မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှု ကယ်တင်သည်—မည်သို့နည်း

ယေရှု ကယ်တင်သည်—မည်သို့နည်း

ယေရှု ကယ်တင်​သည်—မည်သို့​နည်း

“ယေရှု ကယ်တင်​သည်!” “ယေရှုသည် ကျွန်ုပ်​တို့၏​ကယ်တင်ရှင်!” ကမ္ဘာ​တစ်ဝန်း​ရှိ တိုင်းပြည်​များစွာ​၌ ထိုသို့​သော​စာတန်း​များ​ကို အဆောက်အအုံ​များ​၏ နံရံ​များ​ပေါ်​နှင့် လူအများ​ရှိရာ အခြား​နေရာများ​၌ ရေးသား​ထား​ကြသည်။ လူ​သန်းပေါင်း​များစွာက ယေရှုသည် မိမိတို့၏​ကယ်တင်ရှင်​ဖြစ်သည်ဟု စိတ်ရင်းမှန်​ဖြင့်​ယုံကြည်​ကြသည်။ “ကျွန်ုပ်​တို့ကို ယေရှု ဘယ်လို​ကယ်တင်​သလဲ” ဟု​သူတို့ကို​မေး​လျှင် သူတို့က “ကျွန်တော်​တို့အတွက် ယေရှု​အသေခံ​ခဲ့တယ်” သို့​မဟုတ် “ကျွန်တော်​တို့​အပြစ်​အတွက် ယေရှု​အသေခံ​ခဲ့တယ်” ဟု​ဖြေဆို​ကြ​ပေ​လိမ့်​မည်။ မှန်ပါသည်၊ ယေရှု၏​သေခြင်းက ကျွန်ုပ်​တို့ ကယ်တင်ခြင်း​ရနိုင်​ရန် လမ်းစ​ပေါ်​စေ​သည်။ သို့ရာတွင် လူတစ်ဦး​၏​သေခြင်း​သည် လူအများ​၏​အပြစ်ကို မည်သို့​ပေး​ဆပ်​နိုင်​မည်​နည်း။ “ယေရှု၏​သေခြင်း​သည် ကျွန်ုပ်​တို့ကို မည်သို့​ကယ်တင်​နိုင်​သနည်း” ဟု​မေး​လျှင် သင်​မည်သို့​ဖြေဆို​မည်​နည်း။

ထို​မေးခွန်း​အတွက် ကျမ်းစာ​ပေး​သော​အဖြေ​သည် ရိုးရိုးလေး​သာ​ဖြစ်သည်၊ သို့သော် ရှင်းလင်း​၍ အဓိပ္ပာယ်​ပြည့်ဝ​၏။ သို့သော်လည်း ယင်း​၏​အရေးပါမှု​ကို သဘောပေါက်​ရန် ယေရှု၏​ဘဝ​နှင့် သေခြင်း​သည် အလွန်​ခက်ခဲ​သော​ပြဿနာ​တစ်ရပ်​၏ ဖြေရှင်းချက်​ဖြစ်သည်ဟု ဦးစွာ​နားလည်​ဖို့​လို​သည်။ သို့​မှ​သာ ယေရှု​သေခြင်း​၏ ကြီးမား​လှ​သောတန်​ဖိုး​ကို ကျွန်ုပ်​တို့​ကောင်းစွာ​နားလည်​နိုင်​မည်​ဖြစ်သည်။

ဘုရားသခင်​သည် ယေရှု​အား သူ၏​အသက်ကို​စွန့်​စေခြင်း​အားဖြင့် အာဒံ​အပြစ်ပြု​ခဲ့​စဉ်​က ပေါ်ပေါက်​လာ​သည့်​အခြေအနေ​ကို ကိုယ်တော်​ကိုင်တွယ်​ဖြေရှင်း​နေခြင်း​ဖြစ်သည်။ ယင်း​အပြစ်​သည် တကယ်​ပင်​ဝမ်းနည်း​ကြေကွဲဖွယ်​ဖြစ်သည်​တကား! ပထမ​ဆုံး​လူသား​နှင့် သူ၏​ဇနီး​ဧဝ​တို့သည် စုံလင်​ကြသည်။ လှပသော​ဧဒင်ဥယျာဉ်​သည် သူတို့၏​နေအိမ်​ဖြစ်​ခဲ့​၏။ သူတို့၏​ဥယျာဉ်​စံအိမ်​ကို ပြုစု​စောင့်ရှောက်ခြင်း​ဖြစ်သည့် အဓိပ္ပာယ်​ပြည့်ဝသော​အလုပ်ကို သူတို့အား ဘုရားသခင်​အပ်နှင်း​ထား​သည်။ သူတို့သည် မြေကြီးပေါ်​ရှိ အခြား​သက်ရှိ​သတ္တဝါများ​ကို မေတ္တာပါ​စွာ​စောင့်ကြပ်​ကြည့်ရှု​ကြ​ရန်ဖြစ်​သည်။ နောက်ပိုင်း​တွင် လူဦးရေ​တိုးပွား​များပြား​လာ၍ မြေကြီး​ပြည့်​သည့်​အခါ သူတို့သည် မြေကြီးစွန်း​တိုင်အောင် ပရဒိသု​ကို​တိုးချဲ့​သွား​ရန်ဖြစ်​သည်။ (ကမ္ဘာဦး ၁:၂၈) တကယ်​ကြည်နူး​ဖွယ်​ကောင်း​၍ အလွန်​စိတ်​လှုပ်ရှား​ဖွယ် လုပ်ငန်း​ပါ​တကား! ထို့​အပြင် သူတို့သည် တစ်ဦး​နှင့်​တစ်ဦး တရင်းတနှီး​ပေါင်းသင်း​ခွင့်​ရရှိ​ကြသည်။ (ကမ္ဘာဦး ၂:၁၈) သူတို့မှာ ဘာမျှ​လို​လေ​သေး​မရှိ​ချေ။ သူတို့ရှေ့​တွင် ထာဝရ​အသက်​ရဖို့ ပျော်ရွှင်စရာ​အကြောင်း​သာ​ရှိသည်။

အာဒံ​နှင့်​ဧဝ မည်သို့​အပြစ်ပြု​နိုင်​သည်ကို စဉ်းစား၍​မရ​ပေ။ သို့သော် ဤ​ပထမ​လူသား​မောင်နှံ​သည် မိမိတို့ကို​ဖန်ဆင်း​သော​အရှင် ယေဟောဝါ​ဘုရားသခင်​ကို​ပင် ဆန့်ကျင်​ပုန်ကန်​ခဲ့​ကြ​၏။ . . . ဝိညာဉ်​သတ္တဝါ​စာတန် . . . သည် မြွေ​တစ်ကောင်​ကို​အသုံးပြု၍ ယေဟောဝါ​ကို နာမခံ​ရန် ဧဝ​အား​လှည့်ဖြား​ခဲ့​၏၊ အာဒံလည်း သူ့​နောက်လိုက်​ပါသွား​ခဲ့​သည်။—ကမ္ဘာဦး ၃:၁-၆

ဖန်ဆင်း​ရှင်​သည် အာဒံ​နှင့်​ဧဝ​ကို မည်သို့​ပြု​တော်​မူ​မည်​နှင့်​စပ်လျဉ်း၍ မေးစရာ​မလို​ပေ။ “ကောင်း​မကောင်း​ကို​သိကျွမ်းရာ​အပင်​မှတစ်ပါး ထို​ဥယျာဉ်​၌​ရှိသမျှ​သော​အပင်​တို့၏​အသီးကို သင်သည်​စား​ရသော​အခွင့်​ရှိ၏။ ထို​အပင်​၏​အသီးကို​ကား​မစား​ရ။ စား​သော​နေ့တွင် ဧကန်​အမှန်​သေရ​မည်” ဟု​မနာခံမှု​၏​အကျိုးဆက်ကို ကိုယ်တော်​ရှင်းပြ​ထား​နှင့်​ပြီး​ဖြစ်သည်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) ဤ​တွင် သာ၍​အရေးကြီးသော​မေးခွန်း​တစ်ခု​ကို ဖြေဆို​ရန်လို​အပ်​လာ​လေ​သည်။

ခက်ခဲ​သော​ပြဿနာ​တစ်ရပ်​ကို လူသား​တို့​ရင်ဆိုင်​ရ​ကြ

ထို​မူလ​အပြစ်​ကြောင့် လူသား​သည် အလွန်​အကျပ်ရိုက်​ခဲ့​ရသည်။ အာဒံသည် စုံလင်သူ​တစ်ဦး​အဖြစ် ဘဝ​စတင်​ခဲ့​သည်။ ထို့​ကြောင့် သူ၏​ကလေး​များသည် စုံလင်သော​ထာဝရ​အသက်ကို ရနိုင်​ကြ​၏။ သို့သော် အာဒံ​အပြစ်​မပြု​မီ သူ၌​ကလေး​မရှိ​သေး​ချေ။ “သင်​ထွက်​ရာ​မြေ​သို့​မပြန်​မီ​တိုင်အောင် သင်၏​မျက်နှာ​မှ​ချွေး​ထွက်​လျက် အစာကို​စား​ရမည်။ အကြောင်း​မူ​ကား သင်သည်​မြေမှုန့်​ဖြစ်၍ မြေမှုန့်​သို့​ပြန်​ရမည်” ဟူသော စီရင်ချက်​ချမှတ်​ခံရ​ချိန်​တွင် သူ​မှ​ဆင်းသက်​မည့် လူသား​မျိုးနွယ်​တစ်ခုလုံး​သည် သူ့​အထဲ​တွင်​ရှိသေး​သည်။ (ကမ္ဘာဦး ၃:၁၉) ထို့​ကြောင့် အာဒံ​အပြစ်ပြု​၍ ဘုရားသခင်​မိန့်တော်မူ​သည့်​အတိုင်း သေခြင်း​သို့​လား​စဉ် လူသား​တစ်ရပ်လုံး​သည်လည်း သူနှင့်​အတူ သေဒဏ်​ချမှတ်​ခံ​ခဲ့​ရသည်။

နောက်ပိုင်း၌ တမန်​တော်​ပေါလု​က သင့်လျော်​စွာ​ဖြင့် ဤသို့​ရေးသားခဲ့​သည်– “အပြစ်​တရားသည် တစ်ယောက်​သော​သူ [အာဒံ] အားဖြင့် ဤ​လောက​သို့​ဝင်၍၊ အပြစ်​တရား​အားဖြင့် သေခြင်း​တရားဝင်​သည်​နှင့်​အညီ၊ လူအပေါင်း​တို့သည် အပြစ်ရှိ​သောကြောင့် သေခြင်း​သို့​ရောက်​ရ​ကြ​၏။” (ရောမ ၅:၁၂) မှန်ပါသည်၊ အဆုံးမဲ့​အသက်တာ​နှင့် ပြည့်ဝ​စုံလင်စွာ မွေးဖွား​လာ​ကြ​ရမည့် အလားအလာ​ရှိ ကလေး​များသည် မူလ​အပြစ်​ကြောင့် ဖျားနာခြင်း၊ အိုမင်း​ခြင်း​နှင့် သေခြင်း​တို့ကို​သာ ရှုမျှော်​နိုင်​ကြ​ရတော့​သည်။

“ဒါ​မတရား​ဘူး၊ ဘုရားသခင်​ကို​မနာခံဖို့ ငါ​တို့​ရွေး​တာ​မဟုတ်ဘူး၊ ရွေး​တာ​က အာဒံ​ပဲ၊ ထာဝရ​အသက်နဲ့ ပျော်ရွှင်​ရဖို့​အလားအလာကို ငါ​တို့ ဘာကြောင့် ဆုံးရှုံး​ရတာလဲ” ဟု​တစ်စုံ​တစ်ဦး​က ကန့်ကွက်​ပေမည်။ ကား​ခိုး​သူ​ဖခင်​၏​အမှု​အတွက် သူ၏​သားကို တရားရုံး​က​ထောင်ချ​ခဲ့​မည်​ဆိုလျှင် သား​ဖြစ်သူက– “ဒါ​မတရား​ဘူး! ငါ​ဘာ​အပြစ်​မှ​မကျူးလွန်​ဘူး” ဟု​မကျေမနပ်​ပြောဆိုခြင်း​သည် မှန်ကန်ကြောင်း ကျွန်ုပ်​တို့​သဘောတူ​မည်။—တရားဟောရာ ၂၄:၁၆

ပထမ​လူယောက်ျား​နှင့် လူ​မိန်းမတို့ကို အပြစ်ပြု​စေခြင်း​ဖြင့် ဘုရားသခင်​အား ဘေးကျပ်နံကျပ်​အခြေအနေ​တွင် ရောက်ရှိ​စေမည်​ဟု စာတန်​ယူမှတ်ခဲ့​ပေမည်။ ကလေး​တစ်ယောက်မျှ​မမွေးဖွား​မီ လူသား​မျိုးနွယ်​၏​သမိုင်း အစောပိုင်း​၌​ပင် စာတန်​စတင်​တိုက်ခိုက်​ခဲ့​သည်။ အာဒံ​အပြစ်ပြု​သည်​နှင့် ပေါ်ပေါက်​လာ​သည့် အရေးကြီးသော​မေးခွန်း​တစ်ခု​မှာ အာဒံ​နှင့်​ဧဝ​တို့​ရရှိ​လာ​မည့် ကလေး​များနှင့်​စပ်လျဉ်း၍ ယေဟောဝါ​မည်သို့​ပြု​မည်​နည်း ဟူ၍​ဖြစ်သည်။

ယေဟောဝါ​ဘုရားသခင်​သည် တရား​မျှတ​စွာ ပြု​တော်​မူ​ခဲ့​သည်။ ဖြောင့်မတ်​သူ​ဧလိဟု​က ‘[မကောင်းမှု]သည် ဘုရားသခင်​နှင့်​လည်းကောင်း၊ အပြစ်​သည် [အဆုံးမဲ့]တန်ခိုးရှင်​နှင့်​လည်းကောင်း ဝေးလေစွ​တကား!’ ဟု​ပြော​ခဲ့​သည်။ (ယောဘ ၃၄:၁၀) ယေဟောဝါ​နှင့်​စပ်လျဉ်း၍ ပရောဖက်​မောရှေ​က ဤသို့​ရေးသားခဲ့​သည်– “ဘုရားသခင်​သည် မူလအမြစ်​ဖြစ်၍ အမှုတော်​သည် စုံလင်​ပေ​၏။ စီရင်တော်မူ​သမျှ​တို့သည် တရား​နှင့်​ညီ​လျက် သစ္စာစောင့်​သော​ဘုရား၊ အပြစ်ကင်း​လွတ်​၍ ဟုတ်မှန်​ဖြောင့်မတ်​သော​ဘုရား​ဖြစ်​တော်​မူ​၏။” (တရားဟောရာ ၃၂:၄) အာဒံ​၏​အပြစ်​ကြောင့် ဖြစ်ပေါ်​လာ​သည့်​ပြဿနာ​ကို စစ်မှန်သော​ဘုရားသခင် ဖြေရှင်း​နည်း​သည် ပရဒိသု​မြေကြီးပေါ် ထာဝရ​အသက်ရှင်ခြင်း​အခွင့်​ကို ကျွန်ုပ်​တို့​ထံ​မှ နုတ်ယူ​မသွား​ခဲ့​ချေ။

လုံးဝ​ကောင်းမွန်သော​ဖြေရှင်း​နည်းကို ဘုရားသခင်​စီစဉ်​ပေး​ခဲ့

စာတန် . . . ကို​စီရင်ချက်​ချ​ရာ​တွင် ဘုရားသခင်​ဖော်ပြ​သည့် ဖြေရှင်း​နည်းကို​သုံးသပ်ကြည့်​ပါ။ စာတန်​ကို ယေဟောဝါ​က ဤသို့​မိန့်တော်မူသည်– “သင်​နှင့်​မိန်းမ [ဘုရားသခင်​၏​ကောင်းကင်​အဖွဲ့အစည်း] ကိုလည်း​ကောင်း၊ သင်၏​အမျိုးအနွယ် [စာတန်​၏​ထိန်းချုပ်မှု​အောက်​ရှိလော​က] နှင့် မိန်းမ​၏​အမျိုးအနွယ် [ယေရှု​ခရစ်] ကိုလည်း​ကောင်း၊ ငါသည်​ရန်ငြိုး​ဖွဲ့​စေမည်။ သူသည်​သင် [စာတန်] ၏​ခေါင်း​ကို​ကြိတ်​လိမ့်​မည်၊ သင်သည်​သူ၏​ဖနောင့်​ကို​ကြိတ် [ယေရှု၏​သေခြင်း] လိမ့်​မည်။” (ကမ္ဘာဦး ၃:၁၅) သမ္မာကျမ်းစာ​၏ ပထမဦးဆုံး​သော ဤ​ပရောဖက်ပြုချက်​၌ ယေဟောဝါ​က မိမိ၏​ကောင်းကင် . . . ဝိညာဉ်​သားတော်​အား စုံလင်သော​လူသား​ယေရှု​အဖြစ် မြေကြီးပေါ်​တွင်​အသက်ရှင်​ရန် ကြွလာ​စေ​၍ အပြစ်မဲ့​သော ထို​အခြေအနေ​၌ သေဆုံး—ခေါင်း​ကို​ကြိတ်​ခြင်း​ခံ—စေ​မည့်​ရည်ရွယ်ချက်ကို ဖော်ပြ​ခဲ့​သည်။

စုံလင်သော​လူသား​တစ်ဦး သေဆုံးရခြင်း​ကို ဘုရားသခင် အဘယ်ကြောင့်​လိုအပ်​စေ​ခဲ့​ရသနည်း။ အာဒံ​အပြစ်ပြု​လျှင် အဘယ်​အပြစ်ဒဏ်​ခံရ​မည်​ဟု ယေဟောဝါ​ဘုရားသခင်​စီရင်​ခဲ့​သနည်း။ သေခြင်း​ပင် မဟုတ်ပေ​လော။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) “အပြစ်​တရား​၏​အ​ခ​ကား သေခြင်း​ပေ​တည်း” ဟု​တမန်​တော်​ပေါလု​ရေးသားခဲ့​သည်။ (ရောမ ၆:၂၃) အာဒံသည် မိမိ၏​အပြစ်​အတွက် သေခြင်း​ဖြင့်​ပေး​ဆပ်​ခဲ့​ရသည်။ သူ့ကို​အသက်ပေး​အပ်​ခဲ့​၏၊ သူက​အပြစ်ပြု​ရန်​ရွေးချယ်​၏၊ ထို့​ကြောင့် အပြစ်ဒဏ်​အဖြစ် သူ​သေရ​သည်။ (ကမ္ဘာဦး ၃:၁၉) ထို​အပြစ်​ကြောင့် လူသား​မျိုးနွယ်​တစ်ရပ်လုံး ခံရ​သည့် အပြစ်ဒဏ်​စီရင်ခြင်း​ကော အသို့နည်း။ သူတို့၏​အပြစ်​များ​ကို ကျေအေးစေ​ရန် အသေခံဖို့​လို​နေသည်။ သို့ရာတွင် မည်​သူ့​သေခြင်းက လူသား​တစ်ရပ်လုံး​၏​အပြစ်ကို ထိုက်​သင့်​မျှတ​စွာ ဖုံးအုပ်​နိုင်​မည်​နည်း။

ရှေး​ဣသရေလ​လူမျိုး​အား ဘုရားသခင်​ပေး​ခဲ့​သော​ပညတ်တော်​အရ “အသက်​အတွက်​အသက်” လို​သည်။ (ထွက်မြောက်ရာ ၂၁:၂၃) တရား​ဥပဒေ​နှင့်​ဆိုင်သော ဤ​မူ​အရ လူသားများ​၏​အပြစ်ကို ဖုံးအုပ်​နိုင်​မည့်​သေခြင်း​သည် အာဒံ​ဆုံးရှုံး​ခဲ့​ရာ​နှင့် တန်းတူ​ညီမျှ​ဖြစ်​ရ​ပေမည်။ စုံလင်သော​အခြား​လူသား​တစ်ဦး၏​သေခြင်းက​သာ အပြစ်​၏​အ​ခ​ကို ပေး​ဆပ်​နိုင်​လိမ့်​မည်။ ယေရှုသည် ထိုသို့​သော​ပုဂ္ဂိုလ်​တစ်ဦး​ဖြစ်သည်။ အာဒံ​မှ​ဆင်းသက်လာ​သည့် ရွေးနုတ်​ခံထိုက်​သူ လူသား​အားလုံး​ကို ကယ်တင်​နိုင်​ဖို့​အတွက် “တန်ဖိုး​တူ​ရွေးနုတ်ဖိုး” မှာ အမှန်ပင် ယေရှု​သာ​ဖြစ်သည်။—၁ တိမောသေ ၂:၆က​ဘ; ရောမ ၅:၁၆၊ ၁၇

ယေရှု၏​သေခြင်း​သည် တန်ဖိုး​ကြီးမား

အာဒံ​သေဆုံး​သည်​အတွက် အဘယ်​တန်ဖိုး​မျှ​မရှိ​ချေ; သူ၏​အပြစ်​အတွက် သူ​သေ​ထိုက်​၏။ သို့ရာတွင် ယေရှုသည် အပြစ်မဲ့​အနေအထား​၌ သေဆုံး​ခဲ့​သောကြောင့် ကိုယ်တော်​၏​သေခြင်း​သည် တန်ဖိုး​ကြီးမား​လှ​သည်။ အပြစ်ရှိ​သော​အာဒံ​၏ နာခံမှု​ရှိ သားစဉ်မြေးဆက်​များ​အတွက် ယေရှု၏​စုံလင်သော​အသက်ကို ရွေးနုတ်ဖိုး​အဖြစ် ယေဟောဝါ​ဘုရားသခင် လက်ခံ​နိုင်​တော်​မူ​သည်။ ထို့​ပြင် ယေရှု၏​ရွေးနုတ်ဖိုး​တန်ဖိုး​သည် ကျွန်ုပ်​တို့၏ အတိတ်​က​အပြစ်​များ​အတွက်သာ အကျိုး​သက်ရောက်မှု​ရှိသည် မဟုတ်​ချေ။ ထိုသို့​သာ​ဖြစ်​ခဲ့​လျှင် ကျွန်ုပ်​တို့​တွင် အနာဂတ်​ဟူ၍ ရှိ​မည်​မဟုတ်ပေ။ ကျွန်ုပ်​တို့သည် အပြစ်​၌ ပဋိသန္ဓေ​စွဲ​သည်​ဖြစ်​ရာ အမှန်ပင် ထပ်မံ​အပြစ်ပြု​ကြ​ပါ​ဦး​မည်။ (ဆာလံ ၅၁:၅) အာဒံ​နှင့်​ဧဝ​၏ သားမြေး​များ​အတွက် မူလ​က​ပင် ယေဟောဝါ​ရည်ရွယ်​ထား​သည့် စုံလင်ခြင်း​ကို ကျွန်ုပ်​တို့​ရရှိရန် ယေရှု၏​သေခြင်းက အခွင့်ပေး​သောကြောင့် ကျွန်ုပ်​တို့ အမှန်တကယ် ကျေးဇူး​တင်​နိုင်​သည်​တကား!

ပြန်မဆပ်​နိုင်​သည့်​တိုင် ကျွန်ုပ်​တို့ကို အကြွေး (အပြစ်) နစ်​အောင်​ချန်​ထားခဲ့​သည့် သေဆုံး​သွားသော ဖခင်​တစ်ဦး​နှင့် အာဒံ​ကို​ပုံခိုင်း​နိုင်​သည်။ တစ်ဖက်​တွင်​မူ ယေရှုသည် ကွယ်လွန်​သွား​သော်လည်း ချမ်းချမ်းသာသာ​ထားရစ်​ခဲ့​သော ဖခင်ကောင်း​တစ်ဦး​နှင့်​တူ​သည်၊ ထို​အမွေ​ဖြင့် ကျွန်ုပ်​တို့ကို​အာဒံ​ဝန်ပိ​စေ​ခဲ့​သော များပြား​လှ​သည့်​အကြွေး​မှ​လွတ်မြောက်​စေ​ရုံ​မ​က ထာဝစဉ်​သုံး​မကုန်​အောင်​ဖူလုံ​စေ​သည်။ ယေရှု၏​သေခြင်း​သည် အတိတ်​က​အပြစ်​များ​ကို ပယ်ဖျက်​ပေးခြင်း​မျှ​သာ​မဟုတ်ပါ; ကျွန်ုပ်​တို့၏​အနာဂတ်​အတွက် အထူး​ကောင်းမွန်သော အစီအစဉ်​လည်း ဖြစ်စေ​သည်။

ယေရှုသည် ကျွန်ုပ်​တို့အတွက် အသေခံ​တော်​မူ​သောကြောင့် ကိုယ်တော်​သည် လူသား​တို့၏​ကယ်တင်ရှင်​ဖြစ်သည်။ ကိုယ်တော်​၏​သေခြင်း​သည် တကယ်​တန်ဖိုး​ကြီးမား​လှ​သည်​တကား! ၎င်းကို အာဒံ​၏​အပြစ်​ကြောင့် ဖြစ်ပေါ်​လာသော ရှုပ်ထွေး​သည့်​ပြဿနာ​အတွက် ဘုရားသခင့်​ဖြေရှင်း​နည်း​အဖြစ် ကျွန်ုပ်​တို့​သဘောပေါက်​သောအခါ ယေဟောဝါ​နှင့် ကိုယ်တော်​ပြု​တော်​မူသမျှ​ကို ယုံကြည်​စိတ်ချမှု ပို​ရှိလာ​သည်။ မှန်ပါသည်၊ ယေရှု၏​သေခြင်း​သည် ကိုယ်တော်​အား “ယုံကြည်​သော​သူအပေါင်း” ကို အပြစ်၊ ရောဂါဘယ၊ အိုမင်း​ခြင်း​နှင့် သေခြင်း​တို့​မှ လွတ်မြောက်​စေ​သည်။ (ယောဟန် ၃:၁၆) ကျွန်ုပ်​တို့၏​ကယ်တင်ခြင်း​အတွက် ဤ​မေတ္တာပါ​အစီအစဉ်ကို​ပြုလုပ်​ပေး​သောကြောင့် ဘုရားသခင်​ကို သင်​ကျေးဇူး​တင်​ပါသလော။

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

အာဒံသည် လူသားထု​ကို အပြစ်​နှင့်​သေခြင်း​သို့​ရောက်​စေ​ခဲ့

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

ယေဟောဝါ​သည် လုံးဝ​ကောင်းမွန်သော ဖြေရှင်း​နည်းကို စီစဉ်​ပေး​ခဲ့