပ်​တို့​သတိ​နှင့်​ရှောင်ကြဉ်​ရမည်​မှာ ရှင်းနေပါသည်။ (သု. ၆:၁၆-၁၉) ကျွန်ုပ်​တို့​လိမ်လည်​ပြောဆို​ဖူး​မည်​ဆိုလျှင် အကြောင်းရင်းကို​ဆန်းစစ်​ကြည့်​ဖို့​ကောင်း​သည်။ လူကို​ကြောက်​သောကြောင့်​လော။ ဒဏ်ပေး​ခံရ​မည်​ကို​ကြောက်​သည့်​အတွက်​လော။ အရင်းခံ​ပြဿနာ​မှာ သိက္ခာ​ဆယ်​ခြင်း သို့​မဟုတ် လုံးလုံးလျားလျား​ကိုယ်ကျိုးရှာ​ခြင်း​ဖြစ်​မည်​လော။ မည်သို့​ပင်​ဖြစ်စေ ယင်း​ကိစ္စ​ကို​ပြန်လည်​သုံးသပ်​ပြီး ကိုယ့်​အမှား​ကို နှိမ့်ချစွာ​ဝန်ခံ​၍ ယေဟောဝါ​၏​ခွင့်လွှတ်​မှု​ရ​ရန် အသနားခံ​ကာ ထို​အားနည်းချက်ကို အနိုင်ယူ​နိုင်​ဖို့ ကိုယ်တော့်​အကူအညီ တောင်းဆိုခြင်း​သည် သင့်လျော်​လိုက်​လေ​ခြင်း! အကူအညီ​အကောင်းဆုံး​ပေး​နိုင်​သူတို့မှာ “အသင်းတော်​အသက်ကြီးသူ​များ” ဖြစ်​ပေမည်။—ယာကုပ် ၅:၁၄က​ဘ။

၉။ ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များ​က ကျွန်ုပ်​တို့၏​နှလုံး​အကြောင်း အဘယ်အရာ​ဖော်ပြ​နိုင်​သနည်း။

အသိဉာဏ်​ပညာ တောင်းဆို​သူ ငယ်ရွယ်​သော​ဘုရင်​ရှောလမုန်​အား ယေဟောဝါ​ဤသို့​မိန့်ဆိုခဲ့သည်– “သင်သည် ထိုသို့​စိတ်စွဲ​လမ်း​၍ စည်းစိမ်ဥစ္စာ​ဂုဏ်​အသရေ​ကို​မ​တောင်း . . . သောကြောင့် ပညာ​နှင့်​ဉာဏ်​ကို​ငါ​ပေး​၏။ ထို​မှတစ်ပါး . . . စည်းစိမ်ဥစ္စာ၊ ဂုဏ်​အသရေ​ကိုလည်း ငါ​ပေး​မည်။” (၂ ရာဇဝင်ချုပ် ၁:၁၁၊ ၁၂သမ္မာ) ယေဟောဝါ​သည် ရှောလမုန်​တောင်းဆိုရာ​နှင့် မတောင်းဆို​ရာ​ကို​ထောက်၍ ရှောလမုန်​စိတ်​စွဲလမ်း​ရာ​ကို သိတော်မူ​ခဲ့​သည်။ ဘုရားသခင်​နှင့် ကျွန်ုပ်​တို့၏​ဆက်သွယ်​ပြောဆို​သည့်​စကား​များ​က ကျွန်ုပ်​တို့၏​နှလုံး မည်သို့​ရှိကြောင်း​ဖော်ပြ​သနည်း။ ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များ​က အသိပညာ၊ ဉာဏ်ပညာ​နှင့် ပိုင်းခြား​သိမြင်မှု​ကို ကျွန်ုပ်​တို့​တောင့်တ​ကြောင်း ဖော်ပြ​သလော။ (သု. ၂:၁-၆; မဿဲ ၅:၃) ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား​ကို ကျွန်ုပ်​တို့​စိတ်​စွဲလမ်း​သလော။ (မဿဲ ၆:၉၊ ၁၀) ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များသည် ခံစားချက်​မဲ့ပြီး ဝတ်​ကျေ​တမ်း​ကျေ​မျှ​ဖြစ်နေ​ပါ​က ယေဟောဝါ​၏​စီရင်ချက်​များ​ကို အချိန်​ယူ​တွေးတော​ဆင်ခြင်​ဖို့​လို​ပြီ​ဖြစ်​ကြောင်း ဖော်ပြ​သည့်​သာဓက​ပင်​ဖြစ်သည်။ (ဆာလံ ၁၀၃:၂) ခရစ်ယာန်​အားလုံး မိမိတို့၏​ဆုတောင်းချက်​များသည် အဘယ်အရာကို​ထင်ရှား​ဖော်ပြ​ကြောင်း သိမြင်​ရန်​ဂရုပြု​သင့်​သည်။

ကျွန်ုပ်​တို့၏​အပြု​အမူ​များ​က အဘယ်အရာကို​ဖော်ပြ​သနည်း

၁၀၊ ၁၁။ (က) သူ့​မယား​ကို​ပြစ်မှားခြင်း​နှင့် မတရားမေထုန်​တို့သည် အဘယ်​နေရာ​မှ​အစပြု​သနည်း။ (ခ) ‘စိတ်နှလုံး​ထဲ​၌ မိန်းမ​နှင့်​ပြစ်မှားခြင်း’ မပြုမိ​စေရန် အဘယ်အရာက အကူအညီ​ပေး​မည်​နည်း။

၁၀ အပြော​ထက် အလုပ်​တာသွား​သည်​ဟု အဆို​ရှိ၏။ ကျွန်ုပ်​တို့၏​အပြု​အမူ​များ​က အတွင်း​၌​ကျွန်ုပ်​တို့ အဘယ်​သို့​သော​သူ​ဖြစ်​ကြောင်း အမှန်ပင်​ထင်ရှား​ပေါ်လွင်​စေ​သည်။ ဥပမာ၊ ကိုယ်ကျင့်တရား​ကိစ္စရပ်​များ​တွင် နှလုံးကို​စောင့်ရှောက်ခြင်း​၌ မတရားမေထုန် သို့​မဟုတ် သူ့​မယား​ကို​ပြစ်မှားခြင်း​အမှုကို ရှောင်ကြဉ်​ရုံ​မျှ​မ​က အကျုံးဝင်​၏။ ကိုယ်တော်​၏​တောင်ပေါ်​တရားတော်​၌ ယေရှု​ဤသို့​ဆို​သည်– “ကိ​လေ​သာ​စိတ်​နှင့် သူ့​မယား​ကို​ကြည့်​သော​သူသည် စိတ်နှလုံး​ထဲ​၌ ထို​မိန်းမ​နှင့်​ပြစ်မှား​ပြီ။” (မဿဲ ၅:၂၈) စိတ်နှလုံး​ထဲ​၌​ပင် ပြစ်မှားခြင်း​ကို ကျွန်ုပ်​တို့​မည်သို့​ရှောင်နိုင်​မည်​နည်း။

၁၁ တည်ကြည်သော​ဘိုးဘေး​ယောဘသည် အိမ်ထောင်သည်​ခရစ်ယာန်​အမျိုးသား၊ အမျိုးသမီးများ​အတွက် ပုံသက်သေ​ကို​ချမှတ်​ခဲ့​သည်။ ယောဘသည် အမျိုးသမီးငယ်​များနှင့် ရိုးရိုး​တမ်းတမ်း​ဆက်သွယ်မှု​များ​ရှိခဲ့​ပြီး သူတို့​အကူအညီ​လို​သည့်​အခါ သနား​ကြင်နာ​စွာ ကူညီပေး​ခဲ့​ပေမည်။ သို့သော် ဤ​သမာဓိ​စောင့်သိ​သူ၏​စိတ်ကူး​တွင်​ပင် သူတို့ကို​မတော်လျော်​သော​စိတ်ဝင်စားမှု အလျှင်း​မ​ပေါ်​ခဲ့​ပေ။ အဘယ်ကြောင့်​နည်း။ အကြောင်း​မူ​ကား အမျိုးသမီးများ​ကို တပ်မက်​စိတ်ဖြင့် ငေး​စိုက်​မကြည့်​မိဖို့ သူ​အခိုင်အမာ​သန္နိ​ဋ္ဌာန်​ချထား​သောကြောင့်​ပင်​ဖြစ်သည်။ “ငါသည် အပျို​ကို​မျှ​မကြည့်ရှု​မည်​အကြောင်း ကိုယ်​မျက်စိ​နှင့်​ပဋိညာဉ်​ဝန်ခံခြင်း​ကို​ပြု​ပြီ” ဟု​သူ​ဆို​ခဲ့​သည်။ (ယောဘ ၃၁:၁) ကျွန်ုပ်​တို့​လည်း ကိုယ်​မျက်စိ​နှင့် အလားတူ​ပဋိညာဉ်​ပြု​ကာ ကျွန်ုပ်​တို့၏​နှလုံးကို စောင့်ရှောက်​ကြ​စို့။

၁၂။ သင်၏​နှလုံးကို​စောင့်ရှောက်ခြင်း​နှင့်​ပတ်သက်​၍ လုကာ ၁၆:၁၀ ကို​မည်သို့​ကျင့်သုံး​မည်​နည်း။

၁၂ ဘုရားသခင့်​သားတော်​က “အနည်းငယ်​သော​အမှု၌​သစ္စာရှိ​သော​သူသည် ကြီးသော​အမှု၌​လည်း​သစ္စာရှိ​လိမ့်​မည်။ အနည်းငယ်​သော​အမှု၌​သစ္စာ​မရှိသော​သူသည် ကြီးသော​အမှု၌​လည်း​သစ္စာ​မရှိ” ဟု​အတိအလင်း​ဖော်ပြ​ခဲ့​သည်။ (လုကာ ၁၆:၁၀) မှန်ပါသည်၊ ကျွန်ုပ်​တို့၏​နေ့စဉ်​အသက်တာတွင် အသေးအဖွဲ​ဟု​ထင်​ရသော​ကိစ္စ​များ၊ မိမိတို့​နေအိမ်​တွင် လွတ်လွတ်လပ်လပ်​နေသော​အခါ​၌​ပင် ကျွန်ုပ်​တို့၏​အမူအကျင့်​တို့ကို စစ်ဆေး​ဖို့​လို​သည်။ (ဆာလံ ၁၀၁:၂) အိမ်​၌​ထိုင်​နေသော​အခါ၊ ရုပ်မြင်သံကြား​ကြည့်​နေသော​အခါ သို့​မဟုတ် အင်တာနက်​နှင့်​ဆက်သွယ်​ထားသော​အခါ ဤ​ကျမ်းစာ​သတိပေး​ချက်​ကို အသေအချာ​လိုက်နာ​သလော– “မတရားသော​မေထုန်​၌​မှီဝဲခြင်း၊ အမျိုးမျိုးသော​ကိ​လေ​သာ​ညစ်ညူး​ခြင်း၊ လောဘ​လွန်ကျူးခြင်း​အမှုတို့​ကို သန့်ရှင်းသူ​တို့သည်​ရှောင်သင့်​သည်​အတိုင်း၊ စကား​ဖြင့်​မျှ​မဆက်ဆံ​ကြ​နှင့်။ မတော်မလျော်​သော ညစ်ညူး​ပြ​က်​ပြ​ယ် ပြက်ရယ်​သော​စကား​များ​ကိုလည်း​ပယ် . . . ကြလော့။” (ဧဖက် ၅:၃၊ ၄) ရုပ်မြင်သံကြား သို့​မဟုတ် ဗီဒီယို​ဂိမ်း​စ်​များ​တွင်​တွေ့ရ​သော အကြမ်းဖက်မှု​များ​ကော။ ဆာလံဆရာ​က​ဤသို့​ဆို​၏– “ယေဟောဝါ​သည် ဖြောင့်မတ်​သူနှင့်​ဆိုးယုတ်သူ​ကို​ပါ စစ်ဆေး​တော်​မူ​၏။ အကြမ်းဖက်မှုကို​မြတ်နိုးသူ​အား ကိုယ်တော်​၏​စိုးလ်​ဝိညာဉ်​သည်​မုန်းတော်မူ​၏။”—ဆာလံ ၁၁:၅က​ဘ။

၁၃။ ကျွန်ုပ်​တို့​နှလုံး​ထဲ​မှ​ထွက်ပေါ်​လာ​ရာ​ကို ပြန်လည်​သုံးသပ်​သောအခါ အဘယ်​သတိပေး​ချက်​သည် ကျိုးကြောင်း​ဆီလျော်​သနည်း။

၁၃ ယေရမိ​က “စိတ်နှလုံး​သည် ခပ်သိမ်း​သော​အရာ​ထက် စဉ်းလဲ​တတ်၏။ အလွန်​ယိုယွင်းသော​သဘော​ရှိ၏” ဟု​သတိပေး​ခဲ့​သည်။ (ယေရမိ ၁၇:၉) ကျွန်ုပ်​တို့၏​နှလုံး​သည်​စဉ်းလဲ​ကြောင်း ကျွန်ုပ်​တို့​အမှား​များ​ကို ဆင်ခြေပေး​ခြင်း၊ ချွတ်ယွင်းချက်​များ​ကို အသေးအဖွဲ​ဖြစ်စေ​ခြင်း၊ ပင်ကို​အကျင့်​စရိုက်​ဆိုး​များ​ကို ဆင်ခြေပေး​ရှင်းလင်းချက်​တင်ပြခြင်း​ပြုသော​အခါ သို့​မဟုတ် ပြီးမြောက်​အောင်မြင်မှု​များ​ကို ပုံကြီးချဲ့​သောအခါ ပေါ်လွင်​နိုင်​သည်။ ထင်ရာစိုင်း​တတ်သော​နှလုံး​သည် ပုံစံ​နှစ်မျိုး—ချိုသာ​သည့်​အပြော​က တစ်မျိုး၊ အလုပ်​က အခြား​တစ်မျိုး—ဖမ်း​နိုင်​သည်။ (ဆာလံ ၁၂:၂; သု. ၂၃:၇) နှလုံး​ထဲ​မှ​ထွက်​သမျှ​ကို ကျွန်ုပ်​တို့​စစ်ဆေး​ရာ​တွင် ရိုးသား​ဖို့​အရေးကြီး​လှ​သည်​တကား!

ကျွန်ုပ်​တို့၏​မျက်စိ ရိုးရှင်း​သလော

၁၄၊ ၁၅။ (က) ‘ရိုးရှင်း’ သော​မျက်စိ​ကား အဘယ်နည်း။ (ခ) မျက်စိ​ကို​ရိုးရှင်း​စွာ​ထားခြင်း​က ကျွန်ုပ်​တို့၏​နှလုံးကို​စောင့်ရှောက်​ရန် မည်သို့​ထောက်ကူ​ပေး​သနည်း။

၁၄ “မျက်စိ​ကား ကိုယ်​၏​ဆီ​မီး​ဖြစ်၏။ ထို့​ကြောင့် မျက်စိ​ကြည်လင် [“ရိုးရှင်း၊” က​ဘ] လျှင် တစ်ကိုယ်လုံး​လင်း​လိမ့်​မည်” ဟု​ယေရှု​ဆို​ခဲ့​သည်။ (မဿဲ ၆:၂၂) ရိုးရှင်း​သော​မျက်စိသည် ပန်းတိုင် သို့​မဟုတ် ရည်ရွယ်ချက်​တစ်ခု​တည်း​ကို​သာ အာရုံ​စူးစိုက်​ပြီး ယင်း​မှ အာရုံပြောင်း​လွဲ​ခြင်း သို့​မဟုတ် လမ်းကြောင်း​ပြောင်း​ခြင်း​မရှိ​ချေ။ ကျွန်ုပ်​တို့၏​မျက်စိသည် “ဘုရားသခင်​၏​နိုင်ငံတော်​နှင့် ဖြောင့်မတ်ခြင်း​တရားတော်​ကို ရှေးဦး​စွာ​ရှာ” ခြင်း​အပေါ် အမှန်ပင်​အာရုံ​စူးစိုက်​သင့်​သည်။ (မဿဲ ၆:၃၃) ကျွန်ုပ်​တို့၏​မျက်စိ​ကို ရိုးရှင်း​စွာ​မထား​လျှင် ကျွန်ုပ်​တို့၏​ပုံဆောင်​နှလုံး​သည် အဘယ်​သို့​ဖြစ်သွား​နိုင်​သနည်း။

၁၅ အသက်မွေး​ဝမ်း​ကြောင်း​ပြုခြင်း​ကိစ္စ​ကို သုံးသပ်ကြည့်​ပါ။ မိသားစု​လိုအပ်ရာ​ကို ရှာဖွေ​ပြုစုပေး​ခြင်း​သည် ခရစ်ယာန်​လိုအပ်ချက်​တစ်ခု​ဖြစ်၏။ (၁ တိမောသေ ၅:၈) သို့သော် နောက်ဆုံး​ပေါ်၊ အကောင်းဆုံး​နှင့် အနှစ်သက်ဆုံး​အစားအစာ၊ အဝတ်အစား၊ နေစရာ​နေရာ​နှင့် အခြား​အရာများ​ကို တပ်မက်​လိုချင်​စိတ်​ရှိလျှင်​ကော။ ၎င်း​သည် ကျွန်ုပ်​တို့၏​စိတ်​နှင့်​နှလုံးကို အမှန်ပင်​ကျွန်​ဘဝ​ရောက်​စေပြီး ဝတ်ပြုရေးတွင် နှလုံး​တစ်ဝက်​တစ်​ပျက်​ဖြစ်စေ​နိုင်​သည်မဟုတ်​လော။ (ဆာလံ ၁၁၉:၁၁၃; ရောမ ၁၆:၁၈) ကျွန်ုပ်​တို့၏​ဘဝ​သည် မိသားစု၊ စီးပွားရေး​နှင့် ရုပ်ပစ္စည်း​များနှင့်​ချည်း လုံးပန်း​နေရ​သည့်​အထိ ကာယရေး​လိုအပ်ရာ​များ​အတွက်သာ အဘယ်ကြောင့်​အာရုံနစ်​မြုပ်​နေရ​မည်​နည်း။ ဤ​မှုတ်သွင်းခံ​အကြံပေး​ချက်​ကို သတိရပါ– “သင်တို့သည် ကိုယ်ကို​ကိုယ်​သတိပြု​ကြလော့။ သို့​မဟုတ် အစားအသောက်​လွန်ကြူး​ခြင်း၊ လော[က]စိုးရိမ်ခြင်း​အားဖြင့် စိတ်နှလုံး​ပင်ပန်း​လျက်​နေစဉ်​တွင်၊ ထို​နေ့ရက်​သည် အမှတ်တမဲ့​သင်တို့​နှင့်​တွေ့ကြုံ​လိမ့်​မည်။ ထို​နေ့ရက်​သည် ပိုက်ကွန်​ကဲ့သို့ မြေတစ်ပြင်လုံး၌​နေသော​လူအပေါင်း​တို့ကို အုပ်မိ​လိမ့်​မည်။”—လုကာ ၂၁:၃၄၊ ၃၅

၁၆။ မျက်စိ​နှင့်​ပတ်သက်​၍ ယေရှု အဘယ်​အကြံပေး​ခဲ့​သနည်း၊ အဘယ်ကြောင့်​နည်း။

၁၆ စိတ်​နှင့်​နှလုံး​ထံ​ဆက်သွယ်​သော အဓိက​လမ်းကြောင်း​မှာ မျက်စိ​ဖြစ်သည်။ မျက်စိ​အာရုံစိုက်​သည့်​အရာ​သည် ကျွန်ုပ်​တို့၏​အတွေးအခေါ်​များ၊ စိတ်​လှုပ်ရှားမှုများ​နှင့် အပြု​အမူ​များ​ကို များစွာ​သြဇာလွှမ်း​နိုင်​သည်။ ယေရှုသည် မျက်စိ​သွေးဆောင်မှု​၏​သြဇာ​ကို ပုံ​ပ​မာ​စကား​ဖြင့် ဤသို့​ဖော်ပြ​ခဲ့​သည်– “ထို့​ကြောင့် လက်ယာ​မျက်စိ​ဖြစ်သော်လည်း သင့်ကို​မှားယွင်း​စေ​လျှင် ထို​မျက်စိ​ကို​ထုတ်ပစ်​လော့။ တစ်ကိုယ်လုံး ငရဲ​သို့​ချ​ခြင်း​ကို​ခံရ​သည်ထက် အင်္ဂါ​တစ်ခု​ပျက်​သော် သာ၍​ကောင်း​၏။” (မဿဲ ၅:၂၉) မတော်လျော်​သော​မြင်ကွင်း​များ​ကို အာရုံမပြု​မိ​ရန် မျက်စိ​ကို ချုပ်ထိန်း​ရ​ပေမည်။ ဥပမာ၊ မ​လျောက်ပတ်​သော​ရာဂစိတ်​နှင့် ဆန္ဒ​များ​ထကြွ​နှိုးဆွ​ပေး​ရန် ရည်ရွယ်​၍​ထုတ်ဝေ​ထားသော အရာများ​ကို စူးစိုက်​ကြည့်​ရန် ယင်းကို​ခွင့်​မပြုရ​ပါ။

၁၇။ ကောလောသဲ ၃:၅ ကို​ကျင့်​ခြင်း​က နှလုံးကို​စောင့်ရှောက်​ရန် မည်သို့​အထောက်အကူ​ရသနည်း။

၁၇ ကျွန်ုပ်​တို့သည် အမြင်​အာရုံ​တစ်ခု​တည်း​ဖြင့်​သာ ပြင်ပ​လောက​နှင့် အဆက်အသွယ်​ပြု​ကြသည်​မဟုတ်ပါ။ အထိအတွေ့​နှင့် ကြားနိုင်စွမ်း​စ​သည့် အခြား​အာရုံများ​က​လည်း ၎င်း​တို့​ကဏ္ဍ​ကို​ထမ်းဆောင်​ကြ​ရာ သက်ဆိုင်ရာ​ကိုယ်​အင်္ဂါများ​ကိုလည်း ကျွန်ုပ်​တို့​ကြိုတင်​ကာကွယ်​ဖို့​လို​သည်။ တမန်​တော်​ပေါလု​က ဤသို့​တိုက်တွန်း​ခဲ့​သည်– “ထို​ကြောင့် မတရားသော​မေထုန်​၌​မှီဝဲခြင်း၊ ညစ်ညူး​စွာ​ကျင့်​ခြင်း၊ ကိ​လေ​သာ​ပူပန်ခြင်း၊ ဆိုးညစ်သော​တပ်မက်​ခြင်း၊ . . . ကိုကိုး​ကွယ်​ခြင်း​ဖြစ်သော လောဘ​လွန်ကျူးခြင်း​တည်း​ဟူသော၊ မြေကြီး​ပေါ်မှာ​ရှိသော သင်တို့၏​ကိုယ်​အင်္ဂါ​တို့ကို သေစေ​ကြလော့။”—ကောလောသဲ ၃:၅

၁၈။ မတော်လျော်​သော​အတွေး​များနှင့်​ပတ်သက်​၍ အဘယ်​ဆောင်ရွက်မှု​များ​ကို ကျွန်ုပ်​တို့​ပြုသင့်​သနည်း။

၁၈ ကျွန်ုပ်​တို့၏​စိတ်ထဲ​တွင် မတော်လျော်​သော​လိုအင်ဆန္ဒ​များ စ​ပေါ်ထွက်​လာနိုင်​သည်။ ယင်း​တို့ကို ကြာရှည်​တွေးတောခြင်း​ဖြင့် မတော်လျော်​သော​ဆန္ဒ​ကို တိုး၍​ပြင်းထန်​လာ​စေ​ရာ နှလုံးကို​လွှမ်းမိုး​စေ​သည်။ ထို​အခါ “တပ်မက်သော​စိတ်​သည် ပဋိသန္ဓေ​ယူ၍ [မကောင်းမှု] ကို​ဖွား​တတ်၏။” (ယာကုပ် ၁:၁၄၊ ၁၅) ဤနည်းဖြင့် တစ်ကိုယ်တည်း​ရာဂစိတ်​ဖြေ​သည့်​အဖြစ်သို့ ရောက်​သွားလေ့​ရှိကြောင်း လူအများ​ဝန်ခံ​ကြသည်။ ထို့​ကြောင့် ဝိညာဉ်​ရေးရာ​များနှင့် ကျွန်ုပ်​တို့၏​စိတ်​ကို​ဖြည့်​ထား​ဖို့ တကယ်​အရေးကြီး​လှ​သည်​တကား! (ဖိလိပ္ပိ ၄:၈) ကျွန်ုပ်​တို့​စိတ်ထဲ​တွင် မတော်လျော်​သော​အတွေး ဝင်လာ​ခဲ့​သော် ယင်းကို ကြိုးစား​ဖျောက်ဖျက်​သင့်​ပေ​သည်။

‘စုံလင်သော​နှလုံး​နှင့် ယေဟောဝါ​အား​ဝတ်ပြု​လော့’

၁၉၊ ၂၀။ စုံလင်သော​နှလုံး​နှင့် ယေဟောဝါ​အား​ဝတ်ပြု​ရန် ကျွန်ုပ်​တို့​မည်သို့​အောင်မြင်​နိုင်​မည်​နည်း။

၁၉ အိုမင်း​လာ​သည့်​အခါ ဘုရင်​ဒါဝိဒ်က သူ၏​သားကို ဤသို့​မှာကြား​ခဲ့​သည်– “ငါ့​သား​ရှောလမုန်၊ သင့်​အဘ​၏​ဘုရားသခင်​ကို​သိ​လော့။ စုံလင်သော​နှလုံး၊ ကြည်ညို​သော​စိတ်သဘော​နှင့်​ဝတ်ပြု​လော့။ ထာဝရ​ဘုရား​သည် ခပ်သိမ်း​သော​စိတ်နှလုံး​တို့ကို​စစ်၍ အကြံအစည်​ရှိ​လေ​သမျှ​တို့ကို သိတော်မူ၏။” (၁ ရာဇဝင်ချုပ် ၂၈:၉) ရှောလမုန်​ကိုယ်တိုင် ‘နာခံ​တတ်သော​နှလုံး’ ရှိဖို့​ဆုတောင်း​ခဲ့​သည်။ (၃ ဓမ္မ​ရာဇဝင် ၃:၉) သို့​တိုင် သူ၏​ဘဝ​တစ်လျှောက်​လုံး ထိုသို့​သော​နှလုံးကို ဆက်​ထိန်းသိမ်း​ထား​ရသည့်​စိန်ခေါ်ချက်​ကို သူ​ရင်ဆိုင်ခဲ့​ရ၏။

၂၀ ယင်း​နှင့်​ပတ်သက်​၍  ကျွန်ုပ်​တို့​အောင်မြင်​လိုလျှင် ယေဟောဝါ​၏​နှလုံးတော်​နှင့်​ညီညွတ်သော​နှလုံးကို ရယူ​ရုံ​မ​က နှလုံးကို​စောင့်ရှောက်​ဖို့​လည်း​လို​သည်။ ယင်းကို​အထမြောက်​စေရန် ဘုရားသခင့်​စကားတော်​ရှိ သတိပေး​ချက်​များ​ကို ကျွန်ုပ်​တို့၏​နှလုံး—‘အတွင်း​၌’ ထည့်​ထား​ရမည်။ (သု. ၄:၂၀-၂၂) ကျွန်ုပ်​တို့၏​နှလုံးကို​စစ်ဆေး​သည့်​အကျင့်​လည်း​လုပ်သင့်​ကာ ကျွန်ုပ်​တို့၏​အပြော​နှင့် အလုပ်​တို့​က အဘယ်အရာကို​ထင်ရှား​ပေါ်လွင်​စေ​ကြောင်း ဆုတောင်း၍​စဉ်းစား​ရန်ဖြစ်​သည်။ ကျွန်ုပ်​တို့​တွေ့ရှိ​သော အားနည်းချက်​တစ်ခုခု​ကို တည့်မတ်​ရန် ယေဟောဝါ​၏​အကူအညီကို ဇွဲရှိ​ရှိ​ဖြင့်​မ​ရှာယူ​လျှင် ထိုသို့​ဆင်ခြင်​စဉ်းစားခြင်း​သည် အဘယ်​အကျိုးရှိ​မည်​နည်း။ ထို့​ပြင် ကျွန်ုပ်​တို့၏​အာရုံများ​အားဖြင့် ကျွန်ုပ်​တို့​အဘယ်အရာကို သွင်း​ယူ​နေကြောင်း သတိ​ရှိဖို့ အလွန်​အရေးပါ​သည်​တကား! ဤသို့​ပြု​ရာ​တွင် “အဘယ်သူမျှ​ကြံ​၍​မမီ​နိုင်သော ဘုရားသခင်​၏​ငြိမ်သက်ခြင်း​သည် ယေရှု​ခရစ်​အားဖြင့် [ကျွန်ုပ်​တို့၏] စိတ်နှလုံး​တို့ကို စောင့်မ​လိမ့်​မည်” ဟူသော​အာမခံချက်ကို ကျွန်ုပ်​တို့​ရရှိ​ထား​ကြသည်။ (ဖိလိပ္ပိ ၄:၆၊ ၇) မှန်ပါသည်၊ ကာကွယ်​ရန်ဖြစ်​သော ကျွန်ုပ်​တို့၏​နှလုံးကို အခြား​အရာအားလုံး​တို့​ထက် ကာကွယ်​စောင့်ရှောက်​ပြီး စုံလင်သော​နှလုံး​နှင့် ယေဟောဝါ​အား​ဝတ်ပြုဖို့ စိတ်ပိုင်းဖြတ်​ထား​ကြပါစို့​လေ။

သင်​မှတ်မိ​သလော

• နှလုံးကို​စောင့်ရှောက်​ဖို့ အဘယ်ကြောင့်​အရေးကြီး​သနည်း။

• ကျွန်ုပ်​တို့၏​နှလုံးကို​စောင့်ရှောက်​ရန် ကျွန်ုပ်​တို့​ပြောဆို​သော​စကား​ကို ဆန်းစစ်​ကြည့်​ခြင်း​က မည်သို့​အကူအညီ​ဖြစ်စေ​သနည်း။

• ကျွန်ုပ်​တို့၏​မျက်စိ​ကို အဘယ်ကြောင့် ‘ရိုးရှင်း’ စွာ​ထား​သင့်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

လယ်ကွင်း​လုပ်ငန်း၊ အစည်းအဝေးများနှင့် အိမ်​၌ အဘယ်​အကြောင်းကို ကျွန်ုပ်​တို့​ပြောဆို​လေ့​ရှိ​သနည်း

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ရိုးရှင်း​သော​မျက်စိသည် အာရုံပြောင်း​လွဲ​ခြင်း​မရှိ