မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိဘတို့ သင်တို့ကလေးများ၏လိုအပ်ရာကို ဖြည့်ဆည်းပေးကြလော့!

မိဘတို့ သင်တို့ကလေးများ၏လိုအပ်ရာကို ဖြည့်ဆည်းပေးကြလော့!

မိဘတို့ သင်တို့​ကလေး​များ​၏​လိုအပ်ရာ​ကို ဖြည့်ဆည်း​ပေး​ကြလော့!

ကလေး​များသည် အထူးသဖြင့် သူတို့​မိဘများ​၏ ညွှန်ကြားမှု​နှင့် မေတ္တာပါ​ဆုံးမ​ပဲ့ပြင်​မှု​ကို လိုအပ်​သည်။ ယင်း​နှင့်​စပ်လျဉ်း၍ ဘရာဇီး​ပညာပေး​သူ တာ​နီ​ယာ ဇာ​ဂူ​ရီ​က “ကလေး​တိုင်း​ရဲ့​သဘောထား​က စိတ်​ကျေနပ်မှု​ရဖို့​ဖြစ်တယ်။ ကန့်သတ်ချက်​တွေ ချမှတ်​ပေးဖို့​လိုတယ်။ အဲဒါကို မိဘတွေက ချမှတ်​ပေး​ရမယ်။ မချ​မှတ်​ပေး​ရင် ကလေး​တွေ​ကို ထိန်း​လို့​သိမ်း​လို့​ရမှာ​မဟုတ်တော့ဘူး” ဟု​ဆို​သည်။

သို့သော် ကြိုက်​ရာ​လုပ်ပိုင်ခွင့်​ကို အားပေး​အား​မြှောက်​ပြု​သည့် စည်း​လွတ်​ဝါး​လွတ်​လူ့​အဖွဲ့အစည်း​၏ လွှမ်းမိုးမှုကို​ခံ​နေရ​သော​နိုင်ငံ​အများ​တွင် အထက်ပါ​အကြံပြုချက်ကို လိုက်လျှောက်ရန် ခက်ခဲ​နိုင်​မည်။ သို့​ဆိုလျှင် မိဘများသည် မည်သည့်​နေရာ​မှ အကူအညီ​ရရှိနိုင်​သနည်း။ ဘုရားသခင်​ကို​ကြောက်ရွံ့​သော မိဘများသည် မိမိတို့​ကလေး​များ​က “ထာဝရ​ဘုရား . . . ပေးသနား​တော်​မူ​သော အမွေဥစ္စာ​ဖြစ်​ကြ” သည်ကို အသိအမှတ်ပြု​ကြ​၏။ (ဆာလံ ၁၂၇:၃) သို့​ဖြစ်၍ သူတို့သည် ကလေး​များ​ကို​ကျွေးမွေး​ပြုစု​ရာ​တွင် လမ်းညွှန်မှု​အတွက် ဘုရားသခင့်​နှုတ်မြွက်တော် သမ္မာကျမ်းစာ​ကို အားထားကြ​သည်။ ဥပမာ၊ နယပုံပြင် ၁၃:၂၄ တွင်​ဤသို့​ဆို​သည်– “ကြိမ်လုံး​ကို​မ​သုံး​သော​သူသည် မိမိ​သားကို​မုန်း​ရာ​သို့​ရောက်​၏။ သားကို​ချစ်သော​သူ​မူ​ကား ငယ်​သော​အရွယ်​မှ​စ၍ ဆုံးမ​တတ်၏။”

သမ္မာကျမ်းစာ​တွင် အသုံးပြု​ထားသော “ကြိမ်လုံး” ဟူသည် ကာယရေး​အပြစ်ပေးခြင်း​ကို​သာ ဆိုလို​နေသည်​ဟု သဘောပေါက်​ဖို့​မဟုတ်​ချေ; မည်သည့်​ပုံစံ​မျိုး​ဖြင့်​မဆို ပြုပြင်​တည့်မတ်​ပေး​နည်းကို​ဆိုလို​သည်။ ကလေး​တစ်ဦး၏​ကလန်ကဆန်​ပြုလုပ်​လို​စိတ်​ကို ပြုပြင်​တည့်မတ်​ပေး​ရန် များသောအားဖြင့် နှုတ်ဖြင့်​ဆုံးမ​ဖို့​သာ လိုအပ်​ပေမည်။ နယပုံပြင် ၂၉:၁၇ က​ဤသို့​ဆို​၏– “သင်၏​သားကို ဆုံးမ​လော့။ သို့ပြုလျှင် သူသည် သင့်ကို​ချမ်းသာပေး​မည်။ ထို​မျှ​မ​က စိတ်​ရွှင်လန်းစရာ​အခွင့်​ကို​ပေး​မည်။”

ကလေး​များ​၏​မနှစ်မြို့ဖွယ်​ဝသီ​များ​ကို ဖယ်ရှား​ပေး​ရန် မေတ္တာပါ​ဆုံးမ​ပဲ့ပြင်​မှု​လို​သည်။ ဤသို့​ခိုင်မာ​ပြီး ကြင်နာ​စွာ​ပြုပြင်​တည့်မတ်​ပေးခြင်း​က မိဘ​သည် ကလေး​ကို​ချစ်​ကြောင်း သက်သေထူ​သည်။ (သု. ၂၂:၆) ထို့​ကြောင့် မိဘတို့ အားယူ​ကြလော့! ကျမ်းစာ​၏​ခြေမြစ်​ပြီး လက်တွေ့ကျ​သော အကြံပြုချက်ကို လိုက်လျှောက်ခြင်း​အားဖြင့် သင်သည် ယေဟောဝါ​ဘုရားသခင်​၏​အလိုတော်နှင့်​တွေ့​မည့်​အပြင် သင့်​ကလေး​များ​၏​ရိုသေ​လေးစားမှုကိုလည်း ရရှိပါ​လိမ့်​မည်။