မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကောင်းမြတ်ခြင်းကို ဆက်၍တင်ပြနေလော့

ကောင်းမြတ်ခြင်းကို ဆက်၍တင်ပြနေလော့

ကောင်းမြတ်​ခြင်း​ကို ဆက်၍​တင်ပြ​နေလော့

“အလင်းတော်​ဆိုင်ရာ အသီး​တွင် ကောင်းမြတ်​ခြင်း​အမျိုးမျိုး၊ ဖြောင့်မတ်ခြင်း၊ အမှန်တရား​တို့ ပါဝင်​သည်။” —ဧဖက် ၅:၉၊ က​ဘ။

၁။ သန်းနှင့်ချီ​သော​သူတို့သည် ဆာလံ ၃၁:၁၉ နှင့်​သဘောတူညီ​ကြောင်း ယခု မည်သို့​တင်ပြ​ကြ​သနည်း။

မည်သည့်​လူသား​မဆို​ပြု​နိုင်သော အကြီးမားဆုံး​ကောင်းမှု​ကား ယေဟောဝါ​အား​ဂုဏ်တင်​ခြင်း​ဖြစ်သည်။ ယနေ့ သန်းနှင့်ချီ​သော​သူတို့သည်  ဘုရားသခင်​၏​ကောင်းမြတ်​ခြင်း​ကို ဂုဏ်တင်​ခြင်း​အားဖြင့် ကိုယ်တော်​အား​ချီးမွမ်း​နေကြ​သည်။ ယေဟောဝါ​၏​တည်ကြည်သော သက်သေခံ​များ​အနေ​နှင့် “ကိုယ်တော်​ကို​ကြောက်ရွံ့​သူတို့​အဖို့ သိုထား​တော်​မူ . . . သော ဆုကျေးဇူး​တော် [“ကောင်းမြတ်​တော်​မူ​ခြင်း၊” က​ဘ] သည် အလွန်​ကြီး​လှ​ပါ​၏” ဟု​သီဆို​ခဲ့​သူ ဆာလံဆရာ​နှင့် ကျွန်ုပ်​တို့​စိတ်နှလုံး​အကြွင်းမဲ့ သဘောတူ​ကြ​ပါ​သည်။—ဆာလံ ၃၁:၁၉

၂၊ ၃။ ကျွန်ုပ်​တို့၏​တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​ကို အမူအကျင့်ကောင်း​ဖြင့် မထောက်မ​ပါ​က အဘယ်​သို့​ဖြစ်​နိုင်​သနည်း။

ယေဟောဝါ​ကို ရိုသေ​ခန့်ညား​ခြင်း​က ကိုယ်တော်​၏​ကောင်းမြတ်​ခြင်း​ကို​ချီးမွမ်း​ရန် ကျွန်ုပ်​တို့အား​လှုံ့ဆော်ပေး​သည်။ ယင်းက ‘ယေဟောဝါ​အား​ချီးမွမ်း​၍ ကောင်းချီး​ပေး​ရန်၊ နိုင်ငံတော်​၏​ဘုန်း​ကို ဖော်ပြ’ ရန်​လည်း ကျွန်ုပ်​တို့ကို​လှုံ့ဆော်ပေး​သည်။ (ဆာလံ ၁၄၅:၁၀-၁၃) ယင်းကြောင့် ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်း​နှင့် တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​၌ ကျွန်ုပ်​တို့​ဇွဲရှိ​ရှိပါ​ဝင်​ကြ​ခြင်း​ဖြစ်သည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) မှန်ပါသည်၊ ကျွန်ုပ်​တို့၏​ဟောပြောခြင်း​လုပ်ငန်း​ကို အမူအကျင့်ကောင်း​ဖြင့် ထောက်ခံ​ရမည်။ သို့​မဟုတ်ပါ​က ယေဟောဝါ​၏​သန့်ရှင်းသော​နာမတော်​ကို ရှုတ်ချ​ရာ​ရောက်​နိုင်​သည်။

လူအများ​က ဘုရားသခင်​ကို ကိုးကွယ်​ပါ​သည်​ဟု​ဆို​ကြသော်လည်း သူတို့၏​အမူအကျင့်​သည် ကိုယ်တော်​၏​မှုတ်သွင်းခံ​နှုတ်မြွက်တော်​၌ ချမှတ်​ထားသော​စံနှုန်း​များနှင့် မကိုက်ညီ​ပေ။ ကောင်းမှု​ပြု​သည်​ဟု​ဆို​သူ​အချို့​၏ အပြော​နှင့်​အလုပ်​မညီ​ခြင်း​နှင့်​စပ်လျဉ်း၍ တမန်​တော်​ပေါလု​က ဤသို့​ရေးသားခဲ့​သည်– “သူတစ်ပါးကို​ဆုံးမ​လျက်​ပင် ကိုယ်ကို​မဆုံးမ​သလော။ ‘သူ့​ဥစ္စာ​ကို​မခိုး​နှင့်’ ဟု​တရားဟော​လျက်​ပင် ကိုယ်တိုင်​ခိုး​သလော။ ‘သူ့​မယား​ကို​မ​ပြစ်မှား​နှင့်’ ဟု​ဆို​လျက်​ပင် ကိုယ်တိုင်​ပြစ်မှား​သလော။ . . . ကျမ်းစာ​၌​လာ​သည်​နှင့်​အညီ၊ ‘တစ်ပါး​အမျိုးသား​တို့သည် သင်တို့​အကျင့်ကို​ထောက်၍ ဘုရားသခင်​၏​နာမတော်​ကို ကဲ့ရဲ့​တတ်ကြ​၏။’”—ရောမ ၂:၂၁၊ ၂၂၊ ၂၄

၄။ ကျွန်ုပ်​တို့၏​အမူအကျင့်ကောင်း​သည် အဘယ်​အကျိုး​သက်ရောက်မှု​ရှိ​သနည်း။

ယေဟောဝါ​၏​နာမတော်​ကို ကဲ့ရဲ့​ရှုတ်ချ​စ​ရာ​ဖြစ်စေ​မည့်​အစား ကျွန်ုပ်​တို့၏​အမူအကျင့်ကောင်း​ဖြင့် ကြိုးစား​ဂုဏ်တင်​ကြသည်။ ယင်းသည် ခရစ်ယာန်​အသင်းတော်​ပြင်ပ​မှ​သူတို့​အပေါ် အပြုသဘောပါပါ အကျိုး​သက်ရောက်​သည်။ တစ်ချက်​အနေ​နှင့် ကျွန်ုပ်​တို့အား​ဆန့်ကျင်သူ​တို့ကို ယင်းက နှုတ်ဆိတ်​သွား​စေ​သည်။ (၁ ပေတရု ၂:၁၅) ထို​ထက်​ကား ကျွန်ုပ်​တို့၏​အမူအကျင့်ကောင်း​သည် ယေဟောဝါ​၏​အဖွဲ့အစည်း​သို့ လူ​တို့ကို​ဆွဲဆောင်​ပေး​ရာ သူတို့​ပါ ကိုယ်တော်​အား​ဂုဏ်​တင်၍ ထာဝရ​အသက်​ရစေဖို့ သူတို့​အတွက်​လမ်းဖွင့်​ပေး​သည်။—တမန်​တော် ၁၃:၄၈

၅။ ယခု အဘယ်​မေးခွန်းများကို သုံးသပ်​သင့်​သနည်း။

ကျွန်ုပ်​တို့သည် မစုံလင်သူ​များ​ဖြစ်​ကြသော​ကြောင့် ယေဟောဝါ​၏​ဂုဏ်တော်​ကို​ညှိုးနွမ်း​စေပြီး အမှန်တရား​ရှာဖွေသူ​တို့ ထိမိ​၍​လဲ​စေ​မည့် အမူအကျင့်​တို့ကို မည်သို့​ရှောင်နိုင်​မည်​နည်း။ ကောင်းမြတ်​ခြင်း​ကို​တင်ပြ​ရာ​တွင် မည်သို့​အမှန်​အောင်မြင်​နိုင်​ကြ​မည်​နည်း။

အလင်းတော်​ဆိုင်ရာ​အသီး

၆။ “အကျိုးမဲ့​သော​မှောင်မိုက်​အမှု” အချို့​ကား အဘယ်နည်း၊ သို့သော် ခရစ်ယာန်​များ​အလယ်တွင် အဘယ်​အသီး​ထင်ရှား​သင့်​သနည်း။

ဆက်ကပ်​အပ်နှံ​ခရစ်ယာန်​များ​အနေ​နှင့် “အကျိုးမဲ့​သော​မှောင်မိုက်​အမှုတို့​ကို” ကျွန်ုပ်​တို့​ရှောင်ရှား​ရန် ထောက်ကူ​ပေး​သည့်​အရာတစ်ခု​ကို ရရှိ​ထား​ကြသည်။ ၎င်း​တို့​တွင် လိမ်လည်​ခြင်း၊ခိုးခြင်း၊ ဆဲရေး​ခြင်း၊ လိင်ဆိုင်ရာ​ညစ်ညမ်း​သည့်​စကား၊ ရှက်ဖွယ်​သော​အမူအကျင့်​နှင့် ညစ်ညူး​စွာ​ပြက်လုံး​ထုတ်ခြင်း၊ သောက်ကြူး​ခြင်း​စ​သည့် ဘုရားသခင်​ကို​ဂုဏ်ဖျက်​သည့် လုပ်ရပ်များ​ပါဝင်​သည်။ (ဧဖက် ၄:၂၅၊ ၂၈၊ ၃၁; ၅:၃၊ ၄၊ ၁၁၊ ၁၂၊ ၁၈) ယင်း​အမှု​များ​တွင်​ပါဝင်​ကြ​မည့်​အစား ကျွန်ုပ်​တို့သည် “အလင်း​၏​သားသမီး​များ​အဖြစ်​ဆက်လက်​လျှောက်လှမ်း” ကြသည်။ တမန်​တော်​ပေါလု​က “အလင်းတော်​ဆိုင်ရာ အသီး​တွင် ကောင်းမြတ်​ခြင်း​အမျိုးမျိုး၊ ဖြောင့်မတ်ခြင်း၊ အမှန်တရား​တို့ ပါဝင်​သည်” ဟု​ဆို​၏။ (ဧဖက် ၅:၈၊ ၉က​ဘ) ထို့​ကြောင့် အလင်း​၌​လျှောက်လှမ်း​နေခြင်း​အားဖြင့် ကောင်းမြတ်​ခြင်း​ကို ဆက်လက်​တင်ပြ​နိုင်​ကြသည်။ သို့သော် ယင်းသည် မည်သို့သော​အလင်း​ဖြစ်သနည်း။

၇။ ကောင်းမြတ်​ခြင်း​အသီးကို ဆက်​တင်ပြ​နိုင်​ကြဖို့ အဘယ်အရာ​ပြုလုပ်​ရမည်​နည်း။

ဝိညာဉ်​ရေးရာ​အလင်း​၌  ကျွန်ုပ်​တို့​လျှောက်လှမ်း​နေကြ​မည်​ဆိုလျှင် မစုံလင်မှု​များ​ကြား ကောင်းမြတ်​ခြင်း​ကို ကျွန်ုပ်​တို့​တင်ပြ​နိုင်​ကြ​ပါ​မည်။ “နှုတ်[မြွက်]တော်​သည် အကျွန်ုပ်​ခြေရှေ့​မှာ မီးခွက်​ဖြစ်၍ အကျွန်ုပ်​လမ်းခရီး​ကို​လင်း​စေပါ​၏” ဟု​ဆာလံဆရာ​သီဆို​ခဲ့​သည်။ (ဆာလံ ၁၁၉:၁၀၅) ကျွန်ုပ်​တို့သည် “ကောင်းမြတ်​ခြင်း​အမျိုးမျိုး” ပြုခြင်း​ဖြင့် “အလင်းတော်​ဆိုင်ရာ အသီး” ကို​ဆက်​တင်ပြ​လိုလျှင် သမ္မာကျမ်းစာ​တွင်​ပါ​သော ဝိညာဉ်​ရေး​အလင်း​မှ​အကျိုးကို အစဉ်မပြတ်​ရယူ​နေကြ​ရမည်၊ ယင်းကို ခရစ်ယာန်​စာပေ​များ​တွင် အသေအချာ​ဆန်းစစ်​ဖော်ပြ​ထား​၍ ဝတ်ပြုရာ​စည်းဝေးများ​တွင်​လည်း မှန်မှန်​ဆွေးနွေး​တင်ပြ​သည်။ (လုကာ ၁၂:၄၂; ရောမ ၁၅:၄; ဟေဗြဲ ၁၀:၂၄၊ ၂၅) “ဤ​လောက​၏​အလင်း” နှင့် “[ယေဟောဝါ] ၏​ဘုန်းတော်​ရောင်ခြည်” ဖြစ်​တော်​မူ​သော ယေရှု​ခရစ်​၏​ပုံသက်သေ​နှင့် ကိုယ်တော်​၏​သွန်သင်ချက်​များ​ကိုလည်း ကျွန်ုပ်​တို့​အထူး​အာရုံစိုက်​ဖို့​လို​သည်။—ယောဟန် ၈:၁၂; ဟေဗြဲ ၁:၁-၃

ဝိညာဉ်​အသီး​တစ်လုံး

၈။ ကောင်းမြတ်​ခြင်း​ကို ကျွန်ုပ်​တို့​အဘယ်ကြောင့်​တင်ပြ​နိုင်​ကြ​သနည်း။

ဝိညာဉ်​ရေး​အလင်း​က ကောင်းမြတ်​ခြင်း​ကို​တင်ပြ​ရန် ဧကန်​အမှန်​ထောက်ကူ​ပေး​ပါ​သည်။ ထို့​အပြင် ကျွန်ုပ်​တို့သည် ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်​တော် သို့​မဟုတ် လှုပ်ရှား​တတ်သော​စွမ်းအား​ဖြင့် ပို့ဆောင်​ခံရ​ကြသော​ကြောင့် ဤ​အရည်အချင်းကို တင်ပြ​နိုင်​ကြ​ပါ​သည်။ ကောင်းမြတ်​ခြင်း​သည် ‘ဝိညာဉ်​အသီး’ တွင်​ပါဝင်​သည်။ (ဂလာတိ ၅:၂၂၊ ၂၃) ယေဟောဝါ​၏​သန့်ရှင်းသော ဝိညာဉ်​တော်​လမ်းညွှန်မှုကို ကျွန်ုပ်​တို့​ခံယူ​မည်​ဆိုလျှင် ၎င်း​၏​ကောင်းမြတ်​ခြင်း​အသီးကို ကျွန်ုပ်​တို့​သီးပွင့်​နိုင်​ကြ​မည်။

၉။ လုကာ ၁၁:၉-၁၃ တွင်​မှတ်တမ်း​တင်ထားသော ယေရှု၏​စကား​နှင့်​အညီ မည်သို့​လုပ်ဆောင်​နိုင်​ကြ​သနည်း။

ကောင်းမြတ်​ခြင်း ဝိညာဉ်​အသီးကို​တင်ပြခြင်း​ဖြင့် ယေဟောဝါ​၏​အလိုတော်နှင့်​တွေ့​လို​သော​ဆန္ဒ​က ယေရှု၏​ဤ​စကား​များနှင့်​အညီ လုပ်ဆောင်ဖို့​လှုံ့ဆော်ပေး​သင့်​သည်– “တောင်း​ကြလော့။ တောင်းလျှင်​ရမည်။ ရှာ​ကြလော့။ ရှာလျှင်​တွေ့​မည်။ တံခါး​ကို​ခေါက်​ကြလော့၊ ခေါက်​လျှင်​ဖွင့်​မည်။ တောင်း​သော​သူ​မည်​သည်​ကား​ရ၏။ ရှာ​သော​သူလည်း​တွေ့​၏။ ခေါက်​သော​သူအား​လည်း တံခါး​ကို​ဖွင့်​၏။ သင်တို့တွင်​အဘ​ဖြစ်သော​သူ၌ သား​သည် မုန့်ကို​တောင်းလျှင် အဘသည်​ကျောက်​ကို​ပေး​မည်​လော။ ငါး​ကို​တောင်းလျှင် ငါး​အစား​၌​မြွေ​ကို​ပေး​မည်​လော။ ဥ​ကို​တောင်းလျှင် ကင်းမြီးကောက်​ကို​ပေး​မည်​လော။ သင်တို့သည် [မစုံလင်​ကြ​ဘဲ အနည်း​နှင့်​အများ] အဆိုး​ဖြစ်​လျက်​ပင် ကိုယ်​သားတို့​အား ကောင်းသော​အရာ​ကို​ပေး​တတ်​လျှင်၊ ထို​မျှ​မ​က ကောင်းကင်ဘုံ​၌​ရှိတော်မူသော သင်တို့​အဘသည် ဆုတောင်း​သော​သူတို့အား သန့်ရှင်းသော​ဝိညာဉ်​တော်​ကို သာ၍​ပေး​တော်​မူ​မည်​မဟုတ်လော။” (လုကာ ၁၁:၉-၁၃) ဝိညာဉ်​တော်​၏​ကောင်းမြတ်​ခြင်း​အသီးကို ဆက်​တင်ပြ​နိုင်​ဖို့ ယေဟောဝါ​၏​ဝိညာဉ်​တော်​ကို တောင်း​နေခြင်း​ဖြင့် ယေရှု၏​ဆုံးမ​စကား​ကို​လိုက်နာ​ကြ​စို့​လေ။

‘ကောင်းမှု​ကို ဆက်၍​ပြု​နေကြ​လော့’

၁၀။ ယေဟောဝါ​၏​ကောင်းမြတ်​ခြင်း​ဆိုင်ရာ အဘယ်​အသွင်အပြင်​များ​ကို ထွက်မြောက်ရာ ၃၄:၆၊ ၇ တွင်​ဖော်ပြ​ထား​သနည်း။

၁၀ သမ္မာကျမ်းစာ​မှ ဝိညာဉ်​ရေး​အလင်း​နှင့် ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်​တော်​အကူအညီ​ဖြင့် ‘ကောင်းမှု​ကို ဆက်၍​ပြု’ နိုင်​ကြ​ပါ​သည်။ (ရောမ ၁၃:၃) ကျမ်းစာ​ကို​မှန်မှန်​လေ့လာခြင်း​ဖြင့် ယေဟောဝါ​၏​ကောင်းမြတ်​ခြင်း​ကို မည်သို့​တုပ​နိုင်​ကြောင်း ပိုမို​သိလာ​ကြသည်။ ထွက်မြောက်ရာ ၃၄:၆၊ ၇ (က​ဘ) တွင်​မှတ်တမ်း​တင်ထားသော မောရှေ​အား​ကြေညာ​ခဲ့​သည့် ဘုရားသခင့်​ကောင်းမြတ်​ခြင်း​အသွင်အပြင်​များ​ကို ရှေ့​ဆောင်းပါး​၌​သုံးသပ်​ခဲ့​ကြပြီ၊ ထို​တွင် “ယေဟောဝါ၊ ယေဟောဝါ သနားတတ်​သော​သဘော၊ ကျေးဇူးပြု​တတ်သော​သဘော၊ အမျက်ထွက်​နှေး​သော​သဘော၊ ကရုဏာ [သနား​ကြင်နာ​ခြင်း]နှင့် [တည်ကြည်မှု]ကြွယ်ဝသော​သဘော​ရှိတော်မူသော၊ အထောင်အသောင်း​သော​သူတို့အား ကရုဏာ [သနား​ကြင်နာ​ခြင်း]တရားကို​စောင့်​တော်​မူ​ထ​သော၊ မှားယွင်း​ခြင်း၊ တရားတော်​ကို​လွန်ကျူးခြင်း၊ မကောင်းမှု​ပြုခြင်း​များ​ကို​ဖြေလွှတ်​သော်လည်း အပြစ်ဒဏ်​စီရင်ခြင်း​ကို​အဘယ်နည်း​နှင့်​မျှ လွတ်ကင်း​စေ​တော်​မ​မူ​သော​ဘုရား[သခင်]” ဟူ၍​ကျွန်ုပ်​တို့​ဖတ်​ရသည်။ ယေဟောဝါ​၏​ကောင်းမြတ်​ခြင်း ထင်ရှား​ချက်​များ​ကို အနီးကပ်​လေ့လာ​ကြည့်​ခြင်း​က ‘ကောင်းမှု​ကို ဆက်၍​ပြု’ ရန် ကျွန်ုပ်​တို့​အကူအညီ​ရသည်။

၁၁။ ယေဟောဝါ​သည် သနားတတ်​ပြီး ကျေးဇူးပြု​တတ်​ကြောင်း​သိထားခြင်းက မိမိတို့ကို မည်သို့​အကျိုး​သက်ရောက်​သင့်​သနည်း။

၁၁ ဘုရားသခင်​၏​ဤ​ကြေညာ​ချက်​က သနား​ကျေးဇူးပြု​ကြ​ခြင်း​အားဖြင့် ယေဟောဝါ​အား​တုပ​ဖို့​လို​ကြောင်း ကျွန်ုပ်​တို့ကို​သတိပေး​သည်။ “သနားစုံမက်​တတ်သော​သူတို့သည် ဝမ်းမြောက်​ရွှင်လန်း​ကြ​၏။ အကြောင်း​မူ​ကား၊ ထို​သူတို့သည်​သနားစုံမက်​ခြင်း​ကို​ခံရ​ကြ​လတ္တံ့” ဟု​ယေရှု​မိန့်ဆိုခဲ့သည်။ (မဿဲ ၅:၇; လုကာ ၆:၃၆) ယေဟောဝါ​သည် ကျေးဇူးပြု​တတ်​ကြောင်း​သိထားကြ​ရာ ကျွန်ုပ်​တို့​ဟောပြော​ရသူ​များ​အပါအဝင် အခြား​သူများ​နှင့်​ဆက်ဆံ​ရာ​တွင် ကျေးဇူးပြု​ခြင်း​နှင့် ဖော်ရွေမှု​ကို​တင်ပြ​ဖို့ လှုံ့ဆော်​ခံရ​ကြသည်။ ယင်းသည် ပေါလု​၏​ဤ​ဆုံးမ​စကား​နှင့် သဘော​ညီညွတ်​သည်– “လူ​အသီးအသီး​တို့အား အဘယ်​သို့​ပြန်​ပြော​ရမည်ကို သိနိုင်​မည်​အကြောင်း၊ သင်တို့​စကား​သည် ဆား​အားဖြင့်​ငန်​သော​အရသာ​နှင့်​ပြည့်စုံ​လျက်၊ အစဉ်မပြတ်​တင့်တယ်​လျောက်ပတ်​ပါစေ။”—ကောလောသဲ ၄:၆

၁၂။ (က) ဘုရားသခင်​သည် အမျက်ထွက်​နှေး​တော်​မူ​သောကြောင့် အခြား​သူများကို ကျွန်ုပ်​တို့​မည်သို့​ဆက်ဆံ​သင့်​သနည်း။ (ခ) ယေဟောဝါ​၏​ကရုဏာတော်​က ကျွန်ုပ်​တို့အား အဘယ်အရာကို​ပြုလုပ်​စေ​သနည်း။

၁၂ ဘုရားသခင်​သည် အမျက်ထွက်​နှေး​သောကြောင့် ‘ကောင်းမှု​ကို ဆက်၍​ပြု’ လို​သည့် ကျွန်ုပ်​တို့၏​ဆန္ဒ​က ယုံကြည်သူချင်း​များ​၏ အပြစ်​အနာအဆာ​ကလေး​များ​ကို သည်း​ညည်း​ခံ​၍ သူတို့၏​အရည်အချင်းကောင်းများကို အာရုံစိုက်​စေ​သည်။ (မဿဲ ၇:၅; ယာကုပ် ၁:၁၉) ယေဟောဝါ​၏​ကရုဏာတော်​က အခက်ခဲဆုံး​အခြေအနေ​များ​၌​ပင် တည်မြဲသော​မေတ္တာတော်ကို​တင်ပြ​စေ​သည်။ ယင်းသည် အမှန်ပင် အလွန်​နှစ်လိုဖွယ်​ရာ​ဖြစ်သည်။—သု. ၁၉:၂၂

၁၃။ ယေဟောဝါ​သည် ‘အမှန်တရား​ကြွယ်ဝ’ ကြောင်း​ထင်ရှား​စေရန် ကျွန်ုပ်​တို့​မည်သို့​ပြုမူ​သင့်​သနည်း။

၁၃ ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော်​သည် ‘အမှန်တရား​ကြွယ်ဝ’ သည်​ဖြစ်​ရာ ကျွန်ုပ်​တို့သည် ‘မှန်ကန်​စွာ​ပြောဆိုခြင်း​အားဖြင့် ဘုရားသခင်​၏​အမှုဆောင်​များ​ဖြစ်​ကြောင်း ထင်ရှား​စွာ​ပြ’ ဖို့​ကြိုးစား​ကြသည်။ (၂ ကောရိန္သု ၆:၃-၁၀) ယေဟောဝါ​မုန်းတော်မူ​သော​အရာ​ခု​နစ်​ပါး​တွင် “မုသာ [လိမ်လည်​ခြင်း]၌​ကျင်လည်​သော လျှာ” နှင့် “မုသာ [လိမ်လည်]စကား​ကို​ပြော​၍ မမှန်​သော​သက်သေ” တို့​ပါဝင်​သည်။ (သု. ၆:၁၆-၁၉) ထို့​ကြောင့် ဘုရားသခင့်​အလိုတော်နှင့်​တွေ့​လို​သောကြောင့် ‘မုသာ​စကား​ကို​ပယ်ရှား​၍၊ မှန်သော​စကား​ကို​သာ​ပြော’ ရန် လှုံ့ဆော်​ခံရ​ကြသည်။ (ဧဖက် ၄:၂၅) ဤ​အရေးပါသော​နည်းဖြင့် ကောင်းမြတ်​ခြင်း​ကို​တင်ပြ​ရန် ဘယ်​သောအခါ​မျှ မပျက်ကွက်​ကြ​စို့​နှင့်။

၁၄။ ကျွန်ုပ်​တို့သည် အဘယ်ကြောင့်​ခွင့်လွှတ်​သင့်​သနည်း။

၁၄ ယေဟောဝါ​သည် ခွင့်လွှတ်​ရန်​အသင့်ရှိ​သည်​ဖြစ်​ရာ မောရှေ​ကို​ဖော်ပြ​ခဲ့​သည့်​စကား​သည် ကျွန်ုပ်​တို့ကို​ခွင့်လွှတ်​တတ်​ဖို့ လှုံ့ဆော်ပေး​သင့်​သည်။ (မဿဲ ၆:၁၄၊ ၁၅) နောင်တ​မရ​သော​အပြစ်သားများကို ယေဟောဝါ​ပြစ်ဒဏ်​စီရင်တော်မူ​သည်​ကား မှန်​ပါ​၏။ ထို့​ကြောင့် အသင်းတော်​၏​ဝိညာဉ်​ရေး သန့်ရှင်းမှု​ထိန်းသိမ်းရာ​တွင် ကိုယ်တော်​၏​ကောင်းမြတ်​ခြင်း​စံနှုန်း​များ​ကို ကျွန်ုပ်​တို့​စွဲကိုင်​ထား​ရ​ကြ​မည်။—ဝတ်ပြုရာ ၅:၁; ၁ ကောရိန္သု ၅:၁၁၊ ၁၂; ၁ တိမောသေ ၅:၂၂

“စေ့စေ့ . . . သတိပြု​ကြလော့”

၁၅၊ ၁၆။ ကောင်းမြတ်​ခြင်း​ကို ကျွန်ုပ်​တို့​ဆက်၍​ပြုကျင့်​နေဖို့ ဧဖက် ၅:၁၅-၁၉ ပါ​ပေါလု​၏​ဆုံးမ​စကား​က မည်သို့​ထောက်ကူ​ပေး​နိုင်​သနည်း။

၁၅ ကျွန်ုပ်​တို့​ဝန်းကျင်ရှိ မကောင်းမှု​များ​ကြား ကောင်းမြတ်​သည့်လမ်းစဉ်​ကို ဆက်​လိုက်လျှောက်​နေဖို့ ဘုရားသခင့်​ဝိညာဉ်​တော်​နှင့်​ပြည့်​၍ ကျွန်ုပ်​တို့၏​ကျင့်ကြံ​ပြုမူပုံ​ကို ဂရုစိုက်​သင့်​သည်။ သို့​ဖြစ်၍ ဧဖက်​မြို့ရှိ​ခရစ်ယာန်​များ​ကို ပေါလု​ဤသို့​တိုက်တွန်း​ခဲ့​သည်– “ပညာ​မဲ့​ကဲ့သို့​မဟုတ်၊ ပညာရှိ​ကဲ့သို့ စေ့စေ့​မြေ့​မြေ့ကျင့်​ဆောင်​မည်​အကြောင်း သတိပြု​ကြလော့။ ယခု​နေ့ရက်​ကာလ​တို့သည် ဆိုးယုတ်​သောကြောင့် ကာလ​အချိန်ကို​ရွေးနုတ်​ကြလော့။ ထို​ကြောင့် သတိ​မရှိသော​သူ​မဖြစ်၊ [ယေဟောဝါ]၏​အလိုတော်​ရှိရာ​ကို ပိုင်းခြား​၍​သိ​သော​သူ​ဖြစ်​ကြလော့။ လွန်ကျူး​စေ​တတ်သော စပျစ်​ရည်​နှင့်​ယစ်​မူး​ခြင်း​ကို​ရှောင်​၍ ဝိညာဉ်​တော်​နှင့်​ပြည့်စုံ​လျက်​ရှိကြလော့။ ဆာလံ​သီချင်း​မှ​စ​သော ဓမ္မ [“ဝိညာဉ်​ရေး၊” က​ဘ] သီချင်း​အမျိုးမျိုး​တို့ကို အချင်းချင်း​ပြောဆို​ဖတ်ရွတ်​၍၊ နူး​ညွတ်​သော​စိတ်နှလုံး​နှင့် [ယေဟောဝါ]၏​ရှေ့တော်၌ ကျူးဧ​၍​သီချင်းဆို​ကြလော့။” (ဧဖက် ၅:၁၅-၁၉) ထို​ဆုံးမ​စကား​သည် ဤ​ခဲယဉ်း​သော​နောက်ဆုံး​ကာလ​တွင် အမှန်ပင်​သင့်လျော်​သည်။—၂ တိမောသေ ၃:၁

၁၆ ကောင်းမြတ်​ခြင်း​ကို ဆက်၍​တင်ပြ​နေကြ​ရမည်​ဆိုလျှင် ကျွန်ုပ်​တို့သည် ဘုရားသခင်​ရေးရာ​ဉာဏ်ပညာ​တင်ပြ​သူများ​ကဲ့သို့ ကျင့်ကြံ​ပြုမူ​နေကြောင်း စေ့စေ့​သတိပြု​နေရ​မည်။ (ယာကုပ် ၃:၁၇) ကျွန်ုပ်​တို့သည် ကြီး​လေး​သော​အပြစ်​များ​ကို​ရှောင်​ပြီး သန့်ရှင်းသော​ဝိညာဉ်​တော်​၏​လမ်းညွှန်မှုကို​ခံရ​ရန် ၎င်းနှင့်​ပြည့်နေ​ရ​ကြ​မည်။ (ဂလာတိ ၅:၁၉-၂၅) ခရစ်ယာန်​အစည်းအဝေးများနှင့် စည်းဝေးကြီး​များ​၌​ရရှိသော ဝိညာဉ်​ရေး​သွန်သင်ချက်​များ​ကို လက်တွေ့​ကျင့်သုံး​ခြင်း​ဖြင့် ကောင်းမှု​ကို​ကျွန်ုပ်​တို့​ဆက်၍​ပြု​နိုင်​ကြသည်။ ကျွန်ုပ်​တို့၏​ဝတ်ပြုရာ​စည်းဝေး​အများအပြား​တွင် နှလုံး​ပါ​စွာ​သီဆို​ကြ​သည့် ကောင်းမြတ်​ခြင်း​ကဲ့သို့​သော ဝိညာဉ်​ရေး​အရည်အချင်းများ​နှင့်​ဆိုင်​သည့် ‘ဝိညာဉ်​ရေး​သီချင်းများ’ မှ အကျိုး​ရရှိကြောင်း​ကိုလည်း ဧဖက်​မြို့သား​များ​ထံ​ရေးခဲ့​သော ပေါလု​၏​စကား​များ​က ကျွန်ုပ်​တို့ကို​သတိ​ရစေသည်။

၁၇။ သူတို့၏​အခြေအနေ​ကြောင့် အစည်းအဝေး​များ​ကို မှန်မှန်​မ​တက်​နိုင်​ပါ​က အသည်းအသန်​ဖျားနာ​နေသော​ခရစ်ယာန်​များသည် အဘယ်အရာကို​စိတ်ချ​နိုင်​ကြ​သနည်း။

၁၇ နာတာရှည်​ရောဂါ​ကြောင့် ခရစ်ယာန်​အစည်းအဝေး​များ​ကို မှန်မှန်​မတက်ရောက်​နိုင်သော ကျွန်ုပ်​တို့၏​ယုံကြည်သူချင်း​များ​ကော။ သူတို့၏​ဝိညာဉ်​ရေး​ညီအစ်ကို၊ ညီအစ်မ​များနှင့် တိုက်ရိုက်​ပေါင်းဖော်​၍ ယေဟောဝါ​အား ဝတ်ပြုခွင့် အမြဲ​မရနိုင်​သောကြောင့် သူတို့​စိတ်​ကြေကွဲ​ကြ​ပေမည်။ သို့သော် ယေဟောဝါ​သည် သူတို့၏​အခြေအနေ​ကို​နားလည်​ကြောင်း၊ အလင်းတော်​၌ သူတို့ကို​ဆက်​တည်ရှိ​စေ​၍ သန့်ရှင်းသော​ဝိညာဉ်​တော်​ကို​ပေး​ပြီး ကောင်းမှု​ကို​သူတို့​ဆက်​ပြု​နိုင်​ဖို့ ထောက်ကူ​ပေး​မည်​ဖြစ်​ကြောင်း သူတို့​စိတ်ချ​နိုင်​ပါ​သည်။—ဟေရှာယ ၅၇:၁၅

၁၈။ ကောင်းမြတ်​ခြင်း​လမ်းစဉ်​ကို​လိုက်​ရန် အဘယ်အရာက ကျွန်ုပ်​တို့ကို​ကူညီပေး​မည်​နည်း။

၁၈ ကောင်းမြတ်​ခြင်း​လမ်းစဉ်​လိုက်​ရာ​တွင် အပေါင်းအသင်း​ကို ဂရုစိုက်​၍ “ကောင်းမှု​ကို​မချစ်​သော​သူ” တို့​ထံ​မှ လွှဲဖယ်​ဖို့​လို​သည်။ (၂ တိမောသေ ၃:၂-၅က​ဘ; ၁ ကောရိန္သု ၁၅:၃၃) ထို​ဆုံးမ​စကား​ကို​လိုက်နာခြင်းက ဝိညာဉ်​တော်​၏​ဦးဆောင်မှု​ကို ဆန့်ကျင်ခြင်း​ဖြင့် “ဘုရားသခင်​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​ကို စိတ် . . . နာ​စေ” ခြင်း​ကို​ရှောင်ရှား​စေ​သည်။ (ဧဖက် ၄:၃၀) ထို့​ထက်​ကား ကောင်းမြတ်​ခြင်း​ကို​မြတ်နိုး​၍ ယေဟောဝါ​၏​သန့်ရှင်းသော ဝိညာဉ်​တော်​လမ်းညွှန်မှုကို ခံယူ​ကြောင်း အသက်ရှင်​နေထိုင်ပုံ​အားဖြင့် ထင်ရှားစေ​သူတို့နှင့် ရင်းရင်းနှီးနှီး​ပေါင်းဖော်​မည်​ဆိုလျှင် ကျွန်ုပ်​တို့သည် အကောင်း​ပြုလုပ်​ဖို့ ထောက်ကူ​ခံရ​ကြသည်။—အာမုတ် ၅:၁၅; ရောမ ၈:၁၄; ဂလာတိ ၅:၁၈

ကောင်းမြတ်​ခြင်း​က ရလဒ်ကောင်း​များ​ရရှိစေ

၁၉-၂၁။ ကောင်းမှု​ပြုခြင်း​၏​အကျိုးကို တွေ့ကြုံမှု​များ​အားဖြင့် ဖော်ပြ​ပါ။

၁၉ ဝိညာဉ်​ရေး​အလင်း​၌ လျှောက်လှမ်း​ကာ၊ ဘုရားသခင့်​ဝိညာဉ်​တော်​လမ်းညွှန်မှုကို​ခံ​ယူ၍ ကျွန်ုပ်​တို့၏​ကျင့်ကြံ​ပြုမူပုံ​ကို​ဂရုပြု​ခြင်း​က မကောင်းမှုကို​ရှောင်​၍ ‘ကောင်းမှု​ကို ဆက်၍​ပြု’ စေဖို့​ထောက်ကူ​ပေး​ပါ​လိမ့်​မည်။ ယင်းက​တစ်ဖန် ရလဒ်ကောင်း​များ​ရရှိစေ​သည်။ တောင်​အာဖရိက​မှ ဇွန်​ဇ​လီ​အမည်​ရှိ ယေဟောဝါသက်သေ​တစ်ဦး၏​တွေ့ကြုံမှု​ကို သုံးသပ်ကြည့်​ပါ။ ကျောင်း​သို့​အသွား တစ်မနက်​ခင်း​တွင် ဘဏ်​၌​သူ​စုဆောင်း​ထားသော ငွေ​ပမာဏ​လေး​ကို စစ်ဆေး​ကြည့်​ခဲ့​သည်။ အလိုအလျောက်​ငွေထုတ်စက်​မှ​စာရွက်​က ရန်း ၄၂,၀၀၀ (ယူ.အက်စ်. ဒေါ်လာ ၆,၀၀၀) ကျော်​ကို မှားယွင်းစွာ​ဖော်ပြ​သည်။ ဘဏ်​လုံခြုံရေး​ဝန်ထမ်း​တစ်ဦး​နှင့် အခြားသူ​တို့​က ထို​ငွေ​ကို​ထုတ်ယူ​ပြီး အခြား​ဘဏ်​တစ်ခု​၌​အပ်နှံ​ဖို့ သူ့ကို​တိုက်တွန်း​ခဲ့​ကြသည်။ သူနှင့်​အတူ​နေသော သက်သေခံ​မောင်နှံစုံ​က​သာ​လျှင် ထို​ငွေ​ကို​မ​ထုတ်ယူ​ခဲ့​သည့်​အတွက် သူ့​အား​ချီးမွမ်း​သည်။

၂၀ နောက်​အလုပ်​ဖွင့်​ရက်​တွင် ဇွန်​ဇ​လီ​သည် ထို​အမှားအယွင်း​အကြောင်းကို ဘဏ်​သို့​သတင်းပို့​ခဲ့​သည်။ သူ၏​ဘဏ်​စာရင်း​နံပါတ်​နှင့် ဆင်တူ​ယိုးမှား​နံပါတ်​ရှိသော စီးပွားရေး​သ​မား​သူကြွယ်​တစ်ဦး​က စာရင်း​မှား​ပြီး​ငွေ​အပ်နှံ​ခဲ့​ကြောင်း သူတို့​တွေ့ရှိ​ခဲ့​ကြသည်။ ဤ​ငွေ​တစိုးတစိ​မျှ ဇွန်​ဇ​လီ​မ​သုံးခဲ့​သည်ကို အံ့အားသင့်​လျက် စီးပွားရေး​သ​မား​က သူ့​အား “ခင်ဗျား​ဘယ်​ဘာသာ​က​လဲ” ဟု​မေးခဲ့သည်။ ဇွန်​ဇ​လီ​က မိမိသည် ယေဟောဝါသက်သေ​တစ်ဦး​ဖြစ်​ကြောင်း ရှင်းပြသည်။ ဘဏ်​အရာရှိများ​က “လူတိုင်း ယေဟောဝါသက်သေ​တွေ​လို ရိုးသား​ရင်​ကောင်း​မှာပဲ” ဟု​ဆို​လျက် သူ့ကို​လှိုက်လှိုက်လှဲလှဲ​ချီးမွမ်း​ခဲ့​ကြသည်။ ရိုး​ဖြောင့်​၍ ကောင်းမြတ်​မှုများ​က အခြား​သူများကို ယေဟောဝါ​အား ဂုဏ်တင်​စေ​သည်​မှာ အမှန်ပင်။—ဟေဗြဲ ၁၃:၁၈

၂၁ ရလဒ်ကောင်း​များ​ရရှိဖို့ ကောင်းမြတ်​မှုများ​သည် ထူးထူးခြားခြား​ဖြစ်စရာ​မလိုပါ။ သာဓက​အနေ​နှင့်– ဆာမိုအာ​နိုင်ငံ​ရှိ ကျွန်း​တစ်ကျွန်း​တွင် အချိန်ပြည့်​ဧဝံဂေလိတရား​ဟောပြောသူ လူငယ်​သက်သေခံ​တစ်ဦး​သည် ဒေသခံ​ဆေးရုံ​သို့​သွားခဲ့​ရသည်။ ဆရာဝန်​ကို​တွေ့​ဖို့ လူ​တို့​စောင့်နေ​ကြ​၏၊ မိမိ​နောက်​မှ သက်ကြီးရွယ်အို​အမျိုးသမီး​တစ်ဦး​သည် အလွန်​ဖျားနေ​သည်ကို ထို​သက်သေခံ​က သတိပြုမိ​သည်။ ထို​အမျိုးသမီး စောစော​ဆေး​ကုသမှု​ခံယူ​နိုင်​ဖို့ မိမိ​အလှည့်​ကို​ယူ​စေ​ခဲ့​သည်။ နောက်ပိုင်း​တွင် သက်သေခံ​သည် ထို​အမျိုးသမီးကြီး​ကို ဈေး​၌​တွေ့ဆုံ​၏။ အမျိုးသမီး​သည် သူနှင့် ဆေးရုံ​တွင် သူ​ပြုသော​ကောင်းမှု​ကို မှတ်မိ​ခဲ့​သည်။ “ယေဟောဝါသက်သေ​တွေ သူတို့ရဲ့​အိမ်နီးချင်းတွေကို တကယ်​ချစ်တယ်​ဆိုတာ အခု​ကျွန်မ​သိပြီ” ဟု​သူ​ဆို​သည်။ ယခင်​က ဘုရားသခင့်​နိုင်ငံတော်​သတင်းတရားကို သူ​လက်မခံခဲ့​ချေ၊ ယခု​မူ သူ့​အားပြု​သော​ကောင်းမှု​သည် ရလဒ်ကောင်း​ဖြစ်ပွား​စေ​၏။ အိမ်တွင်း​ကျမ်းစာ​သင်အံမှု​အစီအစဉ်ကို သူ​လက်ခံ​လိုက်၍ ဘုရားသခင့်​သမ္မာကျမ်းစာ​အသိပညာကို စတင်​ရယူ​လေ​တော့​သည်။

၂၂။ ‘ကောင်းမှု​ကို ဆက်၍​ပြု’ ဖို့ အထူး​အရေးပါသော​နည်း​တစ်နည်း​ကား အဘယ်နည်း။

၂၂ ကောင်းမှု​ပြုခြင်း​၏ အရေးပါမှု​နှင့်​ပတ်သက်သော တွေ့ကြုံမှု​များ​ကို အသင်​လည်း တင်ပြ​နိုင်​ပေမည်။ ‘ကောင်းမှု​ကို ဆက်၍​ပြု’ ဖို့ အထူး​အရေးပါသော​နည်း​တစ်နည်း​မှာ ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို မှန်မှန်​ကြေညာ​ခြင်း​ဖြစ်သည်။ (မဿဲ ၂၄:၁၄) အခွင့်ထူး​သော ဤ​လုပ်ငန်း​သည် အထူးသဖြင့် တလိုတလား​တုံ့ပြန်​သူများ​အား ကောင်းမှု​ပြု​နည်း​တစ်နည်း​ဖြစ်​ကြောင်း​သိထား​လျက် ယင်း​၌ ဇွဲရှိ​ရှိ​ဆက်​ပါဝင်​ကြပါစို့။ အရေး​အကြီးဆုံး​မှာ ကျွန်ုပ်​တို့၏​ဓမ္မ​အမှု​နှင့် အမူအကျင့်ကောင်း​တို့​က ကောင်းမြတ်​ခြင်း​၏​ရင်းမြစ်၊ ယေဟောဝါ​အား​ဂုဏ်တင်​ချီးမွမ်း​ပါ​သည်။—မဿဲ ၁၉:၁၆၊ ၁၇

ဆက်၍ ‘ကောင်းမှု​ပြု’ လော့

၂၃။ ခရစ်ယာန်​ဓမ္မ​အမှုသည် အဘယ်ကြောင့်​ကောင်းသော​အလုပ်​ဖြစ်သနည်း။

၂၃ ကျွန်ုပ်​တို့၏​ဓမ္မ​အမှုသည် ကောင်းသော​အလုပ်​တစ်ခု​အမှန်​ဖြစ်​ပေ​သည်။ ယင်းသည် ကျွန်ုပ်​တို့​နှင့် သမ္မာကျမ်းစာ​သတင်းတရားကို နားထောင်သူ​တို့အား ကယ်တင်ခြင်း​ရရှိ​စေနိုင်​ပြီး ထာဝရ​အသက်​လမ်းပေါ်​သို့ ပို့ဆောင်​ပေး​၏။ (မဿဲ ၇:၁၃၊ ၁၄; ၁ တိမောသေ ၄:၁၆) သို့​ဖြစ်သော​ကြောင့် ဆုံးဖြတ်ချက်​များနှင့် ကျွန်ုပ်​တို့​ရင်ဆိုင်​ရသောအခါ ကောင်းမှု​ပြု​လို​သော​ဆန္ဒ​က ကျွန်ုပ်​တို့​ကိုယ်ကို ဤသို့​မေးခွန်းထုတ်​စေ​ပေမည်– ‘ဒီ​ဆုံးဖြတ်ချက်​ဟာ ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်း​လုပ်ငန်း​ကို ဘယ်လို​အကျိုး​သက်ရောက်​မလဲ။ ကျွန်ုပ်​စဉ်းစား​နေတဲ့​လမ်းစဉ်ဟာ တကယ်​အကျိုး​ရှိရဲ့လား။ အဲဒါ​က တခြား​သူတွေ “ထာဝရ​ဧဝံဂေလိတရား [“သတင်းကောင်း၊” က​ဘ] လက်ခံဖို့​နဲ့ ယေဟောဝါ​ဘုရားသခင်​နဲ့ ရင်းနှီးတဲ့​ဆက်ဆံ​ရေး​ရှိလာစေဖို့ အထောက်အကူ​ဖြစ်​မလား။’ (ဗျာဒိတ် ၁၄:၆) ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား​တိုးတက်စေ​သည့် ဆုံးဖြတ်ချက်​က ပျော်ရွှင်မှု​များစွာ​ရရှိစေ​ပါ​လိမ့်​မည်။—မဿဲ ၆:၃၃; တမန်​တော် ၂၀:၃၅

၂၄၊ ၂၅။ အသင်းတော်တွင် ကောင်းမှု​ပြု​နိုင်​သည့်​နည်း​အချို့​ကား အဘယ်နည်း၊ ကောင်းမြတ်​ခြင်း​ကို ကျွန်ုပ်​တို့​ဆက်၍​တင်ပြ​နေကြ​မည်​ဆိုလျှင် အဘယ်အရာကို​စိတ်ချ​နိုင်​မည်​နည်း။

၂၄ ကောင်းမြတ်​ခြင်း​၏ အကျိုးကျေးဇူးများ​ကို ဘယ်​သောအခါ​မျှ လျှော့မတွက်​ကြ​စို့​နှင့်။ ခရစ်ယာန်​အသင်းတော်ကို​ထောက်မ​ကူညီ​၍ ယင်း​၏​အကျိုး​စီးပွား​နှင့် ကောင်းကျိုး​ကို တတ်နိုင်​သမျှ​ထောက်ထား​ခြင်း​ဖြင့် ဤ​အရည်အချင်းကို ဆက်၍​တင်ပြ​နိုင်​ကြသည်။ ခရစ်ယာန်​အစည်းအဝေး​များ​ကို မှန်မှန်​တက်ပြီး ပါဝင်​ဖြေဆို​သည့်​အခါ ကျွန်ုပ်​တို့​ကောင်းမှု​ပြု​ကြ​ပေမည်။ ကျွန်ုပ်​တို့​စည်းဝေး​တက်​ခြင်း​က​ပင် ဝတ်ပြုသူချင်း​များ​အတွက် အားပေးမှု​ဖြစ်​ပြီး ကောင်းစွာ​ပြင်ဆင်​ထားသော ကျွန်ုပ်​တို့၏​အဖြေ​များ​က ဝိညာဉ်​ရေး​ကို​တည်ဆောက်​ပေး​သည်။ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ကို ထိန်းသိမ်း​ရန် ကျွန်ုပ်​တို့၏​အစွမ်းအစ​များ အသုံးပြုပြီး ယင်းကို​ဝိုင်းဝန်း​ကြည့်ရှု​သည့်​အခါ​၌​လည်း ကောင်းမှု​ပြု​ရာ​ရောက်​သည်။ (၄ ဓမ္မ​ရာဇဝင် ၂၂:၃-၇; ၂ ကောရိန္သု ၉:၆၊ ၇) “ငါ​တို့သည်​အဆင်သင့်​သည်​အတိုင်း ယုံကြည်ခြင်း​၏​အိမ်သူအိမ်သား​တို့​၌ အထူးသဖြင့်​ကျေးဇူး [“ကောင်းမှု၊” က​ဘ] ပြုလျက်၊ ခပ်သိမ်း​သော​သူတို့အား ကျေးဇူး [“ကောင်းမှု၊” က​ဘ] ပြု​ကြ” စို့။—ဂလာတိ ၆:၁၀

၂၅ ကောင်းမြတ်​ခြင်း​တင်ပြ​ဖို့​လို​မည့် အခြေအနေ​တိုင်း​ကို ကျွန်ုပ်​တို့​ကြိုတင်​မသိနိုင်​ကြ​ချေ။ သို့​ဖြစ်၍ စိန်ခေါ်ချက်​အသစ်များ​ကို ကျွန်ုပ်​တို့​ရင်ဆိုင်​ရ​စဉ် သမ္မာကျမ်းစာ​မှ ထွန်းလင်း​မှု​ကို​ရှာယူ​ပြီး ယေဟောဝါ​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​အတွက် ဆုတောင်း​ပါ၊ ကိုယ်တော်​၏​ကောင်းမြတ်၊ စုံလင်သော​အလိုတော်ကို အတတ်နိုင်ဆုံး​ဆောင်ရွက်​ကြပါစို့။ (ရောမ ၂:၉၊ ၁၀; ၁၂:၂) ကောင်းမြတ်​ခြင်း​ကို ကျွန်ုပ်​တို့​ဆက်၍​တင်ပြ​နေကြ​စဉ် ယေဟောဝါ​သည် ကျွန်ုပ်​တို့​အပေါ်​ကောင်းချီး​ကြွယ်ဝ​စွာ သွန်းလောင်း​တော်​မူ​မည်​ဟု စိတ်ချ​နိုင်​ကြ​ပါ​သည်။

သင်​မည်သို့​ဖြေဆို​မည်​နည်း

• အကြီးမားဆုံး​ကောင်းမှု​ကို ကျွန်ုပ်​တို့ မည်သို့​ပြီးပြည့်စုံ​စေနိုင်​သနည်း။

• ကောင်းမြတ်​ခြင်း​ကို “အလင်းတော်​ဆိုင်ရာ​အသီး” ဟု​အဘယ်ကြောင့်​ခေါ်ဆို​သနည်း။

• ကောင်းမြတ်​ခြင်း​ကို ‘ဝိညာဉ်​အသီး’ ဟု​အဘယ်ကြောင့်​ခေါ်ဆို​သနည်း။

• ကျွန်ုပ်​တို့၏​အမူအကျင့်ကောင်း​က အဘယ်​အကျိုး​သက်ရောက်​စေ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာ​နှင့် ကိုယ်တော်​၏​သန့် ရှင်း​သော ဝိညာဉ်တော်သည် ကျွန်ုပ်​တို့အား ကောင်းမြတ်​ခြင်း​တင်ပြ​ရန် ထောက်ကူ​ပေး

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ကောင်းမြတ်​ခြင်း​တင်ပြခြင်း​သည် ရလဒ်ကောင်း​များ​ရရှိစေ