မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှု အစစ်အမှန်

ယေရှု အစစ်အမှန်

ယေရှု အစစ်အမှန်

မိမိ​အား လူ​တို့ မည်သို့​ထင်မြင်​ယူဆကြ​ကြောင်း တပည့်တော်​များ​ထံ​မှ ကြားသိ​ရပြီး​နောက် ယေရှု​က “သင်တို့လည်း ငါ့ကို အဘယ်သူ​ဖြစ်သည်​ဆို​ကြ​သနည်း” ဟု မေး​တော်​မူ​၏။ မဿဲ​ခရစ်ဝင်​ကျမ်း​က တမန်​တော်​ပေတရု​၏​အဖြေကို ဤသို့​မှတ်တမ်း​တင်ထား​သည်– “ကိုယ်တော်​သည် ခရစ်တော်​တည်း​ဟူသော အသက်ရှင်​တော်​မူ​သော​ဘုရားသခင်​၏ သားတော်​ဖြစ်​တော်​မူ​သည်။” (မဿဲ ၁၆:၁၅၊ ၁၆) အခြားသူ​တို့​လည်း ထပ်တူ​အမြင်မျိုး​ရှိခဲ့​ကြ​၏။ နောက်ပိုင်း၌ တမန်​တော်​တစ်ပါး​ဖြစ်လာ​သူ နာသနေလ​က ယေရှု​အား “အရှင်​ဘုရား၊ ကိုယ်တော်​သည် ဘုရားသခင်​၏​သားတော် ဖြစ်​တော်​မူ​၏။ ဣသရေလလူ​တို့၏ ရှင်ဘုရင်​လည်း ဖြစ်​တော်​မူ​၏” ဟု​လျှောက်ခဲ့​သည်။ (ယောဟန် ၁:၄၉) ယေရှု​ကိုယ်တော်တိုင် မိမိ၏​အရေးပါသော​ကဏ္ဍ​ကို ဤသို့​မြွက်ဆို​ခဲ့​သည်– “ငါသည်​လမ်းခရီး​ဖြစ်၏။ [အမှန်] တရား​လည်း​ဖြစ်၏။ အသက်လည်း​ဖြစ်၏။ ငါ့ကို​အ​မှီ​မပြုလျှင် အဘယ်သူမျှ​ခမည်းတော်​ထံ​သို့​မရောက်ရ။” (ယောဟန် ၁၄:၆) ကိုယ်တော်​သည် မိမိကိုယ်ကို “ဘုရားသခင်​၏​သားတော်” ဟု အကြိမ်ကြိမ်​ရည်ညွှန်းခဲ့​သည်။ (ယောဟန် ၅:၂၄၊ ၂၅; ၁၁:၄) ယင်း​အဆို​မှန်ကန်ကြောင်း အံ့ဖွယ်အမှု​များ​ပြုခြင်း၊ သေ​သူကိုပင်​ထမြောက်​စေ​ခဲ့​ခြင်း​ဖြင့် သက်သေထူ​ခဲ့​သည်။

ခြေမြစ်​သော​သံသယများ​လော

သို့ရာတွင် ယေရှု​အကြောင်း ခရစ်ဝင်​ကျမ်း​များ​တွင် ဖော်ပြ​ထား​ချက်​ကို ကျွန်ုပ်​တို့ အမှန်ပင် ယုံကြည်​စိတ်ချ​နိုင်​သလော။ ယင်း​တို့သည် တကယ့်​ယေရှု​အကြောင်း ဖော်ပြ​သလော။ အင်္ဂလန်​နိုင်ငံ၊ မ​န်​ချက်​စ်​တာ တက္ကသိုလ်​မှ သမ္မာကျမ်းစာ​ဆိုင်ရာ အကဲဖြတ်​အဖွင့်​ဋီကာ​ချဲ့​ရေး ပါမောက္ခ​ဖြစ်သော မကြာမီ​က​ကွယ်လွန်​သွားခဲ့​သူ ဖရက်ဒရစ် အက်ဖ်၊ ဘ​ရု​စ် က ဤသို့​ဆို​သည်– “သမ္မာကျမ်းစာ​အတွင်း သို့​မဟုတ် ပြင်ပ​မှ ရှေးဟောင်း​စာပေ​တစ်ခု​ပါ အချက်အလက်​တိုင်း မှန်​မမှန် သမိုင်းဝင်​ထောက်ခံချက်​များ​ဖြင့်​ဖော်ပြ​ရန် များသောအားဖြင့်​မဖြစ်​နိုင်​ပေ။ စာရေး​ဆရာ​တစ်ဦး၏ ယေဘုယျ​ယုံကြည်​စိတ်ချ​ရ​မှု​ကို ကျိုးကြောင်း​ညီ​စွာ စိတ်ချ​နိုင်​ကြောင်း သိထားခြင်း​သည် လုံလောက်​ပေ​သည်၊ သူ့ကို​ယုံကြည်​နိုင်ပြီ​ဆိုလျှင် သူ၏​အသေးစိတ်​တင်ပြချက်​များ မှန်သည်​ဟူ၍​သာ ယူဆ​နိုင်​သည်။ . . . ခရစ်ယာန်​များ​က ဓမ္မသစ်​ကျမ်း​ကို ‘မြင့်မြတ်​သော’ စာပေ​အဖြစ်​လက်ခံ​ထား​ကြသော​ကြောင့် ၎င်း​သည် သမိုင်း​အရ ယုံကြည်​စိတ်ချ​စ​ရာ​ဟုတ်​ဟု မဆို​နိုင်​ပေ။”

ခရစ်ဝင်​ကျမ်း​များ​တွင် ရေးသား​ဖော်ပြ​ထားသော ယေရှု​နှင့်​စပ်​လျ​ဉ်း​သည့် သံသယများ​ကို ဆန်းစစ်​ပြီး​နောက် အမေရိကန်​ပြည်ထောင်စု မြောက်​ဒါကို​တာ၊ ဂျိမ်းစ်​တောင်း​ကောလိပ်​မှ ဘာသာရေး​ပါမောက္ခ ဂျိမ်း အာရ်. အက်ဒ်​ဝပ် ဤသို့​ရေးသားခဲ့​သည်– “ခရစ်ဝင်​ကျမ်း​များသည် ယေရှု​အကြောင်း တကယ့်​အမှန်တရား​ဖြစ်သော သက်သေ​အထောက်အထား​မြောက်မြားစွာ​ကို ပုံစံ​အမျိုးမျိုးဖြင့် ထိန်းသိမ်း​ပေး​ထား​ကြောင်း ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချ​စွာ ပြောဆို​နိုင်​သည်။ . . . ယေရှု​အား ခရစ်ဝင်​ကျမ်း​များ ဖော်ပြ​ထား​သကဲ့သို့ အဘယ်ကြောင့်​ဖော်ပြ​ရသနည်း​ဟူသော မေးခွန်း​အတွက် ကျိုးကြောင်း​အညီ​ညွတ်​ဆုံး​အဖြေ​မှာ ယေရှုသည် ထို​အတိုင်း​ပင်​ဖြစ်​ခဲ့​သောကြောင့်​ဖြစ်သည်။ ခရစ်ဝင်​ကျမ်း​များသည် မိမိ၏​နောက်တော်လိုက် တပည့်​များ​တွင် ကိုယ်တော် စွဲမှတ်​ကျန်ရစ်​ခဲ့​စေ​ရာ​ကို တိကျ​မှန်ကန်​စွာ ဖော်ပြ​သည်၊ ကိုယ်တော်​သည် ဘုရားသခင်​စေလွှတ်​သူ​ဖြစ်​ကြောင်း​နှင့် ဘုရားသခင့်​သားတော်​အဖြစ် အမှုထမ်း​ရန် အာဏာ​အပ်နှင်း​ခံရ​သူ​ဖြစ်​ကြောင်း သူတို့​သိရှိ​ကြသည်။” *

ယေရှု​ရှာပုံတော်

ယေရှု​ခရစ်​နှင့်​ပတ်သက်သော သမ္မာကျမ်းစာ​တွင်​မပါ​သည့် ကိုးကားချက်​များ​ကော အသို့နည်း။ ၎င်းတို့ကို မည်သို့​အကဲဖြတ်​မည်​နည်း။ တက်စီတပ်စ်၊ စူ​တိုး​နီး​ယပ်စ်၊ ဂျိုစီဖတ်စ်၊ ပလင်နီ​အငယ်​နှင့် စံတင်​လောက်​သော အခြား​စာရေး​ဆရာ​အနည်းငယ်​၏ သမိုင်း​မှတ်တမ်းများတွင် ယေရှု​အကြောင်း ကြိမ်ဖန်​များစွာ ကိုးကား​ဖော်ပြ​ထား​ပါ​သည်။ ယင်း​တို့​အထဲ​မှ ဗြိတဲန်နီကာ စွယ်စုံ​ကျမ်း​သစ် (၁၉၉၅) က​ဤသို့​မှတ်ချက်ချ​သည်– “ရှေးခေတ်​က ခရစ်ယာန်​ဘာသာ​ကို​ဆန့်ကျင်သူ​များ​ပင် ယေရှု​တကယ်​ရှိခဲ့​သည်ကို ယုံကြည်​ကြ​ကြောင်း ဤ​ဘက်မလိုက်​မှတ်တမ်းများ​က သက်သေထူ​သည်။ ယင်း​ကိစ္စ​ကို အကြောင်းအချက်​မခိုင်လုံ​ဘဲ ၁၈ ရာစု​အဆုံးပိုင်း၊ ၁၉ ရာစု​အတွင်း​နှင့် ၂၀ ရာစု​အစပိုင်း​တွင် စတင်​ငြင်းခုံ​လာ​ခဲ့​ကြသည်။”

ဝမ်းနည်းစရာမှာ ခေတ်​သစ်​ပညာရှင်​များသည် “အစစ်အမှန်” သို့​မဟုတ် “သမိုင်းဝင်​ပုဂ္ဂိုလ်” ယေရှုကို ရှာပုံတော်ဖွင့်​ရာ​တွင် အခြေအမြစ်​မရှိသော မှန်းဆချက်​များ၊ အဓိပ္ပာယ်မဲ့​သော​သံသယများ​နှင့် ယုတ္တိမရှိ​သော​အယူအဆ​များ အထပ်ထပ်​နောက်ကွယ်​၌ ကိုယ်တော်​မည်သူ​မည်ဝါ​ဖြစ်သည်​ကို ဖုံးကွယ်​ထား​ပုံ​ရှိသည်။ တစ်နည်း​အားဖြင့်​ဆို​ရ​လျှင် ခရစ်ဝင်​ကျမ်း​ရေးသူ​များသည် ဒဏ္ဍာရီ​ဖွဲ့နွဲ့​ခြင်း​ဖြစ်သည်ဟု မမှန်မကန်​စွပ်စွဲမှု​အတွက် အပြစ်ရှိ​ကြသည်။ အချို့​တို့သည် ထူးခြားသည့်​အယူအဆ​အသစ်​တစ်ခု မိမိတို့​ကြောင့် ထွက်ပေါ်​လာ​သည်​ဟု နာမည်​ကျော်ကြား​လို​၍ ယေရှု​အကြောင်းကို ရိုးသား​မှန်ကန်​စွာ မဆန်းစစ်​ကြ​ချေ။ ဤ​လုပ်​စဉ်​တွင် ပညာရှင်​တို့သည် သူတို့၏​စိတ်ကူး​ဖြင့် “ယေရှု” တစ်ဦး​ကို​ဖန်တီး​ခဲ့​ကြသည်။

သို့သော် ယေရှု​အစစ်အမှန်​ကို တွေ့​လို​သူများ​သည် ကိုယ်တော်​အား သမ္မာကျမ်းစာ​၌ ရှာတွေ့နိုင်​ပါ​သည်။ အယ်​မ​ရီ​တက္ကသိုလ်၊ ကဲ​န်ဒ​လာ​ကျမ်းစာ​သင်​ကျောင်း​မှ ဓမ္မသစ်​ကျမ်း​နှင့် ခရစ်ယာန်​ဇာစ်​မြစ်​ဆိုင်ရာ ပါမောက္ခ လု​ခ် ဂျောန်​ဆင် က သမိုင်းဝင်​ပုဂ္ဂိုလ်​ယေရှု အကြောင်း​နှင့်​ပတ်သက်​၍ ရှာဖွေ​လေ့လာမှု​အများစု​သည် ကျမ်းစာ​ရည်ရွယ်​ရာ​ကို ချန်လှပ်​ထား​ကြသည်​ဟု အခိုင်အမာ​ဆို​သည်။ သူက ယေရှု၏​ဘဝ​နှင့် ကိုယ်တော့်​ခေတ်​ကာလ​၏ လူမှုရေး၊ နိုင်ငံရေး၊ မ​နု​ဿ​ဗေဒ​နှင့် ယဉ်ကျေးမှု​တို့ကို ဆန်းစစ်​ရန် စိတ်ဝင်စားစရာ​ဖြစ်​နိုင်​သည်​ဟု​ဆို​သည်။ သို့​တိုင် ပညာရှင်​များ​က သမိုင်းဝင်​ပုဂ္ဂိုလ်​ယေရှု​ဟု​ဆို​သည့်​သူ​အကြောင်း တွေ့ရှိ​လာ​ခြင်း​သည် “ကျမ်းစာ​ရည်ရွယ်​ရာ မဟုတ်​ချေ၊” ကျမ်းစာ​ရည်ရွယ်​ရာ​မှာ ယေရှု၏​သတင်းတရား၊ ရွေးနုတ်ရှင်​အဖြစ် ကိုယ်တော့်​အခန်းကဏ္ဍ၊ ကိုယ်တော်​၏ “စရိုက်​လက္ခဏာကို ဖော်ပြ​ရန် ပို​၍​အာရုံ​စူးစိုက်” ကြောင်း သူက​ထပ်လောင်း​ပြောကြား​သည်။ သို့​ဖြစ်​လျှင် ယေရှု၏​စရိုက်​မှန်​နှင့် သတင်းတရား​မှန်​ကား အဘယ်နည်း။

ယေရှု​အစစ်အမှန်

ယေရှု​ဘဝ​အကြောင်း ကျမ်းစာ​မှတ်တမ်းတင်​ချက်​လေးစောင်​ဖြစ်သော ခရစ်ဝင်​ကျမ်း​များသည် ကိုယ်တော်​အား ထူးကဲ​စွာ​စာနာမှု​ပြ​သူ​တစ်ဦး​အဖြစ် ဖော်ပြ​ထား​သည်။ သနား​ညှာတာ​စိတ်​နှင့် ထောက်ထား​စာနာ​တတ်သော​သဘော​ကြောင့် ယေရှုသည် ဖျားနာသူ၊ မျက်စိကန်း​သူနှင့် အခြားသော​ဝေဒနာ​များ ခံစား​နေရသူ​များ​ကို ကူညီပေး​ရန် လှုံ့ဆော်​ခံ​ခဲ့​ရသည်။ (မဿဲ ၉:၃၆; ၁၄:၁၄; ၂၀:၃၄) ယေရှု၏​မိတ်ဆွေ​လာဇရု သေဆုံး​ခြင်း​နှင့် လာဇရု​၏​ညီအစ်မ​များ ဝမ်းနည်း​ကြေကွဲ​ခြင်း​တို့​က ကိုယ်တော်​အား ‘အလွန်​ညှိုးငယ်​၍ မျက်ရည်ကျ’ စေတော်မူ​ခဲ့​၏။ (ယောဟန် ၁၁:၃၂-၃၆) အမှန်​ဆို​သော် ခရစ်ဝင်​ကျမ်း​များ​က ယေရှု၏​ခံစားချက်​အမျိုးမျိုးကို ဖော်ပြ​သည်၊ ဥပမာ၊ အနူသည်​တစ်ဦး​ကို စာနာ​ခြင်း၊ တပည့်တော်​များ​၏ အောင်မြင်မှု​များ​ကြောင့် စိတ်အားတက်​ကြွ​ခြင်း၊ စာနာမှု​ကင်းမဲ့​သော​ဥပဒေ​ကို လှေနံဓားထစ်​လိုက်နာသူ​တို့အား အမျက်ထွက်ခြင်း၊ မေရှိယကို ယေရုရှလင်​မြို့သား​များ ငြင်းပယ်​သည့်​အတွက် ဝမ်းနည်းခြင်း​စ​သည်​တို့​ဖြစ်သည်။

ယေရှုသည် အံ့ဖွယ်အမှု​ကို​ပြုသော​အခါ “သင်၏​ယုံကြည်ခြင်း​သည် သင့်​အနာ​ကို​ငြိမ်း​စေပြီ” ဟု​ဆို​ကာ ကုသ​ခံရ​သူ၏​အပိုင်းကဏ္ဍ​ကို အာရုံစိုက်​လေ့​ရှိသည်။ (မဿဲ ၉:၂၂) ကိုယ်တော်​သည် နာသနေလ​အား “လှည့်စားခြင်း​အပြစ်​နှင့်​ကင်းလွတ်​သော ဣသရေလလူ​စစ်” ဟု​ချီးမွမ်း​ခဲ့​သည်။ (ယောဟန် ၁:၄၇) အမျိုးသမီး​တစ်ဦး၏ တန်ဖိုး​ထား​လေးမြတ်​စွာ ပေးဆက်​သော​လက်ဆောင်​ကို အချို့​တို့​က ဖြုန်းတီးမှု​ဟု​သဘောထား​သောအခါ ထို​အမျိုးသမီးကို ယေရှု​ကာကွယ်​ပေး​ပြီး သူ၏​ရက်ရောမှု​အကြောင်း ကြာမြင့်စွာ အောက်မေ့​သတိရ​လိမ့်​မည်​ဟု​ဆို​၏။ (မဿဲ ၂၆:၆-၁၃) ကိုယ်တော်​သည် မိမိ၏​တပည့်​နောက်လိုက်​များ​ကို “အဆုံးတိုင်အောင်​ချစ်တော်မူ” ကာ မိတ်ဆွေစစ်​နှင့် ချစ်ခင်​ကြင်နာ​သော အပေါင်းအဖော်​ဖြစ်​ကြောင်းကို​ပြသ​ခဲ့​၏။—ယောဟန် ၁၃:၁; ၁၅:၁၁-၁၅

ယေရှု​တွေ့ဆုံ​ခဲ့​သူ အများစုကို ကိုယ်တော်​သည် ချက်ချင်း​သဘောပေါက်​နားလည်​ကြောင်း​လည်း ခရစ်ဝင်​ကျမ်း​များ​က​ဖော်ပြ​သည်။ ကိုယ်တော်​သည် ရေတွင်း၌ အမျိုးသမီး​တစ်ဦး​နှင့်​ဖြစ်စေ၊ ဥယျာဉ်​တွင် ဘာသာရေး​ဆရာ​တစ်ဦး​နှင့်​ဖြစ်စေ၊ ရေကန်​အနီး​၌ တံငါသည်​တစ်ဦး​နှင့်​ဖြစ်စေ စကားပြော​ဆို​စဉ် သူတို့၏​နှလုံးကို ချက်ချင်း​ထိမိ​ခဲ့​သည်။ ယေရှု စ,စကား​ပြောဆို​ပြီး​နောက် လူအများစု​သည် သူတို့၏​အတွင်းသဘော​များ​ကို ကိုယ်တော်​အား ဖွင့်ပြော​လေ့​ရှိကြ​၏။ ကိုယ်တော်​သည် သူတို့​နှလုံးကို​ထိမိ​ခဲ့​သည်။ ယေရှု၏​တစ်ခေတ်​တည်း​သားများ​သည် ဩဇာ​ရှိသူ​များနှင့် ခပ်​ကင်း​ကင်း​နေကောင်း​နေ​မည်​ဖြစ်သော်လည်း ကိုယ်တော့်​ကို​မူ​ကား လူ​တို့​ဝိုင်းအုံ​နေကြ​သည်။ လူတို့သည် ယေရှု​နှင့်အတူ​ရှိ​လို​ကြ​၏; ကိုယ်တော်​နှင့် သူတို့​ပေါင်းသင်း​ရလွယ်​ကူ​၏။ ကလေး​များသည်​လည်း ကိုယ်တော်​နှင့်​ရင်းရင်းနှီးနှီး​ရှိကြသည်။ ကလေး​တစ်ယောက်ကို နမူနာ​အဖြစ် ကိုယ်တော်​အသုံးပြု​သောအခါ တပည့်တော်​များ​ရှေ့တွင် ထို​ကလေး​အား ရပ်​ရုံ​ရပ်​စေ​သည်မဟုတ်​ဘဲ “ချီပိုက်” ထား​တော်​မူ​ခဲ့​၏။ (မာကု ၉:၃၆; ၁၀:၁၃-၁၆) ခရစ်ဝင်​ကျမ်း​များ​က ယေရှုကို ဆွဲဆောင်မှု​အား အလွန်​ကောင်း​သူ​ဖြစ်၍ ယင်းကြောင့် လူများ​တို့သည် ကိုယ်တော်​၏​တရားကို​နာ​ဖို့​အတွက်သာ သုံးရက်​ပတ်လုံး ကိုယ်တော်​နှင့်အတူ​နေခဲ့​ကြ​၏​ဟု ဖော်ပြ​သည်။—မဿဲ ၁၅:၃၂

ယေရှုသည် စုံလင်သော​သူ​ဖြစ်သော်လည်း ကိုယ်တော်​၏​တရားကို​နာ​သော မစုံလင်သူ​များ​ကို အလွန်အမင်း​အပြစ်ရှာ​ခြင်း၊ မောက်မောက်မာမာ​နှင့် နိုင်ထက်စီးနင်း​ပြုခြင်း မရှိခဲ့​ချေ။ (မဿဲ ၉:၁၀-၁၃; ၂၁:၃၁၊ ၃၂; လုကာ ၇:၃၆-၄၈; ၁၅:၁-၃၂; ၁၈:၉-၁၄) ယေရှုသည် တစ်ခါမျှ အတင်းအကျပ်​တောင်းဆို​ခဲ့​ခြင်း​မရှိ။ လူတို့၏​ဝန်ထုပ်ဝန်ပိုး​များ​အပေါ် အခြား​ဝန်များ​ထပ်​တင်​ခြင်း​ကိုလည်း​မပြု​ခဲ့။ ယင်းအစား ကိုယ်တော်​ဤသို့​ဆို​သည်– “ဝန်​လေး . . . သော​သူအပေါင်း​တို့၊ ငါ့​ထံ​သို့​လာ​ကြလော့။ ငါသည်​ချမ်းသာပေး​မည်။” ကိုယ်တော်​သည် “နူးညံ့​သိမ်မွေ့​နှိမ့်ချသော​စိတ်သဘော” ရှိကြောင်း တပည့်တော်​များ​တွေ့မြင်​ခဲ့​ကြ​၏; ကိုယ်တော်​၏​ထမ်းပိုး​သည် ထမ်း​လွယ်​၍ ဝန်​လည်း​ပေါ့​၏။—မဿဲ ၁၁:၂၈-၃၀

ယေရှု၏​ပင်ကိုစရိုက်​လက္ခဏာကို ခရစ်ဝင်​ကျမ်း​မှတ်တမ်းများတွင် ရှင်းလင်း​ပြတ်သား​စွာ တွေ့မြင်​နိုင်​သည်။ ထူးခြားသော​စရိုက်​လက္ခဏာ​ရှိသူ​တစ်ဦး​ကို ပုဂ္ဂိုလ်​လေးဦး​က ဖန်တီး​ဖော်ပြ​ပြီး သီးခြား​ဇာတ်ကြောင်း​လေးခု​လုံး​တွင် ထို​သူကို​တစ်​ပုံစံ​တည်း သရုပ်သကန်​ဖော်​ခြင်း​ဟူသည် လွယ်ကူ​မည်​မဟုတ်​ချေ။ အကယ်၍ ထို​သူသည် အမှန်တကယ်​မတည်ရှိ​ခဲ့​ပါ​မူ စာရေး​ဆရာ​လေးဦး​က ထို​သူကို တစ်သမတ်တည်း ရုပ်လုံးဖော်​ရေးသား​ရန် မဖြစ်​နိုင်​ပေ။

သမိုင်း​ပညာရှင် မိုက်ကယ်ဂရန့်​က စဉ်းစား​တွေးတော​စ​ရာ​မေးခွန်း​တစ်ခု ထုတ်ခဲ့​သည်– “နာမည်​ပျက်​အမျိုးသမီးများ​အပါအဝင် အမျိုးသမီးများ​စွာ​နှင့် ပေါင်းသင်း​ဆက်ဆံ​သော်လည်း သူတို့​အပေါ် မရိုးမသား​မေတ္တာ​စိတ်​သက်ဝင်​ခြင်း၊ ဟန်​ကြီး​ပန်​ကြီး​လုပ်​လွန်း​ခြင်း​မျိုး​မရှိ၊ အ​ဘက်​ဘက်တွင် အကြွင်းမဲ့ ကိုယ်ကျင့်တရား​ဖြူစင်​ဖြောင့်မတ်​ပြီး ဆွဲဆောင်မှု​ရှိသော​လူရည်မွန်​တစ်ဦး​ကို ခရစ်ဝင်​ကျမ်း​ဆိုင်ရာ ထုံးတမ်း​တစ်လျှောက်​တွင် ဖော်ပြ​ထားခြင်း​မှာ မည်သို့​ဖြစ်​နိုင်​ပါ​မည်​နည်း။” ကျိုးကြောင်း​ညီညွတ်သော​အဖြေ​မှာ အဆိုပါ​ပုဂ္ဂိုလ်​သည် အမှန်တကယ်​တည်​ရှိခဲ့​ပြီး ကျမ်းစာ​ဖော်ပြ​သည့်​အတိုင်း ပြုမူ​နေထိုင်ခဲ့​သည်​ဟူ၍​ဖြစ်၏။

ယေရှု​အစစ်အမှန်​နှင့် သင့်​အနာဂတ်

ယေရှု​ကမ္ဘာ​ပေါ်​ရှိ​စဉ် ဘဝ​အဖြစ်မှန်​ကို သမ္မာကျမ်းစာ​၌ ဖော်ပြ​သည့်​အပြင် ကိုယ်တော်​သည် လူသား​ဘဝ​မတိုင်မီ​က ‘သတ္တဝါ​အပေါင်းတို့တွင် သားဦး၊’ ဘုရားသခင်​၏ တစ်ပါး​တည်း​သော​သားတော်​အဖြစ် အသက်ရှင်ခဲ့​ကြောင်း​လည်း တင်ပြ​ထား​သည်။ (ကောလောသဲ ၁:၁၅) ဘုရားသခင်​သည် လွန်ခဲ့သော​နှစ်ပေါင်း​နှစ်ထောင်​ကျော်​က မိမိ၏​ကောင်းကင်သား​တော်​ကို လူသား​တစ်ဦး​အဖြစ် မွေးဖွား​လာ​စေရန် သူ၏​အသက်ကို ဂျူး​အပျိုကညာ​တစ်ဦး၏​ဝမ်း​ထဲ ရွှေ့​ပြောင်း​ပေး​တော်​မူ​ခဲ့​သည်။ (မဿဲ ၁:၁၈) ယေရှု မြေကြီးပေါ်​အမှုဆောင်ခဲ့​စဉ် ကိုယ်တော်​သည် စိတ်ဓာတ်ကျ​သူများ​အတွက် တစ်ခု​တည်း​သော​မျှော်လင့်ချက်​မှာ ဘုရားသခင့်​နိုင်ငံတော်​ဖြစ်​ကြောင်း ကြွေးကြော်​တော်​မူ​ခဲ့​၍ ဤ​ဟောပြောခြင်း​လုပ်ငန်း​ကို ဆက်လက်​ဆောင်ရွက်ရန် တပည့်တော်​များ​ကို လေ့ကျင့်​သွန်သင်ပေး​တော်​မူ​ခဲ့​၏။—မဿဲ ၄:၁၇; ၁၀:၅-၇; ၂၈:၁၉၊ ၂၀

စီ.အီး. ၃၃၊ နိသန်လ ၁၄ ရက် (ဧပြီ ၁ ရက်​ခန့်) တွင်​ယေရှုသည် အဖမ်း​ခံရ​ပြီး ရုံးတင်​စစ်ဆေး​ခံရ​ကာ တရား​စီရင်ခံ​ရ​၍ ပုန်ကန်​ရန်​လှုံ့ဆော်​သည်​ဟူသော မတရား​စွပ်စွဲချက်​ဖြင့် အသတ်ခံခဲ့ရ​သည်။ (မဿဲ ၂၆:၁၈-၂၀၊မဿဲ ၂၆:၄၈-၂၇:၅၀) ယေရှု​အသေခံ​၍ ရွေးနုတ်​ပေး​တော်​မူ​ခဲ့​သောကြောင့် ယုံကြည်သူ​လူသား​အပေါင်းတို့သည် အပြစ်​မှ​လွတ်မြောက်​လာပြီး ကိုယ်တော်​အား ယုံကြည်​ကြောင်း​တင်ပြ​သူအပေါင်း ထာဝရ​အသက်​ရ​ခွင့်​ရှိစေသည်။ (ရောမ ၃:၂၃၊ ၂၄; ၁ ယောဟန် ၂:၂) နိသန်လ ၁၆ ရက်​တွင် ယေရှု​ရှင်ပြန်ထမြောက်​တော်​မူ​ခဲ့​ပြီး ထို့နောက်​များ​မကြာမီ ကိုယ်တော်​သည် ကောင်းကင်​သို့​ပြန်​တက်ကြွ​တော်​မူ​ခဲ့​သည်။ (မာကု ၁၆:၁-၈; လုကာ ၂၄:၅၀-၅၃; တမန်​တော် ၁:၆-၉) ထမြောက်​တော်​မူ​ခဲ့​သော​ယေရှုသည် ယေဟောဝါ​၏​ခန့်အပ်​ခံ​ရှင်ဘုရင်​အဖြစ် လူသား​အတွက် ဘုရားသခင်​၏​ကနဦး​ရည်ရွယ်ချက်ကို အထမြောက်​စေရန် အခွင့်အာဏာ​အပြည့်အဝ​ရှိ​တော်​မူ​သည်။ (ဟေရှာယ ၉:၆၊ ၇; လုကာ ၁:၃၂၊ ၃၃) ယေရှုသည် ဘုရားသခင့်​ရည်ရွယ်တော်မူချက် အကောင်အထည်ဖော်​ရေး​တွင် အဓိက​ပုဂ္ဂိုလ်​ဖြစ်​ကြောင်း သမ္မာကျမ်းစာ​က ဖော်ပြ​သည်။

ပထမ​ရာစု​တွင် ယေရှုကို ကတိထားရာ​မေရှိယ သို့​မဟုတ် ခရစ်တော်၊ ယေဟောဝါ​၏​ပိုင်သ​အုပ်စိုးမှု​ကို သံသယ​ကင်းရှင်း​စေရန်​နှင့် လူသားများ​အတွက် ရွေးနုတ်ဖိုး​အဖြစ် အသေခံရန် မြေကြီး​သို့​စေလွှတ်​ခံရ​သူ​အဖြစ် လူ​အမြောက်အမြား​က လက်ခံခဲ့​ကြသည်။ (မဿဲ ၂၀:၂၈; လုကာ ၂:၂၅-၃၂; ယောဟန် ၁၇:၂၅၊ ၂၆; ၁၈:၃၇) ကိုယ်တော်​သည် မည်သူ​မည်ဝါ​ဖြစ်​ကြောင်း လူတို့ကျိန်း​သေ​မသိကြ​လျှင် အပြင်းအထန်​နှိပ်စက်​ညှဉ်းပန်း​ခံရ​သည့်​ကြား ယေရှု၏​တပည့်​များ​ဖြစ်​ဝံ့​ကြ​မည်​မဟုတ်​ချေ။ သို့သော် သူတို့သည် ကိုယ်တော်​ပေးအပ်​တော်​မူ​သည့် ‘လူမျိုးတကာ​တို့ကို တပည့်​ဖြစ်စေ​ခြင်း’ လုပ်ငန်း​ကို ထက်ထက်သန်သန် ရဲရင့်စွာ​လုပ်ကိုင်​နိုင်​ခဲ့​ကြသည်။—မဿဲ ၂၈:၁၉

ယနေ့​တွင် ယေရှုသည် ဒဏ္ဍာရီ​ထဲ​မှ​သူ​တစ်ဦး​မဟုတ်​ကြောင်း စိတ်ရင်းမှန်​၍ အသိအမြင်​ကြွယ်​သော ခရစ်ယာန်​သန်းပေါင်း​များစွာ သိ​ကြ​ပါ​သည်။ သူတို့သည် ကိုယ်တော်​အား ကမ္ဘာ​မြေကြီး​နှင့် ၎င်း​၏​မှု​ရေး​မှု​ရာ​များ​ကို အပြည့်အဝ​တာဝန်​ယူ​ထမ်းဆောင်​တော့​မည့် ကောင်းကင်​တွင်​နန်းထိုင်​အုပ်ချုပ်​သည့် ဘုရားသခင့်​နိုင်ငံတော်​ဘုရင်​အဖြစ် လက်ခံ​ထား​ကြပြီ။ ဤ​ဘုရားသခင့်​အုပ်ချုပ်ရေး​သည် ကမ္ဘာ့​ပြဿနာ​များ​ကို ငြိမ်း​စေ​မည့်​အတွက် သတင်းကောင်း​ဖြစ်သည်။ ဘုရားသခင် ရွေးချယ်​ခန့်အပ်​ထား​တော်​မူ​သော​ဘုရင်​ကို ဤ​ခရစ်ယာန်စစ်​များ အကြွင်းမဲ့​ထောက်ခံ​အားပေး​ကြောင်း “နိုင်ငံတော်​နှင့်ယှဉ်သော​သတင်းကောင်း” ကို လူအပေါင်း​တို့အား ကြေညာ​ခြင်း​အားဖြင့် တင်ပြ​ကြသည်။—မဿဲ ၂၄:၁၄

အသက်ရှင်​တော်​မူ​ထ​သော ဘုရားသခင်​၏​သားတော် ခရစ်တော်​အစိုးရ​မည့် နိုင်ငံတော်​အစီအစဉ်ကို ထောက်ခံသူ​များသည် ထာဝရ​ကောင်းချီး​များ ခံစားရ​ကြ​မည်။ ဤ​ကောင်းချီး​များ​ကို အသင်​လည်း​ခံစား​နိုင်​သည်! ဤ​စာစောင်​ထုတ်ဝေ​သူများ​သည် သင့်​အား ယေရှု​အစစ်အမှန်​ကို​သိရှိ​စေရန် ကူညီ​ပေးဖို့ အသင့်ရှိ​သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 ခရစ်ဝင်​ကျမ်း​မှတ်တမ်းများ​ကို အသေးစိတ်​စစ်ဆေး​လေ့လာ​ရန် ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည့် သမ္မာကျမ်းစာ—ဘုရားသခင့်​နှုတ်မြွက်​စကားတော်​လော၊ လူ့​နှုတ်ထွက်​လော [လိပ်] စာအုပ်​၏ အခန်း ၅ မှ ၇ ကို​ရှု။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

အခြား​သူတို့၏ ထွက်ဆိုချက်

“နာဇရက်​မြို့သား​ယေရှုကို လောကမှာ​ပေါ်ထွန်း​ခဲ့​တဲ့ တန်ခိုး​ကြီး​သွန်သင်​သူများ​ထဲ​မှ တစ်ဦး​အနေ​နဲ့ ကျွန်တော်​လက်ခံတယ်။ ယေရှုရဲ့​သွန်သင်ချက်​တွေ​ကို ရိုသေ​လေးမြတ်​တဲ့​သဘော​နဲ့ မ​လေ့လာ​ရ​သေး​ရင် သင်တို့ရဲ့​ဘဝဟာ ပြည့်စုံ​ဦး​မှာ​မဟုတ်ဘူးလို့ ဟိန္ဒူ​တွေ​ကို​ပြော​ရလိမ့်မယ်။” မိုဟမ်းဒတ်စ် ကေ. ဂန္ဒီ၊ ယေရှု​ခရစ်​၏ သတင်း​တော်။

“ဤမျှ​ပြိုင်စံရှား​၍ ဤမျှ​ပြည့်စုံ​ကာ မ​ပြောင်း​မလဲ တစ်သမတ်တည်း​ဖြစ်​ပြီး ဤမျှ​စုံလင်၊ ဤမျှ​စာနာစိတ်​ရှိ၍ တစ်ချိန်တည်း​တွင် ကြီးမြတ်သော​လူသား​အားလုံး​ထက် ဤမျှ​သာလွန်​မြင့်မြတ်​သော သူ​တစ်ဦး​သည် အယောင်ဆောင်​သူ​မဟုတ်​နိုင်​သကဲ့သို့ စိတ်ကူး​ထဲ​မှ​လူတစ်ဦး​လည်း​မဟုတ်​နိုင်​ချေ။ . . . ယေရှုကို​ဉာဏ်​ဆင်​ဖန်တီး​ဖို့ ယေရှု​ထက်​သာ၍​ကြီးမြတ်သူ​တစ်ဦး လိုအပ်​ပေမည်။” ဖိလစ် ရှက်​ဖ်၊ ခရစ်ယာန်​ချာ့ခ်ျ​၏​သမိုင်း။

“သာမန်​လူ​အနည်းငယ်​သည် လူမျိုးဆက်​တစ်ဆက်​တည်း​တွင် ဤမျှ​သြဇာ​ကြီးမား​ပြီး ဤမျှ​ဆွဲဆောင်မှု​အားကောင်းသူ၊ ဤမျှ​မြင့်မားသော​ကျင့်ဝတ်​စံချိန်​ရှိ၍ လူ့​အသင်းအပင်း​အတွက် ဤမျှ​လှုံ့ဆော်မှု​ပေး​နိုင်​သူ​တစ်ဦး​ကို ဖန်တီး​နိုင်​ခဲ့​ခြင်း​သည် ခရစ်ဝင်​ကျမ်း​ပါ အံ့ဖွယ်အမှု​များ​ထက် ပိုမို​၍​မယုံနိုင်​စ​ရာ အံ့ဖွယ်အမှု​တစ်ခု​ဖြစ်​ပေ​လိမ့်​မည်။” ဝီလ်​ဒူး​ရဲ​န့်၊ ကဲသာ​နှင့်​ခရစ်တော်။

“ဘာသာ​တရား​များ​ကို အစပြု​တည်ထောင်​ရန် ကြိုးစား​ခဲ့​ကြ​ပြီး အရေးနိမ့်​ခဲ့​သော ငြင်း​ဖွယ်​မရှိ အမှန်​တည်ရှိ​ခဲ့​သူများကို​ထောက်ရှု၍ ကမ္ဘာ​အနှံ့​ကျယ်ပြန့်​နေသော ဘာသာရေး​လှုပ်ရှားမှု​ကို ရှေး​မြှင့်တင်​ရေး​ဆိုင်ရာ နည်း​ပရိယာယ်​တစ်ခု​အဖြစ် သက်ရှိ​ထင်ရှား​မရှိခဲ့​သူ​တစ်ဦး​က ဖန်တီး​ယူ အစပြု​ခဲ့​သည်​ဟု​ဆို​ခြင်း​ကား နားလည်​ရ​ခက်​ပုံ​ရှိ​ပေမည်။” ဂ​ရ​ဂ် အီစတာဘရုတ်၊ ငြိမ်သက်​နေသော​ရေပြင်​ဘေး​ဝယ်။

‘ခရစ်ဝင်​ကျမ်း​များသည် အဘယ်အရာ​ပင်​ဖြစ်ပါစေ ဒဏ္ဍာရီ​ပုံပြင်​များ​တော့​မဟုတ်​သည်ကို စာပေ​သမိုင်း​ပညာရှင်​တစ်ဦး​အနေ​နှင့် ကျွန်တော်​ရာနှုန်းပြည့်​ယုံကြည်​သည်။ ယင်း​တို့သည် ဒဏ္ဍာရီ​ပုံပြင်​များ​ဖြစ်​ရန် စိတ်ကူး​ဉာဏ်​မ​ပြောင်မြောက်​လှ​ချေ။ ယေရှု၏​ဘဝ​အသက်တာ အတော်များများကို ကျွန်ုပ်​တို့​မသိ​ရှိကြ​ရ​ချေ၊ ဒဏ္ဍာရီ​ပုံပြင်​တစ်ခု​ကို တီထွင်သူ​တို့သည် ထိုသို့​ဖြစ်စေ​မည်​မဟုတ်ပါ။’

စီ. အက်စ်. လူးဝိစ်၊ God in the Dock.

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ခရစ်ဝင်​ကျမ်း​များ​က ယေရှု၏​ခံစားချက် အလှမ်း​အကျယ်ကြီး​မား​ပုံ​ကို ဖော်ပြ