မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါအားကြောက်ရွံ့သည့် စိတ်နှလုံးကို မွေးမြူလော့

ယေဟောဝါအားကြောက်ရွံ့သည့် စိတ်နှလုံးကို မွေးမြူလော့

ယေဟောဝါ​အား​ကြောက်ရွံ့​သည့် စိတ်နှလုံး​ကို မွေးမြူ​လော့

“သူတို့ . . . သည် . . . ငါ့ကို​ကြောက်ရွံ့​၍ ငါ​ပညတ်​သမျှ​တို့ကို အစဉ်​စောင့်ရှောက်​ချင်​သော​စိတ်​နှင့် ပြည့်စုံ​ကြ​ပါစေ​သော။” —တရားဟောရာ ၅:၂၉

၁။ လူတို့သည် တစ်နေ့​သောအခါ ကြောက်ရွံ့​ခြင်း​မှ​လွတ်မြောက်​လိမ့်​မည်​ဟု ကျွန်ုပ်​တို့​အဘယ်ကြောင့်​စိတ်ချ​နိုင်​သနည်း။

ကြောက်စိတ်​သည် ရာစု​နှစ်ချီ၍ လူသား​တို့ကို​ခြောက်လှန့်​ခဲ့ပြီ။ ငတ်မွတ်​ခြင်း၊ အနာ​ရောဂါ၊ ရာဇဝတ်မှု သို့​မဟုတ် စစ်​ကို​ကြောက်ရွံ့​ခြင်း​က သန်းပေါင်း​များစွာသော​သူတို့ကို အမြဲမပြတ်​စိုးရိမ်​သောကရောက်​စေ​သည်။ ယင်းကြောင့် အပြည်ပြည်ဆိုင်ရာ လူ့​အခွင့်အရေး​ကြေညာ​စာတမ်း​၏ စကားချီး​တွင် လူသား​အားလုံး ကြောက်ရွံ့​ခြင်း​မှ လွတ်မြောက်​ရမည့်​ကမ္ဘာ ဖြစ်ပေါ်​စေ​လို​သည့်​ဆန္ဒ​ကို​ဖော်ပြ​သည်။ * ဝမ်းသာစရာ​မှာ လူ့​ကြိုးပမ်းမှု​ဖြင့်​မဟုတ်ဘဲ ထိုသို့​သော​ကမ္ဘာ​ရှိလာ​လိမ့်​မည်​ဟု ဘုရားသခင်​ကိုယ်တော်တိုင် ကျွန်ုပ်​တို့ကို​စိတ်ချ​စေ​ခဲ့​ခြင်း​ဖြစ်သည်။ ကိုယ်တော်​၏​ပရောဖက် မိက္ခာ​မှ​တစ်ဆင့် ထို​ဖြောင့်မတ်​သော​ကမ္ဘာသစ်​တွင် ‘မိမိ၏​လူမျိုးတော်ကို ကြောက်​စေ​မည့်​သူ​တစ်စုံ​တစ်ယောက်မျှ​မရှိ​ရ’ ဟု​ကျွန်ုပ်​တို့ကို ယေဟောဝါ​ကတိပြု​တော်​မူ​၏။—မိက္ခာ ၄:၄

၂။ (က) ဘုရားသခင်​ကို​ကြောက်ရွံ့​ရန် သမ္မာကျမ်းစာ​က ကျွန်ုပ်​တို့ကို​မည်သို့​တိုက်တွန်း​သနည်း။ (ခ) ဘုရားသခင်​အား​ကြောက်ရွံ့​ဖို့ ကျွန်ုပ်​တို့၏​တာဝန်​ကို သုံးသပ်​သောအခါ အဘယ်​မေးခွန်းများ​ပေါ်ပေါက်​လာနိုင်​သနည်း။

အခြား​တစ်ဖက်​တွင်​မူ ကြောက်ရွံ့​ခြင်း​သည် အကျိုးပြုသော​စွမ်းအား​လည်း​ဖြစ်​နိုင်​သည်။ သမ္မာကျမ်းစာ​တွင် ယေဟောဝါ​ကို​ကြောက်ရွံ့​ဖို့ ကိုယ်တော်​၏​ကျေးကျွန်​များ ထပ်ခါတလဲ​တိုက်တွန်း​ခံရ​သည်။ ဣသရေလ​လူမျိုး​ကို မောရှေ​ဤသို့​ဆို​ခဲ့​သည်– “သင်၏​ဘုရားသခင် [ယေဟောဝါ] ကို​ကြောက်ရွံ့​ရမည်။ ထို​ဘုရားသခင်​ကို​သာ​ဝတ်ပြု​ရမည်။” (တရားဟောရာ ၆:၁၃) ရာစုနှစ်များစွာ​လွန်ပြီး​နောက် ရှောလမုန်က​ဤသို့​ရေးသားခဲ့​သည်– “ဘုရားသခင်​ကို​ကြောက်ရွံ့​၍ ပညတ်တော်​တို့ကို စောင့်ရှောက်​လော့။ ဤ​ရွေ့​ကား လူ​နှင့်​ဆိုင်သော​အမှုအရာ​အလုံးစုံ​တို့ကို ချုပ်ခြာ​သတည်း။” (ဒေ. ၁၂:၁၃) ကောင်းကင်တမန်​ကြီးကြပ်​ကွပ်ကဲမှု​အောက် ကျွန်ုပ်​တို့​ဆောင်ရွက်​နေကြ​သော ဟောပြောခြင်း​လုပ်ငန်း​အားဖြင့် လူအားလုံး “ဘုရားသခင်​ကို​ကြောက်ရွံ့​၍ ချီးမွမ်း​ကြ” ရန် ကျွန်ုပ်​တို့ အလားတူ​တိုက်တွန်း​ကြသည်။ (ဗျာဒိတ် ၁၄:၆၊ ၇) ခရစ်ယာန်​များသည် ယေဟောဝါ​အား​ကြောက်ရွံ့​ခြင်း​အပြင် ကိုယ်တော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ချစ်​ကြ​ရမည်။ (မဿဲ ၂၂:၃၇၊ ၃၈) ဘုရားသခင်​ကို ကျွန်ုပ်​တို့​ချစ်​မြတ်နိုး​ပြီး တစ်ချိန်တည်း​တွင် မည်သို့​ကြောက်ရွံ့​နိုင်​သနည်း။ မေတ္တာရှင်​ဘုရားသခင်​ကို အဘယ်ကြောင့်​ကြောက်ရွံ့​ဖို့​လို​သနည်း။ ဘုရားသခင်​ရေးရာ​ကြောက်ရွံ့​ခြင်း​ကို ပြုစု​ပျိုးထောင်​ခြင်း​မှ အဘယ်​အကျိုးကျေးဇူးများ​ရရှိ​သနည်း။ ဤ​မေးခွန်းများကို​ဖြေဆို​ရန် ဘုရားသခင်​အား​ကြောက်ရွံ့​ခြင်း​သည် အဘယ်အရာ​ဖြစ်​ပြီး ဤသို့​သော​ကြောက်ရွံ့​မှု​မျိုး​သည် ယေဟောဝါ​နှင့်​ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​တွင် အခြေခံ​အပိုင်း​မှ မည်သို့​ပါဝင်​ကြောင်းကို ဦးဆုံး​နားလည်​ရမည်။

စိုးရွံ့ခြင်း၊ ကြည်ညို​လေးမြတ်ခြင်း​နှင့် ကြောက်ရွံ့​ခြင်း

၃။ ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​ဟူသည် အဘယ်အရာကို​ဆိုလို​သနည်း။

ခရစ်ယာန်​များသည် မိမိတို့၏​ဖန်ဆင်း​ရှင်​အပေါ် ကြောက်ရွံ့​သော​စိတ်​ရှိ​သင့်​သည်။ ဤ​ကြောက်ရွံ့​ခြင်း​၏ အဓိပ္ပာယ်​ဖွင့်ဆိုချက်​တစ်ခု​မှာ “ဖန်ဆင်း​ရှင်​အား စိုးရွံ့​တ​ကြီး​ကြည်ညို​လေးမြတ်ခြင်း​နှင့် ကိုယ်တော်​မနှစ်သက်​မည်​ကို​စိုး​သည့် အကျိုး​ဖြစ်ထွန်း​သော ကြောက်ရွံ့​ခြင်း​ဖြစ်သည်။” ထို့​ကြောင့် ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​သည် ကျွန်ုပ်​တို့​ဘဝ၏ အရေးပါသော​ကဏ္ဍ​နှစ်ရပ်​ဖြစ်သည့် ဘုရားသခင်​အပေါ် ကျွန်ုပ်​တို့၏​သဘောထား​နှင့် ကိုယ်တော်​စက်ဆုပ်​ရွံရှာ​သည့် အမူအကျင့်​နှင့်​ပတ်သက်သော ကျွန်ုပ်​တို့၏​သဘောထား​အပေါ် ဩဇာ​သက်ရောက်​သည်။ ဤ​ကဏ္ဍရပ်​နှစ်ခုစလုံး​သည် သေရေးရှင်ရေး​တ​မျှ​အရေးပါ​ပြီး အသေအချာ​သုံးသပ်ထိုက်​သည်​မှာ ထင်ရှား​၏။ ဗိုင်း​၏​ဓမ္မသစ်​ကျမ်း​စကားလုံး​များ​ဆိုင်ရာ ရှင်းလင်း​ဖော်ပြချက်​အဘိဓာန်​က​ထောက်ပြ​သည့်​အတိုင်း ခရစ်ယာန်​များ​အတွက် ဤ​ကြည်ညို​လေးမြတ်​သော​ကြောက်ရွံ့​ခြင်း​သည် ‘ဝိညာဉ်​ရေး​နှင့် ကိုယ်ကျင့်တရား​ကိစ္စရပ်​နှစ်ခုစလုံး​တွင် ဘဝကို​ထိန်းချုပ်​ပေး​သည့်​အကြောင်းရင်း​တစ်ခု’ ဖြစ်သည်။

၄။ ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင်​အား စိုးရွံ့​၍ ကြည်ညို​လေးမြတ်​သည့်​စိတ်ထား​များ​ကို မည်သို့​မွေးမြူ​နိုင်​မည်​နည်း။

ဖန်ဆင်း​ရှင်​အား စိုးရွံ့​၍ ကြည်ညို​လေးမြတ်​သော​စိတ်ထား​ရှိစေရန် ၎င်းကို ကျွန်ုပ်​တို့​မည်သို့​မွေးမြူ​နိုင်​မည်​နည်း။ လှပသော​တောတောင်​ရှုခင်း၊ စွဲမှတ်​ဖွယ်​ကောင်းသော​ရေတံခွန် သို့​မဟုတ် ရင်သပ်​ရှုမောဖွယ်​နေဝင်ချိန်​တို့ကို မြင်ရသော​အခါ ကျွန်ုပ်​တို့​တအံ့တသြ​ဖြစ်​ကြ​ရသည်။ ၎င်း​ဖန်ဆင်း​ခြင်း​လက်ရာတော်​များ​နောက်ဝယ် ဘုရားသခင်​၏​လက်တော်ကို ယုံကြည်ခြင်း​မျက်စိဖြင့် ကျွန်ုပ်​တို့​ကောင်းစွာ​သိမြင်​လာ​ကြသောအခါ ဤ​စိတ်ထား​တိုးမြှင့်​လာ​ပေ​သည်။ ထို့​အပြင် ဘုရင်​ဒါဝိဒ်​ကဲ့သို့ ယေဟောဝါ​၏​စိုးရွံ့ဖွယ် ဖန်ဆင်း​ခြင်း​နှင့်​နှိုင်းယှဉ်​ကြည့်​သော် ကျွန်ုပ်​တို့​ကိုယ်တိုင်​၏​အရေးမပါ​မှု​ကို သိရှိ​လာ​ကြ​ရ၏။ “လက်ညှိုးတော်​အလုပ်​တည်း​ဟူသော ကိုယ်တော်​၏​မိုးကောင်းကင်ကို​လည်းကောင်း၊ ပြင်ဆင်​တော်​မူ​သော​လ​နှင့် ကြယ်​များ​ကိုလည်း​ကောင်း အကျွန်ုပ်​ဆင်ခြင်​သော် လူသည် အဘယ်​သို့​သော​သူ​ဖြစ်၍ ကိုယ်တော်​သည်​အောက်မေ့​တော်​မူ​ရသနည်း။” (ဆာလံ ၈:၃၊ ၄) ဤသို့​အလွန်​စိုးရွံ့ခြင်း​က ကြည်ညို​လေးမြတ်မှု​ဖြစ်ပေါ်​စေပြီး ယင်းက ကျွန်ုပ်​တို့​အဖို့ ယေဟောဝါ​ပြုလုပ်​ပေး​လေ​သမျှ​အတွက် ကိုယ်တော်​အား ကျေးဇူး​တင်​ချီးမွမ်း​ရန် လှုံ့ဆော်ပေး​သည်။ ဒါဝိဒ် ဤသို့​လည်း​ရေးသားခဲ့​သည်– “အကျွန်ုပ်သည် ကြောက်မက်​ဖွယ်​သော​လက္ခဏာ၊ ထူးဆန်းသော​လက္ခဏာ​တို့​နှင့်​ပြည့်စုံ​သည်​ဖြစ်၍ ကိုယ်တော်​ကို​ချီးမွမ်း​ပါ​မည်။ ပြုပြင်​တော်​မူ​သော​အမှုတို့​သည် အံ့သြဖွယ်​ဖြစ်​ကြောင်းကို အကျွန်ုပ်၏​စိတ်​ဝိညာဉ်​သည်​အမှန်​သိပါ​၏။”—ဆာလံ ၁၃၉:၁၄

၅။ ယေဟောဝါ​ကို အဘယ်ကြောင့်​ကြောက်ရွံ့​သင့်​သနည်း၊ ယင်း​နှင့် ပတ်သက်​၍ ကျွန်ုပ်​တို့​၌ အဘယ်​ပုံသက်သေ​ကောင်း​ရှိ​သနည်း။

စိုးရွံ့​၍ ကြည်ညို​လေးမြတ်​သည့်​စိတ်ထား​များ​က ဖန်ဆင်း​ရှင်​ဘုရားသခင့်​တန်ခိုးတော်​နှင့် စကြဝဠာ​ပိုင်သ​အုပ်စိုးရှင်​၏​အခွင့်အာဏာ​တော်​ကို အကျိုး​ဖြစ်ထွန်း​သည့်​ကြောက်ရွံ့​ခြင်း​နှင့် ရိုသေ​လေးစား​စေ​သည်။ တမန်​တော်​ယောဟန်​မြင်တွေ့ခဲ့​သော အဆင်းအာရုံ​တစ်ခု​၌ “သားရဲ​နှင့်​လည်းကောင်း၊ သူ၏​ရုပ်တု​နှင့်​လည်းကောင်း၊ . . . လွတ်​၍​အောင်မြင်​သော​သူတို့”—ကောင်းကင်​ရာထူး​ရရှိကြ​သော ခရစ်တော်​၏ ဝိညာဉ်​တော်​ဖွား​နောက်လိုက်​များ—က ဤသို့​ကြွေးကြော်​ကြ​၏– “[အဆုံးမဲ့] တန်ခိုး​နှင့်​ပြည့်စုံ​တော်​မူ​သော ထာဝရ​အရှင် [ယေဟောဝါ]၊ ကိုယ်တော်​၏​အပြု​အမူ​တို့သည် ကောင်းမြတ်​၍​အံ့သြဖွယ်​ဖြစ်​ကြ​ပါ​၏။ လူမျိုး​တို့၏​ဘုရင်၊ ကိုယ်တော်​၏​အကျင့်ဓလေ့​တို့သည် ဖြောင့်မတ်​ဟုတ်မှန်​ကြ​ပါ​၏။ အို [ယေဟောဝါ]၊ ကိုယ်တော်​ကို​မကြောက်ရွံ့​ဘဲ၊ နာမတော်​ကို​မ​ချီးမွမ်း​ဘဲ အဘယ်သူ​နေရ​ပါ​အံ့​နည်း။” (ဗျာဒိတ် ၁၅:၂-၄) ဘုရားသခင်​၏​ကြီးမြတ်မှု​ကို အလွန်​ကြည်ညို​လေးမြတ်ခြင်း​မှ ပေါက်ဖွား​လာသော ကြောက်ရွံ့​မှု​က ကောင်းကင်​နိုင်ငံတော်​၌ ခရစ်တော်​နှင့်​တွဲဖက်​အုပ်ချုပ်​မည့်​သူများကို ဘုရားသခင်​အား အကြွင်းမဲ့​ပိုင်သ​အုပ်စိုးရှင်​အဖြစ် ဂုဏ်တင်​စေ​သည်။ ယေဟောဝါ​လုပ်ဆောင်ပေး​ခဲ့​သမျှ​နှင့် စကြဝဠာ​ကို ဖြောင့်မတ်​စွာ​အုပ်ချုပ်​သော​နည်းလမ်း​တို့ကို ကျွန်ုပ်​တို့​သုံးသပ်ကြည့်​သောအခါ ကိုယ်တော်​အား​ကြောက်ရွံ့​ဖို့​အကြောင်း များစွာ​ရှိစေသည်​မဟုတ်ပေ​လော။—ဆာလံ ၂:၁၁; ယေရမိ ၁၀:၇

၆။ ယေဟောဝါ​မနှစ်သက်​ရာ​ပြု​မိ​မှာ​ကို​စိုးရိမ်​သည့် အကျိုး​ဖြစ်ထွန်း​သော​ကြောက်ရွံ့​စိတ်​အဘယ်ကြောင့်​ရှိ​သင့်​သနည်း။

သို့သော် ဘုရားသခင်​အား​ကြောက်ရွံ့​ခြင်း​တွင် စိုးရွံ့ခြင်း​နှင့် ကြည်ညို​လေးမြတ်ခြင်း​တို့​ရှိသည့်​အပြင် ကိုယ်တော်​အလိုမကျ​မည်​ကို သို့​မဟုတ် ကိုယ်တော်​အား မနာခံ​မိ​မည်​ကို​စိုးရိမ်​သော အကျိုးပြု​သည့်​ကြောက်ရွံ့​ခြင်း​ပါဝင်​ရမည်။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ ယေဟောဝါ​သည် ‘အမျက်ထွက်​နှေး​၍ ကရုဏာ​နှင့်​ကြွယ်ဝ’ တော်​မူ​သော်လည်း “အပြစ်ဒဏ်​စီရင်ခြင်း​ကို အဘယ်နည်း​နှင့်​မျှ​လွတ်ကင်း​စေ​တော်​မ​မူ” ကြောင်းကို ကျွန်ုပ်​တို့​သတိရ​ကြ​ရမည်​ဖြစ်သည်။ (ထွက်မြောက်ရာ ၃၄:၆၊ ၇က​ဘ) ယေဟောဝါ​သည် မေတ္တာ​နှင့် ကရုဏာ​ရှိ​သော်​ငြား​လည်း မဖြောင့်မတ်​မှု​နှင့် တမင်​အမှား​ပြုခြင်း​ကို သည်းမခံ​ပါ။ (ဆာလံ ၅:၄၊ ၅; ဟဗက္ကုတ် ၁:၁၃) ယေဟောဝါ​၏​မျက်မှောက်တော်၌ ဆိုးသွမ်း​သော​အရာ​ကို တမင်​သက်​သက်​ပြု​၍ နောင်တ​မယူ​ဘဲ​နေ​သူနှင့် ကိုယ်တော်​အား​တမင်​ဆန့်ကျင်သူ​တို့သည် အပြစ်ဒဏ်​စီရင်ခြင်း​နှင့် ကင်းလွတ်​လိမ့်​မည်​မဟုတ်။ တမန်​တော်​ပေါလု​ဖော်ပြ​ခဲ့​သည့်​အတိုင်း “အသက်ရှင်​တော်​မူ​သော ဘုရားသခင်​၏​လက်တော်​သို့ ကျရောက်​ခြင်း​အမှုသည် ကြောက်မက်​ဖွယ်​သော​အမှု​ဖြစ်​သတည်း။” ထိုသို့​သော​အခြေအနေ​မျိုး​သို့ ကျရောက်​မည်​ကို​စိုး​သည့် အကျိုး​ဖြစ်ထွန်း​သော ကြောက်ရွံ့​စိတ်​ရှိ​ခြင်း​သည် အဆုံး​တွင် ကျွန်ုပ်​တို့အတွက်​အကာအကွယ်​ဖြစ်​ပေ​သည်။—ဟေဗြဲ ၁၀:၃၁

“ကိုယ်တော်၌​ဆည်းကပ်​မှီဝဲ​ရ​ကြ​မည်”

၇။ ယေဟောဝါ​၏​ကယ်တင်​နိုင်စွမ်း​ကို ယုံကြည်​စိတ်ချ​ဖို့ ကျွန်ုပ်​တို့​၌​အဘယ်​အကြောင်းရင်း​များ​ရှိ​သနည်း။

ကြည်ညို​လေးမြတ်​သော​သဘောဖြင့် ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​နှင့် ကိုယ်တော်​၏​စိုးရွံ့ဖွယ်​တန်ခိုးတော်​ကို ထိုးထွင်း​သိရှိခြင်း​တို့သည် ယေဟောဝါ​အား ယုံကြည်​စိတ်ချမှု​၏​ရှေ့ပြေး​လက္ခဏာများ​ဖြစ်၏။ ကလေးငယ်​တစ်ဦး​သည် အနီးအနား​တွင် ဖခင်​ရှိသော​အခါ ဘေးကင်း​သည်​ဟု​ခံစားရ​သကဲ့သို့ ယေဟောဝါ​၏​လမ်းပြ​ညွှန်ကြားမှု​အောက်​၌ ကျွန်ုပ်​တို့​လုံခြုံမှု​ခံစား​ကြ​ရသည်။ အီဂျစ်​ပြည်​မှ​ဣသရေလလူ​တို့ကို ယေဟောဝါ​ခေါ်ဆောင်​လာပြီး​နောက် သူတို့၏​တုံ့ပြန်​ပုံ​ကို သတိပြုပါ– “ထိုသို့ အဲဂုတ္တု​လူ​တို့​၌ ထာဝရ​ဘုရား​ပြု​တော်​မူ​သော​အမှု​ကြီး​ကို ဣသရေလလူ​တို့သည်​မြင်​၍ ထာဝရ​ဘုရား​ကို​ကြောက်ရွံ့​ကြ​၏။ ထာဝရ​ဘုရား . . . ကို​ယုံကြည်​ကြ​၏။” (ထွက်မြောက်ရာ ၁၄:၃၁) “ထာဝရ​ဘုရား​ကို ကြောက်ရွံ့​သော​သူတို့​ပတ်လည်​၌ ကောင်းကင်တမန်​တော်​တို့သည် တပ်​ချ​၍ ကယ်လွှတ်” သည်​ဟူသော​အဖြစ်မှန်​ကို ဧလိရှဲ​၏​အတွေ့အကြုံ​က​လည်း သက်သေထူ​သည်။ (ဆာလံ ၃၄:၇; ၄ ဓမ္မ​ရာဇဝင် ၆:၁၅-၁၇) ဘုရားသခင်​သည် မိမိ​အား​ဝတ်ပြုသူ​တို့၏​အကျိုးအတွက် ကိုယ်တော်​၏​တန်ခိုးတော်​ကို​အသုံးပြု​ကြောင်း ယေဟောဝါ​၏​မျက်မှောက်ခေတ်​လူမျိုးတော်​သမိုင်း​နှင့် ကျွန်ုပ်​တို့​ကိုယ်တိုင်​၏​အတွေ့အကြုံ​တို့​က​လည်း စိတ်ချ​စေ​သည်။ (၂ ရာဇဝင်ချုပ် ၁၆:၉) သို့ဖြင့် “[ယေဟောဝါ] ကို​ကြောက်ရွံ့​ခြင်း​သည် အား​ကြီးသော​ကိုးစားရာ” ဖြစ်​ကြောင်း ကျွန်ုပ်​တို့​သိမြင်​နားလည်​လာ​ကြသည်။—သု. ၁၄:၂၆

၈။ (က) ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​က ကိုယ်တော့်​နည်းလမ်းတော်​များ​အတိုင်း ကျွန်ုပ်​တို့ကို အဘယ်ကြောင့်​လျှောက်လှမ်း​စေ​သနည်း။ (ခ) ယေဟောဝါ​ကို ကျွန်ုပ်​တို့​မည်သို့ “ဆည်းကပ်​မှီဝဲ” သင့်​ကြောင်း ရှင်းပြပါ။

အကျိုး​ဖြစ်ထွန်း​သော​ကြောက်ရွံ့​မှု​ဖြင့် ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​က ကိုယ်တော်​အား​ယုံကြည်​စိတ်ချ​စေ​သည်​သာမက ကိုယ်တော့်​နည်းလမ်းတော်​အတိုင်း လျှောက်လှမ်း​စေ​သည်။ ရှောလမုန်​သည် ဗိမာန်တော်ကို​အပ်နှံ​သောအခါ ယေဟောဝါ​ထံ​ဤသို့​ဆုတောင်း​ခဲ့​သည်– “ဘိုးဘေး​တို့အား ပေးသနား​တော်​မူ​သော​ပြည်​၌ [ဣသရေလလူ] တို့သည် အသက်ရှင်​သော​ကာလပတ်လုံး ကိုယ်တော်​ကို​ကြောက်ရွံ့​၍ တရားတော်​လမ်း​သို့​လိုက်ပါမည်​အကြောင်း . . . စီရင်တော်မူ​ပါ။” (၂ ရာဇဝင်ချုပ် ၆:၃၁) အစောပိုင်း​တွင် ဣသရေလ​လူမျိုး​ကို မောရှေ​ဤသို့​တိုက်တွန်း​ခဲ့​သည်– “သင်တို့၏​ဘုရားသခင် ထာဝရ​ဘုရား​နောက်​တော်​သို့ လိုက်ရ​ကြ​မည်။ ကြောက်ရွံ့​သော​စိတ်​နှင့် ပညတ်တော်​တို့ကို​စောင့်​ရ​ကြ​မည်။ စကားတော်​ကို​နားထောင်​လျက် ဝတ်ပြု​၍၊ ကိုယ်တော်၌​ဆည်းကပ်​မှီဝဲ​ရ​ကြ​မည်။” (တရားဟောရာ ၁၃:၄) ဤ​အခန်းငယ်​များ​က အထင်အရှား​ဖော်ပြ​သည့်​အတိုင်း ယေဟောဝါ​၏​နည်းလမ်းတော်​များ​အတိုင်း လျှောက်လှမ်း​၍ ကိုယ်တော်​အား “ဆည်းကပ်​မှီဝဲ” လို​သည့်​ဆန္ဒ​သည် ဘုရားသခင်​ကို​ယုံကြည်​စိတ်ချ​ခြင်း​မှ ဖြစ်ပေါ်​လာ​သည်။ မှန်ပါသည်၊ ကလေးငယ်​တစ်ဦး​သည် သူ​အကြွင်းမဲ့ယုံ​ကြည်​စိတ်ချ​သည့် ဖခင်​ကို တကယ်​တွယ်ကပ်​မည်​ဖြစ်​သကဲ့သို့ ဘုရားသခင်​ရေးရာ​ကြောက်ရွံ့​ခြင်း​က ကျွန်ုပ်​တို့အား ယေဟောဝါ​ကို​နာခံ​စေ​သည်၊ ကိုယ်တော့်​ကို​ဝတ်ပြု​စေ​၍ ကိုယ်တော်၌​ဆည်းကပ်​မှီဝဲ​စေ​သည်။—ဆာလံ ၆၃:၈; ဟေရှာယ ၄၁:၁၃

ဘုရားသခင်​အား​ချစ်ခြင်း​ဟူသည် ကိုယ်တော်​ကို​ကြောက်ရွံ့​ခြင်း​ဖြစ်

၉။ ဘုရားသခင်​ကို​ချစ်ခြင်း​နှင့် ကြောက်ရွံ့​ခြင်း​သည် မည်သို့​ဆက်စပ်​သနည်း။

သမ္မာကျမ်းစာ​ရှုထောင့်​မှ​ဆိုလျှင် ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​က ကိုယ်တော်​အား​မချစ်​နိုင်​စ​ရာ​အကြောင်း အဘယ်​နည်းဖြင့်​မျှ​မရှိစေ​ပါ။ ယင်း​နှင့်​ဆန့်ကျင်​လျက် ဣသရေလလူ​တို့သည် ‘[ယေဟောဝါ] ကို​ကြောက်ရွံ့​၍ လမ်းတော်​သို့​လိုက်သွား​ခြင်း​နှင့် . . . ဘုရားသခင် . . . ကို . . . ချစ်’ ဖို့ ညွှန်ကြားခံ​ခဲ့​ရ​ကြသည်။ (တရားဟောရာ ၁၀:၁၂) ထို့​ကြောင့် ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​နှင့် ချစ်ခြင်း​သည် အလွန်​ဆက်စပ်​သည်။ ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​က ကိုယ်တော့်​နည်းလမ်းတော်​များ​အတိုင်း လျှောက်လှမ်း​ရန် ကျွန်ုပ်​တို့ကို​လှုံ့ဆော်ပေး​ပြီး ယင်းက တစ်ဖန် ကိုယ်တော်​အား​ချစ်​မြတ်နိုး​ကြောင်း သက်သေထူ​သည်။ (၁ ယောဟန် ၅:၃) ယင်းသည် ကျိုးကြောင်း​ဆီလျော်​ပါ​သည်၊ အကြောင်း​မှာ တစ်ဦး​တစ်ယောက်ကို ကျွန်ုပ်​တို့​ချစ်​လျှင် သူ​စိတ်ထိခိုက်​မိ​မည်​ကို ကျွန်ုပ်​တို့​တကယ်​စိုးရိမ်​ကြသည်။ ယေဟောဝါ​သည် တောကန္တာရ​တွင် ဣသရေလလူ​တို့၏ ပုန်ကန်​သော​လမ်းစဉ်​ကြောင့် စိတ်တော်​နာကျင်​ခဲ့​ရ၏။ ကောင်းကင်​ခမည်းတော်​ကို ထိုသို့​ဝမ်းနည်း​စေသော မည်သည့်​အရာ​ကို​မဆို ကျွန်ုပ်​တို့​ပြု​လို​မည်​မဟုတ်​သည်​မှာ​သေချာ​သည်။ (ဆာလံ ၇၈:၄၀၊ ၄၁) အခြား​တစ်ဖက်​တွင်​မူ ကိုယ်တော်​အား “ကြောက်ရွံ့​သော​သူ . . . တို့ကို ထာဝရ​ဘုရား​နှစ်သက်​တော်​မူ” သည်​ဖြစ်​ရာ ကျွန်ုပ်​တို့၏​နာခံမှု​နှင့် တည်ကြည်မှု​က ကိုယ်တော့်​နှလုံးကို​ရွှင်ပြုံး​စေ​သည်။ (ဆာလံ ၁၄၇:၁၁; သု. ၂၇:၁၁) ဘုရားသခင်​ကို​ချစ်ခြင်း​သည် ကိုယ်တော့်​စိတ်တော်နှင့်​တွေ့​ဖို့ ကျွန်ုပ်​တို့အား​လှုံ့ဆော်ပေး​ပြီး ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​က ကိုယ်တော့်​စိတ်နာ​ကျင်​စ​ရာ​ကို​မပြုမိ​ရန် တားဆီး​ပေး​သည်။ ၎င်းတို့သည် ဆန့်ကျင်ဘက်​မဖြစ်​ဘဲ ဖြည့်စွက်​ပေး​သည့် အရည်အသွေးများ​ဖြစ်သည်။

၁၀။ ယေရှုသည် ယေဟောဝါ​အား​ကြောက်ရွံ့​ခြင်း​၌ ပျော်မွေ့​ကြောင်းကို မည်သို့​တင်ပြ​ခဲ့​သနည်း။

၁၀ ဘုရားသခင်​ကို​ချစ်​ပြီး တစ်ချိန်တည်း​တွင် မည်သို့​ကြောက်ရွံ့​နိုင်​ကြောင်း ယေရှု​ခရစ်​၏​ဘဝ​လမ်းစဉ်​က အထင်အရှား​ဖော်ပြ​သည်။ ယေရှု​နှင့်​ပတ်သက်​၍ ပရောဖက်​ဟေရှာယ​ဤသို့​ရေးသားခဲ့​သည်– “ထာဝရ​ဘုရား​၏​ဝိညာဉ်​တော်​တည်း​ဟူသော ဉာဏ်ပညာ​ကို​ပေး​သော​ဝိညာဉ်၊ ကြံစည်​တတ်စွမ်း​နိုင်သော သတ္တိ​ကို​ပေး​သော​ဝိညာဉ်၊ ထာဝရ​ဘုရား​ကို​သိ၍ ကြောက်ရွံ့​သော​သဘောကို​ပေး​သော​ဝိညာဉ်တော်သည် ထို​သူအပေါ်မှာ ကျိန်းဝပ်​တော်​မူ​လိမ့်​မည်။ ထို​သူသည် ထာဝရ​ဘုရား​ကို​ကြောက်ရွံ့​ခြင်း​၌ မွေ့လျော် . . . လိမ့်​မည်။” (ဟေရှာယ ၁၁:၂-၄) ဤ​ပရောဖက်ပြုချက်​အရ ကောင်းကင်​ခမည်းတော်​ကို​ကြောက်ရွံ့​ရန် ယေရှု​အား ဘုရားသခင့်​ဝိညာဉ်​တော်​က လှုံ့ဆော်ပေး​ခဲ့​သည်။ ထို့​အပြင် ဤ​ကြောက်ရွံ့​ခြင်း​သည် ကန့်သတ်​ချုပ်ချယ်​ဖို့​ဝေး​စွ၊ ကျေနပ်​နှစ်သိမ့်မှု​၏​ရင်းမြစ်​တစ်ခု​ဖြစ်​ကြောင်း ကျွန်ုပ်​တို့​မှတ်သား​ရသည်။ ယေရှုသည် အခက်ခဲဆုံး​အခြေအနေ​များ​၌​ပင် ဘုရားသခင့်​အလိုတော်​ဆောင်ခြင်း​နှင့် ကိုယ်တော့်​စိတ်တော်နှင့်​တွေ့​ခြင်း​၌ ပျော်မွေ့​ခဲ့​သည်။ ညှဉ်းဆဲ​ရာ​နှက်တိုင်​ပေါ် အသတ်ခံရ​မည့်​ဆဲ​ဆဲ​တွင် ယေဟောဝါ​အား ကိုယ်တော်​ဤသို့​ပြောဆို​ခဲ့​သည်– “အကျွန်ုပ်​အလို​ရှိသည်​အတိုင်း မဖြစ်ပါစေ​နှင့်။ ကိုယ်တော်​အလို​ရှိသည်​အတိုင်း ဖြစ်ပါစေ။” (မဿဲ ၂၆:၃၉) ဤ​ဘုရားသခင်​ရေးရာ​ကြောက်ရွံ့​မှု​ကြောင့် ယေဟောဝါ​သည် သားတော်​၏​အသနားခံချက်​ကို တလိုတလား​နားထောင်​ခဲ့​ပြီး ကိုယ်တော့်​ကို​ခွန်အား​ပေး​၍ သေခြင်း​မှ​ကယ်နုတ်​တော်​မူ​ခဲ့​သည်။—ဟေဗြဲ ၅:၇

ယေဟောဝါ​ကို​ကြောက်ရွံ့​ရန်​သင်ယူခြင်း

၁၁၊ ၁၂။ (က) ဘုရားသခင်​ကို​ကြောက်ရွံ့​တတ်​ဖို့ ကျွန်ုပ်​တို့​အဘယ်ကြောင့်​သင်ယူ​ကြ​ရမည်​နည်း။ (ခ) ယေဟောဝါ​ကို​ကြောက်ရွံ့​တတ်​ဖို့ ကျွန်ုပ်​တို့ကို ယေရှု​မည်သို့​သွန်သင်ပေး​သနည်း။

၁၁ သဘာဝ​စွမ်းအား​နှင့် ကြီးကျယ်​ခမ်းနားမှု​ကို ကျွန်ုပ်​တို့​ကြုံတွေ့​ရသောအခါ အလိုလို​စိုးရွံ့​ထိတ်လန့်​သွားခြင်း​နှင့်​မတူဘဲ ဘုရားသခင်​အား​ကြောက်ရွံ့​ခြင်း​သည် အလိုအလျောက်​ဖြစ်ပေါ်​မလာ​ပါ။ ထို့​ကြောင့် သာ၍​ကြီးမြတ်​တော်​မူ​သော​ဒါဝိဒ်၊ ယေရှု​ခရစ်​သည် ပရောဖက်ပြု​၍ ကျွန်ုပ်​တို့ကို​ဤသို့​ဖိတ်ခေါ်​သည်– “အချင်း​သူငယ်​တို့ လာ​ကြလော့။ ငါ့​စကား​ကို​နားထောင်​ကြလော့။ ထာဝရ​ဘုရား​ကို​ကြောက်ရွံ့​ခြင်း​တရားကို သင်တို့အား​ငါ​သွန်သင်​မည်။” (ဆာလံ ၃၄:၁၁) ယေဟောဝါ​အား ကြောက်ရွံ့​ခြင်း​ကို ယေရှု​ထံ​မှ မည်သို့​သင်ယူ​နိုင်​သနည်း။

၁၂ ကောင်းကင်​ခမည်းတော်​၏ အံ့ဖွယ်​ကိုယ်​ရည်​ကိုယ်​သွေး​ကို နားလည်စေ​ခြင်း​ဖြင့် ယေဟောဝါ​အား​ကြောက်ရွံ့​ခြင်း​ကို ယေရှု​သွန်သင်ပေး​သည်။ (ယောဟန် ၁:၁၈) ယေရှုသည် ခမည်းတော်​၏​ကိုယ်​ရည်​ကိုယ်​သွေး​ကို အပြည့်အဝ​ရောင်ပြန်ဟပ်​သည့်​အတွက် ယေရှု​ကိုယ်တော်တိုင်​၏​ပုံသက်သေ​က ဘုရားသခင်​တွေးခေါ်ပုံ​နှင့် အခြားသူ​တို့​နှင့်​ကိုယ်တော်​ဆက်ဆံပုံ​တို့ကို ဖော်ပြ​သည်။ (ယောဟန် ၁၄:၉၊ ၁၀) ထို့​အပြင် ယေရှု၏​ပူဇော်​သကာ​အားဖြင့် ကျွန်ုပ်​တို့၏​အပြစ်​များ​ခွင့်လွှတ်​ခံရ​ဖို့ ယေဟောဝါ​ထံ ဆုတောင်း​သည့်​အခါ ကိုယ်တော်​ထံ​ချဉ်းကပ်​ခွင့်​ရ​ကြသည်။ ဘုရားသခင့်​ကရုဏာတော်​၏ ဤ​ထင်ရှားသော​ဖော်ပြချက်​ကိုယ်နှိုက်​က ကိုယ်တော်​အား​ကြောက်ရွံ့​ရန် အကြောင်းကောင်း​တစ်ခု​ဖြစ်သည်။ ဆာလံဆရာ​ဤသို့​ရေးသားခဲ့​သည်– “ကိုယ်တော်​ကို ကြောက်ရွံ့​စ​ရာ​အကြောင်း​ရှိစေ​ခြင်း​ငှာ အပြစ်လွှတ်ခြင်း​အခွင့်​ကို​ပိုင်တော်မူ​၏။”—ဆာလံ ၁၃၀:၄

၁၃။ နယပုံပြင်​ကျမ်း​၌​ဖော်ပြ​ထားသော အဘယ်​ခြေလှမ်း​များ​က ယေဟောဝါ​ကို​ကြောက်ရွံ့​ရန် ထောက်ကူ​ပေး​သနည်း။

၁၃ ဘုရားသခင်​ရေးရာ​ကြောက်ရွံ့​မှု​ကို မွေးမြူ​နိုင်​စေသည့် ခြေလှမ်း​အဆင့်ဆင့်​ကို နယပုံပြင်​ကျမ်း​က​ဖော်ပြ​သည်။ “ငါ့​သား သင်သည်​ပညာ​စကား​ကို​နားထောင်​၍၊ စေတနာ​စိတ်​နှင့် ဉာဏ်​ကို​ရှာဖွေ​သည်​တိုင်အောင် ငါ့​စကား​ကို​နာခံ​၍ ငါ့​ပညတ်​တို့ကို ကိုယ်​အထဲ​၌​သွင်း​မိ​လျှင်​လည်းကောင်း၊ သိပ္ပံ​အတတ်ကို​ခေါ်​၍ ဉာဏ်​နောက်သို့​အသံကို​လွှင့်​လျှင်​လည်းကောင်း၊ ငွေ​ကို​ရှာ​တတ်​သကဲ့သို့ ပညာ​ကို​ရှာ၍ ဝှက်ထား​သော​ဘဏ္ဍာ​ကို​စူးစမ်း​တတ်​သကဲ့သို့ ဉာဏ်​ကို​စူးစမ်း​လျှင်​လည်းကောင်း ထာဝရ​ဘုရား​ကို​ကြောက်​သော​သဘော​၌​ကျင်လည်​၍ ဘုရားသခင်​ကို​သိ​သော​ဉာဏ်​နှင့် ပြည့်စုံ​လိမ့်​မည်။” (သု. ၂:၁-၅) ထို့​ကြောင့် ယေဟောဝါ​ကို​ကြောက်ရွံ့​ဖို့ ကျွန်ုပ်​တို့သည် ကျမ်းစာ​ကို​လေ့လာ​၍ ယင်း​၏​သွန်သင်ချက်​ကို​နားလည်​ရန် အားတက်သရော​ကြိုးပမ်း​ပြီး​နောက် ယင်း​၏​ဆုံးမ​စကား​ကို အသေအချာ​ဂရုပြု​ကြ​ရမည်။

၁၄။ ဣသရေလ​ရှင်ဘုရင်များ​ကို​ပေး​ခဲ့​သော ဆုံးမ​စကား​ကို ကျွန်ုပ်​တို့​မည်သို့​လိုက်လျှောက်​နိုင်​ကြ​သနည်း။

၁၄ ရှေးခေတ်​ဣသရေလ​ရှင်ဘုရင်​တိုင်း ပညတ္တိကျမ်း​စာ​ကို​ကူးရေး​ပြီး ‘သူ၏​ဘုရားသခင် [ယေဟောဝါ] ကို​ကြောက်ရွံ့​၍ ပညတ်တရား​စကားတော်​အလုံးစုံ​တို့ကို ကျင့်​စောင့်​အောင် သင်ယူ​မည်​အကြောင်း ဤ​ဓမ္မ​ပညတ်တရား​စာ​ကို တစ်သက်လုံး​စောင့်ရှောက်​ကြည့်ရှု​ဖတ်ရွတ်’ ရန်​ညွှန်ကြား​ခံရ​ကြသည်။ (တရားဟောရာ ၁၇:၁၈-၂၀) ယေဟောဝါ​ကို​ကြောက်ရွံ့​ရန် ကျွန်ုပ်​တို့​သင်ယူ​ကြ​မည်​ဆိုလျှင် ကျမ်းစာ​ဖတ်ရှုခြင်း​နှင့် လေ့လာခြင်း​သည် ကျွန်ုပ်​တို့အတွက် ထပ်တူ​အရေးပါ​သည်။ သမ္မာကျမ်းစာ​မူများ​ကို ကျွန်ုပ်​တို့၏​ဘဝတွင် လက်တွေ့​ကျင့်သုံး​ကြ​စဉ် ဘုရားသခင့်​ရေးရာ​ဉာဏ်ပညာ​နှင့် အသိပညာကို တဖြည်းဖြည်း​ရလာ​ကြသည်။ ၎င်း​သည် ကျွန်ုပ်​တို့၏​ဘဝ​အသက်တာ​၌ ကောင်းကျိုး​များ​ဖြစ်ထွန်း​စေ​ကြောင်း​တွေ့မြင်​ရပြီး ဘုရားသခင်​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေးကို တန်ဖိုး​ထား​ကြသော​ကြောင့် ကျွန်ုပ်​တို့သည် ‘ယေဟောဝါ​အား​ကြောက်​သော​သဘောကို​နားလည်’ လာ​ကြသည်။ ထို့​အပြင် ယုံကြည်သူချင်း​များနှင့် မှန်မှန်​စုရုံးခြင်း​အားဖြင့် လူကြီးလူငယ်​မရွေး ဘုရားသခင့်​သွန်သင်ချက်​ကို​ကြားနာ​၍ ဘုရားသခင်​အား ကြောက်ရွံ့​ခြင်း​ကို​သင်ယူ​ကာ ကိုယ်တော့်​နည်းလမ်းတော်​များ​အတိုင်း လျှောက်လှမ်း​နိုင်​ကြသည်။—တရားဟောရာ ၃၁:၁၂

ယေဟောဝါ​ကို​ကြောက်ရွံ့​သူ​တိုင်း ပျော်ရွှင်​၏

၁၅။ ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​သည် ကိုယ်တော်​အား​ဝတ်ပြုခြင်း​နှင့် အဘယ်​နည်းများဖြင့်​ဆက်စပ်​သနည်း။

၁၅ အထက်ပါ​စကား​များ​မှ ကျွန်ုပ်​တို့​သိရှိ​ရသည်မှာ ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​သည် အကျိုးပြု​သဘောထား​ဖြစ်​ရာ ၎င်းကို​ကျွန်ုပ်​တို့အားလုံး​မွေးမြူ​သင့်​သည်၊ ၎င်း​သည် ယေဟောဝါ​အား​ဝတ်ပြုရေးတွင် အခြေခံ​အစိတ်အပိုင်း​တစ်ခု​လည်း​ဖြစ်သည်။ ယင်းက ကိုယ်တော်​အား​လုံးလုံးလျားလျား ယုံကြည်​ကိုးစား​ရန်၊ ကိုယ်တော်​၏​နည်းလမ်းတော်​များ​အတိုင်း လျှောက်လှမ်း​ရန်​နှင့် ကိုယ်တော်​ကို​တွယ်ကပ်​ရန် ကူညီပေး​သည်။ ယေရှု​ခရစ်​အတွက် ဖြစ်​ခဲ့​သကဲ့သို့ ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​သည် ကျွန်ုပ်​တို့၏​ဆက်ကပ်​အပ်နှံ​ကတိပြု​ချက်​ကို ယခု​နှင့် ထာဝစဉ် တည်စေ​ဖို့​လည်း လှုံ့ဆော်ပေး​နိုင်​သည်။

၁၆။ ယေဟောဝါ​အား​ကြောက်ရွံ့​ဖို့ ကျွန်ုပ်​တို့ကို အဘယ်ကြောင့်​ကိုယ်တော်​တိုက်တွန်း​သနည်း။

၁၆ ဘုရားသခင်​ရေးရာ​ကြောက်ရွံ့​ခြင်း​သည် ဘယ်​သောအခါ​မျှ ထိတ်လန့်​ချောက်ချား​စေ​သည်မဟုတ်၊ အလွန်အမင်း​ချုပ်ချယ်​သည်လည်း မဟုတ်ပေ။ “ယေဟောဝါ​ကို​ကြောက်ရွံ့ ၍ နည်းလမ်းတော်​များ​အတိုင်း လျှောက်​နေသော​သူ​တိုင်း ပျော်ရွှင်​၏” ဟု​သမ္မာကျမ်းစာ​က ကျွန်ုပ်​တို့ကို​အာမခံ​သည်။ (ဆာလံ ၁၂၈:၁က​ဘ) ယေဟောဝါ​အား​ကြောက်ရွံ့​ခြင်း​အရည်အချင်းသည် ကျွန်ုပ်​တို့ကို​ကာကွယ်​ပေး​တတ်​ကြောင်း ကိုယ်တော်​သိထား​သောကြောင့် ကိုယ်တော်​အား​ကြောက်ရွံ့​ဖို့​တိုက်တွန်း​သည်။ မောရှေ​အား​မှာကြား​သော ဤ​စကား​များ​တွင် ကိုယ်တော်​၏​မေတ္တာပါ​သော​စိုးရိမ်မှု​ကို ကျွန်ုပ်​တို့​သတိပြုမိ​သည်– “သူတို့ [ဣသရေလလူ​တို့] နှင့်​သားမြေး​အစဉ်အဆက်​တို့သည် ချမ်းသာ [“ကောင်းစား၊” သမ္မာ] ရမည်​အကြောင်း ငါ့ကို​ကြောက်ရွံ့​၍ ငါ​ပညတ်​သမျှ​တို့ကို အစဉ်​စောင့်ရှောက်​ချင်​သော​စိတ်​နှင့် ပြည့်စုံ​ကြ​ပါစေ​သော။”—တရားဟောရာ ၅:၂၉

၁၇။ (က) ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​မှ ကျွန်ုပ်​တို့​အဘယ်​အကျိုးကျေးဇူးများ​ရရှိကြ​သနည်း။ (ခ) နောက်​ဆောင်းပါး​တွင် ဘုရားသခင်​ရေးရာ​ကြောက်ရွံ့​ခြင်း​နှင့်​ဆိုင်သော အဘယ်​အသွင်အပြင်​များ​ကို သုံးသပ်​မည်​နည်း။

၁၇ အလားတူ ဘုရားသခင်​ကို​ကြောက်ရွံ့​သည့်​နှလုံးကို ကျွန်ုပ်​တို့​မွေးမြူ​ကြ​မည်​ဆိုလျှင် ကျွန်ုပ်​တို့​ကောင်းစား​လိမ့်​မည်။ အဘယ်​နည်းများဖြင့်​နည်း။ ဦးဆုံး​အနေ​နှင့် ယင်း​သို့​သော​အရည်အချင်းသည် ဘုရားသခင့်​အလိုတော်နှင့်​တွေ့​ပြီး ကိုယ်တော်​ထံ​ချဉ်းကပ်​စေပါ​လိမ့်​မည်။ ဘုရားသခင်​သည် “ကြောက်ရွံ့​သော​သူတို့၏​အလိုကို ပြည့်စုံ​စေတော်မူ​၏။ ထို​သူတို့၏​အော်ဟစ်​ခြင်း​ကို​ကြား​၍ ကယ်တင်​တော်​မူ” ကြောင်း မိမိ​ကိုယ်တိုင်​၏​တွေ့ကြုံမှု​မှ ဒါဝိဒ်​သိရှိ​ခဲ့​သည်။ (ဆာလံ ၁၄၅:၁၉) ဒုတိယ​မှာ၊ ဘုရားသခင်​ရေးရာ​ကြောက်ရွံ့​ခြင်း​သည် ဆိုးသွမ်းမှု​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့၏​သဘောထားကို အကျိုး​သက်ရောက်​သောကြောင့် အကျိုးရှိ​ပါ​လိမ့်​မည်။ (သု. ၃:၇) နောက်​ဆောင်းပါး​တွင် ဤ​ကြောက်ရွံ့​ခြင်း​သည် ဝိညာဉ်​ရေး​အန္တရာယ်​မှ မည်သို့​ကာကွယ်​ပေး​ကြောင်း​နှင့် ဘုရားသခင်​ကို​ကြောက်ရွံ့​၍ မကောင်းမှုကို​ရှောင်ကြဉ်​ခဲ့​ကြသော သမ္မာ​ကျမ်းစာ​ပါ အမျိုးသားများ​၏​ပုံ​နမူနာ​အချို့​ကိုလည်း ပြန်​သုံးသပ်ပါ​လိမ့်​မည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 1 ၁၉၄၈၊ ဒီဇင်ဘာ ၁၀ ရက်​နေ့တွင် ယူအဲန်​အထွေထွေ​ညီလာခံ​က အပြည်ပြည်ဆိုင်ရာ လူ့​အခွင့်အရေး​ကြေညာ​စာတမ်း​ကို ခံယူ​ကျင့်သုံး​ခဲ့​သည်။

အောက်ပါ​တို့ကို​သင်​ဖြေဆို​နိုင်​သလော

• ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​သည် အဘယ်အရာကို​ဆိုလို​သနည်း၊ ယင်းက ကျွန်ုပ်​တို့​အပေါ်​မည်သို့​သက်ရောက်မှု​ရှိ​သနည်း။

• ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​နှင့် ဘုရားသခင်​နှင့်အတူ​လျှောက်လှမ်းခြင်း​တို့သည် အဘယ်​ဆက်စပ်မှု​ရှိ​သနည်း။

• ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​သည် ဘုရားသခင်​ကို​ချစ်ခြင်း​နှင့်​ဆက်နွှယ်​ကြောင်း ယေရှု၏​ပုံသက်သေ​က မည်သို့​တင်ပြ​သနည်း။

• ယေဟောဝါ​အား ကြောက်ရွံ့​သည့်​နှလုံးကို အဘယ်​နည်းများဖြင့် ကျွန်ုပ်​တို့​မွေးမြူ​နိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ဣသရေလ​ရှင်​ဘုရင်​များသည် ပညတ္တိကျမ်း​စာ​ကို ကိုယ်ပိုင်​တစ်စောင်​ကူး​ယူ၍ နေ့စဉ်​ဖတ်ရှု​ဖို့ မိန့်မှာ​ခံရ​ကြ

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

သား​သည် ဖခင်​ကို ယုံကြည်​စိတ်ချ​တတ်​သကဲ့သို့ ယေဟောဝါ​ကို​ကြောက်ရွံ့​ခြင်း​က ကျွန်ုပ်​တို့ကို ကိုယ်တော်​အား​ယုံကြည်​စိတ်ချ​စေ

[Picture Credit Line on page 15]

Stars: Photo by Malin, © IAC/​RGO 1991