မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နောဧ၏ယုံကြည်ခြင်းသည် လောကကို ပြစ်တင်ရှုတ်ချ

နောဧ၏ယုံကြည်ခြင်းသည် လောကကို ပြစ်တင်ရှုတ်ချ

နောဧ​၏​ယုံကြည်ခြင်း​သည် လောကကို ပြစ်တင်​ရှုတ်ချ

ကမ္ဘာချီ​ရေလွှမ်းမိုး​ချိန်​အတွင်း အသက်ရှင်​ကျန်ရစ်​ရန် သင်္ဘော​ဆောက်​ခဲ့​သော ဘုရားသခင်​ကို​ကြောက်ရွံ့​သူ နောဧ​အကြောင်း သင်ကြား​ဖူး​သလော။ နှစ်ပေါင်း​များစွာ​ကြာ​ခဲ့ပြီ​ဖြစ်သော်လည်း ဤ​ဖြစ်ရပ်​ကို သန်းနှင့်ချီ​သော​သူတို့ အကျွမ်းတဝင်​ရှိကြသည်။ သို့သော် နောဧ​၏​ဘဝ​အသက်တာသည် ကျွန်ုပ်​တို့အားလုံး​အတွက် အဓိပ္ပာယ်​ရှိကြောင်း လူအများ သဘောမပေါက်​ကြ​ချေ။

နှစ်ပေါင်း​ထောင်နှင့်ချီ​ကြာပြီ​ဖြစ်သော ဇာတ်လမ်း​တစ်ပုဒ်​ကို အဘယ်ကြောင့် ကျွန်ုပ်​တို့​စိတ်ဝင်စား​သင့်​သနည်း။ နောဧ​၏​အခြေအနေ​နှင့် ကျွန်ုပ်​တို့​အခြေအနေ​စပ်ကြား တူညီချက်​တစ်ခု​ရှိပါ​သလော။ ရှိ​မည်​ဆိုလျှင် သူ၏​ပုံသက်သေ​မှ ကျွန်ုပ်​တို့ မည်သို့​အကျိုး​ရယူ​နိုင်​သနည်း။

နောဧ​ခေတ်​မှ​လောက

ဘီ.စီ.အီး. ၂၉၇၀ ပြည့်နှစ်—အာဒံ​သေ​ပြီး​နောက် ၁၂၆ နှစ်—တွင် နောဧ​မွေးဖွား​ခဲ့​သည်​ဟု ကျမ်းစာ​သက္ကရာဇ်စဉ်​ဖြစ်ရပ်​က ဖော်ပြ​သည်။ နောဧ​ခေတ်​တိုင်​လေ​သော် မြေကြီး​သည် အကြမ်းဖက်မှု​နှင့်​ပြည့်နှက်​နေပြီး အာဒံ​၏​သားစဉ်မြေးဆက်​အများစု​သည် သူတို့​ဘိုးဘေး​၏ အာခံ​သော​ပုံသက်သေ​ကို လိုက်လျှောက်ရန် ရွေးချယ်​ခဲ့​ကြသည်။ သို့​ဖြစ်၍ “မြေကြီး​ပေါ်မှာ လူ​အပြစ်ကြီး​၍ သူ၏​စိတ်နှလုံး​အကြံအစည်​ရှိသမျှ​တို့သည် အစဉ်မပြတ်​ဆိုးညစ်ခြင်း​သက်​သက်ရှိ​ကြောင်းကို ဘုရားသခင်​သိမြင်​တော်​မူ” လေ​သည်။—ကမ္ဘာဦး ၆:၅၊ ၁၁၊ ၁၂

လူ့​ပုန်ကန်မှု​သည် ယေဟောဝါ​အမျက်ထွက်​စ​ရာ အကြောင်း​တစ်ခု​တည်း​သာ​မဟုတ်​ချေ။ ကမ္ဘာဦး​မှတ်တမ်းက ဤသို့​ရှင်းပြသည်– “ဘုရားသခင်​၏​သားတို့​သည် လူ​သမီးတို့​လှ​ကြောင်းကို​မြင်​၍ ကိုယ်​စိတ်​ရှိသည်​အတိုင်း စုံဖက်​ကြ​၏။ . . . ထို​ကာလ​၌ မြေကြီး​ပေါ်မှာ ကိုယ်​ကြီးမားသော​သူ​အချို့​ရှိကြ​၏။ ထို​နောက်​၌​လည်း ဘုရားသခင်​၏​သားတို့​သည် လူ​သမီးတို့​နှင့်​ဆက်ဆံ​၍​ရသော​သားတို့​သည် အား​ကြီးသော​သူ၊ ရှေး​ကာလ​မှ​စ၍ ကျော်စော​သော​သူ​ဖြစ်​ကြ​၏။” (ကမ္ဘာဦး ၆:၂-၄) ဤ​အခန်းငယ်​များနှင့် တမန်​တော်​ပေတရု မှတ်တမ်းတင်​ခဲ့​သော​စကား​ကို နှိုင်းယှဉ်​ကြည့်​သော် “ဘုရားသခင်​၏​သားတို့” သည်​နာခံမှု​မရှိသော​ကောင်းကင်တမန်​များ​ဖြစ်​ကြ​ကြောင်း ထင်ရှား​သည်။ လူ့​သမီး​များနှင့် လူ့​အသွင်ဆောင်​ကောင်းကင်တမန်​များ​၏ တရား​မဝင်​ပေါင်းဖက်​မှုများ​မှ နက်​ဖလင်​များ​ဖြစ်ပေါ်​လာ​သည်။—၁ ပေတရု ၃:၁၉၊ ၂၀

“လဲကျ​စေ​သူများ” ဟူ၍​အဓိပ္ပာယ်​ရှိသော “နက်​ဖလင်” သည်​အခြားသူများ​အား လဲ​စေ​သူများ​ဟု အဓိပ္ပာယ်​ရသည်။ သူတို့သည် နိုင်​ထက်​ကလူ​ပြုသူ​များ​ဖြစ်​ကြ​ပြီး သူတို့၏​ရမ္မက်​ကြီးသော​ဖခင်​များ​၏​အပြစ်ကို သောဒုံ​နှင့်​ဂေါမောရ​မြို့များ​၏​အကျင့်ပျက်မှု​များနှင့် ခိုင်းနှိုင်း​ထား​သည်။ (ယုဒ ၆၊ ၇) သူတို့သည် ပူးပေါင်း​ပြီး မြေကြီးပေါ်​တွင် မခံမရပ်​နိုင်​သည့်​ဆိုးသွမ်းမှု​များ​ကို ဖြစ်ပေါ်​စေ​ခဲ့​ကြသည်။

“မိမိ​အမျိုး​၌ စုံလင်သူ​ဖြစ်”

လူသားများ​ကို ဖျက်ဆီး​ပစ်​ဖို့ ဘုရားသခင်​သန္နိ​ဋ္ဌာန်​ချ​ရသည့်​အထိ မကောင်းမှု​များ အလွန်​ထူပြော​လာ​ခဲ့​၏။ သို့သော် မှုတ်သွင်းခံ​မှတ်တမ်းက ဤသို့​ဖော်ပြ​သည်– “နောဧ​မူ​ကား ထာဝရ​ဘုရား​စိတ်တော်နှင့်​တွေ့သော​သူ​ဖြစ်​သတည်း။ . . . နောဧ​သည် ဖြောင့်မတ်​သော​သူ၊ မိမိ​အမျိုး​၌​စုံလင်သော​သူ​ဖြစ်၏။ ဘုရားသခင်​နှင့်အတူ​သွားလာ​၏။” (ကမ္ဘာဦး ၆:၈၊ ၉) ဖျက်ဆီး​ထိုက်​သော ဘုရားတရား​မဲ့​လောကတွင် “ဘုရားသခင်​နှင့်အတူ​သွားလာ” ခြင်း​သည် မည်သို့​ဖြစ်​နိုင်​မည်​နည်း။

တည်ကြည်​ပြီး အာဒံ​နှင့်​တစ်ခေတ်​တည်း​သား​ဖြစ်​ခဲ့​သူ မိမိ၏​ဖခင် လာ​မက်​ထံ​မှ နောဧ​များစွာ​သင်ယူ​ခဲ့​မည်​မှာ သေချာ​သည်။ လာ​မက်​သည် မိမိ၏​သားကို (“ရပ်နားခြင်း” သို့​မဟုတ် “နှစ်သိမ့်ခြင်း” ဟု​အဓိပ္ပာယ်​ရသည့်) နောဧ​ဟူသော​အမည်​ကို​ပေး​သောအခါ သူ​ဤသို့​ပရောဖက်ပြု​ခဲ့​သည်– “ဤ​သူသည်​ကား ထာဝရ​ဘုရား​ကျိန်​တော်​မူ​သော​မြေ​၌​လုပ်​၍ ပင်ပန်း​စွာ​ခံရ​သော​ငါ​တို့အား သက်သာ​စေသော​သူ​ဖြစ်​လိမ့်​မည်။” ဘုရားသခင်​သည် မြေကြီးပေါ်​မှ မိမိ၏​ကျိန်ဆို​ခြင်း​ကို ပယ်ဖျက်​သောအခါ ထို​ပရောဖက်ပြုချက် ပြည့်စုံ​ခဲ့​၏။—ကမ္ဘာဦး ၅:၂၉; ၈:၂၁

ဘုရားသခင်​ကို​ကြောက်ရွံ့​သော​မိဘများ​ရှိ​ခြင်း​သည် ဝိညာဉ်​ရေး​ကောင်းမွန်​မည်​ဟု အာမခံချက်​မရှိသော​ကြောင့် လူတိုင်း​သည် ယေဟောဝါ​နှင့် မိမိ၏​ကိုယ်ပိုင်​ဆက်ဆံ​ရေး​ကို တည်ထောင်​ရမည်​ဖြစ်သည်။ နောဧ​သည် ဘုရားသခင် နှစ်သက်​လက်ခံသည့်​လမ်းစဉ်​ကို လိုက်ခြင်း​အားဖြင့် “ဘုရားသခင်​နှင့်အတူ​သွားလာ” ခဲ့​၏။ ဘုရားသခင်​အကြောင်း နောဧ​သိရှိ​ခဲ့​ရာ​သည် ကိုယ်တော်​၏​အမှုတော်ကို ထမ်းဆောင်​ရန် သူ့ကို​လှုံ့ဆော်ပေး​ခဲ့​သည်။ ‘သတ္တဝါ​အပေါင်း​ကို ရေလွှမ်းမိုး​ဖျက်ဆီး’ မည့်​ဘုရားသခင်​၏​ရည်ရွယ်ချက်ကို နောဧ​သိရှိ​သောအခါ သူ၏​ယုံကြည်ခြင်း​သည် မယိမ်းယိုင်​ခဲ့​ချေ။—ကမ္ဘာဦး ၆:၁၃၊ ၁၇

မဖြစ်​စ​ဖူး​သော​ဤ​ပျက်စီးခြင်း​ဘေး ဖြစ်လာ​မည်​ကို ယုံကြည်​စိတ်ချ​ကာ နောဧ​သည် ယေဟောဝါ​၏​ဤ​အမိန့်တော်ကို နာခံ​ခဲ့​သည်– “ဂေါဖ​ရ​သစ်သား​ဖြင့် သင်္ဘော​ကို ကိုယ်​ဖို့​တည်လုပ်​လော့။ အထဲ​၌​လည်း အခန်း​များ​ကို​လုပ်​လော့။ အတွင်း၊ ပြင်၊ ပတ်လည်​ကို ထင်းရှူး​စေး​နှင့်​သုတ်​လော့။” (ကမ္ဘာဦး ၆:၁၄) သင်္ဘော​ဆောက်လုပ်​ရန် ဘုရားသခင်​ပေး​သော အသေးစိတ်​စာရင်း​နှင့်​အညီ ပြုလုပ်​ရခြင်း​သည် သေး​သေး​သော​သော​တာဝန်​တစ်ခု​မဟုတ်​ချေ။ မည်သို့​ပင်​ဖြစ်ပါစေ၊ “ဘုရားသခင်​မိန့်မှာ​တော်​မူသမျှ​အတိုင်း နောဧ​ပြု​လေ​၏။” မှန်ပါသည်၊ ‘ထို​အတိုင်း သူ​ပြု​လေ​၏။’ (ကမ္ဘာဦး ၆:၂၂သ​မ) နောဧ​သည် သူ၏​ဇနီး၊ သားများ​ဖြစ်​ကြသော ရှေမ၊ ဟာ​မ၊ ယာ​ဖက်​နှင့် သူတို့၏​ဇနီး​များ​၏ အကူအညီ​ဖြင့် ယင်းကို​ပြုလုပ်​ခဲ့​သည်။ ဤသို့​သော​ယုံကြည်ခြင်းကို ယေဟောဝါ​ကောင်းချီး​ပေး​ခဲ့​သည်။ မျက်မှောက်ခေတ်​ရှိ မိသားစု​များ​အတွက် အလွန်​ကောင်းသော​ပုံသက်သေ​များ​ပါ​တကား!

သင်္ဘော​ဆောက်လုပ်​ခြင်း​တွင် အဘယ်အရာ​များ​ပါဝင်​မည်​နည်း။ အလျား ၄၃၇ ပေ၊ အနံ ၇၃ ပေ၊ အမြင့် ၄၄ ပေ​ရှိပြီး အထပ်​သုံးထပ်​ပါ​သည့် ဧရာမ​ရေ​လုံ​သစ်သား​သေတ္တာ​တစ်လုံး​ကို တည်ဆောက်​ရန် နောဧ​အား ယေဟောဝါ​ညွှန်ကြား​ခဲ့​သည်။ (ကမ္ဘာဦး ၆:၁၅၊ ၁၆) ဤသို့​သော​သင်္ဘော​တစ်စင်း​သည် မျက်မှောက်ခေတ်​ကုန်စည်​သင်္ဘော​များ​၏ အကျယ်အဝန်း​နှင့် ထပ်တူ​ထပ်​မျှ​ရှိ​ပေမည်။

အလွန်​ကြီးမားသော​တာဝန်​တစ်ရပ်​ပါ​တကား! ထောင်နှင့်ချီ​သစ်ပင်​များ​ကို ခုတ်လှဲ​ပြီး ဆောက်လုပ်​မည့်​နေရာသို့ ပို့ဆောင်​ကြ​ရမည်​ဖြစ်၍ ပျဉ်​ချ​ပ်​များ သို့​မဟုတ် ရက်မ​များ​အဖြစ် ဖြတ်​ကြ​ရ​ပေမည်။ ငြ​မ်း​ဆောက်၊ ချိတ်​များ သို့​မဟုတ် ငုတ်​များ​ကို​ပြုလုပ်​ပြီး ရေ​လုံ​စေရန် က​တ္တ​ရား​စေး​ရှိ​ရမည်၊ ထည့်​စ​ရာ​သေတ္တာ​များနှင့် ကိရိယာ​တန်ဆာပလာ​များ အစ​ရှိသည်​တို့ကို ရှာဖွေ​စုဆောင်း​ကြ​ရမည်။ ဤ​လုပ်ငန်း​တွင် ကုန်သည်​များနှင့်​ဆွေးနွေး​ညှိနှိုင်း​ကြ​ရပြီး ကုန်ပစ္စည်း​များနှင့်​ဝန်ဆောင်​ခ​များ ပေးချေ​ရခြင်း​တို့ လိုအပ်​ခဲ့​ပေမည်။ သစ်သား​ရက်မ​များ​ကို အတိအကျ​တပ်ဆင်​ရန်​နှင့် အဆင့်မီ​ခိုင်ခံ့​သော​ကိုယ်ထည် ဆောက်လုပ်​ရန် လက်သမား​အတတ်ပညာ​၌ ကျွမ်းကျင်​မှု​လိုအပ်​မည်​မှာ ထင်ရှား​ပါ​သည်။ ထို​ဆောက်လုပ်ရေး​သည် အနှစ် ၅၀ သို့​မဟုတ် ၆၀ ခန့်​ကြာရှည်​နိုင်​မည်​ကိုလည်း စဉ်းစား​ကြည့်​ပါ!

ထို့နောက် လူ​နှင့်​တိရစ္ဆာန်​များ စားစရာ​အစာ အလုံအလောက်​ရှိ​ရန် ကြိုတင်​စီစဉ်​ဖို့ နောဧ​အာရုံစိုက်​ရတော့မည်။ (ကမ္ဘာဦး ၆:၁၂) သင်္ဘော​ထဲ​သွင်း​ရန် တိရစ္ဆာန်​အုပ်​ကို စုဝေး​ပြီး နေရာတကျ​ချထား​ရ​ပေမည်။ ဘုရားသခင်​မှာ​သည့်​အတိုင်း နောဧ​ဆောင်ရွက်၍ လုပ်ငန်း​ပြီးဆုံး​သွား​လေ​၏။ (ကမ္ဘာဦး ၆:၂၂) ၎င်း​၏​ပြီးမြောက်​အောင်မြင်မှု​မှာ ယေဟောဝါ​၏​ကောင်းချီး​ကြောင့်​သာ​ဖြစ်​ကြောင်း သေချာ​ပါ​သည်။

“ဖြောင့်မတ်ခြင်း​တရားကို​ဟော” သူ

နောဧ​သည် သင်္ဘော​ဆောက်လုပ်​သည့်​အပြင် သတိပေး​ခဲ့​ရာ “ဖြောင့်မတ်ခြင်း​တရားကို​ဟော” သူ​အဖြစ် ဘုရားသခင်​၏​အမှုတော်ကို တည်ကြည်​စွာ​ဆောင်ရွက်​ခဲ့​သည်။ သို့သော် လူတို့သည် “ရေလွှမ်းမိုးခြင်း​ရောက်​သဖြင့် လူ​ခပ်သိမ်း​တို့ကို သုတ်သင်​ပယ်ရှင်း​သည့်​တိုင်အောင် သတိမဲ့​နေကြ​သည်။”—၂ ပေတရု ၂:၅; မဿဲ ၂၄:၃၈၊ ၃၉

ထို​ခေတ်​အခါ​၏ ဝိညာဉ်​ရေး​နှင့် ကိုယ်ကျင့်တရား​မရှိသည့် အခြေအနေ​ကို စဉ်းစား​ကြည့်​လျှင် နောဧ​၏​မိသားစု​သည် မယုံနိုင်​သူ​အိမ်နီးချင်း​များ​၏ ဟားတိုက်​စ​ရာ​နှင့် ဆဲရေး​ပြက်ရယ်ပြု​စ​ရာ ဖြစ်​ခဲ့​မည်​ကို သဘောပေါက်​ရန် လွယ်ကူ​သည်။ သူတို့ကို ရူးသွပ်​နေပြီ​ဟု လူ​တို့​ထင်မှတ်​ခဲ့​ကြ​ပေမည်။ သို့သော် နောဧ​သည် သူ၏​အိမ်သူအိမ်သား​များ​ကို ဝိညာဉ်​ရေး​အားပေးမှု၊ ထောက်ပံ့​ကူညီ​မှု​ပေး​ရာ​၌ အောင်မြင်​ခဲ့​၏၊ အကြောင်း​မှာ သူတို့သည် ၎င်းတို့၏​ဘုရားတရား​မဲ့ တစ်ခေတ်​တည်း​သားများ​၏ အကြမ်းဖက်​သော၊ အကျင့်ပျက်​သော၊ ပုန်ကန်​သော​လမ်းစဉ်​များ​ကို ဘယ်​သော​ခါ​မျှ မလိုက်လျှောက်​ခဲ့​ကြသော​ကြောင့်​ဖြစ်သည်။ အပြော​ရော၊ အလုပ်​နှင့်​ပါ ယုံကြည်ခြင်းကို​တင်ပြ​ခဲ့​သည့် နောဧ​သည် ထို​ခေတ်​ရှိလော​က​ကို ပြစ်တင်​ရှုတ်ချခဲ့​သည်။—ဟေဗြဲ ၁၁:၇

ရေလွှမ်းမိုးခြင်း​တစ်လျှောက် ကာကွယ်​ခံ​ခဲ့​ရ

မိုး​မ​ရွာ​မီ​လေး​တွင် ဘုရားသခင်​သည် ဆောက်လုပ်​ပြီးစီး​သွားသော​သင်္ဘော​ထဲ​သို့​ဝင်​ဖို့ နောဧ​ကို​မှာ​တော်​မူ​သည်။ နောဧ​၏​မိသားစု​နှင့် တိရစ္ဆာန်​များသည် သင်္ဘော​ပေါ်​ရောက်သွား​သောအခါ “ထာဝရ​ဘုရား​သည် သင်္ဘော​ကို​ပိတ်” လိုက်​ရာ ကဲ့ရဲ့​ပြောင်လှောင်မှု​များ မကြား​ရတော့​ပေ။ ရေလွှမ်းမိုး​သောအခါ နာခံမှု​မရှိသော​ကောင်းကင်တမန်​များသည် လူ့​ခန္ဓာ​ကို​စွန့်​လိုက်​ကြ​ရာ ဖျက်ဆီးခြင်း​ဘေး​မှ လွတ်မြောက်​ခဲ့​ပုံ​ရှိသည်။ သို့သော် အခြားသူများ​ကော အသို့နည်း။ နက်​ဖလင်​အပါအဝင် သင်္ဘော​အပြင်ဘက်​ရှိ ကုန်းပေါ်​မှ သက်ရှိ​သတ္တဝါ​ခပ်သိမ်း​သည် သေကျေပျက်စီး​ခဲ့​သည်! နောဧ​နှင့် သူ၏​မိသားစု​သာ ကပ်ကျော်​ခဲ့​သည်။—ကမ္ဘာဦး ၇:၁-၂၃သ​မ။

နောဧ​နှင့် သူ၏​အိမ်သူအိမ်သား​များသည် သင်္ဘော​ပေါ်​တွင် တစ်နှစ်​နှင့်​ဆယ်ရက်​ကြာ​ခဲ့​၏။ သူတို့သည် တိရစ္ဆာန်​များ​ကို အစာရေစာ​တိုက်ကျွေး​ခြင်း၊ မ​စင်​များ​ကို​ဖယ်ရှား​ပေးခြင်း​နှင့် ရက်​တွက်​ခြင်း​တို့​ဖြင့် အလုပ်များ​နေခဲ့​ကြသည်။ ကမ္ဘာဦးကျမ်း​သည် သင်္ဘော​ခရီး​သွား​မှတ်တမ်း​ကဲ့သို့ ရေလွှမ်းမိုးခြင်း​ဖြစ်​စဉ်​အားလုံး​ကို အတိအကျ​ရက်စွဲ​တပ်​ဖော်ပြ​ထား​ရာ ထို​မှတ်တမ်း​၏​တိကျမှု​ကို ပေါ်လွင်​စေ​သည်။—ကမ္ဘာဦး ၇:၁၁၊ ၁၇၊ ၂၄; ၈:၃-၁၄

သင်္ဘော​ထဲ​ရှိကြ​စဉ် နောဧ​သည် မိသားစု​လိုက် ဝိညာဉ်​ရေး​ဆွေးနွေးခြင်း​များနှင့် ဘုရားသခင်​အား ကျေးဇူး​တင်​ချီးမွမ်း​ခြင်း​များ​ပြု​ရာ​တွင် ဦးဆောင်​ခဲ့​သည်​မှာ သံသယဖြစ်ဖွယ်​မရှိ​ချေ။ နောဧ​နှင့် သူ၏​မိသားစု​အားဖြင့် ရေလွှမ်းမိုး​ဘေး​မတိုင်မီ သမိုင်း​ကို ထိန်းသိမ်း​ခဲ့​သည်​မှာ ထင်ရှား​ပါ​သည်။ ယုံကြည်​စိတ်ချ​ရသော နှုတ်​တိုက်​ထုံးတမ်း​စဉ်​လာ​များ သို့​မဟုတ် သူတို့​လက်ထဲ​ရှိ ရေးသား​ထား​နှင့်​ပြီး​သား သမိုင်းဝင်​မှတ်တမ်းများ​သည် ရေလွှမ်းမိုး​ချိန်​အတွင်း သူတို့ အကျိုးရှိရှိ​ဆင်ခြင်​သုံးသပ်​စ​ရာ အချက်အလက်​ကောင်း​ဖြစ်​ပေ​လိမ့်​မည်။

နောဧ​နှင့် သူ၏​မိသားစု​သည် ကုန်းမြေ​ပေါ်​သို့ တစ်ဖန်​ပြန်၍​ခြေချ​ရသည့်​အခါ မည်မျှ​ဝမ်းသာ​လိုက်​မည်​ဖြစ်​ခြင်း! သူ​ဦးဆုံး​ပြုလုပ်​သည့်​အရာ​မှာ ယဇ်​ပလ္လင်​တည်ဆောက်​၍ သူ၏​မိသားစု​အတွက် ယဇ်ပုရောဟိတ်​အနေ​နှင့် မိမိတို့ကို​ကယ်တင်​တော်​မူ​ခဲ့​သော​အရှင်​အား ယဇ်​ပူဇော်​ခြင်း​ဖြစ်သည်။—ကမ္ဘာဦး ၈:၁၈-၂၀

“နောဧ​လက်ထက်​၌​ဖြစ်​သကဲ့သို့”

“လူသား​ကြွလာ​သောအခါ နောဧ​လက်ထက်​၌​ဖြစ်​သကဲ့သို့ ဖြစ်​လိမ့်​မည်” ဟု​ယေရှု​ခရစ်​မိန့်ဆိုခဲ့သည်။ (မဿဲ ၂၄:၃၇) ယနေ့ ခရစ်ယာန်​များသည်​လည်း ဖြောင့်မတ်ခြင်း​တရားကို ဟောပြောသူများ​ဖြစ်​ကြ​ပြီး လူ​တို့ကို နောင်တ​ယူ​ကြ​ရန် တိုက်တွန်း​လျက်​ရှိသည်။ (၂ ပေတရု ၃:၅-၉) ထို​ဆင်တူ​မှု​ကို အခိုင်အမာ​ဆို​ထား​ရာ ရေလွှမ်းမိုး​ဘေး​မတိုင်မီ နောဧ​၏​စိတ်ထဲ​တွင် အဘယ်အရာ​များ​ရှိခဲ့​မည်​ကို ကျွန်ုပ်​တို့​သိချင်​ကြ​မည်​ဖြစ်သည်။ သူ၏​ဟောပြောခြင်းသည် အကျိုးမရှိ​ဟု သူ​အမြဲ​ခံစား​ခဲ့​ပါသလော။ တစ်ခါတစ်ရံ မောပန်း​ခဲ့​သလော။ သမ္မာကျမ်းစာ​က မပြော​ထား​ချေ။ နောဧ​သည် ဘုရားသခင်​၏​စကား​ကို နာခံ​ခဲ့​သည်​ဟု ရိုးရိုးလေး​သာ​ပြောပြ​သည်။

နောဧ​၏​အခြေအနေ​သည် ကျွန်ုပ်​တို့​နှင့်​ဆင်တူ​သည်ကို သင်​သဘောပေါက်​ပါသလော။ သူသည် အတိုက်အခံ​နှင့်​အခက်အခဲ​များ​ကြား ယေဟောဝါ​ကို နာခံ​ခဲ့​၏။ ယင်းကြောင့် ယေဟောဝါ​သည် သူ့ကို ဖြောင့်မတ်​သည်​ဟု ယူမှတ်ခဲ့​ရခြင်း​ဖြစ်သည်။ ဘုရားသခင်​သည် ရေလွှမ်းမိုး​ဘေး​ကို အဘယ်​အချိန်၌ ကျရောက်​စေမည်​အကြောင်း နောဧ​၏​မိသားစု​သည် အတိအကျ​မသိ​ခဲ့​ကြသော်လည်း ဖြစ်လာ​လိမ့်​မည်​ကို သိရှိ​ခဲ့​ကြသည်။ ဘုရားသခင်​၏​နှုတ်မြွက်​စကားတော်​ကို ယုံကြည်ခြင်း​သည် အပင်ပန်းခံ​ခဲ့​ပြီး အကျိုးရှိ​ပုံ​မ​ပေါက်​သော ဟောပြောခဲ့​ရသည့် နှစ်များ​တစ်လျှောက် နောဧ​ကို ထောက်မ​ပေး​ခဲ့​သည်။ မှန်​၏၊ “နောဧ​သည် မမြင်​သေး​သော​အမှုအရာ​တို့ကို​ဖော်ပြ​သော ဗျာဒိတ်တော်​ကို​ခံရ​ပြီး​မှ ယုံကြည်ခြင်း​အားဖြင့် ကြောက်ရွံ့​သော​စိတ်​ရှိ၍ မိမိ​အိမ်သူအိမ်သား​တို့ကို ကယ်တင်ခြင်း​ငှာ သင်္ဘော​ကို​တည်​လေ​၏။ ထို​ယုံကြည်ခြင်း​အားဖြင့် လော[က]သားတို့​ကို​အပြစ်​တင်၍ ယုံကြည်ခြင်း​နှင့်ယှဉ်သော ဖြောင့်မတ်ခြင်း​ကိုလည်း အမွေခံ​ရ၏” ဟု​ကျွန်ုပ်​တို့​သိရ​သည်။—ဟေဗြဲ ၁၁:၇

နောဧ​သည် ဤသို့​သော​ယုံကြည်ခြင်း​မျိုးကို မည်သို့​ရယူခဲ့​သနည်း။ ယေဟောဝါ​အကြောင်း သူသိ​ခဲ့​သမျှ​အချက်အလက်​တိုင်း​ကို အချိန်​ယူ​ဆင်ခြင်​သုံးသပ်​ပြီး ထို​အသိပညာ​၏​လမ်းညွှန်မှုကို​ခံ​ခဲ့​ကြောင်း ထင်ရှား​ပါ​သည်။ နောဧ​သည် ဘုရားသခင်​အား​ဆုတောင်း၍ စကားပြော​ဆို​ခဲ့​မည်​မှာ သေချာ​သည်။ အမှန်​ဆို​ရ​လျှင် သူသည် “ဘုရားသခင်​နှင့်အတူ​သွားလာ” ခဲ့​သည့်​တိုင် ယေဟောဝါ​နှင့် တရင်းတနှီး​အကျွမ်းတဝင်​ဖြစ်လာ​ခဲ့​သည်။ အိမ်ထောင်ဦးစီး​တစ်ဦး​အနေ​နှင့် နောဧ​သည် အိမ်သူအိမ်သား​များ​ကို အချိန်​ပေးဖို့​အသင့်ရှိ​ပြီး မေတ္တာပါ​စွာ​အာရုံစိုက်ခဲ့​သည်။ ၎င်း​တွင် သူ၏​ဇနီး၊ သား​သုံးယောက်​နှင့် ချွေး​မ​သုံးယောက်​တို့၏ ဝိညာဉ်​ရေး​အကျိုးကို ဂရုစိုက်​ပေးခြင်း​ပါဝင်​သည်။

နောဧ​နည်းတူ မျက်မှောက်ခေတ် ခရစ်ယာန်စစ်​များသည် မကြာမီ ဘုရားတရား​မဲ့​ဤ​အစီအစဉ်​စနစ်​ကို ယေဟောဝါ​အဆုံးတိုင်​စေ​တော့​မည်​ဟု သိရှိ​ကြသည်။ ထို​နေ့ရက် သို့​မဟုတ် ထို​နာရီ​ကို ကျွန်ုပ်​တို့​မသိကြ​သော်လည်း “ဖြောင့်မတ်ခြင်း​တရားကို​ဟော” သော​ဤ​သူ၏​ယုံကြည်ခြင်း​နှင့် နာခံမှု​ကို တုပခြင်း​ဖြင့် “စိုးလ်​ဝိညာဉ်​အသက်ရှင်” လိမ့်​မည်​ကို ကျွန်ုပ်​တို့​သိရှိ​ကြ​၏။—ဟေဗြဲ ၁၀:၃၆-၃၉က​ဘ။

[စာမျက်နှာ ၂၉ ပါ လေးထောင့်ကွက်]

ယင်းသည် အမှန်တကယ်​ဖြစ်ပျက်​ခဲ့​သလော

မ​နု​ဿ​ဗေဒ​ပညာရှင်​များသည် လူ​အမျိုးအနွယ်​ခပ်သိမ်း​နီးပါး​မှ ရေလွှမ်းမိုး​ဘေး​ဒဏ္ဍာရီ ၂၇၀ ခန့်​ကို​စုဆောင်း​နိုင်​ခဲ့​ကြပြီ။ “ရေလွှမ်းမိုးခြင်း​ဇာတ်လမ်း​ကို ကမ္ဘာ​အနှံ့​တွင် တွေ့ ရှိ​ရသည်” ဟု​ပညာရှင်​က​လော့​စ် ဝက်​စ်​တာ​မာန်​က​ဆို​သည်။ “ဖန်ဆင်း​ခြင်း​ပုံပြင်​ကဲ့သို့ ယင်းသည် ကျွန်ုပ်​တို့၏​အခြေခံ​ယဉ်ကျေးမှု​အမွေအနှစ်​တစ်ခု​ဖြစ်သည်။ ကမ္ဘာ​တစ်ဝန်း​မှ နေရာတကာ​တွင် ကမ္ဘာဦး​ရေလွှမ်းမိုး​ဘေး​ကြီး​ဇာတ်လမ်း​များ​ကို ကျွန်ုပ်​တို့​တွေ့ ရှိ​ရသည်မှာ အမှန်ပင်​အံ့သြစရာ​ဖြစ်သည်။” အဖြေ​ကား​အဘယ်နည်း။ အနက်ဖွင့်​ဆရာ အန်​ရီ​ကို ဂါ​လ်​ဘီ​အာ​တီ​က ဤသို့​ဆို​သည်– “နေရာ​ဒေသ​ကွဲပြား​ပျံ့နှံ့​သော လူအမျိုးမျိုး​တွင် ရေလွှမ်းမိုးခြင်း​အစဉ်အလာ​ရှိနေခြင်း​သည် ဤ​အစဉ်အလာ​၏​အခြေခံ​အချက်​ဖြစ်သော သမိုင်းဝင်​ဖြစ်ရပ်မှန်​၏​လက္ခဏာ​တစ်ရပ်​ဖြစ်သည်။” သို့သော် ပညာရှင်​များ​၏​ယူဆချက်များ​ထက် ခရစ်ယာန်​များ​အတွက် သာ၍​အရေးကြီး​သည်​မှာ ရေလွှမ်းမိုးခြင်း​ကို လူ့​သမိုင်း​တွင် အဖြစ်အပျက်​မှန်​တစ်ခု​အဖြစ် ယေရှု​ကိုယ်တော်တိုင် ပြော​ခဲ့​ကြောင်းကို သိရှိ​ရခြင်း​ဖြစ်သည်။—လုကာ ၁၇:၂၆၊ ၂၇

[စာမျက်နှာ ၃၀ ပါ လေးထောင့်ကွက်]

ဒဏ္ဍာရီ​ထဲ​တွင် နက်​ဖလင်​များ​လော

နတ်​ဘုရား​များနှင့် လူသား​တို့ တရား​မဝင်​ဆက်ဆံမှု​များ—ဤ​ပေါင်းစပ်မှု​မှ မွေးဖွား​လာသော “လူစွမ်းကောင်း​များ” သို့​မဟုတ် “လူတစ်ပိုင်း​ဘုရားတစ်ပိုင်း​များ”—နှင့်​ပတ်သက်​သည့် ဇာတ်ကြောင်း​များသည် ဂရိ၊ အီဂျစ်၊ ယူ​ဂ​ရိုက်​တစ်၊ ဟူ​ရီ​ယန်း​နှင့် မက်စိုပိုတေမီယန်​တို့၏ ကျမ်း​ပညာရပ်​တွင်​ပါရှိ​ကြသည်။ ဂရိ​ဒဏ္ဍာရီ​နတ်​ဘုရား​များသည် လူ့​ပုံသဏ္ဌာန်​ရှိပြီး အလွန်​လှပ​ကြသည်။ သူတို့သည် စား​ကြ၊ သောက်​ကြ၊ အိပ်​ကြ၊ သံဝါသပြု​ကြ​သည့်​အပြင် ရန်လို​တိုက်ခိုက်​၍ သွေးဆောင်​ဖြားယောင်း​ကာ ဗလက္ကာရပြု​ခဲ့​ကြသည်။ သူတို့သည် သန့်ရှင်း​သည်​ဟု ဆို​ကြသော်လည်း လိမ်လည်​လှည့်ဖြား​ပြီး ရာဇဝတ်မှု​များ​ကျူးလွန်​ကြသည်။ အ​ခီ​လက်​ဇ်​နည်းတူ လူစွမ်းကောင်း​များသည် ဘုရား​နှင့်​လူ​တို့​မှ ဆင်းသက်လာ​ကြသည်​ဟု​ဆို​ကြ​ပြီး စူပါ​လူ့ စွမ်းရည်​များ​ရှိကြ​သော်လည်း မသေနိုင်​သည့်​အနေအထား မရှိကြ​ချေ။ ထို့​ကြောင့် နက်​ဖလင်​နှင့်​ပတ်သက်​၍ ကမ္ဘာဦးကျမ်း​ပါ​အကြောင်း​သည် ဤသို့​သော​ဒဏ္ဍာရီ​များ စ​ဖြစ်ပေါ်​လာပုံ​ကို မီး​မောင်း​ထိုး​ပြ​သည်။