မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူတန်းစားမခွဲခြားသော လူ့အဖွဲ့အစည်း အမှန်တကယ် ရှိနိုင်မည်လော

လူတန်းစားမခွဲခြားသော လူ့အဖွဲ့အစည်း အမှန်တကယ် ရှိနိုင်မည်လော

လူတန်းစား​မခွဲခြားသော လူ့​အဖွဲ့အစည်း အမှန်တကယ် ရှိ​နိုင်​မည်​လော

“လူတိုင်း တန်းတူ​ရည်​တူ​ဖန်ဆင်း​ခံရ​၏​ဟူသော ရှင်းလင်း​သည့်​အမှန်တရား​များ​ကို ကျွန်ုပ်​တို့​လက်ကိုင်ပြု​ထား​ကြသည်။” ထူးမြတ်​လှ​သော အဆိုပါ​စကား​များ​ပါဝင်​သည့် သမိုင်းဝင် လွတ်လပ်ရေး​ကြေညာ​စာတမ်း​ကို လက်မှတ်​ရေးထိုး​သူများ​တွင် အမေရိကန်​ပြည်ထောင်စု​၏ ဒုတိယ​မြောက်​သမ္မတ​ဖြစ်လာ​သူ ဂျွန်​အယ်​ဒမ်စ် သည် တစ်ဦး​အဝင်​ဖြစ်သည်။ သို့သော်လည်း ဂျွန်​အယ်​ဒမ်စ်​က “အတိုင်းအဆမဲ့​တန်ခိုးရှင်​သည် လူ့​သဘောသဘာဝ​၏ ဥပဒေသကို ပြဋ္ဌာန်း​သည့်​အခါ စိတ်​နှင့်​ခန္ဓာ​ခြားနား​စွာ တည်ဆောက်​ပေး​ထား​သည်​ဖြစ်​ရာ ယင်းကို တူညီ​သွား​အောင် မည်သည့်​အတတ်ပညာ၊ မည်သည့်​မူဝါဒ​က​မျှ မစွမ်းဆောင်​ပေး​နိုင်” ဟု​ရေးသားခဲ့​ရာ လူသားများ အမှန်တကယ်​တန်းတူ​ရည်​တူ​ဖြစ်​ခြင်း​ကို သူ​သံသယ​ရှိခဲ့​ကြောင်း​ထင်ရှား​သည်။ အလွန်​ခြားနား​စွာ​ပင် ဗြိတိသျှ​သမိုင်း​ပညာရှင် အိပ်ခ်ျ. ဂျီ. ဝဲ​လ်စ် က အချက်​သုံးချက်​ဖြစ်သည့် သန့်စင်​၍​အ​ရော​အ​နှော​ကင်း​သော ကမ္ဘာ့​ဘာသာ​တရား​တစ်ခု၊ လူ​ခပ်သိမ်း​အတွက် ပညာရေး​နှင့် လက်နက်ကိုင်​တပ်​များ​မရှိခြင်း​တို့ကို အခြေပြု​၍ တန်းတူ​ရည်​တူ​ရှိ လူ့​အဖွဲ့အစည်း​တစ်ခု​ကို စိတ်ကူး​မိ​ခဲ့​သည်။

သို့သော် ဝဲ​လ်စ် စိတ်ကူး​ဖြင့်​မြင်ယောင်​ခဲ့​သည့် တန်းတူ​ရည်တူ​ရှိ​လူ့​အဖွဲ့အစည်း​တစ်ခု ယခု​အချိန်အထိ သမိုင်း​တွင်​ပေါ်ထွက်​လာ​သည်ကို မ​တွေ့ရ။ လူသားများ​သည် တန်းတူ​ရည်​တူ​ဖြစ်​ဖို့​ဝေးလေစွ၊ လူ့​အဖွဲ့အစည်း​သည် အဆင့်အတန်း​ခွဲခြား​နေဆဲ​ပင်။ ယင်း​သို့​သော အဆင့်အတန်း​များ​က လူ့​အဖွဲ့အစည်း​တစ်ခုလုံး​ကို အကျိုးပြု​ခဲ့ပြီ​လော။ မပြု​ပါ။ လူတန်းစား​ခွဲခြား​သော​စနစ်​များ​ကြောင့် မနာလို​ဝန်​တို​မှု၊ မုန်းတီးမှု၊ စိတ်နာ​စ​ရာ​များနှင့် သွေးသွန်းမှု​များ​ကို ဖြစ်ပေါ်​စေ​ခဲ့ပြီ။ အာဖရိက၊ ဩစတြေးလျ​နှင့် မြောက်​အမေရိက​တိုက်​တွင် လူဖြူ​များ​သာ အမြင့်မြတ်ဆုံး​ဟု တစ်ချိန်က​သဘောထား​ခဲ့​ရာ လူဖြူ​မဟုတ်​သူများကို စိတ်​ဆင်းရဲ​စေ​ခဲ့ပြီ၊ ဗန် ဒိ​မ​န်​၏​ပြည် (ယခု တပ်​စ်​မေး​နီး​ယား) မှ​အ​ဘော်​ရ​ဂျင်​နီ​များ​ကို လုံးဝ​အမျိုး​ပြုတ်​စေ​ခဲ့ပြီ။ ဥရောပ​တွင် ဂျူး​များ​ကို ညံ့ဖျင်း​သူများ​အဖြစ် ခွဲခြား​သတ်မှတ်ခြင်း​က မီးလောင်​တိုက်​သွင်း​ခြင်း​ကို ပဏာမ​ပျိုး​ခဲ့​သည်။ အထက်တန်းလွှာ​၏ အလွန်​ကြွယ်ဝ​ချမ်းသာခြင်း​နှင့် အောက်ခြေ​လူတန်းစား၊ လူ​လတ်​တန်း​စား​တို့၏ မကျေမနပ်​ဖြစ်မှု​က ၁၈ ရာစု​တွင် ပြင်သစ်​တော်လှန်ရေး​နှင့် ၂၀ ရာစု​တွင် ရုရှား​ဗော်​ရှီ​ဗစ်​တော်လှန်ရေး​များ​ကို ဖြစ်ပွား​စေ​ခဲ့​သည်။

ရှေးခေတ်​မှ ပညာရှိ​တစ်ဦး​က ဤသို့​ရေးသားခဲ့​သည်– “လူသည် တစ်ဦး​ပေါ်​တစ်ဦး အကျိုး​နစ်နာ​အောင် အုပ်စိုး​လာ​ခဲ့​ကြ​၏။” (ဒေ. ၈:၉က​ဘ) တစ်ဦးချင်း​စီ​ဖြစ်စေ၊ အုပ်စု​လိုက်​ဖြစ်စေ ကြီးစိုး​လွှမ်းမိုး​ဦး​တော့ သူ၏​စကား​များ​မှန်ကန်ကြောင်း ထင်ရှား​သည်။ အုပ်စု​တစ်စု​သည် အခြား​တစ်စု​အပေါ် ကိုယ့်​ကိုယ်ကို ချီးမြှောက်​သောအခါ စိတ်​ဆင်းရဲမှု​နှင့် အခက်အခဲ​များ ဧကန်​အမှန်​ဖြစ်ပေါ်​စေ​သည်။

ဘုရားသခင့်​ရှေ့တွင် လူ​ခပ်သိမ်း တန်းတူ​ဖြစ်

လူမျိုးစု​အချို့​သည် အခြား​လူမျိုးစု​တို့​ထက် သာလွန်​မြင့်မြတ်​ကြ​ပါသလော။ ဘုရားသခင့်​ရှေ့တွင် ထိုသို့​မဟုတ်​ချေ။ သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “မြေ​မျက်နှာ​တစ်ပြင်လုံး​ပေါ်​တွင်​နေထိုင်ရန် လူတစ်ယောက်​အားဖြင့် လူမျိုး​အားလုံး​ကို [ဘုရားသခင်] ဖြစ်စေ​တော်​မူ​သည်။” (တမန်​တော် ၁၇:၂၆က​ဘ) ထို့​ပြင် ဖန်ဆင်း​ရှင်​သည် “မင်းတို့​၏​မျက်နှာကို ထောက်​တော်​မ​မူ။ ဆင်းရဲသော​သူကို​အား​နာ​သည်ထက် ရ​တတ်သော​သူကို​သာ၍ အား​နာ​တော်​မ​မူ . . . ဘုရားသခင်​သည် ခပ်သိမ်း​သော​သတ္တဝါ​တို့ကို ဖန်ဆင်း​တော်​မူ​ပြီ။” (ယောဘ ၃၄:၁၉) လူသား​အပေါင်း​သည် ဆွေမျိုး​တော်စပ်​ပြီး ဘုရားသခင်​ရှေ့တွင် အားလုံး​သည် တန်းတူ​မွေးဖွား​လာ​ကြ​၏။

လူတစ်ဦး​သေဆုံးသော​အခါ အခြားသူများ​ထက် မိမိ​သာလွန်​မြင့်မြတ်​ပါ​သည်​ဟူသော ဟိတ်​ဟန်​ထုတ်​မှု​အားလုံး​သည် ပျောက်ပျက်​သွား​ကြောင်းကို​လည်း သတိရပါ။ ယင်းကို ရှေးခေတ်​အီဂျစ်လူ​မျိုး​များ မယုံကြည်​ခဲ့​ကြ​ပေ။ ဖာရော​ဘုရင်​တစ်ပါး​နတ်ရွာစံ​သောအခါ တ​မ​လွန်​ဘဝ​၌ သူ​ဆက်​အသုံးပြုရန် သူ၏​သင်္ချိုင်းဂူ​ထဲ​တွင် တန်ဖိုး​ကြီးမားသော​ဝတ္ထု​ပစ္စည်း​များ​ကို ထည့်​ပေး​လေ့​ရှိကြသည်။ သူ​ဆက်​အသုံးပြုပါ​သလော။ အသုံးမပြု​ပါ။ ထို​စည်းစိမ်ဥစ္စာ​အများအပြား​သည် ဂူ​ဖောက်ထွင်း​သူများ​လက်ထဲ​ရောက်​လေ့​ရှိပြီး ကျန်ရစ်​သည့် ပစ္စည်း​အမြောက်အမြား​ကို​မူ ယနေ့ ပြတိုက်​များ​တွင် တွေ့ရှိ​ရ၏။

ဖာရော​ဘုရင်​သည် သေဆုံး​နေပြီ​ဖြစ်​ရာ အဖိုး​ကြီးမားသော ထို​ပစ္စည်းပစ္စယ​များ​ကို လုံးဝ​အသုံး​မချ​နိုင်​ပေ။ သေခြင်း​တွင် အထက်တန်းလွှာ​နှင့် အောက်ခြေ​လူတန်းစား​ဟူ၍​မရှိ၊ ဆင်းရဲ​ချမ်းသာ​ဟူ၍လည်း​မရှိ​ချေ။ သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “ပညာရှိ​သော​သူတို့သည် သေတတ်​ကြ​၏။ ထို့​အတူ မိုက်​သော​သူနှင့် တိရစ္ဆာန်​သဘော​ရှိသောသူ​တို့သည် ပျက်စီးခြင်း​သို့​ရောက်​၍ မိမိတို့​ဥစ္စာ​ကို သူတစ်ပါး​တို့​၌​ချန်​ထား​ကြ​၏။ . . . လူသည် . . . ပျက်စီးခြင်း​သို့​ရောက်​တတ်သော တိရစ္ဆာန်​နှင့်​တူ​၏။” (ဆာလံ ၄၉:၁၀၊ ၁၂) ကျွန်ုပ်​တို့သည် ဘုရင်​များ​ဖြစ်စေ၊ ကျွန်​များ​ဖြစ်စေ ဤ​မှုတ်သွင်းခံ​စကား​များသည် ကျွန်ုပ်​တို့အားလုံး​နှင့် သက်ဆိုင်​သည်– “သေ​သော​သူ​မူ​ကား အဘယ်အရာကို​မျှ​မသိ။ အကျိုးအပြစ်​ကိုလည်း မခံရ။ . . . သင်​ယခု​သွား​၍ ရောက်​ရ​လတ္တံ့​သော​အရပ်​တည်း​ဟူသော မရ​ဏာ​နိုင်ငံ​၌ လုပ်ဆောင်ခြင်း​မရှိ။ ကြံစည်ခြင်း​မရှိ။ သိပ္ပံ​အတတ်​မရှိ။ ပညာ​မရှိပါ​တကား။”—ဒေ. ၉:၅၊ ၁၀

ဘုရားသခင့်​ရှေ့တော်မှောက်​တွင် ကျွန်ုပ်​တို့အားလုံး​သည် တန်းတူ​မွေး​ဖွားလာ​ကြ​ပြီး သေ​သည့်​အခါလည်း တန်းတူ​ဖြစ်​ကြ​၏။ ထို့​ကြောင့် ကျွန်ုပ်​တို့၏​တိုတောင်း​လှ​သော ဘဝ​သက်တမ်း​အတွင်း လူစု​တစ်စု​ကို အခြား​တစ်စု​ထက်သာ​လွန်​စေရန် ကြိုးပမ်း​ခြင်း​သည် အချည်းနှီး​ပင်!

လူတန်းစား​မခွဲခြားသော လူ့​အဖွဲ့အစည်း​တစ်ခု —ရှိ​မည်​လော

လူ့​အဖွဲ့အစည်း​တွင် လူမှု​အဆင့်အတန်း အရေးမပါ​တော့​မည့်​အချိန် တစ်နေ့​နေ့တွင်​ရှိလာနိုင်​မည်​ဟု မျှော်လင့်​စ​ရာ​တစ်ခုခု​ရှိ​မည်​လော။ ရှိပါ​သည်။ လွန်​ခဲ့​သည့်​အနှစ် ၂,၀၀၀ နီးပါး​က ယေရှု​ကမ္ဘာ​ပေါ်​ရှိခဲ့​စဉ် ထိုသို့​သော​လူ့​အဖွဲ့အစည်း​၏ အုတ်မြစ်ကို ကိုယ်တော်​ချပေး​ခဲ့​သည်။ “ဘုရားသခင်​၏​သားတော်ကို ယုံကြည်​သော​သူအပေါင်း​တို့သည် ပျက်စီးခြင်း​သို့​မ​ရောက်၊ ထာဝရ​အသက်ကို​ရစေ​ခြင်း​ငှာ” ယုံကြည်သူ လူသား​အပေါင်း​အတွက် ယေရှုသည် မိမိ​အသက်ကို ရွေးနုတ်ဖိုး​ပူဇော်​သကာ​အဖြစ် ပေးဆက်​ခဲ့​သည်။—ယောဟန် ၃:၁၆

ယေရှု၏​တပည့်​နောက်လိုက်​တစ်ယောက်မျှ မိမိကိုယ်ကို ယုံကြည်သူချင်း​တို့​ထက် မ​ချီးမြှောက်​သင့်​ကြောင်း​ဖော်ပြ​ရန် ကိုယ်တော်​ဤသို့​မိန့်ဆိုခဲ့သည်– “သင်တို့​မူ​ကား အရှင်​ဘုရား[သခင်] ဟု ခေါ်ဝေါ်​ခြင်း​ကို မခံကြ​နှင့်။ ခရစ်တော်​တည်း​ဟူသော သင်တို့ . . .ဆရာ​တစ်[ဦး]တည်း​ရှိ၏။ သင်တို့​အပေါင်း​သည် ညီအစ်ကို​ချင်း​ဖြစ်​ကြ​၏။ မြေကြီး​ပေါ်မှာ အဘယ်သူကိုမျှ အဘ​ဟူ၍ မ​ခေါ်ဝေါ်​ကြ​နှင့်။ ကောင်းကင်ဘုံ​၌ သင်တို့​အဘ​တစ်[ဦး]တည်း​ရှိ​တော်​မူ​၏။ . . . ‘ဆရာ’ ဟု​ခေါ်ဝေါ်​ခြင်း​ကို မခံကြ​နှင့်။ ခရစ်တော်​တည်း​ဟူသော သင်တို့ . . . ဆရာ​တစ်[ဦး]တည်း​ရှိ၏။ သင်တို့တွင်​အကြီး​ဖြစ်သော​သူသည် သင်တို့​အစေခံ​ဖြစ်​ရ၏။ အကြင်သူသည် မိမိကို​ချီးမြှောက်​အံ့၊ ထို​သူသည် နှိမ့်ချ​ခြင်း​သို့​ရောက်​လတ္တံ့။” (မဿဲ ၂၃:၈-၁၂) ဘုရားသခင့်​ရှေ့တော်မှောက်​တွင် ယေရှု၏​တပည့်စစ်​အားလုံး​သည် ယုံကြည်ခြင်း၌ တန်းတူ​ဖြစ်​ကြသည်။

အစောပိုင်း​ခရစ်ယာန်​များ​က မိမိတို့​အားလုံး တန်းတူ​ရည်​တူ​ဖြစ်သည်ဟု ယူမှတ်ခဲ့​ကြ​သလော။ ယေရှု​သွန်သင်ချက်​၏​အနက်​အဓိပ္ပာယ်​ကို​သဘောပေါက်​သူများ​သည် ထိုသို့​ယူမှတ်ခဲ့​ကြသည်။ ယုံကြည်ခြင်း၌ အချင်းချင်း​တန်းတူ​ရည်​တူ​ဖြစ်သည်ဟု သူတို့​ယူမှတ်​ကြသော​ကြောင့် အချင်းချင်း​တစ်ဦး​ကိုတစ်​ဦး “ညီအစ်ကို” ဟု​ခေါ်​ခဲ့​ကြသည်။ (ဖိလေမုန် ၁၊ ၇၊ ၂၀သမ္မာ) အခြားသူများ​ထက် မိမိ​သာ​သည်​ဟု​ယူမှတ်​ရန် မည်​သူ့ကို​မျှ အားမပေး​ခဲ့​ချေ။ ဥပမာ၊ ပေတရု​၏​ဒုတိယ​စာစောင်​တွင် သူသည် မိမိကိုယ်ကို​နှိမ့်ချစွာ ဖော်ပြ​ခဲ့​ပုံ​ကို သုံးသပ်ကြည့်​ပါ– “ယေရှု​ခရစ်​၏​ကျွန်၊ တမန်​တော် ငါ​ရှိမုန်​ပေတရု​သည် . . . ငါ​တို့​ယုံကြည်ခြင်း​နှင့်​အညီ​အမျှ မြတ်သော​ယုံကြည်ခြင်းကို​ရ​ကြသော သူတို့အား​ကြား​လိုက်ပါ​၏။” (၂ ပေတရု ၁:၁သမ္မာ) ပေတရု​သည် ယေရှု၏​သွန်သင်မှု​ကို တိုက်ရိုက်​ခံယူ​ခဲ့​ရသည့်​အပြင် တမန်​တော်​တစ်ဦး​အနေ​နှင့် အရေးပါသည့်​တာဝန်ရ​ရှိ​ထား​သည်။ သို့​တိုင် မိမိကိုယ်ကို ကျွန်​တစ်ဦး​အဖြစ်​ယူမှတ်​ကာ အခြား​ခရစ်ယာန်​များသည်​လည်း အမှန်တရား​နှင့်​စပ်လျဉ်း၍ မိမိ​နှင့်​တန်းတူ​အခွင့်အရေး​များ​ရရှိကြ​ကြောင်း အသိအမှတ်ပြု​ခဲ့​သည်။

အချို့​က ခရစ်ယာန်​ခေတ်​မတိုင်မီ ဘုရားသခင်​သည် ဣသရေလ​လူမျိုး​ကို မိမိ၏​အထူး​လူမျိုးတော်​အဖြစ် ယူမှတ်ခဲ့​ခြင်း​ကား တန်းတူ​ညီမျှမှု​မူကို ဆန့်ကျင်​သည်​ဟု ဆို​ပေမည်။ (ထွက်မြောက်ရာ ၁၉:၅၊ ၆) ယင်းသည် လူမျိုး​လိုက်​ကြီး​မြင့်​သာလွန်​မှု​၏ နမူနာ​တစ်ရပ်​ဖြစ်၏​ဟု ဆို​ကောင်း​ဆို​ပေမည်၊ သို့သော် ယင်း​သို့​မဟုတ်ပေ။ အာဗြံ​ဟံ​၏​သားစဉ်မြေးဆက်​များ​အဖြစ် ဣသရေလ​လူမျိုး​သည် ဘုရားသခင်​နှင့် အထူး​ဆက်ဆံခွင့်​ရှိခဲ့​ပြီး ဘုရားသခင့်​ဗျာဒိတ်တော် ဖွင့်ပြချက်​များ​ပေး​ရန် ဆက်သွယ်ရေး​လမ်းကြောင်း​အဖြစ် အသုံးပြု​ခံ​ခဲ့​ရသည်မှာ မှန်ပါသည်။ (ရောမ ၃:၁၊ ၂) သို့သော် ၎င်း​၏​ရည်ရွယ်ချက်ကား သူတို့ကို ချီးမြှင့်​လို​၍​မဟုတ်ပေ။ ယင်းအစား ‘လူမျိုးအပေါင်း ကောင်းချီး​ခံစားရ’ စေရန်​ဖြစ်သည်။—ကမ္ဘာဦး ၂၂:၁၈; ဂလာတိ ၃:၈

ဣသရေလ​လူမျိုး​အများစု​သည် ဘိုးဘေး​အာဗြံ​ဟံ​၏​ယုံကြည်ခြင်းကို မတုပ​သူများ ဖြစ်လာ​သည်။ သူတို့သည် ဖောက်ပြန်​ခဲ့​ကြ​ပြီး ယေရှု​အား​မေရှိယ​အဖြစ် လက်မခံခဲ့​ကြ​ချေ။ ယင်းကြောင့် သူတို့ကို ဘုရားသခင်​ငြင်းပယ်​တော်​မူ​၏။ (မဿဲ ၂၁:၄၃) သို့ရာတွင် စိတ်​နှိမ့်ချ​သူများ​သည် ကတိထားရာ​ကောင်းချီး​များ မဆုံးရှုံး​ခဲ့​ပေ။ စီ.အီး. ၃၃ ပင်တေကုတ္တေ​ပွဲနေ့​တွင် ခရစ်ယာန်​အသင်းတော် စ​တည်ထောင်​ခဲ့​သည်။ သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့် ဘိသိက်ပေး​ခံရ​သည့် ဤ​ခရစ်ယာန်​အဖွဲ့အစည်း​သည် “ဘုရားသခင်​၏​ဣသရေလ​အမျိုး” ဟု​ခေါ်ဝေါ်​ခံရ​၍ ၎င်း​အားဖြင့် ကောင်းချီး​မင်္ဂလာ​များ ခံစား​ကြ​ရမည်​ဖြစ်သည်။—ဂလာတိ ၆:၁၆

ထို​အသင်းတော်​ရှိ အသင်းသား​အချို့​သည် တန်းတူ​ရည်​တူ​ဖြစ်မှု​နှင့်​ပတ်သက်​၍ ပြုပြင်​စ​ရာ​အနည်းငယ်​လို​နေသည်။ ဥပမာ၊ တပည့်တော်​ယာကုပ်​က ချမ်းသာ​သော​ခရစ်ယာန်​များ​ကို ဆင်းရဲသား​များ​ထက် ချီးမြှောက်​နေသူတို့​အား သွန်သင်​ဆုံးမ​ပေး​ခဲ့​ရသည်။ (ယာကုပ် ၂:၁-၄) သူတို့၏​အပြု​အမူ​သည် မသင့်​တော်​ပေ။ တမန်​တော်​ပေါလု​က​လည်း တစ်ပါး​အမျိုးသား​ခရစ်ယာန်​များသည် ဂျူး​ခရစ်ယာန်​များ​ထက် မ​နိမ့်ကျ​ကြောင်း၊ ခရစ်ယာန်​အမျိုးသမီးများ​သည် အမျိုးသားများ​ထက် မ​နိမ့်ကျ​ကြောင်း ရှင်းလင်း​ပြ​ခဲ့​သည်။ သူ​ဤသို့​ရေးသားခဲ့​၏– “အဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သင်တို့​အပေါင်း​သည် ယေရှု​ခရစ်​ကို​ယုံကြည်​သဖြင့် ဘုရားသခင်​၏​သား​ဖြစ်​ကြ​၏။ ခရစ်တော်​၌ ဗတ္တိဇံ​ကို​ခံ​သော​သူ​ရှိသမျှ​တို့သည် ခရစ်တော်​ကို​ယူတင်​ဝတ်ဆောင်​သော​သူ​ဖြစ်​ကြ​၏။ ယေရှု​ခရစ်​၌ ယုဒ​လူ​မရှိ၊ ဟေ​လ​သ​လူ​မရှိ၊ ကျွန်မ​ရှိ၊ လူလွတ်​မရှိ၊ ယောက်ျား​မရှိ၊ မိန်းမ,မရှိ၊ ထို​သခင်၌ သင်တို့​အပေါင်း​သည် တစ်လုံးတစ်ဝတည်း​ဖြစ်​ကြ​၏။”—ဂလာတိ ၃:၂၆-၂၈

ယနေ့ လူတန်းစား​မခွဲခြားသော​လူစု

ယနေ့၊ ယေဟောဝါသက်သေ​များသည် ကျမ်းစာမူ​များနှင့်​အညီ အသက်ရှင်နေ​ထိုင်​ရန် ကြိုးစား​ကြသည်။ လူမှုရေး​အဆ​င့်​အတန်း​ခွဲခြင်း​သည် ဘုရားသခင့်​မျက်မှောက်​၌ အဓိပ္ပာယ်​မရှိကြောင်း သူတို့​သိထားကြ​၏။ ယင်းကြောင့် သူတို့တွင် ခရစ်ယာန်​ဓမ္မ​ဆရာ/လူ​ဝတ်​ကြောင် ဟူ၍​ခွဲခြားခြင်း​မရှိ၊ အသားအရောင်၊ စည်းစိမ်​ချမ်းသာ​အလိုက် ခွဲခြား​ဆက်ဆံခြင်း​လည်း​မရှိပါ။ သူတို့​မှ​အချို့​တို့သည် ချမ်းသာ​ကြွယ်ဝ​မည်​ဖြစ်​ကြသော်လည်း “လော [က] စည်းစိမ်​၌​ဝါကြွားခြင်း” မရှိ၊ ထို​အရာများ​သည် ခဏမျှ​သာ​တည်ရှိ​ကြောင်း သူတို့​အသိအမှတ်ပြု​ကြ​၏။ (၁ ယောဟန် ၂:၁၅-၁၇) သူတို့​အားလုံး​သည် စကြဝဠာ​ပိုင်သ​အုပ်စိုးရှင် ယေဟောဝါ​အား​ဝတ်ပြု​ကြ​ရာ စည်းလုံး​ညီညွတ်​လျက်​ရှိကြသည်။

သူတို့​အားလုံး​သည် လူသားချင်း​တို့အား ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ဟောပြောရန်​တာဝန်​ကို လက်ခံ​ယူ​ထား​ကြသည်။ ယေရှု​နည်းတူ သူတို့သည် အ​နှိမ်​ခံရ​၍ လျစ်လျူရှု​ခံရ​သူများ​၏​အိမ်များ​သို့ သွားရောက်​လည်ပတ်​ပြီး ကျမ်းစာ​သင်ပေးခြင်း​အားဖြင့် သူတို့ကို ဂုဏ်တင်​ကြသည်။ နိမ့်ကျ​သူများ​သည် အထက်တန်းလွှာ​အဖြစ် ယူမှတ်​ခံရ​သူများ​နှင့်အတူ​တူ အမှုတော်​ဆောင်​ကြသည်။ အရေးပါ​သည်​မှာ ဝိညာဉ်​ရေးရာ​အရည်အသွေးများ​ဖြစ်သည်၊ လူမှု​အဆင့်အတန်း​မဟုတ်​ချေ။ ပထမ​ရာစု​က​ကဲ့သို့ ယုံကြည်ခြင်း​တွင် အားလုံး​သည် ညီအစ်ကို၊ ညီအစ်မ​များ​ဖြစ်​ကြသည်။

တန်းတူ​ညီမျှမှု​က အမျိုးမျိုး​ရှိ​ခွင့်ပြု

တန်းတူ​ညီမျှမှု​ဟူသည် လုံးဝ​တစ်​ပုံစံ​တည်း​ဖြစ်နေ​ခြင်း​ကို မဆိုလို​ပေ။ ဤ​ခရစ်ယာန်​အဖွဲ့အစည်း​တွင် ကျား၊ မ၊ ကြီးငယ်မဟူ ပါဝင်​သည်၊ ထို​တွင် လူမျိုး​ပေါင်း​စုံ၊ ဘာသာ​စကား​အမျိုးမျိုး၊ နိုင်ငံ​အသီးသီး​နှင့် စီးပွားရေး​နောက်ခံ​အမျိုးမျိုး​မှ လူများ​ပါဝင်​သည်။ တစ်ဦးစီ​အနေ​နှင့် သူတို့သည် စိတ်ပိုင်း​နှင့် ရုပ်ပိုင်းဆိုင်ရာ ခြားနား​သော​အရည်အသွေးများ​ရှိကြသည်။ သို့သော် သူတို့၏​ကွာခြားမှု​များ​က အချို့​ကို​အဆင့်မြင့်​စေပြီး အခြား​သူများကို နိမ့်ကျ​စေ​သည်မဟုတ်။ ယင်းအစား ထိုသို့​သော​ကွာခြားမှု​များ​က နှစ်သက်ဖွယ်ရာ​အဖုံဖုံ​ကို ဖြစ်ပေါ်​စေ​သည်။ မိမိတို့​၌​ရှိသော မည်သည့်​စွမ်းရည်​မဆို​သည် ဘုရားသခင်​ပေး​ဆုကျေးဇူး​များ​ဖြစ်​ရာ ပို​၍​သာလွန်​သည်​ဟု ခံစား​စ​ရာ​အကြောင်း​မရှိကြောင်း ထို​ခရစ်ယာန်​များ နားလည်​သဘောပေါက်​ကြသည်။

ဘုရားသခင့်​လမ်းညွှန်မှုကို လိုက်လျှောက်​မည့်​အစား လူသည် မိမိ​ဘာသာ​အုပ်ချုပ်​ရန် အားထုတ်​ခဲ့​ခြင်း​ကြောင့် လူတန်းစား​ခွဲခြားခြင်း​ဖြစ်ပေါ်​လာ​ခဲ့​သည်။ မကြာမီ ဘုရားသခင့်​နိုင်ငံတော်​သည် ဤ​ကမ္ဘာ​ကို နေ့စဉ်​ရက်​ဆက်​အုပ်ချုပ်​တော့​မည်။ ထို​အခါ ခေတ်​ကာလ​တစ်လျှောက် ဝေဒနာ​များ​ခံစား​စေ​ခဲ့​သည့် အခြား​အရာများ​နှင့်အတူ လူ​တို့​ဖန်တီး​ကြသော အဆင့်အတန်း​ခွဲခြား​မှု​သည် အဆုံးသတ်​သွား​မည်။ ထို့နောက် ‘စိတ်​နှိမ့်ချသော​သူတို့သည် မြေကြီးကို အမှန်တကယ် အမွေခံ​ရ​လိမ့်​မည်။’ (ဆာလံ ၃၇:၁၁) မိမိ​သာလွန်​ပုံ​ရှိ​ခြင်း​ကို ဝါကြွား​စ​ရာ​အကြောင်း​အားလုံး ရှိတော့မည်​မဟုတ်။ ကမ္ဘာချီ​ညီအစ်ကို​အသင်းအပင်း​ကို နောက်​တစ်ဖန် ကွဲပြား​ခြားနား​စေရန် လူမှုရေး​အဆင့်အတန်း​များ​ကို ဘယ်​သောအခါ​မျှ ခွင့်​မပြု​တော့​ပေ။

[စာမျက်နှာ ၅ ပါ အကျဉ်း​ဖော်ပြချက်]

ဖန်ဆင်း​ရှင်​သည် “ဆင်းရဲသော​သူကို​အား​နာ​သည်ထက် ရ​တတ်သော​သူကို​သာ၍ အား​နာ​တော်​မ​မူ . . . ဘုရားသခင်​သည် ခပ်သိမ်း​သော​သတ္တဝါ​တို့ကို ဖန်ဆင်း​တော်​မူ​ပြီ။”—ယောဘ ၃၄:၁၉

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

ယေဟောဝါသက်သေ​များသည် မိမိတို့၏ အိမ်နီးချင်း​များ​ကို ဂုဏ်တင်​ကြသည်

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

စစ်မှန်သော​ခရစ်ယာန်​များ​ကြား ခရစ်ယာန်​အရည်အသွေးများ​သည် အရေးပါ