မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆစ်သီယန်းများ ပဟေဠိဆန်သောရှေးခေတ်လူသားများ

ဆစ်သီယန်းများ ပဟေဠိဆန်သောရှေးခေတ်လူသားများ

ဆစ်​သီ​ယန်း​များ ပဟေဠိဆန်​သော​ရှေးခေတ်​လူသားများ

မြင်း​ကုန်း​နှီး​ရှိ​အိတ်များ​တွင် ပစ္စည်း​အပြည့်​ဖြင့် ခြေသလုံး​အိမ်​ပါ​လူမျိုး၏​မြင်းတပ်​သည် ဖုန်​မှုန့်​တော​ထဲ ဒုန်း​စိုင်း​နေသည်။ အဆိုပါ​ပဟေဠိဆန်​သော​လူသားများ​သည် ဘီ.စီ.အီး. ၇၀၀ ခန့်​မှ ၃၀၀ အထိ ယူ​ရေ​ရှား​စတက်​လွင်ပြင်​တွင် အုပ်ချုပ်ခွင့်​ရရှိခဲ့​ကြသည်။ ထို့နောက် သူတို့​ပျောက်ကွယ်​သွား​ကြသည်—သို့သော် သမိုင်း​တစ်​နေရာတွင် မှတ်တမ်းတင်​ခံရ​ပြီး​နောက်​၌​သာ​ဖြစ်သည်။ သမ္မာကျမ်းစာ​၌​ပင် သူတို့​အကြောင်း​ဖော်ပြ​ထား​သည်။ သူတို့​ကား ဆစ်​သီ​ယန်း​များ​ဖြစ်​ကြ​၏။

ခြေသလုံး​အိမ်​ပါ​လူမျိုးများ​နှင့် မြင်းရိုင်း​အုပ်​တို့သည် ဥရောပ​အရှေ့ပိုင်း ကာ​ရ်​ပေ​သီ​ယမ်​တောင်​များ​မှ ယခု ရုရှား​အရှေ့​တောင်ပိုင်း​အထိ ကျယ်ပြန့်​သော မြက်ခင်းပြင်​များ​တွင် ရာစု​နှစ်ချီ၍ လှည့်လည်​နေထိုင်ခဲ့​ကြသည်။ ဘီ.စီ.အီး. ရှစ်ရာစု​တိုင်သော် တရုတ်​ဧကရာဇ်​ရှူ​အန်း​၏ စစ်ချီ​တိုက်ခိုက်မှု​ကြောင့် အနောက်ဘက်​သို့ လူအများ​ပြောင်းရွှေ့​ခဲ့​ရသည်။ အနောက်ဘက်​သို့​ပြောင်းရွှေ့​ကြ​စဉ် ဆစ်​သီ​ယန်း​များသည် ကော့​ကေး​ဆပ်​နှင့် ပင်လယ်​နက်​မြောက်ဘက်​ဒေသ​ကို အုပ်ချုပ်​သော ဆီ​မီ​ရီ​ယန်း​များ​ကို တိုက်ခိုက်​၍​မောင်းထုတ်​ခဲ့​လေ​သည်။

ဆစ်​သီ​ယန်း​များသည် စည်းစိမ်ဥစ္စာ​ရှာဖွေ​ရာ​တွင် အာဆီးရီးယန်း​၏​မြို့တော်၊ နီ​နေ​ဗှေး​မြို့ကို တိုက်ခိုက်​သိမ်းပိုက်​ခဲ့​၏။ နောက်ပိုင်း၌ သူတို့သည် အာဆီးရီးယား​နှင့် မဟာမိတ်ဖွဲ့​ကာ မေဒိ​နိုင်ငံ၊ ဘေဘီလိုနီးယား​နိုင်ငံ​နှင့် အခြား​နိုင်ငံ​များ​ကို တိုက်ခိုက်​ခဲ့​သည်။ အီဂျစ်​မြောက်ပိုင်း​အထိ​ပင် သူတို့​သွားရောက်​တိုက်ခိုက်​ခဲ့​၏။ အစ္စရေး​အရှေ့မြောက်ပိုင်း​မှ ဗက်ရှန်​မြို့ကို နောက်ပိုင်း​တွင် ဆစ်​သို​ပေါ​လ​စ္စ​မြို့​ဟု​ခေါ်​ခဲ့​ခြင်း​က ဆစ်​သီ​ယန်း​များ ထို​တွင်​နေထိုင်ခဲ့​သည်ကို ဖော်ပြ​ပေမည်။—၁ ဓမ္မ​ရာဇဝင် ၃၁:၁၁၊ ၁၂

နောက်ဆုံး​၌ ဆစ်​သီ​ယန်း​များသည် မျက်မှောက်ခေတ် ရိုမေးနီးယား၊ မော်လ်ဒိုဗာ၊ ယူကရိန်း​နှင့် ရုရှား​တောင်ပိုင်း​စတက်​လွင်ပြင်များ​တွင် အခြေချ​ခဲ့​ကြသည်။ ထို​တွင် သူတို့သည် ဂရိ​လူမျိုး​နှင့် မျက်မှောက်ခေတ် ယူကရိန်း​နှင့်​ရုရှား​တောင်ပိုင်း​ရှိ ဂျုံ​စပါး​စိုက်​ပျိုး​သူများ​ကြား ပွဲစား​လုပ်ကြ​ခြင်း​အားဖြင့် ချမ်းသာ​ကြွယ်ဝ​လာ​ခဲ့​ကြသည်။ ဆစ်​သီ​ယန်း​များသည် ဂျုံ​စပါး၊ ပျားရည်၊ သား​မွေး​နှင့် ကျွဲ​နွား​တိရစ္ဆာန်​တို့ကို ဂရိ​ဝိုင်၊ အထည်​များ၊ လက်နက်များ​နှင့် ပန်းချီ​ပန်း​ပု​ကားချပ်​များ​အတွက် လဲလှယ်​ကူး​သန်း​ရောင်းဝယ်​ခဲ့​ကြသည်။ ဤနည်းဖြင့် သူတို့သည် အလွန့်အလွန်​ချမ်းသာ​လာ​ခဲ့​ကြသည်။

မြင်းစီးသူရဲ​ကောင်း​များ

စတက်​လွင်ပြင်​စစ်သူရဲ​များ​အတွက် မြင်း​သည် ကန္တာရ​မှ​လူများ​အတွက် ကုလားအုတ်​ကဲ့သို့​ဖြစ်၏။ ဆစ်​သီ​ယန်း​များသည် အလွန်​ကျွမ်းကျင်​သော မြင်းစီးသူရဲ​များ​ဖြစ်​ကြ​ပြီး မြင်း​ကုန်း​နှီး​နှင့် မြင်း​စီး​ခြေနင်း​ကွင်း​ကို ဦးဆုံး​အသုံးပြု​ခဲ့​ကြ​၏။ သူတို့သည် မြင်း​သားကို​စား၍ မြင်း​နို့​ကို သောက်​ကြသည်။ အမှန်​ဆို​ရ​လျှင် ယဇ်​ပူဇော်ရာ​တွင်​ပင် သူတို့သည် မြင်းများ​ကို​အသုံးပြု​ခဲ့​ကြ​၏။ ဆစ်​သီ​ယန်း​စစ်သူရဲ​တစ်ဦး​သေဆုံးသော​အခါ သူ၏​မြင်း​ကို​ပါ​သတ်​၍ မြင်း​က​ကြိုး​တန်ဆာ​အပြည့်အစုံ​ဆင်ယင်​ပြီး ဂုဏ်ပြု​သင်္ဂြိုဟ်​လေ့​ရှိသည်။

သမိုင်း​ဆရာ​ဟဲရို​ဒို​တပ်​စ်​၏​အဆို​အရ ဆစ်​သီ​ယန်း​များသည် အရက်ခွက်​များ​အဖြစ် သူတို့​သတ်ခဲ့​သူများ​၏ ဦးခေါင်းခွံ​များ​ကို အသုံးပြုခြင်း​အပါအဝင် ရက်စက်​ကြမ်းကြုတ်​သော အလေ့အထ​များ​ရှိကြသည်။ ရန်သူများ​ကို ဝင်ရောက်​တိုက်ခိုက်​ရာ​တွင် သူတို့သည် သံ​ဓား​များ၊ ရဲတင်း​များ၊ လှံ​များ၊ မြား​ထ​စ်​များ​ဖြင့် သတ်ဖြတ်​ဖျက်ဆီး​လေ့​ရှိသည်။

ထာဝစဉ်​အတွက် ဖြည့်ဆည်း​ထားသော​သင်္ချိုင်းဂူ​များ

ဆစ်​သီ​ယန်း​များသည် စုန်းကဝေ​အတတ်​နှင့် နတ်​ဘာသာ​အတတ်ကို လိုက်စား​ကြ​ပြီး မီး​နှင့်​မယ်တော်​နတ်​ဘုရားမ​ကို ကိုးကွယ်​ကြသည်။ (တရားဟောရာ ၁၈:၁၀-၁၂) သင်္ချိုင်းဂူ​ကို သေလွန်သူ​များ​၏​နေအိမ်​အဖြစ် သူတို့​ယူမှတ်​ကြသည်။ သေလွန်သူ​အရှင်သခင် အသုံးပြု​ဖို့ ကျေးကျွန်​များနှင့်​တိရစ္ဆာန်​များ​ကို ပူဇော်​ခဲ့​ကြသည်။ ပစ္စည်းဥစ္စာ​နှင့် အ​ခြွေ​အ​ရံ​များသည် “နောင်​ဘဝ” သို့​စော်ဘွား​များနှင့်​အတူ လိုက်ပါ​သွား​ရသည်။ တော်ဝင်​သင်္ချိုင်း​တစ်ခု​တွင် ပြန်ထ​ရန်​နှင့် တာဝန်​များ​ထမ်းဆောင်​ရန် အသင့်​အနေအထား​မျိုး​ဖြင့် ကျွန်​ယောက်ျား​ငါး​ဦး​ကို သခင်​ဘက်​သို့ ခြေဆင်း​လှဲလျောင်း​မြှုပ်​ထား​သည်ကို တွေ့ရှိ​ရ၏။

အုပ်ချုပ်သူ​များ​ကို လက်ဆောင်​ပစ္စည်း​အလျှံပယ်​ဖြင့် သင်္ဂြိုဟ်​၍ ဝမ်းနည်း​ငိုကြွေး​ချိန်​အတွင်း ဆစ်​သီ​ယန်း​တို့သည် သူတို့​သွေး​ကို​သွန်း​ပြီး ဆံပင်​ရိတ်​ပစ်လိုက်​ကြသည်။ ဟဲရို​ဒိုတပ်စ်က ဤသို့​ရေးခဲ့​၏– “သူတို့၏​နားရွက်​တစ်စိတ်​တစ်ပိုင်း​ကို​ဖြတ်၊ ခေါင်းတုံး​၍ လက်မောင်း​ပတ်ပတ်လည်​လှီး​ရှ​ကာ နဖူး​နှင့်​နှာခေါင်း​များ​ကို အနာတရ​ဖြစ်စေ​ပြီး လက်ဝဲလက်​ကို မြား​နှင့်​ထိုးဖောက်​ကြသည်။” ယင်း​နှင့်​ဆန့်ကျင်​လျက် တစ်ခေတ်​တည်း​ရှိ ဣသရေလ​လူမျိုး​ကို​ပေး​သော ဘုရားသခင့်​ပညတ်​က ဤသို့​မိန့်ဆိုခဲ့​၏– “သေ​သော​သူ​အတွက် ကိုယ်​အသားကို မ​ခုတ်​မ​ရှ​ရ။”—ဝတ်ပြုရာ ၁၉:၂၈

ဆစ်​သီ​ယန်း​တို့၏​ကူ​ရ်​ဂါ​န် (အုတ်ဂူ) များ​ထောင်နှင့်ချီ​ကျန်ရှိ​၏။ ကူ​ရ်​ဂါ​န်​များ​တွင်​တွေ့ရှိ​သော အဆင်တန်ဆာ​များစွာတို့သည် ဆစ်​သီ​ယန်း​လူမျိုး၏​နေ့စဉ်​ဘဝ​အသက်တာကို ပုံဖော်​သည်။ ရုရှား​ဇာ​ဘုရင်မဟာ​ပီတာ​သည် ၁၇၁၅ ခုနှစ်​တွင် ဤ​အရာများ​ကို စတင်​စု​ဆောင်​ခဲ့​ပြီး ယခု အဆိုပါ​ဖိတ်ဖိတ်တောက်​အရာဝတ္ထု​များ​ကို ရုရှား​နှင့်​ယူကရိန်း​ရှိ ပြတိုက်​များ​တွင် တွေ့ရှိ​နိုင်​သည်။ ဤ “တိရစ္ဆာန်​ပန်းချီ​ပန်း​ပု​အနုပညာ” တွင်​မြင်းများ၊ လင်းယုန်​များ၊ သိမ်းငှက်​များ၊ ကြောင်​များ၊ ကျားသစ်​များ၊ ချေဆတ်၊ သမင်​ဒရယ်​များ၊ ငှက်​န​ရား​များနှင့် ခြင်္သေ့​န​ရား​များ (အ​တောင်ပံ သို့​မဟုတ် အ​တောင်ပံ​မပါ​သော တိရစ္ဆာန်​တစ်ကောင်​၏​ကိုယ်ခန္ဓာ​နှင့် အခြား​တိရစ္ဆာန်​တစ်ကောင်​၏​ခေါင်း​ရှိသည့် စိတ်ကူးယဉ်​သတ္တဝါ​ပုံ​များ) ပါဝင်​သည်။

ဆစ်​သီ​ယန်း​များနှင့် သမ္မာကျမ်းစာ

သမ္မာကျမ်းစာ​သည် ဆစ်​သီ​ယန်း​လူမျိုး​အကြောင်း တစ်ကြိမ်​တည်း​သာ တိုက်ရိုက်​ဖော်ပြ​၏။ ကောလောသဲ ၃:၁၁ ၌​ကျွန်ုပ်​တို့​ဤသို့​ဖတ်​ရသည်– “ထို​ဖန်ဆင်း​ပြုပြင်​တော်​မူ​ရာ​၌ ဟေ​လ​သ​လူ​မရှိ၊ ယုဒ​လူ​မရှိ၊ အရေဖျားလှီး​မင်္ဂလာ ခံ​ခြင်း​မရှိ၊ မခံ​ခြင်း​မရှိ၊ လူရိုင်း​မရှိ၊ သကုသိ[ဆစ်​သီ​ယန်း]လူ​မရှိ၊ ကျွန်မ​ရှိ၊ လူလွတ်​မရှိ၊ ခရစ်တော်​သည် အလုံးစုံ​တို့​၌ အလုံးစုံ​ဖြစ်​တော်​မူ​၏။” ခရစ်ယာန်​တမန်​တော်​ပေါလု​က ဤ​စကား​များ​ကို​ရေးခဲ့​စဉ် “ဆစ်​သီ​ယန်း” ဟု​ဘာသာ​ပြန်ဆို​ထားသော ဂရိ​ဝေါဟာရ​သည် လူမျိုးတစ်မျိုး​ကို​ဆိုလိုခြင်း​မဟုတ်ဘဲ ရိုင်းစိုင်း​သူတို့တွင် အ​ရိုင်း​ဆုံး​သူကို ဆိုလို​ခဲ့​ခြင်း​ဖြစ်သည်။ ထို​ကဲ့သို့​သော​သူများ​ပင်​လျှင် ယေဟောဝါ​၏​သန့်ရှင်းသော​ဝိညာဉ်​တော် သို့​မဟုတ် လှုပ်ရှား​သော​စွမ်းအား​၏ လွှမ်းမိုးမှု​ခံရ​ပါ​က ဘုရားသခင်​ရေးရာ​အရည်အသွေးများ​ကို ယူတင်​ဝတ်ဆင်​နိုင်​သည်​ဟု ပေါလု​ဖော်ပြ​နေခြင်း​ဖြစ်၏။—ကောလောသဲ ၃:၉၊ ၁၀

ယေရမိ ၅၁:၂၇ ၌​တွေ့ရှိ​ရသော အာရှကေနတ်​ဟူသော​အမည်​သည် ဆစ်​သီ​ယန်း​များ​ကို ဆီးရီးယား​စကား​ဖြင့် ခေါ်​ခဲ့​သည့် အာရှဂူဇေ​ဖြစ်သည်ဟု ရှေးဟောင်း​သုတေသန​ပညာရှင်​အချို့​က ယုံကြည်​ကြသည်။ ဘီ.စီ.အီး. ခု​နစ်​ခု​မြောက်​ရာစု​တွင် ဆီးရီးယား​ကို တော်လှန်​ပုန်ကန်​ခဲ့​ရာ ဤ​လူ​တို့​နှင့် မဲ​န်​နိုင်​တို့သည် မဟာမိတ်ဖွဲ့​ခဲ့​ကြောင်း မြား​သွား​သဏ္ဌာန်​ကျောက်ပြား​စာ​များ​၌ ဖော်ပြ​ထား​သည်။ ယေရမိ​ပရောဖက်မ​ပြု​မီ​လေး​တွင် ဆစ်​သီ​ယန်း​များသည် အီဂျစ်​သို့​သွားစဉ် ယုဒ​နိုင်ငံ​ကို ဘေးမ​ပြု​ဘဲ​ဖြတ်သန်း​ခဲ့​ကြသည်။ ထို့​ကြောင့် ယုဒ​နိုင်ငံ​ကို မြောက်ပိုင်း​မှ​တိုက်ခိုက်​မည်​အကြောင်း သူ​ကြို​ဟောခဲ့​သည်ကို​ကြားဖူး​သူ​အများ​သည် သူ၏​ပရောဖက်ပြုချက်​၏ တိကျ​မှန်ကန်မှု​ကို သံသယဝင်​ခဲ့​ကြ​ပေမည်။—ယေရမိ ၁:၁၃-၁၅

“လေး​နှင့်​လှံ​တို့ကို လက်စွဲ​ကြ​၏။ ကြမ်းကြုတ်​သော​အမျိုး​ဖြစ်၍ သနားခြင်း​ကရုဏာ​မရှိ။ သူတို့​စကားသံ​သည် သမုဒ္ဒရာ​မြည်သံ​ကဲ့သို့ ဟု​န်း​တတ်၏။ အို​ဗာဗုလုန်​သတို့သမီး စစ်သူရဲ​ကဲ့သို့ တပ်​ခင်းကျင်း​လျက် မြင်း​စီး​၍ သင်​ရှိရာသို့​ချီ​လာ​ကြလိမ့်မည်” ဟူ၍​ဆို​သည့် ယေရမိ ၅၀:၄၂ တွင် ဆစ်​သီ​ယန်း​များ​ကို ရည်ညွှန်း​သည်​ဟု ကျမ်း​ပညာရှင်​အချို့​က ယူဆကြ​သည်။ သို့သော် ဤ​အခန်းငယ်​သည် မူလ​တွင် ဘီ.စီ.အီး. ၅၃၉ ခုနှစ်​၌ ဗာဗုလုန်​ကို အနိုင်​ရခဲ့​သော မေဒိ​နှင့်​ပေရသိ​လူမျိုး​ကို အဓိက​ရည်ညွှန်း​နေခြင်း​ဖြစ်သည်။

ယေဇကျေလ​အခန်းကြီး ၃၈ နှင့် ၃၉ တွင်​ဖော်ပြ​ထားသော “မာဂေါဂ​ပြည်” သည်​ဆစ်​သီ​ယန်း​လူမျိုးစု​များ​ကို ရည်ညွှန်း​သည်​ဟု​ဆို​ကြ​၏။ သို့သော် “မာဂေါဂ​ပြည်” သည်​ပုံဆောင်​စကား​ဖြစ်သည်။ ယင်းသည် ကောင်းကင်​၌​စစ်​ဖြစ်​ပြီး​နောက် စာတန်​နှင့် သူ၏​ကောင်းကင်တမန်​များ နှင်ချ​ခံ​လိုက်ရ​သည့် မြေကြီး​ဝန်းကျင်​အရပ်​ကို ရည်ညွှန်း​နေကြောင်း ထင်ရှား​ပါ​သည်။—ဗျာဒိတ် ၁၂:၇-၁၇

နီ​နေ​ဗှေး​မြို့​ပျက်စီး​မည့်​အကြောင်း ကြို​ဟောထား​သည့် နာဟုံ​၏​ပရောဖက်ပြုချက် ပြည့်စုံခြင်း​တွင် ဆစ်​သီ​ယန်း​များ​ပါဝင်​သည်။ (နာဟုံ ၁:၁၊ ၁၄) အာဆီးရီးယန်း​အင်ပါယာ​ကျရှုံး​ခဲ့​သည့် ဘီ.စီ.အီး. ၆၃၂ ခုနှစ်​တွင် ကယ်​လ်​ဒီး​ယန်း၊ ဆစ်​သီ​ယန်း​နှင့် မေ​သိ​တို့သည် နီ​နေ​ဗှေး​မြို့ကို လုယက်​တိုက်ခိုက်​ခဲ့​ကြ​၏။

ပဟေဠိဆန်​ဆန်​ပျောက်ကွယ်မှု

ဆစ်​သီ​ယန်း​လူမျိုးများ ပျောက်ကွယ်​ခဲ့ပြီ၊ အဘယ်ကြောင့်​နည်း။ “ဘာ​ဖြစ်သွား​သလဲ​ဆိုတာ ကျွန်တော်​တို့ လုံးဝ​မသိတာ​အမှန်​ပဲ” ဟု​ယူကရိန်း​ရှေးဟောင်း​သုတေသန​ပညာရှင် အကြီးအမှူး​တစ်ဦး​က ဆို​သည်။ ဆစ်​သီ​ယန်း​လူများ​သည် ပေါများ​ကြွယ်ဝမှု​ကို ကြိုက်​နှစ်သက်မှု​က အင်အား​ဆုတ်ယုတ်​စေ​ကာ ဘီ.စီ.အီး. ပထမ​ရာစု​နှင့် ဒုတိယ​ရာစု​တို့​တွင် အာရှ​မှ ခြေသလုံး​အိမ်​ပါ​အုပ်စု​အသစ်—ဆာ​မာ​လျှန်​များ—လက်အောက် ကျရှုံး​ပျောက်ကွယ်​သွား​သည်​ဟု အချို့​က​ယူဆကြ​၏။

ဆစ်​သီ​ယန်း​လူမျိုးစု​အချင်းချင်း ခိုက်ရန်​ဖြစ်ပွားမှု​ကြောင့် ပျောက်ကွယ်​သွား​သည်​ဟု အခြားသူများ​က ဆို​ပြန်​သည်။ ဆစ်​သီ​ယန်း​လူမျိုး​အကြွင်းအကျန်​ကို ကော့​ကေး​ဆပ်​ပြည်နယ်၊ အော့​ဆက်​တီ​ယန်း​လူမျိုး​တွင် တွေ့ရှိ​ရသည်​ဟု​ဆို​သူများ​လည်း ရှိသေး​သည်။ မည်သို့​ပင်​ဖြစ်ပါစေ၊ ပဟေဠိဆန်​သော ဤ​ရှေးခေတ်​လူသားများ​သည် လူ့​သမိုင်း​တွင် အမှတ်​ထင်ကျန်​ခဲ့​၏၊ ဆစ်​သီ​ယန်း​ဟူသော​အမည်​သည် ရက်စက်​ကြမ်းကြုတ်မှု​၏ ကြောင်း​တူ​သံ​ကွဲ​စကားလုံး ဖြစ်စေ​ခဲ့​သည်။

[စာမျက်နှာ ၂၄ ပါ မြေပုံ]

(ကား​ချက်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

□ ရှေးခေတ်​မြို့တော်

• မျက်မှောက်ခေတ်​မြို့တော်

ဒဲန်း​ညု​မြစ်

ဆစ်​သီ​ယာ နေရာ​ရွှေ့​ပြောင်း​သည့် လမ်းကြောင်း

• ကီယက်ဗ်

ဒ​နီ​ပါ​မြစ်

ဒ​န​စ္စ​တာ​မြစ်

ပင်လယ်​နက်

အော့​ဆက်​တီ​ယာ

ကော့​ကေး​ဆပ်​တောင်​များ

ကတ်​စ်ပီယံ​ပင်လယ်

အာဆီးရီးယား ← ချင်းနင်းဝင်ရောက် တိုက်ခိုက်​သည့်​လမ်းကြောင်း​များ

□ နီ​နေ​ဗှေး

တိုက်​ဂ​ရ​စ္စ​မြစ်

မေဒိ ← ချင်းနင်းဝင်ရောက် တိုက်ခိုက်​သည့်​လမ်းကြောင်း​များ

မက်ဆိုပိုတေးမီးယား

ဘေဘီလိုနီးယား ← ချင်းနင်းဝင်ရောက်​တိုက်ခိုက်​သည့်​လမ်းကြောင်း​များ

□ ဗာဗုလုန်

ယူဖရေးတီး​စ်​မြစ်

ပါ​ရှန် အင်ပါယာ

□ စူ​စာ

ပါ​ရှန် ပင်လယ်ကွေ့

ပါလက်စတိုင်း

• ဗက်ရှန် (ဆစ်​သို​ပေါ​လ​စ္စ)

အီဂျစ် ← ချင်းနင်းဝင်ရောက်​တိုက်ခိုက်​သည့်​လမ်းကြောင်း​များ

နိုင်းလ်

မြေထဲပင်လယ်

ဂရိ

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ဆစ်​သီ​ယန်း​များသည် စစ်ပြိုင်​သူများ​ဖြစ်

[Credit Line]

The State Hermitage Museum, St. Petersburg

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ဆစ်​သီ​ယန်း​များသည် ဂရိ​အနုပညာ​လက်ရာများ​အတွက် ကုန်ကူး​သန်း​ရောင်းဝယ်​ပြီး အလွန်​ကြွယ်ဝ​လာ​ခဲ့​ကြ

[Credit Line]

Courtesy of the Ukraine Historic Treasures Museum, Kiev