မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စစ်မှန်သောခရစ်ယာန်အားလုံး ဧဝံဂေလိတရားဟောသူများဖြစ်

စစ်မှန်သောခရစ်ယာန်အားလုံး ဧဝံဂေလိတရားဟောသူများဖြစ်

စစ်မှန်သော​ခရစ်ယာန်​အားလုံး ဧဝံဂေလိတရား​ဟော​သူများ​ဖြစ်

“ထာဝရ​ဘုရား[သခင်]အား သီချင်းဆို​၍ နာမတော်​ကို​ကောင်းချီး​ပေး​ကြလော့။ ကယ်တင်​တော်​မူ​ခြင်း​သတင်း [ကောင်း]ကို တစ်နေ့ နောက်​တစ်နေ့ ကြား​ပြော​လော့။”—ဆာလံ ၉၆:၂၊ သမ္မာ။

၁။ အဘယ်​သတင်းကောင်းကို လူ​တို့​ကြားနာ​ဖို့​လို​သနည်း၊ ဤ​သတင်းကောင်းကို​ဖြန့်ဝေ​ရာ​၌ ယေဟောဝါသက်သေ​များသည် စံနမူနာ​ယူ​ထိုက်​သူများ မည်သို့​ဖြစ်​ကြ​သနည်း။

နေ့စဉ်​နှင့်​အမျှ ကပ်ဘေး​ဆိုက်​လျက်​ရှိသော ဤ​လောကတွင် သမ္မာကျမ်းစာ​ဆို​သကဲ့သို့ စစ်၊ ရာဇဝတ်မှု၊ ငတ်ပြတ်​မှု​နှင့် ဖိနှိပ်မှု​တို့ မကြာမီ​အဆုံးတိုင်​မည်​ကို​သိရှိ​ရခြင်း​သည် အမှန်ပင်​နှစ်သိမ့်မှု​ပေး​သည်။ (ဆာလံ ၄၆:၉; ၇၂:၃၊ ၇၊ ၈၊ ၁၂၊ ၁၆) ယင်းသည် လူတိုင်း​ကြားနာ​ဖို့​လို​သော သတင်းကောင်း​မဟုတ်ပေ​လော။ ထိုသို့ ယေဟောဝါသက်သေ​များ​ယူမှတ်​ကြသည်။ ‘သာ၍​ကောင်းသော​အရာ​၏​သတင်းကောင်း’ ကို​ကြေညာ​သူများ​အဖြစ် နေရာတကာ​တွင် သူတို့ကို လူ​တို့​အသိအမှတ်ပြု​ကြသည်။ (ဟေရှာယ ၅၂:၇) မှန်ပါသည်၊ သက်သေခံ​များစွာတို့သည် သတင်းကောင်း​ပြော​ရန် စိတ်ပိုင်းဖြတ်​မှု​ကြောင့် နှိပ်စက်​ညှဉ်းပန်းမှု​များ​ခံ​ခဲ့​ကြ​ရသည်။ သို့သော် သူတို့သည် လူတို့၏​ကောင်းကျိုး​ကို စိတ်ဝင်စား​ကြ​၏။ သက်သေခံ​များ​ပြုစု​ပျိုးထောင်​ခဲ့​သော စိတ်​ထက်သန်မှု​နှင့် ဇွဲရှိ​သည့်​မှတ်တမ်းပါ​တကား!

၂။ ယေဟောဝါသက်သေ​များ ဇွဲရှိ​ကြ​သည့် အကြောင်းရင်း​တစ်ရပ်​ကား အဘယ်နည်း။

မျက်မှောက်ခေတ် ယေဟောဝါသက်သေ​များ​၏ စိတ်​ထက်သန်မှု​သည် ပထမ​ရာစု​ခရစ်ယာန်​များနှင့်​ဆင်တူ​သည်။ ထို​သူတို့နှင့်​စပ်လျဉ်း၍ ရိုမန်ကက်သလစ်​သတင်းစာ လာအို​စာ​ဗာ​တော​ရို​မာ​နို​က ဤသို့​မှန်ကန်​စွာ​ဆို​ခဲ့​သည်– “အစောပိုင်း​ခရစ်ယာန်​များသည် နှစ်ခြင်း​ယူပြီး​သည်​နှင့် သတင်းကောင်း​ဖြန့်ဝေ​ရန် မိမိတို့​၌​တာဝန်​ရှိသည်​ဟု ယူမှတ်ခဲ့​ကြသည်။ ကျေးကျွန်​တို့သည် သတင်းကောင်းကို နှုတ်ဖြင့် တစ်ဆင့်​တစ်ဆင့်​ပြောကြား​ခဲ့​ကြသည်။” ယေဟောဝါသက်သေ​များသည် အဆိုပါ​အစောပိုင်း​ခရစ်ယာန်​များ​နည်းတူ အဘယ်ကြောင့် ဤမျှ​ဇွဲရှိ​ကြ​ရသနည်း။ ပထမ​အချက်​မှာ သူတို့​ကြေညာ​သော​သတင်းကောင်းသည် ယေဟောဝါ​ဘုရားသခင် ကိုယ်တော်တိုင်​ထံ​မှ ဖြစ်သော​ကြောင့်​ပင်။ သူတို့​ဇွဲရှိ​ကြဖို့ ထို​ထက်​ကောင်းသော​အကြောင်းရင်း ရှိ​နိုင်​ဦး​မည်​လော။ သူတို့၏​ဟောပြောခြင်းသည် ဆာလံဆရာ​၏ ဤ​စကား​များ​ကို တုံ့ပြန်​ခြင်း​ဖြစ်သည်– “[ယေဟောဝါ] အား သီချင်းဆို​၍ နာမတော်​ကို​ကောင်းချီး​ပေး​ကြလော့။ ကယ်တင်​တော်​မူ​ခြင်း​သတင်း [ကောင်း]ကို တစ်နေ့ နောက်​တစ်နေ့ ကြား​ပြော​လော့။”—ဆာလံ ၉၆:၂သမ္မာ။

၃။ (က) ယေဟောဝါသက်သေ​များ ဇွဲရှိ​ရသည့် ဒုတိယ​အကြောင်းရင်း​ကား အဘယ်နည်း။ (ခ) ‘[ဘုရားသခင်] ၏​ကယ်တင်​တော်​မူ​ခြင်း’ တွင် အဘယ်အရာ​ပါဝင်​သနည်း။

ဆာလံဆရာ​၏ ဤ​စကား​များ​က ယေဟောဝါသက်သေ​များ ဇွဲရှိ​ရသည့် ဒုတိယ​အကြောင်းရင်းကို ပြန်သတိရ​စေ​သည်။ သူတို့​ကြေညာ​သော​သတင်းတရားသည် ကယ်တင်ခြင်း​သတင်း​ဖြစ်၏။ လူ​အချို့​တို့သည် လူသားချင်း​တို့၏​ဘဝ​တိုးတက်ရေး​အတွက် ဆေး​ဘက်​ဆိုင်ရာ၊ လူမှုရေး​ဆိုင်ရာ၊ စီးပွားရေး​ဆိုင်ရာ သို့​မဟုတ် အခြား​နယ်ပယ်​များ​တွင် ကြိုးစား​လုပ်ဆောင်ကြ​ခြင်း​ကို ချီးမွမ်း​ထိုက်​ပေ​သည်။ သို့သော် အခြားသူ​တစ်ဦး​အတွက် လူသား​တစ်ဦး​လုပ်ဆောင်ပေး​နိုင်ရာ​ကို ‘[ဘုရားသခင်] ၏​ကယ်တင်​တော်​မူ​ခြင်း’ နှင့်​နှိုင်းယှဉ်​ကြည့်​သော် အလွန်​ပင် အကန့်အသတ်​ရှိသည်။ ယေဟောဝါ​သည် ယေရှု​ခရစ်​အားဖြင့် စိတ်​နူးညံ့​သော​သူတို့ကို အပြစ်၊ ဖျားနာခြင်း​နှင့် သေခြင်း​တို့​မှ ကယ်နုတ်​ပေး​ပါ​လိမ့်​မည်။ အကျိုး​ခံစားရ​မည့်​သူတို့သည် ထာဝစဉ်​အသက်ရှင်​ကြလိမ့်မည်! (ယောဟန် ၃:၁၆၊ ၃၆; ဗျာဒိတ် ၂၁:၃၊ ၄) ယနေ့​ခရစ်ယာန်​များသည် အောက်ပါ​စကား​များ​ကို လက်ခံ​တုံ့ပြန်​ကြ​သည့်​အခါ သူတို့​ပြောပြ​သော “အံ့ဖွယ်ရာများ” တွင် ကယ်တင်ခြင်း​အကြောင်းပါ​ဝင်​၏– “[ဘုရားသခင်​၏] ဘုန်းတော်​ကို လူမျိုးခြား​တို့​၌​လည်းကောင်း၊ အံ့ဖွယ်သော​အမှုတော်များ​ကို ခပ်သိမ်း​သော​လူမျိုး​တို့​၌​လည်းကောင်း ဖော်ပြ​ကြလော့။ အကြောင်း​မူ​ကား [ယေဟောဝါ]သည် ကြီးမြတ်​၍ အလွန်​ချီးမွမ်းဖွယ်​ဖြစ်​တော်​မူ​၏။ကိုယ်တော်​သည် ဘုရားတကာ​ထက်​ကြောက်ရွံ့​ဖွယ်​ဖြစ်​တော်​မူ​၏။”—ဆာလံ ၉၆:၃၊ ၄

သခင်၏​ပုံသက်သေ

၄-၆။ (က) အဘယ်​တတိယ​အကြောင်းရင်း​ကြောင့် ယေဟောဝါသက်သေ​များ ဇွဲရှိ​ကြ​သနည်း။ (ခ) ယေရှုသည် သတင်းကောင်း​ဟောပြောခြင်း​လုပ်ငန်း​အတွက် ဇွဲရှိ​ကြောင်း မည်သို့​တင်ပြ​ခဲ့​သနည်း။

ယေဟောဝါသက်သေ​များ ဇွဲရှိ​ကြ​သည့် တတိယ​အကြောင်းရင်း​တစ်ခု ရှိသေး​သည်။ ယေရှု​ခရစ်​၏​ပုံသက်သေ​ကို သူတို့​တုပ​ကြ၏။ (၁ ပေတရု ၂:၂၁) ထို​စုံလင်သူ​သည် “ဆင်းရဲသား​တို့အား ဝမ်းမြောက်စရာ​သတင်းကို​ကြား​ပြော” ရန်​တာဝန်​ကို နှလုံး​အကြွင်းမဲ့​လက်ခံ​ထား​သည်။ (ဟေရှာယ ၆၁:၁; လုကာ ၄:၁၇-၂၁) ထို့​ကြောင့် ကိုယ်တော်​သည် ဧဝံဂေလိတရား​ဟောပြောသူ၊ သတင်းကောင်း​ပြောကြား​သူ​တစ်ဦး​ဖြစ်လာ​ခဲ့​သည်။ ကိုယ်တော်​သည် ဂါလိလဲ​နယ်​နှင့် ယုဒ​နယ်​တစ်လျှောက် “နိုင်ငံတော်​နှင့်ယှဉ်သော ဧဝံဂေလိတရား​ကို​ဟော​လျက်” လှည့်လည်​ခဲ့​သည်။ (မဿဲ ၄:၂၃) ထို​သတင်းကောင်းကို လက်ခံ​တုံ့ပြန်​ကြ​မည့်​သူများစွာ​ရှိ​မည်​ကို ကိုယ်တော်​သိထား​သောကြောင့် တပည့်တော်​များ​အား ဤသို့​မိန့်ဆိုခဲ့သည်– “စပါး​ရိတ်​စ​ရာ​များစွာ​ရှိ၏။ ရိတ်​သော​သူတို့သည် နည်း​ကြ​၏။ ထို့​ကြောင့် လုပ်ဆောင်​သော​သူတို့ကို စပါး​ရိတ်ခြင်း​ငှာ စေလွှတ်​တော်​မူ​မည်​အကြောင်း၊ စပါးရှင်​ကို​ဆုတောင်း​ကြလော့။”—မဿဲ ၉:၃၇၊ ၃၈

ယေရှုသည် မိမိ၏​ဆုတောင်းချက်​နှင့်​အညီ ဧဝံဂေလိတရား​ဟောပြောသူများ​ဖြစ်လာ​စေဖို့ အခြား​သူများကို လေ့ကျင့်ပေး​ခဲ့​သည်။ အချိန်တန်သော် တမန်​တော်​များ​ကို သူတို့​ဘာသာ​သွားဖို့ စေလွှတ်​လိုက်ပြီး ဤသို့​မိန့်ဆိုခဲ့သည်– “သွားစဉ်​တွင်၊ ‘ကောင်းကင်​နိုင်ငံတော်​တည်​လု​နီးပြီ’ ဟု သတင်း​ကြား​ပြော​ကြလော့။” ထို​ခေတ်​အခါ​က လူမှုရေး​ပြဿနာ​များ​လျော့နည်း​စေဖို့ သူတို့​အစီအစဉ်များ​ရေးဆွဲ​ခဲ့​ကြ​လျှင် ပို​၍​လက်တွေ့ကျ​မည်​လော။ သို့​မဟုတ် ထို​အချိန်​က​ပျံ့နှံ့​လျက်​ရှိသော ယိုယွင်းမှု​ကို​နှိမ်နင်း​ဖို့ နိုင်ငံရေး​တွင်​ပါဝင်​လျှင် သင့်တော်​မည်​လော။ မသင့်​တော်​ပါ။ ထိုသို့​ပြု​မည့်​အစား ယေရှု​က မိမိ၏​နောက်လိုက်​များ​အား “သွားစဉ်​တွင်၊ . . . ဟောပြောကြ​လော့” ဟု​မိန့်ဆို​ရာ​တွင် ဧဝံဂေလိတရား​ဟောပြောသူ ခရစ်ယာန်​အားလုံး​အတွက် စံနှုန်း​ကို ချမှတ်​ပေး​တော်​မူ​ခဲ့​သည်။—မဿဲ ၁၀:၅-၇

နောက်ပိုင်း​တွင် “ဘုရားသခင်​၏​နိုင်ငံတော် . . . တည်ထောင်သော​အချိန်နီး​ပြီ” ဟု​ကြေညာ​ရန် အခြား​တပည့်တော်​တစ်စု​ကို စေလွှတ်ခဲ့​သည်။ သူတို့၏​ဧဝံဂေလိတရား​ဟောပြောခြင်း​ခရီးစဉ် အောင်မြင်​ကြောင်း ပြန်​ပြောပြ​ကြသောအခါ ယေရှု​အားရ​ရွှင်လန်း​ခဲ့​သည်။ ကိုယ်တော်​ဤသို့​ဆုတောင်း​ခဲ့​သည်– “ကောင်းကင်​နှင့်​မြေကြီးကို အစိုးရ​တော်​မူ​သော​အဘ၊ ကိုယ်တော်​သည် ပညာအလိမ္မာ​နှင့်​ပြည့်စုံသော​သူတို့အား ဤ​အရာများ​ကို​ထိမ်ဝှက်​ကွယ်ထား​လျက် သူငယ်​တို့အား​ဖော်ပြ​တော်​မူ​သည်​ဖြစ်၍၊ ကျေးဇူးတော်​ကို အကျွန်ုပ်​ချီးမွမ်း​ပါ​၏။” (လုကာ ၁၀:၁၊ ၈၊ ၉၊ ၂၁) ယခင်​က ပင်ပင်ပန်းပန်း​လုပ်ကိုင်​ခဲ့​ကြသော တံငါသည်​များ၊ လယ်သမားများ​စ​သည့် ယေရှု၏​တပည့်တော်​များသည် တိုင်းပြည်​ရှိ​အဆင့်မြင့်​ပညာတတ် ဘာသာရေး​ခေါင်းဆောင်​များနှင့်​နှိုင်းယှဉ်လျှင် သူငယ်​များနှင့်​တူ​ကြသည်။ သို့သော် တပည့်တော်​များသည် အကောင်းတကာ့ အကောင်းဆုံး​သတင်းကို​ကြေညာ​ရန် လေ့ကျင့်​ခံ​ခဲ့​ရသူ​များ​ဖြစ်​ကြသည်။

၇။ ကောင်းကင်​သို့ ယေရှု​တက်ကြွ​ပြီး​နောက် ကိုယ်တော့်​နောက်လိုက်​များသည် သတင်းကောင်းကို မည်သူ​တို့အား ဦးဆုံး​ဟောပြောခဲ့​ကြ​သနည်း။

ကောင်းကင်​သို့ ယေရှု​တက်ကြွ​ပြီး​နောက် ကိုယ်တော့်​နောက်လိုက်​များသည် ကယ်တင်ခြင်း​သတင်းကောင်းကို ဆက်လက်​ဖြန့်ဝေ​ခဲ့​ကြသည်။ (တမန်​တော် ၂:၂၁၊ ၃၈-၄၀) မည်သူ​တို့ကို သူတို့​ဦးဆုံး​ဟောပြောခဲ့​ကြ​သနည်း။ ဘုရားသခင်​ကို​မသိသော တစ်ပါး​အမျိုးသားများ​ထံ သူတို့​သွားခဲ့​ကြ​သလော။ မသွား​ခဲ့​ပါ၊ ယေဟောဝါ​ကို အနှစ် ၁,၅၀၀ ကျော်​သိကျွမ်း​ခဲ့​သော ဣသရေလ​လူမျိုး​ထံ သူတို့​ဦးဆုံး​သွားခဲ့သည်။ ယေဟောဝါ​အား ကိုးကွယ်​သူများ​၏​နယ်မြေ​၌ သူတို့​ဟောပြော​ခွင့်​ရှိသလော။ ရှိပါ​သည်။ သူတို့ကို​ယေရှု​ဤသို့​မိန့်ဆိုခဲ့​၏– “သင်တို့သည် . . . ယေရုရှလင်​မြို့မှ​စ​သော ယုဒပြည်၊ ရှမာရိ​ပြည်၊ မြေကြီးစွန်း​တိုင်အောင် ငါ​၏​သက်သေ​ဖြစ်​ကြလိမ့်မည်။” (တမန်​တော် ၁:၈) ဣသရေလ​နိုင်ငံ​သည် အခြား​နိုင်ငံ​များ​ကဲ့သို့​ပင် သတင်းကောင်း​ကြားနာ​ဖို့​လို​သည်။

၈။ ယေဟောဝါသက်သေ​များသည် မျက်မှောက်ခေတ်တွင် ယေရှု၏​ပထမ​ရာစု​နောက်လိုက်​များ​ကို မည်သို့​တုပ​ကြ​သနည်း။

ထို​နည်း​အတိုင်း​ပင် ယေဟောဝါသက်သေ​များသည် မျက်မှောက်ခေတ်တွင် မြေတစ်ပြင်လုံး၌ ဟောပြော​ကြသည်။ သူတို့သည် ယောဟန်​မြင်တွေ့ခဲ့​သည့် “မြေကြီး​ပေါ်မှာ​နေသော​သူ​တည်း​ဟူသော အသီးအသီး​ဘာသာ​စကား​ကို​ပြော​သော လူ​အမျိုးအနွယ်​ခပ်သိမ်း​တို့အား ထာဝရ​ဧဝံဂေလိတရား​ကို​ဟော” သည့်​ကောင်းကင်တမန်​နှင့် ပူးပေါင်း​ဆောင်ရွက်​ကြသည်။ (ဗျာဒိတ် ၁၄:၆) ၂၀၀၁ ခုနှစ်​တွင်၊ သူတို့သည် ခရစ်ယာန်​နိုင်ငံ​များ​ဟု လူအများ​ရှုမြင်ကြ​သော နိုင်ငံ​အချို့​အပါအဝင် တိုင်းနိုင်ငံ​နှင့်​နယ်မြေ ၂၃၅ တွင် လှုပ်ရှား​ခဲ့​ကြသည်။ ခရစ်ယာန်ဘောင်​ချာ့ခ်ျ​များ ရှိ​နှင့်​ပြီး​သော​နေရာ​ဒေသ​များ​၌ ယေဟောဝါသက်သေ​များ​ဟောပြောကြ​ခြင်း​သည် မှား​သလော။ အချို့​က မှား​သည်​ဟု​ဆို​ကြ​ပြီး ဧဝံဂေလိတရား​ဟောပြောခြင်းကို “သိုး​ခိုးခြင်း” ဟု​ပင် ယူမှတ်​ကြ​ပေမည်။ သို့သော် ယေဟောဝါသက်သေ​များသည် ယေရှု​ခေတ်​ရှိ နှိမ့်ချသော​ဂျူး​များ​အပေါ် ကိုယ်တော်​၏​ခံစားချက်​ကို ပြန်သတိရ​ကြသည်။ သူတို့၌ ယဇ်ပုရောဟိတ်​အစီအစဉ်​ရှိ​နှင့်​ပြီး​သော်လည်း ယေရှုသည် သူတို့ကို​သတင်းကောင်း​ဟောပြောဖို့ မဆုတ်​ဆိုင်း​ခဲ့​ချေ။ ကိုယ်တော်​သည် “[သူ]တို့ကို​မြင်တော်မူ​လျှင် သနားခြင်း​စိတ်​ရှိ​တော်​မူ​၏။ အကြောင်း​မူ​ကား ထို​သူတို့သည် ထိန်း​သူ​မရှိသော​သိုး​ကဲ့သို့ ပင်ပန်း​၍ အားလျော့​လျက်​ရှိနေကြ​၏။” (မဿဲ ၉:၃၆သမ္မာ) ယေဟောဝါသက်သေ​များသည် ယေဟောဝါ​နှင့် ကိုယ်တော်​၏​နိုင်ငံတော်​အကြောင်း​မသိသော စိတ်​နှိမ့်ချ​သူတို့ကို​တွေ့ဆုံ​ကြသောအခါ သူတို့သည် အခြား​ဘာသာဝင်​ဖြစ်သော​ကြောင့် သတင်းကောင်းကို​မဟောဘဲ​နေ​သင့်​သလော။ ယေရှု​တမန်​တော်​များ​၏​စံနမူနာ​ကို​လိုက်​လျက် မနေ​သင့်​ဟု ကျွန်ုပ်​တို့​ဖြေဆို​ကြ​မည်။ အဘယ်​လူမျိုး​ကို​မျှ​မချန် “လူမျိုးအပေါင်း” အား သတင်းကောင်းကို ဟောပြောကြ​ရမည်။—မာကု ၁၃:၁၀

ကနဦး​ခရစ်ယာန်​အားလုံး ဧဝံဂေလိတရား​ဟောခဲ့​ကြ

၉။ ပထမ​ရာစု​တွင် ခရစ်ယာန်​အသင်းတော်​မှ​မည်သူ​တို့သည် ဟောပြောခြင်း​လုပ်ငန်း​၌ ပါဝင်​ခဲ့​ကြ​သနည်း။

ပထမ​ရာစု​တွင် ဟောပြောခြင်း​လုပ်ငန်း​၌ မည်သူ​တို့​ပါဝင်​ခဲ့​ကြ​သနည်း။ ခရစ်ယာန်​အားလုံး ဧဝံဂေလိတရား​ဟောပြောသူများ​ဖြစ်​ခဲ့​ကြ​ကြောင်း ဖြစ်ရပ်​များ​က​တင်ပြ​ပါ​သည်။ စာရေး​ဆရာ ဒဗလျူ. အက်စ်. ဝီလျံ​က ဤသို့​ဖော်ပြ​သည်– “ယေဘုယျ​ထွက်ဆိုချက်​မှာ အစောပိုင်း​ချာ့ခ်ျ​ရှိ ခရစ်ယာန်​အားလုံး . . . သတင်းကောင်း​ဟောပြောခဲ့​ကြသည်။” စီ.အီး. ၃၃၊ ပင်တေကုတ္တေပွဲနေ့​၏ အဖြစ်အပျက်​များနှင့်​စပ်လျဉ်း၍ ကျမ်းစာ​က​ဤသို့​ဆို​၏– “ထို​သူအပေါင်း [အမျိုးသား​နှင့် အမျိုးသမီးများ] တို့သည်​လည်း သန့်ရှင်းသော​ဝိညာဉ်​တော်​နှင့်​ပြည့်​၍၊ ဝိညာဉ်တော်သည် ဟောပြောသော​အခွင့်​ကို​ပေး​တော်​မူ​သည်​အတိုင်း အမျိုးမျိုးသော​ဘာသာ​စကား​အားဖြင့် ဟောပြောကြ​၏။” ထို​အခါ ဧဝံဂေလိတရား​ဟောပြောသူများ​တွင် ယောက်ျား​မိန်းမ၊ လူကြီးလူငယ်၊ ကျွန်​နှင့်​လူလွတ်​တို့​ပါဝင်​လာ​သည်။ (တမန်​တော် ၁:၁၄; ၂:၁၊ ၄၊ ၁၇၊ ၁၈; ယောလ ၂:၂၈၊ ၂၉; ဂလာတိ ၃:၂၈) နှိပ်စက်​ညှဉ်းပန်းမှု​ကြောင့် ယေရုရှလင်​မြို့မှ ခရစ်ယာန်​များ​ထွက်ပြေး​ကြ​ရသောအခါ “အရပ်ရပ်​သို့​ကွဲပြား​သော​သူတို့သည် လှည့်လည်​၍ နှုတ်[မြွက်​စကား]တော်​တည်း​ဟူသော ဧဝံဂေလိတရား​ကို​ဟောပြောကြ​၏။” (တမန်​တော် ၈:၄) ခန့်အပ်​ခံရ​သူ​အနည်းငယ်​မျှ​သာ​မဟုတ်ဘဲ “အရပ်ရပ်​သို့​ကွဲပြား​သော​သူ” အားလုံး​သည် ဧဝံဂေလိတရား​ဟောပြောကြ​၏။

၁၀။ ဂျူး​အစီအစဉ်​စနစ်​ဖျက်ဆီး​မခံရမီ အဘယ်​တာဝန်​နှစ်ရပ်​ပြည့်စုံ​ခဲ့​သနည်း။

၁၀ ထို​အစောပိုင်း​နှစ်များ​တစ်လျှောက် ယင်း​သို့​အမှန်​ဖြစ်​ခဲ့​သည်။ ယေရှု​ဤသို့​ပရောဖက်ပြု​ခဲ့​သည်– “လူမျိုးအပေါင်း​တို့အား သက်သေ​ဖြစ်​မည်​အကြောင်း နိုင်ငံတော်​နှင့်ယှဉ်သော ဧဝံဂေလိတရား​ကို လော[က]နိုင်ငံ​အရပ်ရပ်ရှိ​သမျှ​တို့​၌ ဟော​ရ​လိမ့်​မည်။ သို့​ပြီး​မှ အဆုံးသည်​ဖြစ်လတ္တံ့။” (မဿဲ ၂၄:၁၄) ဂျူး​ဘာသာရေး​နှင့် နိုင်ငံရေး​စနစ်​ကို ရောမ​စစ်တပ်​များ မဖျက်ဆီး​မီ သတင်းကောင်းကို ကျယ်ပြန့်​စွာ​ဟောပြောခဲ့သည့်​အတွက် ပထမ​ရာစု​တွင် ထိုစကား​များ​ပြည့်စုံ​ခဲ့​သည်။ (ကောလောသဲ ၁:၂၃) ထို့​အပြင် ယေရှု၏​နောက်လိုက်​အားလုံး​သည် ကိုယ်တော်​၏ ဤ​မိန့်မှာချက်ကို လိုက်နာ​ခဲ့​ကြသည်– “သင်တို့​သွား​၍ လူမျိုးတကာ​တို့ကို ငါ့​တပည့်​ဖြစ်စေ​လျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော​ဝိညာဉ်​တော်​၏​နာမ၌ [နှစ်ခြင်း]ကို​ပေး​ကြလော့။ ငါသည် သင်တို့အား​ပေး​သမျှ​သော ပညတ်တော်​တို့ကို စောင့်ရှောက်​စေခြင်း​ငှာ ဆုံးမ . . . ပေး​ကြလော့။” (မဿဲ ၂၈:၁၉၊ ၂၀) အချို့​သော​မျက်မှောက်ခေတ် တရားဟော​ဆရာများ​နည်းတူ အစောပိုင်း​ခရစ်ယာန်​များသည် ယေရှုကို​ယုံကြည်​ကြဖို့ စိတ်​နှိမ့်ချ​သူများ​အား တိုက်တွန်း​ပြီး​နောက် ကိုယ့်​လမ်း​ကိုယ်​ဆက်လျှောက်​ဖို့ သူတို့ကို​ပစ်မထား​ခဲ့​ကြ​ချေ။ ယင်းအစား သူတို့ကို ယေရှု၏​တပည့်​များ​ဖြစ်လာ​စေဖို့ သွန်သင်ပေး​ပြီး​နောက် အသင်းတော်များ​ဖွဲ့စည်း​ကာ သူတို့က​တစ်ဖန် သတင်းကောင်း​ဟောပြော​၍ တပည့်​များ​ဖြစ်လာ​စေနိုင်​ဖို့ ထို​သူတို့ကို လေ့ကျင့်ပေး​ခဲ့​ကြသည်။ (တမန်​တော် ၁၄:၂၁-၂၃) ၎င်း​ပုံစံ​ကို ယနေ့ ယေဟောဝါသက်သေ​များ​လိုက်​ကြသည်။

၁၁။ လူသားတို့​အတွက် အကောင်းဆုံး​သတင်းကောင်း​ကြေညာ​ခြင်း​တွင် ယနေ့ မည်သူ​တို့​ပါဝင်​နေကြ​သနည်း။

၁၁ ပထမ​ရာစု​မှ ပေါလု၊ ဗာနဗ​နှင့် အခြား​သူတို့၏​ပုံ​နမူနာ​များ​ကို​တုပ​ကာ ယေဟောဝါသက်သေ​မြောက်မြားစွာ​သည် တိုင်းတစ်ပါး​များ​သို့ ခရစ်ယာန်​သာသနာပြု​များ​အဖြစ် ထွက်ခွာ​သွားခဲ့​ကြပြီ။ နိုင်ငံရေး​တွင် မပါဝင်၊ အခြား​အဘယ်​နည်းဖြင့်​မျှ သတင်းကောင်း​ဟောပြောခြင်း​တာဝန်​မှ မ​သွေဖည်​ခဲ့​ကြသော​ကြောင့် သူတို့၏​လုပ်ငန်း​သည် အမှန်​အကျိုး​ဖြစ်ထွန်း​ခဲ့ပြီ။ “သွားစဉ်​တွင် . . . ပြော​ကြလော့” ဟူသော ယေရှု၏​မိန့်မှာချက်ကို​သာ သူတို့​လိုက်နာ​ခဲ့​ကြသည်။ သို့သော် ယေဟောဝါသက်သေ​အများစု​မူ တိုင်းတစ်ပါး​တွင် ခရစ်ယာန်​သာသနာပြု​သူများ​မဟုတ်​ကြ​ချေ။ သူတို့​အနက် များစွာသော​သူတို့သည် ဝမ်းစာရှာ​လုပ်ငန်းများ လုပ်ကိုင်​နေကြ​ပြီး အချို့​တို့​မှာ ကျောင်းတက်​နေကြ​ဆဲ​ဖြစ်သည်။ အခြားသူ​တို့​မှာ​မူ သားသမီး​များ​ကို ကျွေးမွေး​စောင့်ရှောက်​နေကြ​ရသည်။ သို့ရာတွင် သက်သေခံ​အားလုံး​သည် မိမိတို့​သိရှိ​ထားသော​သတင်းကောင်းကို သူတစ်ပါး​အား​ဟောပြော​ကြသည်။ လူကြီးလူငယ်၊ ကျားမ​မရွေး “နှုတ် [မြွက်] တရားတော်​ကို​ဟောပြော​လော့။ အချိန်​ရှိသည် [“ကောင်း​သည်၊” က​ဘ] ဖြစ်စေ၊ မရှိ​သည် [“မကောင်းသည်၊” က​ဘ] ဖြစ်စေ၊ ကြိုးစား​အားထုတ်​လော့” ဟူသော​သမ္မာကျမ်းစာ​၏ မှာကြားချက်​ကို ရွှင်လန်းစွာ​လက်ခံ​တုံ့ပြန်​ကြသည်။ (၂ တိမောသေ ၄:၂) ပထမ​ရာစု​မှ ရှေ့ပြေး​သက်သေခံ​များ​နည်းတူ “ယေရှုသည် ခရစ်တော်​ဖြစ်၏​ဟူ၍ ဧဝံဂေလိတရား​ကို” သူတို့ အဆက်မပြတ် “ဟောပြောလျက်​နေကြ၏။” (တမန်​တော် ၅:၄၂) လူသား​အားလုံး​အတွက် အကောင်းဆုံး​သတင်းကောင်းကို သူတို့​ကြေညာ​လျက်​ရှိကြသည်။

ဘာသာ​ပြောင်းလဲ​စေ​သူ​လော၊ ဧဝံဂေလိ​ဟောပြောသူ​လော

၁၂။ ဘာသာ​ပြောင်းလဲ​စေခြင်း​ကား အဘယ်နည်း၊ ယင်းကို မည်သို့​ရှုမြင်​လာကြပြီ​နည်း။

၁၂ “ဘာသာ​ပြောင်းလဲ​လာ​သူ” ဟု​အဓိပ္ပာယ်​ရှိသည့် ပ​ရော်​စီ​လီ​တိုး​စ် ဟူသော​ဂရိ​စကားလုံး​ရှိ၏။ ၎င်း​မှ “ပ​ရော်​စီ​လီ​တ​စင်​မ်” ဟူသော​အင်္ဂလိပ်​စကားလုံး​ဆင်းသက်​လာပြီး အမှန်​အားဖြင့် “ဘာသာ​ပြောင်းလဲ​လာ​သူများ​ဖြစ်စေ​ခြင်း” ဟု​ဆိုလို​သည်။ ယခု​ခေတ်တွင် ဘာသာ​ပြောင်းလဲ​စေခြင်း​သည် အန္တရာယ်​ရှိသည်​ဟု အချို့​က​ဆို​၏။ ချာ့ခ်ျ​များ​၏​ကမ္ဘာ့​ကောင်စီ​မှ​ထုတ်ဝေ​သော စာစောင်​တစ်စောင်​က “ဘာသာ​ပြောင်းလဲ​စေသည့်​အပြစ်” အကြောင်းကို​ပင် ဖော်ပြ​သည်။ အဘယ်ကြောင့်​နည်း။ ကက်သလစ်​ကမ္ဘာ့​မှတ်တမ်းက​ဤသို့​ဆို​သည်– “ဩသ​ဒေါ​က်​ချာ့ခ်ျ​၏ တရ​စပ်​တိုင်တန်း​ချက်​များ​ကြောင့် ‘ဘာသာ​ပြောင်းလဲ​စေခြင်း’ ဟူသော​စကားလုံး​သည် အတင်းအကျပ်​ဘာသာ​ပြောင်းလဲ​စေခြင်း​ဟူသော အခြား​အဓိပ္ပာယ်​ရှိစေ​ပြီ။”

၁၃။ အန္တရာယ်​ပြု​ခဲ့​သော ဘာသာ​ပြောင်းလဲ​စေခြင်း​နမူနာ​အချို့​ကား အဘယ်နည်း။

၁၃ ဘာသာ​ပြောင်းလဲ​စေခြင်း​သည် အန္တရာယ်​ရှိသလော။ ရှိ​နိုင်​ပါ​သည်။ ကျမ်းတတ်​နှင့်​ဖာရိရှဲ​တို့၏ ဘာသာ​ပြောင်းလဲ​စေခြင်း​အမှုသည် သူတို့​ကြောင့်​ဘာသာ​ပြောင်းလဲ​သူတို့​အတွက် အန္တရာယ်​ရှိသည်​ဟု ယေရှု​မိန့်ဆိုခဲ့သည်။ (မဿဲ ၂၃:၁၅) “အတင်းအကျပ်​ဘာသာ​ပြောင်းလဲ​စေခြင်း” သည် အမှန်ပင်​မှား​၏။ ဥပမာ၊ သမိုင်း​ဆရာ​ဂျိုစီဖတ်စ်​၏​အဆို​အရ မက္ကဘီး​ဂျွန်ဟိုင်ရ်ကန်းနပ်စ်​သည် အီဒူမီးယား​တို့ကို အောင်နိုင်​၍​နှိမ်နင်း​ခဲ့​သောအခါ “ထို​သူတို့သည် အရေဖျားလှီးခြင်း​ခံ​ယူ၍ ဂျူး​တို့၏​ပညတ်တော်​များ​ကို လိုက်နာ​ကျင့်သုံး​သမျှ​ကာလပတ်လုံး သူတို့၏​နိုင်ငံ​၌ ဆက်နေ​ထိုင်​ခွင့်ပြု​ခဲ့” ကြောင်း​သိရ​၏။ အီဒူမီးယား​တို့သည် ဂျူး​အုပ်ချုပ်မှု​အောက်​နေထိုင်​လိုလျှင် ဂျူး​ဘာသာရေး​ကို​လိုက်စား​ရမည်​ဖြစ်သည်။ စီ.အီး. ရှစ်ရာစု​တွင် ရှားလမိန်း​သည် မြောက်​ဥရောပ​ရှိ အယူမှား​သော​ဆ​က္ခ​ဆန်​လူမျိုး​တို့ကို နှိမ်နင်း​ခဲ့​ပြီး​နောက် လက်ရုံး​အားကိုး​ဖြင့် သူတို့ကို​ဘာသာ​ပြောင်းလဲ​စေ​ခဲ့​ကြောင်း သမိုင်း​ဆရာများ​က​ဆို​သည်။ * သို့သော် ထို​ဆ​က္ခ​ဆန်​လူမျိုး​နှင့် အီဒူမီးယား​တို့၏ ဘာသာ​ပြောင်းလဲခြင်း​သည် စိတ်နှလုံး​အကြွင်းမဲ့​ဖြစ်ပါ​သလော။ သာဓက​အနေ​နှင့် သူငယ်​ယေရှုကို​သတ်ပစ်ဖို့​ကြိုးစား​ခဲ့​သူ အီဒူမီးယား​ဘုရင်​ဟေရုဒ်သည် ဘုရားသခင့်​မှုတ်သွင်းခံ မောရှေ၏​ပညတ်တရား​ကို အမှန်တကယ်​ဆည်းကပ်​သည်​ဟု ဆိုနိုင်​မည်​လော။—မဿဲ ၂:၁-၁၈

၁၄။ အချို့​သော​ခရစ်ယာန်ဘောင်​သာသနာပြု​များသည် ဘာသာ​ပြောင်းလဲ​လာရန် လူ​တို့ကို မည်သို့​ဖိအားပေး​ကြ​သနည်း။

၁၄ ယနေ့ အတင်းအကျပ်​ဘာသာ​ပြောင်းလဲ​စေခြင်း​များ ပြု​နေ​သေး​သလော။ အချို့​သည် ပြု​သည့်​သဘော​ဖြစ်နေ​ကြသည်။ အချို့​သော​ခရစ်ယာန်ဘောင်​သာသနာပြု​များသည် ဘာသာ​ပြောင်းလဲ​လာ​ဖွယ်​ရှိသူတို့​ကို နိုင်ငံ​ခြား​ပညာ​သင်​စရိတ်​ထောက်ပံ့​ရန် ကမ်း​လှမ်း​သည်​ဟု ဆို​ကြသည်။ သာသနာပြု​အချို့​တို့​က​မူ ငတ်မွတ်​နေသော​ဒုက္ခသည်​တစ်ဦး ခွဲတမ်း​ရိက္ခာ​ရရှိဖို့ သူ့ကို​ထိုင်၍​တရား​နာ​စေ​ပေမည်။ ဩသ​ဒေါ​က်​ဂိုဏ်းချုပ်​ဘုန်းတော်ကြီး​များ​၏ ညီလာခံ​တစ်ခု​က ၁၉၉၂ ခုနှစ်​တွင်​ထုတ်ဆင့်​ခဲ့​သော ဖော်ပြချက်​တစ်ခု​အရ “တစ်ခါတစ်ရံ ရုပ်ပစ္စည်း​နှင့်​ဆွဲဆောင်ခြင်း​ဖြင့်၊ တစ်ခါတစ်ရံ အကြမ်းဖက်နည်း​အမျိုးမျိုးဖြင့် ဘာသာ​ပြောင်းလဲ​စေခြင်း​အမှုကို ပြုလုပ်​ကြသည်။”

၁၅။ ယေဟောဝါသက်သေ​များသည် ဘာသာ​ပြောင်းလဲ​စေခြင်း​စကားလုံး​၏ ခေတ်​သစ်​အဓိပ္ပာယ်​အတိုင်း​ပြုလုပ်​ကြ​သလော။ ရှင်းပြပါ။

၁၅ ဘာသာ​ပြောင်းလဲ​စေရန် လူ​တို့ကို​ဖိအားပေး​ခြင်း​သည် မှား​၏။ ယေဟောဝါသက်သေ​များ ထိုသို့​အမှန်ပင်​မပြု​ကြ​ချေ။ * ထို့​ကြောင့် ဘာသာ​ပြောင်းလဲ​စေခြင်း​စကားလုံး​၏ ခေတ်သုံး​အဓိပ္ပာယ်​အတိုင်း သူတို့​မပြု​ကြ​ပါ။ ယင်းအစား၊ သူတို့သည် ပထမ​ရာစု​ခရစ်ယာန်​များ​ကဲ့သို့ လူတိုင်းကို သတင်းကောင်း​ဟောပြော​ကြသည်။ စိတ်လို​ကိုယ်​လျောက် လက်ခံ​တုံ့ပြန်​လို​သူ မည်သူ​မဆို​ကို ကျမ်းစာ​သင်ပေးခြင်း​အားဖြင့် အသိပညာ​ပိုမို​ဆည်းပူး​စေ​သည်။ အဆိုပါ​စိတ်ဝင်စားသူ​တို့သည် တိကျ​မှန်ကန်သော​ကျမ်းစာ​အသိပညာ​ပေါ် အခိုင်အမာ​အခြေပြု​လျက် ဘုရားသခင်​နှင့်​ကိုယ်တော့်​ရည်ရွယ်ချက်များ​ကို ယုံကြည်​စိတ်ချ​လာ​တတ်ကြ​သည်။ ထို​အခါ သူတို့သည် ကယ်တင်ခြင်း​ရဖို့ ဘုရားသခင့်​နာမတော်၊ ယေဟောဝါ​ကို​တ​၍ ဆုတောင်း​ကြသည်။ (ရောမ ၁၀:၁၃၊ ၁၄၊ ၁၇) သတင်းကောင်းကို သူတို့​လက်ခံ​မည်၊ လက်မခံ​မည်​ကား ကိုယ်ပိုင်​ဆုံးဖြတ်ချက်​ဖြစ်သည်။ အတင်းအကျပ်​ပြုမူခြင်း​မရှိပါ။ ထိုသို့​ပြုမူ​ခဲ့​ပါ​မူ ဘာသာ​ပြောင်းလဲခြင်း​သည် အဓိပ္ပာယ်​ရှိ​မည်​မဟုတ်။ ဘုရားသခင်​နှစ်သက်​လက်ခံ​စ​ရာ​ဖြစ်​ဖို့ စိတ်နှလုံး​အကြွင်းမဲ့ ဝတ်ပြု​ကိုးကွယ်​ရမည်။—တရားဟောရာ ၆:၄၊ ၅; ၁၀:၁၂

မျက်မှောက်ခေတ်တွင် ဧဝံဂေလိတရား​ဟောပြောခြင်း

၁၆။ မျက်မှောက်ခေတ်တွင် ယေဟောဝါသက်သေ​များ​၏ ဧဝံဂေလိတရား​ဟောပြောခြင်း​လုပ်ငန်း​သည် မည်သို့​တိုးတက်​ခဲ့ပြီ​နည်း။

၁၆ မျက်မှောက်ခေတ်​ကာလ​တစ်လျှောက် ယေဟောဝါသက်သေ​များသည် မဿဲ ၂၄:၁၄ အကြီးအကျယ်​ပြည့်စုံ​လာ​စေရန် သတင်းကောင်းကို​ဟောပြောလျက်​ရှိကြသည်။ သူတို့ ဧဝံဂေလိတရား​ဟောပြော​ရာ​တွင် အဓိက​အသုံးပြုသည့် ကိရိယာ​တစ်ခု​မှာ ကင်းမျှော်စင်​မဂ္ဂဇင်း​ဖြစ်၏။ * ၁၈၇၉ ခုနှစ်​တွင် ကင်းမျှော်စင်​ကို​ဦးဆုံး​ထုတ်ဝေ​ခဲ့​စဉ်​က ဘာသာ​စကား​တစ်မျိုးတည်း​ဖြင့် စောင်ရေ ၆,၀၀၀ ခန့်​ထုတ်ဝေ​ခဲ့​သည်။ ၁၂၂ နှစ်​ကျော် လွန်ပြီး​နောက် ၂၀၀၁ ခုနှစ်​တွင် ၁၄၁ ဘာသာ​ဖြင့် စောင်ရေ ၂၃,၀၄၂,၀၀၀ အထိ​ထုတ်ဝေ​ခဲ့​ရပြီ။ ယင်း​နှင့်​အညီ ယေဟောဝါသက်သေ​များ​၏ ဧဝံဂေလိတရား​ဟောပြောခြင်း​လုပ်ငန်းသည်လည်း တိုးတက်လာ​ခဲ့ပြီ။ ၁၉ ရာစု​တွင်၊ ဧဝံဂေလိတရား​ဟောပြောခြင်း​လုပ်ငန်း​၌ နှစ်စဉ်​အသုံးပြု​ခဲ့​သော​အချိန်နာရီ ထောင်​ဂဏန်း​အနည်းငယ်​ကို ၂၀၀၁ ခုနှစ်​တွင် ဟောပြောခြင်း​လုပ်ငန်း​၌ အသုံးပြု​ခဲ့​သော​အချိန်နာရီ ၁,၁၆၉,၀၈၂,၂၂၅ နှင့်​နှိုင်းယှဉ်​ကြည့်​ပါ။ လစဉ်​ပျမ်းမျှ ၄,၉၂၁,၇၀၂ ကြိမ်​ကျင်းပ​ခဲ့​သော အခမဲ့​အိမ်တွင်း​ကျမ်းစာ​သင်အံမှုများ​ကို သုံးသပ်ကြည့်​ပါ။ အလွန်​ကောင်းသော​လုပ်ငန်း​တစ်ခု​ကို အကြီးအကျယ်​ဆောင်ရွက်​ခဲ့​ချေ​ပြီ! ယင်းကို တက်ကြွ​သော​နိုင်ငံတော်​ကြေညာသူ ၆,၁၁၇,၆၆၆ ဦး​က လုပ်ဆောင်ခဲ့​ကြသည်။

၁၇။ (က) ယနေ့ အဘယ်​ဗာဗုလုန်​ဘုရားသခင်​များ​ကို ကိုးကွယ်​နေကြ​သနည်း။ (ခ) အဘယ်​ဘာသာ​စကား၊ အဘယ်​လူမျိုး၊ အဘယ်​လူမှုရေး​အဆင့်အတန်း​ပင်​ဖြစ်စေ လူတိုင်း အဘယ်အရာကို​သိဖို့​လို​သနည်း။

၁၇ ဆာလံဆရာ​က “တစ်ပါး​အမျိုးသား​တို့၏​ဘုရား​ရှိသမျှ​တို့သည် အချည်းနှီး​သက်​သက်​ဖြစ်​ကြ​၏။ “[ယေဟောဝါ] မူ​ကား မိုးကောင်းကင်ကို​ဖန်ဆင်း​တော်​မူ​၏” ဟု​ဆို​သည်။ (ဆာလံ ၉၆:၅) လောက​ရေး​သက်​သက်​ကို​သာ အမှု​ပြုသော မျက်မှောက်ခေတ်​လောကတွင် မျိုးချစ်စိတ်၊ နိုင်ငံရေး​အထိမ်းအမှတ်​များ၊ အထင်ကရ​ပုဂ္ဂိုလ်​များ၊ ရုပ်ပစ္စည်း​များနှင့် ချမ်းသာ​ကြွယ်ဝမှု​ကို​ပင် ဝတ်ပြု​ကိုးကွယ်​နေကြ​သည်။ (မဿဲ ၆:၂၄; ဧဖက် ၅:၅; ကောလောသဲ ၃:၅) မိုဟမ်းဒတ်စ် ကေ. ဂန္ဒီ​က တစ်ကြိမ်​တွင် ဤသို့​ဆို​ခဲ့​သည်– “ကျွန်ုပ်​အခိုင်အမာ​ယူဆ​သည်​မှာ . . . ယနေ့ ဥရောပ​သည် ခရစ်ယာန်​အမည်ခံ​သာ​ဖြစ်သည်။ အမှန်​မှာ ၎င်း​သည် ဥစ္စာ​ဓန​ကိုကိုး​ကွယ်​နေ​၏။” အမှန်​သော် အရပ်ရပ်​၌ သတင်းကောင်းကို​ကြား​ရန် လိုအပ်​သည်။ အဘယ်​လူမျိုး၊ အဘယ်​ဘာသာ၊ အဘယ်​လူမှုရေး​အဆင့်အတန်း​မဆို လူတိုင်း ယေဟောဝါ​နှင့် ကိုယ်တော်​၏​ရည်ရွယ်တော်မူချက်​များ​ကို သိ​ကြ​ရဖို့​လို​သည်။ “[ယေဟောဝါ] သည် ဘုန်း​တန်ခိုး​အစွမ်း​သတ္တိ​ရှိ​တော်​မူ​သည်​ဟု ဝန်ခံ​ကြလော့။ . . . [ယေဟောဝါ] ၏​နာမတော်​သည် ဘုန်းကြီး​တော်​မူ​သည်​ဟု​ဝန်ခံ​ကြလော့” ဟူသော ဆာလံဆရာ​၏​စကား​များ​ကို လူတိုင်း​လက်ခံ​တုံ့ပြန်​စေ​လို​သည်။ (ဆာလံ ၉၆:၇၊ ၈) အခြားသူများ​လည်း ယေဟောဝါ​ကို​သိရှိ​လာပြီး ကိုယ်တော်​အား လျောက်ပတ်​စွာ​ဂုဏ်တင်​နိုင်​ကြ​စေရန် ယေဟောဝါသက်သေ​များ ကူညီပေး​နေကြပါ​သည်။ လက်ခံ​တုံ့ပြန်​သူတို့သည် အကျိုးကျေးဇူး​များစွာ​ခံစားရ​ကြ​၏။ အဘယ်​အကျိုးကျေးဇူးများ ခံစားရ​ကြ​သနည်း။ ၎င်းတို့ကို နောက်​ဆောင်းပါး​၌ ဆွေးနွေး​ပါ​မည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 13 ကက်သလစ်​စွယ်စုံ​ကျမ်း​အရ လူ​တို့ကို ဘာသာ​ပြောင်းလဲ​ဖို့ အတင်းအကျပ်​ပြုမူခြင်း​သည် “တိုင်းပြည်​ကို​အုပ်ချုပ်သူ​သည် ဘာသာ​တရားကို​ပြဋ္ဌာန်း​သူလည်း​ဖြစ်၏” ဟု​အဓိပ္ပာယ်​ရှိသော လက်တင်​ဆောင်ပုဒ်​ကို စွဲကိုင်​ခြင်း​ဖြစ်သည်။

^ အပိုဒ်၊ 15 ၂၀၀၀ ပြည့်နှစ်၊ နိုဝင်ဘာ ၁၆ ရက်​တွင်​ပြုလုပ်​သော အမေရိကန်​ပြည်ထောင်စု အပြည်ပြည်ဆိုင်ရာ​ဘာသာရေး​လွတ်လပ်မှု​ကော်မရှင်​၏ အစည်းအဝေး​တစ်ခု​၌ တက်ရောက်သူ​တစ်ဦး​က အတင်းအကျပ်​ဘာသာ​သွင်း​ဖို့​ကြိုးစား​သူများ​နှင့် ယေဟောဝါသက်သေ​များ​၏​လုပ်ဆောင်မှုကို ခွဲခြား​ဖော်ပြ​ခဲ့​သည်။ ယေဟောဝါသက်သေ​များ ဟောပြောသော​အခါ လူတစ်ဦး​သည် “ကျွန်ုပ်​စိတ်မဝင်စား​ဘူး” ဟု​ရိုးရိုးလေး​ဆို​ကာ တံခါးပိတ်​လိုက်​နိုင်​သည့်​နည်းဖြင့် ဟောပြောကြ​ကြောင်း သတိပြု​စေ​ခဲ့​သည်။

^ အပိုဒ်၊ 16 ၎င်း​မဂ္ဂဇင်း​၏​ခေါင်းစီး​အပြည့်အစုံ​မှာ ကင်းမျှော်စင် ယေဟောဝါ​၏​နိုင်ငံတော်​ကို​ကြေညာ​ခြင်း​ဖြစ်သည်။

သင်​ရှင်းပြ​နိုင်​သလော

• ယေဟောဝါသက်သေ​များသည် အဘယ်ကြောင့်​ဇွဲရှိ​သော ဧဝံဂေလိတရား​ဟောပြောသူများ​ဖြစ်​ကြ​သနည်း။

• ယေဟောဝါသက်သေ​များသည် ခရစ်ယာန်ဘောင်​ချာ့ခ်ျ​များ ရှိပြီး​သား​နေရာများ​၌​လည်း အဘယ်ကြောင့်​ဟောပြောကြ​သနည်း။

• ယေဟောဝါသက်သေ​များသည် ဘာသာ​ပြောင်းလဲ​စေခြင်း​စကားလုံး​၏ ခေတ်သုံး​အနက်​အဓိပ္ပာယ်​အတိုင်း အဘယ်ကြောင့်​မဟုတ်​ကြ​သနည်း။

• ယေဟောဝါသက်သေ​များ​၏ ဧဝံဂေလိတရား​ဟောပြောခြင်း​လုပ်ငန်း​သည် မျက်မှောက်ခေတ်တွင် မည်သို့​တိုးတက်​ခဲ့ပြီ​နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ယေရှုသည် ဇွဲရှိ​သော​ဧဝံဂေလိတရား​ဟောပြောသူ​တစ်ဦး​ဖြစ်​ပြီး ထပ်တူ​လုပ်ငန်း​ကို​လုပ်ဆောင်ရန် အခြား​သူများကို​လေ့ကျင့်ပေး​ခဲ့

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ပထမ​ရာစု အသင်းတော်​သား​အားလုံး ဧဝံဂေလိတရား​ဟောပြောခြင်း​၌ ပါဝင်​ခဲ့​ကြ

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

လူ​တို့ကို အတင်းအကျပ် ဘာသာ​ပြောင်းလဲ​စေခြင်း​သည် မှား​၏