မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ငို” ပင်နှင့် ၎င်း၏ဘက်စုံအသုံးပြုနိုင်သော “မျက်ရည်များ”

“ငို” ပင်နှင့် ၎င်း၏ဘက်စုံအသုံးပြုနိုင်သော “မျက်ရည်များ”

“ငို” ပင်​နှင့် ၎င်း​၏​ဘက်စုံ​အသုံးပြုနိုင်​သော “မျက်ရည်များ”

‘အနာ​ပျောက်စေ​ခြင်း​ငှာ ဗာလစံစေး​ကို ယူ​သုံး​ကြလော့’ ဟု ယေရမိ ၅၁:၈ က​ဆို​၏။ ရောဂါ​ကို အလွန်​သက်သာ​စေ​ရုံ​မ​က ပျောက်ကင်း​စေသည့် ဤ​အစေး​၏​ပင်ရင်း​တစ်​နေရာကို​ရှာဖွေ​ရင်း ကျွန်ုပ်​တို့သည် အစ်ဂျီးယန်း​ပင်လယ်၊ ခီအော့စ်​ကျွန်း​သို့ ရောက်ရှိ​လာ​ကြသည်။

နွေဦး​ကာလ​တွင် ခီအော့စ်​ကျွန်း​ရှိ လယ်သမားများ​သည် အလွန်​ပင်​သာမန်​မဟုတ်သော​နည်းဖြင့် ရိတ်သိမ်းချိန်​အတွက် ပြင်ဆင်​နေကြ​သည်။ မြေကြီးကို သူတို့​လှည်းကျင်း​ပြီး​နောက် မတ်စတစ်​ပင်​ဟု​ခေါ်​သည့် ဆယ့်နှစ်​ရာသီ​စိမ်းလန်း​ပင်​ငယ်​များ​ပတ်လည်​တွင် အဖြူရောင်​ရွှံ့စေး​နှင့် ကျံ​လိုက်​ကြသည်။ ထို့နောက် လယ်သမားများ​သည် ၎င်း​အပင်ငယ်​များ​၏​ပင်စည်​ကို လှီးဖြတ်​ကြ​ရာ အပင်များ​ကို “ငို” စေ​၏။ ထို​အခါ “မျက်ရည်” ကဲ့သို့ ဖြူရော်ရော်​သစ်စေး​စက်​များ စတင်​စီးကျ​လာ​လေ​သည်။ နှစ်ပတ်၊ သုံး​ပတ်​အကြာတွင် စီးကျ​လာသော​သစ်စေး​စက်​များ ခဲ​သွား​ရာ လယ်သမားများ​က ယင်း​တို့ကို ပင်စည်​မှ​တိုက်ရိုက်​လည်းကောင်း၊ ရွှံ့စေး​ပြင်​ပေါ်​မှ​လည်းကောင်း သိမ်းယူ​ကြ​၏။ မတ်စတစ်​ကော်စေး​ဟု​ခေါ်​ကြသော အဆိုပါ “အစေး​စက်​များ” ကို​ဗာလစံ​ဆီမွှေး​ပြုလုပ်​ရန် အသုံးပြု​ကြသည်။

သို့သော် ၎င်းကို​မ​စုသိမ်း​မီ စိတ်ရှည်​ရ​ရုံ​မ​က ကြိုးစား​လုပ်ဆောင်​ရ၏။ ကောက်​ကွေး​ပြီး မီးခိုး​ရော​င်​ရှိ ထို​ပင်စည်​များသည် ကြီးထွားမှု အလွန်​နှေးကွေး​သည်။ ထို​အပင်​တစ်ပင်​၏​ကြီးထွားမှု​နှုန်း ရပ်တန့်​သွား​ရန် အနှစ် ၄၀ မှ ၅၀ အထိ​ကြာ​၏၊ ထို​အခါ ၎င်း​အပင်​သည် အမြင့်​ခြောက်​ပေ​မှ ဆယ်​ပေ​အထိ​ရှိသည်။

ပင်စည်​များ​ကို​လှီးဖြတ်​ပြီး “အစေး​စက်​များ” ကို​စုသိမ်း​ရသည့်​အပြင် မတ်စတစ်​ထုတ်လုပ်​ရန် ထပ်ဆင့်​ပြုလုပ်​စ​ရာ​လို​၏။ လယ်သမားများ​သည် မတ်စတစ် “အစေး​စက်​များ” ကို​စုသိမ်း​ပြီး​နောက် ၎င်းတို့ကို ဆန်ခါ​ချ​၍ ဆေးကြော​ပြီး အရွယ်အစား၊ အရည်အသွေး​အလိုက် ခွဲခြား​ထား​ကြသည်။ ထို့နောက် မတ်စတစ်​ကို စင်​အောင်​ထပ်​ဆေး​ပြီး​နောက် အမျိုးမျိုး​အသုံးပြု​ကြသည်။

အဖိုးတန်​အပင်​၏​သမိုင်း

“မက်​စ​တစ်” အတွက်​ဂရိ​စကားလုံး​သည် “အံသွား​ကြိတ်​ခြင်း” ဟု​အဓိပ္ပာယ်​ရသည့် ဝေါဟာရ​နှင့်​ဆက်စပ်​လျက်​ရှိ၏။ (မဿဲ ၈:၁၂; ဗျာဒိတ် ၁၆:၁၀) ဤ​စကားလုံး​က ခံတွင်း​အနံ့ဆိုး​ပျောက်​ဖို့ မတ်စတစ်​သစ်စေး​ကို ပီကေ​အဖြစ် ရှေး​အချိန်​က အသုံးပြု​ခဲ့​သည်​ဟု​နားလည်စေ​သည်။

မတ်စတစ်​နှင့်​ပတ်သက်​၍ ရှေးအကျဆုံး​ဖော်ပြချက်​က ဘီ.စီ.အီး. ငါး​ရာစု​မှ ဂရိ​သမိုင်း​ပညာရှင် ဟဲရို​ဒို​တပ်​စ်​ထံ​မှ​ဖြစ်သည်။ အပို​လို​ဒို​ရပ်​စ်၊ ဒို​င်​အောစ်​က​ရီ​ဒီ​ဇ်၊ သီ​အို​ဖ​ရပ်​စ်​တပ်​စ်​နှင့် ဟစ်​ပေါ​က​ရေး​တီး​စ်​တို့​အပါအဝင် အခြား​ရှေး​စာရေး​ဆရာများ​နှင့် ဆေးဆရာ​များ​က မတ်စတစ်​၏​ဆေး​ဘက်​ဆိုင်ရာ အသုံးဝင်​မှုများ​ကို ဖော်ပြ​ခဲ့​သည်။ စီ.အီး. ၅၀ ခန့်​ကတည်းက မတ်စတစ်​ပင်​များ မြေထဲပင်လယ်​ကမ်းရိုးတန်း​တစ်လျှောက် ပေါက်​ခဲ့​သော်လည်း ခီအော့စ်​ကျွန်း​တွင်​သာ မတ်စတစ်​ကို သီးသန့်​ထုတ်လုပ်​ခဲ့​သည်။ ထို့​ပြင် ခီအော့စ်​ကို​သိမ်းပိုက်​ခဲ့​သူ ရောမ​များ​မှ​အစ ဂျီနို​ဝါ​မြို့သား​များ၊ ထို့နောက် အော့​တို​မ​န်​လူမျိုး​တို့၏ အဓိက​စိတ်ဝင်စား​ရာ​မှာ မတ်စတစ်​အစေး​ဖြစ်သည်။

ဘက်စုံ​အသုံးပြုနိုင်​သော မတ်စတစ်

ရှေး​အီဂျစ်​ဆေးဆရာ​များသည် ဝမ်း​လျှော​ခြင်း​နှင့် အဆစ်ရောင်​နာ​အပါအဝင် ဖျားနာခြင်း​အမျိုးမျိုးကို​ကုသ​ရန် မတ်စတစ်​ကို​အသုံးပြု​ခဲ့​ကြသည်။ သူတို့သည် ယင်းကို အမွှေးနံ့သာ​အဖြစ်သာမက ရုပ်​အလောင်းကို​ဆေး​စိမ်​ရာ​တွင်​လည်း အသုံးပြု​ခဲ့​ကြသည်။ ဆေး​ဖက်​ဝင်ပြီး အလှ​ကုန်ပစ္စည်း​များ​ပြုလုပ်​ရာ​တွင်​လည်းကောင်း၊ ရုပ်​အလောင်းကို​မ​ပုပ်​အောင် ဆေး​စိမ်​ရာ​တွင်​လည်းကောင်း အသုံးပြုသည့် ကျမ်းစာ​တွင်​ဖော်ပြ​ထားသော ‘ဂိလဒ်​ပြည်​မှ ဗာလ​ဇံ​ပင်​အစေး’ ကို​မတ်စတစ်​အပင်​မှ ရရှိခဲ့​ပေမည်။ (ယေရမိ ၈:၂၂; ၄၆:၁၁) ဝတ်ပြုရေး​အတွက်သာ သီးသန့်​အသုံးပြုသည့် သန့်ရှင်း​စင်ကြယ်​ရာ​နံ့သာပေါင်း​တွင်​ပါဝင်သော န​တပ်​စေး​ထွက်​သည့်​အပင်​သည် မတ်စတစ်​မျိုးနွယ်ဝင်​အပင်​ဖြစ်​ပေမည်​ဟု ဆို​ကြသည်။—ထွက်မြောက်ရာ ၃၀:၃၄၊ ၃၅

ယနေ့ ရေ​ဆေး​ပန်းချီကား​များ၊ ပရိဘောဂ​များနှင့် တူရိယာ​များ​အတွက်​အသုံးပြုသည့် အရောင်တင်​ဆီ​များ​တွင် မတ်စတစ်​ပါဝင်​သည်။ ၎င်းကို တား​ကာ​ပစ္စည်း၊ ရေ​လုံ​ပစ္စည်း​အဖြစ် အသုံးပြု​ကြ​၏၊ အဝတ်​ဆိုးဆေး​များနှင့် ပန်းချီ​ဆေး​များ​အတွက် ဆေး​ရော​င်​အ​ခိုင်​ဆုံး​ပစ္စည်း​ဖြစ်သည်ဟု ယူမှတ်​ကြ​၏။ မတ်စတစ်​ကို ကော်​ပြုလုပ်​ရာ​တွင်၊ သားရေ​နယ်​ရာ​တွင်​လည်း အသုံးပြုလေ့​ရှိကြသည်။ မတ်စတစ်​၏​မွှေး​သော​အနံ့​နှင့် အခြားသော​ဂုဏ်သတ္တိ​တို့​ကြောင့် ၎င်းကို ဆပ်ပြာ၊ အလှ​ကုန်ပစ္စည်း​များနှင့် ရေမွှေး​ပြုလုပ်​ရာ​တွင် အသုံးပြု​ကြ​၏။

ကမ္ဘာ​အနှံ့​အသုံးပြု​သော​ဆေးဝါး​များ​၏ တရားဝင်​ဆေး​စာရင်း ၂၅ ခု​တွင် မတ်စတစ်​ကို ဖော်ပြ​ထား​သည်။ အာရပ်လူမျိုး​၏ ရိုးရာ​ဆေး​များ​တွင် ၎င်းကို​မကြာခဏ​အသုံးပြုလေ့​ရှိသည်။ ထို့​ပြင် သွား​ဖာ​ဖို့​အသုံးပြုသည့်​ကော်​နှင့် ဆေး​တော​င့်​အတွင်းပိုင်း​တို့​တွင် မတ်စတစ်​ကို​အသုံးပြု​ကြသည်။

ဗာလစံစေး​တွင်​ပါဝင်သော “ငို” တတ်​သည့်​မတ်စတစ်​ပင်​၏ ဘက်စုံ​အသုံးပြုနိုင်​သော “အစေး​စက်​များ” သည် ရာစုနှစ်များ​တစ်လျှောက် ရောဂါ​သက်သာ​စေ​ရုံ​မ​က ပျောက်ကင်း​စေ​ခဲ့ပြီ။ ထို့​ကြောင့် ‘အနာ​ပျောက်စေ​ခြင်း​ငှာ ဗာလစံစေး​ကို ယူ​သုံး​ကြလော့’ ဟု​ယေရမိ​၏​ပရောဖက်ပြုချက်​က ဆို​ခြင်း​ဖြစ်သည်။

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ခီအော့စ်

မတ်စတစ်​ကို စုသိမ်းခြင်း

မတ်စတစ် “အစေး​စက်​များ” ကို​ဂရုတစိုက်​စုသိမ်း​နေကြ

[စာမျက်နှာ ၃၁ ပါ​ပုံစာ]

[Credit Lines]

Chios and harvest line art: Courtesy of Korais Library; all others: Kostas Stamoulis