မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“လူများတို့သည် ငါ့ကိုအဘယ်သူ ဖြစ်သည် ဆိုကြသနည်း”

“လူများတို့သည် ငါ့ကိုအဘယ်သူ ဖြစ်သည် ဆိုကြသနည်း”

“လူများ​တို့သည် ငါ့ကို​အဘယ်သူ ဖြစ်သည် ဆို​ကြ​သနည်း”

ခရစ္စမတ်​ရာသီ ရောက်​၍​လာ​ပြန်​ပြီ။ ကမ္ဘာ​တစ်ဝန်း​ရှိ​လူတို့သည် မွေးနေ့ပွဲ​တစ်ခု​ကို ကျင်းပ​လို​ကြသည်။ မည်​သူ့​မွေးနေ့ပွဲ​နည်း။ ဘုရားသခင့်​သားတော်​၏​မွေးနေ့ပွဲ​လော၊ ပထမ​ရာစု​တွင် မိမိ​အရပ်ဒေသ​၌​ရေပန်းစား​သော ဘာသာရေး​ကို​ပြုပြင်​ရန် ဆန္ဒ​ပြင်းပြ​သူ ဘုရားတရား​ကြည်ညို​သော ဂျူး​တစ်ဦး၏​မွေးနေ့ပွဲ​လော။ ဆင်းရဲသား​များ​ဘက်​မှ ကာကွယ်​ပြောဆို​ပေး​သူ သို့​မဟုတ် ရောမ​အင်ပါယာ​ကို အန္တရာယ်​ပေး​မည့်​သူ​ဖြစ်သော​ကြောင့် ကွပ်မျက်​ခံရ​သည့် ပုန်ကန်​သူ​တစ်ဦး၏​မွေးနေ့​လော။ သို့​မဟုတ် ထို​သူသည် ကိုယ့်​ဘာသာ​အလုံးစုံ​သိခြင်း​နှင့် အတွင်း​ထဲ​တွင်​ဉာဏ်ပညာ​စိုးမိုးခြင်း​ကို အလေးပေး​သော ပညာရှိ​တစ်ဦး​လော။ ‘အမှန်တကယ်​တွင် ယေရှု​ခရစ်​သည် မည်သူ​နည်း’ ဟု သင်​တွေး​က တွေး​ထိုက်​သည်။

ယေရှု​ကိုယ်တော်တိုင် ထို​မေးခွန်း​ကို လူ​တို့ မည်သို့​တုံ့ပြန်​မည်​ကို စိတ်ဝင်စား​တော်​မူ​ခဲ့​၏။ တစ်ကြိမ်​တစ်ခါ​တွင် ကိုယ်တော်​က မိမိ၏​တပည့်တော်​များ​အား “လူများ​တို့သည် ငါ့ကို​အဘယ်သူ​ဖြစ်သည် ဆို​ကြ​သနည်း” ဟု​မေး​တော်​မူ​ခဲ့​သည်။ (မာကု ၈:၂၇) ထို​မေးခွန်း​ကို အဘယ်ကြောင့် မေးခဲ့​ရသနည်း။ ကိုယ်တော်​၏​နောက်​တော်​မှ တပည့်​များစွာ ခွဲထွက်​သွားခဲ့​ကြပြီ။ ကိုယ်တော်​အား မင်းမြှောက်​လို​သူတို့၏​ဆန္ဒ​ကို မ​လိုက်လျော​သည့်​အတွက် အခြား​တပည့်​များသည် ဇဝေဇဝါ​ဖြစ်​ပြီး စိတ်ပျက်​ခဲ့​ပုံ​ပေါက်​သည်။ ထို့​ပြင် ရန်သူများ​က ယေရှု​အား ကိုယ်တော်​မည်သူ​မည်ဝါ​ဖြစ်​ကြောင်းကို သက်သေထူ​ဖို့ ကောင်းကင်​မှ​တန်ခိုး​ပြ​ရန် စိန်ခေါ်​ခဲ့​သောအခါ ကိုယ်တော်​ငြင်းပယ်​ခဲ့​သည်။ သို့​ဖြစ်၍ အထက်ပါ​မေးခွန်း​ကို ဖြေဆို​ရာ​တွင် တမန်​တော်​များ​က ကိုယ်တော်​မည်သူ​မည်ဝါ​ဖြစ်​ကြောင်း​နှင့်​ပတ်သက်​၍ အဘယ်​သို့​ဆို​သနည်း။ သူတို့က လူ​တို့​တွင်ရှိသော ရှုမြင်ချက်​အချို့​ကို ဤသို့​ဖော်ပြ​ခဲ့​ကြသည်– “လူ​အချို့​က ကိုယ်တော်​သည် ဗတ္တိဇံ​ဆရာ​ယောဟန်​ဖြစ်သည်​ဟူ၍လည်း​ကောင်း၊ အချို့​က ဧလိယ​ဖြစ်သည်​ဟူ၍လည်း​ကောင်း၊ အချို့​က ယေရမိ​မှ​စ၍ ပရောဖက်​တစ်ပါးပါး​ဖြစ်သည်​ဟူ၍လည်း​ကောင်း ဆို​ကြ​ပါ​၏။” (မဿဲ ၁၆:၁၃၊ ၁၄) ယေရှုကို အပြစ်ရှာ​ဂုဏ်ဖျက်​၍ ဘုရားသခင်​ကို​ရှုတ်ချသူ၊ အယောင်ဆောင်​သူ၊ ပရောဖက်​အတု၊ အရူး အစ​ရှိသည့် ပါလက်စတိုင်း​နယ်တွင် ထို​အချိန်​က ပျံ့နှံ့​နေသော​အမည်များ​ကို​ကား သူတို့ မဖော်​ပြ​ခဲ့​ကြ​ချေ။

ယေရှု၏ အသွင်အမျိုးမျိုး

ယနေ့ ထပ်တူ​မေးခွန်း​ကို ယေရှု​မေးခဲ့​ပါ​က “ပညာရှင်​တို့သည် ငါ့ကို​အဘယ်သူ​ဖြစ်သည် ဆို​ကြ​သနည်း” ဟု​အသုံးအနှုန်း​ပြုပြင်၍ မေး​ပေမည်။ ဤ​တွင် တစ်ဖန် အဖြေ​များ​က ဤသို့​သာ​ဖြစ်​ပေမည်– အမျိုးမျိုး​ထင်မြင်​ယူဆကြတယ်။ ချီ​ကာ​ဂို​တက္ကသိုလ်​မှ ဒေးဗစ်​ထ​ရေ​စီ​၏​အဆို​အရ “ယေရှု​နှင့်​ပတ်သက်​၍​လည်းကောင်း၊ ကိုယ်တော်​မိန့်ဆို​ပြုမူ​ခဲ့​ရာ​များနှင့် ပတ်သက်​၍​လည်းကောင်း အယူအဆ​အမျိုးမျိုး၊ အဓိပ္ပာယ်​ဖွင့်ဆိုချက်​အဖုံဖုံ​ရှိသည်။” လွန်ခဲ့သော​ရာစုနှစ်​တစ်လျှောက် ပညာရှင်​များ​က အမှန်စင်စစ် ယေရှုသည် မည်သူ​မည်ဝါ​ဖြစ်​ကြောင်း​နှင့် ပတ်သက်သော​မေးခွန်း​ကို တိကျ​စွာ​ဖြေဆို​ဖို့ ကြိုးစား​ရာ​တွင် ရှုပ်ထွေး​နက်နဲ​သည့် လူမှုရေး​သိပ္ပံ​ပညာ၊ မ​နု​ဿ​ဗေဒ၊ စာပေ​ကျမ်းဂန်​တို့​နှင့်​ဆိုင်သော နည်း​စနစ်​များစွာကို အသုံးပြု​ခဲ့​ကြပြီ။ နောက်ဆုံး​တွင် ယေရှုသည် အမှန်​အားဖြင့် မည်သူ​မည်ဝါ​ဖြစ်သည်ဟု သူတို့​ယူမှတ်​ကြ​သနည်း။

ပညာရှင်​အချို့​က သမိုင်းဝင်​ပုဂ္ဂိုလ်​ယေရှုသည် နောင်တ​ယူ​ကြ​ရန် တိုက်တွန်း​နှိုးဆော်​ပြီး ကမ္ဘာ​ကုန်ဆုံး​ခြင်း​အကြောင်း​ဟော​သော ဂျူး​ပရောဖက်​တစ်ဦး​ဖြစ်သည်ဟု ပြော​မြဲ​ပြော​ကြ​၏။ သို့ရာတွင် ကိုယ်တော်​အား ဘုရားသခင့်​သားတော်၊ မေရှိယ​နှင့် ရွေးနုတ်ရှင်​ဟု မ​ခေါ်​ကြ​ချေ။ ပညာရှင်​အများ​က ကိုယ်တော်​သည် ကောင်းကင်ဘုံ​မှ​လာ​ကြောင်း​နှင့် ထမြောက်​တော်​မူ​ခဲ့​ကြောင်း ကျမ်းစာ​ပါ​မှတ်တမ်း​ကို သံသယဝင်​ကြသည်။ အခြားသူများ​အတွက်​မူ ယေရှုသည် သူ၏​စံပြ​အသက်တာ​နှင့် သွန်သင်ချက်​များ​အားဖြင့် ခရစ်ယာန်​ဘာသာ​လောက​အဝင်​ဖြစ်သည့် [ခရစ်ယာန်]ဘာသာ​တရား​များစွာကို ဖြစ်ပေါ်​စေ​ခဲ့​သူ​တစ်ဦးမျှ​သာ​ဖြစ်သည်။ ယနေ့​ဘာသာရေး​ပညာ မဂ္ဂဇင်း​၌ ဖော်ပြ​ထား​သကဲ့သို့ အခြားသူများ​က​လည်း ယေရှုကို “အပြစ်​ချည်း​သာ​မြင်​သူ၊ ခြေဦး​တည့်​ရာ​လျှောက်​သွား​တတ်သော ပညာရှင်၊ အကြား​အမြင်​ရသည့် ကျေးလက်​သား; ရပ်ရွာ​စည်းရုံး​ရေး​သ​မား၊ အာဏာပိုင်​များ​ကို အပြစ်ရှာ​သော ဟစ်ပီ​လင်္ကာ​ဆရာ၊ သို့​မဟုတ် ပါလက်စတိုင်း​ရှိ ပြွတ်သိပ်​ကျပ်ညပ်၊ ဆင်းရဲ​မွဲတေ​ပြီး ဒေါသ​အိုး​ပေါက်ကွဲ​တော့​မည့် အပယ်ခံ​ကျေးရွာ​များ​အား မည်သို့​စည်းရုံး​ရမည်ကို​နောကျေ​သည့် ဆွပေး​သူ” အဖြစ် ရှုမြင်​ကြသည်။

သာ၍​ဆန်းပြား​သော အခြား​ရှုမြင်ချက်များ​လည်း​ရှိသေး​သည်။ ရက်​ပ်​တေးဂီတ၊ မြို့​ပြ ပန်းချီ​ပန်း​ပု​အနုပညာ​အပြင် အ​က​၌​ပင် လူမည်း​ယေရှု၏​ပုံသဏ္ဌာန်​သည် ရံဖန်ရံခါ ရုတ်တရက်​ပေါ်ထွက်​လာ​သည်။ * အခြားသူများ​ကြ​ပြန်​လျှင် ယေရှုသည် စင်စစ်​အားဖြင့် အမျိုးသမီး​တစ်ဦး​ဖြစ်သည်ဟု ထင်ကြေး​ပေး​ကြ​၏။ ၁၉၉၃ ခုနှစ်၊ နွေ​ရာသီ​တွင် ကယ်လီဖိုးနီးယား၊ ဩ​ရင်​ဂျ်​ကောင်​တီ ဈေး​ပွဲတော်​လာ​သူများ​သည် ကားတိုင်​ပေါ်​မှ ဝတ်​လစ်​စ​လစ် မိန်းမသား “ခရစ်တော်” ဖြစ်သော “ခရစ္စတီး” ရုပ်ပုံကို တွေ့မြင်​ခဲ့​ကြ​ရသည်။ ထို​အချိန်​လောက်​တွင်​ပင် နယူးယောက်​မြို့၌ ကား​စင်​တင်ထားသော မိန်းမသား “ယေရှု၊” “ခရစ္စ​တာ” ကို​ပြသ​ခဲ့​ကြသည်။ ထို​ပန်းပုရုပ်​နှစ်ခုစလုံး​သည် အငြင်းပွားမှု​ကို ဖြစ်ပေါ်​စေ​ခဲ့​သည်။ ထို့​ပြင် ၁၉၉၉ ခုနှစ်​အစောပိုင်း​၌ ဈေးဝယ်​ထွက်​သူများ​သည် “သူငယ်​တော်​ယေရှု​နှင့် ကောင်းကင်တမန်​ဖြစ်သော သူ၏​ခွေး​သည် အချင်းချင်း​ဘယ်လောက်​ချစ်​ကြ​ကြောင်း” ပါ​သော​စာအုပ်​ကို တွေ့ခဲ့​ကြ​မည်။ ၎င်းတို့၏​ဆက်ဆံ​ရေး​သည် “ဝိညာဉ်​ရေး​ဆိုင်ရာ​ထိမိ​မှု​ရှိပြီး ထို​သူငယ်​နှင့် သူ၏​ခွေး​သည် တစ်ဦး​အတွက်​တစ်ဦး အသက်​ပင်​စွန့်​ရန် အသင့်​ရှိကြောင်း” ဖော်ပြ​ထား​သည်။

ယင်းသည် တကယ်​အရေးပါ​သလော

ယေရှုသည် မည်သူ​မည်ဝါ​ဖြစ်​ခဲ့​ကြောင်း​နှင့် ယခု မည်သူ​မည်ဝါ​ဖြစ်သည်​ကို အဘယ်ကြောင့် စိတ်ဝင်စား​သင့်​သနည်း။ တစ်ချက်​အနေ​နှင့် န​ပို​လီယန်​၏​အဆို​အရ “ယေရှု​ခရစ်​သည် မျက်မြင်ရ​ခန္ဓာ​ဖြင့်​ရှိ​မနေ​ဘဲ​နှင့် ကိုယ်တော့်​လက်အောက်ခံ​သူတို့ကို ဩဇာ​ညောင်း​၍​အမိန့်ပေး​ခဲ့” သောကြောင့်​ဖြစ်သည်။ ယေရှုသည် မိမိ၏​ထိရောက်​သော​သွန်သင်ချက်​များနှင့် အသက်ရှင်​နေထိုင်ပုံ​ဖြင့် အသက်​ရှင်ခဲ့သူ သန်းပေါင်း​များစွာ​တို့၏​ဘဝ​အပေါ် အနှစ်​နှစ်ထောင်​နီးပါး အလွန်​သြဇာ​သက်ရောက်​ခဲ့​ပေ​ပြီ။ စာရေး​ဆရာ​တစ်ဦး​က ဤသို့​လျော်​ကန်​စွာ​ဖော်ပြ​ခဲ့​သည်– “ချီတက်​ခဲ့​သမျှ ကြည်းတပ်​များ၊ တည်ရှိ​ခဲ့​သမျှ ရေတပ်​များ၊ ဖွဲ့စည်း​ခဲ့​သမျှ လွှတ်တော်​များ၊ အုပ်စိုး​ခဲ့​သမျှ ဧကရာဇ်​များ​ကို စုပေါင်း​လိုက်​လျှင်​ပင် ကမ္ဘာ​ပေါ်​အသက်​ရှင်ခဲ့သူ လူသား​တို့၏​ဘဝ​အပေါ် ကိုယ်တော်​လောက် တန်ခိုး​ပါ​ပါ​နှင့် ထိရောက်​စွာ​လွှမ်းမိုး​နိုင်စွမ်း​မရှိပေ။”

ထို့​ပြင် ယေရှုသည် သင့်​အနာဂတ်​ကို တိုက်ရိုက်​အကျိုး​သက်ရောက်​မည်​ဖြစ်သော​ကြောင့် ကိုယ်တော်​သည် မည်သူ​မည်ဝါ​ဖြစ်​ခဲ့​၍ ယခု မည်သူ​မည်ဝါ​ဖြစ်​ကြောင်းကို သိရှိ​ရန်လို​သည်။ သင်သည် ယေရှု​အုပ်ချုပ်​သည့် ဘုရားသခင့်​နိုင်ငံတော်​ဖြစ်သော တည်ထောင်​ပြီး​ဖြစ်သည့် ကောင်းကင်​အစိုးရ​လက်အောက်​တွင် နေထိုင်ခွင့်​ရ​ရန် အလားအလာ​ရှိသည်။ ယေရှု၏​ညွှန်ကြားမှု​အောက်တွင် ဆင်းရဲမှု​ပြည့်နှက်​နေသော ဤ​ကမ္ဘာ​ဂြိုဟ်​သည် ထူးခြား​စွာ​များပြား​သော ဇီဝ​မျိုးစိတ်​နှင့် သဘာဝ,ဝန်းကျင်​မျှတမှု ပြန်​ရှိလာ​ပေမည်။ ယေရှု၏​နိုင်ငံတော်​သည် မွတ်​သိပ်​သူကို​ကျွေးမွေး​မည်၊ ဆင်းရဲသူ​ကို ကြည့်ရှု​ထောက်ပံ့​မည်၊ ရောဂါ​များ​ကို ကုသ​ပေး​မည်၊ သေလွန်သူ​များ​ကို ပြန်ထ​မြောက်​လာ​စေမည်​ဟု ကျမ်းစာ​ပရောဖက်ပြုချက်​က အာမခံ​သည်။

ဤမျှ​လိုအပ်​နေသည့် ဘုရားသခင့်​အစိုးရ​ကို ဦးဆောင်​မည့်​သူသည် အဘယ်​သို့​သော​သူ​ဖြစ်​ကြောင်း သင်​အမှန်ပင်​သိ​လို​ပေမည်။ နောက်​ဆောင်းပါး​က ယေရှု​အစစ်အမှန်​ကို ထိုးထွင်း​သိမြင်​စေ​လိမ့်​မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 ယေရှု၏​ရုပ်​ဆင်း​သွင်ပြင်​နှင့်​စပ်လျဉ်း၍ ၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်ထုတ် နိုးလော့! [လိပ်] “ယေရှု၏​ပုံပန်း​သဏ္ဌာန်​ကား​အဘယ်နည်း” ဆောင်းပါး​ကို​ရှု​ပါ။