ယေဟောဝါကိုကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့
ယေဟောဝါကိုကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့
“ဘုရားသခင်ကိုကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား လူနှင့်ဆိုင်သော အမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း။”—ဒေ. ၁၂:၁၃။
၁၊ ၂။ (က) ကြောက်ရွံ့ခြင်းသည် ကာယရေးအရ မည်သို့ကာကွယ်ပေးနိုင်သနည်း။ (ခ) ပညာရှိသောမိဘများသည် မိမိတို့သားသမီးများ၌ အကျိုးဖြစ်ထွန်းသောကြောက်စိတ်ကို အဘယ်ကြောင့်ကြိုးစားထည့်သွင်းပေးကြသနည်း။
“ရဲရင့်ခြင်းသည် အသက်ဘေးတွေ့စေသကဲ့သို့ ကြောက်ရွံ့ခြင်းသည် ကာကွယ်ပေး၏” ဟုလီယိုနာဒို ဒါ ဗင်ချီကဆိုခဲ့သည်။ မိုက်ရူးရဲလုပ်ခြင်းသည် အန္တရာယ်ကိုမမြင်စေသော်လည်း ကြောက်ရွံ့ခြင်းမူကား သတိဝီရိယရှိစေသည်။ ဥပမာ၊ ချောက်ကမ်းပါးအစွန်းနားသို့ ရောက်သွားပြီး အောက်သို့အဘယ်မျှတိုင်ကျသွားနိုင်ကြောင်း ကျွန်ုပ်တို့သိမြင်မည်ဆိုလျှင် ကျွန်ုပ်တို့အများစုသည် အလိုလိုနောက်ဆုတ်သွားကြပေမည်။ အလားတူပင်၊ ရှေ့ဆောင်းပါး၌သင်ယူခဲ့သည့်အတိုင်း အကျိုးဖြစ်ထွန်းသောကြောက်ရွံ့ခြင်းသည် ဘုရားသခင်နှင့်ကောင်းသည့်ဆက်ဆံရေးရရှိစေရုံမက ထိခိုက်နစ်နာမှုမှလည်း ကာကွယ်ပေးသည်။
၂ သို့သော် မျက်မှောက်ခေတ်ဘေးအန္တရာယ်များစွာကို သိထားဖို့လိုသည်။ ကလေးငယ်များသည် လျှပ်စစ်ဓာတ်အား သို့မဟုတ် ယာဉ်အသွားအလာအန္တရာယ်များကို မသိကြသောကြောင့် စိုးရိမ်ဖွယ်မတော်တဆမှုတစ်ခုကို အလွယ်တကူကြုံတွေ့နိုင်သည်။ * ပညာရှိသောမိဘများသည် ပတ်ဝန်းကျင်ရှိ အန္တရာယ်များအကြောင်း ထပ်တလဲလဲသတိပေးကာ အကျိုးဖြစ်ထွန်းသောကြောက်ရွံ့စိတ်ကို မိမိတို့သားသမီးများ၌ ကြိုးစားသွင်းပေးကြသည်။ ဤကြောက်စိတ်က မိမိတို့ကလေးငယ်များ၏အသက်ကို တကယ်ကာကွယ်ပေးနိုင်ကြောင်း မိဘများသိထားကြသည်။
၃။ ယေဟောဝါသည် ဝိညာဉ်ရေးအန္တရာယ်များအကြောင်း အဘယ်ကြောင့်နှင့် အဘယ်သို့သတိပေးတော်မူသနည်း။
၃ ယေဟောဝါသည် ကျွန်ုပ်တို့၏ကောင်းကျိုးအတွက် အလားတူစိုးရိမ်ပူပန်တော်မူ၏။ မေတ္တာရှိသောဖခင်တစ်ဦးအနေနှင့် ကိုယ်တော်သည် သမ္မာကျမ်းစာနှင့် ကိုယ်တော်၏အဖွဲ့အစည်းအားဖြင့် ကျွန်ုပ်တို့အကျိုးရှိရာကို သွန်သင်ပေးတော်မူ၏။ (ဟေရှာယ ၄၈:၁၇) ဤမြင့်မြတ်သောသွန်သင်ခြင်းအစီအစဉ်တွင် ဝိညာဉ်ရေးထောင်ချောက်များအကြောင်း “အထပ်ထပ်” သတိပေးခြင်းပါဝင်သည်၊ သို့ဖြင့် ဤသို့သောအန္တရာယ်ကို အကျိုးဖြစ်ထွန်းစွာကြောက်တတ်သည့်သဘော မွေးမြူနိုင်ပေမည်။ (၂ ရာဇဝင်ချုပ် ၃၆:၁၅; ၂ ပေတရု ၃:၁-၂) ‘လူတို့သည် ဘုရားသခင်ကိုကြောက်ရွံ့၍ ကိုယ်တော်၏ပညတ်တော်များကို စောင့်ရှောက်လိုသောစိတ်နှလုံးသာ မွေးမြူခဲ့ကြမည်ဆိုလျှင်’ သမိုင်းတစ်လျှောက်တွင် ဝိညာဉ်ရေးအန္တရာယ်များစွာကိုရှောင်၍ ဆင်းရဲခြင်းများစွာတို့ကိုလည်း လွှဲဖယ်နိုင်ခဲ့ပေမည်။ (တရားဟောရာ ၅:၂၉) ဤ “ခဲယဉ်းသောကာလ” တွင် ဘုရားသခင်ကိုကြောက်ရွံ့သည့်စိတ်နှလုံးကို မည်သို့မွေးမြူပြီး ဝိညာဉ်ရေးအန္တရာယ်များကို ရှောင်နိုင်မည်နည်း။—၂ တိမောသေ ၃:၁။
မကောင်းမှုမှလွှဲရှောင်လော့
၄။ (က) အဘယ်မုန်းတီးမှုကို ခရစ်ယာန်များ မွေးမြူသင့်သနည်း။ (ခ) အပြစ်ရှိသောအကျင့်အကြံကို ယေဟောဝါမည်သို့သဘောထားတော်မူသနည်း။ (အောက်ခြေမှတ်ချက်ကိုရှု။)
၄ “ထာဝရဘုရားကိုကြောက်ရွံ့သောသဘောကား [မကောင်းမှု] ကိုမုန်းသောသဘော” ဖြစ်သည်ဟု သမ္မာကျမ်းစာကရှင်းပြသည်။ (သု. ၈:၁၃) ဤမုန်းသောသဘောကို ကျမ်းစာအဘိဓာန်တစ်စောင်က “ဆန့်ကျင်ဘက်ဖြစ်သော၊ စက်ဆုပ်ရွံရှာသော၊ အထင်အမြင်သေးသော မပတ်သက်လိုသော လူများ၊ သို့မဟုတ် ပစ္စည်းများအပေါ်ထားရှိသည့်စိတ်ထား” အဖြစ်ရှင်းပြသည်။ ထို့ကြောင့် ဘုရားသခင်ရေးရာကြောက်ရွံ့ခြင်းတွင် ယေဟောဝါ၏မျက်မှောက်တော်၌ မကောင်းသောအရာမှန်သမျှကို စိတ်ထဲမှ စက်ဆုပ်ရွံရှာခြင်းပါဝင်သည်။ * (ဆာလံ ၉၇:၁၀) အလိုလိုဖြစ်ပေါ်လာသည့် ကြောက်စိတ်က ကျွန်ုပ်တို့ကိုသတိပေးသောအခါ ချောက်ကမ်းပါးအစွန်းမှ ကျွန်ုပ်တို့နောက်ဆုတ်သွားမည်ဖြစ်သကဲ့သို့ မကောင်းမှုမှလွှဲရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသည်။ “ထာဝရဘုရားကို ကြောက်ရွံ့သောသဘောအားဖြင့် [မကောင်းမှု] ကိုရှောင်တတ်၏” ဟုသမ္မာကျမ်းစာကဆိုသည်။—သု. ၁၆:၆။
၅။ (က) ဘုရားသခင်ရေးရာကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကိုမုန်းတီးခြင်းတို့ကို ကျွန်ုပ်တို့မည်သို့ပို၍ခိုင်မာစေနိုင်သနည်း။ (ခ) ယင်းနှင့်ပတ်သက်၍ ဣသရေလလူမျိုး၏သမိုင်းက ကျွန်ုပ်တို့ကိုအဘယ်အရာသွန်သင်ပေးသနည်း။
၅ အပြစ်ကြောင့် ဧကန်မုချခံစားရသည့် ဆိုးကျိုးများကိုသုံးသပ်ခြင်းဖြင့် အကျိုးဖြစ်ထွန်းသော ဤကြောက်ရွံ့ခြင်းနှင့် မကောင်းမှုမုန်းတီးခြင်းတို့ကို တိုးများစေနိုင်သည်။ ကျွန်ုပ်တို့သည် ဇာတိပကတိဖြင့် မျိုးကြဲသည်ဖြစ်စေ၊ ဝိညာဉ်ပကတိဖြင့် မျိုးကြဲသည်ဖြစ်စေ—ကြဲသည့်အတိုင်း ရိတ်ရကြမည်ဟု သမ္မာကျမ်းစာကအာမခံသည်။ (ဂလာတိ ၆:၇၊ ၈) ယင်းကြောင့် ယေဟောဝါသည် ကိုယ်တော်၏ပညတ်တော်များကို လျစ်လျူရှု၍ စစ်မှန်သောဝတ်ပြုရေးကို ပစ်ပယ်ခြင်း၏ ရှောင်လွဲ၍မရသောအကျိုးဆက်များကို အတိအလင်းဖော်ပြခဲ့၏။ ခုခံနိုင်စွမ်းမရှိသော ဣသရေလလူမျိုးသည် ဘုရားသခင့်ကာကွယ်မှုသာမရရှိလျှင် ရက်စက်ကြမ်းကြုတ်၍ တန်ခိုးကြီးသည့်အိမ်နီးချင်းနိုင်ငံများ ပြုသမျှကိုခံရကြပေမည်။ (တရားဟောရာ ၂၈:၁၅၊ ၄၅-၄၈) ဣသရေလလူတို့၏မနာခံခြင်းကြောင့် သူတို့ခံခဲ့ရသော ဝမ်းနည်းဖွယ်အကျိုးဆက်များကို ကျွန်ုပ်တို့သင်ခန်းစာယူကြပြီး ဘုရားသခင်ရေးရာကြောက်ရွံ့ခြင်းကို မွေးမြူနိုင်ကြဖို့ ‘ပုံသက်သေအဖြစ်’ သမ္မာကျမ်းစာတွင် အသေးစိတ်မှတ်တမ်းတင်ထားသည်။—၁ ကောရိန္သု ၁၀:၁၁။
၆။ ဘုရားသခင်ရေးရာကြောက်ရွံ့ခြင်းကို သင်ယူရာ၌ အဘယ်ကျမ်းစာဆိုင်ရာပုံနမူနာအချို့ကို ကျွန်ုပ်တို့သုံးသပ်နိုင်သနည်း။ (အောက်ခြေမှတ်ချက်ကိုရှု။)
၆ သမ္မာကျမ်းစာတွင် ဣသရေလလူမျိုးတစ်မျိုးလုံးအနေနှင့် ကြုံတွေ့ခဲ့ရသောအဖြစ်အပျက်များအပြင် မနာလိုခြင်း၊ အကျင့်ယိုယွင်းခြင်း၊ လောဘကြီးခြင်း သို့မဟုတ် စိတ်နေမြင့်ခြင်းတို့၏ လွှမ်းမိုးမှုကိုခံခဲ့ရသူတို့၏ တကယ့်ဘဝအဖြစ်အပျက်များပါရှိသည်။ * ဤသူအချို့မှာ ယေဟောဝါကိုနှစ်ပေါင်းများစွာ ဝတ်ပြုခဲ့ကြသူများဖြစ်သည်၊ သို့သော် သူတို့ဘဝ၌ အရေးကြုံသောအချိန်တစ်ချိန်တွင် ဘုရားသခင်ကို ကြောက်ရွံ့သင့်သလောက်မကြောက်ရွံ့ခဲ့ကြသောကြောင့် ဝမ်းနည်းဖွယ်ဆိုးကျိုး ရိတ်သိမ်းခဲ့ကြရသည်။ အဆိုပါကျမ်းစာပုံနမူနာများကို စဉ်းစားဆင်ခြင်ခြင်းက ထပ်တူအမှားများမပြုမိဖို့ ကျွန်ုပ်တို့၏သန္နိဋ္ဌာန်ကို ခိုင်မြဲစေနိုင်သည်။ ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုကို ကျွန်ုပ်တို့ကိုယ်တိုင်တွေ့ကြုံရပြီးနောက်မှ ဘုရားသခင့်အကြံပေးချက်ကို နှလုံးသွင်းမည်ဆိုလျှင် ဝမ်းနည်းစရာကောင်းလိုက်မည်ဖြစ်ခြင်း! အများယုံကြည်သည်နှင့်ဆန့်ကျင်လျက် အတွေ့အကြုံ—အထူးသဖြင့် စိတ်အလိုလိုက်လွန်းခြင်း—သည် အကောင်းဆုံးဆရာမဟုတ်ပါ။—ဆာလံ ၁၉:၇။
၇။ ယေဟောဝါသည် မိမိ၏ပုံဆောင်တဲတော်သို့ မည်သူ့ကိုခေါ်ဖိတ်တော်မူသနည်း။
၇ ဘုရားသခင်ရေးရာကြောက်ရွံ့ခြင်းကိုမွေးမြူရသည့် အကြောင်းကောင်းနောက်တစ်ခုမှာ ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကို ထိန်းသိမ်းလိုသော ကျွန်ုပ်တို့၏ဆန္ဒကြောင့်ဖြစ်သည်။ ယေဟောဝါနှင့်မိတ်ဆွေဖြစ်ခြင်းကို ကျွန်ုပ်တို့တန်ဖိုးထားကြသောကြောင့် ကိုယ်တော်၏စိတ်တော်နှင့်မတွေ့မည်ကိုစိုးရိမ်ကြသည်။ မိမိ၏ပုံဆောင်တဲတော်ထဲ ဘုရားသခင်ဖိတ်ခေါ်မည့် မိတ်ဆွေကား မည်သို့သောသူဖြစ်မည်နည်း။ “ဖြောင့်မတ်သောအကျင့်၊ တရားသောအမှုကိုပြုကျင့်” သောသူသာလျှင်ဖြစ်သည်။ (ဆာလံ ၁၅:၁၊ ၂) ကျွန်ုပ်တို့၏ဖန်ဆင်းရှင်နှင့် ဤသို့ဆက်ဆံခွင့်ရခြင်းကို ကျွန်ုပ်တို့တန်ဖိုးထားကြမည်ဆိုလျှင် ကိုယ်တော့်မျက်မှောက်တော်၌ ဖြောင့်မတ်စွာပြုကျင့်ရန် ကျွန်ုပ်တို့သတိရှိကြလိမ့်မည်။
၈။ မာလခိခေတ်မှ ဣသရေလလူအချို့သည် ဘုရားသခင်နှင့်မိတ်ဆွေဖြစ်ရခြင်းကို မည်သို့အရေးမထားခဲ့ကြသနည်း။
၈ ဝမ်းနည်းစရာမှာ မာလခိလက်ထက်မှ ဣသရေလအချို့သည် ဘုရားသခင်နှင့်မိတ်ဆွေဖြစ်ခွင့်ကို အရေးမထားခဲ့ကြချေ။ ယေဟောဝါကိုကြောက်ရွံ့၍ ဂုဏ်တင်မည့်အစား ဖျားနာ၍ ခြေဆွံ့သောတိရစ္ဆာန်များကို ကိုယ်တော်အားပူဇော်ခဲ့ကြသည်။ သူတို့၌ ဘုရားသခင်ရေးရာကြောက်ရွံ့ခြင်းမရှိကြောင်း အိမ်ထောင်ရေးအပေါ် သူတို့၏သဘောထားက ပေါ်လွင်စေခဲ့သည်။ ငယ်ရွယ်သောအမျိုးသမီးများကို သူတို့လက်ထပ်ယူနိုင်ဖို့ မိမိတို့၏ငယ်ပေါင်းဇနီးသည်များကို အသေးအဖွဲကိစ္စများအတွက်နှင့် ကွာရှင်းခဲ့ကြသည်။ ယေဟောဝါသည် “မယားကိုစွန့်ခြင်းအမှု” ကိုမုန်းတီး၍ သူတို့၏သွေဖည်သောစိတ်ဓာတ်က သူတို့ကို ဘုရားသခင်နှင့်စိမ်းကားစေခဲ့ပြီဟု မာလခိကပြောဆိုခဲ့သည်။ ယဇ်ပလ္လင်သည် စွန့်ပစ်ခံခဲ့ရသောဇနီးများ၏ ခံရခက်သောမျက်ရည်များနှင့် ပုံဆောင်သဘောအရ ဖုံးလွှမ်းနေသည့်အခါ ဘုရားသခင်သည် သူတို့၏ပူဇော်သကာများကို မည်သို့နှစ်သက်နိုင်တော်မူမည်နည်း။ ကိုယ်တော်၏စံနှုန်းများကို ဤသို့ဗြောင်ကျကျမထီမဲ့မြင်ပြုကြခြင်းကြောင့် “ငါ့ကို . . . အဘယ်သူကြောက်ရွံ့သနည်း” ဟုယေဟောဝါမေးခွန်းထုတ်ခဲ့ရသည်။—မာလခိ ၁:၆-၈; ၂:၁၃-၁၆။
၉၊ ၁၀။ ယေဟောဝါနှင့်မိတ်ဆွေဖြစ်ရခြင်းကို တန်ဖိုးထားကြောင်း ကျွန်ုပ်တို့မည်သို့တင်ပြနိုင်ကြသနည်း။
၉ ယနေ့လည်း လင်ယောက်ျားများနှင့်ဖခင်များ သို့မဟုတ် ဇနီးသည်များနှင့်မိခင်များပင်လျှင် တစ်ကိုယ်ကောင်းဆန်၍ အကျင့်ယိုယွင်းသည့်အတွက် ဖရိုဖရဲဖြစ်ခဲ့ကြရသည့် အပြစ်မဲ့အိမ်ထောင်ဖက်များနှင့် ကလေးငယ်များစွာတို့၏ ဝမ်းနည်းပူဆွေးမှုကို ယေဟောဝါတွေ့မြင်တော်မူ၏။ ယင်းက ကိုယ်တော်အားအမှန်ပင်ဝမ်းနည်းပူဆွေးစေသည်။ ဘုရားသခင့်မိတ်ဆွေတစ်ဦးသည် ကိစ္စရပ်များကို ဘုရားသခင်မြင်သကဲ့သို့ရှုမြင်မည်ဖြစ်ပြီး မိမိ၏အိမ်ထောင်ရေး ခိုင်မြဲစေဖို့ ကြိုးပမ်းလိမ့်မည်၊ အိမ်ထောင်ရေးနှောင်ကြိုး၏ အရေးပါမှုကို အရေးမထားသည့် လောကအတွေးကိုငြင်းပယ်၍ “မတရားသောမေထုန်ကို ကြဉ်ရှောင်” လိမ့်မည်။—၁ ကောရိန္သု ၆:၁၈။
၁၀ အိမ်ထောင်ရေးနှင့် ကျွန်ုပ်တို့ဘဝ၏အခြားကဏ္ဍများတွင်ပါ ယေဟောဝါ၏မျက်မှောက်တော်၌ မကောင်းမှုမှန်သမျှကို မုန်းတီးခြင်းအပြင် ကိုယ်တော်နှင့်မိတ်ဆွေဖြစ်ရခြင်းကို အလွန်ကျေးဇူးတင်ခြင်းသည် ယေဟောဝါ၏နှစ်သက်လက်ခံမှုကို ရရှိစေပါလိမ့်မည်။ တမန်တော်ပေတရုက ဤသို့အခိုင်အမာဆိုခဲ့သည်– “အကယ်စင်စစ် ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌မျက်နှာရသည်ကို ငါသိမြင်၏။” (တမန်တော် ၁၀:၃၄၊ ၃၅) ခက်ခဲသောအခြေအနေအမျိုးမျိုးတွင် မှန်ကန်ရာကိုလုပ်ဆောင်ဖို့ ဘုရားသခင်ရေးရာကြောက်ရွံ့ခြင်းက လူတို့ကို မည်သို့လှုံ့ဆော်ပေးခဲ့ကြောင်းတင်ပြသည့် ကျမ်းစာပုံနမူနာများစွာရှိသည်။
ဘုရားသခင်ကိုကြောက်ရွံ့ခဲ့သူသုံးဦး
၁၁။ အာဗြဟံသည် အဘယ်အခြေအနေမျိုးအောက်တွင် “ဘုရားသခင်ကိုကြောက်ရွံ့သည်” ဟုကြေညာခံခဲ့ရသနည်း။
၁၁ သမ္မာကျမ်းစာတွင် ယေဟောဝါကိုယ်တော်တိုင်က ဘိုးဘေးအာဗြဟံကို မိမိ၏မိတ်ဆွေဟုခေါ်ခဲ့သည်။ (ဟေရှာယ ၄၁:၈) အာဗြဟံ၏မျိုးနွယ်သည် လူမျိုးကြီးဖြစ်လာမည်ဟူသောကတိတော်ကို ဣဇာက်အားဖြင့် ဘုရားသခင်ပြည့်စုံစေမည်ဖြစ်၍ ဤတစ်ဦးတည်းသောသားကိုပူဇော်ဖို့ ဘုရားသခင်တောင်းဆိုသောအခါ အာဗြဟံ၏ ဘုရားသခင်ရေးရာကြောက်ရွံ့ခြင်းသည် စမ်းသပ်ခံခဲ့ရသည်။ (ကမ္ဘာဦး ၁၂:၂၊ ၃; ၁၇:၁၉) “ဘုရားသခင်၏အဆွေ” သည် ဤစိတ်ထိခိုက်စေသောစမ်းသပ်မှုကို အောင်မည်လော။ (ယာကုပ် ၂:၂၃) ဣဇာက်ကိုသတ်ဖို့ အာဗြဟံဓားကိုမြှောက်လိုက်ချိန်တွင်ပင် ယေဟောဝါ၏ကောင်းကင်တမန်က “ထိုလုလင်ကိုမထိမခိုက်နှင့်။ အလျှင်းမပြုနှင့်။ သင်သည် ဘုရားသခင်ကိုကြောက်ရွံ့သည်ဟု ယခုငါသိ၏။ အကြောင်းမူကား၊ သင်၏သား၊ သင်၌တစ်ယောက်တည်းသောသားကို ငါတောင်း၍၊ သင်သည် ငါ့ကိုမငြင်း” ဟုမိန့်တော်မူ၏။—ကမ္ဘာဦး ၂၂:၁၀-၁၂။
၁၂။ အဘယ်အရာက အာဗြဟံ၌ ဘုရားသခင်ရေးရာကြောက်ရွံ့ခြင်း ရှိစေခဲ့သနည်း၊ ထပ်တူစိတ်ထားမျိုးကို ကျွန်ုပ်တို့မည်သို့တင်ပြနိုင်ကြသနည်း။
၁၂ အာဗြဟံသည် ယေဟောဝါကိုကြောက်ရွံ့သူဖြစ်ကြောင်း ယခင်က သက်သေထူခဲ့ဖူးသော်လည်း ထိုအခါသမယတွင် မိမိ၏ဘုရားသခင်ရေးရာကြောက်ရွံ့ခြင်းကို ထူးခြားစွာထင်ရှားစေခဲ့သည်။ ဣဇာက်ကိုပူဇော်ဖို့ သူအသင့်ရှိခြင်းက ရိုသေလေးစားမှုနှင့် နာခံမှုကိုတင်ပြခြင်းထက်မကပါ။ မိမိ၏ကောင်းကင်ခမည်းတော်သည် လိုအပ်မည်ဆိုလျှင် ဣဇာက်ကိုရှင်ပြန်ထမြောက်စေခြင်းဖြင့် ကိုယ်တော်၏ကတိတော်ကို ပြည့်စုံစေမည်ဟု အာဗြဟံအကြွင်းမဲ့ယုံကြည်စိတ်ချခြင်းကြောင့် ထိုသို့ပြုနိုင်ခဲ့ခြင်းဖြစ်သည်။ ပေါလုရေးခဲ့သည့်အတိုင်း အာဗြဟံသည် “ကတိရောမ ၄:၁၆-၂၁) ကြီးမားသည့်စွန့်လွှတ်မှုများ ပြုဖို့လိုအပ်သောအခါ၌ပင် ဘုရားသခင့်အလိုတော်ကိုဆောင်ရန် ကျွန်ုပ်တို့အသင့်ရှိသလော။ ယေဟောဝါသည် “ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူ” ကြောင်းသိထားလျက် ယင်းသို့နာခံခြင်းသည် ရေရှည်အကျိုးများရရှိစေမည်ဟု ကျွန်ုပ်တို့အကြွင်းမဲ့ယုံကြည်စိတ်ချသလော။ (ဟေဗြဲ ၁၁:၆) ယင်းသည် ဘုရားသခင်အားကြောက်ရွံ့ခြင်းအစစ်ဖြစ်သည်။—ဆာလံ ၁၁၅:၁၁။
ထားတော်မူသော [ဘုရားသခင်] သည် ကတိတော်အတိုင်း တတ်နိုင်တော်မူသည်ကို စိတ်စွဲလမ်း [“အကြွင်းမဲ့ယုံကြည်၊” ကဘ] လေ၏။” (၁၃။ ယောသပ်သည် ‘စစ်မှန်သောဘုရားသခင်ကို ကြောက်ရွံ့သောသူ’ တစ်ဦးအဖြစ် မိမိကိုယ်ကို အဘယ်ကြောင့် အမှန်အတိုင်းဖော်ပြနိုင်ခဲ့သနည်း။
၁၃ ဘုရားသခင်ရေးရာကြောက်ရွံ့ခြင်းကို အထင်အရှားပြသည့် အခြားနမူနာတစ်ဦးဖြစ်သူ ယောသပ်ကို သုံးသပ်ကြည့်ကြစို့။ ယောသပ်သည် ပေါတိဖာ၏အိမ်၌ ကျွန်တစ်ဦးဖြစ်နေစဉ် သူ့သားအိမ်ရာပြစ်မှားရန် နေ့တိုင်းဖိအားပေးခံခဲ့ရသည်။ အကျင့်ယိုယွင်းဖို့ သူ့ကိုထပ်တလဲလဲမြှူဆွယ်သူ သခင်၏မယားကိုရှောင်ဖို့နည်းလမ်းမရှိခဲ့ပုံပေါ်သည်။ နောက်ဆုံး သူ့ကို “ကိုင်ဆွဲ” သောအခါ ယောသပ်သည် “ပြင်သို့ထွက်ပြေးလေ၏။” မကောင်းမှုမှ ချက်ချင်းတိမ်းရှောင်ဖို့ အဘယ်အရာက သူ့ကိုလှုံ့ဆော်ပေးခဲ့သနည်း။ အဓိကအကြောင်းရင်းမှာ ဘုရားသခင်ကိုကြောက်ရွံ့ခြင်း၊ “အပြစ်ကြီးသောဤအမှုကို . . . ပြု၍ ဘုရားသခင်ကို . . . ပြစ်မှား” ခြင်းအား ရှောင်လိုသောဆန္ဒဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ (ကမ္ဘာဦး ၃၉:၇-၁၂) ယောသပ်သည် ‘စစ်မှန်သောဘုရားသခင်ကို ကြောက်ရွံ့သောသူ’ တစ်ဦးအဖြစ် မိမိကိုယ်ကိုမှန်ကန်စွာဖော်ပြနိုင်ခဲ့သည်။—ကမ္ဘာဦး ၄၂:၁၈။
၁၄။ ယောသပ်၏ကရုဏာက ဘုရားသခင်အား စစ်မှန်စွာကြောက်ရွံ့ခြင်းကို မည်သို့ပေါ်လွင်စေသနည်း။
၁၄ နှစ်များလွန်လေပြီးနောက် ယောသပ်သည် သူ့ကိုအကြင်နာမဲ့စွာ ကျွန်အဖြစ်ရောင်းချခဲ့သော အစ်ကိုများနှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်ခဲ့ရသည်။ သူတို့အလွန်တရာလိုအပ်နေသောအစားအစာကို အခွင့်ကောင်းယူ၍ သူတို့မှားယွင်းခဲ့ရာအတွက် အလွယ်တကူသူလက်စားချေနိုင်ခဲ့သည်။ သို့သော် လူတို့ကိုနိုင်ထက်စီးနင်းပြုမူခြင်းသည် ဘုရားသခင်အားကြောက်ရွံ့ခြင်း မတင်ပြပေ။ (ဝတ်ပြုရာ ၂၅:၄၃) ထို့ကြောင့် ယောသပ်သည် အစ်ကိုများ၏နှလုံးပြောင်းလဲကြောင်း လုံလောက်သောအထောက်အထားတွေ့သောအခါ သူတို့ကိုကြင်နာစွာခွင့်လွှတ်ခဲ့သည်။ ယောသပ်ကဲ့သို့ပင် ကျွန်ုပ်တို့၏ဘုရားသခင်ရေးရာကြောက်ရွံ့ခြင်းသည် အဆိုးကိုအကောင်းဖြင့်အနိုင်ယူဖို့ ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသည်သာမက အပြစ်သွေးဆောင်ရာသို့မကျရောက်စေဖို့လည်း ကာကွယ်ပေးပါလိမ့်မည်။—ကမ္ဘာဦး ၄၅:၁-၁၁; ဆာလံ ၁၃၀:၃၊ ၄; ရောမ ၁၂:၁၇-၂၁။
၁၅။ ယောဘ၏အမူအကျင့်က ယေဟောဝါ၏နှလုံးကို အဘယ်ကြောင့်ရွှင်ပြုံးစေခဲ့သနည်း။
၁၅ ဘုရားသခင်ကိုကြောက်ရွံ့ရာ၌ ထင်ရှားသောပုံနမူနာဖြစ်ခဲ့သူနောက်တစ်ဦးမှာ ယောဘဖြစ်သည်။ ယေဟောဝါက စာတန်ကိုဤသို့မိန့်ဆိုခဲ့သည်– “ငါ့ကျွန်ယောဘကိုဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာ သူနှင့်တူသောသူတစ်ယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကိုကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကိုရှောင်သောသူဖြစ်သည်။” (ယောဘ ၁:၈) ယောဘ၏အပြစ်တင်ခွင့်မရှိသောအမူအကျင့်က ကောင်းကင်ခမည်းတော်၏နှလုံးကို နှစ်ပေါင်းများစွာရွှင်ပြုံးစေခဲ့ပြီ။ ဘုရားသခင်ကိုယောဘကြောက်ရွံ့ခဲ့ခြင်းမှာ ယင်းသည် ပြုလုပ်သင့်သောအရာဖြစ်ပြီး အကောင်းဆုံးအသက်ရှင်နည်းဖြစ်ကြောင်း သူသိထားသောကြောင့်ဖြစ်သည်။ “ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့် [မကောင်းမှု] ကိုရှောင်ခြင်းသည် ဉာဏ်ဖြစ်” သည်ဟုယောဘမြွက်ဆိုခဲ့သည်။ (ယောဘ ၂၈:၂၈) အိမ်ထောင်သည်တစ်ဦးအနေနှင့် ယောဘသည် ငယ်ရွယ်သောအမျိုးသမီးများကို မသင့်လျော်စွာစိုက်ကြည့်ခြင်းမပြုခဲ့သကဲ့သို့ ဖောက်ပြန်မည့်အကြံကို နှလုံးထဲ၌မသိုထားခဲ့ချေ။ ချမ်းသာကြွယ်ဝသူတစ်ဦးဖြစ်သော်လည်း သူ၏စည်းစိမ်ဥစ္စာကို အားထားဖို့သူငြင်းပယ်ခဲ့ပြီး ရုပ်ပုံကိုးကွယ်ခြင်းပုံစံအားလုံးကို ရှောင်ကြဉ်ခဲ့သည်။—ယောဘ ၃၁:၁၊ ၉-၁၁၊ ၂၄-၂၈။
၁၆။ (က) ယောဘသည် အဘယ်နည်းများဖြင့် ချစ်ခင်ကြင်နာမှုကိုကျင့်သုံးခဲ့သနည်း။ (ခ) ယောဘသည် ခွင့်လွှတ်ကြောင်း မည်သို့တင်ပြခဲ့သနည်း။
၁၆ သို့သော် ဘုရားသခင်အားကြောက်ရွံ့ခြင်းဟူသည် ကောင်းမွန်ရာကိုပြုလုပ်ခြင်းသာမက မကောင်းမှုကိုရှောင်ရှားခြင်းလည်းဖြစ်သည်။ ထို့ကြောင့် ယောဘသည် မျက်မမြင်သူ၊ ခြေဆွံ့သူနှင့် ဆင်းရဲသူတို့ကို သဘောထားကြီးစွာစိတ်ဝင်စားမှုပြခဲ့သည်။ (ဝတ်ပြုရာ ၁၉:၁၄; ယောဘ ၂၉:၁၅၊ ၁၆) ‘အဆွေခင်ပွန်းအား မသနားလျှင် [အဆုံးမဲ့] တန်ခိုးရှင်ကို ကြောက်ရွံ့သောသဘောနှင့်ကင်းလွတ်’ ကြောင်း ယောဘနားလည်ထားသည်။ (ယောဘ ၆:၁၄) မသနားခြင်းတွင် ခွင့်မလွှတ်ခြင်း သို့မဟုတ် အငြိုးထားခြင်းပါဝင်နိုင်သည်။ ဘုရားသခင့်ညွှန်ကြားမှုဖြင့် ယောဘသည် မိမိကိုအလွန်စိတ်သောကရောက်စေခဲ့သူ အပေါင်းအဖော်သုံးဦးအတွက် ဆုတောင်းပေးခဲ့သည်။ (ယောဘ ၄၂:၇-၁၀) ကျွန်ုပ်တို့ကိုတစ်နည်းနည်းဖြင့် စိတ်နာစေခဲ့သော ယုံကြည်သူချင်းတစ်ဦးကို ထပ်တူခွင့်လွှတ်နိုင်မည်လော။ ကျွန်ုပ်တို့ကိုစော်ကားခဲ့သူအတွက် စိတ်ရင်းမှန်ဖြင့်ဆုတောင်းပေးခြင်းဖြင့် နာကြည်းမှုပြေပျောက် စေဖို့ မိမိတို့အား များစွာထောက်ကူပေးနိုင်သည်။ ဘုရားသခင်ရေးရာကြောက်ရွံ့ခြင်းရှိသည့်အတွက် ယောဘခံစားခဲ့ရသောကောင်းချီးများက ‘ကိုယ်တော်ကိုကြောက်ရွံ့သူတို့အဖို့ သိုထားတော်မူသော ကြွယ်ဝသည့် ကောင်းမြတ်ခြင်းများ’ ၏ကြိုတင်မြင်ကွင်းတစ်ခုဖြစ်သည်။—ဆာလံ ၃၁:၁၉; ယာကုပ် ၅:၁၁။
ဘုရားသခင်အားကြောက်ရွံ့ခြင်းတစ်ဖက် လူကိုကြောက်ရွံ့ခြင်း
၁၇။ လူကိုကြောက်ရွံ့ခြင်းက ကျွန်ုပ်တို့ကိုအဘယ်သို့ပြုနိုင်သနည်း၊ သို့သော် ထိုကြောက်ရွံ့ခြင်းက အဘယ်ကြောင့်အမြော်အမြင်နည်းသနည်း။
၁၇ ဘုရားသခင်ကိုကြောက်ရွံ့ခြင်းက မှန်ရာကိုပြုလုပ်ဖို့ ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးနိုင်သည်မှန်သော်လည်း လူကိုကြောက်ရွံ့ခြင်းက ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို လှိုက်စားသွားနိုင်သည်။ ဤအကြောင်းကြောင့် ဇွဲရှိသောသတင်းကောင်းဟောပြောသူများဖြစ်ဖို့ တမန်တော်များကိုတိုက်တွန်းရာ၌ သူတို့ကို ယေရှုဤသို့မိန့်ဆိုခဲ့သည်– “ကိုယ်ခန္ဓာကိုသာသတ်၍ စိတ်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကို ငရဲ [“ဂေဟင်နာ၊” ကဘ] ၌ဖျက်ဆီးနိုင်သောသူကို သာ၍ကြောက်ကြလော့။” (မဿဲ ၁၀:၂၈) လူသည် ကျွန်ုပ်တို့၏အနာဂတ်အသက်တာ အလားအလာတို့ကို မဖျက်ဆီးနိုင်သောကြောင့် လူကိုကြောက်ခြင်းသည် အမြော်အမြင်နည်းသည်ဟု ယေရှုရှင်းပြခဲ့သည်။ ထို့အပြင် ဘုရားသခင်၏စိုးရွံ့ဖွယ်တန်ခိုးတော်ကို ကျွန်ုပ်တို့အသိအမှတ်ပြုသောကြောင့် ကိုယ်တော်အား ကျွန်ုပ်တို့ကြောက်ရွံ့ကြသည်၊ ယင်းတန်ခိုးတော်နှင့်နှိုင်းယှဉ်လျှင် လူအမျိုးမျိုးတို့၏အစွမ်းခွန်အားသည် အဘယ်အရာမျှမဟုတ်ပေ။ (ဟေရှာယ ၄၀:၁၅) ကျွန်ုပ်တို့သည် အာဗြဟံနည်းတူ ကိုယ်တော်၏တည်ကြည်သောကျေးကျွန်များကို ထမြောက်စေနိုင်သည့်ယေဟောဝါ၏တန်ခိုးတော်ကို အကြွင်းမဲ့ယုံကြည်စိတ်ချကြသည်။ (ဗျာဒိတ် ၂:၁၀) ထို့ကြောင့် ကျွန်ုပ်တို့သည် ယုံကြည်စိတ်ချစွာဖြင့် “ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင်၊ အဘယ်သူသည် ငါတို့တစ်ဖက်၌နေနိုင်မည်နည်း” ဟုဆိုကြသည်။—ရောမ ၈:၃၁။
၁၈။ ယေဟောဝါအားကြောက်ရွံ့သူတို့ကို ကိုယ်တော်အဘယ်နည်းဖြင့်ဆုချတော်မူသနည်း။
၁၈ ကျွန်ုပ်တို့ကိုဆန့်ကျင်သူသည် မိသားစုမှတစ်ဦးဖြစ်စေ၊ ကျောင်းတွင်ဗိုလ်ကျသူတစ်ဦးဖြစ်စေ “[ယေဟောဝါ] ကိုကြောက်ရွံ့ခြင်းသည် အားကြီးသောကိုးစားရာ” ဖြစ်ကြောင်း ကျွန်ုပ်တို့တွေ့ရှိကြလိမ့်မည်။ (သု. ၁၄:၂၆) ကျွန်ုပ်တို့ကို ဘုရားသခင်နားညောင်းမည်ဟုသိထားလျက် ခွန်အားရှိဖို့ ကိုယ်တော်ထံဆုတောင်းနိုင်ကြသည်။ (ဆာလံ ၁၄၅:၁၉) ယေဟောဝါအားကြောက်ရွံ့သူတို့ကို ဘယ်သောအခါမျှ ကိုယ်တော်မမေ့လျော့ပါ။ မိမိ၏ပရောဖက်မာလခိမှတစ်ဆင့် ကျွန်ုပ်တို့ကိုကိုယ်တော်ဤသို့ထပ်မံစိတ်ချစေသည်– “ထိုအခါ [ယေဟောဝါ] ကိုကြောက်ရွံ့သောသူတို့သည် တစ်ယောက်ကိုတစ်ယောက်နှုတ်ဆက်၍ပြောဆိုကြ၏။ ထာဝရဘုရားသည်လည်းနားထောင်၍ ကြားတော်မူ၏။ ထာဝရဘုရားကိုကြောက်ရွံ့၍ နာမတော်ကိုအောက်မေ့သောသူတို့အဖို့ ရှေ့တော်တွင် စာရင်း၌မှတ်သားလျက်ရှိ၏။”—မာလခိ ၃:၁၆။
၁၉။ အဘယ်ကြောက်ရွံ့မှုမျိုးများ အဆုံးတိုင်လိမ့်မည်နည်း၊ သို့သော် အဘယ်ကြောက်ရွံ့မှုမျိုးက ထာဝစဉ်တည်ရှိမည်နည်း။
၁၉ မြေကြီးသားအပေါင်းတို့သည် ယေဟောဝါကိုဝတ်ပြု၍ လူကိုကြောက်ရွံ့ခြင်း ပပျောက်သွားမည့်အချိန် ရောက်လုနီးပြီ။ (ဟေရှာယ ၁၁:၉) ငတ်မွတ်ခြင်း၊ အနာရောဂါ၊ ရာဇဝတ်မှုနှင့် စစ်ကိုကြောက်ရွံ့ခြင်းတို့လည်း ပျောက်ကွယ်သွားပါလိမ့်မည်။ သို့သော် ကောင်းကင်နှင့် မြေကြီးပေါ်ရှိ ကိုယ်တော်၏တည်ကြည်သောကျေးကျွန်များ ကိုယ်တော်အား ရိုသေလေးစားမှု၊ နာခံမှုနှင့် ဂုဏ်တင်မှုတို့ကို ဆက်၍တင်ပြကြသည်နှင့်အမျှ ဘုရားသခင်ကိုကြောက်ရွံ့ခြင်းသည် ထာဝရတည်ရှိသွားပါလိမ့်မည်။ (ဗျာဒိတ် ၁၅:၄) ထိုအတောအတွင်း ကျွန်ုပ်တို့အားလုံး ရှောလမုန်၏မှုတ်သွင်းခံ ဤအကြံပေးချက်ကို နှလုံးသွင်းကြပါစို့– “အပြစ်သားတို့ကို မငြူစူနှင့်။ ထာဝရဘုရားကိုကား အစဉ် [“တစ်နေ့လုံး၊” ကဘ] ကြောက်ရွံ့ရိုသေလော့။ သို့ပြုလျှင် နောင်၌အကျိုးကျေးဇူးရှိလိမ့်မည်။ သင်မျှော်လင့်ရာလည်းမပျက်ရ။”—သု. ၂၃:၁၇၊ ၁၈၊ သမ္မာ။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 2 အရွယ်ရောက်သူအချို့သည် မိမိတို့အလုပ်ခွင်တွင် အန္တရာယ်ရှိသောအခြေအနေများနှင့် ပုံမှန်ကြုံလေ့ရှိသောအခါ အန္တရာယ်ကြောက်စိတ်ပျောက်သွားတတ်ကြသည်။ လက်သမားအများ၌ လက်ချောင်းတစ်ချောင်း အဘယ်ကြောင့်မရှိကြောင်း မေးကြည့်သောအခါ ဝါရင့်လက်မှုပညာသည်တစ်ဦးက “အရှိန်ပြင်းတဲ့လျှပ်စစ်လွှတွေကို သူတို့မကြောက်ကြတော့လို့” ဟုရိုးရှင်းစွာဖြေဆိုခဲ့သည်။
^ အပိုဒ်၊ 4 ယေဟောဝါကိုယ်တော်တိုင် ဤသို့သောစက်ဆုပ်ရွံရှာမှုခံစားရ၏။ ဥပမာ၊ ညစ်ညမ်းသောစကားကို ဧဖက် ၄:၂၉၊ [ကဘ] က “ပုပ်ပျက်သောစကား” ဟုဖော်ပြသည်။ “ပုပ်ပျက်” အတွက်အသုံးပြုထားသော ဂရိစကားလုံးသည် စာသားအရ ပုပ်ပျက်နေသောသစ်သီး၊ ငါး သို့မဟုတ် အသားကိုဆိုလိုသည်။ ယင်းအသုံးအနှုန်းက ဆဲရေးတိုင်းထွာသော သို့မဟုတ် ညစ်ညမ်းသောစကားကို ကျွန်ုပ်တို့ရွံမုန်းသင့်ကြောင်း အထင်အရှားဖော်ပြသည်။ ထိုနည်းတူ ရုပ်ပုံများကို သမ္မာကျမ်းစာက ‘တိရစ္ဆာန်ချေး’ နှင့်နှိုင်းယှဉ်လေ့ရှိသည်။ (တရားဟောရာ ၂၉:၁၇၊ ကဘ; ယေဇကျေလ ၆:၉၊ ကဘ) တိရစ္ဆာန်ချေး သို့မဟုတ် မစင်ကို ကျွန်ုပ်တို့အလိုလိုမသတီဖြစ်ခြင်းက မည်သည့်ရုပ်ပုံကိုးကွယ်မှုကိုမဆို ဘုရားသခင်စက်ဆုပ်ရွံရှာသည့်သဘောကို နားလည်စေသည်။
^ အပိုဒ်၊ 6 ပုံနမူနာအတွက် ကာဣန (ကမ္ဘာဦး ၄:၃-၁၂); ဒါဝိဒ် (၂ ဓမ္မရာဇဝင် ၁၁:၂–၁၂:၁၄); ဂေဟာဇိ (၄ ဓမ္မရာဇဝင် ၅:၂၀-၂၇); နှင့် ဩဇိ (၂ ရာဇဝင်ချုပ် ၂၆:၁၆-၂၁) တို့နှင့်ဆိုင်သော ကျမ်းစာမှတ်တမ်းများကို သုံးသပ်ကြည့်ပါ။
သင်မှတ်မိသလော
• မကောင်းမှုကိုမုန်းရန် ကျွန်ုပ်တို့မည်သို့သင်ယူနိုင်သနည်း။
• မာလခိလက်ထက်မှ ဣသရေလလူအချို့သည် ယေဟောဝါနှင့်မိတ်ဆွေဖြစ်ရခြင်းကို မည်သို့အရေးမထားခဲ့ကြသနည်း။
• ဘုရားသခင်ကိုကြောက်ရွံ့ခြင်းနှင့်စပ်လျဉ်း၍ အာဗြဟံ၊ ယောသပ်နှင့် ယောဘတို့ထံမှ ကျွန်ုပ်တို့အဘယ်အရာသင်ယူနိုင်သနည်း။
• အဘယ်ကြောက်ရွံ့ခြင်းသည် အစဉ်တည်ရှိမည်နည်း၊ အဘယ်ကြောင့်နည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
ပညာရှိသောမိဘများသည် မိမိတို့သားသမီးများ၌ အကျိုးဖြစ်ထွန်းသောကြောက်ရွံ့စိတ်ကို သွင်းပေးကြသည်
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
ကြောက်ရွံ့ခြင်းက ကျွန်ုပ်တို့ကို ဘေးမသင့်စေသကဲ့သို့ ဘုရားသခင်ရေးရာကြောက်ရွံ့ခြင်းက မကောင်းမှုမှလွှဲရှောင်စေသည်
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ယောဘသည် မိတ်ဆွေအတုသုံးဦးနှင့် ရင်ဆိုင်ရသောအခါ၌ပင် ဘုရားသခင်အားကြောက်ရွံ့ခြင်းကို ထိန်းသိမ်းခဲ့
[Credit Line]
From the Bible translation Vulgata Latina, 1795