မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါသည် ကျွန်ုပ်တို့၏ခိုလှုံရာဖြစ်

ယေဟောဝါသည် ကျွန်ုပ်တို့၏ခိုလှုံရာဖြစ်

ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​ခိုလှုံရာ​ဖြစ်

“[ယေဟောဝါ] သည် ငါ​ခိုလှုံရာ​ဖြစ်​တော်​မူ​၏​ဟု သင်သည်​ဆို . . . သောကြောင့်၊ သင်၌​မကောင်းသော [ဘေးဆိုး] မ​ကပ်​မ​ရောက် . . . ရ။”—ဆာလံ ၉၁:၉၊ ၁၀

၁။ ယေဟောဝါ​သည် ကျွန်ုပ်​တို့​ခိုလှုံရာ​ဖြစ်၏​ဟု အဘယ်ကြောင့်​ဆိုနိုင်​သနည်း။

ယေဟောဝါ​သည် ကိုယ်တော်​၏​လူမျိုးတော်​အတွက် စစ်မှန်သော​ခိုလှုံရာ​ဖြစ်​တော်​မူ​၏။ ကိုယ်တော်​အား ကျွန်ုပ်​တို့​အကြွင်းမဲ့​ဆည်းကပ်​ဝတ်ပြု​ကြ​မည်​ဆိုလျှင် ကျွန်ုပ်​တို့သည် “အမျိုးမျိုးသော​နှောင့်ယှက်ခြင်း​ကို​ခံရ​သော်လည်း အကျိုး​နည်း​ခြင်း​သို့​မ​ရောက်။ မကြံစည်​နိုင်အောင်​ရှိသော်လည်း စိတ်မပျက်။ ညှဉ်းဆဲခြင်း​ကို​ခံရ​သော်လည်း ရှုံး​ခြင်း​မရှိ။ အောက်​သို့​လှဲ​ခြင်း​ကို​ခံရ​သော်လည်း ဆုံး​ရာ​သို့​မ​ရောက်။” အဘယ်ကြောင့်​နည်း။ ‘သာမန်​ထက်​ထူးကဲ​သော တန်ခိုးတော်’ ကို​ကျွန်ုပ်​တို့အား ယေဟောဝါ​ပေး​ထားသော​ကြောင့်​တည်း။ (၂ ကောရိန္သု ၄:၇-၉) မှန်ပါသည်၊ ဘုရားတရား​နှင့်​နေထိုင်​တတ်​ရန် ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော်​က ကူညီပေး​သည်၊ ဆာလံဆရာ​၏ ဤ​စကား​များ​ကိုလည်း ကျွန်ုပ်​တို့​နှလုံး​သွင်း​နိုင်​ကြသည်– “‘[ယေဟောဝါ] သည် ငါ​ခိုလှုံရာ​ဖြစ်​တော်​မူ​၏’ ဟု​သင်သည်​ဆို​၍ အမြင့်ဆုံး​သော​ဘုရား[သခင်]၌ နေရာကျ​သောကြောင့်၊ သင်၌​မကောင်းသော [ဘေးဆိုး] မ​ကပ်​မ​ရောက် . . . ရ။”—ဆာလံ ၉၁:၉၊ ၁၀

၂။ ဆာလံ ၉၁ နှင့်​ပတ်သက်​၍ မည်သို့​ပြော​ဆိုနိုင်​ပြီး ယင်းက အဘယ်အရာကို​ကတိပြု​သနည်း။

ဆာလံ ၉၁ မှ​ထိုစကား​များ​ကို မောရှေ​ရေးသားခဲ့​ခြင်း​ဖြစ်​ပေမည်။ ဆာလံ ၉၀ အထက်​ရှိ​ရေးသား​ထား​ချက်​က သူ၏​အမည်​ကို ရေးစပ်​သူ​အဖြစ်​ဖော်ပြ​ထားပြီး အခြားသူ​၏​အမည်​ကို ကြားဖြတ်​ဖော်ပြခြင်း​မရှိဘဲ ဆာလံ ၉၁ ဆက်တိုက်​လိုက်ပါ​လာ​သည်။ ဆာလံ ၉၁ ကို သီချင်းသည်​စု​နှင့်အတူ သီချင်းသည်​တစ်ဦး​က အလှည့်ကျ​စီ သီဆို​ခဲ့​ခြင်း​ဖြစ်​နိုင်​သည်; ဆိုလိုသည်မှာ တစ်ယောက်​က ဦးဆုံး​သီဆိုပြီး (၉၁:၁၊ ၂) အုပ်စု​က​စုပေါင်း (၉၁:၃-၈) သီဆိုခြင်း​ဖြစ်​မည်။ ဖြစ်​နိုင်​သည်​မှာ တစ်သံ​တည်း (၉၁:၉က) ကို​ကြား​ရပြီး​နောက် အုပ်စု​က (၉၁:၉ခ-၁၃) တုံ့ပြန်​ခြင်း​ဖြစ်​နိုင်​သည်။ ထို့နောက် နောက်ဆုံး​စကား​များ (၉၁:၁၄-၁၆) ကို​သီချင်းသည်​တစ်ဦး သီဆို​ခဲ့​ပေမည်။ မည်သို့​ပင်​ဖြစ်စေ၊ ဆာလံ ၉၁ သည် ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​အား ဝိညာဉ်​ရေးရာ​လုံခြုံမှု​ရှိ​မည်​ဟု ကတိပြု​ပြီး ဆက်ကပ်​အပ်နှံ​ထားသော သူတို့၏​အပေါင်းပါ​အုပ်စု​ကိုလည်း ထပ်တူ​အာမခံချက်ကို​ပေး​သည်။ * ယေဟောဝါ​၏ အဆိုပါ​ကျေးကျွန်​အားလုံး​၏​ရှုထောင့်​မှ ဤ​ဆာလံကျမ်း​ကို သုံးသပ်ကြည့်​ကြပါစို့။

‘ဘုရားသခင်​၏​ကွယ်ကာ​ရာ​ဌာန’ ၌​လုံခြုံ​နေ

၃။ (က) “အမြင့်ဆုံး​သော​ဘုရား[သခင်]၏ ကွယ်ကာ​ရာ​ဌာန” ဟူသည် အဘယ်နည်း။ (ခ) “[အဆုံးမဲ့] တန်ခိုးရှင်​၏​အရိပ်​ကို​ခို” နေခြင်း​အားဖြင့် ကျွန်ုပ်​တို့​အဘယ်အရာ​ခံစားရ​ကြ​သနည်း။

ဆာလံဆရာ ဤသို့​သီဆို​၏– “အမြင့်ဆုံး​သော ဘုရား[သခင်]၏ ကွယ်ကာ​ရာ​ဌာနတော်​၌​နေသော​သူသည် [အဆုံးမဲ့]တန်ခိုးရှင်​၏​အရိပ်​ကို ခို​ရ​လိမ့်​မည်။ ‘ထာဝရ​ဘုရား​သည် ငါ​ခိုလှုံရာ၊ ငါ​၏​ရဲတိုက်၊ ငါ​ကိုးစား​သော​ဘုရားသခင်​ဖြစ်​တော်​မူ​သည်’ ဟု ငါ​ပြောဆို​၏။” (ဆာလံ ၉၁:၁၊ ၂) “အမြင့်ဆုံး​သော​ဘုရား[သခင်]၏ ကွယ်ကာ​ရာ​ဌာနတော်” ဟူသည် ကျွန်ုပ်​တို့အတွက်၊ အထူးသဖြင့် စာတန်​၏​အဓိက​ပစ်မှတ်​များ​ဖြစ်​ကြသော ဝိညာဉ်​တော်​ဖွား​အတွက် ပုံဆောင်​ကာကွယ်​ရာ​နေရာ​ဖြစ်သည်။ (ဗျာဒိတ် ၁၂:၁၅-၁၇) ကျွန်ုပ်​တို့သည် ဝိညာဉ်​ရေး​ဧည့်သည်​များ​အဖြစ် ဘုရားသခင်​နှင့်အတူ နေထိုင်သူ​များ​အနေ​နှင့် ခံစား​ရသော​ကာကွယ်​မှု​မရရှိ​ပါ​က ကျွန်ုပ်​တို့အားလုံး​ကို သူ​ဖျက်ဆီး​ပေ​လိမ့်​မည်။ “[အဆုံးမဲ့] တန်ခိုးရှင်​၏​အရိပ်​ကို​ခို” နေခြင်း​အားဖြင့် ဘုရားသခင်​၏​ကာကွယ်​ရာ​အရိပ်​ကို ကျွန်ုပ်​တို့​ရရှိ​ကြသည်။ (ဆာလံ ၁၅:၁၊ ၂; ၁၂၁:၅) ကျွန်ုပ်​တို့၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးရှင် ယေဟောဝါ​ထက် သာ၍​လုံခြုံ​သော​ခိုလှုံရာ သို့​မဟုတ် သာ၍​ခိုင်ခံ့​သော​ရဲတိုက်​မရှိ​ချေ။—သု. ၁၈:၁၀

၄။ ‘ငှက်​ခတ်​သ​မား’ စာတန်​သည် အဘယ်နည်း​ပရိယာယ်​များ​ကို​အသုံးပြု​သနည်း၊ ကျွန်ုပ်​တို့​မည်သို့​လွတ်မြောက်​ကြ​သနည်း။

ဆာလံဆရာ ဤသို့​ထပ်ဆင့်​သည်– “အကယ်စင်စစ် [ယေဟောဝါ​သည်] မုဆိုး [“ငှက်​ခတ်​သ​မား၊” က​ဘ] ၏​ကျော့ကွင်း​နှင့်​လည်းကောင်း၊ သေတတ်​သော​အနာ​နှင့် [“ဘေး​ဖြစ်​စေသော​ကပ်ရောဂါ​မှ၊” က​ဘ] လည်းကောင်း သင့်ကို​ကင်းလွတ်​စေတော်မူ​မည်။” (ဆာလံ ၉၁:၃) ရှေး​ဣသရေလ​နိုင်ငံ​မှ ငှက်​ခတ်​သ​မား​တစ်ဦး​သည် ကျော့ကွင်း​များ သို့​မဟုတ် ထောင်ချောက်များ​ကို​သုံး​၍ ငှက်​များ​ကို​ဖမ်း​လေ့​ရှိသည်။ ‘ငှက်​ခတ်​သ​မား’ စာတန်​၏ ကျော့ကွင်း​များ​တွင် သူ၏​ဆိုးယုတ်​သော​အဖွဲ့အစည်း​နှင့် “ဉာဏ်​နီ​ဉာဏ်​နက်​များသော​လုပ်ရပ်များ” ပါဝင်​သည်။ (ဧဖက် ၆:၁၁က​ဘ အောက်ခြေမှတ်ချက်။) ဆိုးသွမ်းမှု​နောက် ကျွန်ုပ်​တို့​လိုက်ပါ​၍ ဝိညာဉ်​ရေး​ပျက်စီး​သွားစေရန် ကျွန်ုပ်​တို့၏​လမ်းခရီး​တစ်လျှောက်​တွင် လျှို့ဝှက်​ကျော့ကွင်း​များ​ထောင်​ထား​သည်။ (ဆာလံ ၁၄၂:၃) သို့သော် မတရားမှုကို ကျွန်ုပ်​တို့​စွန့်ပစ်​ခဲ့​ကြ​ပြီး​ဖြစ်​ရာ ‘ကျွန်ုပ်​တို့၏​အသက်သည် ကျော့ကွင်း​မှ​လွတ်​သော​ငှက်​ကဲ့သို့​ဖြစ်၏။’ (ဆာလံ ၁၂၄:၇၊ ၈) ယေဟောဝါ​သည် ဆိုးယုတ်​သော ‘ငှက်​ခတ်​သ​မား’ လက်​မှ ကျွန်ုပ်​တို့ကို​ကယ်လွှတ်​သည့်​အတွက် မည်မျှ​ကျေးဇူး​တင်စရာ​ပါ​တကား!—မဿဲ ၆:၁၃

၅၊ ၆။ အဘယ် ‘ကပ်ရောဂါ’ က ‘ဘေးများ’ ဖြစ်စေ​ခဲ့ပြီ​နည်း၊ သို့သော် ယင်းကို ယေဟောဝါ​၏​လူမျိုးတော်​က အဘယ်ကြောင့်​အရှုံးမပေး​သနည်း။

ဆာလံဆရာ​က ‘ဘေး​ဖြစ်​စေသော​ကပ်ရောဂါ​များ’ ကို​ဖော်ပြ​သည်။ ကူးစက်​တတ်သော​ကပ်ရောဂါ​ကဲ့သို့ လူ့​မိသားစု​နှင့် ယေဟောဝါ​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ကို ထောက်ခံသူ​များ​အတွက် ‘ဘေးများ’ တွေ့​စေသည့်​အရာတစ်ခု​ရှိသည်။ ယင်း​နှင့်​စပ်လျဉ်း၍ သမိုင်း​ပညာရှင် အာနိုးလ် တွိုင်​ဘီ​ဤသို့​ရေးသားခဲ့​သည်– “ဒုတိယ​ကမ္ဘာ​စစ်​ကြီး​ပြီးဆုံး​ကတည်းက လူမျိုးရေး​စိတ်ဓာတ်​ကြောင့် ကိုယ့်​မင်း​ကိုယ်​ချင်း​နိုင်ငံ​များ အရေအတွက်​နှစ်ဆ​ဖြစ်လာ​ခဲ့​သည် . . . လူသား​တို့၏ လက်ရှိ​စိတ်သဘောထား​မှာ တိုး၍​တိုး၍​ကွဲပြားလျက်​ရှိ၏။”

ရာစုနှစ်များ​တစ်လျှောက် အုပ်ချုပ်သူ​အချို့​က စိတ်ဝမ်းကွဲ​သော နိုင်ငံတကာ​ပြိုင်ဆိုင်မှု​ကို မီးထိုး​ယပ်ခတ်​ပေး​ခဲ့​ကြပြီ။ ထို့​အပြင် သူတို့ကို သို့​မဟုတ် ရုပ်တု​အမျိုးမျိုး သို့​မဟုတ် အထိမ်းအမှတ်​များ​ကို အရိုအသေ​ပေးဖို့ အတင်းအကျပ်​တောင်းဆို​ခဲ့​ကြပြီ။ သို့သော် ယေဟောဝါ​သည် မိမိ၏​တည်ကြည်သော​လူမျိုးတော်​အား ဘယ်​သောအခါ​မျှ ယင်း​သို့​သော ‘ကပ်ရောဂါ’ ကို​လက်လျှော့​အရှုံးပေး​သည့်​အဖြစ်သို့ မ​ရောက်​စေ​ခဲ့​ပါ။ (ဒံယေလ ၃:၁၊ ၂၊ ၂၀-၂၇; ၆:၇-၁၀၊ ၁၆-၂၂) မေတ္တာ​ရှိသော​အပြည်ပြည်ဆိုင်ရာ ညီအစ်ကို​အသင်းအပင်း​တစ်ခု​အနေ​နှင့် ကျွန်ုပ်​တို့သည် ယေဟောဝါ​အား​အကြွင်းမဲ့​ဆည်းကပ်​ဝတ်ပြု​ကြသည်၊ ကျမ်းစာ​ဆိုင်ရာ​ကြားနေ​မှု​ကို ထိန်းသိမ်း​၍ “လူအမျိုးမျိုး​တို့​တွင် ဘုရားသခင်​ကို​ကြောက်ရွံ့​၍ တရား​သဖြင့်​ကျင့်ဆောင်​သော​သူသည် အထံတော်​၌​မျက်နှာ​ရ” ကြောင်းကို ဘက်မလိုက်​ဘဲ​အသိအမှတ်ပြု​ကြသည်။ (တမန်​တော် ၁၀:၃၄၊ ၃၅; ထွက်မြောက်ရာ ၂၀:၄-၆; ယောဟန် ၁၃:၃၄၊ ၃၅; ၁၇:၁၆; ၁ ပေတရု ၅:၈၊ ၉) ခရစ်ယာန်​များ​အဖြစ် ကျွန်ုပ်​တို့သည် နှိပ်စက်​ညှဉ်းပန်းမှု​အသွင်​ဖြင့် ‘ဘေးများ’ ကြုံ​ခဲ့​ကြ​ရ​သော်လည်း “အမြင့်ဆုံး​သော​ဘုရား[သခင်]၏ ကွယ်ကာ​ရာ​ဌာနတော်​၌” ရွှင်လန်းမှု​နှင့် ဝိညာဉ်​ရေး​လုံခြုံမှု​ရရှိ​ကြသည်။

၇။ ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို ကိုယ်တော်​၏ “အတောင်​တော်​အမွေး” နှင့် အဘယ်​နည်းဖြင့်​ကာကွယ်​တော်​မူ​သနည်း။

ကျွန်ုပ်​တို့၏​ခိုလှုံရာ​အဖြစ် ယေဟောဝါ​ရှိ​ထား​သည်​ဖြစ်​ရာ ဤ​စကား​များ​မှ ကျွန်ုပ်​တို့​နှစ်သိမ့်မှု​ရယူ​ကြသည်– “အတောင်​တော်​အမွေး​နှင့်​ဖုံးအုပ်​တော်​မူ​၍ အတောင်​တော်​အောက်​၌ သင်သည်​လုံခြုံစွာ​နေရ​လိမ့်​မည်။ [စစ်မှန်​ခြင်း] သည် သင်၏​ဒိုင်းလွှား [“နှင့်​မြေ​က​တုတ်၊” က​ဘ] ဖြစ်​လိမ့်​မည်။” (ဆာလံ ၉၁:၄) မိဘ​ငှက်​တစ်ကောင်​သည် မိမိ၏​သားငယ်​များ​အပေါ်​ပျံဝဲ​လျက် ကာကွယ်​ပေး​သကဲ့သို့ ကျွန်ုပ်​တို့ကို​ယေဟောဝါ​ကာကွယ်​ပေး​တော်​မူ​၏။ (ဟေရှာယ ၃၁:၅) ‘ကိုယ်တော်​၏​အတောင်​တော်​အမွေး​နှင့် ကျွန်ုပ်​တို့ကို​ဖုံးအုပ်​တော်​မူ​၏။’ အများအားဖြင့် ငှက်​တစ်ကောင်​၏ “အမွေး” များသည် ယင်း​၏​အတောင်များ​ဖြစ်သည်။ ၎င်း​တို့​ဖြင့် ငှက်​သည် မိမိ၏​သားငယ်​များ​ကို သားစား​ကောင်​များ​မှ ဖုံးအုပ်​ကာကွယ်​ပေး​သည်။ ကျွန်ုပ်​တို့သည် အ​ပျံ​သင်​စ​ငှက်​ငယ်​များ​ကဲ့သို့ ယေဟောဝါ​၏​စစ်မှန်သော​ခရစ်ယာန်​အဖွဲ့အစည်း​၌ ခိုလှုံ​နေကြ​သောကြောင့် ကိုယ်တော်​၏​ပုံဆောင်​အတောင်​တော်​အောက်​၌ လုံခြုံ​နေကြ​သည်။—ရုသ ၂:၁၂; ဆာလံ ၅:၁၊ ၁၁

၈။ ယေဟောဝါ​၏ ‘စစ်မှန်​မှု’ သည်​အဘယ်​နည်းဖြင့် ဒိုင်းလွှား​ကြီး​နှင့် မြေ​က​တုတ်​ဖြစ်သနည်း။

‘စစ်မှန်​မှု’ သို့​မဟုတ် တည်ကြည်မှု​ကို ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချ​ကြသည်။ ၎င်း​သည် တံခါးရွက်​ပုံသဏ္ဌာန်​ဖြစ်လေ့​ရှိပြီး လူ​တစ်ကိုယ်လုံး​ကို ဖုံး​ကာ​လောက်​အောင်​ကြီးသော ရှေးခေတ်​မှ​ဒိုင်းလွှား​ကြီး​ကဲ့သို့​ဖြစ်သည်။ (ဆာလံ ၅:၁၂) ထိုသို့​သော​အကွယ်အကာ​ကို ယုံကြည်​စိတ်ချ​ခြင်း​က ကျွန်ုပ်​တို့အား​ကြောက်ရွံ့​ခြင်း​မရှိစေ​ပါ။ (ကမ္ဘာဦး ၁၅:၁; ဆာလံ ၈၄:၁၁) ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း​ကဲ့သို့​ပင် ဘုရားသခင်​၏​စစ်မှန်​မှု​သည် စာတန်​၏​မီးစက်​လက်နက်များ​ကို ကာ​သတ်​ပေး​ပြီး ရန်သူ​၏​တိုက်ခိုက်မှု​များ​ကို ဆီး​ကာ​ပေး​သည့် အကာအကွယ်​ပေး​သော ဒိုင်းလွှား​ကြီး​တစ်ခု​ဖြစ်သည်။ (ဧဖက် ၆:၁၆) ယင်းသည် မြေ​က​တုတ်၊ ခိုင်ခံ့​သော​မြေခံတပ်​တစ်ခု​လည်း​ဖြစ်​ပြီး ၎င်းနောက်​တွင် ကျွန်ုပ်​တို့​မားမားမတ်မတ်​ရပ်တည်​ကြသည်။

‘ကျွန်ုပ်​တို့​ကြောက်​ရမည်​မဟုတ်’

၉။ ည​အချိန်​သည် အဘယ်ကြောင့်​ကြောက်လန့်​ဖွယ်​ဖြစ်​နိုင်​သနည်း၊ သို့သော် ကျွန်ုပ်​တို့​အဘယ်ကြောင့်​မကြောက်​ကြ​သနည်း။

ဆာလံဆရာ​က ကျွန်ုပ်​တို့သည် ဘုရားသခင့်​ကွယ်ကာ​မှု​ကြောင့် “ည​အခါ ဖြစ်တတ်သော​ဘေး​ကိုလည်း​ကောင်း၊ နေ့​အချိန်၌​ပစ်​သော မြား​ကိုလည်း​ကောင်း၊ မှောင်မိုက်​ထဲမှာ​လည်​တတ်သော ကာလ​နာ [ကပ်ရောဂါ] ကိုလည်း​ကောင်း၊ မွန်းတည့်​အချိန်၌ ဖျက်ဆီး​တတ်သော ဥပဒ်​ကိုလည်း​ကောင်း . . . မကြောက်​ရ” ဟု​ဆို​သည်။ (ဆာလံ ၉၁:၅၊ ၆) မကောင်းမှု​များ​ကို အမှောင်ထု​အောက် ကျူးလွန်​တတ်ကြ​သောကြောင့် ည​အချိန်​သည် ကြောက်စရာ​အချိန်​ဖြစ်​နိုင်​သည်။ ယခု မြေကြီးကို​ဖုံးလွှမ်း​ထားသော ဝိညာဉ်​ရေး​အမှောင်ထု​ကြား​တွင် ကျွန်ုပ်​တို့၏​ရန်သူများ​သည် ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ကို ပျက်စီး​စေဖို့​နှင့် ဟောပြောခြင်း​လုပ်ငန်း​ကို​တားဆီး​ဖို့ ကြိုးပမ်း​ရာ​၌ အရေခြုံ​လုပ်ရပ်များ​ကို အသုံးပြုလေ့​ရှိသည်။ သို့သော် ကျွန်ုပ်​တို့ကို​ယေဟောဝါ​စောင့်ရှောက်​တော်​မူ​သောကြောင့် ‘ည​အခါ ဖြစ်တတ်သော​ဘေး​ကို ကျွန်ုပ်​တို့​မကြောက်​ကြ​ပါ။’—ဆာလံ ၆၄:၁၊ ၂; ၁၂၁:၄; ဟေရှာယ ၆၀:၂

၁၀။ (က) “နေ့​အချိန်၌​ပစ်​သော မြား” သည်​အဘယ်အရာကို​ဖော်ညွှန်း​ဟန်​ရှိ​သနည်း၊ ယင်းကို ကျွန်ုပ်​တို့​မည်သို့​တုံ့ပြန်​ကြ​သနည်း။ (ခ) ‘မှောင်မိုက်​ထဲမှာ​လည်​တတ်သော ကပ်ရောဂါ’ ၏​သဘောသဘာဝ​ကား အဘယ်နည်း၊ ယင်းကို ကျွန်ုပ်​တို့​အဘယ်ကြောင့်​မကြောက်​သနည်း။

၁၀ “နေ့​အချိန်၌​ပစ်​သော မြား” သည် နှုတ်ဖြင့်​တိုက်ခိုက်​ခြင်း​ကို ဖော်ညွှန်း​ဟန်​ရှိသည်။ (ဆာလံ ၆၄:၃-၅; ၉၄:၂၀) စစ်မှန်သော​သတင်းတရားကို တင်ဆက်ခြင်း​တွင် ကျွန်ုပ်​တို့​စွဲမြဲ​စဉ် ကျွန်ုပ်​တို့၏​မြင့်မြတ်​သော​လုပ်ငန်းတော်​ကို ဤသို့​ပေါ်ပေါ်ထင်ထင်​ဆန့်ကျင်ခြင်း​သည် အချည်းနှီး​ဖြစ်သည်။ ထို့​အပြင် ‘မှောင်မိုက်​ထဲမှာ​လည်​တတ်သော ကပ်ရောဂါ​ကို’ ကျွန်ုပ်​တို့​မကြောက်​ကြ​ပါ။ ၎င်း​သည် ကိုယ်ကျင့်တရား​နှင့် ဘာသာရေး​အရ ရောဂါစွဲ​ကပ်​နေသည့် စာတန်​၏​လက်ထဲ​ရှိ ဤ​လောက​မှ​ပေါက်ဖွား​လာသော ပုံဆောင်​ကပ်ရောဂါ​ဖြစ်သည်။ (၁ ယောဟန် ၅:၁၉) ယင်းသည် စိတ်နှလုံး​သေ​သည့်​အခြေအနေ​ကို​ဖြစ်ပေါ်​စေ​၍ ယေဟောဝါ၊ ကိုယ်တော်​၏​ရည်ရွယ်ချက်များ​နှင့် ကိုယ်တော်​၏​မေတ္တာပါ​သော ပြင်ဆင်​ပေး​ချက်​တို့​နှင့်​စပ်လျဉ်း၍ လူ​တို့ကို​အမှောင်​ထဲ​ရှိစေသည်။ (၁ တိမောသေ ၆:၄) ကျွန်ုပ်​တို့သည် ဝိညာဉ်​ရေး​အလင်း​ကို အလျှံပယ်​ရရှိ​ထားသော​ကြောင့် ဤ​အမှောင်ထု​ထဲ​တွင် မကြောက်​ကြ​ချေ။—ဆာလံ ၄၃:၃

၁၁။ ‘မွန်းတည့်​အချိန်၌ ဖျက်ဆီး’ ခံရ​သူတို့ အဘယ်​သို့​ဖြစ်သွား​ကြ​သနည်း။

၁၁ “မွန်းတည့်​အချိန်၌ ဖျက်ဆီး​တတ်သော ဥပဒ်” က​လည်း ကျွန်ုပ်​တို့ကို​မထိတ်လန့်​စေပါ။ “မွန်းတည့်​အချိန်” မှာ အများ​အခေါ် လောက​၏​ထွန်းလင်း​မှု​ဟု​ခေါ်ဆို​ရာ​ကို ရည်ညွှန်း​နိုင်​သည်။ ယင်း​၏ ရုပ်​ဝါဒ​အမြင်​အောက်​အရှုံးပေး​သူတို့သည် ဝိညာဉ်​ရေး​ပျက်​သွား​ကြ​၏။ (၁ တိမောသေ ၆:၂၀၊ ၂၁) ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​ကာကွယ်​ပေးရှင်​ဖြစ်သော​ကြောင့် ဘုရားသခင့်​နိုင်ငံတော်​သတင်းကို ကျွန်ုပ်​တို့​မကြောက်​မ​ရွံ့ ကြေညာ​နေကြ​စဉ် အဘယ်​ရန်သူကို​မျှ ကျွန်ုပ်​တို့​မကြောက်​ကြ​ပါ။—ဆာလံ ၆၄:၁; သု. ၃:၂၅၊ ၂၆

၁၂။ မည်​သူ့​နံဘေး​၌ ထောင်ချီ​၍ “လဲ” ကြ​သနည်း၊ အဘယ်​နည်းဖြင့်​နည်း။

၁၂ ဆာလံဆရာ ဤသို့​ဆက်ဆို​သည်– “သင်၏​အနားမှာ​လူ​တစ်ထောင်၊ သင်၏​လက်ယာ​ဘက်မှာ လူ​တစ်​သောင်း​လဲ​သော်လည်း သင့်ကို​မထိမခိုက်​ရ။ သင်သည် ကိုယ်​မျက်စိ​နှင့်​ကြည့်​၍ မတရားသော​သူတို့၌ ရောက်​ရသော​အပြစ်ကို မြင်​ရုံ​မျှ​သာ​ရှိ​လိမ့်​မည်။” (ဆာလံ ၉၁:၇၊ ၈) ယေဟောဝါ​ကို မိမိတို့၏​ခိုလှုံရာ​ဖြစ်စေ​ဖို့ ပျက်ကွက်​ကြသော​ကြောင့် များစွာသော​သူတို့သည် ကျွန်ုပ်​တို့ “အနားမှာ” ဝိညာဉ်​ရေး​ဘက်​သေခြင်း​ဖြင့် “လဲ” ကြ​၏။ အမှန်​မှာ၊ မျက်မှောက်ခေတ် ဝိညာဉ်​ရေး​ဣသရေလ​လူမျိုး၏ “လက်ယာ” ဘက်တွင် “လူ​တစ်​သောင်း” လဲ​ခဲ့​ကြပြီ။ (ဂလာတိ ၆:၁၆) သို့သော် ကျွန်ုပ်​တို့သည် ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​ဖြစ်စေ၊ ဆက်ကပ်​အပ်နှံ​ထားသော သူတို့၏​အပေါင်းပါများ​ဖြစ်စေ ဘုရားသခင်​၏ “ကွယ်ကာ​ရာ​ဌာနတော်” ၌​လုံခြုံ​နေကြ​သည်။ ကျွန်ုပ်​တို့သည် စီးပွားရေး၊ ဘာသာရေး​နှင့် အခြား​နည်းလမ်းများ​ဖြင့် စိတ်​ဆင်းရဲမှု​အမျိုးမျိုးကို ရိတ်သိမ်း​လျက်​ရှိသော ‘ဆိုးသော​သူတို့၌ ရောက်​ရသော​အပြစ်ကို မျက်စိ​နှင့်​မြင်​ရုံ’ မျှ​သာ​ရှိသည်။—ဂလာတိ ၆:၇

‘ကျွန်ုပ်​တို့​၌​ဘေးဆိုး​ကျရောက်​မည်​မဟုတ်’

၁၃။ ကျွန်ုပ်​တို့​အပေါ် အဘယ်​ဘေးများ​မကျရောက်​သနည်း၊ အဘယ်ကြောင့်​နည်း။

၁၃ ဤ​လောက​၏​လုံခြုံမှု ပြိုကျ​လျက်​ရှိသော်လည်း ကျွန်ုပ်​တို့သည် ဘုရားသခင်​ကို​ရှေးဦး​ထား​၍ ဆာလံဆရာ​၏​ဤ​စကား​များ​မှ အားယူ​ကြသည်– “‘[ယေဟောဝါ] သည် ငါ​ခိုလှုံရာ​ဖြစ်​တော်​မူ​၏’ ဟု သင်သည်​ဆို​၍ အမြင့်ဆုံး​သော​ဘုရား [သခင်​ကို သင်၏​နေထိုင်ရာ​ဖြစ်စေ] သောကြောင့်၊ သင်၌​မကောင်းသော [ဘေးဆိုး] မ​ကပ်​မ​ရောက်။ သင့်​နေရာ [တဲ] သို့​ဘေးဥပဒ်​မ​ချဉ်း​ရ။” (ဆာလံ ၉၁:၉၊ ၁၀) မှန်ပါသည်၊ ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​ခိုလှုံရာ​ဖြစ်​တော်​မူ​၏။ သို့သော် အမြင့်ဆုံး​သော​ဘုရားသခင်​ကို ‘ကျွန်ုပ်​တို့၏​နေထိုင်ရာ’ လည်း​ဖြစ်စေ​ကြ​ပြီး ထို​နေရာတွင် ကျွန်ုပ်​တို့​လုံခြုံမှု​ရရှိ​ကြသည်။ ကျွန်ုပ်​တို့သည် ယေဟောဝါ​အား အကြွင်းမဲ့​ပိုင်သ​အုပ်စိုးရှင်​အဖြစ်​ချီးမွမ်း​ကြ​ပြီး လုံခြုံမှု​၏​အရင်းအမြစ်​အဖြစ် ကိုယ်တော်၌ ‘နေထိုင်’ ကြ​၍ ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို ကြေညာ​ကြသည်။ (မဿဲ ၂၄:၁၄) ထို့​ကြောင့် ‘ကျွန်ုပ်​တို့​၌​ဘေးဆိုး​ကျရောက်​မည်​မဟုတ်’—ဤ​ဆာလံ​အစပိုင်း​တွင် ဖော်ပြ​ထားသော အဘယ်​ဘေးဆိုး​တစ်ခု​မျှ​မကျရောက်​ရ။ မြေငလျင်​များ၊ လေမုန်တိုင်း​များ၊ ရေလွှမ်းမိုးခြင်း​များ၊ ငတ်မွတ်​ခေါင်းပါး​ခြင်း​နှင့် စစ်​ကြောင့်​အကြီးအကျယ်​ပျက်စီး​ဆုံးရှုံးမှု​များ​စ​သော ဘေးများ​ကို အခြားသူများ​နှင့်အတူ ကျွန်ုပ်​တို့​ကြုံတွေ့​ကြ​ရသည့်တိုင် ၎င်းတို့သည် ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း သို့​မဟုတ် ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​လုံခြုံမှု​ကို မဖျက်ဆီး​ချေ။

၁၄။ ယေဟောဝါ​၏​ကျေးကျွန်​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် သေစေတတ်သော​ကပ်ရောဂါ​များ​၏​ကူးစက်​ခြင်း​ကို အဘယ်ကြောင့်​မခံရ​ကြ​သနည်း။

၁၄ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များသည် ဤ​အစီအစဉ်​စနစ်​နှင့်​သီးခြား​ဖြစ်သော တဲ​များ​၌​နေထိုင်​လျက်​ရှိသည့် ဧည့်သည်​ကဲ့သို့​ဖြစ်သည်။ (၁ ပေတရု ၂:၁၁) ‘သူတို့၏​တဲ​အနီး​သို့​ဘေးဥပဒ်​မ​ချဉ်း​ရ။’ ကျွန်ုပ်​တို့သည် ကောင်းကင်​မျှော်လင့်ချက်​ရှိသည်​ဖြစ်စေ၊ မြေကြီး​မျှော်လင့်ချက်​ရှိသည်​ဖြစ်စေ ဤ​လောက​နှင့်​မစပ်ဆိုင်​ကြ​ပါ။ ထို့​ပြင် ၎င်း​၏​အကျင့်​ယိုယွင်းခြင်း၊ ရုပ်ပစ္စည်း​ပဓာန​ထားခြင်း၊ မှားယွင်းသော​ဘာသာရေး​နှင့် “သားရဲ” နှင့်​ယင်း​၏ “ရုပ်တု” ယူအဲန်​ကိုကိုး​ကွယ်​ခြင်း​စ​သည့် ဝိညာဉ်​ရေး​အရ သေစေတတ်သော​ကပ်ရောဂါ​များ ကူးစက်​မခံရ​ကြ​ပါ။—ဗျာဒိတ် ၉:၂၀၊ ၂၁; ၁၃:၁-၁၈; ယောဟန် ၁၇:၁၆

၁၅။ အဘယ်​နည်းဖြင့် ကောင်းကင်တမန်​၏​ကူညီ​မှု​ကို ကျွန်ုပ်​တို့​ရရှိ​ခံစား​ကြ​ရသနည်း။

၁၅ ကျွန်ုပ်​တို့​မွေ့လျော်​ခံစား​ရသော အကာအကွယ်​နှင့်​စပ်လျဉ်း၍ ဆာလံဆရာ​ဤသို့​ထပ်ဆင့်​သည်– “သွား​လေ​ရာ​ရာ​၌ သင့်ကို​စောင့်ရှောက်​စေခြင်း​ငှာ [ယေဟောဝါ​သည်] ကောင်းကင်တမန်​တို့အား သင့်​အဖို့​မှာ​ထား​တော်​မူ​သည်​ဖြစ်၍၊ သင်၏​ခြေ​ကို​ကျောက်​နှင့်​မထိမခိုက်​စေခြင်း​ငှာ သူတို့သည် သင့်ကို​လက်​နှင့်​မစ​ချီပင့်​ကြလိမ့်မည်။” (ဆာလံ ၉၁:၁၁၊ ၁၂) ကျွန်ုပ်​တို့ကို​ကာကွယ်​ပေးဖို့ ကောင်းကင်တမန်​များ တန်ခိုး​ရထား​ကြပြီ။ (၄ ဓမ္မ​ရာဇဝင် ၆:၁၇; ဆာလံ ၃၄:၇-၉; ၁၀၄:၄; မဿဲ ၂၆:၅၃; လုကာ ၁:၁၉) သူတို့သည် ‘ကျွန်ုပ်​တို့​သွား​လေ​ရာ​ရာ​၌’ ကာကွယ်​စောင့်ရှောက်​ကြသည်။ (မဿဲ ၁၈:၁၀) ဘုရားသခင့်​နိုင်ငံတော်​ကြေညာ​သူများ​အနေ​နှင့် ကျွန်ုပ်​တို့သည် ကောင်းကင်တမန်​တို့၏ ညွှန်ကြားမှု​နှင့်​ကာကွယ်​မှု​ကို​ခံစား​ကြ​ရပြီး ဝိညာဉ်​ရေး​အရ မလဲ​ကြ​ပါ။ (ဗျာဒိတ် ၁၄:၆၊ ၇) ကျွန်ုပ်​တို့၏​လုပ်ငန်း​ကို တားမြစ်​ပိတ်ပင်​မှုများ​ကဲ့သို့​သော ‘ကျောက်ခဲ​များ’ ပင် ကျွန်ုပ်​တို့ကို​ထိမိ​၍​လဲ​စေပြီး ဘုရားသခင့်​မျက်နှာသာတော်​ဆုံးရှုံး​စေရန် မပြု​နိုင်​ခဲ့​ချေ။

၁၆။ “ခြင်္သေ့” နှင့် “မြွေ​ဆိုး” တို့၏​တိုက်ခိုက်မှု​များသည် မည်သို့​ကွာခြား​သနည်း၊ ၎င်းတို့ကို ကျွန်ုပ်​တို့​မည်သို့​တုံ့ပြန်​ကြ​သနည်း။

၁၆ ဆာလံဆရာ​ဤသို့​ဆက်ဆို​သည်– “သင်သည်​ခြင်္သေ့​နှင့် မြွေ​ဆိုး​အပေါ်မှာ​ကျော်သွား​၍ ခြင်္သေ့​ပျို​နှင့် နဂါး [“မြွေကြီး၊” က​ဘ] တို့ကို​ခြေ​ဖြင့်​နင်း​လိမ့်​မည်။” (ဆာလံ ၉၁:၁၃) ခြင်္သေ့​ပျို​သည် ထင်ထင်ရှားရှား၊ မျက်နှာ​ချင်း​ဆိုင်​တိုက်ခိုက်​တတ်​သကဲ့သို့ ကျွန်ုပ်​တို့၏​ရန်သူ​အချို့​သည် ဟောပြောခြင်း​လုပ်ငန်း​ကို ရပ်တန့်​စေဖို့​ရည်ရွယ်ချက်​နှင့် တရား​ဥပဒေ​များ​ပြဋ္ဌာန်း​ပြီး ပြောင်ပြောင်တင်းတင်း​ဆန့်ကျင်​ကြသည်။ ၎င်း​တိုက်ခိုက်မှု​များ​အပြင် လျှို့ဝှက်​သော​နေရာ​မှ ကိုက်​တတ်သော​မြွေဟောက်​ကဲ့သို့ မထင်မမှတ်​သော​တိုက်ခိုက်မှု​များ​ကိုလည်း ကျွန်ုပ်​တို့​ခံရ​ကြသည်။ ဓမ္မ​ဆရာများ​သည် ဥပဒေ​ပြဋ္ဌာန်း​သူများ၊ တရားသူကြီး​များနှင့် အခြားသူများ​မှ​တစ်ဆင့် ကျွန်ုပ်​တို့ကို​ခိုး​ကြောင်​ခိုးဝှက် တိုက်ခိုက်​ကြသည်။ သို့သော် ယေဟောဝါ​၏​ထောက်မ​ကူညီ​မှု​ဖြင့် ကျွန်ုပ်​တို့သည် သက်သာရာ​ရဖို့ တရားရုံး​များ​၌ ငြိမ်းချမ်း​စွာ​လုပ်ဆောင်ကြ​ခြင်း​အားဖြင့် ‘သတင်းကောင်းကို​ခုခံ​ကာကွယ်​၍ တရားရေး​အရ​တည်မြဲ​တည်စေ’ ခဲ့​ကြပြီ။—ဖိလိပ္ပိ ၁:၇; ဆာလံ ၉၄:၁၄၊ ၂၀-၂၂

၁၇။ “ခြင်္သေ့​ပျို” ကို​ကျွန်ုပ်​တို့​မည်သို့​ခြေ​ဖြင့်​နင်း​ကြ​သနည်း။

၁၇ ဆာလံဆရာ​က ‘ခြင်္သေ့​ပျို​နှင့်​မြွေကြီး’ တို့ကို​ခြေ​ဖြင့်​နင်း​သည့်​အကြောင်း​ပြောဆို​ခဲ့​သည်။ ခြင်္သေ့​ပျို​တစ်ကောင်​သည် အတော်ပင်​ရက်စက်​ကြမ်းကြုတ်​နိုင်​ပြီး မြွေကြီး​မူ​ကား ကြီးမားသော​တွားသွား​တိရစ္ဆာန်​တစ်ကောင်​ဖြစ်​နိုင်​သည်။ (ဟေရှာယ ၃၁:၄) သို့သော် ခြင်္သေ့​ပျို​တစ်ကောင် မျက်နှာ​ချင်း​ဆိုင်​တိုက်ခိုက်​သောအခါ မည်မျှ​ပင်​ရက်စက်​ကြမ်းကြုတ်​ပါစေ ကျွန်ုပ်​တို့သည် ခြင်္သေ့​ကဲ့သို့​သော​လူများ​ကို သို့​မဟုတ် အဖွဲ့အစည်း​များ​ကို​နာခံ​သည်ထက် ဘုရားသခင်​အား​နာခံခြင်း​အားဖြင့် ပုံဆောင်​သဘော​အရ ယင်းကို​နင်း​ကြသည်။ (တမန်​တော် ၅:၂၉) သို့ဖြင့် ကျွန်ုပ်​တို့သည် ဟိန်းဟောက်​ခြိမ်းခြောက်​နေသော “ခြင်္သေ့” ကြောင့် ဝိညာဉ်​ရေး​အရ​ထိခိုက်​မခံရ​ကြ​ပါ။

၁၈။ ‘မြွေကြီး’ က​အဘယ်သူ​ကို သတိရ​စေနိုင်​သနည်း၊ ကျွန်ုပ်​တို့​တိုက်ခိုက်​ခံ​နေရ​လျှင် အဘယ်အရာ​ပြု​ဖို့​လို​သနည်း။

၁၈ ဂရိ​စက်ပ်တွားဂျင့်​ဘာသာပြန်​ကျမ်း​တွင် ‘မြွေကြီး’ ကို “နဂါး” ဟု​ခေါ်ထား​သည်။ ယင်းက “. . . စာတန်​အမည်​ရှိသော ရှေး​မြွေ​ဟောင်း​တည်း​ဟူသော နဂါး​ကြီး” ကို​ကောင်းစွာ​သတိ​ရစေ​ပေမည်။ (ဗျာဒိတ် ၁၂:၇-၉; ကမ္ဘာဦး ၃:၁၅) သူသည် မိမိ၏​သားကောင်​ကို ဖိ​ချေ​၍​မျိုချ​နိုင်သော ဧရာမ​တွားသွား​တိရစ္ဆာန်​ကြီး​ကဲ့သို့​ဖြစ်သည်။ (ယေရမိ ၅၁:၃၄) စာတန်​သည် ကျွန်ုပ်​တို့ကို​ရစ်ပတ်​၍ ဤ​လောက​၏​ဖိစီးမှုများ​ဖြင့် ဖိ​ချေ​ပြီး မျိုချ​ဖို့​အားထုတ်​နေစဉ် သူ၏​ရစ်ပတ်​မှု​မှ အလွတ်​ရုန်းထွက်​ကာ ဤ ‘မြွေကြီး’ ကို​နင်းချေ​ကြ​စို့​လေ။ (၁ ပေတရု ၅:၈) ဝိညာဉ်​တော်​ဖွား​အကြွင်းအကျန်​များသည် ရောမ ၁၆:၂၀ ၏​ပြည့်စုံချက်​၌​ပါဝင်​လိုလျှင် ယင်း​သို့​ပြု​ရ​ကြ​မည်။

ယေဟောဝါ—ကျွန်ုပ်​တို့၏​ကယ်တင်ခြင်း​ရင်းမြစ်

၁၉။ ယေဟောဝါ​၏​နာမတော်​၌ ကျွန်ုပ်​တို့​အဘယ်ကြောင့်​ခိုလှုံ​ကြ​သနည်း။

၁၉ စစ်မှန်သော​ဝတ်ပြုသူ​နှင့်​ပတ်သက်​၍ ဆာလံဆရာ​က ဘုရားသခင့်​ကိုယ်စား ဤသို့​ဆို​သည်– “သူသည်​ငါ့ကို​ချစ် [မြတ်နိုး] သောကြောင့် သူ့ကို​ငါ​ကယ်နုတ်​မည်။ ငါ​၏​နာမကို​သိ​သောကြောင့် သူ့ကို​ငါ​ချီးမြှောက် [“ကွယ်ကာ၊” က​ဘ] မည်။” (ဆာလံ ၉၁:၁၄) ‘သူ့ကို​ငါ​ကွယ်ကာ​မည်’ ဟူသော​စကားစု​က စာသား​အရ ‘သူ့ကို​အမြင့်​သို့’ တစ်နည်း​အားဖြင့် လက်လှမ်းမမီ​နိုင်သော​နေရာသို့ ‘ရောက်​စေမည်’ ဖြစ်၏။ အထူးသဖြင့် ‘ကိုယ်တော်​ကို ကျွန်ုပ်​တို့​ချစ်​မြတ်နိုး’ ကြသော​ကြောင့် ကျွန်ုပ်​တို့သည် ယေဟောဝါ​အား​ဝတ်ပြုသူ​များ​အဖြစ် ကိုယ်တော်၌​ခိုလှုံ​ကြသည်။ (မာကု ၁၂:၂၉၊ ၃၀; ၁ ယောဟန် ၄:၁၉) တစ်ဖန် ဘုရားသခင်​သည် ကျွန်ုပ်​တို့၏​ရန်သူများ​လက်​မှ ‘ကျွန်ုပ်​တို့ကို​ကယ်နုတ်’ တော်​မူ​သည်။ ကျွန်ုပ်​တို့သည် ဘယ်​သောအခါ​မျှ မြေကြီးပေါ်​မှ သုတ်သင်​ပယ်ရှင်း​ခြင်း​ခံရ​မည်​မဟုတ်။ ယင်းအစား ဘုရားသခင့်​နာမတော်​ကို​သိ၍ ယုံကြည်ခြင်းဖြင့် နာမတော်​ကို​ဆုတောင်း​ကြသော​ကြောင့် ကျွန်ုပ်​တို့​ကယ်တင်​ခံရ​ကြ​မည်။ (ရောမ ၁၀:၁၁-၁၃) ‘ယေဟောဝါ​၏​နာမတော်​ကို​အမှီပြု၍ ကာလ​အစဉ် လိုက်လျှောက်’ ရန်​လည်း ကျွန်ုပ်​တို့​စိတ်ပိုင်းဖြတ်​ထား​ကြပြီ။—မိက္ခာ ၄:၅; ဟေရှာယ ၄၃:၁၀-၁၂

၂၀။ ဆာလံ ၉၁ နိဂုံး​ချုပ်​သည့်​အတိုင်း ယေဟောဝါ​သည် မိမိ၏​တည်ကြည်သော​ကျေးကျွန်​ကို အဘယ်က​တိ​ပြု​သနည်း။

၂၀ ဆာလံ ၉၁ နိဂုံး​ချုပ်​သည့်​အတိုင်း မိမိ၏​တည်ကြည်သော​ကျေးကျွန်​နှင့်​ပတ်သက်​၍ ယေဟောဝါ​ဤသို့​ဆို​၏– “သူသည်​ငါ့ကို​ခေါ်​သောအခါ ငါ​ထူး​မည်။ [ဆင်းရဲ] ခံရသော​အခါ သူ့​ဘက်မှာ​ငါ​နေ၍ [ကယ်လွှတ်] မည်။ သူ၏​ဘုန်း​ကိုလည်း ထင်ရှားစေ​မည်။ ရှည်​သော​အသက်​နှင့်​သူ့ကို​ရောင့်ရဲ​စေ​၍ ငါ​၏​ကယ်တင်ခြင်း​ကျေးဇူး​ကို သူ့​အား​ပြ​မည်။” (ဆာလံ ၉၁:၁၅၊ ၁၆) အလိုတော်နှင့်​အညီ ဘုရားသခင်​ထံ ကျွန်ုပ်​တို့​ဆုတောင်း​သောအခါ ကျွန်ုပ်​တို့ကို​ကိုယ်တော်​ဖြေကြား​တော်​မူ​၏။ (၁ ယောဟန် ၅:၁၃-၁၅) စာတန်​၏​ရန်လိုသော​လှုံ့ဆော်ပေး​မှု​ကြောင့် ဆင်းရဲခြင်း​အမျိုးမျိုးကို ကျွန်ုပ်​တို့​ခံ​ခဲ့​ကြ​ရပြီ။ သို့သော် “[ဆင်းရဲ] ခံရသော​အခါ သူ့​ဘက်မှာ​ငါ​နေ . . . မည်” ဟူသော​စကား​က အနာဂတ်​စမ်းသပ်မှု​များ​အတွက် ကျွန်ုပ်​တို့ကို​ပြင်ဆင်​ပေး​ပြီး ဤ​စနစ်ဆိုး​ဖျက်ဆီး​ခံရသော​အခါ ကျွန်ုပ်​တို့ကို ဘုရားသခင်​ထောက်မ​ပေး​မည်​ဟု စိတ်ချ​စေ​သည်။

၂၁။ ဝိညာဉ်​တော်​ဖွား​သည် မည်သို့​ဘုန်းထင်ရှား​နှင့်​ပြီ​နည်း။

၂၁ စာတန်​သည် အပြင်းအထန်​ဆန့်ကျင်​သော်လည်း ကျွန်ုပ်​တို့​အလယ်​ရှိ ဝိညာဉ်​တော်​ဖွား​အရေအတွက်​အပြည့်အစုံ​သည် မြေကြီးပေါ်​တွင် “ရှည်​သော​အသက်” နှင့်​နေထိုင်ပြီး​နောက် ယေဟောဝါ​ချိန်းချက်​ထားသော​အချိန်တွင် ကောင်းကင်​၌​ဘုန်းဝင်စား​ကြ​မည်။ သို့​တိုင် ဘုရားသခင်​၏​အံ့ဖွယ်ကောင်း​သော ကယ်လွှတ်​မှုများ​က ဝိညာဉ်​တော်​ဖွား​ကို​ဝိညာဉ်​ရေး​အရ​ဘုန်းပွင့်​စေ​ခဲ့ပြီ။ ဤ​နောက်ဆုံး​ကာလ​တွင် မြေကြီးပေါ်​၌ ယေဟောဝါ​၏​သက်သေ​များ​အဖြစ် သူတို့​ဦးဆောင်​ဦး​ရွက်​ပြု​ရခြင်း​သည် တကယ်​ဂုဏ်ယူ​စ​ရာ​ပင်! (ဟေရှာယ ၄၃:၁၀-၁၂) ယေဟောဝါ​သည် အာမဂေဒုန်​စစ်ပွဲ​ကြီး​တွင် ကိုယ်တော်​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​နှင့် သန့်ရှင်းသော​နာမတော်​ကို သန့်ရှင်း​မြင့်မြတ်​စေသော​အခါ မိမိ၏​လူမျိုးတော်ကို အကြီးမားဆုံး​နည်းဖြင့်​ကယ်တင်​ပါ​လိမ့်​မည်။—ဆာလံ ၈၃:၁၈; ယေဇကျေလ ၃၈:၂၃; ဗျာဒိတ် ၁၆:၁၄၊ ၁၆

၂၂။ မည်သူ​တို့သည် ‘ယေဟောဝါ​၏​ကယ်တင်ခြင်း​ကျေးဇူး​ကို တွေ့မြင်’ ရ​ကြ​မည်​နည်း။

၂၂ ကျွန်ုပ်​တို့သည် ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​ဖြစ်စေ၊ ဆက်ကပ်​အပ်နှံ​ထားသော သူတို့၏​အပေါင်းပါများ​ဖြစ်စေ ကယ်တင်ခြင်း​ရဖို့ ဘုရားသခင်​ကို​မျှော်ကိုး​ကြသည်။ ‘ယေဟောဝါ​၏ ကြောက်မက်​ဖွယ်​သော​နေ့ကြီး’ အတွင်း ဘုရားသခင်​ကို တည်ကြည်​စွာ​အမှုထမ်း​သူများ​သည် ကယ်တင်​ခံရ​ကြ​မည်။ (ယောလ ၂:၃၀-၃၂) ဘုရားသခင့်​ကမ္ဘာသစ်​ထဲ ကပ်ကျော်​ကာ နောက်ဆုံး​စမ်းသပ်မှု​ခံရ​ချိန်​တွင် ဆက်လက်​တည်ကြည်​ကြ​သည့် ကျွန်ုပ်​တို့​ထဲ​မှ “လူအုပ်ကြီး” ဖြစ်​မည့်​သူတို့ကို ဘုရားသခင်​သည် အဆုံးမဲ့​အသက်​ဖြစ်သည့် ‘ရှည်​သော​အသက်​ဖြင့်​ရောင့်ရဲ​စေ’ ပါ​လိမ့်​မည်။ ကိုယ်တော်​သည် မြောက်မြားစွာ​သော​သူတို့ကိုလည်း ရှင်ပြန်ထမြောက်​စေပါ​လိမ့်​မည်။ (ဗျာဒိတ် ၇:၉; ၂၀:၇-၁၅) ယေဟောဝါ​သည် ယေရှု​ခရစ်​အားဖြင့် ‘ကယ်တင်ခြင်း​ကျေးဇူး​ကို ကျွန်ုပ်​တို့အား တွေ့မြင်​စေ’ ရခြင်း​အတွက် အမှန်ပင် လွန်​စွာ​ကြည်နူး​ပါ​လိမ့်​မည်။ (ဆာလံ ၃:၈) ကျွန်ုပ်​တို့​ရှေ့တွင် ဤမျှ​ထူးမြတ်​လှ​သော​အလားအလာ​များ ရှိ​နေသည်​ဖြစ်​ရာ ကိုယ်တော့်​ဘုန်းထင်ရှား​ဖို့ ကျွန်ုပ်​တို့၏​နေ့ရက်​များ​ကို​ရေတွက်​ရာ​၌ ဘုရားသခင်​၏​အကူအညီကို ဆက်၍​မျှော်ကိုး​ကြပါစို့။ ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​ခိုလှုံရာ​ဖြစ်​ကြောင်း ကျွန်ုပ်​တို့၏​အပြော​နှင့်​အလုပ်​အားဖြင့် ဆက်၍​သက်သေထူ​ကြ​စို့​လေ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 ခရစ်ယာန်​ဂရိ​ကျမ်း​စာစောင်​များ​ကို ရေးသားသူ​တို့သည် မေရှိယ​ဆိုင်ရာ​ပရောဖက်ပြုချက်​ရှုထောင့်​မှ ဆာလံ ၉၁ ကို မဆွေးနွေး​ခဲ့​ကြ​ပါ။ မှန်​ပါ​၏၊ ဤ “အမှု​ကုန်​ရသည်​ကာလ” ၌ အုပ်စု​တစ်စု​အနေ​ဖြင့် ယေရှု၏​ဝိညာဉ်​တော်​ဖွား​နောက်လိုက်​များနှင့် အပ်နှံ​ထားသော သူတို့၏​အပေါင်းပါများ​အတွက် ယေဟောဝါ​သည် ခိုလှုံရာ​ရဲတိုက်​ဖြစ်သည့်​နည်းတူ လူသား​ယေရှု​ခရစ်​အတွက်​လည်း ထို့​အတူ​ဖြစ်​ခဲ့​သည်။—ဒံယေလ ၁၂:၄

သင်​မည်သို့​ဖြေဆို​မည်​နည်း

• “အမြင့်ဆုံး​သော​ဘုရား[သခင်]၏ ကွယ်ကာ​ရာ​ဌာနတော်” ကား​အဘယ်နည်း။

• ကျွန်ုပ်​တို့ အဘယ်ကြောင့် မကြောက်ရွံ့​ကြ​သနည်း။

• မည်သို့​အားဖြင့် ‘ကျွန်ုပ်​တို့​၌​ဘေးဆိုး​ကျရောက်​မည်​မဟုတ်’ သနည်း။

• ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​ကယ်တင်ခြင်း​ရင်းမြစ်​ဖြစ်သည်ဟု အဘယ်ကြောင့်​ဆိုနိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ယေဟောဝါ​၏​စစ်မှန်​မှု​သည် ကျွန်ုပ်​တို့အတွက် ဒိုင်းလွှား​ကြီး​ဖြစ်​ကြောင်း သင်​သိ​သလော

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ယေဟောဝါ​သည် မထင်မှတ်​သော​တိုက်ခိုက်မှု​နှင့် ပြောင်ပြောင်တင်းတင်း​ဆန့်ကျင်မှု​များ​ကြား​မှ မိမိ၏​ကျေးကျွန်​များ သူတို့၏​ဓမ္မ​အမှုကို ထမ်းဆောင်​နိုင်​စေရန် ထောက်မ​ကူညီပေး

[Credit Line]

Cobra: A. N. Jagannatha Rao, Trustee, Madras Snake Park Trust