မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ငါ့ထံ၌နည်းခံကြလော့”

“ငါ့ထံ၌နည်းခံကြလော့”

“ငါ့ထံ၌​နည်းခံ​ကြလော့”

“ငါ့​ထမ်းပိုး​ကို​တင်၍ ငါ့ထံ၌​နည်းခံ​ကြလော့။ ငါသည် နူးညံ့​သိမ်မွေ့​နှိမ့်ချသော​စိတ်သဘော​ရှိ၏။ သင်တို့​စိုးလ်​သည် လန်းဆန်း​ရ​လိမ့်​မည်။”—မဿဲ ၁၁:၂၉၊ က​ဘ။

၁။ ယေရှု​ထံ​မှ​သင်ယူခြင်း​သည် အဘယ်ကြောင့်​နှစ်လိုဖွယ်​ဖြစ်၍ ပို​ပြည့်ဝ​စေနိုင်​သနည်း။

ယေရှု​ခရစ်​သည် အစဉ်သဖြင့် သင့်လျော်​စွာ စဉ်းစား၊ သွန်သင်​၍ ပြုမူ​တော်​မူ​ခဲ့​သည်။ ကိုယ်တော်​မြေကြီးပေါ် အသက်ရှင်ခဲ့​ချိန်​သည် တိုတောင်း​သော်လည်း အကျိုး​ဖြစ်ထွန်း​၍ ကျေနပ်ဖွယ်​ကောင်းသော​လုပ်ငန်း​၌ မွေ့လျော်​တော်​မူ​ခဲ့​ပြီး ပျော်ရွှင်​ခဲ့​သည်။ တပည့်တော်​များ​ကို ကိုယ်တော်​ရွေးချယ်​၍ ဘုရားသခင်​အား မည်သို့​ဝတ်ပြု​ရန်၊ လူသား​တို့ကို​ချစ်​ရန် လောကကို​အောင်နိုင်​ရန် သွန်သင်ပေး​တော်​မူ​ခဲ့​သည်။ (ယောဟန် ၁၆:၃၃) ကိုယ်တော်​သည် သူတို့၏​နှလုံးကို မျှော်လင့်ချက်​ဖြင့်​ပြည့်စေ​ပြီး “အသက်ရှင်ခြင်း​အကြောင်း​နှင့် မဖောက်ပြန်​ခြင်း​အကြောင်းကို ဧဝံဂေလိတရား​အားဖြင့် ထင်ရှားစေ” ခဲ့​သည်။ (၂ တိမောသေ ၁:၁၀) အသင်​သည် သင့်ကို​သင် ကိုယ်တော့်​တပည့်​တစ်ဦး​အဖြစ်​သတ်မှတ်​လျှင် တပည့်​ဟူသည် အဘယ်အရာ​ဖြစ်သည်ဟု သင်​ထင်​သနည်း။ တပည့်တော်​များနှင့်​ပတ်သက်​၍ ယေရှု​မိန့်ဆို​ရာ​ကို သုံးသပ်ကြည့်​ခြင်း​ဖြင့် ကျွန်ုပ်​တို့၏​ဘဝကို မည်သို့​ပို​၍​ပြည့်ဝ​စေနိုင်​ကြောင်း သင်ယူ​နိုင်​သည်။ ထို​တွင် ကိုယ်တော့်​ရှုမြင်ပုံကို​လက်ခံ​၍ အခြေခံ​မူ​အချို့​ကို ကျင့်သုံး​ခြင်း​ပါဝင်​သည်။—မဿဲ ၁၀:၂၄၊ ၂၅; လုကာ ၁၄:၂၆၊ ၂၇; ယောဟန် ၈:၃၁၊ ၃၂; ၁၃:၃၅; ၁၅:၈

၂၊ ၃။ (က) ယေရှု၏​တပည့်​ဟူသည် အဘယ်နည်း။ (ခ) ‘ကျွန်ုပ်​သည် အဘယ်သူ​၏​တပည့်ဖြစ်​နေပြီ​နည်း’ ဟု​မိမိကိုယ်ကို​မေး​ဖို့ အဘယ်ကြောင့်​အရေးကြီး​သနည်း။

ခရစ်ယာန်​ဂရိ​ကျမ်း​စာစောင်​များ​တွင် “တပည့်” ဟု​ပြန်ဆို​ထားသော​စကားလုံး​သည် အခြေခံ​အားဖြင့် တစ်စုံတစ်ခု​ကို​အာရုံ​စူးစိုက်​သူ သို့​မဟုတ် သင်ယူ​သူကို​ဆိုလို​သည်။ သက်ဆိုင်ရာ​စကားလုံး​တစ်လုံး​ကို ကျွန်ုပ်​တို့၏​အဓိက​ကျမ်းချက်​ဖြစ်သော မဿဲ ၁၁:၂၉ (က​ဘ) တွင်​တွေ့ရှိ​ရသည်– “ငါ့​ထမ်းပိုး​ကို​တင်၍ ငါ့ထံ၌​နည်းခံ​ကြလော့။ ငါသည် နူးညံ့​သိမ်မွေ့​နှိမ့်ချသော စိတ်သဘော​ရှိ၏။ သင်တို့​စိုးလ်​သည် လန်းဆန်း​ရ​လိမ့်​မည်။” မှန်ပါသည်၊ တပည့်​တစ်ဦး​သည် နည်းခံ​သင်ယူ​သူ​တစ်ဦး​ဖြစ်၏။ ခရစ်ဝင်​ကျမ်း​များ​က “တပည့်” ဟူသော​စကားလုံး​ကို ယေရှု၏​ရင်းနှီးသော​နောက်လိုက်​များနှင့်​စပ်လျဉ်း၍ အသုံးပြုလေ့​ရှိသည်၊ သူတို့သည် ကိုယ်တော်​လှည့်လည်​ဟောပြော​ချိန်​တွင် အတူ​လိုက်ပါ​၍ ကိုယ်တော်​၏​သွန်သင်မှု​ကို ခံယူ​သူများ​ဖြစ်​ကြသည်။ အချို့​သူတို့သည် ယေရှု၏သွန်သင်ချက်​များ​ကို လက်ခံ​ကြောင်း လျှို့ဝှက်​ထား​ကြ​၏။ (လုကာ ၆:၁၇; ယောဟန် ၁၉:၃၈) ခရစ်ဝင်​ကျမ်း​ရေးသူ​များသည် “ယောဟန် [နှစ်ခြင်း​ဆရာ] ၏​တပည့်​တို့​နှင့် ဖာရိရှဲ​တို့၏​တပည့်​တို့” ဟူ၍လည်း​ဖော်ပြ​ခဲ့​သည်။ (မာကု ၂:၁၈) “ဖာရိရှဲ . . . တို့၏ [သွန်သင်ချက်] ကို​ကြ​ဉ်​ရှောင်” ရန်​ယေရှု​သတိပေး​ခဲ့​သည်​ဖြစ်​ရာ ‘ကျွန်ုပ်​သည် အဘယ်သူ​၏​တပည့်ဖြစ်​နေပြီ​နည်း’ ဟု​မိမိကိုယ်ကို​မေးမြန်း​နိုင်​သည်။—မဿဲ ၁၆:၁၂

ကျွန်ုပ်​တို့သည် ယေရှု၏​တပည့်​များ​ဖြစ်​ကြ​မည်၊ ကိုယ်တော့်​ထံ​မှ​သင်ယူ​ခဲ့​ကြပြီ​ဆိုလျှင် အခြားသူ​တို့သည် ကျွန်ုပ်​တို့​နှင့်​ပေါင်းသင်း​ရခြင်း​မှ ဝိညာဉ်​ရေး​လန်းဆန်းမှု​ရ​သင့်​သည်။ ကျွန်ုပ်​တို့သည် ပို​၍​နူးညံ့​သိမ်မွေ့​နှိမ့်ချမှု​ရှိ​သူများ​ဖြစ်လာ​ကြောင်း သူတို့​တွေ့မြင်​သင့်​သည်။ ကျွန်ုပ်​တို့သည် အလုပ်ခွင်​တွင် စီမံခန့်ခွဲ​ရသော​တာဝန်​များ​ရှိ​မည်၊ မိဘများ​ဖြစ်​မည်၊ သို့​မဟုတ် ခရစ်ယာန်​အသင်းတော်တွင် သိုးထိန်း​တာဝန်​များ​ရှိ​မည်​ဆိုလျှင် ကျွန်ုပ်​တို့​ဂရုစိုက်​ကြည့်ရှု​ရသူ​တို့​က ယေရှု​ပြုမူ​သကဲ့သို့ သူတို့ကို ကျွန်ုပ်​တို့​ပြုမူ​ဆက်ဆံ​သည်​ဟု ခံစား​ကြ​ရ​ပါသလော။

လူ​တို့​နှင့် ယေရှု​ဆက်ဆံ​ခဲ့​ပုံ

၄၊ ၅။ (က) ပြဿနာ​များ​ရှိသူတို့​နှင့် ယေရှု​ဆက်ဆံ​ခဲ့​ပုံ​ကို​သိဖို့ အဘယ်ကြောင့်​မခက်ခဲ​သနည်း။ (ခ) ဖာရိရှဲ​တစ်ဦး၏​နေအိမ်​တွင် ယေရှု​ညစာ​စား​နေစဉ် အဘယ်​အမှုကို​တွေ့ကြုံ​ခဲ့​ရသနည်း။

လူ​တို့​နှင့်၊ အထူးသဖြင့် ကြီး​လေး​သော​ပြဿနာ​ရှိသူတို့​နှင့် ယေရှု​ဆက်ဆံ​ခဲ့​ပုံ​ကို ကျွန်ုပ်​တို့​သိထားဖို့​လို​သည်။ ယင်းကို​သင်ယူ​ရန် မခက်ခဲ​သင့်​ပေ; ယေရှုသည် ပူ​ပင်​သောကရောက်​နေ​သူများ​အပါအဝင် အခြား​သူများ​နှင့် မည်သို့​ဆက်ဆံ​ခဲ့​ကြောင်း သမ္မာကျမ်းစာ​တွင်​များစွာ​ဖော်ပြ​ထား​၏။ အလားတူ​ပြဿနာ​များ​ရှိသူတို့​နှင့် ဘာသာရေး​ခေါင်းဆောင်​များ၊ အထူးသဖြင့် ဖာရိရှဲ​များ မည်သို့​ဆက်ဆံ​ခဲ့​သည်ကို​လည်း အကဲခတ်​ကြည့်​ကြ​စို့။ ၎င်း​ကွာခြားမှု​က ပို​၍​သိရှိ​စေပါ​လိမ့်​မည်။

စီ.အီး. ၃၁ ခုနှစ်​တွင် ဂါလိလဲ​နယ်​၌ ယေရှု​လှည့်လည်​ဟောပြော​စဉ် “ဖာရိရှဲ​တစ်ယောက်​သည် အစာကို​သုံးဆောင်​တော်​မူ​စေခြင်း​ငှာ ကိုယ်တော် [ယေရှု] ကို​ခေါ်​ပင့်” လေ​၏။ ယေရှုသည် ဖိတ်ခေါ်ချက်​ကို​မတွန့်မဆုတ်​လက်ခံခဲ့သည်။ “ထို​ဖာရိရှဲ​၏​အိမ်​သို့​ကြွ​၍ စားပွဲ​၌​လျောင်း​တော်​မူ​၏။ ထိုသို့​စားပွဲ​၌​လျောင်း​တော်​မူ​သည်ကို ထို​မြို့၌​ဆိုးသော [“အပြစ်ရှိ​သော၊” က​ဘ] မိန်းမ​တစ်ယောက်​သည်​သိလျှင်၊ ဆီမွှေး​ကျောက်ဖြူ​ခွက်​တစ်လုံး​ကို​ယူ​ခဲ့​၍၊ နောက်​တော်​၌ ခြေတော်​အနီးမှာ​ရပ်​လျက် ငိုကြွေး​၍ ခြေတော်​ပေါ်​သို့​မျက်ရည်ကျ​လျှင် မိမိ​ဆံပင်​နှင့်​သုတ်​လေ​၏။ ခြေတော်​ကိုလည်း​နမ်း​၍ ဆီမွှေး​နှင့်​လိမ်း​လျက်​နေ​လေ​၏။”—လုကာ ၇:၃၆-၃၈

၆။ ‘အပြစ်ရှိ’ သော​အမျိုးသမီး​သည် ဖာရိရှဲ​အိမ်​တွင် အဘယ်ကြောင့်​ရောက်ရှိ​နေနိုင်​သနည်း။

ယင်းကို သင်​မြင်ယောင်​ကြည့်​နိုင်​သလော။ ကိုးကား​ဖော်ပြချက်​တစ်ခု​က ဤသို့​ဆို​၏– “၎င်း​အမျိုးသမီး (အခန်းငယ် ၃၇) သည် ထိုသို့​သော​စားသောက်ပွဲ​ကြီး​တစ်ခု​မှ ကျန်ကြွင်း​ရာ​ကို​စားဖို့ ဆင်းရဲသား​များ​အား လာ​ခွင့်ပြု​သော လူမှုရေး​ထုံးစံ​ကို အခွင့်ကောင်း​ယူ​ခဲ့​သည်။” ယင်းက ခေါ်ဖိတ်​မခံရ​ဘဲ လူတစ်ဦး မည်သို့​ရောက်ရှိ​နိုင်​ကြောင်း ရှင်းပြ​ပေမည်။ စားသောက်ပွဲ​အပြီး​တွင် အကြွင်းအကျန်​စုသိမ်း​လို​သော အခြားသူများ​လည်း​ရှိ​ပေမည်။ သို့သော် ဤ​အမျိုးသမီး​၏​ပြုမူပုံ​မှာ ထူးဆန်း​၏။ သူသည် ညစာ​စားသောက်​ပြီး​သည်​အထိ ဘေး​တွင် ရပ်​စောင့်မ​နေခဲ့​ပါ။ သူသည် ‘အပြစ်ရှိ’ သူ​အဖြစ် နာမည်​ပျက်​ရရှိ​ထား​ရာ ယေရှု​က သူ၌ “များစွာသော​အပြစ် [ရှိခဲ့]” သည်ကို မိမိ​သိကြောင်း​ဖော်ပြ​ခဲ့​သည်။—လုကာ ၇:၄၇

၇၊ ၈။ (က) လုကာ ၇:၃၆-၃၈ တွင်​မှတ်တမ်း​တင်ထားသော အခြေအနေ​မျိုး​အောက်တွင် ကျွန်ုပ်​တို့​မည်သို့​တုံ့ပြန်​ခဲ့​ကြ​မည်​နည်း။ (ခ) ရှိမုန် မည်သို့​တုံ့ပြန်​ခဲ့​သနည်း။

ထို​ခေတ်​၌ သင်​အသက်ရှင်ခဲ့​၍ ယေရှု၏​နေရာတွင်​ရှိ​နေသည်​ဆို​ကြပါစို့။ သင်​မည်သို့​တုံ့ပြန်​ခဲ့​မည်​နည်း။ ဤ​အမျိုးသမီး သင့်ထံ​သို့​ချဉ်းကပ်​လာ​သည့်​အခါ စိတ်​ကသိကအောက်​ဖြစ်​မည်​လော။ ထိုသို့​သော​အခြေအနေ​မျိုး​က သင့်ကို​မည်သို့​ထိခိုက်​မည်​နည်း။ (လုကာ ၇:၄၅) အထိတ်တလန့်​ဖြစ်​မည်​လော။

သင်သည် ဧည့်သည်​တစ်ဦး​ဖြစ်​ခဲ့​လျှင် သင်၏​အတွေး​သည် ဖာရိရှဲ​ရှိမုန်​၏​အတွေး​နှင့် ခပ်​ဆင်​ဆင်​ဖြစ်​မည်​လော။ “[ယေရှု] ကို​ခေါ်​ပင့်​သော​ဖာရိရှဲ​သည်​မြင်​လေ​သော်၊ ‘ဤ​သူသည် ပရောဖက်​မှန်​လျှင် ခြေတော်​ကို​ကိုင်​သော ဤ​မိန်းမသည် အဘယ်​သို့​သော​သူ​ဖြစ်သည်​ကို​သိ​လိမ့်​မည်။ ဤ​မိန်းမသည် ဆိုးသော​သူ​ဖြစ်၏’ ဟု​ထင်မှတ်​၏။” (လုကာ ၇:၃၉) ယေရှု​မူ​ကား အလွန်​သနား​ကြင်နာ​တတ်​သူ​တစ်ဦး​ဖြစ်၏။ ကိုယ်တော်​သည် ထို​အမျိုးသမီး​၏​အခြေအနေ​ကို နားလည်​ပြီး သူ​စိတ်​ဆင်းရဲ​နေရ​ကြောင်း သတိပြုမိ​သည်။ အပြစ်သား​ဘဝသို့ သူ​မည်သို့​ရောက်သွား​ကြောင်း ကျွန်ုပ်​တို့​မသိ​ရ​ပါ။ သူသည် ပြည့်တန်ဆာ​အမှန်​ဖြစ်​ခဲ့​လျှင် ဘာသာ​တရား​ကိုင်းရှိုင်း​သော ဂျူး​အမျိုးသားများသည် သူ့ကို​မကူညီ​ခဲ့​ကြောင်း​ထင်ရှား​သည်။

၉။ ယေရှု​မည်သို့​တုံ့ပြန်​ခဲ့​သနည်း၊ အဘယ်အရာ​ဖြစ်ပျက်​နိုင်​ခဲ့​သနည်း။

သို့သော် သူ့ကို​ယေရှု​ကူညီပေး​လို​ခဲ့​သည်။ ကိုယ်တော်​က “သင်သည် အပြစ်​တို့​နှင့်​လွတ်​လေ​ပြီ” ဟု​သူ့ကို​ပြော​ပြီး​နောက် “သင်၏​ယုံကြည်ခြင်း​သည် သင့်ကို​ကယ်တင်​ပြီ။ ငြိမ်​ဝပ်​စွာ​သွားလော့” ဟု​ထပ်၍​မိန့်ဆိုခဲ့သည်။ (လုကာ ၇:၄၈-၅၀) ဤ​တွင် မှတ်တမ်း​ပြီးဆုံး​သွား​သည်။ သို့သော် အချို့​က ထို​အမျိုးသမီးကို ယေရှု​သိပ်​အကူအညီ​မပေးခဲ့​ဟု ပြောကောင်း​ပြော​ပေမည်။ အမှန်​မှာ ကိုယ်တော်​သည် သူ့ကို​ကောင်းချီး​ပေး​၍ ပြန်လွှတ်​လိုက်ခဲ့​မည်​သာ။ သူ၏​အထင်အမြင်​သေး​ဖွယ် ဘဝ​လမ်းစဉ်​သို့ ပြန်သွား​လိမ့်​မည်​လော။ တပ်အပ်​မပြော​နိုင်​သော်လည်း လုကာ​မည်သို့​ဆက်​ပြော​သည်ကို သတိပြုပါ။ ယေရှုသည် “မြို့ရွာ​အစဉ်​အတိုင်း . . . လှည့်လည်​၍ ဘုရားသခင့်​၏​နိုင်ငံတော်​နှင့်ယှဉ်သော ဧဝံဂေလိတရား​ကို​ဟော​တော်​မူ” ကြောင်း​သူ​ပြောပြ​သည်။ ထို့​အပြင် “မိန်းမ​အချို့” သည် ယေရှု​နှင့် ကိုယ်တော့်​တပည့်တော်​များနှင့်​အတူ​ရှိပြီး ‘မိမိတို့​ဥစ္စာ​ကို​လှူ​၍ သူတို့ကို​လုပ်ကျွေး” ကြ​ကြောင်းကို​လည်း လုကာ​မှတ်တမ်းတင်​ခဲ့​သည်။ ဖြစ်​နိုင်​ခြေ​ရှိသည်​မှာ နောင်တ​ရပြီး ကျေးဇူး​သိ​တတ်​သည့် ဤ​အမျိုးသမီး​သည် ကြည်လင်​သော​သိစိတ်​ဖြင့် ဘုရားသခင်​နှစ်သက်သော​ဘဝ​လမ်းစဉ်​ကို​စတင်​ခဲ့​ရာ ယခု​သူတို့တွင် တစ်ဦး​အပါအဝင်​ဖြစ်​ပေမည်၊ သူ့မှာ ပြန်လည်​သစ်ဆန်း​ခဲ့​သော ရည်ရွယ်ချက်​ရှိပြီး ဘုရားသခင်​ကို​ပိုမို​ချစ်​မြတ်နိုး​နေ​ပေမည်။—လုကာ ၈:၁-၃

ယေရှု​နှင့် ဖာရိရှဲ​များ ကွာခြား​ပုံ

၁၀။ ယေရှု​နှင့် ရှိမုန်​၏​နေအိမ်​မှ​အမျိုးသမီး​၏​မှတ်တမ်း​ကို သုံးသပ်ခြင်း​သည် အဘယ်ကြောင့်​အကျိုးရှိ​သနည်း။

၁၀ ဤ​ထူးခြားသော​မှတ်တမ်း​မှ ကျွန်ုပ်​တို့​အဘယ်အရာ​သင်ယူ​နိုင်​သနည်း။ ယင်းက ကျွန်ုပ်​တို့ကို​စိတ်​လှုပ်ရှား​စေ​သည်မဟုတ်​လော။ ရှိမုန်​၏​နေအိမ်​၌ သင့်ကိုယ်​သင်​မြင်ယောင်​ကြည့်​ပါ။ သင်​မည်သို့​ခံစားရ​မည်​နည်း။ ယေရှု​ကဲ့သို့ သင်​တုံ့ပြန်​မည်​လော သို့​မဟုတ် အိမ်ရှင်​ဖြစ်သူ ထို​ဖာရိရှဲ​၏​စိတ်ထား​အနည်းငယ် သင်၌​ရှိ​မည်​လော။ ယေရှုသည် ဘုရားသခင့်​သားတော်​ဖြစ်သော​ကြောင့် ကိုယ်တော်​ကဲ့သို့ ကျွန်ုပ်​တို့​ထပ်တူ​ခံ​စား၍ ပြုမူ​မည်​မဟုတ်ပါ။ အခြား​တစ်ဖက်​တွင်​မူ ဖာရိရှဲ​ဖြစ်သူ ရှိမုန်​နှင့်​တူ​လို​ကြ​မည်​မဟုတ်ပေ။ ဖာရိရှဲ​တစ်ဦး​ဖြစ်​ခြင်း​ကို ဂုဏ်ယူ​မည့်​သူ​နည်းပါ​လိမ့်​မည်။

၁၁။ ကျွန်ုပ်​တို့သည် ဖာရိရှဲ​များနှင့် တစ်တန်း​စား​တည်း အဘယ်ကြောင့်​မဖြစ်​လို​ကြ​သနည်း။

၁၁ ကျမ်းစာ​နှင့် လောက​သမိုင်း​အထောက်အထား​များ​ကို လေ့လာ​ကြည့်​ရာ​တွင် ဖာရိရှဲ​များသည် လူထု​နှင့် တိုင်းပြည်​အကျိုးကို ဆောင်​သူများ​အဖြစ် မိမိတို့​ကိုယ်ကို​ယူမှတ်​ကြ​ကြောင်း နားလည်​ရသည်။ ဘုရားသခင့်​ပညတ်တော်​သည် အခြေခံ​အားဖြင့် ရှင်းလင်း​ပြတ်သား​ပြီး နားလည်​ရလွယ်​ကူ​သည်ကို သူတို့​ဘဝင်​မကျ​ခဲ့​ကြ​ချေ။ ပညတ်တရား​သည် ယတိပြတ်​တင်ပြ​ထား​ပုံ​မရှိသည့်​အခါတိုင်း​တွင် သိစိတ်ကို​အသုံးပြု​ဖို့ လိုအပ်မှု​ကို​ဖယ်ရှား​ရန် ပြဋ္ဌာန်းချက်​များ​ဖြင့် ထပ်ဆင့်​ထည့်သွင်း​ရန် သူတို့​ကြိုးပမ်း​ခဲ့​ကြသည်။ ဤ​ဘာသာရေး​ခေါင်းဆောင်​များသည် ကိစ္စရပ်​တိုင်း​၌ အမူအကျင့်ကို​ထိန်းချုပ်​ရန် အသေးအဖွဲ​ကိစ္စ​များ​တွင်​ပင် ပညတ်ချက်​ထုတ်​ဖို့​ကြိုးစား​ခဲ့​ကြသည်။ *

၁၂။ ဖာရိရှဲ​များသည် မိမိတို့​ကိုယ်ကို မည်သို့​ရှုမြင်ခဲ့​ကြ​သနည်း။

၁၂ ဖာရိရှဲ​များသည် သူတို့​ကိုယ်ကို​သူတို့ သနား​ကြင်နာ​သူ၊ တရား​မျှတ​သူ၊ သူတို့၏​လုပ်ငန်း​အတွက် အရည်အချင်း​ပြည့်မီ​သူများ​ဖြစ်​ကြသည်​ဟု ယူမှတ်​ကြ​ကြောင်း ပထမ​ရာစု​ဂျူး​သမိုင်း​ဆရာ ဂျိုစီဖတ်စ်​က အထင်အရှား​ဖော်ပြ​သည်။ သူတို့​ထဲ​မှ​အချို့​သည် ထိုသို့​ဖြစ်​ကောင်း​ဖြစ်​မည်​မှန်​၏။ ဤ​တွင် နိကောဒင်​ကို သင်​မှတ်မိ​ပေမည်။ (ယောဟန် ၃:၁၊ ၂; ၇:၅၀၊ ၅၁) အတန်​ကြာသော် သူတို့​ထဲ​မှ​အချို့​သည် ခရစ်ယာန်​လမ်းစဉ်​ကို တလိုတလား​လက်ခံခဲ့​ကြသည်။ (တမန်​တော် ၁၅:၅) ဖာရိရှဲ​များ​အစ​ရှိသည့် ဂျူး​အချို့​နှင့်​ပတ်သက်​၍ ခရစ်ယာန်​တမန်​တော်​ပေါလု​က “ထို​သူတို့သည် မှန်သော​ပညာ​မရှိ​သော်လည်း၊ ဘုရားသခင်​ဘက်၌ စိတ်အားကြီး​သည်” ဟု​ရေးသားခဲ့​၏။ (ရောမ ၁၀:၂) သို့ရာတွင် လူအများ​က သူတို့ကို မာန​ထောင်လွှား​သော၊ မောက်မာ​သော၊ မိမိကိုယ်ကို​ဖြောင့်မတ်​သည်​ဟု​ထင်​သော၊ အပြစ်ရှာ​သော၊ တရား​စီရင်​လို​သော သူ​တစ်ဖက်သားကို​နှိမ်​တတ်သော​သူများ​အဖြစ် ရှုမြင်ကြ​ကြောင်း ခရစ်ဝင်​ကျမ်း​များ​က ဖော်ပြ​သည်။

ယေရှု၏​ရှုမြင်ပုံ

၁၃။ ယေရှုသည် ဖာရိရှဲ​များနှင့်​ပတ်သက်​၍ အဘယ်အရာ​ပြောဆို​ခဲ့​သနည်း။

၁၃ ကျမ်းတတ်​များနှင့် ဖာရိရှဲ​များသည် ကြောင်​သူ​တော်​များ​ဖြစ်၏​ဟု ယေရှု​ပြစ်တင်​ရှုတ်ချခဲ့​သည်။ “သူတို့သည် . . . အလွန်​လေး​၍ ထမ်း​ခဲ​သော​ဝန်​တို့ကို​ပြင်ဆင်​၍ သူတစ်ပါး​ပခုံး​ပေါ်မှာ​တင်​တတ်ကြ​၏။ မိမိတို့​မူ​ကား လက်ဖျား​နှင့်​မျှ​မ​ရွှေ့​လို​ကြ။” လူ​တို့​အပေါ် သူတို့​တင်သော​ဝန်​မှာ လေး​ပင်​၍ ထမ်းပိုး​မှာ ကြမ်းတမ်း​လေ့​ရှိသည်။ ကျမ်းတတ်​များနှင့် ဖာရိရှဲ​များ​ကို ယေရှု​က “လူ​မိုက် . . . တို့” ဟူ၍ပင်​ခေါ်ဆို​ခဲ့​သေး​သည်။ လူ​မိုက်​တစ်ဦး​သည် ပြည်သူပြည်သား​တို့အတွက် အန္တရာယ်​ဖြစ်၏။ ကျမ်းတတ်​များနှင့် ဖာရိရှဲ​များ​ကို ယေရှု​က “လမ်းပြ​သော​လူ​ကန်း​တို့” ဟူ၍လည်း​ခေါ်ဆို​၍ သူတို့သည် “တရား​သဖြင့်​စီရင်ခြင်း၊ သူတစ်ပါးကို​သနားခြင်း၊ [တည်ကြည်] ခြင်း​တည်း​ဟူသော ပညတ်တရား​တွင် လေး​သော​အရာ​တို့ကို​ကား လှ​ပ်၍​ထား​ကြ” ၏​ဟု အတိအလင်း​ပြောဆို​ခဲ့​သည်။ ဖာရိရှဲ​ဆန်​သည်​ဟု ယေရှု​ယူမှတ်​သည်ကို မည်သူ​ခံ​လို​မည်​နည်း။—မဿဲ ၂၃:၁-၄၊ ၁၆၊ ၁၇၊ ၂၃

၁၄၊ ၁၅။ (က) မဿဲ​လေဝိ​နှင့် ယေရှု​ဆက်ဆံပုံ​တို့​က ဖာရိရှဲ​တို့​အကြောင်း အဘယ်အရာကို​ဖော်ပြ​သနည်း။ (ခ) ဤ​မှတ်တမ်း​မှ အဘယ်​အရေးကြီးသော​သင်ခန်းစာများ​ကို ကျွန်ုပ်​တို့​သင်ယူ​နိုင်​သနည်း။

၁၄ ခရစ်ဝင်​ကျမ်း​မှတ်တမ်းများ ဖတ်ရှု​သူအား​လုံး​နီးပါး​သည် ဖာရိရှဲ​အများစု​၏ အပြစ်ရှာ​တတ်သော​သဘောကို တွေ့မြင်​နိုင်​သည်။ အခွန်ခံ​မဿဲ​လေဝိ​ကို တပည့်​တစ်ဦး​ဖြစ်လာ​ရန် ယေရှု​ဖိတ်ခေါ်​ပြီး​နောက် လေဝိ​သည် ကိုယ်တော်​အတွက် ဧည့်ခံပွဲ​ကြီး​တစ်ခု​တည်ခင်း​ခဲ့​သည်။ မှတ်တမ်းက​ဤသို့​ဆို​၏– “ကျမ်း​ပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့​က၊ ‘သင်တို့သည်​အခွန်ခံ​သော​သူ၊ ဆိုးသော​သူတို့နှင့်​အတူ အဘယ်ကြောင့်​စားသောက်​ကြ​သနည်း’ ဟု တပည့်တော်​တို့ကို ကဲ့ရဲ့​ပြစ်တင်​ကြ​၏။ ယေရှုကလည်း၊ ‘. . . ဖြောင့်မတ်​သော​သူတို့ကို နောင်တ​သို့​ခေါ်​ခြင်း​ငှာ ငါ​လာ​သည်မဟုတ်။ ဆိုးသော​သူတို့ကို​ခေါ်​ခြင်း​ငှာ ငါ​လာ​သတည်း’ ဟု မိန့်တော်မူ၏။”—လုကာ ၅:၂၇-၃၂

၁၅ လေဝိ​ကိုယ်တိုင်​လည်း ထို​အချိန်တွင် ယေရှု​မိန့်ဆိုခဲ့​သော ဤ​စကား​ကို သဘောပေါက်ခဲ့​သည်– “ယဇ်​ပူဇော်​ခြင်း​အကျင့်​ထက် သနားခြင်း​ကရုဏာ​အကျင့်ကို ငါ​နှစ်သက်​၏ ဟူသော​ကျမ်း​စကား​ကို​နားလည်ခြင်း​ငှာ သင်တို့​သွား​၍​သင်​ကြလော့။” (မဿဲ ၉:၁၃) ဖာရိရှဲ​များသည် ဟေဗြဲ​ပရောဖက်​များ​၏​အရေးအသား​များ​ကို ယုံကြည်​သည်​ဟု​ဆို​ကြသော်လည်း ဟောရှေ ၆:၆ မှ​အဆိုပါ​စကား​ကို သူတို့​လက်မခံခဲ့​ကြ​ချေ။ ထုံးတမ်း​စဉ်​လာ​ကို မပျက်​မ​ကွက်​နာခံ​သောကြောင့် မှားသွား​လျှင် ဝန်မလေး​ကြ​ချေ။ ကျွန်ုပ်​တို့​တစ်ဦးစီ မိမိကိုယ်ကို ဤသို့​မေးမြန်း​နိုင်​သည်၊ ‘ကိုယ်ပိုင်​ထင်မြင်ချက်​ဖြစ်​ကြောင်း​ထင်ရှားသော၊ သို့​မဟုတ် သာမန်​အသိဉာဏ်​နှင့်​ဆိုင်သော စည်းမျဉ်း​အချို့​ကို အတိအကျ​လိုက်နာ​ဖို့​တောင်းဆို​သူ​တစ်ဦး​အဖြစ် ကျွန်ုပ်​နာမည်​ရထား​သလော။ သို့​မဟုတ် ကျွန်ုပ်​ကို သနား​ကြင်နာ​တတ်​သူ​တစ်ဦး​အဖြစ် လူ​တို့​ယူမှတ်​ကြ​သလော။

၁၆။ ဖာရိရှဲ​တို့၏​လမ်းစဉ်​ကား အဘယ်နည်း၊ သူတို့နှင့်​တူ​ခြင်း​ကို ကျွန်ုပ်​တို့​မည်သို့​ရှောင်နိုင်​သနည်း။

၁၆ ဖာရိရှဲ​များ​၏​ထုံးစံ​သည် သူတစ်ပါး​၏​အပြစ်​အနာအဆာ​များ—အမှန်ပင်​ဖြစ်စေ၊ ထင်ကြေး​မျှ​ဖြစ်စေ—ကို​အမြဲ​ရှာ​လေ့​ရှိကြ​ရာ လူ​တို့အား မိမိတို့​ကိုယ်ကို ခုခံ​ကာကွယ်​ရန် အမြဲ​အသင့်ရှိ​စေ​ကာ သူတို့၏​အားနည်းချက်များ​ကို သတိရ​နေ​စေ​သည်။ ဖာရိရှဲ​များသည် ပင်​စိမ်း၊ စ​မွှတ်​နှင့် ဇီ​ယာ​တို့​ကဲ့သို့​သော အသေးငယ်ဆုံး​အပင်များ​ကို ဆယ်ဖို့တစ်ဖို့​ပေး​သည့်​အတွက် မိမိတို့​ကိုယ်ကို​ဂုဏ်ယူ​ခဲ့​ကြသည်။ မိမိတို့သည် ဘာသာရေး​ကိုင်းရှိုင်း​ကြောင်းကို သူတို့၏​အဝတ်အစား​ဖြင့် တင်ပြ​ကြ​ပြီး လူမျိုးတော်ကို​လမ်းညွှန်​ဖို့ ကြိုးစား​ခဲ့​ကြသည်။ ကျွန်ုပ်​တို့၏​လုပ်ရပ်များ​ကို ယေရှု​ချမှတ်​ခဲ့​သော ပုံသက်သေ​နှင့်​ကိုက်ညီ​စေ​လိုလျှင် သူတစ်ပါး​၏​အပြစ်​အနာအဆာ​များ​ကို အမြဲ​ရှာ၍ ဖော်ပြ​လို​စိတ်​ကို ရှောင်ကြဉ်​ကြ​ရမည်။

ပြဿနာ​များ​ကို ယေရှု​မည်သို့​ကိုင်တွယ်​ဖြေရှင်း​ခဲ့​သနည်း

၁၇-၁၉။ (က) အလွန်​ဆိုးရွား​သော အကျိုးဆက်များ​ဖြစ်ပေါ်​စေနိုင်​သည့် အခြေအနေ​တစ်ခု​ကို ယေရှု​မည်သို့​ကိုင်တွယ်​ခဲ့​ကြောင်း ရှင်းပြပါ။ (ခ) အဘယ်အရာက ထို​အခြေအနေ​ကို ဖိစီးမှုများ​စေပြီး မ​နှစ်လိုဖွယ်​ဖြစ်စေ​ခဲ့​သနည်း။ (ဂ) ယေရှု​ထံ ထို​အမျိုးသမီး​ချဉ်းကပ်​ချိန်​၌ သင်​ရှိခဲ့​လျှင် မည်သို့​တုံ့ပြန်​ခဲ့​မည်​နည်း။

၁၇ ပြဿနာ​များ​ကို ယေရှု​ကိုင်တွယ်​ဖြေရှင်းပုံ​သည် ဖာရိရှဲ​များနှင့် လုံးဝ​ကွာခြား​သည်။ အလွန်​အရေးပါ​နိုင်သော အခြေအနေ​တစ်ခု​ကို ယေရှု​မည်သို့​ကိုင်တွယ်​ဖြေရှင်း​ခဲ့​ကြောင်း သုံးသပ်ကြည့်​ပါ။ ၁၂ နှစ်​တိုင်တိုင် သွေးသွန်နာ​စွဲ​သည့် အမျိုးသမီး​တစ်ဦး​နှင့်​ပတ်သက်​သည်။ ၎င်း​အဖြစ်အပျက်​ကို လုကာ ၈:၄၂-၄၈ တွင် သင်​ဖတ်ရှု​နိုင်​သည်။

၁၈ မာကု​၏​မှတ်တမ်းအရ ထို​အမျိုးသမီး​သည် “ကြောက်ရွံ့​တုန်လှုပ်” နေသည်​ဟု​ဆို​၏။ (မာကု ၅:၃၃) အဘယ်ကြောင့်​နည်း။ ဘုရားသခင့်​ပညတ်တော်​ကို သူ​ချိုးဖောက်​ခဲ့​သည်ကို သိ၍​ပင်​ဖြစ်​မည်။ ဝတ်ပြုရာ ၁၅:၂၅-၂၈ အရ၊ ပုံမှန်​အတိုင်း​မဟုတ်သော သွေးသွန်​သည့်​အမျိုးသမီး​တစ်ဦး​သည် သွေးသွန်​နေ​သမျှ​ကာလပတ်လုံး​အပြင် နောက်​တစ်ပတ်​အကြာ​အထိ မစင်ကြယ်​ပေ။ ထို့​ပြင် သူ တို့​ထိ​သည့်​အရာအားလုံး၊ သူနှင့်​တွေ့​ထိ​သူ​မှန်သမျှ မစင်ကြယ်​တော့​ချေ။ ဤ​အမျိုးသမီး​သည် ယေရှု​ထံ​ရောက်​နိုင်​ဖို့ လူအုပ်​ကြား​တိုးဝှေ့​ခဲ့​ရသည်။ အနှစ် ၂,၀၀၀ လွန်​လေ​ပြီး​နောက် ဤ​မှတ်တမ်း​ကို ကျွန်ုပ်​တို့​ဖတ်​ကြည့်​ကြသောအခါ သူ၏​အနေ​ရ​အထိုင်​ရ​ခက်​မှု​ကို သနား​မိ​ကြသည်။

၁၉ ထို​နေ့တွင် သင်​ရှိနေ​ခဲ့​လျှင် ၎င်း​အခြေအနေ​ကို သင်​မည်သို့​ရှုမြင်​မည်​နည်း။ သင် အဘယ်​သို့​ပြောဆို​ခဲ့​မည်​နည်း။ ယေရှုသည် ဤ​အမျိုးသမီး​ဖြစ်ပေါ်​စေ​ခဲ့​နိုင်​သည့် မည်သည့်​ပြဿနာ​ကို​မျှ အရိပ်အမြွက်​ပြော​ခြင်း​ပင်မ​ပြု​ဘဲ သူ့ကို ကြင်ကြင်နာနာ၊ မေတ္တာပါပါ စာနာမှု​ရှိ​ရှိ ဆက်ဆံ​ခဲ့​ကြောင်း​သတိပြုပါ။—မာကု ၅:၃၄

၂၀။ ဝတ်ပြုရာ ၁၅:၂၅-၂၈ သည် မျက်မှောက်ခေတ်​တောင်းဆိုချက်​တစ်ခု​ဖြစ်​ခဲ့​လျှင် အဘယ်​စိန်ခေါ်ချက်​ကို ကျွန်ုပ်​တို့​ရင်ဆိုင်​ရမည်​နည်း။

၂၀ ဤ​အဖြစ်အပျက်​မှ ကျွန်ုပ်​တို့​တစ်စုံတစ်ရာ သင်ယူ​နိုင်​သလော။ သင်သည် မျက်မှောက်ခေတ် ခရစ်ယာန်​အသင်းတော်​တစ်ခု​တွင် အကြီးအကဲ​တစ်ဦး​ဖြစ်သည်​ဆိုပါစို့။ ဝတ်ပြုရာ ၁၅:၂၅-၂၈ သည် မျက်မှောက်ခေတ် ခရစ်ယာန်​တောင်းဆိုချက်​တစ်ခု​ဖြစ်​ပြီး ခရစ်ယာန်​အမျိုးသမီး​တစ်ဦး​သည် ထို​ပညတ်​ကို​ကျူးလွန်​မိ​ကာ စိတ်​ချောက်ချား​၍ ခိုကိုးရာ​မဲ့​ဖြစ်နေ​သည်​ဆို​ကြပါစို့။ သင်​မည်သို့​တုံ့ပြန်​လိမ့်​မည်​နည်း။ မညှာ​တာ​သော​ပြစ်တင်​စကား​ဖြင့် သူ့ကို​ဆုံးမ​ပြီး လူ​သူ​ရှေ့​အရှက်ရ​စေမည်​လော။ “အိုး၊ ကျွန်တော်​ဘယ်တော့မှ အဲလို​လုပ်မှာ​မဟုတ်ဘူး! ယေရှုရဲ့​ပုံသက်သေ​ကို​အတု​ယူပြီး ကြင်နာ​မှု​ရှိ​ရှိ၊ မေတ္တာပါပါ၊ ထောက်ထား​စာနာမှု​ကို ကျွန်တော်​အတတ်နိုင်ဆုံး​ပြ​မယ်” ဟု​သင်​ဆို​ပေမည်။ အလွန်​ကောင်း​ပါ​သည်! သို့သော် ယင်းကို​ပြုလုပ်​ရန်၊ ယေရှု၏​နမူနာကို​အတုယူ​ရန်​မှာ စိန်ခေါ်ချက်​တစ်ခု​ဖြစ်သည်။

၂၁။ ပညတ်တော်​နှင့်​စပ်လျဉ်း၍ လူ​တို့ကို ယေရှု​အဘယ်အရာ​သင်ပေးခဲ့​သနည်း။

၂၁ အဓိက​အားဖြင့် လူတို့သည် ယေရှု​ကြောင့် လန်းဆန်းမှု​ရပြီး စိတ်အားတက်​ကြွလာ​ခဲ့​ကြသည်။ ဘုရားသခင့်​ပညတ်တော်​သည် တိကျ​ပြတ်သား​သောအခါ​တွင် ပြော​ထား​သည့်​အတိုင်း​ဆိုလို​သည်။ အတိအကျ​ပြောပုံ​မဟုတ်လျှင် လူတို့သည် သူတို့၏​သိစိတ်ကို​ပို​၍​အသုံးပြု​ရပြီး မိမိတို့၏​ဆုံးဖြတ်ချက်​များ​အားဖြင့် ဘုရားသခင်​ကို​ချစ်​ကြောင်း ဖော်ပြ​နိုင်​ကြသည်။ ပညတ်တော်​သည် သူတို့ကို​ပြောင်း​သာ​လွဲ​သာ​ရှိစေသည်။ (မာကု ၂:၂၇၊ ၂၈) ဘုရားသခင်​သည် မိမိ၏​လူမျိုးတော်ကို​ချစ်တော်မူ​၏၊ သူတို့​ကောင်းကျိုး​အတွက် အမြဲတစေ​လုပ်ဆောင်​တော်​မူ​၍ သူတို့​မှားယွင်းသော​အခါ ကရုဏာ​ပြဖို့​အသင့်ရှိ​တော်​မူ​၏။ ယေရှုလည်း​ထို​နည်းတူ​ပင်။—ယောဟန် ၁၄:၉

ယေရှု​သွန်သင်ချက်​များ​၏​ရလဒ်များ

၂၂။ ယေရှု​ထံ​မှ​သင်ယူခြင်း​ဖြင့် တပည့်တော်​များ​တွင် အဘယ်​စိတ်သဘောထား​ရှိခဲ့​ကြ​သနည်း။

၂၂ ယေရှု၏​စကား​ကို​နားထောင်ပြီး တပည့်​များ​ဖြစ်လာ​ကြ​သူတို့သည် “ငါ့​ထမ်းပိုး​သည် ထမ်း​လွယ်​၏။ ငါ့​ဝန်​လည်း​ပေါ့​၏” ဟူသော ကိုယ်တော့်​ကြေညာ​ချက် မှန်ကန်ကြောင်း သဘောပေါက်ခဲ့​ကြသည်။ (မဿဲ ၁၁:၃၀) သူတို့သည် ကိုယ်တော်​ကြောင့် ဝန်​လေး​သည်၊ စိတ်​အနှောင့်အယှက်​ဖြစ်သည် သို့​မဟုတ် ပြစ်တင်​ဆုံးမခြင်း​ခံရ​သည်​ဟု တစ်ခါမျှ​မခံစား​ခဲ့​ကြ​ချေ။ သူတို့သည် ဘုရားသခင်​နှင့်​လည်းကောင်း၊ အချင်းချင်း​နှင့်​လည်းကောင်း​ဆက်ဆံ​ရာ​တွင် သာ၍​လွတ်လပ်၊ ပျော်ရွှင်​၍ ယုံကြည်​စိတ်ချမှု​ပို​ရှိခဲ့​ကြသည်။ (မဿဲ ၇:၁-၅; လုကာ ၉:၄၉၊ ၅၀) ဝိညာဉ်​ရေး​ဘက် ဦးစီး​ဦးဆောင်​သူ​တစ်ဦး​ဖြစ်​ခြင်း​တွင် သူတစ်ပါးကို​လန်းဆန်းမှု​ရှိစေ​ခြင်း၊ နှိမ့်ချသော​စိတ်နှလုံး တင်ပြခြင်း​တို့​လို​ကြောင်း ကိုယ်တော့်​ထံ​မှ သူတို့​သင်ယူ​ခဲ့​ကြသည်။—၁ ကောရိန္သု ၁၆:၁၇၊ ၁၈; ဖိလိပ္ပိ ၂:၃

၂၃။ တပည့်တော်​များသည် ယေရှု​နှင့်အတူ​ရှိခဲ့​ခြင်း​မှ အဘယ်​အရေးပါသော​သင်ခန်းစာ​ရရှိခဲ့​ပြီး အဘယ်​ကောက်ချက်​များ​ချရန် အကူအညီ​ရခဲ့​သနည်း။

၂၃ ထို့​အပြင် လူအများသည် ခရစ်တော်​နှင့်​တစ်​စည်း​တစ်လုံးတည်း​ရှိနေခြင်း​နှင့် ကိုယ်တော်​တင်ပြ​ခဲ့​သော​စိတ်​သဘောထားကို လက်ခံ​ယူခြင်း​၏ အရေးပါမှု​ကို အလွန်​စွဲမှတ်​သွားခဲ့​ကြသည်။ တပည့်တော်​များ​အား ကိုယ်တော်​ဤသို့​မိန့်ဆိုခဲ့သည်– “ခမည်းတော်​သည် ငါ့ကို​ချစ်တော်မူ​သကဲ့သို့ ငါသည်​သင်တို့ကို​ချစ်​၏။ ငါ​၏​ချစ်ခြင်း​မေတ္တာ​၌​တည်​နေကြ​လော့။ ငါသည်​ငါ့​ခမည်းတော်​၏​ပညတ်​တို့ကို​စောင့်ရှောက်​၍ ခမည်းတော်​၏​မေတ္တာ​၌​တည်​နေ​သကဲ့သို့၊ သင်တို့သည် ငါ့​ပညတ်​တို့ကို​စောင့်ရှောက်​လျှင်၊ ငါ့​မေတ္တာ​၌​တည်​နေကြ​လိမ့်​မည်။” (ယောဟန် ၁၅:၉၊ ၁၀) သူတို့သည် ဘုရားသခင်​၏​အမှုဆောင်​များနှင့် ကျေးကျွန်​များ​အဖြစ် အောင်မြင်​လို​ကြ​မည်​ဆိုလျှင် ဘုရားသခင်​၏​တကယ်​ကောင်းသော​သတင်းကို လူသိရှင်ကြား ဟောပြောခြင်း​နှင့် သွန်သင်ခြင်း​၌​သာမက မိသားစု​နှင့် မိတ်ဆွေများ​နှင့်​ဆက်ဆံ​ရာ​တွင် ယေရှု​ထံ​မှ​သင်ယူ​ခဲ့​သမျှ​ကို ဝီရိယ​ရှိ​ရှိ​ကျင့်သုံး​ရန်လို​ပေမည်။ ညီအစ်ကို​များ​အသင်းအပင်း​သည် အသင်းတော်များ​အဖြစ် ကြီးထွား​လာသော​အခါ ကိုယ်တော့်​လမ်းစဉ်သည် လမ်းမှန်​ဖြစ်​ကြောင်း မိမိတို့​ကိုယ်ကို မိမိတို့ ထပ်ခါတလဲ​သတိပေး​ရန်လို​အပ်​ပေမည်။ ကိုယ်တော်​သွန်သင်​ခဲ့​ရာ​သည် အမှန်တရား​ဖြစ်​ပြီး သူတို့​တွေ့မြင်​ခဲ့​သော ကိုယ်တော်​၏​အသက်ရှင်ပုံ​သည် သူတို့​အမှန်​ကြိုးပမ်း​ရယူ​ရမည့် အသက်ရှင်ပုံ​ဖြစ်သည်။—ယောဟန် ၁၄:၆; ဧဖက် ၄:၂၀၊ ၂၁

၂၄။ ယေရှု၏​ပုံသက်သေ​မှ ကျွန်ုပ်​တို့​နှလုံး​သွင်း​သင့်​သည့်​အရာများ​ကား အဘယ်နည်း။

၂၄ ကျွန်ုပ်​တို့​ဆွေးနွေး​ခဲ့​ရာ​အချို့​ကို ယခု ပြန်လည်​သုံးသပ်ကြည့်​သောအခါ တိုးတက်​ရန်လို​အပ်​မည့်​နည်း​များ​ကို သင်​မြင်​သလော။ ယေရှုသည် အစဉ်သဖြင့် သင့်လျော်​စွာ စဉ်းစား၊ သွန်သင်​၍ ပြုမူ​တော်​မူ​ခဲ့​သည်​ဟု သင်​လက်ခံ​သလော။ သို့​ဖြစ်​လျှင် အားယူပါ။ ကျွန်ုပ်​တို့ကို ကိုယ်တော်​ဤသို့​အားပေး​သည်– “ဤ​အရာများ​ကို သင်တို့​သိ၍ သိ​သည်​အတိုင်း​ကျင့်​လျှင် မင်္ဂလာ​ရှိ [“ပျော်ရွှင်၊” က​ဘ] ကြ​၏။”—ယောဟန် ၁၃:၁၇

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 11 “[ယေရှု​နှင့်​ဖာရိရှဲ​တို့​စပ်ကြား] ကွာခြား​ချက်​ကို ဘုရားသခင်​နှင့်​ပတ်သက်​၍ ဆန့်ကျင်​သော သဘောပေါက်​နားလည်မှု​နှစ်မျိုး​ဖြင့်​သာ သိရှိ​ရသည်။ ဖာရိရှဲ​များ​က ဘုရားသခင်​သည် အဓိက​အားဖြင့် အတင်းအကျပ်​တောင်းဆိုချက်​များ​ပြုသူ​ဖြစ်သည်ဟု ဆို​၏; ယေရှု​အတွက်​မှာ​မူ ကိုယ်တော်​သည် သနား​ကြင်နာ​တတ်​ပြီး စာနာမှု​ရှိ၏။ ဘုရားသခင်​သည် ကောင်းမြတ်​၍ မေတ္တာ​ရှိကြောင်းကို ဖာရိရှဲ​တစ်ဦး မငြင်းဆို​ပါ၊ သို့သော် ဆုကျေးဇူး​အဖြစ်​ရရှိ​ထားသော တိုရာ [ပညတ်တရား] နှင့် ထို​တွင်​ပါ​သော တောင်းဆိုချက်​များ​ကို ဖြည့်စွက်​နိုင်​ခြေ​ရှိ​ခြင်း​တွင် ယင်း​တို့​ထင်ရှား​သည်​ဟု​ဆို​၏။ . . . နှုတ်​တိုက်​ထုံးတမ်း​စဉ်​လာ​နှင့် ပညတ်တရား​ကို​အနက်ဖွင့်​သည့် စည်းမျဉ်း​များ​ကို စောင့်ထိန်းခြင်း​သည် တိုရာ​ကျမ်း​ကို ကျေပွန်​စွာ​လိုက်နာ​သည့်​နည်း​ဖြစ်သည်ဟု ဖာရိရှဲက​ရှုမြင်​၏။ . . . ယေရှုသည် မေတ္တာ​တရား​ဆိုင်ရာ​ပညတ်​နှစ်ခု (မဿဲ ၂၂:၃၄-၄၀) ကို လက်ခံဖွယ်​အနက်ဖွင့်​ချက်​စံနှုန်း​အဖြစ်သို့ မြှင့်တင်​ခြင်း​နှင့် နှုတ်​တိုက်​ထုံးတမ်း​စဉ်​လာ​၏ ကန့်သတ်​ချုပ်ချယ်​သည့်​သဘောကို ငြင်းပယ်​ခဲ့​ခြင်း​က ဖာရိရှဲ​တို့၏​စဉ်းလဲ​သော​ဆင်ခြေမှု​နှင့် တခြား​စီ​ဖြစ်စေ​ခဲ့​သည်။”—ဓမ္မသစ်​ကျမ်း​၏​အပြည်ပြည်ဆိုင်ရာ​အဘိဓာန်​သစ်။

သင်​မည်သို့​ဖြေဆို​သနည်း

• ယေရှု၏​တပည့်​တစ်ဦး​ဖြစ်​ခြင်း​သည် သင့်အတွက်​အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။

• ယေရှုသည် လူ​တို့​နှင့် မည်သို့​ဆက်ဆံ​ခဲ့​သနည်း။

• ယေရှု၏​သွန်သင်နည်း​မှ ကျွန်ုပ်​တို့​အဘယ်အရာ​သင်ယူ​နိုင်​သနည်း။

• ယေရှုသည် ဖာရိရှဲ​များနှင့် မည်သို့​ကွာခြား​ခဲ့​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၈၊ ၁၉ ပါ ရုပ်ပုံ]

လူ​တို့​အပေါ် ယေရှု​ထား​ရှိသော သဘောထား​သည် ဖာရိရှဲ​များနှင့် ကွာခြား​လိုက်​လေ​ခြင်း!