စာရှုသူများထံမှမေးခွန်းလွှာ
စာရှုသူများထံမှမေးခွန်းလွှာ
မယုံကြည်သူခင်ပွန်းက ဘာသာရေးပွဲအခါကြီးရက်ကြီးများတွင် ပါဝင်ဆင်နွှဲသော် ခရစ်ယာန်ဖြစ်သူဇနီးသည် ခင်ပွန်းကိုလက်အောက်ခံခြင်းနှင့် ဘုရားသခင်အားတည်ကြည်ခြင်းကို မည်သို့ဟန်ချက်ညီစေနိုင်မည်နည်း။
သူသည် ထိုသို့ ပြုလုပ်ရာတွင် ဉာဏ်ပညာနှင့် လိမ္မာပါးနပ်မှု လိုအပ်လိမ့်မည်။ သို့သော် သူ၏တာဝန်နှစ်ခုကို ဟန်ချက်ညီစေရန် ကြိုးစားပြုလုပ်ရာတွင် မှန်ကန်ရာကိုလုပ်ကိုင်နေခြင်းဖြစ်သည်။ အလားတူအခြေအနေမျိုးတစ်ခုနှင့်စပ်လျဉ်း၍ ယေရှုက ဤသို့ညွှန်ကြားခဲ့သည်– “ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အား ဆက်ပေးကြလော့။” (မဿဲ ၂၂:၂၁) မှန်ပါသည်၊ ကိုယ်တော်က အစိုးရများနှင့်ဆက်နွှယ်သည့် တာဝန်များကိုဆိုလိုနေခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ယင်းအစိုးရများကို လက်အောက်ခံဖို့ ခရစ်ယာန်များ မှာကြားခံခဲ့ရသည်။ (ရောမ ၁၃:၁) သို့တိုင် ကိုယ်တော်၏ညွှန်ကြားချက်သည် မယုံကြည်သူခင်ပွန်းရှိသူ ဇနီးက ခင်ပွန်းကို ကျမ်းစာနှင့်အညီလက်အောက်ခံ၍ ဘုရားသခင်နှင့်ဆက်နွှယ်သည့်တာဝန်များကို ဟန်ချက်ညီညီ ဆောင်ရွက်ခြင်းကိစ္စနှင့်လည်း အလားတူဖြစ်နိုင်သည်။
ခရစ်ယာန်တစ်ဦး၏ အဓိကတာဝန်သည် အခါခပ်သိမ်း၌ အဆုံးမဲ့တန်ခိုးရှင်ဘုရားသခင်အား တည်ကြည်ခြင်းဖြစ်သည်ဟု ကျမ်းစာက အလေးအနက်ဖော်ပြကြောင်း ကျမ်းစာနှင့်အကျွမ်းတဝင်ရှိသူ မည်သူမဆိုငြင်းမည်မဟုတ်ချေ။ (တမန်တော် ၅:၂၉) သို့သော်လည်း အခြေအနေများစွာတွင် စစ်မှန်သောဝတ်ပြုသူတစ်ဦးသည် ဘုရားသခင်၏မြင့်မြတ်သောပညတ်တော်များကို မချိုးဖောက်ဘဲ အခွင့်အာဏာရှိသည့် မယုံကြည်သူ၏မေတ္တာရပ်ခံချက်များ သို့မဟုတ် အတင်းတောင်းဆိုချက်များကို လိုက်လျောပေးနိုင်၏။
ဒံယေလအခန်းကြီး ၃ တွင်ဖော်ပြထားသည့် ဟေဗြဲလူသုံးဦး၏ မှတ်သားလောက်ဖွယ်ပုံသက်သေကို ကျွန်ုပ်တို့တွေ့ ရှိရသည်။ သူတို့၏မင်းအာဏာစက် နေဗုခဒ်နေဇာသည် သူတို့နှင့်အခြားသူများကို ဒုရလွင်ပြင်သို့ ရောက်ရှိနေရန် အမိန့်ထုတ်ပြန်ခဲ့သည်။ ဗာဗုလုန်ဝတ်ပြုရေးအစီအစဉ်ရှိသည်ကို ဟေဗြဲလူသုံးဦးတို့ သိရှိထားကြရာ ထိုနေရာသို့ သူတို့သွားလိုကြမည်မဟုတ်ချေ။ ဒံယေလသည် * ထို့ကြောင့် သူတို့သည် တက်ရောက်နိုင်သလောက် အတိုင်းအတာအထိ လိုက်လျောခဲ့ကြသော်လည်း မှားယွင်းသောမည်သည့်လုပ်ရပ်တွင်မဆို မပါဝင်နိုင်၊ ပါဝင်ခဲ့ခြင်းလည်းမရှိချေ။—ဒံယေလ ၃:၁-၁၈။
မသွားရောက်ဖို့ အကြောင်းပြနိုင်ခဲ့ဖွယ်ရှိသော်လည်း အဆိုပါသုံးဦးမှာမူ အကြောင်းမပြနိုင်ခဲ့ကြချေ။အလားတူ၊ အခါကြီးရက်ကြီးများ၌ မယုံကြည်သူခင်ပွန်းသည် သူ၏ခရစ်ယာန်ဇနီး မပြုလုပ်လိုသောအရာတစ်ခုခုကို ပြုလုပ်ရန် မေတ္တာရပ်ခံပေမည်၊ သို့မဟုတ် အတင်းတောင်းဆိုပေမည်။ ဥပမာအချို့ကို စဉ်းစားသုံးသပ်ကြည့်ပါ– သူနှင့်အခြားသူများ ကျင်းပကြမည့် အခါကြီးရက်ကြီးတွင် အစာတစ်မျိုးတစ်မည်ကို ချက်ပြုတ်ပေးဖို့ပြောဆိုပေမည်။ သို့မဟုတ် ထိုနေ့ရက်တွင် မိသားစု (သူ၏ဇနီးအပါအဝင်) သည်သူ၏ဆွေမျိုးများထံ စားသောက်ရန် သို့မဟုတ် အလည်သက်သက် လည်ပတ်ရန် သွားရမည်ဟု အတင်းတောင်းဆိုပေမည်။ သို့မဟုတ် အခါကြီးရက်ကြီးမတိုင်မီ သူ၏ဇနီး ဈေးဝယ်ထွက်လျှင် သူ့အတွက် ပစ္စည်းအချို့—အခါကြီးရက်ကြီးအတွက် အစားအသောက်များ၊ လက်ဆောင်ပစ္စည်းများ၊ ထုပ်ပိုးရန်စက္ကူနှင့် လက်ဆောင်များနှင့်အတူပေးရန်ကတ်များ—ဝယ်ပေးရမည်ဟုပြောဆိုပေမည်။
ဤတွင် တစ်ဖန် ခရစ်ယာန်ဇနီးက ဗာဗုလုန်ဘာသာရေးလုပ်ရပ်များတွင် မပါဝင်ဟု ဆုံးဖြတ်ထားမည်ဖြစ်သော်လည်း ဤသို့သောမေတ္တာရပ်ခံချက်များနှင့်ပတ်သက်၍ကော အသို့နည်း။ သူသည် အိမ်ထောင်ဦးစီးဖြစ်၏၊ ဘုရားသခင့်နှုတ်မြွက်တော်ကလည်း ဤသို့ဆို၏– “အချင်းမိန်းမတို့၊ သခင်ဘုရား၌လျောက်ပတ်သည်အတိုင်း ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။” (ကောလောသဲ ၃:၁၈) အဆိုပါကိစ္စများတွင် ဇနီးက ဘုရားသခင်အား တည်ကြည်မှုရှိစဉ် လက်အောက်ခံခြင်းကို တင်ပြနိုင်မည်လော။ သူသည် ယေဟောဝါအား သာလွန်သောနာခံမှုနှင့် ခင်ပွန်းအား နာခံမှုတို့ကို မည်သို့ဟန်ချက်ညီစေရန် ဆုံးဖြတ်ပြုလုပ်ရပေမည်။
အခြားအချိန်အခါများ၌ သူ၏ခင်ပွန်းသည် သူကြိုက်နှစ်သက်ရာ၊ သို့မဟုတ် အထူးအချိန်အခါတွင် သူစားသုံးလေ့ရှိသော ဟင်းလျာတစ်ခွက်ကို ချက်ပြုတ်ပေးရန် တောင်းဆိုပေမည်။ သူသည် ခင်ပွန်းကိုချစ်သည့်မေတ္တာနှင့် ခင်ပွန်း၏ဦးစီးမှုကို အသိအမှတ်ပြုကြောင်း တလိုတလားဖော်ပြလိုပေမည်။ အခါကြီးရက်ကြီးတွင် ခင်ပွန်းတောင်းဆိုသည့်အရာကို ပြုလုပ်ပေးနိုင်သလော။ ခရစ်ယာန်ဇနီးအချို့သည် နေ့စဉ်ချက်ပြုတ်ပေးသည့် ပုံမှန်အလုပ်တစ်ခုအဖြစ် ယင်းကို ရိုးရိုးလေးစဉ်းစားပြီး စင်ကြယ်သောသိစိတ်နှင့် လုပ်ဆောင်ပေးနိုင်ကြပေမည်။ မိမိ၏ခင်ပွန်းက အခါကြီးရက်ကြီးအဖြစ် သတ်မှတ်၍ကျင်းပလျှင်ပင် တည်ကြည်သောခရစ်ယာန်တစ်ဦးသည် ထိုသို့အမှန်ပင် ယူမှတ်လိမ့်မည်မဟုတ်ပေ။ အလားတူ၊ လစဉ် သို့မဟုတ် နှစ်စဉ် အချိန်အသီးသီးတွင် သူ၏ဆွေမျိုးများထံ လည်ပတ်သောအခါ ဇနီးပါအတူလိုက်လာရန် တောင်းဆိုပေမည်။ အခါကြီးရက်ကြီးဖြစ်နေလျှင် လိုက်သွားနိုင်ပါသလော။ သို့မဟုတ် မိမိဈေးဝယ်ထွက်စဉ် ခင်ပွန်းအတွက် ဝယ်လာပေးသောပစ္စည်းများကို သူအဘယ်အတွက်အသုံးပြုမည်ကို မမေးမြန်းဘဲ သူဝယ်စေလိုသောပစ္စည်းများကို စိတ်လိုကိုယ်လျောက်ဝယ်လာပေးနိုင်မည်လော။
အမှန်မှာ၊ ခရစ်ယာန်ဇနီးသည် အခြားသူများအပေါ် မည်သို့သောသက်ရောက်မှုရှိမည်ကို ထည့်သွင်းစဉ်းစားသင့်သည်။ (ဖိလိပ္ပိ ၂:၄) ဟေဗြဲလူသုံးဦးသည် ဒုရလွင်ပြင်သို့ ခရီးထွက်လာနေကြစဉ် မိမိတို့ကို အခြားသူများ မမြင်ရန်ပိုမိုလိုလားမည်ဖြစ်သကဲ့သို့ ခရစ်ယာန်ဇနီးသည် ထိုအခါကြီးရက်ကြီးနှင့် မိမိပတ်သက်နေသည်ဟု မည်သူ့ကိုမျှ ထင်မှတ်စေလိုမည်မဟုတ်ပေ။ ထို့ကြောင့် ခင်ပွန်းကိုချစ်ပြီးရိုသေသော ဇနီး၏ခံစားချက်များကို ညှာတာ၍လိုက်လျောရန် အခါကြီးရက်ကြီးနှင့်ပတ်သက်ရာများကို သူ့ဘာသာသူပြုလုပ်ဖို့ ဇနီးသည်က လိမ္မာပါးနပ်စွာ ကြိုးစားဆင်ခြင်၍ တောင်းဆိုမည်။ ဗာဗုလုန်ဘာသာတရားလုပ်ရပ်များတွင်ပါဝင်ရန် ဇနီးဖြစ်သူငြင်းဆိုလျှင် နှစ်ဦးစလုံး စိတ်အနှောင့်အယှက်ဖြစ်နိုင်ဖွယ်အခြေအနေကို ရှောင်ကြဉ်ခြင်း၏ဉာဏ်ပညာလမ်းစဉ်ကို သူသဘောပေါက်ပေမည်။ မှန်ပါသည်၊ အေးဆေးစွာ ကြိုတင်ဆွေးနွေးထားခြင်းက အေးဆေးငြိမ်သက်သော ဖြေရှင်းချက်ရရှိစေပေလိမ့်မည်။—သု. ၂၂:၃။
နောက်ဆုံး၌ တည်ကြည်သောခရစ်ယာန်သည် အချက်အလက်များကို ချင့်ချိန်ပြီးနောက် မည်သို့ပြုလုပ်ရမည်ကို ဆုံးဖြတ်ရမည်။ ဟေဗြဲလူသုံးဦးကဲ့သို့ ဘုရားသခင်အားနာခံခြင်းကို ရှေးဦးထားရမည်ဖြစ်သည်။ (၁ ကောရိန္သု ၁၀:၃၁) သို့သော် ၎င်းကို စိတ်ထဲမှတ်ထားလျက်၊ ခရစ်ယာန်တစ်ဦးစီသည် မိသားစုတွင် သို့မဟုတ် ရပ်ကွက်တွင် အခွင့်အာဏာရှိသူ၏တောင်းဆိုချက်မှ အဘယ်အရာများကို လိုက်လျောနိုင်ကြောင်း ကိုယ်တိုင်ဆုံးဖြတ်ရမည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 5 ၂၀၀၁၊ ဩဂုတ် ၁ ရက်ထုတ် ကင်းမျှော်စင် မှ “စာရှုသူများထံမှမေးခွန်းလွှာ” ကိုရှုပါ။