မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ

ခရစ်ယာန်​အသင်းတော်​မှ နှင်ထုတ်​ထား​သူ​တစ်ဦး​သည် နောင်တ​မယူ​သည့် အပြစ်​ပြုသူ​ဖြစ်သော​ကြောင့် သူ့​အတွက် ခရစ်ယာန်​များ ဆုတောင်းပေး​၍​မရ​ဟု ယေရမိ ၇:၁၆ တွင်​မှတ်တမ်း​တင်ထားသော ဘုရားသခင်​၏​ညွှန်ကြားချက်​က ဆိုလို​ပါသလော။

တည်ကြည်မှု​မရှိသော​ယုဒ​လူမျိုးအပေါ် ယေဟောဝါ​၏​တရား​စီရင်ချက်​ကို ကြေညာ​ပြီး​နောက် ကိုယ်တော်​က ယေရမိ​အား “သင်သည်​လည်း ဤ​လူမျိုး​အဖို့ [ဆု​မ​တောင်း]နှင့်။ သူတို့​အဖို့​အော်ဟစ်​ခြင်း၊ ဆုတောင်းခြင်း​ကို မပြု​နှင့်။ ငါ့ကို​မ​သွေးဆောင်​နှင့်။ သင်၏​စကား​ကို ငါ​မ​နားထောင်” ဟု​မိန့်ဆိုခဲ့သည်။—ယေရမိ ၇:၁၆

ယေဟောဝါ​သည် ယေရမိ​အား ဣသရေလ​လူမျိုး​အတွက် ဆုတောင်း​ပေးခြင်း​ကို အဘယ်ကြောင့်​တားမြစ်​ခဲ့​သနည်း။ ကိုယ်တော်​၏​ပညတ်တော်​ကို သူတို့၏​ဗြောင်ကျကျ​ကျူးလွန်​ခဲ့​သောကြောင့်​ဖြစ်သည်​မှာ ရှင်းနေပါသည်။ သူတို့သည် ပေါ်ပေါ်ထင်ထင်​အရှက်ကင်းမဲ့​စွာ “သူ့​ဥစ္စာ​ကို​ခိုး​လျက်၊ လူ​အသက်ကို​သတ်​လျက်၊ သူ့​မယား​ကို​ပြစ်မှား​လျက်၊ မဟုတ်မမှန်​ဘဲ​ကျိန်ဆို​လျက်၊ ဗာလ​ဘုရား​ရှေ့၌ နံ့သာပေါင်း​ကို​မီးရှို့​လျက်၊ . . . အခြား​တစ်ပါး​သော​ဘုရား​တို့​နောက်သို့ လိုက်​လျက်” ရှိကြသည်။ သို့​ဖြစ်၍ တည်ကြည်မှု​မရှိသော​ဂျူး​များ​ကို ယေဟောဝါ​က “သင်တို့​ညီအစ်ကို ဧဖရိမ်​အမျိုးသား​ရှိသမျှ​တို့ကို ငါ​နှင်ထုတ်​သကဲ့သို့ သင်တို့ကို ငါ့​ထံ​မှ​ငါ​နှင်ထုတ်​မည်” ဟု​မိန့်ဆိုခဲ့​၏။ ယေဟောဝါ​၏​တရား​စီရင်ချက်​ကို ဖျက်သိမ်း​ပေး​ရန် ယေရမိ သို့​မဟုတ် အခြား​မည်သူ​မဆို ဆုတောင်းခြင်း​သည် အမှန်ပင်​မသင့်​တော်​ချေ။—ယေရမိ ၇:၉၊ ၁၅

ယင်း​နှင့်​အညီ ဘုရားသခင်​ထံ လျောက်ပတ်​စွာ​ဆုတောင်းခြင်း​အကြောင်း တမန်​တော်​ယောဟန် ရေးသားခဲ့​သည်။ ဦးစွာ၊ ခရစ်ယာန်​များ​ကို သူ​ဤသို့​စိတ်ချ​စေ​ခဲ့​၏– “ငါ​တို့သည် အလိုတော်နှင့်​အညီ တစ်စုံတစ်ခု​သော​ဆု​ကို​တောင်းလျှင် ဘုရားသခင်​သည် နားထောင်​တော်​မူ​၏။” (၁ ယောဟန် ၅:၁၄) ထို့နောက် အခြားသူများ​အတွက် ဆုတောင်း​ပေးခြင်း​နှင့်​စပ်လျဉ်း၍ ယောဟန်​က ဤသို့​ဆက်​ပြော​သည်– “ညီအစ်ကို​ချင်း​သည် သေ​ပြစ်​မသင့်​သော[မကောင်းမှု]ပြု​မိ​သည်ကို တစ်စုံ​တစ်ယောက်​သော​သူသည်​မြင်လျှင် ထို​သူသည် ဆုတောင်း​ရမည်။ သေ​ပြစ်​ကို​မပြု​သော​သူတို့​အဖို့​အလို​ငှာ ဘုရားသခင်​သည် ထို​သူအား အသက်ကို​ပေး​တော်​မူ​မည်။ သေ​ပြစ်​သင့်​သော[မကောင်းမှု]ရှိ၏။ ထို[မကောင်းမှု]အပြစ်ကို​လွှတ်​စေခြင်း​ငှာ ဆုတောင်း​ရမည်ဟု ငါ​မဆို။” (၁ ယောဟန် ၅:၁၆) “ပြေလွှတ်ခွင့်​မရှိ” သော၊ ဝိညာဉ်​တော်​ကို​ပြစ်မှား​သော အပြစ်​အကြောင်းကိုလည်း ယေရှု​မိန့်ဆိုခဲ့​၏။—မဿဲ ၁၂:၃၁၊ ၃၂က​ဘ။

ယင်းကြောင့် အပြစ်ပြု​ပြီး နောင်တ​မရ​သည့်​အတွက် ခရစ်ယာန်​အသင်းတော်​မှ နှင်ထုတ်​ခံရ​သူအား​လုံး​သည် သေ​ပြစ်​သင့်​သည့်​အပြစ်​များ​ကို ကျူးလွန်​ခဲ့​ကြ​ရာ သူတို့​အတွက် ဆုတောင်း​မပေး​သင့်​ဟု ဆိုလို​ပါသလော။ ထိုသို့​မဆိုလို​နိုင်​ချေ၊ အကြောင်း​မူ​ကား အဖြစ်အပျက်​အချို့​တွင် ကျူးလွန်​သော​အပြစ်​များသည် “သေ​ပြစ်​သင့်” သည့်​အပြစ်​များ​မဟုတ်သောကြောင့်​ဖြစ်သည်။ အမှန်​သော် သေ​ပြစ်​သင့်​သည့်​အပြစ်​များ​ဟုတ်၊ မဟုတ်​ပြောဆို​ရန် ခက်​၏။ စံနမူနာ​တစ်ခု​မှာ ယုဒ​ရှင်ဘုရင်​မနာရှေ​ဖြစ်သည်။ သူသည် [ဗာဗုလုန်]ဘုရား​များ​အတွက် ယဇ်​ပလ္လင်​များ​တည်ဆောက်​၍ သူ၏​သားများ​ကို ယဇ်​ပူဇော်​ပြီး နတ်ဆိုး​ပညာ​လိုက်စား​ကာ ယေဟောဝါ​၏​ဝတ်ပြုရာ​အိမ်တော်တွင် ရုပ်ပုံ​တည်စေ​ခဲ့​သည်။ အမှန်​မှာ မနာရှေ​နှင့် ထို​သူတို့သည် “ဣသရေလ​အမျိုးသား​တို့​ရှေ့မှာ ထာဝရ​ဘုရား​ဖျက်ဆီး​တော်​မူ​သော လူမျိုး​တို့​ပြု​သည်ထက် သာ၍[မကောင်းမှု]ကို​ပြု” သည်​ဟု သမ္မာကျမ်းစာ​က​ဆို​၏။ ဤ​အချက်​အားလုံး​ကြောင့် ယေဟောဝါ​သည် မနာရှေ​ကို သုံ့ပန်း​အဖြစ် ခြေချင်း​ခတ်​၍ ဗာဗုလုန်​သို့​ပို့ဆောင်​ခြင်း​အားဖြင့် အပြစ်ပေး​ခဲ့​သည်။—၄ ဓမ္မ​ရာဇဝင် ၂၁:၁-၉; ၂ ရာဇဝင်ချုပ် ၃၃:၁-၁၁

မနာရှေ​၏​အပြစ်​များသည် အမှန်ပင်​သိသာ​ထင်ရှား​သော်လည်း သေ​ပြစ်​သင့်​သလော။ မဟုတ်​ချေ၊ အကြောင်း​မှာ သူနှင့်​ပတ်သက်​၍ မှတ်တမ်းက ဤသို့​ဆက်​ပြော​သည်– “ထိုသို့ မနာရှေ​သည် ဆင်းရဲ . . . ကို​ခံရသော​အခါ မိမိ​ဘုရားသခင် ထာဝရ​ဘုရား​ကို​တောင်းပန်​၍ ဘိုးဘေး​တို့၏​ဘုရားသခင်​ရှေ့မှာ ကိုယ်ကို​အလွန်​နှိမ့်ချလျက် ဆုတောင်း . . . သော​စကား​ကို ဘုရားသခင်​နားထောင်​နာ​ယူ၍ မနာရှေ​အုပ်စိုး​ရင်း​ပြည် ယေရုရှလင်​မြို့​သို့ တစ်ဖန်​ပို့ဆောင်​တော်​မူ​၏။ ထို​အခါ ထာဝရ​ဘုရား​သည် ဘုရားသခင်​ဖြစ်​တော်​မူ​ကြောင်းကို မနာရှေ​သိရ​၏။”—၂ ရာဇဝင်ချုပ် ၃၃:၁၂၊ ၁၃

သို့​ဖြစ်၍ လူတစ်ဦး​သည် အသင်းတော်​မှ နှင်ထုတ်​ခံရ​သောကြောင့် သေ​ပြစ်​သင့်​သည့်​အပြစ်ကို သူ​ပြု​ပြီ​ဟု အလျင်စလို​ကောက်ချက်​မချ​သင့်​ချေ။ ထို​သူ၏​နှလုံး​အခြေအနေ​အစစ်အမှန် ထင်ရှား​လာရန် အချိန်​အတန်ကြာ​ပေမည်။ အမှန်​အားဖြင့် နှင်ထုတ်​ရခြင်း​၏​ရည်ရွယ်ချက်​တစ်ခု​မှာ အပြစ်ပြု​သူသည် အသိစိတ်​ပြန်ဝင်​လာပြီး နောင်တ​ယူ၍ စိတ်​ပြောင်းလဲ​လာရန် မျှော်လင့်ခြင်း​ဖြစ်သည်။

ထို​သူသည် အသင်းတော်တွင်​မရှိတော့​သောကြောင့် သူ၏​စိတ်နှလုံး​ပြောင်းလဲမှု​ကို အိမ်ထောင်ဖက် သို့​မဟုတ် မိသားစု​များ​စ​သော သူနှင့်​အနီးကပ်​ရှိ​သူများ​က ဦးစွာ​သတိပြုမိ​ကြ​ပေမည်။ ဤသို့​သော​ပြောင်းလဲမှု​များ​ကို တွေ့ ရှိ​သူများ​က အပြစ်ပြု​သူသည် သေ​ပြစ်​သင့်​သည့်​အပြစ်ကို မကျူးလွန်​ပါ​ဟု ကောက်ချက်​ချ​ကြ​ပေမည်။ သူသည် ဘုရားသခင်​၏​မှုတ်သွင်းခံ​စကားတော်​မှ ခွန်အား​ရစေ​ရန်​နှင့် ယေဟောဝါ​သည် အလိုတော်နှင့်​အညီ အပြစ်​ပြုသူ​ကို အရေးယူ​ဆောင်ရွက်ရန် ဆုတောင်း​ပေးဖို့ သူတို့​လှုံ့ဆော်​ခံရ​ကြ​ပေမည်။—ဆာလံ ၄၄:၂၁; ဒေ. ၁၂:၁၄

အပြစ်ပြု​သူသည် နောင်တ​ရပြီ​ဟု လက်ခံ​ယုံကြည်​ရန် လုံလောက်​သော​အထောက်အထား​ကို အချို့​က တွေ့​ကောင်း​တွေ့​သည့်​အခြေအနေ​တွင်​ရှိ​မည်​ဖြစ်သော်လည်း အသင်းတော်​အနေ​နှင့် ထိုသို့​ဖြစ်ချင်​မှ​ဖြစ်​မည်။ တစ်ဦး​တစ်ယောက်​က အပြစ်​ပြုသူ​အတွက် ပရိသတ်​ရှေ့ ဆုတောင်း​ပေးခြင်း​ကို သူတို့​ကြား​ခဲ့​ရ​လျှင် စိတ်​အနှောင့်အယှက်​ဖြစ်​ပြီး ထိမိ​လဲစရာ​ပင်​ဖြစ်​နိုင်​ပေ​သည်။ ဤ​အကြောင်းကြောင့် အပြစ်​ပြုသူ​အတွက် ဆုတောင်းပေး​ရန် လှုံ့ဆော်​ခံရ​သူများ​သည် ကိုယ်ပိုင်​ဆုတောင်းချက်​၌​သာ ဆုတောင်း​သင့်​ပြီး ယင်း​ကိစ္စ​နှင့်​ပတ်သက်​၍ မည်သည့်​ထပ်ဆင့်​ဖြစ်ပေါ်​လာ​မှု​ကို​မဆို အသင်းတော်​မှ တာဝန်​ရှိ​အကြီးအကဲ​များ​၏​လက်ထဲ​တွင် အပ်နှင်း​ထား​သင့်​သည်။

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

မနာရှေ​သည် ယေဟောဝါ​ရှေ့တွင် မိမိကိုယ်ကို​နှိမ့်ချသော​အခါ သူ၏​သိသာ​ထင်ရှားသော​အပြစ်​များ ခွင့်လွှတ်​ခံ​ခဲ့​ရ

[Picture Credit Line on page 30]

Reproduced from Illustrierte Pracht-Bibel/​Heilige Schrift des Alten und Neuen Testaments, nach der deutschen Uebersetzung D. Martin Luther’s