မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူတန်းစားခွဲခြားမှု ပြဿနာများ

လူတန်းစားခွဲခြားမှု ပြဿနာများ

လူတန်းစား​ခွဲခြား​မှု ပြဿနာ​များ

“တန်းတူ​ညီမျှ​ဖြစ်မှု​သည် ရပိုင်ခွင့်​တစ်ခု​ဖြစ်​ပေမည်၊ သို့သော် အဘယ်​ကမ္ဘာ့​အာဏာက​မျှ ယင်းကို အကောင်အထည်ဖော်​နိုင်​မည်​မဟုတ်​ချေ” ဟူ၍

၁၉ ရာစု​မှ ပြင်သစ်​ဝတ္ထု​စာရေး​ဆရာ ဟို​နို​ရီ ဒီ ဘဲလ်​ဇ​က် က​ပြော​ခဲ့​သည်။ သင်​သဘောတူ​ပါသလော။ လူတန်းစား​ခွဲခြားခြင်း​သည် မှား​၏​ဟု လူအများ အလိုလို​သိ​ကြ​၏။ သို့​တိုင် ဤ ၂၁ ရာစု​တွင်​ပင် လူ့​အဖွဲ့အစည်း​သည် အဆင့်အတန်း ခွဲခြား​လျက်​ရှိ​ဆဲ​ပင်။

၁၉၂၃ မှ ၁၉၂၉ ခုနှစ်​အထိ အမေရိကန်​ပြည်ထောင်စု​၏ သမ္မတ​ဖြစ်​ခဲ့​သူ ကယ်​လ်ဗင် ကူး​လစ်​ခ်ျ သည် လူမှုရေး​အဆင့်အတန်း​ခွဲခြား​မှု​ကိစ္စ​ကို အရေးထား​ဆောင်ရွက်​ခဲ့​ပြီး “အခွင့်ထူး​ခံ​လူတန်းစား​မှန်သမျှ တိမ်ကော​ပပျောက်” စေမည်​ဟု​ပြောကြား​ခဲ့​သည်။ သို့သော်​ငြား​လည်း ကူး​လစ်​ခ်ျ​၏ သမ္မတ​သက်တမ်း​ကုန်​ပြီး​နောက် အနှစ် ၄၀ ခန့်အကြာ​တွင် လူမျိုး​ကွဲ​များ​ဆက်ဆံ​ရေး​ကို လေ့လာ​ရန်​ခန့်အပ်​ခံရ​သော ကာ​နာ​ကော်မရှင် က အမေရိကန်​ပြည်ထောင်စု​တွင် “လူဖြူ၊ လူမည်း—သီးခြား​ဖြစ်၍ တန်းတူ​ရည်​တူမ​ဟုတ်​သော” လူ့​အဖွဲ့အစည်း​နှစ်ခု ဧကန်​ထွက်ပေါ်​လာ​လိမ့်​မည်​ကို​စိုးရိမ်​ကြောင်း ပြောဆို​ခဲ့​သည်။ အဆိုပါ​တင်ကူး​ဟောကြားချက်​အတိုင်း အမှန်​ဖြစ်လာ​ခဲ့​ပြီး ထို​နိုင်ငံ​တွင် “စီးပွားရေး​နှင့် လူမျိုးရေး​ကွာဟမှု ကြီးထွား” လာ​နေသည်​ဟု အချို့​က​ဆို​၏။

လူအားလုံး တန်းတူ​ညီမျှ​ဖြစ်​ရေး​ကို အထမြောက်​စေရန် အဘယ်ကြောင့် ဤမျှ​ခက်ခဲ​ရသနည်း။ အဓိက​အကြောင်း​မှာ လူ့​မ​နော​ပင်​ဖြစ်သည်။ အမေရိကန်​ပြည်ထောင်စု​၏ လွှတ်တော်​အမတ်​ဟောင်း ဝီလျံ ရန်​ဒေါ့လ်ဖ် ဟာ့စ်​သည် တစ်ခါ​က ဤသို့​ဆို​ခဲ့​သည်– “လူအားလုံး​ဟာ အနည်းဆုံး အရာတစ်ခု​နဲ့​ပတ်သက်ပြီး​တော့ တန်းတူ​ဖန်ဆင်း​ခံ​ခဲ့​ရ​ပါ​တယ်၊ အဲ့​ဒါက မတူညီ​ချင်​ကြ​တဲ့​ဆန္ဒ​ပဲ။” အဘယ်အရာကို ဆိုလို​သနည်း။ ၁၉ ရာစု ပြင်သစ်​ပြဇာတ်​ရေး​ဆရာ ဟင်နရီ ဘက်က ပို​၍​ရှင်းလင်း​ပြတ်သား​စွာ ပြောပြ​ခဲ့​ပေမည်– “တန်းတူ​ညီမျှ​ဖြစ်​ရေး​ကို အထမြောက်​စေရန် ဤမျှ​ခက်ခဲ​ရခြင်း​မှာ မိမိ​ထက်​အဆင့်မြင့်​သူတို့နှင့် တန်းတူ​ညီမျှ​ဖြစ်​လို​ကြ​ခြင်း​ကြောင့်​ဖြစ်သည်။” တစ်နည်း​ဆို​သော် လူတို့သည် မိမိတို့​ထက် လူနေမှု​အဆင့်​သာလွန်​သူများ​နှင့် တန်းတူ​ဖြစ်​လို​ကြသည်; သို့သော် မိမိတို့​ထက် အဆင့်နိမ့်​သည်​ဟု ယူမှတ်​သူများကို မိမိတို့​နှင့်​တန်းတူ​ဖြစ်စေ​ရန် မိမိတို့၏​အခွင့်အရေး​များ​ကို တလိုတလား​ကန့်သတ်​မည့်​သူ များစွာ​ရှိ​မည်​မဟုတ်​ချေ။

ယခင်​က လူတို့သည် သာမန်​လူတန်းစား၊ အထက်တန်းလွှာ၊ သို့​မဟုတ် မင်းမျိုး​မင်း​နွယ်​များ​အဖြစ် မွေးဖွား​လာ​ခဲ့​ကြ​၏။ ဒေသ​အချို့​တွင် ထို​အတိုင်း ယခု​ထိ​တိုင်​ရှိနေဆဲ​ပင်။ သို့ရာတွင် ယနေ့ နိုင်ငံ​အများ​၌ ငွေ​ရှိ​ခြင်း၊ သို့​မဟုတ် ငွေ​မရှိခြင်းက လူတစ်ဦး​အား အောက်ခြေ​လူတန်းစား၊ အလယ်အလတ်​တန်း​စား သို့​မဟုတ် အထက်တန်းလွှာ​ဖြစ်သည်ဟု သတ်မှတ်​သည်။ ထို့​ပြင် လူမျိုးရေး၊ ပညာရေး​နှင့် စာရေး​တတ်​ဖတ်​တတ်​ခြင်း​တို့​က​လည်း လူမှု​အဆင့်အတန်း​ကို သတ်မှတ်​ပေး​သည်။ အချို့​နေရာများ​၌​မူ ယောက်ျား​မိန်းမ​ဖြစ်​ခြင်း​သည် ခွဲခြား​ဆက်ဆံ​ရန် အဓိက​အကြောင်းရင်း​တစ်ရပ်​ဖြစ်၍ အမျိုးသမီးများ​အား နိမ့်ကျသော​လူတန်းစား​ဟု ယူမှတ်​ကြသည်။

ရေး​ရေး​မျှ​သော မျှော်လင့်ချက်​ရောင်ခြည်​လော

လူ့​အခွင့်အရေး​ဆိုင်ရာ ဥပဒေ​သည် အဆင့်အတန်း​ခွဲခြား​မှု​အချို့​ကို ချေဖျက်​နိုင်​ခဲ့ပြီ​ဖြစ်သည်။ အမေရိကန်​ပြည်ထောင်စု​တွင် အဆင့်အတန်း​ခွဲခြား​မှု​ကို ဆန့်ကျင်​သော ဥပဒေ​များ ပြဋ္ဌာန်း​ခဲ့​ကြသည်။ တောင်​အာဖရိကတွင် အသားအရောင်​ခွဲခြား​မှု​ကို ပယ်ရှား​ပစ်​ခဲ့ပြီ။ ယခု​ထက်​တိုင် ကျွန်​ဘဝ​ရှိ​ဆဲ​ဖြစ်သော်လည်း ကမ္ဘာ့​ဒေသ​အတော်များများ​၌ ပိတ်ပင်​ထား​သည်။ တိုင်းရင်းသား​အချို့​၏ မြေယာ​ပိုင်ဆိုင်ခွင့်​များ​ကို ဥပဒေ​ဆိုင်ရာ​အမိန့်ချမှတ်​ချက်​များ​က အသိအမှတ်ပြု​စေ​ခဲ့ပြီ၊ ခွဲခြား​ဆက်ဆံမှု​ကို ဆန့်ကျင်​သော​ဥပဒေ​များ​က တန်းတူ​အခွင့်အရေး​မရသူ​အချို့​အား အခွင့်အရေး​ရရှိစေ​ခဲ့ပြီ။

၎င်း​တို့​က လူမှု​အဆင့်အတန်း​ခွဲခြားခြင်း မရှိတော့​ဟု ညွှန်ပြ​ပါသလော။ မ​ညွှန်ပြ​ပေ။ လူမှု​အဆင့်အတန်း​ခွဲခြား​မှု​အချို့ ယခင်​က​လောက် မ​ပြင်းထန်​တော့​သော်လည်း အဆင့်အတန်း​ခွဲခြား​မှု​အသစ်များ ပေါ်ထွက်​လာ​နေသည်။ ကွန်ပျူတာ​ခေတ်တွင် လူတန်းစား​တိုက်ပွဲ စာအုပ်​က​ဤသို့​ဆို​သည်– “ယနေ့​တွင် အရင်း​ရှင်​လူတန်းစား​နှင့် အလုပ်သမား​လူတန်းစား​ဟူ၍ အတန်းအစား​ခွဲခြား​ရန် သင့်လျော်​ပုံ​မရချေ၊ သို့သော် ယင်း​အတိုင်း​ဖြစ်နေ​ကာ မြောက်မြား​လှ​သော ထို​လူစု​တို့သည် အမျက်ထွက်​နေသော ပိုမို​ငယ်​သည့်​အုပ်စု​များ​အဖြစ်သို့ ကွဲပြား​သွားသော​ကြောင့်​သာ​ဖြစ်သည်။”

လူမှုရေး​အဆင့်အတန်း​များ​က လူ​တို့ကို အမြဲ​ကွဲပြား​နေ​စေမည်​လော။ နောက်​ဆောင်းပါး ဖော်ပြ​မည့်​အတိုင်း အခြေအနေ​သည် မျှော်လင့်​ရာ​မဲ့​မဟုတ်​ချေ။