‘သင်တို့သည် စိတ်ရှည်ခြင်းကို ယူတင်ဝတ်ဆောင်ကြလော့’
‘သင်တို့သည် စိတ်ရှည်ခြင်းကို ယူတင်ဝတ်ဆောင်ကြလော့’
‘သင်တို့သည် သနားစုံမက်ခြင်း၊ စိတ်ရှည်ခြင်းကို ယူတင်ဝတ်ဆောင်ကြလော့။’—ကောလောသဲ ၃:၁၂။
၁။ စိတ်ရှည်ခြင်းပုံနမူနာကောင်းတစ်ရပ်ကို ပြန်ပြောပြပါ။
ရက်ဂျစ္စသည် ပြင်သစ်နိုင်ငံအနောက်တောင်ပိုင်း၌ နေထိုင်ပြီး ၁၉၅၂ ခုနှစ်တွင် ယေဟောဝါသက်သေတစ်ဦးအဖြစ် နှစ်ခြင်းခံခဲ့၏။ ယေဟောဝါအား ဝတ်ပြုကိုးကွယ်ရန် သူ၏ကြိုးပမ်းမှုများကို ဇနီးသည်ကနှစ်ချီ၍နှောင့်ယှက်တားဆီးနိုင်သမျှ တားဆီးခဲ့သည်။ အစည်းအဝေးများမတက်ရောက်နိုင်ရန် သူ၏မော်တော်ကားတာယာကို ထိုးဖောက်ဖို့ကြိုးပမ်းခဲ့၏၊ တစ်ချိန်တွင် ရက်ဂျစ္စသည် တစ်အိမ်မှတစ်အိမ် သမ္မာကျမ်းစာသတင်း ဟောပြောနေစဉ် သူ၏ဇနီးကလိုက်လာပြီး ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းနှင့်စပ်လျဉ်း၍ အိမ်ရှင်များအား ပြောပြနေသည်ကို လှောင်ပြောင်သရော်ခဲ့သည်။ အဆက်မပြတ် ဤသို့ဆန့်ကျင်သော်လည်း ရက်ဂျစ္စသည် စိတ်ရှည်ခြင်းကို ဆက်လက်တင်ပြခဲ့၏။ ယင်းကြောင့် ရက်ဂျစ္စသည် ခရစ်ယာန်အားလုံးအတွက် ပုံနမူနာကောင်းဖြစ်သည်၊ ယေဟောဝါကိုဝတ်ပြုကိုးကွယ်သူတိုင်း အခြားသူများနှင့်ဆက်ဆံရာတွင် စိတ်ရှည်ရမည်ဟု ကိုယ်တော်တောင်းဆိုထားသည်။
၂။ “စိတ်ရှည်ခြင်း” အတွက် ဂရိစကားလုံး၏စာသားအရ အဓိပ္ပာယ်ကား အဘယ်နည်း၊ ထိုအသုံးအနှုန်းက အဘယ်သဘော သက်ရောက်သနည်း။
၂ “စိတ်ရှည်ခြင်း” ဟူ၍ ဘာသာပြန်ဆိုထားသော ဂရိစကားလုံးသည် စာသားအတိုင်း “စိတ်ဓာတ်ရှည်ခြင်း” ဟုအဓိပ္ပာယ်ရှိ၏။ အင်္ဂလိပ်ကမ္ဘာသစ်ဘာသာပြန်ကျမ်းက ဤစကားလုံးကို “စိတ်ရှည်ခြင်း” ဟူ၍ဆယ်ကြိမ်၊ “သည်းခံခြင်း” ဟုသုံးကြိမ်နှင့် “သည်းခံခြင်းကိုကျင့်သုံးခြင်း” ဟုတစ်ကြိမ် ဘာသာပြန်ဆိုထားသည်။ “စိတ်ရှည်ခြင်း” ဟုဘာသာပြန်ဆိုထားသော ဟေဗြဲနှင့် ဂရိအသုံးအနှုန်းနှစ်ရပ်စလုံးက သည်းခံခြင်း၊ ညှာတာခွင့်လွှတ်ခြင်းနှင့် အမျက်ထွက်နှေးခြင်းဟူသော သဘောအကျုံးဝင်သည်။
၃။ စိတ်ရှည်ခြင်းနှင့်စပ်လျဉ်း၍ ခရစ်ယာန်တို့၏အမြင်သည် ပထမရာစုရှိဂရိတို့နှင့် မည်သို့ခြားနားသနည်း။
၃ ပထမရာစုရှိဂရိများသည် စိတ်ရှည်ခြင်းကို မွန်မြတ်သောအကျင့်တစ်ခုအဖြစ် မယူမှတ်ခဲ့ကြချေ။ သတောအိတ်အတွေးအခေါ်ပညာရှင်များသည် ထိုစကားလုံးကို တစ်ခါမျှ အသုံးမပြုခဲ့ကြချေ။ ကျမ်းပညာရှင်ဝီလျံဘားကလေးအရ စိတ်ရှည်ခြင်းသည် “ဂရိတို့၏မွန်မြတ်သောအကျင့်နှင့် လုံးဝဆန့်ကျင်၏၊” ၎င်းတို့က အခြားအရာများအနက် “မည်သည့်စော်ကားမှု သို့မဟုတ် ထိခိုက်နစ်နာမှုကိုမျှ သည်းညည်းမခံ” ဟုဝါကြွားပြောဆိုကြသည်။ “ဂရိတို့အတွက် အရေးပါအရာရောက်သူသည် မရမက လက်စားချေသူဖြစ်သည်။ ခရစ်ယာန်တို့အတွက်မူ အရေးပါအရာရောက်သူသည် ယင်းသို့ပြုနိုင်လျှင်ပင် ထိုသို့ပြုလုပ်ရန် ငြင်းဆန်သူဖြစ်သည်။” ဂရိတို့က စိတ်ရှည်ခြင်းကို အားနည်းချက်တစ်ရပ်အဖြစ် ယူမှတ်ကြမည်ဖြစ်သော်လည်း အခြားကိစ္စများ၌ကဲ့သို့ ဤတွင်လည်း “ဘုရားသခင်၏မိုက်မဲခြင်းအရာသည် လူတို့၏ပညာထက် သာ၍ပညာရှိ၏။ ဘုရားသခင်၏အားနည်းခြင်းအရာသည် လူတို့၏အစွမ်းထက် သာ၍အစွမ်းရှိ၏။”—၁ ကောရိန္သု ၁:၂၅။
စိတ်ရှည်ခြင်းနှင့်စပ်လျဉ်း၍ ခရစ်တော်၏ပုံနမူနာ
၄၊ ၅။ စိတ်ရှည်ခြင်းနှင့်ပတ်သက်၍ အဘယ်သာလွန်ကောင်းမွန်သော ပုံနမူနာကို ယေရှုတင်ပြခဲ့သနည်း။
၄ ယေဟောဝါပြီးလျှင် ဒုတိယလိုက်သူ ယေရှုခရစ်သည် အလွန်ကောင်းသော စိတ်ရှည်ခြင်းပုံနမူနာ ချမှတ်တော်မူခဲ့သည်။ ယေရှုသည် အကြီးအကျယ်ဖိစီးခံရချိန်တွင် အံ့ဖွယ်ကောင်းသည်တိုင် ချုပ်တည်းခဲ့သည်။ ကိုယ်တော်နှင့်စပ်လျဉ်း၍ ဤသို့ပရောဖက်ပြုခဲ့သည်– “ထိုသူသည် ညှဉ်းဆဲခြင်းနှင့် နှိမ့်ချခြင်းကိုခံ၍ နှုတ်ကိုမဖွင့်ဘဲနေ၏။ အသေသတ်ခြင်းငှာဆောင်သွားသော သိုးသငယ်ကဲ့သို့ သူ့ကိုဆောင်သွား၍ သိုးသည် အမွေးညှပ်သောသူရှေ့မှာ မမြည်ဘဲနေသကဲ့သို့ သူသည် နှုတ်ကိုမဖွင့်ဘဲနေ၏။”—ဟေရှာယ ၅၃:၇။
၅ ယေရှုသည် မြေကြီးပေါ်တွင် ခရစ်ယာန်ဓမ္မအမှုဆောင်စဉ်တစ်လျှောက် မှတ်သားလောက်ဖွယ် စိတ်ရှည်ခြင်းကို တင်ပြခဲ့သည်တကား! ကိုယ်တော်သည် ရန်သူများ၏လှည့်စားသောမေးခွန်းများနှင့် ဆန့်ကျင်သူတို့၏စော်ကားမှုများကို သည်းခံတော်မူခဲ့သည်။ (မဿဲ ၂၂:၁၅-၄၆; ၁ ပေတရု ၂:၂၃) ကိုယ်တော်သည် မည်သူသာ၍ကြီးမြတ်ကြောင်း အဆက်မပြတ်ငြင်းခုံခဲ့ကြသော တပည့်တော်များကို စိတ်ရှည်တော်မူခဲ့ရ၏။ (မာကု ၉:၃၃-၃၇; ၁၀:၃၅-၄၅; လုကာ ၂၂:၂၄-၂၇) ထို့နောက် ယေရှုအပ်နှံခံရမည့်ညတွင် “စောင့်နေကြလော့” ဟု ပေတရုနှင့် ယောဟန်တို့ကို ကိုယ်တော်မိန့်မှာခဲ့ပြီးနောက်၌ပင် သူတို့အိပ်ပျော်သွားကြသောအခါ ချုပ်တည်းမှုကို ချီးမွမ်းဖွယ်တင်ပြခဲ့သည်တကား!—မဿဲ ၂၆:၃၆-၄၁။
၆။ ပေါလုသည် ယေရှု၏စိတ်ရှည်ခြင်းမှ မည်သို့အကျိုးကျေးဇူးခံစားခဲ့ရသနည်း၊ ၎င်းမှ ကျွန်ုပ်တို့ အဘယ်သင်ခန်းစာရသနည်း။
၆ ယေရှုသေဆုံး၍ ရှင်ပြန်ထမြောက်ပြီးနောက်၌ပင် ကိုယ်တော်သည် ဆက်၍စိတ်ရှည်ခဲ့၏။ တစ်ချိန်က ခရစ်ယာန်များကို နှိပ်စက်ညှဉ်းပန်းခဲ့သူ တမန်တော်ပေါလုသည် ယင်းကို အထူးသဖြင့်အသိအမှတ်ပြုခဲ့သည်။ ပေါလု ဤသို့ရေးသားခဲ့သည်– “ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကိုကယ်တင်ခြင်းငှာ၊ ဤလောကသို့ကြွလာတော်မူသည် ဟူသောစကားသည် [ဟုတ်မှန်သော] စကားဖြစ်၏။ အကြွင်းမဲ့ခံယူအပ်သောစကားလည်းဖြစ်၏။ အပြစ်ရှိသောသူတို့တွင် ငါသည် အကြီးဆုံးဖြစ်၏။ သို့သော်လည်း ထာဝရအသက်အလို့ငှာ ယုံကြည်လတ္တံ့သောသူတို့ လိုက်စရာပုံသက်သေဖြစ်စေခြင်းငှာ၊ အကြီးဆုံးသောအပြစ်ရှိသောငါ၌၊ ယေရှုခရစ်သည် ခပ်သိမ်းသော [စိတ်ရှည်ခြင်း] ကိုပြတော်မူမည်အကြောင်း၊ ငါ့ကိုသနားတော်မူပြီ။” (၁ တိမောသေ ၁:၁၅၊ ၁၆) ကျွန်ုပ်တို့၏အတိတ်သည် မည်သို့ပင်ဖြစ်ခဲ့ပါစေ ယေရှုကို ယုံကြည်မည်ဆိုလျှင် ကိုယ်တော်သည် ကျွန်ုပ်တို့ကို စိတ်ရှည်တော်မူလိမ့်မည်၊ ကျွန်ုပ်တို့ဘက်မှ “နောင်တရခြင်းနှင့်ထိုက်တန်သောအကျင့်ကို” ကျင့်ရန် အမှန်ပင်မျှော်လင့်ခံရသည်။ (တမန်တော် ၂၆:၂၀; ရောမ ၂:၄) ခရစ်တော်သည် စိတ်ရှည်တော်မူစဉ် တိုးတက်မှုကို ကိုယ်တော်မျှော်လင့်ကြောင်း အာရှမိုင်းနားရှိ အသင်းတော်ခုနစ်ခုထံ ပို့ခဲ့သောသတင်းများကဖော်ပြသည်။—ဗျာဒိတ် အခန်းကြီး ၂ နှင့် ၃။
ဝိညာဉ်အသီးတစ်လုံး
၇။ စိတ်ရှည်ခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်သည် မည်သို့ဆက်စပ်သနည်း။
၇ ဂလာတိအသင်းတော်ထံရေးသောစာ၏ အခန်းကြီး ၅ တွင် ဇာတိပကတိအကျင့်နှင့် ဝိညာဉ်ပကတိအကျိုး၏ခြားနားချက်ကို ပေါလုထင်ရှားစွာ နှိုင်းယှဉ်ဖော်ပြခဲ့သည်။ (ဂလာတိ ၅:၁၉-၂၃) စိတ်ရှည်ခြင်းသည် ယေဟောဝါ၏ဂုဏ်ရည်တော်များအနက် တစ်ခုဖြစ်ရာ ဤအရည်အသွေးသည် ကိုယ်တော်မှအစပြုပြီး ကိုယ်တော့်ဝိညာဉ်တော်၏အသီးတစ်လုံးဖြစ်၏။ (ထွက်မြောက်ရာ ၃၄:၆၊ ၇) အမှန်မှာ၊ စိတ်ရှည်ခြင်းသည် ပေါလုဖော်ပြခဲ့သော ဝိညာဉ်အသီးစာရင်းတွင် လေးခုမြောက်ဖြစ်ကာ “ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက် ခြင်း၊ . . . ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ [တည်ကြည်] ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်း” တို့နှင့်အတူဖြစ်သည်။ (ဂလာတိ ၅:၂၂၊ ၂၃) သို့ဖြစ်၍ ဘုရားသခင်၏ကျေးကျွန်များသည် ဘုရားသခင့်ရေးရာသည်းခံခြင်း သို့မဟုတ် စိတ်ရှည်ခြင်းကို ပြသောအခါ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏လွှမ်းမိုးမှုအားဖြင့် ၎င်းကိုတင်ပြနေခြင်းဖြစ်သည်။
၈။ စိတ်ရှည်ခြင်းအပါအဝင် ဝိညာဉ်အသီးကိုပြုစုပျိုးထောင်ရန် အဘယ်အရာက ကျွန်ုပ်တို့ကိုကူညီပေးမည်နည်း။
၈ သို့သော် ယင်းကြောင့် ယေဟောဝါသည် လူတစ်ဦးအား မိမိ၏ဝိညာဉ်တော်ကို အနိုင်အထက်ခံယူစေသည်ဟု မဆိုလိုချေ။ ယင်း၏လွှမ်းမိုးမှုကို ကျွန်ုပ်တို့တလိုတလားခံယူကြရမည်။ (၂ ကောရိန္သု ၃:၁၇; ဧဖက် ၄:၃၀) ကျွန်ုပ်တို့လုပ်ကိုင်သမျှ၌ ၎င်းအသီးများကို ပြုစုပျိုးထောင်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ဘဝအသက်တာတွင် ဝိညာဉ်တော်အကျိုးသက်ရောက်စေပါသည်။ ဇာတိပကတိအကျင့်နှင့် ဝိညာဉ်ပကတိအကျိုးကို ဖော်ပြပြီးနောက် ပေါလုဤသို့ထပ်ဆင့်ဆိုသည်– “သို့ဖြစ်၍ ငါတို့သည် ဝိညာဉ်ပကတိကြောင့်အသက်ရှင်လျှင်၊ ဝိညာဉ်ပကတိအတိုင်းကျင့်ကြကုန်အံ့။ အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကိုခံတော်မမူ။ လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်။ မိမိဇာတိပကတိ၌မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့်မည်။ ဝိညာဉ်ပကတိ၌မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်းအသီးအနှံကို ရိတ်ရလိမ့်မည်။” (ဂလာတိ ၅:၂၅; ၆:၇၊ ၈) စိတ်ရှည်ခြင်းကို အောင်မြင်စွာပြုစုပျိုးထောင်ဖို့ဆိုလျှင် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ခရစ်ယာန်များသီးပွင့်ရမည့် ကျန်ကြွင်းသောအခြားအသီးများကိုလည်း ကျွန်ုပ်တို့ပြုစုပျိုးထောင်ကြရမည်။
“မေတ္တာသည် စိတ်ရှည်တတ်၏”
၉။ “မေတ္တာသည် စိတ်ရှည်တတ်၏” ဟုကောရိန္သုအသင်းသားများကို ပေါလုအဘယ်ကြောင့်ပြောခဲ့ခြင်းဖြစ်နိုင်သနည်း။
၉ ဤသို့ပြောခဲ့သောအခါ မေတ္တာနှင့် စိတ်ရှည်ခြင်းစပ်ကြား အထူးဆက်နွှယ်မှုရှိကြောင်း ပေါလုဖော်ပြခဲ့သည်– “မေတ္တာသည် စိတ်ရှည်တတ်၏။” (၁ ကောရိန္သု ၁၃:၄) ကောရိန္သုအသင်းတော်၌ အငြင်းပွားမှုနှင့် ခိုက်ရန်ပြုမှုဖြစ်ပွားနေသောကြောင့် ပေါလုက ယင်းကို အလေးပေးဖော်ပြခဲ့ကြောင်း ကျမ်းပညာရှင် အဲလ်ဘတ် ဘာန်စ်ကအကြံပြုသည်။ (၁ ကောရိန္သု ၁:၁၁၊ ၁၂) ဘာန်စ်ကဤသို့ညွှန်ပြသည်– “ဤတွင် [စိတ်ရှည်ခြင်းအတွက်] ပေါလုအသုံးပြုခဲ့သော စကားလုံးသည် အလျင်စလိုဖြစ်ခြင်း၊ စိတ်လိုက်မာန်ပါပြောဆိုသောစကားများနှင့် အကြံအစည်များအပြင်၊ စိတ်တိုလွယ်ခြင်းတို့နှင့်လည်း ဆန့်ကျင်သည်။ ယင်းသည် ဖိစီးနှိပ်ကွပ်ခြင်း၊ ဒေါသဆွပေးခြင်း ခံရသောအခါ ကာရှည်သည်းခံနိုင်ခြင်း စိတ်သဘောအခြေအနေကို ဖော်ပြသည်။” မေတ္တာနှင့် စိတ်ရှည်ခြင်းသည် ယနေ့တိုင် ခရစ်ယာန်အသင်းတော်တွင် ငြိမ်သက်ခြင်း တိုးပွားများပြားစေသည်။
၁၀။ (က) ကျွန်ုပ်တို့စိတ်ရှည်ရန် မေတ္တာက မည်သို့ကူညီပေးသနည်း၊ ယင်းနှင့်စပ်လျဉ်း၍ တမန်တော်ပေါလုက မည်သို့ဆုံးမသနည်း။ (ခ) ဘုရားသခင်၏စိတ်ရှည်ခြင်းနှင့် သနားညှာတာခြင်းအကြောင်း ကျမ်းပညာရှင်တစ်ဦးက အဘယ်ကောက်ချက်ချခဲ့သနည်း။ (အောက်ခြေမှတ်ချက်ကိုရှု။)
၁၀ “မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် . . . ကိုယ်အကျိုးကိုမရှာတတ်၊ ဒေါသအမျက်မထွက်တတ်။” သို့ဖြစ်၍ မေတ္တာသည် နည်းအမျိုးမျိုးဖြင့် ကျွန်ုပ်တို့ကိုစိတ်ရှည်ရန် ကူညီပေးသည်။ * (၁ ကောရိန္သု ၁၃:၄၊ ၅) မေတ္တာက တစ်ဦးကိုတစ် ဦး စိတ်ရှည်စွာသည်းခံနိုင်ရန်ကူညီပေးပြီး ကျွန်ုပ်တို့အားလုံးသည် မစုံလင်သူများဖြစ်ကြောင်း၊ အမှားများရှိ၍ ပျက်ကွက်တတ်ကြောင်း သတိရစေသည်။ ယင်းက ကျွန်ုပ်တို့ကို ထောက်ထားစာနာ၍ ခွင့်လွှတ်တတ်ရန်ကူညီပေးသည်။ ကျွန်ုပ်တို့သည် “အရာရာ၌ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းနှင့်ပြည့်စုံသဖြင့် မေတ္တာစိတ်နှင့် တစ်ယောက်ကိုတစ်ယောက် သည်းခံခြင်းရှိကြ၍ အသင့်အတင့်ပေါင်းဖော်ခြင်းအဖွဲ့အစည်းအားဖြင့်၊ သင်တို့သည် အချင်းချင်းစိတ်သဘောမခြားမနား တစ်လုံးတစ်ဝတည်းဖြစ်အံ့သောငှာ ကြိုးစားအားထုတ်” ရန် တမန်တော်ပေါလုက တိုက်တွန်းသည်။—ဧဖက် ၄:၁-၃။
၁၁။ ခရစ်ယာန်အသိုင်းအဝိုင်းများတွင် စိတ်ရှည်ခြင်းရှိဖို့ အဘယ်ကြောင့်အထူးအရေးကြီးသနည်း။
၁၁ ခရစ်ယာန်အသိုင်းအဝိုင်းများဖြစ်ကြသော အသင်းတော်များ၊ ဗေသလအိမ်များ၊ သာသနာပြုအိမ်များနှင့် ဆောက်လုပ်ရေးအဖွဲ့များ သို့မဟုတ် သင်တန်းကျောင်းများပင်ဖြစ်စေ အသင်းဝင်များ၏ စိတ်ရှည်ခြင်းက ငြိမ်သက်မှုနှင့် ပျော်ရွှင်မှုရှိစေသည်။ ပင်ကိုစရိုက်များ၊ အကြိုက်များ၊ ကြီးပြင်းလာပုံနှင့် ယဉ်ကျေးမှုစံနှုန်းများမက တစ်ကိုယ်ရေသန့်ရှင်းမှုပင် မတူညီကြသောကြောင့် အခါအားလျော်စွာ စိတ်အနှောင့်အယှက်ဖြစ်စရာအချိန်အခါများ ပေါ်ထွက်လာနိုင်သည်။ မိသားစုများတွင်လည်း အလားတူပင်ဖြစ်တတ်သည်။ ထို့ကြောင့် အမျက်ထွက်နှေးခြင်းသည် အလွန်အရေးကြီး၏။ (သု. ၁၄:၂၉; ၁၅:၁၈; ၁၉:၁၁) ကျွန်ုပ်တို့အားလုံးသည် စိတ်ရှည်ခြင်း—အကောင်းဘက်သို့ ပြောင်းလဲလာလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် သည်းခံပြီး ခံနိုင်ရည်တင်ပြခြင်း—ရှိဖို့လိုသည်။—ရောမ ၁၅:၁-၆။
စိတ်ရှည်ခြင်းက ကျွန်ုပ်တို့ကို ခံနိုင်ရည်ရှိရန်ကူညီပေး
၁၂။ ခက်ခဲသည့်အခြေအနေများတွင် စိတ်ရှည်ဖို့ အဘယ်ကြောင့်အရေးကြီးသနည်း။
၁၂ စိတ်ရှည်ခြင်းက အတောမသတ်နိုင်ပုံရှိသော၊ သို့မဟုတ် အလျင်အမြန်ဖြေရှင်း၍မရနိုင်သော အခြေအနေများတွင် ခံနိုင်ရည်ရှိရန် ကျွန်ုပ်တို့ကိုကူညီပေး၏။ အစပိုင်း၌ဖော်ပြခဲ့သောရက်ဂျစ္စကိစ္စတွင် ဤသို့ပင်အမှန်ဖြစ်ခဲ့သည်။ သူ၏ဇနီးသည် ယေဟောဝါအား ဝတ်ပြုကိုးကွယ်မှုကို နှစ်ချီ၍ဆန့်ကျင်ခဲ့သည်။ သို့သော် တစ်နေ့တွင် သူ့ထံမျက်ရည်စက်လက်ဖြင့်ရောက်လာပြီး “ဒါအမှန်တရားဆိုတာ ကျွန်မသိပါတယ်။ ကျွန်မကိုကူညီပါ။ ကျွန်မကျမ်းစာသင်ချင်တယ်” ဟူ၍ပြောခဲ့သည်။ နောက်ဆုံးတွင် သက်သေခံတစ်ဦးအဖြစ် သူနှစ်ခြင်းခံလိုက်သည်။ ရက်ဂျစ္စက ဤသို့ပြောပြသည်– “ကျွန်တော်အကြိတ်အနယ်ရုန်းကန်ပြီး စိတ်ရှည်သည်းခံခဲ့တဲ့နှစ်တွေကို ယေဟောဝါကောင်းချီးပေးတယ်ဆိုတာ ထင်ရှားတယ်။” သူစိတ်ရှည်ခဲ့သည့်အတွက် ဆုကျေးဇူးခံစားခဲ့ရသည်။
၁၃။ အဘယ်အရာက ပေါလုကို ခံနိုင်ရည်ရှိစေသနည်း၊ သူ၏ပုံနမူနာက ကျွန်ုပ်တို့ကို ခံနိုင်ရည် မည်သို့ရှိစေနိုင်သနည်း။
၁၃ စီ.အီး. ပထမရာစုအချိန်က တမန်တော်ပေါလုသည် စိတ်ရှည်ခြင်း ပုံနမူနာကောင်းတစ်ရပ်ဖြစ်ခဲ့၏။ (၂ ကောရိန္သု ၆:၃-၁၀; ၁ တိမောသေ ၁:၁၆) သူ့အသက်တာမကုန်ဆုံးမီ အသက်ငယ်သော လုပ်ဖော်ကိုင်ဖက်တိမောသေကို သွန်သင်ချက်ပေးခဲ့သောအခါ ခရစ်ယာန်အားလုံးသည် စမ်းသပ်မှုအမျိုးမျိုးရင်ဆိုင်ရမည်ဟု သတိပေးခဲ့သည်။ ပေါလုသည် မိမိကိုယ်တိုင်၏ပုံနမူနာကို ကိုးကားဖော်ပြ၍ ခံနိုင်ရည်ရှိရန် လိုအပ်သော ခရစ်ယာန်အခြေခံအရည်အသွေးများကို ထောက်ခံပေးခဲ့သည်။ သူဤသို့ရေးသားခဲ့သည်– “ငါဆုံးမ . . . ခြင်း၊ အကျင့်ကျင့်ခြင်း၊ ကြံစည်ခြင်း၊ သစ္စာစောင့်ခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်းတို့ကိုလည်းကောင်း၊ အန္တိအုတ်မြို့၊ ဣကောနိမြို့၊ လုတ္တရမြို့တို့၌ ငါခံရသကဲ့သို့၊ အရပ်ရပ်တို့၌ခံရသောညှဉ်းဆဲခြင်း၊ ဆင်းရဲခြင်းတို့ကိုလည်းကောင်း သင်သည် ရှာဖွေနားလည်ရပြီ။ ထိုသို့သောအမှုတို့ကို ငါတွေ့ရသော်လည်း၊ တွေ့သမျှတို့မှ သခင်ဘုရားသည် ငါ့ကိုကယ်နုတ်တော်မူပြီ။ ယေရှုခရစ်၏တရားတော်နှင့်အညီ၊ ဘုရား[သခင်]ဝတ်၌မွေ့လျော်၍နေခြင်းငှာ အလိုရှိသောသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းကိုခံရကြလိမ့်မည်။” (၂ တိမောသေ ၃:၁၀-၁၂; တမန်တော် ၁၃:၄၉-၅၁; ၁၄:၁၉-၂၂) ခံနိုင်ရည်ရှိရန် ကျွန်ုပ်တို့အားလုံး ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် စိတ်ရှည်ခြင်းရှိဖို့လိုသည်။
စိတ်ရှည်ခြင်းကို ယူတင်ဝတ်ဆောင်ထားခြင်း
၁၄။ စိတ်ရှည်ခြင်းကဲ့သို့သော ဘုရားသခင့်ရေးရာအရည်အသွေးများကို အဘယ်အရာနှင့် ပေါလုနှိုင်းယှဉ်ခဲ့သနည်း၊ ကောလောသဲခရစ်ယာန်များအား အဘယ်သို့ဆုံးမခဲ့သနည်း။
၁၄ ခရစ်ယာန်တစ်ဦးသည် “လူဟောင်း” ၏စရိုက်လက္ခဏာဖြစ်သောအကျင့်များကို ချွတ်ပစ်ပြီးနောက် အဝတ်အစားများနှင့် နှိုင်းယှဉ်ခဲ့သည့် စိတ်ရှည်ခြင်းနှင့် ဘုရားသခင့်ရေးရာအရည်အသွေးများကို ဝတ်ဆင်သင့်သည်ဟု တမန်တော်ပေါလုဆိုသည်။ (ကောလောသဲ ၃:၅-၁၀) သူဤသို့ရေးသားခဲ့သည်– “သင်တို့သည် ဘုရားသခင်ရွေးကောက်သောသူ၊ သန့်ရှင်းသောသူ၊ ချစ်အပ်သောသူကဲ့သို့၊ သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင်ကြလော့။ တစ်ယောက်၌တစ်ယောက် အပြစ်တင်စရာအခွင့်ရှိလျှင်၊ အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ ခရစ်တော်သည် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူပြုကြလော့။ စုံလင်ခြင်းအဖွဲ့အစည်းတည်းဟူသော ချစ်ခြင်းမေတ္တာကို ထပ်၍ယူတင်ဝတ်ဆောင်ကြလော့။”—ကောလောသဲ ၃:၁၂-၁၄။
၁၅။ ခရစ်ယာန်များသည် စိတ်ရှည်ခြင်းနှင့် ဘုရားသခင့်ရေးရာအရည်အသွေးများကို ‘ဝတ်ဆင်’ သောအခါ အဘယ်အကျိုးကျေးဇူးများခံစားရသနည်း။
၁၅ ခရစ်ယာန်အသင်းသားများသည် သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းနှင့် ချစ်ခြင်းတို့ကို ‘ယူတင်ဝတ်ဆောင်ထားကြ’ သောအခါ ပြဿနာများကိုဖြေရှင်းနိုင်ကြပြီး ယေဟောဝါ၏လုပ်ငန်းတော်တွင် စည်းလုံးညီညာစွာ ရှေ့သို့တက်လှမ်းသွားနိုင်ကြသည်။ အထူးသဖြင့် ခရစ်ယာန်ကြီးကြပ်မှူးများသည် စိတ်ရှည်ဖို့လိုသည်။ အခြားခရစ်ယာန်တစ်ဦးကို ဆုံးမရန်လိုသည့် အချိန်အခါများရှိပေမည်၊ သို့သော် ဆုံးမနည်း အမျိုးမျိုးရှိသည်။ တိမောသေထံ ပေါလုဤသို့ရေးသားသောအခါ အကောင်းဆုံးသဘောထားကို ဖော်ပြခဲ့သည်– “အပြစ်ကိုဖော်ပြလော့။ ဆုံးမခြင်းကိုပြုလော့။ အလွန်ရှည်သောစိတ်နှင့် [ဆုံးမ] ပေး၍ တိုက်တွန်းသွေးဆောင်လော့။” (၂ တိမောသေ ၄:၂) မှန်ပါသည်၊ ယေဟောဝါ၏သိုးများကို အမြဲပင်စိတ်ရှည်စွာ၊ ဂုဏ်သိက္ခာရှိရှိနှင့် နူးညံ့သိမ်မွေ့စွာ ဆက်ဆံသင့်၏။—မဿဲ ၇:၁၂; ၁၁:၂၈; တမန်တော် ၂၀:၂၈၊ ၂၉; ရောမ ၁၂:၁၀။
“ခပ်သိမ်းသောသူတို့အား ရှည်သောစိတ်ရှိစေကြလော့”
၁၆။ ကျွန်ုပ်တို့သည် “ခပ်သိမ်းသောသူတို့အား ရှည်သောစိတ်ရှိ” ကြသောအခါ အဘယ်ရလဒ်ရရှိကြမည်နည်း။
၁၆ လူသားများအပေါ် ယေဟောဝါစိတ်ရှည်တော်မူခြင်းက ကျွန်ုပ်တို့လည်း “ခပ်သိမ်းသောသူတို့အား ရှည်သောစိတ်ရှိစေ” ကြရန် တာဝန်ရရှိလာသည်။ (၁ သက်သာလောနိတ် ၅:၁၄) ဆိုလိုသည်ကား ယေဟောဝါသက်သေမဟုတ်သော မိသားစုဝင်များ၊ အိမ်နီးချင်းများ၊ လုပ်ငန်းခွင်၌ လုပ်ဖော်ကိုင်ဖက်များနှင့် အတန်းဖော်များကို စိတ်ရှည်ဖို့ဖြစ်သည်။ နှစ်ချီ၍ လုပ်ငန်းခွင်၌ဖြစ်စေ၊ ကျောင်း၌ဖြစ်စေ ပေါင်းသင်းရသူတို့၏ စိတ်နာကြည်းစရာ၊ ခနဲ့၍ပြောဆိုသောဝေဖန်ချက်များ သို့မဟုတ် တိုက်ရိုက်ဆန့်ကျင်မှုများကို သက်သေခံများသည် ရံဖန်ရံခါသည်းခံခဲ့ကြရာ စိတ်စွန်းကွက်မှုများစွာကို အနိုင်ယူနိုင်ခဲ့ကြပြီ။ (ကောလောသဲ ၄:၅၊ ၆) တမန်တော်ပေတရုက ဤသို့ရေးသားခဲ့သည်– “[ပြင်]လူတို့သည် သင်တို့ကိုကဲ့ရဲ့ပြစ်တင်ကြသည်အမှုမှာ ဘုရားသခင်ကြည့်ရှုစီရင်တော်မူသောနေ့ရက်၌ သင်တို့၏ကောင်းသောအကျင့်ကို သူတို့သည်ထောက်ရှု၍ ဘုရားသခင်ကိုချီးမွမ်းမည်အကြောင်း၊ သူတို့ရှေ့၌ တင့်တယ်လျောက်ပတ်စွာကျင့်နေကြလော့။”—၁ ပေတရု ၂:၁၂။
၁၇။ ယေဟောဝါ၏မေတ္တာနှင့် စိတ်ရှည်ခြင်းကို ကျွန်ုပ်တို့မည်သို့တုပနိုင်သနည်း၊ ထိုသို့ အဘယ်ကြောင့်ပြုသင့်သနည်း။
၁၇ ယေဟောဝါ၏စိတ်ရှည်ခြင်းက သန်းပေါင်းများစွာတို့အတွက် ကယ်တင်ခြင်းဖြစ်လိမ့်မည်။ (၂ ပေတရု ၃:၉၊ ၁၅) ယေဟောဝါ၏မေတ္တာတော်နှင့် စိတ်ရှည်ခြင်းကို ကျွန်ုပ်တို့တုပကြမည်ဆိုလျှင် ကျွန်ုပ်တို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို စိတ်ရှည်စွာ ဆက်ဟောပြော၍ ခရစ်တော်နိုင်ငံတော်၏အုပ်ချုပ်မှုကို လက်အောက်ခံရန် ဆက်သွန်သင်ပေးကြလိမ့်မည်။ (မဿဲ ၂၈:၁၈-၂၀; ) မဟောပြောတော့ဘဲနေမည်ဆိုလျှင် ကျွန်ုပ်တို့သည် ယေဟောဝါ၏ စိတ်ရှည်မှုကို ကန့်သတ်လိုသည့်အလားဖြစ်ကာ လူတို့အား နောင်တရစေခြင်းဖြစ်သည့် ကိုယ်တော်၏စိတ်ရှည်ခြင်းရည်ရွယ်ချက်ကို အသိအမှတ်မပြုရာရောက်ပေလိမ့်မည်။— မာကု ၁၃:၁၀ရောမ ၂:၄။
၁၈။ ကောလောသဲမြို့သားများအတွက် ပေါလု မည်သို့ဆုတောင်းသနည်း။
၁၈ အာရှမိုင်းနားရှိ ကောလောသဲခရစ်ယာန်များထံ ရေးသောစာတွင် ပေါလုဤသို့ဆိုသည်– “ထိုကြောင့်၊ ငါတို့သည် ကြားရသည်နေ့မှစ၍၊ သင်တို့အဖို့အလိုငှာ အစဉ်မပြတ်ဆုတောင်း . . . လျက်နေကြ၏။ ဆုတောင်းသောအချက်ဟူမူကား၊ သင်တို့သည် ကောင်းသောအကျင့်အမျိုးမျိုးတည်းဟူသော အသီးကိုသီးခြင်း၊ ဘုရားသခင်ကိုသိသောဉာဏ် တိုးပွားခြင်းရှိသဖြင့်လည်းကောင်း၊ ဝမ်းမြောက်သောစိတ်နှင့် အရာရာ၌သည်းခံခြင်း၊ စိတ်ရှည်ခြင်းအလိုငှာ၊ ဘုန်းကြီးသောတန်ခိုးတော်အတိုင်း ခွန်အားနှင့်ပြည့်စုံသဖြင့်လည်းကောင်း ခမည်းတော်ဘုရား၏ ကျေးဇူးတော်ကိုချီးမွမ်းလျက်၊ သခင်ဘုရားနှင့်ထိုက်လျောက်စွာကျင့်၍ အရာရာ၌နှစ်သက်တော်မူစေခြင်းငှာ၊ ပညာအမျိုးမျိုး၊ ဓမ္မဉာဏ်အမျိုးမျိုးအားဖြင့် အလိုတော်ကို အကုန်အစင်နားလည်ပါမည်အကြောင်း ဆုတောင်း . . . ၏။”—ကောလောသဲ ၁:၉-၁၁။
၁၉၊ ၂၀။ (က) ယေဟောဝါ ဆက်၍စိတ်ရှည်တော်မူခြင်းကို စမ်းသပ်မှုတစ်ရပ်အဖြစ် မရှုမြင်မိရန် မည်သို့ပြုနိုင်မည်နည်း။ (ခ) စိတ်ရှည်ခြင်းမှ ကျွန်ုပ်တို့အဘယ်အကျိုးကျေးဇူးများ ခံစားကြရမည်နည်း။
၁၉ ကျွန်ုပ်တို့အနေနှင့် “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ [အမှန်] တရားကိုသိစေ” ရန်ဖြစ်သော ကိုယ်တော်၏ “အလိုတော်ကို အကုန်အစင်နားလည်” မည်ဆိုလျှင် ယေဟောဝါဆက်၍စိတ်ရှည်သည်းခံတော်မူခြင်းက ကျွန်ုပ်တို့အတွက် စမ်းသပ်မှုတစ်ရပ်ဖြစ်မည်မဟုတ်ချေ။ (၁ တိမောသေ ၂:၄) ကျွန်ုပ်တို့သည် အထူးသဖြင့် “[ဘုရားသခင့်]နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရား” ကို ဟောပြောခြင်းဖြစ်သည့် “ကောင်းသောအကျင့်အမျိုးမျိုးတည်းဟူသော အသီးကို” ဆက်လက်သီးနေကြပါမည်။ (မဿဲ ၂၄:၁၄) ဤသို့တည်ကြည်စွာဆက်ပြုလုပ်ကြမည်ဆိုလျှင် ယေဟောဝါသည် ကျွန်ုပ်တို့ကို “ဘုန်းကြီးသောတန်ခိုးတော်အတိုင်း ခွန်အားနှင့်ပြည့်စုံ” စေပြီး ကျွန်ုပ်တို့သည် “ဝမ်းမြောက်သောစိတ်နှင့် အရာရာ၌သည်းခံခြင်း၊ စိတ်ရှည်ခြင်း” ရှိလျက်နေနိုင်သည်။ ဤသို့အားဖြင့် ကျွန်ုပ်တို့သည် “သခင်ဘုရားနှင့်ထိုက်လျောက်စွာကျင့်” ဆောင်ကြမည်ဖြစ်ပြီး ‘အရာရာ၌ကိုယ်တော်နှစ်သက်တော်မူ’ ရာကိုပြုလုပ်နေကြောင်း သိရှိခြင်းမှရရှိသည့် ငြိမ်သက်ခြင်းကို ခံစားရကြပေလိမ့်မည်။
၂၀ ယေဟောဝါ၏စိတ်ရှည်ခြင်း၌ ဉာဏ်ပညာရှိကြောင်းကို ကျွန်ုပ်တို့အပြည့်အဝယုံကြည်စိတ်ချကြစို့လေ။ သို့ပြုခြင်းသည် ကျွန်ုပ်တို့ကိုယ်တိုင်နှင့် ကျွန်ုပ်တို့၏ဟောပြောသွန်သင်ခြင်းကို လက်ခံနားထောင်သူတို့၏ ကယ်တင်ခြင်းအတွက် ဖြစ်စေသည်။ (၁ တိမောသေ ၄:၁၆) ဝိညာဉ်အသီးများသီးနေခြင်း—ချစ်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် ချုပ်တည်းခြင်းတို့—က ကျွန်ုပ်တို့အား ဝမ်းမြောက်စွာ စိတ်ရှည်စေပါလိမ့်မည်။ ထိုအခါ ကျွန်ုပ်တို့၏မိသားစုနှင့်သာမက အသင်းတော်ရှိ ညီအစ်ကို၊ ညီအစ်မများနှင့် သာ၍အေးချမ်းငြိမ်သက်စွာ နေထိုင်နိုင်စေမည်။ စိတ်ရှည်ခြင်းက ကျွန်ုပ်တို့၏လုပ်ဖော်ကိုင်ဖက်ချင်း သို့မဟုတ် အတန်းဖော်ချင်းတို့ကို သည်းခံနိုင်ရန် အကူအညီဖြစ်လိမ့်မည်။ ထို့ပြင် ကျွန်ုပ်တို့၏စိတ်ရှည်ခြင်းသည် ရည်ရွယ်ချက်တစ်ရပ်ရှိမည်၊ ယင်းကား အပြစ်ရှိသူများကို ကယ်တင်ခြင်းနှင့် စိတ်ရှည်တော်မူသောဘုရားသခင်၊ ယေဟောဝါအား ဂုဏ်တင်ခြင်းတည်း။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 10 “မေတ္တာသည်စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏” ဟူသော တမန်တော်ပေါလု၏စကားနှင့်ပတ်သက်၍ ကျမ်းပညာရှင် ဂေါဒင်. ဒီ. ဖီက ဤသို့ရေးသားခဲ့သည်– “ပေါလု၏သာသနာအဆိုတွင် ၎င်း [စိတ်ရှည်ခြင်းနှင့် ကျေးဇူးပြုခြင်း] တို့သည် လူသားတို့အပေါ် ဘုရားသခင်၏သဘောထား ရှုထောင့်နှစ်ရပ်ကို ကိုယ်စားပြုသည်။ (ရောမ ၂:၄ နှင့်နှိုင်းယှဉ်)။ တစ်ဖက်တွင် ပုန်ကန်သောလူသားများအပေါ် အမျက်ဒေါသကို ဘုရားသခင်ချုပ်ထိန်းထားခြင်းအားဖြင့် ကိုယ်တော်၏မေတ္တာတော်၊ သည်းခံခြင်းတရား ထင်ရှားသည်; အခြားတစ်ဖက်တွင် ကိုယ်တော်၏ကရုဏာတော်ထင်ရှားစေသည့် အထောင်အသောင်းသောအသုံးအနှုန်းတွင် ကိုယ်တော်၏သနားကြင်နာမှုကို တွေ့မြင်ရသည်။ သို့ဖြစ်၍ မေတ္တာအကြောင်း ပေါလု၏ဖော်ပြချက်သည် ဘုရားသခင်၏ ဤအသွင်သဏ္ဌာန်နှစ်မျိုးဖြင့် စတင်၏၊ ကိုယ်တော်သည် တရားစီရင်ခံထိုက်သူတို့ကို သည်းခံတော်မူ၍ သနားညှာတာကြောင်း ခရစ်တော်အားဖြင့် ဖော်ပြတော်မူခဲ့သည်။”
သင်ရှင်းပြနိုင်သလော
• ခရစ်တော်သည် အဘယ်နည်းဖြင့် ထူးခြားလှသော စိတ်ရှည်ခြင်းပုံနမူနာ ဖြစ်ခဲ့သနည်း။
• စိတ်ရှည်ခြင်းကိုမွေးမြူရန် အဘယ်အရာက ကျွန်ုပ်တို့ကိုကူညီပေးမည်နည်း။
• စိတ်ရှည်ခြင်းက မိသားစုများ၊ ခရစ်ယာန်အသိုင်းအဝိုင်းများနှင့် အကြီးအကဲများကို မည်သို့ကူညီပေးသနည်း။
• ကျွန်ုပ်တို့စိတ်ရှည်ကြခြင်းဖြင့် ကျွန်ုပ်တို့ကိုယ်တိုင်နှင့် အခြားသူတို့ကို မည်သို့ကောင်းကျိုးပြုမည်နည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ယေရှုသည် အကြီးအကျယ်ဖိစီးမှုခံရချိန်၌ပင် တပည့်တော်များကို စိတ်ရှည်သည်းခံတော်မူခဲ့၏
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ခရစ်ယာန်ကြီးကြပ်မှူးများသည် ညီအစ်ကိုများနှင့် ပေါင်းသင်းဆက်ဆံရာတွင် စိတ်ရှည်ခြင်း ပုံနမူနာကောင်းရှိကြရန် တိုက်တွန်းခံရ
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ယေဟောဝါ၏မေတ္တာနှင့် စိတ်ရှည်ခြင်းကို ကျွန်ုပ်တို့ တုပကြမည်ဆိုလျှင် သတင်းကောင်းကို ဆက်၍ဟောပြောနေကြလိမ့်မည်
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ခရစ်ယာန်များ ‘ဝမ်းမြောက်သောစိတ်နှင့် စိတ်ရှည်’ ကြဖို့ ပေါလုဆုတောင်းပေးခဲ့