မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တလိုတလားစိတ်ထားက လူတို့ကို ဂိလဒ်သို့ပို့ဆောင်

တလိုတလားစိတ်ထားက လူတို့ကို ဂိလဒ်သို့ပို့ဆောင်

တလိုတလား​စိတ်ထား​က လူ​တို့ကို ဂိလဒ်​သို့​ပို့ဆောင်

ဂိလဒ်​ကင်းမျှော်စင်​သမ္မာကျမ်းစာ​ကျောင်း​သည် တိုင်းတစ်ပါး [ခရစ်ယာန်]သာသနာပြု​လုပ်ငန်း​အတွက် ဆက်ကပ်​အပ်နှံ​ထားသော အမျိုးသား၊ အမျိုးသမီးများ​ကို လေ့ကျင့်ပေး​လျက်​ရှိသည်။ မည်သူ​တို့ ဂိလဒ်​တက်​ကြ​သနည်း။ တလိုတလား​စိတ်ထား​ရှိ​သူများ​ပင်။ (ဆာလံ ၁၁၀:၃) ၁၁၁ ကြိမ်​မြောက် ကျောင်းဆင်း​ချိန် ၂၀၀၁၊ စက်တင်ဘာ ၈ ရက်​နေ့တွင် ထို​စိတ်ထား​ပေါ်လွင်​ထင်ရှား​ခဲ့​၏။

ထို​သင်တန်း​မှ ကျောင်းသား​အချို့​သည် သာ၍​လိုအပ်​လျက်​ရှိသော​နေရာများ​တွင် အမှုဆောင်​ကြ​ရန် မိသားစု၊ မိတ်ဆွေများ​နှင့် ဇာတိ​နိုင်ငံ​တို့ကို တလိုတလား​စွန့်ခွာ​ခဲ့​ကြပြီ။ ထိုသို့​စွန့်ခွာ​ခဲ့​ကြ​ရာ​တွင် အတော်အတန်​ခြားနား​မည့် ပတ်ဝန်းကျင်​အသစ်​တစ်ခု​၌ နေနိုင်၊ မနေနိုင် သူတို့​ကိုယ်ကို​သူတို့ ဆန်းစစ်​ခဲ့​ကြ​၏။ ဥပမာ၊ ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း​ပျံ့နှံ့​ရေး​အတွက် ရီ​ချက်​နှင့် နာ​တာ​လီ​တို့သည် ဘိုလီးဗီးယား​နိုင်ငံ​သို့၊ တော့​ဒ်​နှင့် မ​စ်​ချယ်​လ်​တို့သည် ဒိုမီနီကန်​သမ္မတနိုင်ငံ​သို့၊ ဒေးဗစ်​နှင့် မို​နီ​ခ်​တို့သည် အာရှနိုင်ငံ​တစ်နိုင်ငံ​သို့ ပြောင်းရွှေ့​ကြဖို့ သူတို့၏​ဝေယျာဝစ္စ​များ​ကို စီစဉ်​ခဲ့​ကြသည်။ အခြား​ကျောင်းသား​များ​မူ နီကာရာဂွာ၊ အီကွေဒေါ​နှင့် အယ်လ်ဘေးနီးယား​တို့​တွင် အမှုဆောင်​နှင့်​ခဲ့ပြီ​ဖြစ်သည်။

ခရစ္စတီး​သည် အထက်တန်း​ကျောင်းတွင် စပိန်​ဘာသာ​စကား​သင်ယူခဲ့ရာ သူ​လက်မထပ်မီ အီကွေဒေါ​တွင် နှစ်နှစ်​နေထိုင်ရန် အထောက်အကူ​ရခဲ့​သည်။ အခြားသူများ​က​လည်း မိမိတို့​ဇာတိ​နိုင်ငံ​များ​တွင် နိုင်ငံ​ခြား​ဘာသာ​စကားပြော အသင်းတော်များ​နှင့် ပူးပေါင်း​ခဲ့​ကြ​၏။ ဆော​လ်​နှင့် ပ​ရ​စ္စ​လာ​တို့​မှာ​မူ ဂိလဒ်​ကျောင်း​မ​တက်​မီ အင်္ဂလိပ်စာ​တိုးတက်​ရန် ကြိုးစား​အားထုတ်​ခဲ့​ကြ​ခြင်း​ဖြင့် တလိုတလား​စိတ်ထား​ကို တင်ပြ​ကြသည်။

အပတ် ၂၀ ကြာ​ခရစ်ယာန်​သာသနာပြု​သင်တန်း​သည် အကုန်​မြန်​လှ​၏။ သင်တန်းဆင်း​သော​နေ့တွင် ကျောင်းသား​များသည် မိတ်ဆွေများ၊ မိသားစု​တို့​နှင့်အတူ ပညာရှိ​ဆုံးမ​စကား​နှင့် နှုတ်ဆက်​အားပေး​စကား​များ​ကို ကြားနာ​ခဲ့​ကြသည်။

အစီအစဉ်​သဘာပတိ​မှာ ယေဟောဝါသက်သေ​များ​၏ အုပ်ချုပ်ရေးအဖွဲ့ဝင်​ဖြစ်​ပြီး ခု​နစ်​ကြိမ်​မြောက်​ဂိလဒ်​ကျောင်းဆင်း သီအိုဒေါရ် ဂျဲရက်စ်​ဖြစ်၏။ ဂိလဒ်​၌ ကျောင်းသား​များ​ကို လေ့ကျင့်ပေး​ရခြင်း​၏​ရည်ရွယ်ချက်မှာ နိုင်ငံ​အရပ်ရပ်ရှိ​သမျှ​တွင် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ဟောပြောရန်​ဖြစ်​ကြောင်းကို အဖွဲ့အစည်း​သည် ဘယ်​သောအခါ​မျှ​မမေ့လျော့​ဟု သူ၏​နိဒါန်း​တွင် အလေးပေး​ဖော်ပြ​ခဲ့​သည်။ (မာကု ၁၃:၁၀) အရည်အချင်း​ပြည့်မီ​သော ကျောင်းသား​များသည် ယခင်​က​ထက် ဟောပြောခြင်း​လုပ်ငန်း​ကို ပိုမို​ကျယ်ပြန့်​စွာ​ထမ်းဆောင်​နိုင်​ရန်၊ လေ့ကျင့်​ထားပြီး​သော ခရစ်ယာန်​သာသနာပြု​များ အထူး​လိုအပ်​နေသည့် ကမ္ဘာ့​ဒေသ​များ​တွင် အမှုဆောင်​နိုင်​ရန် ဂိလဒ်​ကျောင်း​က ပြင်ဆင်​ပေး​လျက်​ရှိ၏။ သင်တန်းသား​များ​ကို တာဝန်ချ​မည့် ၁၉ နိုင်ငံ​တွင် လက်ရှိ​အမှုဆောင်​နေကြ​သော ခရစ်ယာန်​သာသနာပြု​များနှင့် ပူးပေါင်း​ပြီး သူတို့၏​ဂိလဒ်​လေ့ကျင့်မှု​ကို ကောင်းစွာ​အသုံးချ​ကြဖို့ ကျောင်းသား​များ​အား ညီအစ်ကို​ဂျဲရက်စ်​က သတိပေး​ခဲ့​၏။

ကျောင်းဆင်း​များ​အတွက် အခန့်သင့်​အကြံဉာဏ်

ထို့နောက် ဟောပြောချက် တစ်ခု​ပြီး​တစ်ခု ကြားနာ​ခဲ့​ကြ​ရသည်။ အမေရိကန်​ပြည်ထောင်စု​၏ ဌာနခွဲ​ကော်မတီဝင် ဝီလျံ ဗဲန် ဒီ ဝေါ​လ်​သည် “ခရစ်ယာန်​သာသနာပြု​ဇွဲ—ခရစ်ယာန်စစ်​များ​၏​အမှတ်အသား” အကြောင်း​ဟောပြောခဲ့​သည်။ သူသည် မဿဲ ၂၈:၁၉၊ ၂၀ တွင်​ပါ​သော “တပည့်​ဖြစ်စေ” ခြင်း​တာဝန်​ကို အာရုံစိုက်​စေ​ကာ “ခရစ်ယာန်​သာသနာပြု​တာဝန်​ကို ဇွဲ​န​ပဲ​နဲ့​လုပ်ဆောင်​သွားခဲ့တဲ့ ယေရှုကို​တုပ​ကြ​ပါ” ဟု​ကျောင်းသား​များ​ကို တိုက်တွန်း​ခဲ့​၏။ ခရစ်ယာန်​သာသနာပြု​လုပ်ငန်း​ကို ဇွဲ​န​ပဲ​နှင့်​လုပ်ဆောင်​သွား​နိုင်​ကြ​ရန် [ခရစ်ယာန်]သာသနာပြု​လောင်း​များ​ကို ဤသို့​အားပေးခဲ့​သည်– “လက်တွေ့ကျ​ဇယား​တစ်ခု ထား​ပါ; ကိုယ်ပိုင်​လေ့လာမှု အကျင့်ကောင်း​တွေ​ကို ထိန်းသိမ်းပါ; သီအိုကရက်တစ်​ရေးရာ​တွေ​နဲ့ ရင်ပေါင်တန်းနေပါ; သင်​တာဝန်​ထမ်းဆောင်​ရတဲ့​နေရာမှာ ရောက်ရှိ​နေရ​တဲ့​အကြောင်းရင်းကို မပြတ်​တမ်း​အာရုံစိုက်ပါ။”

အစီအစဉ်​အရ ဆက်​ဟောပြောသူ​မှာ အုပ်ချုပ်ရေးအဖွဲ့ဝင် ဂို​င် ပီယပ်စ်​ဖြစ်သည်။ သူက “‘သင်၏​ဆင်ခြင်​သုံးသပ်နိုင်စွမ်း’ ကို​ဆက်၍​ပျိုးထောင်​လော့” အကြောင်းကို ဟောပြောခဲ့​သည်။ (ရောမ ၁၂:၁) သင်တန်းဆင်း​များ​ကို လက်တွေ့ကျ​အကြံဉာဏ်​ပေး​၍ ဘုရားသခင်​ပေး​စဉ်းစား​ဆင်ခြင်​နိုင်စွမ်း​ကို အသုံးပြုရန် အားပေးခဲ့​သည်။ “ကျမ်းစာ​ကနေ ယေဟောဝါ​ပြော​တာတွေကို အလေးအနက်​ထား အမြဲ​တွေးတော​ဆင်ခြင်​ပါ။ အဲဒါ​က သင်တို့ကို ကာကွယ်​ပေး​လိမ့်မယ်” ဟု​သူ​ပြော​ခဲ့​သည်။ (သု. ၂:၁၁) “ဆင်ခြင်​သုံးသပ်နိုင်စွမ်း” ကို​အတားအဆီး​မဖြစ်စေ​ရန် တစ်ယူသန်​မဖြစ်​ကြဖို့​လည်း သင်တန်းသား​များ​ကို ညီအစ်ကို​ပီယပ်စ်​က သတိပေး​ခဲ့​၏။ ခရစ်ယာန်​သာသနာပြု​များ​အဖြစ် ကျောင်းဆင်း​များ​အမှုဆောင်​ကြ​ရာ​တွင် အဆိုပါ​အခန့်သင့်​သတိပေး​ချက်​များသည် အထောက်အကူ​ပေး​ပါ​လိမ့်​မည်။

ထို့နောက် သဘာပတိ​သည်​ဂိလဒ်​သင်တန်းပို့ချ​သူ လော​ရဲ​န့်စ် ဘို​ဝင်​န်​ကို​မိတ်ဆက်​ပေး​ခဲ့​ပြီး သူက “အဘယ်အရာကို​မျှ​မသိ​ဟု စိတ်​ပြဋ္ဌာန်း​လော့” အကြောင်းကို ဟောပြောခဲ့​၏။ တမန်​တော်​ပေါလု​သည် ကောရိန္သု​မြို့တွင် ခရစ်ယာန်​သာသနာပြု​လုပ်ငန်း​ထမ်းဆောင်​ရာ​တွင် သူသည် ‘ယေရှု​ခရစ်​တည်း​ဟူသော သစ်တိုင်​မှာ အသေခံ​တော်​မူ​သော​သူ​မှတစ်ပါး အဘယ်အရာကို​မျှ​မသိ​ဟု စိတ်​ပြဋ္ဌာန်း’ ခဲ့​ကြောင်း​ဖော်ပြ​သည်။ (၁ ကောရိန္သု ၂:၂) စကြဝဠာ​တွင် စွမ်းအား​အကြီးမားဆုံး​ဖြစ်သည့် သန့်ရှင်းသော​ဝိညာဉ်တော်သည် သမ္မာကျမ်းစာ​တစ်အုပ်လုံး​တွင် ဖော်ပြ​ထားသော ကတိထားရာ​မျိုးနွယ်​အားဖြင့် ယေဟောဝါ​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးခွင့်​ကို သံသယ​ကင်း​စေခြင်း​သတင်းတရားကို ထောက်ပံ့​နေကြောင်း ပေါလု​သိ​သည်။ (ကမ္ဘာဦး ၃:၁၅) “စင်ကြယ်သော​တရား​စကားပုံ​စံ” ကို​စွဲကိုင်​၍ ပေါလု​နှင့် တိမောသေ​တို့​ကဲ့သို့ အောင်မြင်​သော​ခရစ်ယာန်​သာသနာပြု​များ​ဖြစ်​ကြ​ရန် ကျောင်းဆင်း ၄၈ ဦး​ကို တိုက်တွန်း​ခဲ့​၏။—၂ တိမောသေ ၁:၁၃က​ဘ။

အဖွင့်​ဟောပြောချက်​များ​၏ နောက်ဆုံး​ဟောပြောချက်မှာ “ဘုရားသခင်​ထံ​မှ ဆု​ဖြစ်သော သင်၏​အခွင့်ထူး​ကို ကျေးဇူး​တင်​လေးမြတ်​လော့” ဖြစ်၏။ လုပ်ငန်းတော်​အခွင့်အရေး​များသည် ရ​သင့်​ရထိုက်​သော​အခွင့်အရေး​မဟုတ်ဘဲ ဘုရားသခင်​၏​မခံစားထိုက်သော​ကရုဏာ​ကြောင့် ရရှိခဲ့​ခြင်း​ဖြစ်သည်​ကို ဂိလဒ်​ကျောင်း​၏​မော်ကွန်းထိန်း​ဖြစ်သူ ဝေါ​လ်​လေး​စ် လစ်​ဗာ​ရန်​စ်​က ကျောင်းဆင်း​များ​အား သဘောပေါက်​စေ​ခဲ့​သည်။ တမန်​တော်​ပေါလု​၏ ပုံ​နမူနာကို​ထောက်ပြ​ပြီး ညီအစ်ကို​လစ်​ဗာ​ရန်​စ်​က ဤသို့​ပြော​သည်– “ပေါလု​ကို တစ်ပါး​အမျိုးသားတွေ​အတွက် တမန်​တော်​အဖြစ် ယေဟောဝါ​ရွေးချယ်​ခဲ့​တာ​ဟာ သူရဲ့​အလုပ်​ကြောင့်​မဟုတ်ဘူး၊ အလုပ်​ကြောင့်​ရွေးချယ်​လိုက်တယ်​ဆိုရင် အဲဒီ​တာဝန်​ကို ပေါလု​ရထိုက်တဲ့​ပုံ​ပေါက်​သွားမယ်။ လုပ်​သက် ဒါမှ​မဟုတ် အရည်အချင်း​အပေါ်လည်း မူ​မတည်​ဘူး။ လူ့​ရှုထောင့်​က​ကြည့်​ရင် ဗာနဗ​ကို​ရွေးချယ်​ထိုက်​ပုံ​ရတယ်။ ကိုယ်ပိုင်​အစွမ်းအစ​ကြောင့်​မဟုတ်ဘူး; ပေါလု​ထက် အာပေါလုက ပို​ပြီး​စကားပြော​တော်​တဲ့​သူ​ဖြစ်တယ်။ ဘုရားသခင်​ရဲ့​မခံစားထိုက်​တဲ့​ကရုဏာ​ကြောင့်​ပါ​ပဲ။” (ဧဖက် ၃:၇၊ ၈) အခြား​သူများကို ဘုရားသခင့်​မိတ်ဆွေ​ဖြစ်လာ​စေရန်၊ ‘ငါ​တို့​သခင်​ယေရှု​ခရစ်​အားဖြင့် ဘုရားသခင်​ပေး​တော်​မူ​သော ထာဝရ​အသက်ဆု​ကျေးဇူးတော်’ ကို​လက်ခံသူ​များ​ဖြစ်လာ​စေရန် မိမိတို့၏​ဆု သို့​မဟုတ် လုပ်ငန်းတော်​အခွင့်အရေး​ကို အသုံးချ​ကြဖို့ ကျောင်းဆင်း​များ​အား ညီအစ်ကို​လစ်​ဗာ​ရန်​စ်​က တိုက်တွန်း​ခဲ့​သည်။—ရောမ ၆:၂၃

ထို့နောက် ဂိလဒ်​သင်တန်းပို့ချ​သူ​နောက်​တစ်ဦး မာ့ခ် နူ​မဲ​ရ်​သည် “အသင့်​ပြင်ဆင်ခြင်း​က ရလဒ်ကောင်း​များ​ကို​ဖြစ်ပေါ်​စေ” အကြောင်းကို​အခြေခံ​၍ ကျောင်းသား​အတော်များများ​နှင့် အပြန်အလှန်​ဆွေးနွေး​ခဲ့​၏။ (သု. ၂၁:၅) အမှုဆောင်​တစ်ဦး​သည် ခရစ်ယာန်​ဓမ္မ​အမှု​အတွက် အထူးသဖြင့် သူ၏​စိတ်နှလုံး​ကို အသင့်ပြင်​ဆင်​သောအခါ လူ​တို့ကို အမှန်တကယ်​စိတ်ဝင်စား​လာ​ကြ​မည်​ဟု တွေ့ကြုံမှု​များ​က​ဖော်ပြ​သည်။ သို့ဖြင့် သူသည် စကား​စ​ရှာ​မရ ဖြစ်​မည်​မဟုတ်​ချေ။ ယင်းအစား၊ လူ​တို့ကို ဝိညာဉ်​ရေး​အရ အကျိုးပြု​မည့်​စကား​များ​ကို​ပြော​ပြီး အကူအညီ​ဖြစ်စေ​မည့်​အရာများ​ကို ပြုလုပ်​ကြလိမ့်မည်။ ညီအစ်ကို​နူ​မဲ​ရ်​သည် အာဖရိက​နိုင်ငံ​မှ မိမိ၏​ခရစ်ယာန်​သာသနာပြု​အတွေ့အကြုံကို အခြေခံ​၍ “အဲဒါ​က အောင်မြင်​တဲ့​ခရစ်ယာန်​သာသနာပြု​ရဲ့ သော့ချက်​ပဲ” ဟု​ပြောပြ​ခဲ့​သည်။

ခရစ်ယာန်​သာသနာပြု​လုပ်ငန်း—ကျေနပ်ဖွယ်​ကောင်းသော​အလုပ်

ရာ့ဖ် ဝေါ​လ်​နှင့် ချားလ်စ် ဝပ်​ဒီ​တို့သည် အထူး​လေ့ကျင့်မှု​အတွက် ပက်​တာ​စင်​ပညာပေး​ဌာန​တွင် ရောက်ရှိ​နေကြ​သော အတွေ့အကြုံ​ရှိ ခရစ်ယာန်​သာသနာပြု​အချို့​ကို လူတွေ့မေးမြန်း​ခဲ့​ကြ​၏။ ထို​လူတွေ့မေးမြန်းခန်း​များ​က ခရစ်ယာန်​သာသနာပြု​လုပ်ငန်း​တွင် ရွှင်လန်းမှု​ပေး​သည်​မှာ လူ​တို့ကို​ချစ်​သည့်​မေတ္တာ​ဖြစ်​ကြောင်း အထူး​ပေါ်လွင်​စေ​ခဲ့​သည်။ ခရစ်ယာန်​သာသနာပြု​လုပ်ငန်း​သည် အဘယ်ကြောင့်​ကျေနပ်ဖွယ်​ကောင်းသော​အလုပ်​ဖြစ်​ရ​ကြောင်း အဆိုပါ​အတွေ့အကြုံ​ရှိ ခရစ်ယာန်​သာသနာပြု​များ​၏ ရှင်းပြချက်​များသည် နားထောင်​နေကြ​သူ ကျောင်းသား​များနှင့် ပရိသတ်​ထဲ​ရှိ သူတို့၏​မိသားစု​များ၊ မိတ်ဆွေများ​အတွက် အားရှိစရာ​ပင်​ဖြစ်၏။

အုပ်ချုပ်ရေးအဖွဲ့ဝင်​ဖြစ်သော ဂျွန် အီး. ဘားရ်​က ထို​နေ့​အတွက် အဓိက​ဟောပြောချက်​ဖြစ်သည့် “ယေဟောဝါ​အား အသစ်​သော​သီချင်းကို​ဆို​ကြလော့” အကြောင်းကို​ဟောခဲ့​သည်။ (ဟေရှာယ ၄၂:၁၀) သမ္မာကျမ်းစာ​တွင် “အသစ်​သော​သီချင်း” ကိုကိုး​ကြိမ်​ဖော်ပြ​ထား​သည်​ဟု ညီအစ်ကို​ဘားရ်​က ပြောပြ​သည်။ “အသစ်​သော​သီချင်းဆို​တာ ဘာလဲ” ဟု​သူ​မေးခဲ့သည်။ ထို့နောက် သူက “ယေဟောဝါ​ရဲ့​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ကို ကျင့်သုံး​တဲ့​အခါ ဖြစ်ပေါ်​လာတဲ့ အဖြစ်အပျက်​အသစ်တွေ​ကြောင့် အသစ်​သော​သီချင်းကို ဆို​ရခြင်း​ဖြစ်တယ်​လို့ ရှေ့နောက်စကား​က ဖော်ပြ​တယ်” ဟု​ဖြေဆိုခဲ့သည်။ မေရှိယ​ဘုရင်​ယေရှု​ခရစ်​အုပ်စိုး​သည့် ဘုရားသခင်​၏​အောင်ပွဲရ​နိုင်ငံတော် ချီးမွမ်း​သီချင်းကို ဆက်၍​ဆို​ကြ​ရန် ကျောင်းသား​များ​အား သူ​တိုက်တွန်း​ခဲ့​၏။ ဤ “အသစ်​သော​သီချင်း” ၏​ကဏ္ဍအသီးသီး​ကို ယခင်​က​ထက် ယခု​ပို​ပြီး​လေးလေးနက်နက်​သဘောပေါက်​ရအောင် ဂိလဒ်​မှ​ရရှိသော​လေ့ကျင့်မှု​က ကူညီပေး​မည်​ဟု ညီအစ်ကို​ဘားရ်​က ပြော​သည်။ “သင်တို့​ဘယ်​ကိုပဲ​ရောက်ရောက် သင်တို့ရဲ့​ညီအစ်ကို၊ ညီအစ်မ​တွေ​နဲ့​အတူ ယေဟောဝါ​ရဲ့​ချီးမွမ်း​သီချင်းကို ‘သီဆို’ ဖို့​လိုအပ်​တယ်​ဆိုတာ​ကို ဒီ​ကျောင်း​က အလေးပေး​ဖော်ပြ​ခဲ့တယ်; သင်တို့​တာဝန်ကျ​တဲ့​နေရာတွေမှာ တခြား​သူတွေနဲ့ အမြဲတမ်း​စည်းစည်းလုံးလုံး​နေပါ။”

ကျောင်းသား​များ​ကို ဒီ​ပ​လို​မာ​လက်မှတ်​များ ချီးမြှင့်​ပေး​ပြီး​နောက် အတန်း​ကိုယ်စားလှယ်​တစ်ဦး​က ဂိလဒ်​ကျောင်းတွင် ရရှိခဲ့​သည့်​လေ့ကျင့်မှု​အတွက် ကျေးဇူး​တင်​ကြောင်း စိတ်ရင်းမှန်​ဖြင့်​ရေးထား​သော စာ​တစ်စောင်​ကို ဖတ်ပြ​ခဲ့​သည်။

သင်သည် ဘုရားသခင့်​လုပ်ငန်းတော်​ကို တိုးချဲ့​ပြီး ပိုမို​အကျိုး​ဖြစ်ထွန်း​စေနိုင်​မည်​လော။ သို့​ဆိုလျှင် အဆိုပါ​ကျောင်းဆင်း​များ​နည်းတူ လက်တွေ့​ကြိုးစား​လုပ်ကိုင်​ပါ​လေ။ ထိုသို့​ပြုလုပ်​ခဲ့​ကြသော​ကြောင့် သူတို့သည် ခရစ်ယာန်​သာသနာပြု​လယ်ကွင်း​အတွက် အရည်အချင်း​ပြည့်မီ​လာ​ခဲ့​ကြသည်။ ဘုရားသခင်​၏​လုပ်ငန်းတော်တွင် တလိုတလား​ပါဝင်​ကြ​သည့်​အခါ အလွန်​ဝမ်းမြောက်​ရွှင်လန်း​ကြ​၏။—ဟေရှာယ ၆:၈

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

သင်တန်း​ဆိုင်ရာ​အချက်အလက်​များ

ကိုယ်စား​ပြု​နိုင်ငံ​အရေအတွက်– ၁၀

တာဝန်​ပေးအပ်​ခံရ​သည့် နိုင်ငံ​အရေအတွက်– ၁၉

ကျောင်းသား/သူ​အရေအတွက်– ၄၈

ပျမ်းမျှ​အသက်– ၃၃.၂

ပျမ်းမျှ​အမှန်တရား​သက်တမ်း– ၁၆.၈

ပျမ်းမျှ​အချိန်ပြည့်​အမှုဆောင် သက်တမ်း– ၁၂.၆

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ​စာ]

ဂိလဒ်​ကင်းမျှော်စင်​ကျမ်းစာ​ကျောင်း​၏ ၁၁၁ ကြိမ်​မြောက် ဂိလဒ်​သင်တန်း

အောက်ပါ​စာရင်း​တွင် အတန်း​များ​ကို ရှေ့တန်း​မှ နောက်​တန်း​သို့​ရေတွက်​ပြီး အမည်များ​ကို လက်ဝဲ​မှ လက်ယာဘက်​သို့ စီ​ထား​သည်။

[စာမျက်နှာ ၂၆ ပါ​ပုံစာ]

(1) Yeomans, C.; Toukkari, A.; Nuñ​ez, S.; Phillips, J.; Dawkin, M.; Silvestri, P. (2) Morin, N.; Biney, J.; Ló​pez, M.; Van Hout, M.; Cantú, A.; Szilvassy, F. (3) Williams, M.; Itoh, M.; Van Coillie, S.; Levering, D.; Fuzel, F.; Geissler, S. (4) Yeomans, J.; Moss, M.; Hodgins, M.; Dudding, S.; Briseñ​o, J.; Phillips, M. (5) Ló​pez, J.; Itoh, T.; Sommerud, S.; Kozza, C.; Fuzel, G.; Moss, D. (6) Williams, D.; Dudding, R.; Geissler, M.; Morin, R.; Biney, S.; Cantú, L. (7) Dawkin, M.; Hodgins, T.; Levering, M.; Silvestri, S.; Van Hout, D.; Briseñ​o, A. (8) Van Coillie, M.; Nuñ​ez, A.; Kozza, B.; Sommerud, J.; Toukkari, S.; Szilvassy, P.