မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အင်ဒီးစ်တောင်တန်းပေါ်တွင် အသက်ပေး ရေစီးဆင်းနေ

အင်ဒီးစ်တောင်တန်းပေါ်တွင် အသက်ပေး ရေစီးဆင်းနေ

အင်ဒီးစ်​တောင်တန်း​ပေါ်​တွင် အသက်ပေး ရေ​စီးဆင်း​နေ

အင်ဒီးစ်​တောင်တန်း​များသည် ပီရူး​နိုင်ငံ​အလယ်ပိုင်း​တွင် သွယ်​တန်း​သွားပြီး ယင်း​နိုင်ငံ​ကို အနောက်ပိုင်း ခြောက်သွေ့​သော ပင်လယ်​ကမ်းခြေ​ဒေသနှင့် အရှေ့ပိုင်း မြေ​သြဇာ​ကောင်းပြီး စိုစွတ်​သည့်​သစ်တော​ဒေသ​အဖြစ်သို့ ပိုင်းခြား​ပေး​သည်။ ဤ​တောင်ရိုး​ပေါ်​တွင် ပီရူး​နိုင်ငံ​၏​လူဦးရေ ၂၇ သန်း​၏​သုံးပုံတစ်ပုံ​ကျော် နေထိုင်ကြ​သည်။ သူတို့သည် အင်ဒီးစ်​၏​မြင့်မားသော​ကုန်းပြင်မြင့်​များနှင့် မတ်စောက်​သော​တောင်စောင်း​များ​တွင် လည်းကောင်း၊ ခွေးသွားစိပ်​ပုံ​တောင်တန်း​၏ အလွန်​နက်​သော​တောင်ကြား​များနှင့် မြေ​သြဇာ​ကောင်းမွန်သော ချိုင့်ဝှမ်း​များ​တွင်​လည်းကောင်း နေထိုင်ကြ​သည်။

ခက်ခဲ​ကြမ်းတမ်းသော အင်ဒီးစ်​တောင်တန်း​များ​ကြောင့် အပြင်လူ​များ အလွယ်တကူ​မ​ရောက်လာ​နိုင်​ကြ​ချေ။ ရလဒ်​ကား၊ ထို​တွင်​နေထိုင်ကြ​သော သန်း​ချီ​သော​သူတို့သည် အတော်အတန်​သီးခြား​ဖြစ်နေ​ကြ​ပြီး သူတို့၏​နယ်မြေ​ပြင်ပ​ရှိ အဖြစ်အပျက်​များနှင့် ကြီးပွား​တိုးတက်မှု​များ​ကို အများအားဖြင့် မသိ​ရှိကြ​ချေ။

ကောက်ပဲသီးနှံ​များနှင့် လာ​မာ၊ အယ်​လ​ပါ​ကား၊ ဗစ်​ကျူ​နာ​နှင့် သိုး​စ​သော တိရစ္ဆာန်​အုပ်​များ​အတွက် လိုအပ်သော​ရေ​ရရှိရန် ချောင်းများ​တစ်လျှောက် ရွာ​ငယ်​လေး​များ​ကို စ​တည်​လာ​ခဲ့​သည်။ သို့သော် အင်ဒီးစ်​တောင်တန်း​တွင် စီးဆင်း​နေသော အသက်ရှင်​စေသည့်​ရေ နောက်ထပ်​တစ်မျိုး​ရှိသည်၊ ၎င်းမှာ “အသက်​စမ်းရေ​တွင်း” ယေဟောဝါ​ထံ​မှ စီးဆင်းလာ​သည့် လန်းဆန်း​စေသော​ဝိညာဉ်​ရေး​ရေ​ဖြစ်သည်။ (ယေရမိ ၂:၁၃) ဘုရားသခင်​သည် မိမိ​နှင့် မိမိ၏​ရည်ရွယ်ချက်များ​နှင့်​ပတ်သက်​၍ တိကျ​မှန်ကန်သော​အသိပညာ​ရရှိစေရန် အင်ဒီးစ်​တောင်တန်း​အထက်တွင် နေထိုင်ကြ​သူများကို​ကူညီ​ပေးဖို့ ကိုယ်တော်​၏​သက်သေခံ​များ​ကို အသုံးပြု​တော်​မူ​သည်။—ဟေရှာယ ၁၂:၃; ယောဟန် ၁၇:၃

“လူအပေါင်း​တို့သည် ကယ်တင်ခြင်း​သို့​ရောက်​၍ [အမှန်တရား]ကို​သိစေ​ခြင်း​ငှာ” ဘုရားသခင်​အလိုတော်​ရှိသောကြောင့် ဤ​ခရစ်ယာန်​ဓမ္မ​အမှုဆောင်​များသည် သမ္မာကျမ်းစာ​မှ အသက်ပေး​သတင်းတရား​သယ်ဆောင်​၍ ရောက်ရှိ​ရန်​ခက်ခဲ​သော​နယ်မြေ​များ​သို့ အစွမ်းကုန်​ကြိုးစား​သွား​ကြသည်။ (၁ တိမောသေ ၂:၄) ဤ​ကျမ်းစာ​အခြေပြု​သတင်းတရားသည် ဉာဏ်​အလင်း​ပေး​ပြီး မြင့်မြတ်​လှ​၏။ ယင်းက စိတ်နှလုံး​ရိုး​ဖြောင့်သော​ဒေသခံ​များ​ကို သေလွန်သူ​များ၊ ဆိုးညစ်သော​နတ်ဆိုး​များနှင့် သဘာဝ​စွမ်းအင်​များ​ကို ကြောက်ရွံ့​စေသည့် အယူသီးမှု​များ၊ ဓလေ့​ထုံးစံ​များနှင့် အတွေးအခေါ်​များ​မှ လွတ်မြောက်​စေ​ခဲ့ပြီ။ ထို့​ထက်​အရေးကြီး​သည်​မှာ ဤ​သတင်းတရားသည် မြေကြီး​ပရဒိသု​တွင် ဘုန်း​ကျက်သရေ​ရှိသော အဆုံးမဲ့​အသက်ရှင်ခြင်း မျှော်လင့်ချက်ကို​ပေး​သည်။

ကြိုးစား​အားထုတ်ခြင်း

အဆိုပါ​ဝေးလံ​သော​ဒေသ​များ​သို့ လည်ပတ်​ရောက်ရှိ​သော ဘုရားသခင့်​နိုင်ငံတော်​ဟောပြောသူများ​သည် ပြုပြင်​ပြောင်းလဲမှု​များစွာ ပြုလုပ်​ကြ​ရသည်။ လူတို့၏​နှလုံးကို​ထိမိ​ကြ​ရန် ကျမ်းစာ​သွန်သင်ပေး​သူများ​သည် ဒေသခံ​ဘာသာ​စကား​နှစ်ခု​ဖြစ်သည့် ကွီ​ချူ​ဝါ သို့​မဟုတ် အိုင်​မာ​ရာ​ဘာသာ​စကား​တို့ကို အနည်း​အကျဉ်း​သိဖို့​လို​သည်။

အင်ဒီးစ်​တောင်တန်း​များ​ရှိ ရွာများ​သို့​ရောက်ရှိ​ရန် မလွယ်ကူ​လှ​ပေ။ အဆိုပါ​ဒေသ​များ​သို့​ရောက်​သည့် မီးရထားလမ်း​များ​မရှိ​ချေ။ သယ်ယူ​ပို့ဆောင်​ရေး​သည် စိုးရိမ်​ရ​ဖွယ်​ရှိပြီး ဆိုးရွား​သော​ရာသီဥတု​နှင့် ပုံမှန်​မဟုတ်သော​မြေ​အနေအထား​ကို​ပါ တွေ့ရှိ​ကြ​ရ​ပေမည်။ သို့​ဖြစ်၍ သက်သေခံ​များသည် ဘုရားသခင့်​နိုင်ငံတော်​သတင်းတရားကို လူ​တို့​ထံ မည်သို့​သယ်ဆောင်​ကြ​သနည်း။

ရဲစွမ်းသတ္တိ​ရှိသော သတင်းကောင်း​ဟောပြောသူများ​သည် ထို​စိန်ခေါ်ချက်​ကို​ရင်​ဆိုင်၍ “အကျွန်ုပ်​ရှိပါ၏။ အကျွန်ုပ်​ကို စေလွှတ်​တော်​မူ​ပါ” ဟု​ပရောဖက်​ဟေရှာယ​၏​စိတ်ဓာတ်​ဖြင့် တုံ့ပြန်​ခဲ့​ကြသည်။ (ဟေရှာယ ၆:၈) မြောက်ပိုင်း၊ အလယ်ပိုင်း​နှင့် တောင်ပိုင်း​ဒေသ​များ​သို့​သွား​ရန် ကား​အိမ်သုံး​စီး​ကို သူတို့​အသုံးပြု​ခဲ့​ကြသည်။ ကျမ်းစာ​နှင့် ကျမ်းစာ,စာပေ​များစွာကို​ယူဆောင်​သွား​ကြ​ကာ စိတ်အား​ထက်သန်​သော ရှေ့ဆောင်​များ သို့​မဟုတ် အချိန်ပြည့်​ခရစ်ယာန်​ဓမ္မ​အမှုဆောင်​များသည် ထို​တွင်​နေထိုင်ကြ​သည့် ဖော်ရွေ​ပြီး ဧည့်ဝတ်​ပျူ​ငှာ​သော စိတ်နှလုံး​ရိုးသား​သူများ​ကြား​တွင် ကျမ်းစာ​အမှန်တရား​မျိုးစေ့​များ ကြဲ​ခဲ့​ကြ​၏။

အထူးသဖြင့် တောင်​ပတ်​လမ်းများ​သည် အထူး​အန္တရာယ်​ရှိသည်။ ဤ​အကွေ့​အချို့​တွင် ယာဉ်များ​ကို ရှေ့​တိုး​နောက်ဆုတ်​မောင်းနှင်​ကြ​ရ၏။ ကား​ကို ဤသို့​မောင်းနှင်​နေစဉ် ဘတ်စကား​နောက်​ခုံ​တွင်​ထိုင်​နေသော သာသနာပြု​တစ်ဦး​သည် ပြတင်းပေါက်​မှ​ကြည့်​လိုက်​ရာ နောက်​ဘီး​တစ်​ဘီး​သည်​ပေ ၆၀၀ ကျော်​နက်​သည့် ချောက်​ကမ်းပါး​အစွန်းနား​ပေါ်​တင်​နေသည်​ကို သတိပြုမိ​လိုက်​သည်! ရှေ့သို့ ဘတ်စကား​မ​ရွေ့​မချင်း သူ​မျက်စိမှိတ်​ထားခဲ့​၏။

အချို့​သော​လမ်း​သည် ကြမ်းတမ်း​ပြီး အလွန်​ကျဉ်း​သည်။ ဤ​ကြမ်းတမ်း​သည့်​နယ်မြေ​တွင် ကား​အိမ်​တစ်စီး​ကို လမ်းကျဉ်း​လေး​တစ်ခု​အပေါ် မောင်း​သွား​နေစဉ် ကုန်တင်ကား​တစ်စီး​နှင့် ထိပ်တိုက်​ဆုံ​မိ​သည်။ ထို​အခါ ကား​နှစ်​စီး​ဖြတ်ကျော်​နိုင်​သည့် နေရာ​အထိ​ရောက်​အောင် ကား​အိမ်ကို တောင်ကုန်း​ပေါ်​တွင် နောက်ဆုတ်​ပေး​ခဲ့​ရ၏။

မည်သို့​ပင်​ဖြစ်ပါစေ၊ ထိုသို့​သော​မဆုတ်မနစ်​ဇွဲ​ကြောင့် ထူးခြားသော​ရလဒ်များ ရရှိခဲ့​၏။ ဤ​ကြိုးစား​မှုများ​အကြောင်း ပိုမို​သိ​လို​ပါသလော။

တိ​တိ​ကာကာ​အိုင်​ကို “ရေလောင်းခြင်း”

ပင်လယ်ရေ​မျက်နှာပြင်​အထက်​ပေ ၁၂,၅၀၀ မြင့်သော အင်ဒီးစ်​တောင်တန်း​များ​၏ ချိုင့်ဝှမ်း​တစ်ခု​တွင်​တည်ရှိ​သော တိ​တိ​ကာကာ​အိုင်​သည် ကမ္ဘာ​ပေါ်​တွင် အမြင့်ဆုံး​ကုန်​တွင်း​ပိုင်း​ကျ​သော​အိုင်​ဖြစ်​ပြီး ၎င်း​တွင် ရေ​ယာဉ်များ​ဖြင့် သွားလာ​နိုင်​သည်။ ပေ ၂၁,၀၀၀ ကျော်​မြင့်သော နှင်းဖုံး​တောင်ထိပ်​အချို့​သည် တိ​တိ​ကာကာ​အိုင်​ကို ရေဖြည့်​ပေး​သည့် မြစ်ချောင်း ၂၅ ခု​၏​မြစ်ဖျား​ဖြစ်သည်။ မြင့်မား​မှု​ကြောင့် ရာသီဥတု​အေးချမ်း​ပြီး ဒေသခံ​မဟုတ်​သူတို့သည် အမြင့်ပေ​ကြောင့် မူး​တတ်ကြ​သည်။

တစ်ချိန်​တစ်ခါ​က ကွီ​ချူ​ဝါ​နှင့် အိုင်​မာ​ရာ​စကားပြော​တတ်သော ရှေ့ဆောင်​တစ်စု​သည် တိ​တိ​ကာကာ​အိုင်​ရှိ အာမာန်တာနီ​နှင့် တေ​ကီ​လေ​ကျွန်း​များ​သို့ သွားခဲ့​ကြသည်။ သူတို့သည် ခရစ်ယာန်ဘောင်​၏​မှားယွင်းမှု​များ​ကို ပွင့်လင်း​စွာ​ဆန်းစစ်​ထားသော “ချာ့ခ်ျ​များ​ကို အနီးကပ်​ကြည့်ရှု​ခြင်း” အမည်​ရှိ ဆ​လိုက်​ပုံ​များ​ကို​ပါ ယူဆောင်​သွား​ကြသည်။ ယင်းကို ကောင်းစွာ​လက်ခံခဲ့သည်။ လူတစ်ဦး​သည် ညီအစ်ကို​များ​ကို ဝမ်းမြောက်​စွာ​ကြိုဆို​ကာ သူတို့​နေထိုင်ပြီး ကျမ်းစာ​သင်ပေး​နိုင်​ဖို့ သူ့​အိမ်​ရှိ​အခန်း​ကျယ်​ကြီး​တစ်ခု​ကို​ပေး​ခဲ့​သည်။

အာမာန်တာနီ​တွင်​ကျင်းပ​သော ပထမဦးဆုံး​အစည်းအဝေး​ကို​တက်ရောက်သူ ၁၀၀ ရှိသည်; တေ​ကီ​လေ​တွင်​ကျင်းပ​သော အစည်းအဝေး​ကို​လူ ၁၄၀ တက်ရောက်​ခဲ့​၏။ ကွီ​ချူ​ဝါ​ဘာသာ​စကား​ဖြင့် တင်ဆက်​ဟောပြောခဲ့​သည်။ ယခင်​က ကျွန်းကြီး​ပေါ်​တွင်​နေထိုင်ခဲ့​ကြသော ဇနီး​မောင်နှံ​တစ်စုံ​က ဤသို့​ပြော​ခဲ့​သည်– “ခင်ဗျား​တို့​ယေဟောဝါသက်သေ​တွေ ကျွန်တော်​တို့ကို သတိ​ရဖို့​အချိန်တန်​နေပြီ။ ခင်ဗျား​တို့​လာပါစေလို့ ကျွန်တော်​တို့​ဆုတောင်း​ခဲ့​ကြ​တာ။”

အဆိုပါ​ကျွန်းကြီး​နှစ်​ကျွန်း​အပြင် တိ​တိ​ကာကာ​အိုင်​တွင် ခန့်မှန်းခြေ “ရေပေါ်” ကျွန်း ၄၀ ရှိရာ အချို့​တွင်​လည်း သတင်းကောင်း​ရောက်ရှိ​ခဲ့ပြီ။ ရေပေါ်​ကျွန်း​များ​ကား အဘယ်နည်း။ ၎င်းတို့သည် ထို​အိုင်​၏​ရေ​တိမ်​ပိုင်း​အချို့​တွင်​ပေါက်​နေသော တို​တို​ရ​တ်စ်​ကျူပင်​များ​ဖြင့် ပြုလုပ်​ထားခြင်း​ဖြစ်သည်။ တို​တို​ရ​တ်စ်​သည် ရေ​ထဲ​မှ​ပေါက်​၍ ရေ​မျက်နှာပြင်​ပေါ်​တွင် ထိုး​ထွက်​နေသည်။ ကျွန်း​တစ်ကျွန်း​ဖြစ်ပေါ်​လာ​စေရန် ဒေသခံ​များသည် ကန်​အောက်​မြေမျက်နှာပြင်​ပေါ် အမြစ်စွဲ​ပေါက်​နေသော ကျူပင်​များ​ကို​လိမ်ယှက်​၍ စင်မြင့်​ပ​မာ ပြုလုပ်​လိုက်​သည်။ ထို့နောက် ၎င်း​စင်မြင့်​ကို ရွှံ့​နှင့်​ဖိ​သိပ်​ကာ ၎င်း​အပေါ်​တွင် နောက်ထပ်​ဖြတ်​ထားသော​ကျူပင်​များ​ဖြင့် မြဲမြံ​ခိုင်ခံ့​စေ​သည်။ ယင်း​အပေါ်​တွင် ကျူတဲ​များ​ဆောက်လုပ်​၍ လူ​တို့​နေထိုင်ကြ​သည်။

ယေဟောဝါသက်သေ​များသည် တိ​တိ​ကာကာ​အိုင်​၏​ကျွန်း​များ​ပေါ်​ရှိ လူ​တို့ကို ဟောပြောရန် လှေ​တစ်စင်း​ဝယ်ထား​ကြသည်။ ယင်း​လှေ​သည်​လူ ၁၆ ဦး​ကို​သယ်ဆောင်​နိုင်၏။ သက်သေခံ​များသည် ရေပေါ်​ကျွန်း​များ​သို့ ကမ်း​ကပ်​ပြီး​နောက် ကျူခင်း​ပေါ်​တက်​၍ တစ်အိမ်​မှ​တစ်အိမ် ခြေကျင်​သွား​ဟော​ကြသည်။ ၎င်း​ကျူခင်းပြင် အနည်းငယ်​လှုပ်​နေသည်​ကို သူတို့​ခံစားရ​ကြောင်း​ပြောပြ​သည်။ ယင်းသည် လှိုင်း​မူး​တတ်​သူ​များနေ​ရန် မသင့်​ချေ။

အိုင်​မာ​ရာ​ဘာသာ​စကားပြော​ဆို​သူများ​မှာ​မူ ကမ်းခြေ​တစ်လျှောက်​ရှိ ရပ်ကွက်​များ၊ ရွာများ​နှင့် ထို​အိုင်​ထဲ ငေါ​ထွက်​နေသော​ကျွန်းဆွယ်​များ​ပေါ်​တွင် နေထိုင်ကြ​၏။ ဤ​နေရာများ​သို့ ခြေကျင်​ထက် လှေ​ဖြင့်​သွားဖို့ ပို​လွယ်ကူ​သည်။ စုစုပေါင်း​လူ ၄၀၀,၀၀၀ ခန့်​နေထိုင်​သည့် ဤ​နယ်မြေ​ဒေသ​သို့ လှေများ​ဖြင့် ဘုရားသခင့်​နိုင်ငံတော်​သတင်းတရားကို သယ်ယူ​ပို့ဆောင်​ပေး​နေပါ​သည်။ ဤ​လှေများ​သည် အတန်ကြာ အလုပ်များ​နေကြ​ပေ​ဦး​မည်။

ဝိညာဉ်​ရေး​ဆာလောင်မှု​ပြေစေ​ခြင်း

ဖလာဗ်​ယို​သည် အင်ဒီးစ်​တောင်တန်း​ရှိ ဟူလ်​ယာ​ကာ​အနီး စဲန်​တာ လူ​ဆီ​အာ​ရွာတွင် နေထိုင်​သည်။ သူ၏​ဧဝံဂေလိ​ချာ့ခ်ျ​တွင် ငရဲ​မီး​အယူဝါဒ​ကို သွန်သင်ခံ​ခဲ့​ရသည်။ သူသည် ဤသို့​မီး​ဖြင့်​ထာဝစဉ်​အပြစ်ဒဏ် စီရင်ခံ​ရမည်ကို နှစ်ချီ၍ ကြောက်ရွံ့​ခဲ့​၏။ မေတ္တာရှင်​ဘုရားသခင်​သည် လူသားများ​ကို မီး​ထဲ​၌ မည်သို့​အစဉ်အမြဲ​ညှဉ်းဆဲ​နိုင်​မည်​နည်းကို သိ​လို​ခဲ့​သည်။ ယေဟောဝါသက်သေ​များ​၏ အချိန်ပြည့်​အမှုဆောင်​တစ်ဦး​ဖြစ်သူ တီ​တို​သည် ထို​ရွာ​သို့​ရောက်​သောအခါ ဖလာဗ်​ယို​ထံ​ရောက်သွား​သည်။

ဖလာဗ်​ယို ဦးဆုံး​မေး​သော​မေးခွန်း​အချို့​တွင် တစ်ခု​က “လူတွေကို ငရဲ​မီး​ထဲမှာ ညှဉ်းဆဲ​မယ်​လို့ ခင်ဗျား​တို့​ရဲ့​ဘာသာ​တရား​က သွန်သင်ပေး​သလား” ဟူ၍​ဖြစ်သည်။ ဤသို့​သော​အယူအဆကို ဖန်ဆင်း​ရှင် မနှစ်သက်​ချေ၊ ယင်းက မေတ္တာရှင်​ဘုရားသခင် ယေဟောဝါ​၏​နာမတော်​ကို ရှုတ်ချ​ရာ​ကျ​သည်​ဟု တီ​တို​ပြန်ဖြေ​ခဲ့​၏။ တီ​တို​သည် ဖလာဗ်​ယို​၏​ဘာသာပြန်​ကျမ်း​ကို​အသုံးပြု၍ သေလွန်သူ​များသည် အဘယ်အရာကို​မျှ​မသိ၊ ဘုရားသခင့်​နိုင်ငံတော်​တွင် မြေကြီးပေါ်​ပြန်ရှင်​လာဖို့ စောင့်မျှော်​နေကြ​ကြောင်း ရှင်းပြ​ခဲ့​သည်။ (ဒေ. ၉:၅; ယောဟန် ၅:၁၈၊ ၂၉) ယင်းသည် ဖလာဗ်​ယို​ကို မျက်စိပွင့်​သွား​စေ​သည်။ သူသည် ကျမ်းစာ​သင်အံမှု​ကို ချက်ချင်း​လက်ခံခဲ့​ပြီး မကြာမီ​ပင် နှစ်ခြင်း​ခံ​ခရစ်ယာန်​တစ်ဦး​ဖြစ်လာ​ခဲ့​၏။

ကျေးဇူး​တင်​လေးမြတ်​သော​ရွာ​တစ်ရွာ

ယခင်​တစ်ခါ​က​မျှ ကျမ်းစာ​အုပ်​ကို မတွေ့ဖူး​ခဲ့​သော ရွာသား​များ​ထံ ကျမ်းစာ​ယူသွား​ပေး​ရခြင်း၊ ယေဟောဝါသက်သေ​များ​အကြောင်း​သော်လည်း​ကောင်း၊ သူတို့​ဟောပြောသော သတင်းကောင်း​အကြောင်း​သော်လည်း​ကောင်း တစ်ခါမျှ​မကြား​ဖူး​ခဲ့​သော ရွာ​သူ​ရွာသား​များ​အား ဟောပြော​ရခြင်း​သည် မည်မျှ​ပီတိဖြာ​စ​ရာ​ကောင်း​သည်ကို မြင်ယောင်​ကြည့်​လိုက်ပါ! ၎င်း​သည် ပီရူး​နိုင်ငံ​အလယ်ပိုင်း​ရှိ​ပေ ၁၂,၀၀၀ ကျော်​အမြင့်​၌​တည်ရှိ​သည့် အီစ်ကူချာကာ​နှင့် ကို​နစ်​ကာ​ရွာများ​တွင် ဟောပြောခဲ့​ကြသော ရှေ့ဆောင်​ညီအစ်မ​သုံးဦး ရို​ဆာ၊ အာလစ်ရှာ​နှင့် စ​စီး​လျား​တို့၏ အတွေ့အကြုံ​ဖြစ်သည်။

ပထမ​ရွာ​သို့​ရောက်​သောအခါ သူတို့မှာ နေစရာ​မရှိခဲ့​ချေ။ မိမိတို့​ရောက်လာ​ရခြင်း​အကြောင်းရင်းကို ဒေသခံ​ရဲအရာရှိ​အား သူတို့​ပြောပြ​ခဲ့​သည်။ ရလဒ်​ကား​အဘယ်နည်း။ သူတို့ကို ရဲစခန်း​တွင် တစ်ည​အိပ်ခွင့်​ပေး​သည်။ နောက်​တစ်နေ့​တွင် ထို​ရှေ့ဆောင်​များသည် သူတို့၏​လှုပ်ရှား​ဆောင်ရွက်မှု​အတွက် အချက်အချာ​ဖြစ်လာ​သည့် အတည်တကျ​နေထိုင်ဖို့ နေရာကို ရှာတွေ့ခဲ့​ကြသည်။

မကြာမီတွင် နှစ်ပတ်လည်​ခရစ်တော်​သေခြင်း​အောက်မေ့ပွဲ​အချိန် ရောက်လာ​သည်။ ထို​ရှေ့ဆောင်​များသည် အီစ်ကူချာကာရွာ​မှ အိမ်တိုင်း​ထံ​လည်ပတ်​ခဲ့​ပြီး​ဖြစ်၍ သမ္မာကျမ်းစာ​မြောက်မြားစွာ​ကို​ဝေငှ​ကာ ကျမ်းစာ​သင်အံမှုများ​စွာ​ကို စတင်​ကျင်းပ​ခဲ့​၏။ အောက်မေ့ပွဲ​မတိုင်မီ ထို​အထိမ်းအမှတ်ပွဲ​၏​ရည်ရွယ်ချက်​နှင့် အခမ်းအနား​တွင်​အသုံးပြု​မည့် အထိမ်းအမှတ်​ပစ္စည်း​များ​၏​အဓိပ္ပာယ်​ကို သူတို့​ရှင်းပြ​၍ ဤ​ပွဲ​ကို​တက်ရောက်​ဖို့ ဖိတ်စာ​များ​ကို သူတို့​ဝေငှ​ခဲ့​ကြသည်။ ဤ​အခါသမယ​တွင်​ကူညီပေး​ရန် ညီအစ်ကို​တစ်စု​ကို ဖိတ်ခေါ်​ထား​၍ သူတို့​ထဲ​မှ​တစ်ဦး​က ဟောပြောချက်​ပေး​ခဲ့​သည်။ အဆိုပါ​အထူး​ပွဲ​ကို ထို​ရွာ​လေး​မှ​လူပေါင်း ၅၀ တက်ရောက်​ခဲ့​သည်ကို​တွေ့မြင်​ရခြင်း​သည် တကယ်​ကို​ရွှင်လန်းစရာ​ပင်! သခင့်​ညစာ​စားပွဲ​၏​အဓိပ္ပာယ်​အမှန်​ကို သူတို့ ပထမဦးဆုံး​အကြိမ် သဘောပေါက်​နားလည်ခဲ့​ကြ​ရသည်။ ထို့​ပြင် သူတို့​လက်ဝယ်​သမ္မာကျမ်းစာ​ရရှိ​ခြင်း​ကို အလွန်​တန်ဖိုး​ထားခဲ့​ကြသည်!

လေးလံ​သော​ဝန်များ​မှ လွတ်မြောက်​လာ

ဗာဗုလုန်​ဘာသာရေး​သုံ့ပန်းများ​ထံ လန်းဆန်း​စေသော​ကျမ်းစာ​အမှန်တရား​ရေ ယူသွား​ပေး​ရခြင်း​သည် အစဉ်အမြဲ​ရွှင်လန်းစရာ​ဖြစ်၏။ ပီ​ဆက်​သည် ရှေး​အင်​ကာ​အင်ပါယာ​၏ ရဲတိုက်​တစ်ခု​ဖြစ်သည်။ ယနေ့ ထို​တွင်​နေထိုင်ကြ​သူ​အများစု​သည် ကျမ်းစာ​နှင့်​မညီသော ငရဲ​မီး​သွန်သင်ချက်​ကို သွန်သင်ပေး​ခံရ​သူများ​ဖြစ်​ကြသည်။ သူတို့၏​ခရစ်ယာန်​ဓမ္မ​ဆရာများ​က သူတို့​အတွက် အသနားခံ​တောင်းလျှောက်​ပေး​မှ​သာ သူတို့​ကောင်းကင်​သို့​သွား​နိုင်​မည်​ဟု ပြော​ထား​သည်။

ယင်းကြောင့် ဤ​လူများ​သည် လန်းဆန်း​စေသော ကျမ်းစာ​အမှန်တရား​ရေ ငတ်မွတ်​နေကြ​သည်ကို နားလည်​နိုင်​ပါ​သည်။ တစ်အိမ်​မှ​တစ်အိမ် ဟောပြော​နေစဉ် ယေဟောဝါသက်သေ​များ​၏ အချိန်ပြည့်​အမှုဆောင်​တစ်ဦး​ဖြစ်သူ ဆာ​န်​တီ​ဂို​သည် ဖြောင့်မတ်​သော​သူတို့သည် မြေကြီး​ပရဒိသု​တွင်​နေထိုင်ကြ​ရမည်​ဖြစ်​ကြောင်း လူတစ်ဦး​အား ရှင်းပြ​ခွင့်​ရခဲ့​၏။ (ဆာလံ ၃၇:၁၁) လူသေများ​သည် ရှင်ပြန်ထမြောက်​လာ​မည်၊ လူသားများ ထာဝရ​အသက်ကို​ရည်​မျှော်​လျက် ယေဟောဝါ​၏​စုံလင်သော​နည်းလမ်းတော်​များ​ကို သွန်သင်ခံ​ရ​လိမ့်​မည်​ဖြစ်​ကြောင်း သမ္မာကျမ်းစာ​မှ ဆာ​န်​တီ​ဂို​ဖော်ပြ​ခဲ့​သည်။ (ဟေရှာယ ၁၁:၉) ယင်း​အချိန်အထိ ထို​သူသည် ဘာသာ​တရား​ကိုင်းရှိုင်း​သော . . . တစ်ဦး​ဖြစ်​ပြီး နတ်​ဝိဇ္ဇာ​အတတ်​လိုက်​စား၍ သောက်ကြူး​တတ်​သူ​ဖြစ်သည်။ ယခု သူ့မှာ ကျမ်းစာ​အခြေပြု​မျှော်လင့်ချက်​တစ်ခု​ရှိ၍ ပရဒိသု​၌​အသက်ရှင်​ရန် ဘဝ​ပန်းတိုင်​ရှိနေပြီ။ သူသည် သူ၏​နတ်​ဝိဇ္ဇာ​အတတ်​နှင့်​ဆိုင်သော ပစ္စည်း​ရှိသမျှကို မီးရှို့​ပစ်​၍ သောက်​စား​ပျော်ပါး​ခြင်း​ကို စွန့်လွှတ်​ခဲ့​၏။ မိသားစုကို​စုဝေး​စေပြီး​နောက် ကျမ်းစာ​သင်အံမှု​ကို သူ​လက်ခံခဲ့သည်။ အချိန်တန်သော် ထို​မိသားစု​တစ်စုလုံး​သည် ယေဟောဝါ​ဘုရားသခင်​ထံ ဆက်ကပ်​အပ်နှံ နှစ်ခြင်း​ခံ​ခဲ့​ကြသည်။

လှိုက်လှိုက်လှဲလှဲ​ဧည့်ခံ​ကြိုဆို

တောင်ပေါ်​သားများ​သည် ဧည့်ဝတ်​အလွန်​ကျေပွန်သူ​များ​ဖြစ်​ကြသည်။ သူတို့​အိမ်များ​သည် တော်ရုံ​သင့်​ရုံ​မျှ​ဖြစ်​ပြီး ဆင်းရဲ​ကြသော်လည်း မိမိမှာ​ရှိရာ​ကို ဧည့်သည်​များ​အား ကျွေးမွေး​လေ့​ရှိသည်။ ကျမ်းစာ​၏​မြင့်မားသော​စံနှုန်း​များ​ကို မသင်ယူ​မီ​က ဧည့်သည်​များနှင့် စကားစမြည်​ပြောဆို​နေကြ​စဉ် တ​မြုံ့မြုံ့​ဝါး​စား​ရန် ကို​ကာ​ရွက်​များ​ကို အိမ်ရှင်​ပေး​ပေမည်။ သို့သော် သက်သေခံ​ဖြစ်လာ​သောအခါ သူသည် ထို​သီးခြား​နယ်မြေ​များ​၌ ကို​ကာ​နှင့်​တန်ဖိုး​ထပ်တူ​ရှိသော သကြား​တစ်​ဇွန်း​ကို​ပေး​ပေမည်။

ညီအစ်ကို​တစ်ဦး​သည် မိမိ​နှင့်အတူ ပြန်လည်ပတ်မှု​လိုက်​ရန် သာသနာပြု​တစ်ဦး​ကို ဖိတ်ခေါ်​ခဲ့​သည်။ မတ်စောက်​သော​တောင်လမ်း​ကို ခဲယဉ်း​စွာ​တက်ပြီး​နောက် မိမိတို့​ရောက်ရှိ​ကြောင်း အိမ်ရှင်ကို သူတို့​လက်ခုပ်တီး​၍ အသိပေးခဲ့​သည်။ သက်​ငယ်​မိုး​ထားသော​အိမ်ထဲ သူတို့​ဖိတ်ခေါ်​ခံရ​ရာ တံခါးပေါက်​နိမ့်​နိမ့်​မှ ခေါင်းငုံ့​ဝင်​ခဲ့​ကြသည်။ မြေကြီး​ကြမ်းပြင်​အလယ်​ကို သူတို့​သတိထား​၍​လျှောက်​သွား​ကြ​ရ၏၊ ထို​တွင် မိခင်​က တွင်း​တူး၍ မိမိ​ကလေးငယ်​ကို​စောင်​ပတ်​ပြီး ထည့်​ထား​သည်။ လူကြီး​များ​စကားပြော​နေကြ​စဉ် မ​ထွက်​လာနိုင်​သော​ဤ​ကလေးငယ်​သည် ပျော်ရွှင်​မြူးထူး​နေသည်။ သူတို့သည် ဘုရားသခင့်​နိုင်ငံတော်​ကောင်းချီး​များ​အကြောင်း အပြန်အလှန်​ဆွေးနွေး​ပြီး​နောက် ထို​အမျိုးသမီး​သည် ဒေသခံ​ဖျော်ရည်​ဘူး​ရှည်​တစ်ခု​ဖြင့် ဧည့်ခံ​ခဲ့​သည်။ မကြာမီ ထို​ညီအစ်ကို​များသည် နောက်ထပ်​လည်ပတ်မှုများ​ထံ​သွား​ရန် တောင်စောင်း​သို့ ဆင်း​သွား​ကြ​၏။

ပေါများ​စွာ​ရိတ်သိမ်းခြင်း

ယခု ဤ​ဒေသ​တွင် ယေဟောဝါသက်သေ​များနှင့် ကျမ်းစာ​လေ့လာ​နေ​သူ​တစ်ထောင်​ကျော်​နှင့်အတူ သီးခြား​အုပ်စု​တစ်​ရာ​ခန့်​ရှိနေပြီ။ ယင်း​အုပ်စု​များ​ကို အသင်းတော်များ​ဖြစ်လာ​စေရန် လီ​မာ​မြို့မှ ခရစ်ယာန်​ဓမ္မ​အမှုထမ်း​ကျောင်းဆင်း​များ​ကို စေလွှတ်​ထား​သည်။ အချိန်​အတန်ကြာ [ဗာဗုလုန်]ဘာသာ​တရား​နှင့် အယူသီးမှု​များ​၏ သုံ့ပန်းများ​ဖြစ်​ခဲ့​ကြသော စိတ်နှလုံး​ရိုး​ဖြောင့်​သူများ​သည် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း​ကြောင့် လွတ်လပ်မှု​ရရှိခဲ့ကြ​လေ​ပြီ! (ယောဟန် ၈:၃၂) သူတို့၏​အမှန်တရား​ရေ​ဆာလောင်မှု ပြေပျောက်​လျက်​ရှိနေ​ပေ​ပြီ။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

တိ​တိ​ကာကာ​အိုင်​၏ “ရေပေါ်” ကျွန်း​များ​တွင် သက်သေခံခြင်း