မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ

ဧဒင်ဥယျာဉ်​တွင် မြွေသည် ကောင်း​မကောင်း​သိကျွမ်းရာ​အပင်​နှင့်​ပတ်သက်သော ဘုရားသခင့်​ပညတ်​ကို​ချိုးဖောက်​ရန် ဧဝ​အား မည်သည့်​နည်းဖြင့်​သိရှိ​စေ​ခဲ့​သနည်း။

ကမ္ဘာဦး ၃:၁ က​ဤသို့​ဆို​သည်– “မြွေသည် ထာဝရ​အရှင်​ဘုရားသခင်​ဖန်ဆင်း​တော်​မူ​သော မြေတိရစ္ဆာန်​တကာ​တို့​ထက် လိမ္မာ​သည်​ဖြစ်၍ မိန်းမ​အား သင်တို့သည် ဥယျာဉ်​၌​ရှိသမျှ​သော အပင်​တို့၏​အသီးကို​မစား​ရ​ဟု ဧကန်​စင်စစ် ဘုရားသခင်​မိန့်တော်မူ​သလော​ဟု​မေး​၏။” မြွေသည် ဧဝ​နှင့်​မည်သို့​ဆက်သွယ်​ခဲ့​မည့်​အကြောင်း အဆိုပြု​ချက်​အမျိုးမျိုး​ရှိ၏။ ယူဆချက်​တစ်ခု​မှာ အမူအရာ​ပြ​စကား သို့​မဟုတ် ကိုယ်ဟန်​အမူအရာ​အားဖြင့် ဆက်သွယ်​ခဲ့​သည်​ဟု​ဆို​သည်။ ဥပမာ၊ အင်္ဂလိပ်​ခရစ်ယာန်​ဘုန်းကြီး ဂျိုးဇက် ဘင်ဆင်​က ဤသို့​ဝေဖန်​ခဲ့​သည်– “အရိပ်လက္ခဏာ​တစ်မျိုး​မျိုး​ဖြင့် ဖြစ်ဖွယ်​ရှိသည်။ ထို​အချိန်​က မြွေ​၏​ထူးခြားသော​ဂုဏ်သတ္တိ​တွင် စဉ်းစား​ဆင်ခြင်​နိုင်စွမ်း​နှင့် စကား​ပြောနိုင်စွမ်း​တို့​ပါဝင်​သည်​ဟု အချို့​က​မှတ်ယူ​ခဲ့​ကြသည်၊ . . . သို့သော် သက်သေ​အထောက်အထား​မရှိ​ချေ။”

သို့ရာတွင် မြွေသည် အမူအရာ​ပြ​ခြင်း​ဖြင့်​သာ တားမြစ်​ထားသော​အသီးကို​စား​လျှင် ဘုရားသခင်​ကဲ့သို့ အကောင်း​အဆိုးကို​ဆုံးဖြတ်​နိုင်​မည်​ဟု ဧဝ​အား မည်သို့​သိစေ​နိုင်​မည်​နည်း။ ထို့​ပြင် ဧဝ​သည် မြွေ​မေးခဲ့​သော​မေးခွန်း​ကို ဖြေဆို​၍ အပြန်အလှန်​စကားပြော​ခဲ့​သည်။ (ကမ္ဘာဦး ၃:၂-၅) မြွေသည် အရိပ်​အ​ခြည် သို့​မဟုတ် အမူအရာ​ပြ​စကား​ဖြင့်​သာ ဆက်သွယ်​ခဲ့​သည်​ဟူသော ယူဆချက်​က ဧဝ​သည် ကိုယ်ဟန်​အမူအရာ​ဖြင့် ပြန်ဖြေ​ဆို​သည်​ဟု ကောက်ချက်​ချ​စေမည်၊ သို့သော် သမ္မာကျမ်းစာ​က သူ​စကားပြော​သည်​ဟု​ဆို​သည်။

ထို​ဖြစ်ရပ်​ကို​ရည်ညွှန်း​ကာ တမန်​တော်​ပေါလု​က ခရစ်ယာန်​ချင်း​များ​အား ဤသို့​သတိပေး​ခဲ့​သည်– “မြွေသည် မိမိ​ပရိယာယ်​အားဖြင့် ဧဝ​ကို​လှည့်စား​သကဲ့သို့၊ သင်တို့သည် စိတ်​ဆွေးမြေ့​ယိုယွင်း . . . မည်​ဟု စိုးရိမ်ခြင်း​ရှိ၏။” ပေါလု​ပြော​သော​အန္တရာယ်​သည် ‘အယူမှား​တမန်​များ၊ လှည့်ဖြား​တတ်သော​အမှုဆောင်​များ’ ထံ​မှ​လာ​သည်။ ဤ “အထူး​မြင့်မြတ်​သော​တမန်​များ” ၏​ခြိမ်းခြောက်​မှု​သည် အမူအရာ​ပြ​စကား၊ ကိုယ်ဟန်​အမူအရာ​များ​အားဖြင့်​သာ​မဟုတ်​ချေ။ သူတို့၏​အပြောအဆို၊ အခြား​သူများကို လှည့်ဖြား​ရန် ပါးနပ်​လိမ္မာ​စွာ​ပြော​သော​စကား​များ ပါဝင်​ခဲ့​သည်။—၂ ကောရိန္သု ၁၁:၃-၅၊ ၁၃

ဧဒင်ဥယျာဉ်​တွင် ဧဝ​အား​လှည့်ဖြား​ရန် စကား​ပြောနိုင်စွမ်း​ကို အသုံးပြု​ခဲ့​သော်လည်း ပကတိ​မြွေ​တွင် အသံကြိုး​များ​ရှိသည်​ဟု ထင်မှတ်​စ​ရာ​အကြောင်း​မရှိ​ချေ။ ၎င်းကို မြွေ​မလို​အပ်​ပေ။ ဘုရားသခင့်​ကောင်းကင်တမန်​သည် မြည်း​မှ​တစ်ဆင့် ဗာလမ်​အား​စကားပြော​ဆို​သောအခါ ထို​တိရစ္ဆာန်​မှာ လူတစ်ဦး​ကဲ့သို့ ရှုပ်ထွေး​သော​အသံ​အိုး​ရှိ​စ​ရာ မလို​အပ်​ခဲ့​ချေ။ (တောလည်ရာ ၂၂:၂၆-၃၁) ထင်ရှား​သည်​မှာ ‘စကား​မပြော​နိုင်သော​မြည်း​သည် လူ့​အသံ​ဖြင့်​မြွက်ဆို’ သောအခါ . . . ဝိညာဉ်ဘုံ​မှ​တန်ခိုး​ဖြင့် ထိုသို့​ပြောဆို​နိုင်​ခဲ့​ခြင်း​ဖြစ်သည်။—၂ ပေတရု ၂:၁၆

ဧဝ​အား​စကားပြော​ခဲ့​သည့် မြွေ​၏​နောက်ကွယ်​ရှိ . . . ဝိညာဉ်​သတ္တဝါ​ကို “စာတန်​အမည်​ရှိသော ရှေး​မြွေ​ဟောင်း” ဟု​သမ္မာကျမ်းစာ​က ဖော်ပြ​ထား​သည်။ (ဗျာဒိတ် ၁၂:၉) ဧဝ​ကြား​၍ တုံ့ပြန်​ခဲ့​သည့် စကား​များ​မှာ “လင်း​သော​ကောင်းကင်တမန် ဖြစ်ယောင်ဆောင်​တတ်” သူ​စာတန်​၏ လှုံ့ဆော်ပေး​မှု​ဖြင့်​ဖြစ်သည်။—၂ ကောရိန္သု ၁၁:၁၄

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

“ကောင်း​မကောင်း​ကို​သိ၍ ဘုရားသခင်​ကဲ့သို့​ဖြစ်​ကြ​လတ္တံ့”