ဟင်နရီ ၈ နှင့် သမ္မာကျမ်းစာ
ဟင်နရီ ၈ နှင့် သမ္မာကျမ်းစာ
ဝစ္စတန်ချာချီသည် သူ၏စာအုပ်ဖြစ်သော အင်္ဂလိပ်စကားသုံးသူများ၏သမိုင်း (အတွဲ ၂) တွင် ဤသို့ရေးသားထားသည်– “ဘာသာရေးယုံကြည်ချက်နယ်ပယ်တွင် ပြုပြင်ရေးလှုပ်ရှားမှုကြောင့် အကြီးအကျယ်ပြောင်းလဲခဲ့သည်။ ယခု သမ္မာကျမ်းစာသည် အလွန်သြဇာညောင်းနိုင်သည့် တန်ခိုးစွမ်းအားသစ်တစ်ခုဖြစ်နေပြီ။ ယခင်လူမျိုးဆက်က ဤမြင့်မြတ်သောအရေးအသားသည် စာပေမတတ်သူများလက်ထဲရောက်လျှင် အန္တရာယ်ရှိသည်၊ ဘုန်းကြီးများသာ ဖတ်သင့်သည်ဟု ခံယူထားခဲ့ကြသည်။ ‘ကျုပ် ကျမ်းစာကို တစ်ခါမှမဖတ်ဘူး၊ ဘယ်တော့မှလည်း ဖတ်မှာမဟုတ်ဘူး’ ဟု ဒုခ် နော်ဖော့ကဆိုသည်။”
ထိုမှတ်တမ်းက ဤသို့ဆက်၍ဆိုသည်– “တင်ဒေးနှင့် ကာဗာဒေးတို့၏ အင်္ဂလိပ်ဘာသာပြန် လုံးချင်းပုံနှိပ်သမ္မာကျမ်းစာများသည် ၁၅၃၅ ခုနှစ် ဆောင်းဦးရာသီနှောင်းပိုင်းတွင် ဦးဆုံးပေါ်ထွက်လာခဲ့ပြီး ယခု အကြိမ်ကြိမ်ပြန်ထုတ်နေရပေပြီ။ ကျမ်းစာဖတ်ရှုခြင်းကိုအားပေးရန် အစိုးရက ဓမ္မဆရာအုပ်စုကို မိန့်မှာခဲ့သည်။ ကျမ်းစာအသိပညာမဲ့သည့် ရာစုနှစ်များစွာကုန်လွန်ပြီးနောက် အင်္ဂလန်သည် စာပေတတ်မြောက်လာသည်၊ ချာ့ခ်ျမဟုတ်ဘဲ ဟင်နရီ ၈ ၏ကျေးဇူးကြောင့် ဤသို့ဖြစ်လာခြင်းပင်။ *
“သဘောသကန်ဟောင်းအပေါ် နောက်ထပ်ထိုးနှက်ချက်တစ်ခုအနေနှင့် အစိုးရက ယခင် မည်သည့်ဘာသာပြန်ကျမ်းထက်မဆို သာ၍သားနားသော အင်္ဂလိပ်ကျမ်းစာများကို ပါရီမြို့တွင် အကြီးအကျယ်ပုံနှိပ်ရန် တာဝန်ပေးလိုက်ပြီး ၁၅၃၈ ခုနှစ်စက်တင်ဘာလတွင် နိုင်ငံတွင်းရှိ သာသနာနယ်တိုင်းသည် အရွယ်အစားအကြီးဆုံး အင်္ဂလိပ်ကျမ်းစာတစ်အုပ်ကိုဝယ်ပြီး သာသနာပိုင်နယ်သားများ လွယ်လင့်တကူယူဖတ်ရှုနိုင်ရန် ချာ့ခ်ျတိုင်းတွင် ပြသထားရမည်ဟု အမိန့်ထုတ်လိုက်သည်။ လန်ဒန်မြို့ရှိ စိန့်ပေါလ်ဘုရားကျောင်းတွင် ကျမ်းစာခြောက်အုပ် ပြသပေးထားရာ ယင်းတို့ကိုဖတ်ရှုရန် ထိုဘုရားကျောင်းထဲတွင် လူအုပ်မှာ တစ်နေ့လုံးကြိတ်ကြိတ်တိုးဝင်လာခဲ့ကြသည်။ အထူးသဖြင့် ပရိသတ်မှ အသံကျယ်ကျယ်နှင့်ဖတ်ပေးနိုင်မည့်သူတစ်ဦးရှိသည့်အခါ လူအုပ်ပိုများသည်ဟု ကျွန်ုပ်တို့ကြားသိရသည်။”
ဝမ်းနည်းစရာမှာ နိုင်ငံအတော်များများတွင် လူများစွာသည် သမ္မာကျမ်းစာမှန်မှန်ဖတ်ရန်အခွင့်အရေးကို အသုံးမချကြချေ။ ဤမည်ကား စိုးရိမ်မကင်းဖြစ်စရာအကောင်းဆုံးဖြစ်သည်၊ အကြောင်းမှာ သမ္မာကျမ်းစာသည်သာ “ဘုရားသခင့်ဝိညာဉ်တော်မှုတ်သွင်းထား၍ သင်ကြားခြင်း၊ အပြစ်ဖော်ပြခြင်း၊ ပဲ့ပြင်ခြင်း၊ ဖြောင့်မတ်အောင်ဆုံးမခြင်းများ၌ အကျိုးရှိ” သောကြောင့်ဖြစ်သည်။—၂ တိမောသေ ၃:၁၆၊ ၁၇၊ ကဘ။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 3 ဘုရင်ဟင်နရီ ၈ သည် အင်္ဂလန်နိုင်ငံကို ၁၅၀၉ မှ ၁၅၄၇ ခုနှစ်အထိ အုပ်စိုးခဲ့သည်။