မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖိစီးမှုဒဏ်မှ သက်သာရာရခြင်း—လက်တွေ့ကျ ကုစားနည်း

ဖိစီးမှုဒဏ်မှ သက်သာရာရခြင်း—လက်တွေ့ကျ ကုစားနည်း

ဖိစီးမှု​ဒဏ်​မှ သက်သာရာ​ရခြင်း—လက်တွေ့ကျ ကုစား​နည်း

“ဝန်လေး၍​ပင်ပန်း​သော​သူအပေါင်း​တို့၊ ငါ့​ထံ​သို့​လာ​ကြလော့။ ငါသည် လန်းဆန်း​စေမည်။”—မဿဲ ၁၁:၂၈၊ က​ဘ။

၁၊ ၂။ (က) သမ္မာကျမ်းစာ​တွင် ဖိစီးမှုများ​လွန်း​ခြင်း​ကို သက်သာ​စေသော အဘယ်အရာ ပါရှိ​သနည်း။ (ခ) ယေရှု၏​သွန်သင်ချက်​များသည် မည်မျှ​အကျိုး​ထိရောက်​ခဲ့​သနည်း။

ဖိစီးမှုများ​လွန်း​ခြင်း​သည် ဘေး​ဖြစ်စေ​သည်; စိတ်သောက​ရောက်​စေ​သည်ကို သင်​သဘောတူ​ပေမည်။ လူသား​အပေါင်း​သည် အလွန်​ဝန်ပိနေ​ကြ​ရာ မျက်မှောက်ခေတ်​ဖိစီးမှုများ​မှ လွတ်မြောက်​ရန် လူအများ အလွန်​တောင့်တ​မျှော်လင့်​လျက်​ရှိကြသည်​ဟု သမ္မာကျမ်းစာ​က​ဖော်ပြ​၏။ (ရောမ ၈:၂၀-၂၂) သို့သော် ယခု​ပင်​လျှင် စိတ်သောက အတော်အတန်​လျော့နည်း​နိုင်​သည့်​နည်းကို​လည်း ကျမ်းစာ​က​ဖော်ပြ​သည်။ လွန်ခဲ့သော​အနှစ်​နှစ်ထောင်​က အသက်​ရှင်ခဲ့သူ လူငယ်​တစ်ဦး၏​အကြံပေး​ချက်​နှင့် ပုံသက်သေ​ကို လိုက်လျှောက်ခြင်း​ဖြင့် ထိုသို့​ဖြစ်​နိုင်​သည်။ ထို​သူသည် လက်သမား​တစ်ဦး​ဖြစ်သော်လည်း ၎င်း​ထက် လူ​တို့ကို ပို​မြတ်နိုး​ခဲ့​သည်။ ထို​သူသည် လူတို့၏​နှလုံးကို​ထိမိအောင် စကားပြော​ဆို​ခဲ့​သည်၊ သူတို့​လိုအပ်ရာ​များ​ကို ဖြည့်စွက်​ပေး​ခဲ့​သည်၊ အားနည်း​သူတို့ကို​ကူညီ​၍ စိတ်သောက​ရောက်​သူတို့ကို နှစ်သိမ့်​ပေး​ခဲ့​သည်။ ထို့​အပြင် ထို​သူသည် လူအများ​ကို သူတို့၏​ဝိညာဉ်​ရေးရာ​အစွမ်းအစ​ပြည့်မီ​ဖို့ ကူညီပေး​ခဲ့​သည်။ ဤနည်းဖြင့် သူတို့သည် အလွန်​ဖိစီး​ခံရ​ခြင်း​မှ သက်သာရာ​ရရှိခဲ့​သကဲ့သို့ အသင်​ပင်​လျှင် သက်သာရာ​ရနိုင်​ပါ​သည်။—လုကာ ၄:၁၆-၂၁; ၁၉:၄၇၊ ၄၈; ယောဟန် ၇:၄၆

နာဇရက်​မြို့သား​ယေရှု​ဖြစ်သည့် ထို​သူသည် ရှေးခေတ်​ရောမ၊ အေ​သင် သို့​မဟုတ် အလက်ဇန္ဒြီးယား​မြို့​တို့​၌ လူ​အချို့​ရှာဖွေ​ဆည်းပူး​ခဲ့​ကြသော လောက​ပညာ​၏​ညွှန်ကြားမှု​ကို​မခံယူ​ခဲ့​ပေ။ သို့​တိုင် ကိုယ်တော်​၏​သွန်သင်ချက်​များသည် ထင်ပေါ်​ကျော်ကြား​ဆဲ​ဖြစ်သည်။ ၎င်း​သွန်သင်ချက်​၏ အဓိက​အချက်​မှာ ကျွန်ုပ်​တို့၏​ကမ္ဘာ​မြေကြီးကို အောင်မြင်စွာ​အုပ်ချုပ်​မည့် ဘုရားသခင့်​အစိုးရ​ဖြစ်သည်။ ယေရှုသည် အသက်ရှင်ခြင်း​အတွက် အခြေခံ​မူများ​ဖြစ်သော ယနေ့​ထိ​တိုင် အမှန်​အဖိုးထိုက်​သော​မူများ​ကိုလည်း ရှင်းပြ​တော်​မူ​ခဲ့​သည်။ ယေရှု​သွန်သင်​ခဲ့​သမျှ​ကို သင်ယူ​တတ်မြောက်​ပြီး လက်တွေ့​ကျင့်သုံး​သူများ​သည် အလွန်​ဖိစီး​ခံရ​ခြင်း​မှ သက်သာရာ​ရခြင်း​အပါအဝင် အကျိုးကျေးဇူးများ​စွာ​ကို ချက်ချင်း​ခံစား​ကြ​ရသည်။ ၎င်းကို သင်​ခံစား​လို​မည်​မဟုတ်လော။

၃။ အဘယ်​နှစ်လိုဖွယ်​ဖိတ်ခေါ်ချက်​ကို ယေရှု​ကမ်း​လှမ်း​ခဲ့​သနည်း။

‘ရှေးရှေးတုန်းက အသက်​ရှင်ခဲ့သူ​တစ်ယောက်​ဟာ အခု​ငါ့​ဘဝ​အတွက် အဓိပ္ပာယ်​ရှိ​နိုင်​ပါ့​မလား’ ဟု​သင်​စိတ်ထင့်​နေ​ပေမည်။ ယေရှု၏​ဤ​ဖိတ်ခေါ်ချက်​ကို နားဆင်​ပါ– “ဝန်လေး၍​ပင်ပန်း​သော​သူအပေါင်း​တို့၊ ငါ့​ထံ​သို့​လာ​ကြလော့။ ငါသည် လန်းဆန်း​စေမည်။ ငါ့​ထမ်းပိုး​ကို​တင်၍ ငါ့ထံ၌​နည်းခံ​ကြလော့။ ငါသည် နူးညံ့​သိမ်မွေ့​နှိမ့်ချသော စိတ်သဘော​ရှိ၏။ သင်တို့​စိုးလ်​သည် လန်းဆန်း​ရ​လိမ့်​မည်။ အကြောင်း​မူ​ကား၊ ငါ့​ထမ်းပိုး​သည် ထမ်း​လွယ်​၏။ ငါ့​ဝန်​လည်း​ပေါ့​၏။” (မဿဲ ၁၁:၂၈-၃၀က​ဘ) ကိုယ်တော် အဘယ်အရာကို​ဆိုလို​သနည်း။ ဤ​စကား​များ​ကို အသေးစိတ်​ဆန်းစစ်​ပြီး မခံမရပ်​နိုင်​ဖွယ်​ဖိစီးမှု​ဒဏ်​မှ မည်သို့​သက်သာရာ​ရစေ​ကြောင်း ကြည့်​ကြပါစို့။

၄။ မည်သူ​တို့ကို ယေရှု​စကားပြော​ဆို​ခဲ့​သနည်း၊ ကိုယ်တော့်​စကား​ကို​နားဆင်​ကြ​သူတို့သည် သူတို့​ထံ​မှ တောင်းဆိုရာ​ကို​လုပ်ဆောင်ဖို့ အဘယ်ကြောင့်​အခက်အခဲ​တွေ့​နိုင်​ခဲ့​မည်​နည်း။

ပညတ်တရား​နှင့်​အညီ အစွမ်းကုန်​ကြိုးစား​လုပ်ဆောင်နေ​ကြသော်လည်း ဂျူး​ဘာသာရေး​ခေါင်းဆောင်​များ​က ဘာသာရေး​ကို ဝန်​လေး​သော​အရာ​ဖြစ်စေ​ခဲ့​ကြသော​ကြောင့် “ဝန်​လေး” နေကြ​သူများစွာ​ကို ယေရှု​စကားပြော​ဆို​ခဲ့​၏။ (မဿဲ ၂၃:၄) ဘဝ​ကဏ္ဍ​အားလုံးနီးပါး​အတွက် ချမှတ်​ထားသော မဆုံး​နိုင်​သည့်​စည်းမျဉ်း​များစွာကို သူတို့​အာရုံစိုက်ခဲ့​ကြသည်။ ဒါကို သို့​မဟုတ် ဟို​ဟာ​ကို “မ​လုပ်​ရ” ဟု​တစ်ချိန်​လုံး​ကြားနေ​ရ​လျှင် သင်​ဖိစီးမှု​ခံစားရ​မည်​မဟုတ်လော။ ယင်း​နှင့်​ဆန့်ကျင်​လျက် ယေရှု၏​ဖိတ်ခေါ်ချက်​မှာ​မူ ကိုယ်တော့်​စကား​နားထောင်ခြင်း​အားဖြင့် လူတို့သည် အမှန်တရား​ရဖို့၊ ဖြောင့်မတ်​လာဖို့​နှင့် သာ၍​ကောင်းမွန်သော ဘဝ​အသက်တာ​ရဖို့​ဖြစ်စေ​သည်။ မှန်ပါသည်၊ စစ်မှန်သောဘုရားသခင်​ကို သိနိုင်​သည့်​နည်းလမ်း​တွင် ယေရှု​ခရစ်​ကို အာရုံ​စူးစိုက်​ခြင်း​ပါဝင်​၏၊ အကြောင်း​မှာ ယေဟောဝါ​သည် အဘယ်​သို့​သော​ပုဂ္ဂိုလ်​ဖြစ်​ကြောင်း ကိုယ်တော်၌ လူ​တို့​တွေ့မြင်​နိုင်​ခဲ့​၍ ယခု​လည်း တွေ့မြင်​နိုင်သော​ကြောင့်​ဖြစ်သည်။ ယေရှု​က “ငါ့ကို​မြင်​သော​သူသည် ခမည်းတော်​ကို​မြင်​၏” ဟု​မိန့်ဆိုခဲ့သည်။—ယောဟန် ၁၄:၉

သင့်​ဘဝ​သည်လည်း ဖိစီးမှုများ​သလော

၅၊ ၆။ ယေရှု​ခေတ်​၏ အလုပ်အကိုင်​အခြေအနေ​များနှင့် လုပ်အားခ​တို့ကို ယနေ့ ကျွန်ုပ်​တို့​ခေတ်​နှင့်​နှိုင်းယှဉ်​သော် မည်သို့​ရှိ​သနည်း။

ဤ​ကိစ္စ​သည် သင့်အတွက် အရေးပါ​ပေမည်၊ အကြောင်း​မှာ သင့်​အလုပ်အကိုင် သို့​မဟုတ် သင့်​မိသားစု​အခြေအနေ​သည် သင့်​အပေါ်​ဝန်ပိနေ​နိုင်​ပေမည်။ သို့​မဟုတ် အခြား​တာဝန်​ဝတ္တရား​များ​ကြောင့် သင်​မ​နိုင်​မ​နင်း​ဖြစ်နေ​ပေမည်။ ထိုသို့​ဖြစ်​လျှင် သင်သည် ယေရှု​တွေ့ဆုံ​ကူညီပေး​ခဲ့​သော စိတ်ရင်းမှန်​သူတို့နှင့်​တူ​သည်။ ဥပမာ၊ အသက်မွေး​ဝမ်း​ကြောင်း​အတွက်​ငွေရှာ​ခြင်း​၏ အခက်အခဲ​ကို​သုံးသပ်ကြည့်​ပါ။ ယေရှု​ခေတ်​မှ​လူများစွာ​ကဲ့သို့ ယနေ့လည်း လူများစွာ​တို့သည် ၎င်းနှင့်​ရုန်းကန်​နေကြ​ရသည်။

ထို​အချိန်​က ကာယ​လုပ်သား​တစ်ဦး​သည် တစ်ရက်​လျှင် ၁၂ နာရီ၊ တစ်ပတ်​လျှင် ၆ ရက်၊ ပင်ပင်ပန်းပန်း​လုပ်ကိုင်​ကြ​ရပြီး များသောအားဖြင့် တစ်နေ့လုံး​မှ ဒေနာရိ​တစ်ပြား​သာ ရလေ့​ရှိသည်။ (မဿဲ ၂၀:၂-၁၀) သင် သို့​မဟုတ် သင့်​မိတ်ဆွေများ​၏​လုပ်ခ​နှင့် နှိုင်းယှဉ်​ကြည့်​လျှင် မည်သို့​နည်း။ ရှေးခေတ်​နှင့် မျက်မှောက်ခေတ်​လုပ်အားခ​ကို နှိုင်းယှဉ်​ကြည့်​ဖို့​ခက်ခဲ​နိုင်​သည်။ နှိုင်းယှဉ်​နိုင်သော​နည်း​တစ်နည်း​မှာ ငွေ​၏​ဝယ်ယူ​နိုင်စွမ်း​ကို သုံးသပ်ကြည့်​ခြင်း​ဖြင့်​ဖြစ်သည်။ ပညာရှင်​တစ်ဦး​က ယေရှု​ခေတ်တွင် ဂျုံမှုန့်​လေး​ခွက်​နှင့်​ဖုတ်​ထားသော ပေါင်မုန့်​တစ်လုံး​အတွက် တစ်​နာရီ​လုပ်ခ​နီးပါး ပေး​ရသည်​ဟု​ဆို​သည်။ အခြား​ပညာရှင်​တစ်ဦး​က စပျစ်​ရည်​ကောင်း​တစ်ခွက်​လျှင် နှစ်နာရီ​လုပ်ခ​နီးပါး​ကျ​သည်​ဟု​ဆို​၏။ ဤ​အသေးစိတ်​အချက်အလက်​များ​မှ ကျွန်ုပ်​တို့​သိရှိ​ရသည်မှာ ထို​အချိန်​က လူတို့သည် ဆက်​အသက်ရှင်​နိုင်​ကြဖို့ ပင်ပင်ပန်းပန်း​နှင့် ကြာရှည်​အလုပ်​ကြိုးစား​လုပ်ကြ​ရသည်။ ကျွန်ုပ်​တို့​နည်းတူ သူတို့လည်း သက်သာ​လန်းဆန်းမှု​ရ​လို​ကြသည်။ သင်၌ အလုပ်အကိုင်​ရှိ​မည်​ဆိုလျှင် သင့်​အလုပ်ခွင်​တွင် ပိုမို​ထမ်းဆောင်​ရန် ဖိအား​ပေး​ခံရ​သည်​ဟု ခံစားရ​ပေမည်။ များသောအားဖြင့် အသေအချာ​စဉ်းစား​ပြီး​မှ ဆုံးဖြတ်​ပြုလုပ်​ဖို့ အချိန်​ရလေ့​မရှိ​ချေ။ ယင်းကြောင့် သက်သာရာ​ရ​လို​ကြောင်း သင်​ဝန်ခံ​ပေမည်။

၇။ ယေရှု၏​သတင်းတရားကို အဘယ်​သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း။

ရှင်း​နေသည်​မှာ၊ ထို​စဉ်​က “ဝန်လေး၍​ပင်ပန်း” နေ​သူအား​လုံး​အတွက် ယေရှု၏​ဖိတ်ခေါ်ချက်​သည် ကြားနာသူ​များ​အတွက် အလွန်​ဆွဲဆောင်မှု​ရှိခဲ့​ပေမည်။ (မဿဲ ၄:၂၅; မာကု ၃:၇၊ ၈) ယေရှု​က “ငါသည် လန်းဆန်း​စေမည်” ဟု​ထပ်ဆင့်​ကတိပြု​ခဲ့​ကြောင်းကို​လည်း သတိရပါ။ အဆိုပါ​ကတိတော်​သည် ယနေ့လည်း သက်ဆိုင်​ဆဲ​ပင်။ ကျွန်ုပ်​တို့သည် “ဝန်လေး၍​ပင်ပန်း” နေ​မည်​ဆိုလျှင် ၎င်း​သည် ကျွန်ုပ်​တို့​နှင့်​လည်း​သက်ဆိုင်​နိုင်၏။ ကျွန်ုပ်​တို့၏​အခြေအနေ​နှင့် တူ​ကောင်း​တူ​မည့် ကျွန်ုပ်​တို့​ချစ်​မြတ်နိုးသူ​များနှင့်​လည်း ထို​ကတိတော် သက်ဆိုင်​နိုင်​သည်။

၈။ ကလေး​မွေးမြူခြင်း၊ အိုမင်း​ခြင်း​တို့​က မည်သို့​ထပ်ဆင့်​ဖိစီး​သနည်း။

လူ​တို့​အပေါ် အခြား​ဝန်ထုပ်ဝန်ပိုး​များလည်း ရှိ​နိုင်​သေး​သည်။ သားသမီး​မွေးမြူ​ရခြင်း​သည် စိန်ခေါ်ချက်​ကြီး​တစ်ခု​ဖြစ်သည်။ ကလေး​တစ်ဦး​ဖြစ်​ရခြင်း​ပင် စိန်ခေါ်ချက်​ဖြစ်​နိုင်​သည်။ အသက်အရွယ်​မရွေး စိတ်ပိုင်း​နှင့် ခန္ဓာပိုင်း​ဆိုင်ရာ ကျန်းမာ​ရေး​ပြဿနာ​များ​ကို ရင်ဆိုင်​နေကြ​ရသူ​တို့၏ အရေအတွက်​သည် တိုးများ​လာ​နေပါ​သည်။ လူတို့သည် ယခင်​က​ထက် ယခု အသက်ပိုရှည်​ကြ​မည်​ဖြစ်သော်လည်း ဆေးပညာ​တိုးတက်​ထွန်းကား​သည့်​ကြား​မှ သက်ကြီးရွယ်အို​များသည် အထူး​ပြဿနာ​များ​ရှိကြသည်။—ဒေ. ၁၂:၁

ထမ်းပိုး​အောက်တွင်

၉၊ ၁၀။ ရှေးခေတ်​က ထမ်းပိုး​ဟူသည် အဘယ်အရာ၏​အမှတ်အသား​ဖြစ်သနည်း၊ ယေရှုသည် မိမိ၏​ထမ်းပိုး​ကို​ထမ်း​ဖို့ လူ​တို့ကို အဘယ်ကြောင့်​ဖိတ်ခေါ်​သနည်း။

မဿဲ ၁၁:၂၈၊ ၂၉ မှ​ကိုးကား​ဖော်ပြ​ထားသော​စကား​တွင် ယေရှု​က “ငါ့​ထမ်းပိုး​ကို​တင်၍ ငါ့ထံ၌​နည်းခံ​ကြလော့” ဟု​ဆို​သည်ကို သင်​သတိပြုမိ​သလော။ ထို​စဉ်​က သာမန်​လူတစ်ဦး​သည် ထမ်းပိုး​ထမ်း၍ အလုပ်လုပ်​နေရ​သည့်​အလား ခံစား​ခဲ့​ရ​ပေမည်။ ရှေး​အချိန်​မှ​စ၍ ထမ်းပိုး​ဟူသည် ကျွန်​ဘဝ သို့​မဟုတ် ကျွန်ခံ​ခြင်း​၏ အမှတ်အသား​ဖြစ်​ခဲ့​သည်။ (ကမ္ဘာဦး ၂၇:၄၀; ဝတ်ပြုရာ ၂၆:၁၃; တရားဟောရာ ၂၈:၄၈) ယေရှု​တွေ့ဆုံ​ခဲ့​သော နေ့​စား​အလုပ်သမား​များစွာတို့သည် ပခုံး​ပေါ်​တွင် လေးလံ​သော​ဝန်ထုပ်ဝန်ပိုး​များ​ကို တကယ်​ထမ်း​ခဲ့​ကြ​ရသည်။ ထမ်းပိုး​ကို​ပြုလုပ်​ထား​ပုံ​ပေါ်​မူတည်၍ ထမ်းပိုး​တစ်ချောင်း​သည် လည်ပင်း​နှင့် ပခုံး​ပေါ် သက်သောင့်သက်သာ​ရှိ​နိုင်​သည် သို့​မဟုတ် ပွတ်တိုက်​၍ ပွန်း​စေနိုင်​သည်။ လက်သမား​တစ်ဦး​အနေ​နှင့် ယေရှုသည် ထမ်းပိုး​များစွာကို​ပြုလုပ်​ခဲ့​ပေမည်၊ “ထမ်း​လွယ်” သော​ထမ်းပိုး​ဖြစ်​ဖို့ မည်သို့​ထွင်း​ရမည်ကို ကိုယ်တော်​သိရှိ​ခဲ့​ပေမည်။ ကိုယ်တော်​သည် ထမ်းပိုး​ကို အတတ်နိုင်ဆုံး သက်သောင့်သက်သာ​ဖြစ်စေ​ဖို့ အသား​နှင့်​ထိ​မည့်​အပိုင်း​များ​တွင် သားရေ သို့​မဟုတ် ပိတ်စ​ခံ​ခဲ့​ပေမည်။

၁၀ ယေရှု​က “ငါ့​ထမ်းပိုး​ကို​တင်” ကြလော့​ဟု မိန့်တော်မူသော​အခါ အလုပ်သမား​တစ်ဦး၏​လည်ပင်း​နှင့် ပခုံး​များ​ပေါ် “ထမ်း​လွယ်” မည့် ထမ်းပိုး​ကောင်း​များ ပြုလုပ်​သူ​အဖြစ် မိမိကိုယ်ကို​ပုံခိုင်း​ပြ​ခြင်း​ဖြစ်​နိုင်​သည်။ သို့ဖြင့် ယေရှု​က “ငါ့​ဝန်​လည်း​ပေါ့​၏” ဟု​ထပ်ဆင့်​ဆို​ခဲ့​သည်။ ယင်းက သုံး​ပျော်​သော​ထမ်းပိုး​ဖြစ်​ပြီး ကျွန်​ကဲ့သို့​လုပ်​ရသော​အလုပ်​မဟုတ်​ကြောင်း​ဖော်ပြ​သည်။ မှန်ပါသည်၊ မိမိ၏​ထမ်းပိုး​ကို​လက်ခံရန် နားဆင်​သူများကို ယေရှု​ဖိတ်ခေါ်​ခြင်း​အားဖြင့် ထို​စဉ်​က​ဖိနှိပ်​သည့်​အခြေအနေ​အားလုံး​မှ ချက်ချင်း​သက်သာရာ​ရမည်ဟု ကိုယ်တော်​ဆိုလို​နေခြင်း​မဟုတ်ပါ။ သို့သော် ကိုယ်တော်​ကမ်း​လှမ်း​ခဲ့​သည့် ခြားနား​သော​ရှုမြင်ပုံ​က လန်းဆန်းမှု​အတော်အတန်​ရရှိစေ​ပေမည်။ သူတို့၏​ဘဝ​ပုံစံ​နှင့် အလုပ်လုပ်​ဆောင်​ပုံ​တို့ကို ပြုပြင်​ပြောင်းလဲခြင်း​က​လည်း သူတို့ကို​သက်သာရာ​ရရှိစေ​ပေမည်။ ထို​ထက်​ကား၊ ရှင်းလင်း​ပြတ်သား​၍ ခိုင်လုံ​သော​မျှော်လင့်ချက်​က ဖိစီးမှု​လျော့နည်းစေ​ပေမည်။

သင် လန်းဆန်းမှု​ရရှိနိုင်

၁၁။ ယေရှုသည် ထမ်းပိုး​ချင်း​လဲလှယ်​ခြင်း​ကို​သာ အကြံပြု​နေခြင်း အဘယ်ကြောင့်​မဟုတ်​သနည်း။

၁၁ လူတို့သည် ထမ်းပိုး​ချင်း​လဲလှယ်​ကြ​မည်​ဟု ယေရှု​ဆို​နေခြင်း​မဟုတ်​ကြောင်း ကျေးဇူးပြု​၍​သတိပြုပါ။ ခရစ်ယာန်​များ နေထိုင်​သည့်​နိုင်ငံ​များ​ကို မျက်မှောက်ခေတ်​အစိုးရ​များ အုပ်ချုပ်​သကဲ့သို့ ရောမ​သည် တိုင်းပြည်​ကို အုပ်ချုပ်​နေဆဲ​ဖြစ်​မည်။ ပထမ​ရာစု​ရောမ​အခွန်ကောက်​ခံသည့်​စနစ်​မှာ မ​ပြောင်း​မလဲ​ရှိနေ​မည်။ ကျန်းမာ​ရေး​နှင့် စီးပွားရေး​ပြဿနာ​များ​ရှိ​ဆဲ​ဖြစ်​မည်။ မစုံလင်မှု​နှင့် အပြစ်​က လူ​တို့ကို​ထိခိုက်​မြဲ​ထိခိုက်​နေ​ပေ​လိမ့်​မည်။ သို့သော် ယေရှု၏​သွန်သင်ချက်​ကို လက်ခံခြင်း​အားဖြင့် သူတို့​လန်းဆန်းမှု​ရရှိနိုင်​ခဲ့​သကဲ့သို့ ယနေ့ ကျွန်ုပ်​တို့​လည်း လန်းဆန်းမှု​ရရှိနိုင်​ပါ​သည်။

၁၂၊ ၁၃။ လန်းဆန်းမှု​ပေး​မည့် အဘယ်အရာကို ယေရှု​အလေးပေး​ပြောဆို​ခဲ့​သနည်း၊ အချို့​က မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း။

၁၂ တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​နှင့် ပတ်သက်​၍ ယေရှု​အသုံးပြု​ခဲ့​သော ထမ်းပိုး​ပုံ​ဥပမာ​တွင် အဓိက​သက်ဆိုင်ပုံ ထင်ရှား​သည်။ ယေရှု၏​အဓိက​လုပ်ဆောင်မှု​မှာ ဘုရားသခင့်​နိုင်ငံတော်​ကို အလေးပေး​လျက် သူတစ်ပါး​အားသွန်​သင်​ခြင်း​ဖြစ်​ကြောင်း ထင်ရှား​သည်။ (မဿဲ ၄:၂၃) ထို့​ကြောင့် “ငါ့​ထမ်းပိုး​ကို​တင်” ကြလော့​ဟု ကိုယ်တော်​မိန့်ဆို​သောအခါ အဆိုပါ​လုပ်ဆောင်မှု​တွင် ကိုယ်တော်​နည်းတူ​လုပ်ဆောင်ခြင်း ပါဝင်​မည်​မှာ​အမှန်။ ယေရှုသည် လူအများ​၏​ဘဝတွင် အဓိက​အရေး​ဖြစ်သော သူတို့၏​အသက်မွေးဝမ်းကျောင်း​ကို ပြောင်းလဲ​ဖို့ စိတ်ရင်းမှန်​သူတို့အား လှုံ့ဆော်ပေး​ခဲ့​ကြောင်း ခရစ်ဝင်​ကျမ်း​မှတ်တမ်းများ​က​တင်ပြ​သည်။ ပေတရု၊ အန္ဒြေ၊ ယာကုပ်နှင့် ယောဟန်တို့​အား “ငါ့​နောက်သို့​လိုက်​ကြလော့။ သင်တို့သည် လူကို​မျှား​သော​တံငါ​ဖြစ်စေ​ခြင်း​ငှာ ငါ​ပြု​မည်” ဟု​ကိုယ်တော်​ဖိတ်ခေါ်​ခဲ့​သည်ကို သတိရပါ။ (မာကု ၁:၁၆-၂၀) ကိုယ်တော်​သည် မိမိ၏​ဘဝတွင် အဓိက​ထား​နေသော​လုပ်ငန်း​ကို ကိုယ်တော်​၏​လမ်းညွှန်မှု​နှင့် အကူအညီ​ဖြင့် လူ​တို့​လုပ်ကိုင်​ကြ​မည်​ဆိုလျှင် မည်မျှ​စိတ်​ကျေနပ်ဖွယ်​ကောင်း​မည်​ဖြစ်​ကြောင်း ထို​တံငါသည်​များ​ကို ဖော်ပြ​ခဲ့​သည်။

၁၃ ကိုယ်တော်​အား​နားဆင်​သူ ဂျူး​အချို့​သည် လိုရင်းချက်​ကို​သဘောပေါက်​နားလည်​ကြ​ပြီး လက်တွေ့​ကျင့်သုံး​ခဲ့​ကြသည်။ လုကာ ၅:၁-၁၁ တွင်​ကျွန်ုပ်​တို့​ဖတ်​ရသော ကမ်း​စပ်​မြင်ကွင်း​ကို​ပုံဖော်​ကြည့်​ပါ။ တံငါသည် လေးဦး​တို့သည် တစ်ညလုံး​ကြိုးပမ်း​ခဲ့​ကြသော်လည်း ငါး​တစ်ကောင်​မျှ​မရခဲ့​ကြ​ချေ။ ရုတ်တရက် သူတို့​ပိုက်ကွန်​များ​ပြည့်​သွား​သည်! ယင်းသည် တိုက်ဆိုင်မှု​မဟုတ်; ယေရှု၏​ကြားဝင်​ဆောင်ရွက်မှု​ကြောင့်​ဖြစ်သည်။ ကမ်း​စပ်​သို့ သူတို့​ကြည့်​လိုက်​သောအခါ ယေရှု၏​သွန်သင်ချက်​များ​ကို အလွန်​စိတ်ဝင်စား​နေကြ​သော လူ​မြောက်မြားစွာ သူတို့​တွေ့ရှိ​ခဲ့​ကြသည်။ ထို​သူ​လေးဦး​တို့ကို ယေရှု​က “သင်သည် ယခု​မှ​စ၍ လူ​တို့ကို​ဖမ်းမိ​သော​သူ​ဖြစ်​လိမ့်​မည်” ဟု​အဘယ်ကြောင့်​မိန့်ဆိုခဲ့​ကြောင်း ယင်းက​ရှင်းလင်း​စေ​သည်။ သူတို့ အဘယ်​သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း။ “ကမ်း​နား​မှာ​လှေ​ကို​ဆိုက်​ပြီး​လျှင်၊ ထို​သူတို့သည် ရှိသမျှ​တို့ကို​စွန့်ပစ်​၍ နောက်​တော်​သို့​လိုက်​ကြ​၏။”

၁၄။ (က) ကျွန်ုပ်​တို့သည် လန်းဆန်းမှု​ကို ယနေ့​မည်သို့​ရရှိနိုင်​မည်​နည်း။ (ခ) ယေရှုသည် လန်းဆန်း​စေသော အဘယ်​သတင်းကောင်းကို ကြေညာ​ခဲ့​သနည်း။

၁၄ အခြေခံ​အားဖြင့်၊ ထပ်တူ​နည်းဖြင့် သင်​တုံ့ပြန်​နိုင်​ပါ​သည်။ လူ​တို့ကို ကျမ်းစာ​အမှန်တရား​သွန်သင်​ပေးခြင်း​လုပ်ငန်း​သည် လုပ်ကိုင်​နေဆဲ​ရှိသည်။ ကမ္ဘာ​တစ်ဝန်း​မှ ယေဟောဝါသက်သေ​ခြောက်​သန်း​ခန့်​သည် “[ကိုယ်တော်​၏] ထမ်းပိုး​ကို​တင်၍​ထမ်း” ရန် ယေရှု၏​ဖိတ်ခေါ်ချက်​ကို​လက်ခံခဲ့​ကြပြီ; သူတို့သည် “လူကို​မျှား​သော​တံငါ” များ​ဖြစ်လာ​ကြပြီ။ (မဿဲ ၄:၁၉) အချို့​က ယင်းကို မိမိတို့၏​အချိန်ပြည့်​အလုပ်အကိုင်​ဖြစ်စေ​ကြ​၏; အခြားသူ​တို့​မှာ​မူ တတ်နိုင်​သ၍ အချိန်ပိုင်း​လုပ်ဆောင်ကြ​သည်။ ယင်းသည် လန်းဆန်း​စေ​ကြောင်း အားလုံးတွေ့​ရှိကြ​ရာ သူတို့၏​ဘဝမှာ ဖိစီးမှု​သာ၍​နည်းလာ​လေ​သည်။ ထို​တွင် သူတို့​ပျော်မွေ့​ရာ​အလုပ်ကို လုပ်ဆောင်ခြင်း၊ ‘[ဘုရားသခင့်] နိုင်ငံတော်​နှင့်ယှဉ်သော​သတင်းကောင်း’ ကို​သူတစ်ပါး​အား ပြောပြ​ခြင်း​တို့​ပါဝင်​သည်။ (မဿဲ ၄:၂၃) သတင်းကောင်း​ပြော​ရခြင်း၊ အထူးသဖြင့် ဤ​သတင်းကောင်းကို​ပြောပြ​ရခြင်း​သည် အမြဲ​ပျော်ရွှင်​နှစ်သက်စရာ​ဖြစ်သည်။ ဖိစီးမှု​ပိုမို​နည်းသော​ဘဝ​ရရှိနိုင်​ကြောင်း လူအများ​အား စိတ်ချ​ယုံကြည်​စေရန် ကျွန်ုပ်​တို့​လိုအပ်သော အခြေခံ​အကြောင်း သမ္မာကျမ်းစာ​တွင်​ပါရှိ​သည်။—၂ တိမောသေ ၃:၁၆၊ ၁၇

၁၅။ ဘဝ​နှင့်​ပတ်သက်သော ယေရှု၏​သွန်သင်ချက်​များ​မှ သင်​မည်သို့​အကျိုး​ခံစား​နိုင်​သနည်း။

၁၅ ဘုရားသခင့်​နိုင်ငံတော်​အကြောင်း လေ့လာ​ခါ​စ​သူများ​ပင်​လျှင် အသက်ရှင်ခြင်း​နှင့်​စပ်​လျ​ဉ်း​သည့် ယေရှု၏​သွန်သင်ချက်​များ​မှ အတော်အတန်​အကျိုး​ခံစား​ခဲ့​ရ​ကြပြီ။ ယေရှု၏​သွန်သင်ချက်​များသည် မိမိတို့ကို​လန်းဆန်း​စေ​၍ မိမိတို့​ဘဝကို​ပြောင်းလဲ​ရန် ထောက်ကူ​ပေး​ခဲ့​ကြောင်း အမှန်ပြော​ဆိုနိုင်​သူ များစွာ​ရှိ၏။ ယေရှု၏​ဘဝ​နှင့်​ဓမ္မ​အမှု​မှတ်တမ်းများ အထူးသဖြင့် မဿဲ၊ မာကု​နှင့် လုကာ​တို့​ရေးသားခဲ့သော ခရစ်ဝင်​ကျမ်း​များ​တွင် ဖော်ပြ​ထား​သည့် အသက်ရှင်ခြင်း​ဆိုင်ရာ​မူ​အချို့​ကို သင်​ဆန်းစစ်​လေ့လာ​ကြည့်​ခြင်း​အားဖြင့် ယင်းကို သင်​ကိုယ်တိုင်​တွေ့ရှိ​နိုင်​သည်။

လန်းဆန်းမှု​ရ​နည်း​တစ်နည်း

၁၆၊ ၁၇။ (က) ယေရှု၏​အဓိက​သွန်သင်ချက်​အချို့​ကို အဘယ်​နေရာတွင် သင်​တွေ့ရှိ​နိုင်​မည်​နည်း။ (ခ) ယေရှု၏​သွန်သင်ချက်​များ​ကို ကျင့်သုံး​ခြင်း​အားဖြင့် လန်းဆန်းမှု​ရရှိရန် အဘယ်အရာ​လိုအပ်​သနည်း။

၁၆ စီ.အီး. ၃၁ ခုနှစ်၊ နွေဦး​ရာသီ​တွင် ယေရှုသည် ယနေ့​အထိ​ကမ္ဘာ​ကျော် ဟောပြောချက်​တစ်ခု​ကို​ပေး​ခဲ့​သည်။ ယင်းကို တောင်ပေါ်​တရားတော်​ဟု​ခေါ်​လေ့​ရှိသည်။ ၎င်းကို မဿဲ​အခန်းကြီး ၅ မှ ၇ နှင့် လုကာ​အခန်းကြီး ၆ တွင်​မှတ်တမ်း​တင်ထား​ပြီး ကိုယ်တော်​၏​သွန်သင်ချက်​များစွာကို အကျဉ်းချုပ်​ထား​သည်။ ယေရှု၏​အခြား​သွန်သင်ချက်​များ​ကို ခရစ်ဝင်​ကျမ်း​၏​အခြား​နေရာများ​တွင် သင်​တွေ့ရှိ​နိုင်၏။ ကိုယ်တော်​မိန့်ဆိုခဲ့​ရာ​အများ​မှာ အလိုလို​ရှင်းလင်း​ပြီး​သား​ဖြစ်သော်လည်း ယင်းကို လက်တွေ့​ကျင့်သုံး​ခြင်း​မှာ​မူ ခက်ခဲ​နိုင်​သည်။ ၎င်း​အခန်းကြီး​များ​ကို သေသေချာချာ၊ စဉ်းစဉ်းစားစား​ဖတ်ပါ​လေ။ သင့်​စိတ်ကူး​စိတ်​သန်း​နှင့် သဘောထားကို ကိုယ်တော်​၏​အတွေးအခေါ်​များ​က ဩဇာ​လွှမ်းမိုး​ပါ​လေ​စေ။

၁၇ ယေရှု၏​သွန်သင်ချက်​များ​ကို နည်း​အမျိုးမျိုးဖြင့် စီစဉ်​နိုင်​သည်​မှာ​ထင်ရှား​သည်။ သင့်​ဘဝတွင် လက်တွေ့​ကျင့်သုံး​ရန်​ရည်မှန်းချက်​ဖြင့် လ​တစ်လ​၏​နေ့ရက်​တိုင်း​အတွက် သွန်သင်ချက်​တစ်ခု​ရှိစေဖို့ အဓိက​သွန်သင်ချက်​များ​ကို စုစည်း​ကြပါစို့။ မည်သို့​အားဖြင့်​နည်း။ ၎င်းတို့ကို သာမန်​ကာလျှံ​ကာ ကြည့်ရုံ​မျှ​မပြု​ပါ​နှင့်။ “ထာဝရ​အသက်ကို​အမွေခံ​ရ​အံ့​သော​ငှာ အကျွန်ုပ်သည်​အဘယ်​အမှုကိုပြု​ရ​ပါ​မည်​နည်း” ဟု​ယေရှု​ခရစ်​ကို​မေးခဲ့​သည့် ကြွယ်ဝသော​အရာရှိ​ကို​ပြန်သတိရ​ပါ။ ယေရှု​က ဘုရားသခင့်​ပညတ်တော်​၏ အလွန်​အရေးပါသော​တောင်းဆိုချက်​များ​ကို ထပ်မံ​ဖော်ပြ​သောအခါ ထို​သူက ၎င်းတို့ကို​သူ​လိုက်နာ​နှင့်​ပြီ​ဟု ဖြေဆိုခဲ့သည်။ သို့​တိုင် မိမိသည် ထပ်ဆင့်​ပြုလုပ်​ဖို့​လို​သေး​ကြောင်း သူသိ​ရှိခဲ့​၏။ ထို​အခါ ယေရှု​က ဘုရားသခင်​၏​မူများ​ကို လက်တွေ့ကျ​သော​နည်းများဖြင့် ပို​၍​အားစိုက်​ကျင့်သုံး​ရန်၊ တက်ကြွသော​တပည့်​တစ်ဦး​ဖြစ်​ရန် သူ့ကို​မှာကြား​ခဲ့​သည်။ ထို​သူသည် ၎င်း​အထိ​ပြုလုပ်​လို​စိတ်​မရှိကြောင်း ထင်ရှား​သည်။ (လုကာ ၁၈:၁၈-၂၃) ထို့​ကြောင့်၊ ယနေ့ ယေရှု၏​သွန်သင်ချက်​များ​ကို သင်ယူ​လို​သူ​တစ်ဦး​သည် ၎င်းတို့ကို သဘောတူ​လက်ခံခြင်း​နှင့် တကယ်​လက်ခံ​ကျင့်သုံး​ခြင်း​သည် ကွာခြား​ကြောင်း သတိ​ရဖို့​လို​သည်၊ သို့​ပြု​မှ ဖိစီးမှု​လျော့နည်း​မည်​ဖြစ်သည်။

၁၈။ ပူးတွဲ​ပါ​လေးထောင့်ကွက်​ကို အကျိုးရှိရှိ မည်သို့​အသုံးပြုနိုင်​ကြောင်း ဥပမာ​ဖြင့်​ရှင်းပြပါ။

၁၈ ယေရှု၏​သွန်သင်ချက်​များ​ကို ဆန်း​စစ်၍​ကျင့်သုံး​ရန် အစပြု​သည့်​အနေ​နှင့် ပူးတွဲ​ပါ​လေးထောင့်ကွက်​ထဲ​မှ အမှတ် ၁ ကို​ကြည့်​ပါ။ ယင်းက မဿဲ ၅:၃-၉ ကို​ညွှန်း​ထား​သည်။ အမှန်​မှာ၊ ၎င်း​အခန်းငယ်​များ​၌​ပါ​သော အလွန်​ကောင်း​သည့် အကြံပေး​ချက်​ကို မည်သူ​မဆို​သည် အချိန်​အတန်ကြာ စေ့စေ့​သုံးသပ်​နိုင်​သည်။ သို့သော် ၎င်းတို့ကို​ခြုံငုံ​၍​ကြည့်​သော် သဘောထား​နှင့်​ပတ်သက်​၍ သင့်​ကောက်ချက်​ကား​အဘယ်နည်း။ သင်၏​ဘဝတွင် ဖိစီးမှုများ​လွန်း​ခြင်း​ကို အမှန်​အောင်မြင်​လိုလျှင် အဘယ်အရာက သင့်​အား​ထောက်ကူ​ပေး​မည်​နည်း။ ဝိညာဉ်​ရေးရာ​ကိစ္စရပ်​များ​ကို သင်​အာရုံ​ပို​စိုက်​ကာ ၎င်းတို့ကို သင်​များများ​တွေးတော​မည်​ဆိုလျှင် သင့်​အခြေအနေ မည်သို့​ပို​ကောင်း​လာနိုင်​သနည်း။ ဝိညာဉ်​ရေးရာ​များ​ကို သင်​ပို​အရေးပေး​နိုင်​ဖို့ သင့်​ဘဝတွင် သိပ်​အလေးထားဖို့​မလို​သော အရာ​တစ်စုံတစ်ခု​ရှိသလော။ ထိုသို့​ပြု​ပါ​က သင်၏​ပျော်ရွှင်မှု​သည် ယခု​ပင် တိုးများ​လာပေမည်။

၁၉။ ထပ်ဆင့်​ထိုးထွင်း​မှု​နှင့် သိနားလည်မှု​ရရှိဖို့ သင်​အဘယ်အရာ​ပြု​နိုင်​သနည်း။

၁၉ ယခု တစ်ဆင့်​တက်​ကြည့်​ပါ။ ထို​အခန်းငယ်​များ​ကို သင့်​အိမ်ထောင်ဖက်၊ ဆွေမျိုး​ရင်း​ခြာ သို့​မဟုတ် မိတ်ဆွေ​တစ်ဦး​ဖြစ်သည့် ဘုရားသခင့်​ကျေးကျွန် နောက်​တစ်ဦး​နှင့် ဆွေးနွေး​ကြည့်​ပါ။ (သု. ၁၈:၂၄; ၂၀:၅) ကြွယ်ဝသော​အရာရှိ​သည် ဆက်စပ်​သော​အကြောင်း​တစ်ခု​ကို အခြားသူ​တစ်ဦး—ယေရှု—အား မေးမြန်းခဲ့​ကြောင်း စွဲမှတ်​ထား​ပါ။ တုံ့ပြန်​ပုံ​က သူ၏​ပျော်ရွှင်မှု​နှင့် ထာဝရ​အသက်​ရ​ရေး​အတွက် အခွင့်အရေး​တိုးများ​လာ​စေနိုင်​၏။ ထို​အခန်းငယ်​များ​ကို သင်​ဆွေးနွေး​ခဲ့​သော ဝတ်ပြုသူချင်း​သည် ယေရှု​နှင့်​တူညီ​မည်​မဟုတ်ပေ; သို့​တိုင် ယေရှု၏​သွန်သင်ချက်​များ​ကို ဆွေးနွေးခြင်း​က သင်တို့​နှစ်ဦးစလုံး​အတွက် အကျိုးရှိ​ပါ​လိမ့်​မည်။ ယင်းကို အမြန်ဆုံး ကြိုးစား​လုပ်ဆောင်ပါ။

၂၀၊ ၂၁။ ယေရှု၏​သွန်သင်ချက်​များ​ကို​သင်ယူ​ရန် အဘယ်​အစီအစဉ်ကို သင်​လိုက်လျှောက်​နိုင်​သနည်း၊ သင်၏​တိုးတက်မှု​ကို မည်သို့​အကဲဖြတ်​နိုင်​သနည်း။

၂၀ ပူးတွဲ​ပါ “သင့်ကို​ထောက်ကူ​မည့်​သွန်သင်ချက်​များ” လေးထောင့်ကွက်​ကို ပြန်​ကြည့်​ပါ။ တစ်ရက်​လျှင် သွန်သင်ချက်​အနည်းဆုံး​တစ်ခု​ကို သင်​သုံးသပ်​နိုင်​ဖို့ ၎င်း​သွန်သင်ချက်​များ​ကို​စုစည်း​ထား​သည်။ ဦးဆုံး၊ ဖော်ညွှန်း​ထား​သည့်​အခန်းငယ်​များ​၌ ယေရှု​မိန့်ဆိုခဲ့​ရာ​ကို သင်​ဖတ်ရှု​ကြည့်​နိုင်​သည်။ ထို့နောက် ကိုယ်တော့်​စကား​များ​ကို စဉ်းစား​ဆင်ခြင်​ပါ။ သင့်​ဘဝတွင် ၎င်းတို့ကို မည်သို့​ကျင့်သုံး​နိုင်​ကြောင်း အလေးအနက်​စဉ်းစားပါ။ ထိုသို့​သင်​ပြုလုပ်​နှင့်​ပြီ​ဟု​ယူမှတ်​လျှင် ထို​မြင့်မြတ်​သော​သွန်သင်ချက်​နှင့်​အညီ နေထိုင်ရန် အဘယ်အရာကို သင်​ပြုလုပ်​နိုင်​သေး​ကြောင်း လေးလေးနက်နက်​ဆင်ခြင်​စဉ်းစား​ကြည့်​ပါ။ တစ်နေ့တာ​လုံး ယင်းကို​ကျင့်သုံး​ပါ​လေ။ ယင်းကို​နားလည်​ရန် သို့​မဟုတ် မည်သို့​ကျင့်သုံး​ရမည်ကို​သိရှိ​ရန် ခက်ခဲ​ပါ​က နောက်​တစ်ရက်​အသုံးပြု​ကြည့်​ပါ။ သို့သော် နောက်​တစ်ချက်​သို့​မသွားမီ ယင်းကို သင်​ကျွမ်းကျင်​ပိုင်နိုင်​ထား​ဖို့​မလို​ကြောင်း စိတ်စွဲ​မှတ်ထားပါ။ နောက်​တစ်နေ့​တွင် အခြား​သွန်သင်ချက်​တစ်ခု​ကို သင်​သုံးသပ်​နိုင်​သည်။ ရက်သတ္တပတ်​အဆုံး​တွင် ယေရှု၏​သွန်သင်ချက် လေး​ငါး​ခု​ကို အဘယ်​အထိ​အောင်မြင်စွာ လိုက်နာ​ကျင့်သုံး​နိုင်​ခဲ့​ကြောင်း ပြန်လည်​သုံးသပ်ကြည့်​နိုင်​သည်။ ဒုတိယ​အပတ်​တွင် နေ့စဉ်​ရက်​ဆက် ထပ်ဆင့်​သုံးသပ်ပါ။ သင်သည် သွန်သင်ချက်​တစ်စုံတစ်ခု​ကို မကျင့်​သုံး​မိ​ကြောင်း​တွေ့ရှိ​ရ​လျှင် စိတ်ဓာတ်​မကျ​ပါ​နှင့်။ ခရစ်ယာန်​တိုင်း ထိုသို့​တွေ့ကြုံ​ရ​ပေမည်။ (၂ ရာဇဝင်ချုပ် ၆:၃၆; ဆာလံ ၁၃၀:၃; ဒေ. ၇:၂၀; ယာကုပ် ၃:၈) တတိယ​နှင့် စတုတ္ထ​အပတ်​များ​တွင် ဆက်၍​ပြန်​ကျင့်သုံး​ပါ။

၂၁ တစ်လ​ခန့်​ကြာ​လျှင် အချက် ၃၁ ချက်​စ​လုံး​ကို သင်​သုံးသပ်​ပြီး​ဖြစ်​မည်။ မည်သို့​ပင်​ဖြစ်စေ၊ သင်​မည်သို့​အကျိုး​သက်ရောက်မှု ခံစားရ​မည်​နည်း။ ပို​ပြီး​ပျော်​သွား​မည်၊ ပို​၍​သက်သောင့်သက်သာ​ရှိ​မည်​မဟုတ်လော။ သင်သည် အနည်းငယ်​သာ​တိုးတက်​ဦး​တော့ သင့်​မှာ ဖိစီးမှု​လျော့နည်း​နေ​ပေ​လိမ့်​မည်၊ အနည်းဆုံး​တော့ ဖိစီးမှုကို သာ၍​ကောင်းစွာ​ကိုင်တွယ်​တတ်​ကာ ရှေ့ဆက်​နိုင်​မည့်​နည်းလမ်း​ရှိ​ပေ​လိမ့်​မည်။ ယေရှု၏​သွန်သင်ချက်​များ​မှ စာရင်း​ထဲ​မပါ​သည့် အခြား​အချက်​ကောင်း​များစွာ​ရှိကြောင်း မမေ့​ပါ​နှင့်။ ၎င်းတို့ကို​ရှာယူ​ပြီး ကြိုး​စား၍​လက်တွေ့​ကျင့်သုံး​ပါ​လေ။—ဖိလိပ္ပိ ၃:၁၆၊ ၁၇

၂၂။ ယေရှု၏​သွန်သင်ချက်​များ​ကို လိုက်လျှောက်ခြင်း​မှ အဘယ်​အကျိုး​ရရှိနိုင်​သနည်း၊ သို့သော် နောက်ထပ်​အဘယ်​ကဏ္ဍ​ကို လေ့လာ​သင့်​သနည်း။

၂၂ ယေရှု၏​ထမ်းပိုး​သည် အလေးချိန်​ရှိသော်လည်း အမှန်ပင်​ထမ်း​လွယ်​ကြောင်း သင်​တွေ့ရှိ​ပေ​ပြီ။ ကိုယ်တော်​၏​သွန်သင်ချက်​များနှင့် တပည့်ဖြစ်​ခြင်း​ဝန်​သည် ပေါ့ပါး​သည်။ အနှစ် ၆၀ ကျော်​ကိုယ်ပိုင်​အတွေ့အကြုံ​မှ ယေရှု၏​ချစ်​မိတ်ဆွေ တမန်​တော်​ယောဟန်​က သဘောတူ​ကြောင်း ဤသို့​ပြော​ခဲ့​သည်– “ပညတ်တော်​တို့ကို​စောင့်​ခြင်း​အရာ​သည် ဘုရားသခင်​ကို​ချစ်​ရာ​ရောက်​၏။ ပညတ်တော်​တို့ကို စောင့်​ခဲ​သည်မဟုတ်။” (၁ ယောဟန် ၅:၃) အသင်​လည်း ထို့​အတူ​ယုံကြည်​စိတ်ချ​နိုင်​သည်။ ယေရှု၏​သွန်သင်ချက်​များ​ကို သင်​လက်တွေ့​ကျင့်သုံး​လေ​လေ ယနေ့ လူများစွာ​တို့အတွက် ဖိစီးမှု​အလွန်​များ​စေသော​အရာ​သည် သင့်အတွက် ထို​မျှ​ပူ​ပင်​စ​ရာ​မဟုတ်​ကြောင်း တွေ့ရ​လေ​လေ​ဖြစ်​မည်။ သက်သာမှု​အတော်အတန်​ရရှိ​ထား​ကြောင်း သင်​တွေ့ရှိ​ပေ​လိမ့်​မည်။ (ဆာလံ ၃၄:၈) သို့​တိုင် ယေရှု၏​ထမ်း​လွယ်​သော​ထမ်းပိုး​နှင့်​ပတ်သက်​၍ သင်​သုံးသပ်​ဖို့​လိုအပ်​သည့် အခြား​ကဏ္ဍ​တစ်ခု​ရှိသေး​သည်။ မိမိ​၌ “နူးညံ့​သိမ်မွေ့​နှိမ့်ချသော စိတ်သဘော” ရှိကြောင်းကိုလည်း ယေရှု​ဖော်ပြ​ခဲ့​သေး​သည်။ ၎င်း​သည် ယေရှု​ထံ​မှ​ကျွန်ုပ်​တို့​သင်ယူခြင်း၊ ကိုယ်တော်​အား​တုပခြင်း​တွင် မည်သို့​အံဝင်ဂွင်ကျ​သနည်း။ ၎င်းကို နောက်​ဆောင်းပါး​တွင် ကျွန်ုပ်​တို့​သုံးသပ်ကြ​ပါ​မည်။—မဿဲ ၁၁:၂၉

[လေ့လာ​ရန်​မေးခွန်းများ]

သင့်​အဖြေ​ကား အဘယ်နည်း

• ဖိစီးမှုများ​လွန်း​ခြင်း​မှ သက်သာရာ​ရ​ရန် ယေရှုကို ကျွန်ုပ်​တို့ အဘယ်ကြောင့်​မျှော်ကိုး​သင့်​သနည်း။

• ထမ်းပိုး​သည် အဘယ်အရာ၏​အမှတ်အသား​ဖြစ်​ခဲ့​သနည်း၊ အဘယ်ကြောင့်​နည်း။

• ယေရှုသည် မိမိ၏​ထမ်းပိုး​ကို​တင်​ဖို့ လူ​တို့ကို အဘယ်ကြောင့်​ဖိတ်ခေါ်​ခဲ့​သနည်း။

• ဝိညာဉ်​ရေးရာ​လန်းဆန်းမှု​ကို သင်​မည်သို့​ရနိုင်​မည်​နည်း။

[စာမျက်နှာ ၁၄ ပါ အကျဉ်း​ဖော်ပြချက်]

၂၀၀၂ ခုနှစ်​အတွင်း ယေဟောဝါသက်သေ​များ​၏ နှစ်ချုပ်​ကျမ်းချက်​မှာ– “ငါ့​ထံ​သို့​လာ​ကြလော့။ ငါသည် လန်းဆန်း​စေမည်။”—မဿဲ ၁၁:၂၈က​ဘ။

[စာမျက်နှာ ၁၂၊ ၁၃ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

သင့်ကို​ထောက်ကူ​မည့်​သွန်သင်ချက်​များ

မဿဲ​အခန်းကြီး ၅ မှ ၇ တွင် အဘယ်​အကျိုးပြု​ရာ​များ​ကို သင်​တွေ့ ရှိ​နိုင်​သနည်း။ ဤ​အခန်းကြီး​များ​တွင် ဂါလိလဲ​နယ်​ရှိ တောင်စောင်း​တစ်ခု​၌ ကြီးမြတ်သော​ဆရာ၊ ယေရှု​တင်ဆက်​ခဲ့​သော သွန်သင်ချက်​များ​ပါရှိ​သည်။ သင့်ကိုယ်​ပိုင်​ကျမ်းစာ​ကို​အသုံးပြု​ကာ အောက်တွင်​ဖော်ပြ​ထားသော အခန်းငယ်​များ​ကို ကျေးဇူးပြု​၍​ဖတ်ရှု​ပြီး သက်ဆိုင်ရာ​မေးခွန်းများ သင့်ကိုယ်​သင်​မေးကြည့်ပါ။

၁။ ၅:၃-၉ ယင်းက ကျွန်ုပ်​၏​သာမန်​သဘောထား​အကြောင်း အဘယ်အရာကို​သိစေ​သနည်း။ ပျော်ရွှင်မှု​ပို​ရရှိဖို့ ကျွန်ုပ်​မည်သို့​လုပ်ဆောင်​နိုင်​မည်​နည်း။ ကျွန်ုပ်​၏​ဝိညာဉ်​ရေး​လိုအပ်ချက်​များ​ကို မည်သို့​ပို​၍​အာရုံစိုက်​နိုင်​မည်​နည်း။

၂။ ၅:၂၅၊ ၂၆ လူအများ​၌​ရှိသော ရန်လို​သည့်​စိတ်ထား​ကို အတု​မြင်​အတတ်​သင်​ခြင်း​ထက် အဘယ်အရာက​ပို​ကောင်း​သနည်း။—လုကာ ၁၂:၅၈၊ ၅၉

၃။ ၅:၂၇-၃၀ ချစ်​စိတ်ကူးယဉ်​ခြင်း​နှင့်​ပတ်သက်​၍ ယေရှု၏​စကား​များ​က အဘယ်အရာကို​အလေးပေး​ဖော်ပြ​သနည်း။ ၎င်းတို့ကို​ရှောင်ခြင်း​သည် ကျွန်ုပ်​၏​ပျော်ရွှင်မှု​နှင့် စိတ်​ငြိမ်သက်မှု​ကို မည်သို့​ထောက်ကူ​မည်​နည်း။

၄။ ၅:၃၈-၄၂ ခေတ်​သစ်​လူ့​အဖွဲ့အစည်း အလေးထား​သော အလွန်အမင်း​တောင်းဆိုခြင်း​ကို​ရှောင်ရန် ကျွန်ုပ်​အဘယ်ကြောင့်​ကြိုးစား​သင့်​သနည်း။

၅။ ၅:၄၃-၄၈ ရန်သူ​ဟု ကျွန်ုပ်​ယူမှတ်ခဲ့​သူများ​နှင့် ရင်းနှီး​သိကျွမ်းခြင်း​မှ ကျွန်ုပ်​အဘယ်​အကျိုး​ရရှိနိုင်​မည်​နည်း။ ယင်းက စိတ်​တင်းမာမှု​ကို​လျော့နည်းစေ​ရန် သို့​မဟုတ် ပြေပျောက်​စေရန် အဘယ်အရာ​ပြုလုပ်​ပေး​နိုင်​သနည်း။

၆။ ၆:၁၄၊ ၁၅ ကျွန်ုပ်​သည် တစ်ခါတစ်ရံ ခွင့်​မလွှတ်​လိုလျှင် မနာလိုမှု သို့​မဟုတ် နာကြည်းမှု​ကြောင့်​ဖြစ်​မည်​လော။ ယင်းကို ကျွန်ုပ်​မည်သို့​ပြောင်းလဲ​စေနိုင်​မည်​နည်း။

၇။ ၆:၁၆-၁၈ ကိုယ့်​အတွင်းစိတ်​ထက် အပြင်ပန်း​ကို ကျွန်ုပ်​ပို​၍​ဂရုစိုက်​တတ်​သလော။ အဘယ်အရာကို ကျွန်ုပ်​ပို​၍​သတိပြု​သင့်​သနည်း။

၈။ ၆:၁၉-၃၂ ကျွန်ုပ်​သည် ငွေကြေး၊ ပစ္စည်းဥစ္စာ​တို့ကို အလွန်အမင်း​အရေးထား​တတ်လာ​လျှင် အဘယ်​သို့​ဖြစ်​နိုင်​မည်​နည်း။ အဘယ်​အကြောင်းကို ကျွန်ုပ်​စဉ်းစား​နေခြင်း​က ဤ​ကိစ္စ​တွင် ဟန်ချက်ညီ​နိုင်​မည်​နည်း။

။ ၇:၁-၅ ပြစ်တင်​ဝေဖန်​၍ အမြဲ​အပြစ်ရှာ​တတ်​သူတို့နှင့် ပေါင်းသင်း​နေရ​သောအခါ ကျွန်ုပ်​မည်သို့​ခံစားရ​သနည်း။ ထိုသို့​မဖြစ်စေ​ရန်​ကြိုးစား​ဖို့ အဘယ်ကြောင့်​အရေးကြီး​သနည်း။

၁၀။ ၇:၇-၁၁ ဘုရားသခင်​ထံ ကျွန်ုပ်​စွဲစွဲမြဲမြဲ​ဆုတောင်းခြင်း​သည်​ကောင်း​လျှင် ဘဝ၏​အခြား​ကဏ္ဍ​များ​တွင်​ကော။—လုကာ ၁၁:၅-၁၃

၁၁။ ၇:၁၂ ရွှေ​ပညတ်​ကို​ကျွန်ုပ်​သိ​သော်လည်း အခြား​သူများ​နှင့်​ဆက်ဆံ​ရာ​တွင် ယင်းကို ကြိမ်ဖန်​မည်မျှ​ကျင့်သုံး​သနည်း။

၁၂။ ၇:၂၄-၂၇ ကျွန်ုပ်​သည် ကိုယ့်​ဘဝ​ကိုယ်​ညွှန်ကြား​ရန် တာဝန်​ရှိသည့်​အတွက် မခံမရပ်​နိုင်အောင်​ဖိစီး​သော အခက်အခဲ​ပြဿနာ​များ​အတွက် မည်သို့​သာ၍​အသင့်ရှိ​နိုင်​မည်​နည်း။ ဤ​အကြောင်းကို ယခု အဘယ်ကြောင့်​စဉ်းစား​သင့်​သနည်း။—လုကာ ၆:၄၆-၄၉

ကျွန်ုပ်​သုံးသပ်​နိုင်သော ထပ်ဆင့်​သွန်သင်ချက်​များ–

၁၃။ ၈:၂၊ ၃ ယေရှု မကြာခဏ​ပြုလုပ်​ခဲ့​သကဲ့သို့ အကြောင်း​မလှ​သူတို့ကို ကျွန်ုပ်​သနား​ကြင်နာ​ကြောင်း မည်သို့​တင်ပြ​နိုင်​မည်​နည်း။

၁၄။ ၉:၉-၃၈ သနား​ကြင်နာ​မှု​ကို အဘယ်​အတိုင်းအတာ​အထိ ကျွန်ုပ်​တင်ပြ​သနည်း၊ ယင်းကို မည်သို့​ပို​၍​တင်ပြ​နိုင်​မည်​နည်း။

၁၅။ ၁၂:၁၉ ယေရှု​နှင့်​ပတ်သက်သော ပရောဖက်ပြုချက်​ကို ကျွန်ုပ်​သိရှိလာရာ အငြင်းပွားမှုများ​ကို​ရှောင်​ဖို့ ကျွန်ုပ်​ကြိုးစား​သလော။

၁၆။ ၁၂:၂၀၊ ၂၁ ကျွန်ုပ်​သည် စကား​အားဖြင့်​ဖြစ်စေ၊ အပြုအမူအားဖြင့်​ဖြစ်စေ သူတစ်ပါးကို​မချိုးနှိမ်​ခြင်း​ဖြင့် အဘယ်​ကောင်းမှု​ပြု​နိုင်​သနည်း။

၁၇။ ၁၂:၃၄-၃၇ အဘယ်​အကြောင်းကို ကျွန်ုပ်​အပြော​များ​သနည်း။ လိမ္မော်​သီး​ကို​ညှစ်​လျှင် လိမ္မော်​ရည်​သာ​ထွက်​လာ​ကြောင်း ကျွန်ုပ်​သိထား​သည်​ဖြစ်​ရာ ကျွန်ုပ်​၏​အတွင်းစိတ်​နှလုံးကို အဘယ်ကြောင့်​ဂရုစိုက်​သင့်​သနည်း။—မာကု ၇:၂၀-၂၃

၁၈။ ၁၅:၄-၆ ယေရှု၏​မိန့်ဆိုချက်​များ​မှ သက်ကြီးရွယ်အို​များ​ကို ကြည့်ရှု​ပြုစု​ခြင်း​နှင့်​ပတ်သက်​၍ အဘယ်အရာကို​ကျွန်ုပ်​သိရှိ​ရသနည်း။

၁၉။ ၁၉:၁၃-၁၅ အချိန်​ယူ၍ အဘယ်အရာကို ကျွန်ုပ်​ပြုလုပ်​ဖို့​လို​သနည်း။

၂၀။ ၂၀:၂၅-၂၈ မိမိ​ကိုယ်ကျိုး​အတွက် အာဏာ​သုံး​ခြင်း​သည် အဘယ်ကြောင့်​အကျိုးမရှိ​သနည်း။ ဤ​ကိစ္စ​တွင် ယေရှုကို​ကျွန်ုပ်​မည်သို့​တုပ​နိုင်​သနည်း။

မာကု​မှတ်တမ်းတင်​ခဲ့​သော အခြား​တွေးခေါ်မှု​များ–

၂၁။ ၄:၂၄၊ ၂၅ သူတစ်ပါး​နှင့်​ကျွန်ုပ်​ဆက်ဆံပုံ​က အဘယ်အရာကို​အရိပ်​အ​ခြည်​ဖော်ပြ​သနည်း။

၂၂။ ၉:၅၀ ကျွန်ုပ်​ပြောဆို၊ ပြုမူ​ရာ​သည် လျောက်ပတ်​သင့်တော်​မည်​ဆိုလျှင် အဘယ်​ရလဒ်ကောင်း​များ ပေါ်ထွက်​လာနိုင်​မည်​နည်း။

နောက်ဆုံး၊ လုကာ​မှတ်တမ်းတင်​ခဲ့​သော သွန်သင်ချက်​အချို့–

၂၃။ ၈:၁၁၊ ၁၄ ကျွန်ုပ်​၏​ဘဝတွင် ပူပန်​သောက၊ ချမ်းသာ​ကြွယ်ဝမှု​နှင့် အပျော်အပါး​တို့ကို လွှမ်းမိုးခွင့်​ပြု​ပါ​က အဘယ်​ရလဒ်​ရရှိနိုင်​သနည်း။

၂၄။ ၉:၁-၆ ယေရှုသည် လူနာ​ကို​ကုသ​နိုင်သော တန်ခိုး​ရှိသော်လည်း ၎င်း​ထက် အဘယ်အရာကို ကိုယ်တော်​ဦးစားပေး​ခဲ့​သနည်း။

၂၅။ ၉:၅၂-၅၆ ကျွန်ုပ်​သည် အလွယ်တကူ​အ​ထ​ကောက်​တတ်​သလော။ လက်စားချေ​လို​စိတ်​ကို ကျွန်ုပ်​ရှောင်ကြဉ်​သလော။

၂၆။ ၉:၆၂ ဘုရားသခင့်​နိုင်ငံတော်​အကြောင်း ဟောပြောခြင်း​တာဝန်​ကို ကျွန်ုပ်​မည်သို့​ရှုမြင်​သင့်​သနည်း။

၂၇။ ၁၀:၂၉-၃၇ ကျွန်ုပ်​သည် သူစိမ်း​မ​ဆန်​ဘဲ ကိုယ်​နှင့်​စပ်ဆိုင်​သူကို ကိုယ်​နှင့်​အမျှ​ချစ်​ကြောင်း မည်သို့​သက်သေပြ​မည်​နည်း။

၂၈။ ၁၁:၃၃-၃၆ ကျွန်ုပ်​၏​ဘဝ​သည် ပို​၍​ရိုးရှင်း​လာနိုင်​ဖို့ အဘယ်​အပြောင်းအလဲ​များ​ကို ပြုလုပ်​နိုင်​သနည်း။

၂၉။ ၁၂:၁၅ စည်းစိမ်​သည် အသက်​နှင့် မည်သို့​ဆက်စပ်​သနည်း။

၃၀။ ၁၄:၂၈-၃၀ ဆုံးဖြတ်ချက်​များ​ကို အသေအချာ​ချင့်ချိန်​ဖို့ အချိန်​ယူ​မည်​ဆိုလျှင် အဘယ်အရာကို ကျွန်ုပ်​ရှောင်ကြဉ်​နိုင်​မည်​နည်း၊ အဘယ်​အကျိုး​ရရှိ​မည်​နည်း။

၃၁။ ၁၆:၁၀-၁၂ တည်ကြည်မှု​ရှိ​ခြင်း​မှ အဘယ်​အကျိုးကျေးဇူးများ ကျွန်ုပ်​ရရှိနိုင်​သနည်း။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ယေရှု၏​ထမ်းပိုး​အောက်​ရှိ အသက်ကယ်​လုပ်ငန်း​သည် လန်းဆန်းမှု​ဖြစ်