မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်စကားတော်ကို သွန်သင်သူများ တာဝန်ကျေပွန်ရန် တိုက်တွန်းခံရ

ဘုရားသခင့်စကားတော်ကို သွန်သင်သူများ တာဝန်ကျေပွန်ရန် တိုက်တွန်းခံရ

ဘုရားသခင့်​စကားတော်​ကို သွန်သင်​သူများ တာဝန်​ကျေပွန်​ရန် တိုက်တွန်း​ခံရ

မကြာသေးမီ​လ​များ​အတွင်း ထောင်သောင်း​မ​က​သွန်သင်သူ​များသည် သွန်သင်မှု​ခံယူ​ရန် စုရုံး​ခဲ့​ကြသည်။ လွန်ခဲ့သော​မေလ​မှ​စ၍ ကမ္ဘာ​တစ်ဝန်း​ရှိ ယေဟောဝါသက်သေ​များ​၏ ရာ​နှင့်​ချီ​သော “ဘုရားသခင့်​စကားတော်​ကို သွန်သင်​သူများ” ခရိုင်​စည်းဝေးကြီး​များ​တွင် သူတို့​စုဝေး​ခဲ့​ကြ​၏။ စည်းဝေးကြီး​တက်ရောက်သူ​များသည် သွန်သင်​သူများ​အဖြစ် မိမိတို့​ကိုယ်ကို​သွန်သင်​ကြ​ရန်၊ အရည်အချင်း​ပိုမို​ပြည့်မီ​လာ​ကြ​ရန်၊ မိမိတို့​တာဝန်​ကို​ကျေပွန်​ကြ​ရန် တိုက်တွန်း​ခံ​ခဲ့​ရသည်။

ဤ​စည်းဝေးကြီး​တစ်ခုခု​ကို သင်​တက်ရောက်​ခဲ့​ပါသလော။ တက်ရောက်​ခဲ့​မည်​ဆိုလျှင် စစ်မှန်သော​ဘုရားသခင် ယေဟောဝါ​ကို​ဝတ်ပြုဖို့ အဆိုပါ​စည်းဝေးကြီး​များ​၌ သင်​ရရှိခဲ့​သည့်​ဝိညာဉ်​အစာကို တန်ဖိုး​ထား​မည်​မှာ သေချာ​ပါ​သည်။ စည်းဝေးကြီး​၏​မှတ်သားလောက်ဖွယ်​အစီအစဉ်ကို ယခု ကျွန်ုပ်​တို့​နှင့်အတူ ပြန်လည်​သုံးသပ်ကြည့်​ကြ​စို့။

ပထမ​နေ့—မှုတ်သွင်းခံကျမ်း​စာစောင်​များ သွန်သင်ခြင်း​အတွက်​အကျိုးပြု

စည်းဝေးကြီး​သဘာပတိ​သည် “ဘုရားသခင့်​စကားတော်​ကို သွန်သင်ပေး​သော အသင်​တို့ သင်ကြား​ခံ​လော့” ဟောပြောချက်​ဖြင့် ကိုယ်စားလှယ်​များ​ကို လှိုက်လှိုက်လှဲလှဲ​ကြိုဆို​ခဲ့​သည်။ “မဟာသွန်သင်ရှင်” ယေဟောဝါ​ထံ​မှ သွန်သင်မှု​ခံယူ​ခဲ့​သော ယေရှု​ခရစ်​သည် ကြီးမြတ်သော​ဆရာ​ဖြစ်လာ​၏။ (ဟေရှာယ ၃၀:၂၀က​ဘ; မဿဲ ၁၉:၁၆) ဘုရားသခင့်​စကားတော်​ကို သွန်သင်ပေး​သူများ​အဖြစ် ကျွန်ုပ်​တို့​တိုးတက်​လိုလျှင် ယေဟောဝါ​ထံ​မှ သွန်သင်မှု​ခံယူ​ကြ​ရမည်။

နောက်​ဟောပြောချက်မှာ ဘုရားသခင့် “နိုင်ငံတော်​သွန်သင်ခြင်း​သည် အသီး​ကောင်း​များ​သီးပွင့်​စေ” ဖြစ်သည်။ အတွေ့အကြုံ​ရှိ ဘုရားသခင့်​စကားတော်​သွန်သင်ပေး​သူများကို လူတွေ့မေးမြန်း​ခြင်း​အားဖြင့် တပည့်​ဖြစ်စေ​ခြင်း​၏​ရွှင်လန်းမှုများ​နှင့် ကောင်းချီး​များ​ကို ပေါ်လွင်​ထင်ရှားစေ​ခဲ့​၏။

၎င်းနောက် “‘ဘုရားသခင်​၏​အံ့ဖွယ်သော​အမှုတို့​ကြောင့်’ လှုံ့ဆော်​ခံရ” အကြောင်း​နှင့် နှိုးဆော်​ဟောပြောခဲ့​သည်။ ပထမ​ရာစု​တွင် ဘုရားသခင့်​နိုင်ငံတော်​နှင့်​ပတ်သက်သော “အံ့ဖွယ်သော​အမှုတို့” ကလူ​တို့ကို လှုံ့ဆော်​တိုက်တွန်း​ခဲ့​၏။ (တမန်​တော် ၂:၁၁) ကျွန်ုပ်​တို့​လည်း ရွေးနုတ်ဖိုး၊ ရှင်ပြန်ထမြောက်ခြင်း၊ ပဋိညာဉ်​အသစ်​တို့​နှင့်​ဆိုင်​သည့် ကျမ်းစာ​သွန်သင်ချက်​များ​အဖြစ် “အံ့ဖွယ်သော​အမှုတို့” ကို​ကြေညာ​ခြင်း​အားဖြင့် လူ​တို့ကို လှုံ့ဆော်ပေး​နိုင်​သည်။

နောက်​ဟောပြောချက်​က “ယေဟောဝါ​၏​ဖြောင့်မတ်ခြင်း​၌ ပျော်မွေ့​မှု​ရှာ” ယူ​ကြ​ရန် အားလုံး​ကို အားပေးခဲ့​သည်။ (ဆာလံ ၃၅:၂၇) ဖြောင့်မှန်​ရာ​ကို​မြတ်နိုး​ပြီး မကောင်းမှုကို မုန်းတီးခြင်း​အားဖြင့် ကျမ်းစာ​ကို​လေ့လာခြင်း​အားဖြင့်၊ ဝိညာဉ်​ရေး​ဘေးသင့်​စေ​မည့်​သြဇာ​များ​ကို အားကြိုးမာန်တက်​တွန်းလှန်​ခြင်း​အားဖြင့်၊ နှိမ့်ချသော​သဘောကို​မွေးမြူခြင်း​အားဖြင့် ဖြောင့်မတ်​စွာ​ကျင့်​ခြင်း​ကို မီအောင်လိုက်​ဖို့ အကူအညီ​ရ​ပေမည်။ ထိုသို့​ပြုလုပ်ခြင်း​ဖြင့် အကျိုး​မပေး​သည့်​အပေါင်းအသင်း​များ၊ ရုပ်ပစ္စည်း​များ​အပေါ် လောက​တန်ဖိုး​ထား​ပုံ၊ အကျင့်​ယိုယွင်းခြင်း​နှင့် အကြမ်းဖက်​ဖျော်ဖြေမှု​များ​မှ ကာကွယ်​မှု​ရရှိ​ပေမည်။

ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို ကိုယ်တော်​၏​သမ္မာကျမ်းစာ​အားဖြင့်၊ သန့်ရှင်း​တော်​ဝိညာဉ်​တော်​အားဖြင့်၊ မြေကြီး​အဖွဲ့အစည်း​အားဖြင့် ကိုယ်တော်​၏​အရည်အချင်း​ပြည့်မီ​သော အမှုဆောင်​များ​ဖြစ်စေ​သည်​ဟု “ဘုရားသခင့်​စကားတော်​သွန်သင်​သူများ​အဖြစ် အပြည့်အဝ​လေ့ကျင့်​ခံရ” ဟူ​သည့် အဓိက​ဟောပြောချက်​က အသိပေးခဲ့​သည်။ ဘုရားသခင့်​စကားတော်​ကို အသုံးပြုခြင်း​နှင့်​စပ်လျဉ်း၍ ဟောပြောသူက ဤသို့​သတိပေး​ခဲ့​၏– “ကျွန်တော်​တို့​ရဲ့​ပန်းတိုင်​ဟာ ကျမ်းစာ​မှာပါတဲ့​သတင်းတရားကို နားထောင်သူ​တို့​ရဲ့​နှလုံး​ထဲ စွဲထင်​ကျန်ရစ်​စေဖို့​ဖြစ်တယ်။”

စည်းဝေးကြီး​၏​ပထမဦးဆုံး အခန်းဆက်​ဟောပြောချက်မှာ “အခြား​သူတို့ကို​သွန်သင်​စဉ် ကိုယ့်​ကိုယ်ကို​သွန်သင်ခြင်း” ဖြစ်၏။ အခြား​သူများကို ကျွန်ုပ်​တို့​သွန်သင်ပေး​သည့် မြင့်မားသော​ခရစ်ယာန်​စံနှုန်း​နှင့်​အညီ ကျွန်ုပ်​တို့​နေထိုင်​သင့်​သည်​ဟု အဖွင့်​ပိုင်း​တွင် အလေးအနက်​ဖော်ပြ​ခဲ့​သည်။ နောက်​တစ်ပိုင်း​က ‘အမှန်တရားကို မှန်ကန်​စွာ​ပိုင်းခြား​တတ်’ ရန်​ဆုံးမ​ခဲ့​သည်။ (၂ တိမောသေ ၂:၁၅) ဘုရားသခင်​၏​အမှုတော်ကို ထမ်းဆောင်​ခဲ့​သည်​မှာ မည်မျှ​ပင်​ကြာ​ပါစေ၊ မိမိတို့​ကိုယ်ကို​သွန်သင်​ရန် ကျမ်းစာ​လေ့လာမှု​ကို မှန်မှန်​နှင့်​ဝီရိယ​ရှိ​ရှိ ကိုယ်တိုင်​ပြုလုပ်​ဖို့ အရေးကြီး​သည်။ ကျွန်ုပ်​တို့​တွင် မာနကြီး​ခြင်း၊ လွတ်လပ်​လို​ခြင်း၊ ကိုယ့်​ကိုယ်ကို​အထင်ကြီး​ခြင်း၊ မနာလို​ခြင်း၊ သဝန်တို​ခြင်း၊ နာကြည်းခြင်း၊ မကျေမနပ်​ဖြစ်​ခြင်း​နှင့် အပြစ်ရှာ​တတ်​ခြင်း​တို့​ကဲ့သို့​သော သဘောထားများကို စာတန်​ဂရုစိုက်​ကြည့်​နေကြောင်း အခန်းဆက်​ဟောပြောချက်​၏ နောက်ဆုံး​အပိုင်း​က ဖော်ပြ​၏။ သို့သော် စာတန်​ကို အားကြိုးမာန်တက်​တွန်းလှန်​လျှင် သူသည် ကျွန်ုပ်​တို့​ထံ​မှ ထွက်ပြေး​သွား​လိမ့်​မည်။ သူ့ကို တွန်းလှန်​ရန် ဘုရားသခင်​ထံ ကျွန်ုပ်​တို့​ချဉ်းကပ်​ဖို့​လို​သည်။—ယာကုပ် ၄:၇၊ ၈

ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး ယုတ်ညံ့​သွား​စေ​မည့် အခြေအနေ​မ​ရောက်​အောင် မည်သို့​တွန်းလှန်​ရမည်ကို “လောကတွင် ကပ်​ဆိုက်​နေသော ညစ်ညမ်း​စာပေ​ရုပ်ပုံများ​ကို စက်ဆုပ်​ရွံရှာ​လော့” ဟူ​သည့် အချိန်တန်​ဟောပြောချက်​က ဖော်ပြ​သည်။ ယေဟောဝါ​နှင့်​ပတ်သက်​၍ ပရောဖက်​ဟဗက္ကုတ်​က ဤသို့​ဆို​၏– “ကိုယ်တော်​သည် [မကောင်းမှု]ကို​ကြည့်ရှု​တော်​မ​မူ။ သန့်ရှင်းသော​မျက်စိ​ရှိ​တော်​မူ​၏။ အဓမ္မအမှု​ကို​ကြည့်ရှု​၍ နေ​တော်​မ​မူ​တတ်​ပါ။” (ဟဗက္ကုတ် ၁:၁၃) ကျွန်ုပ်​တို့သည် “ဆိုးညစ်သော​အမှုကို စက်ဆုပ်​ရွံရှာ” သင့်​သည်။ (ရောမ ၁၂:၉) မိဘများသည် မိမိတို့​ကလေး​များ အင်တာနက်​အသုံးပြုခြင်း​နှင့် ရုပ်မြင်သံကြား​ကြည့်ရှု​ခြင်း​တို့ကို စိစစ်​ကြ​ရန် သတိပေး​ခဲ့​သည်။ ညစ်ညမ်း​သော​ရုပ်ရှင်၊ စာပေ​၏​ဆွဲဆောင်​ခံ​နေရသူ​များသည် ဝိညာဉ်​ရေး​ရင့်ကျက်သော​မိတ်ဆွေ​တစ်ဦးထံ​မှ အကူအညီ​တောင်း​သင့်​သည်​ဟု ဟောပြောသူက​ပြော​ခဲ့​သည်။ ၎င်း​အပြင် ဆာလံ ၉၇:၁၀; မဿဲ ၅:၂၈; ၁ ကောရိန္သု ၉:၂၇; ဧဖက် ၅:၃၊ ၁၂; ကောလောသဲ ၃:၅; ၁ သက်သာလောနိတ် ၄:၄၊ ၅ စ​သော​ကျမ်းချက်​များ​ကို ဆင်ခြင်​တွေးတော​ပြီး အလွတ်ကျက်​ထား​လျှင်​ကောင်း​ပေ​၏။

နောက်​ဟောပြောချက် “ဘုရားသခင်​၏​ငြိမ်သက်ခြင်း​သည် သင့်ကို ကွယ်ကာ​စောင့်ရှောက်​ပါစေ” က​ကျွန်ုပ်​တို့​စိုးရိမ်​ပူပန်မှု​ဖြင့် ဝန်ပိနေ​မည်​ဆိုလျှင် ကျွန်ုပ်​တို့၏​ဝန်ကို ယေဟောဝါ​၌​ချထား​နိုင်​သည်​ဟု အားပေး​သည်။ (ဆာလံ ၅၅:၂၂) ဆုတောင်းခြင်း​ဖြင့် ယေဟောဝါ​အား ရင်ဖွင့်​ကြ​မည်​ဆိုလျှင် ကိုယ်တော်​နှင့်​ရင်းနှီးသော​ဆက်ဆံ​ရေး​မှ​ရရှိ​သည့် စိတ်​တည်ငြိမ်မှု​နှင့် အတွင်း​ငြိမ်သက်မှု​ဖြစ်သော “ဘုရားသခင်​၏​ငြိမ်သက်ခြင်း” ကို​ရမည်​ဖြစ်သည်။—ဖိလိပ္ပိ ၄:၆၊ ၇

ဟေရှာယ​အခန်းကြီး ၆၀ ၏​ပြည့်စုံချက်​ကို ရှင်းပြ​သော “ယေဟောဝါ​သည် မိမိ​လူမျိုး​ကို အလင်းဖြင့် တင့်တယ်​စေ” ဟောပြောချက်​နှင့် ပထမ​နေ့ကို အဆုံးသတ်​ခဲ့​ကြ​ရာ အထူးသဖြင့် ဝမ်းသာ​ခဲ့​ရ၏။ လောက​၏​လက်ရှိ​အမှောင်ထု​ကြား “တစ်ပါး​အမျိုးသား​တို့” ဖြစ်သည့် သိုး​ကဲ့သို့​သော​လူအုပ်ကြီးသည် ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များနှင့်​အတူ ယေဟောဝါ​၏​အလင်းတော်​အောက် ပျော်မွေ့​လျက်​ရှိကြသည်။ ဟောပြောသူ​သည် အခန်းငယ် ၁၉ နှင့် ၂၀ ကို​ညွှန်း​၍ ဤသို့​ရှင်းပြသည်– ‘ယေဟောဝါ​ဟာ နေ​လို “ဝင်” ပြီး၊ လ​လို “မ​လင်း” ဘဲ​နေမှာ​မဟုတ်ပါဘူး။ မိမိ​လူမျိုးအပေါ် အလင်းဖြာ​ထွက်​စေခြင်း​ဖြင့် ဆက်လက်​တင့်တယ်​စေ​လိမ့်မယ်။ ဒီ​မှောင်မိုက်​လောကရဲ့​နောက်ဆုံး​ကာလ​ထဲမှာ ရှိနေကြ​တဲ့ ကျွန်တော်​တို့အတွက် တကယ်​ကောင်း​တဲ့​အာမခံချက်​တစ်ခု​ပါ​ပဲ!’ ဟောပြောချက်​နိဂုံး​၌ ဟောပြောသူက ဟေရှာယ​ပရောဖက်ပြုချက်—လူ​ခပ်သိမ်း​အတွက် အလင်း အတွဲ​နှစ်ကို ကြေညာ​၍​ထုတ်ဝေ​ခဲ့​သည်။ ဤ​စာအုပ်​အသစ်​ကို သင်တို့​ဖတ်​ပြီး​ကြပြီ​လော။

ဒုတိယ​နေ့—သူတစ်ပါးကို သွန်သင်ခြင်း​ငှာ​တတ်စွမ်း

ဒုတိယ​နေ့တွင် နေ့စဉ်​ကျမ်းချက်​ကို ဆွေးနွေး​ပြီး​နောက် “အခြား​သူများကို ယုံကြည်သူ​တို့​ဖြစ်စေ​သော ဓမ္မ​အမှုဆောင်​များ” ဟူ​သည့် စည်းဝေးကြီး​၏​ဒုတိယ​အခန်းဆက်​ဟောပြောချက်ကို ကျွန်ုပ်​တို့ စိတ်ဝင်တစား​နားထောင်​ခဲ့​ကြသည်။ အခန်းဆက်​သုံးခု​ပါ ဟောပြောသူများ​သည် လူ​တို့ကို ယုံကြည်သူများ​ဖြစ်လာ​စေရန် ကူညီပေး​ရာ​၌​ပါဝင်​သည့် ဘုရားသခင့်​နိုင်ငံတော်​သတင်းတရား ပျံ့နှံ့​စေခြင်း၊ စိတ်ဝင်စားမှု​ကို ပြုစု​ပျိုးထောင်​ခြင်း​နှင့် စိတ်ဝင်စားသူ​များ​အား ခရစ်တော်​၏​မိန့်မှာချက်​များ​ကို လိုက်နာ​ရန် သွန်သင်​ပေးခြင်း အဆင့်​သုံးဆင့်​ကို တစ်ဆင့်​ချင်း​စီ​အလေးပေး​ဖော်ပြ​ခဲ့​၏။ အခြားသူများ​အား တပည့်​ဖြစ်လာ​စေရန် ကျွန်ုပ်​တို့​မည်သို့​သွန်သင်ပေး​နိုင်​ကြောင်း လူတွေ့မေးမြန်းခန်း​များနှင့် သရုပ်​ပြခန်း​များ​ဖြင့်​သိရှိ​စေ​ခဲ့​၏။

နောက်​ဟောပြောချက်​၏​အဓိက​အချက်​မှာ “သင်၏​ခံနိုင်ရည်​တွင် ဘုရားဝတ်​၌​မွေ့လျော်ခြင်း​ကို ထပ်ဆင့်​လော့” ဖြစ်သည်။ အရေးကြီးဆုံး​မှာ “အဆုံးတိုင်အောင် ခံနိုင်ရည်​ရှိ​ခြင်း” ဖြစ်သည်ဟု ဟောပြောသူက ဖော်ပြ​ခဲ့​၏။ (မဿဲ ၂၄:၁၃က​ဘ) ဘုရားသခင်​ဝတ်၌​မွေ့လျော်​ရန် ဘုရားသခင်​ပြင်ဆင်​ထား​လေ​သမျှ—ဆုတောင်းခြင်း၊ ကိုယ်ပိုင်​လေ့လာမှု၊ အစည်းအဝေးများနှင့် ခရစ်ယာန်​ဓမ္မ​အမှု—တို့ကို​အသုံးပြုသင့်​သည်။ ကျွန်ုပ်​တို့၏​ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်းကို ဖျက်ဆီး​မည့် လောက​တပ်မက်မှု​များနှင့် လုပ်ရပ်များ​မရှိစေရန် တားဆီး​ဖို့​လို​သည်။

ယနေ့ ဝန်လေး၍​ပင်ပန်း​နေ​သူများ​သည် လန်းဆန်းမှု​ကို မည်သို့​ရှာတွေ့နိုင်​မည်​နည်း။ “ခရစ်တော်​၏​ထမ်းပိုး​အောက် လန်းဆန်းမှု​တွေ့ရှိ​ခြင်း” ဟောပြောချက်​က ထို​မေးခွန်း​ကို အဖြေပေး​ခဲ့​သည်။ ယေရှု​က မိမိ၏​ထမ်းပိုး​ကို​ထမ်း၍ မိမိ​ထံ​၌​နည်းခံ​ကြ​ရန် နောက်လိုက်​များ​အား ကြင်နာ​စွာ​ဖိတ်ခေါ်​သည်။ (မဿဲ ၁၁:၂၈-၃၀) ယေရှု၏​ရိုးရှင်း၍ မျှတမှု​ရှိသော​ဘဝ​ပုံစံ​အတိုင်း​နေထိုင်ခြင်း​ဖြင့် ကိုယ်တော်​၏​ထမ်းပိုး​ကို ထမ်း​နိုင်​ကြ​ပါ​သည်။ မိမိတို့​အသက်တာ​များ​ကို ရိုးရှင်း​စေ​ခဲ့​သူတို့ကို လူတွေ့မေးမြန်း​ခြင်း​ဖြင့် ဤ​ဟောပြောချက်​၏​အဓိက​အချက်များ​ကို ပို​၍​ပေါ်လွင်​စေ​ခဲ့​သည်။

ယေဟောဝါသက်သေ​များ​၏ စည်းဝေးကြီး​များ​တွင် အပေါ်လွင်ဆုံး​မှာ ဆက်ကပ်​အပ်နှံ​ခါ​စ ဘုရားသခင့်​ကျေးကျွန်​များ​၏ နှစ်ခြင်း​ခံ​ခြင်း​ဖြစ်သည်။ “နှစ်ခြင်း​ခံ​ခြင်း​က သာ၍​ကြီးမားသော သွန်သင်ခြင်း​အခွင့်ထူး​များ​ရရှိစေ” ကြောင်းကို ဟောပြောသော​ညီအစ်ကို​သည် နှစ်ခြင်း​ယူ​မည့်​သူများကို လှိုက်လှိုက်လှဲလှဲ​ကြိုဆို​ပြီး လုပ်ငန်းတော်​၏ သာ၍​ကြီးမြတ်သော​အခွင့်ထူး​များ​တွင်​ပါဝင်​ရန် ဖိတ်ခေါ်​ခဲ့​သည်။ ကျမ်းစာ​တောင်းဆိုချက်​များ​ကို​ပြည့်မီ​သော နှစ်ခြင်း​ခံ​ပြီး​ခါ​စ ဘုရားသခင့်​စကားတော်​ကို​သွန်သင်သူ​များသည် အသင်းတော်တွင် တာဝန်​အသီးသီး​ကို လက်လှမ်း​ယူ​နိုင်​ကြ​ပါ​သည်။

ထို​မွန်းလွဲပိုင်း​၌ ဦးဆုံး​ဟောပြောချက်​ခေါင်းစဉ်​မှာ “ကြီးမြတ်သော​ဆရာ​ကို​တုပ​လော့” ဖြစ်၏။ ယေရှုသည် ကောင်းကင်​တွင်​ရှိ​စဉ် ခမည်းတော်​ကို ဂရုစိုက်​ကြည့်ရှု​၍ တုပ​ခဲ့​သောကြောင့် ကြီးမြတ်သော​ဆရာ​ဖြစ်လာ​ခဲ့​သည်။ မြေကြီးပေါ်​ရှိ​စဉ် ထိုးထွင်း​သိမြင်​နိုင်သော​မေးခွန်းများ၊ ရိုးရှင်း​သော်လည်း ကွက်ကွက်ကွင်းကွင်း​မြင်နိုင်​သော​ဥပမာ​များ​စ​သော ထိရောက်​သည့်​သွန်သင်နည်း​များ​ကို ကိုယ်တော်​အသုံးပြု​ခဲ့​၏။ ယေရှုသည် မိမိ၏​သွန်သင်ချက်​ကို ဘုရားသခင့်​စကားတော်​အပေါ် အခြေပြု​၍ ထက်ထက်သန်သန်၊ လှိုက်လှိုက်လှဲလှဲ၊ အခွင့်အာဏာ​ရှိ​ရှိ မိန့်ဆိုခဲ့သည်။ ကြီးမြတ်သော​ဆရာ​ကို​တုပ​ရန် ကျွန်ုပ်​တို့​လှုံ့ဆော်​ခံ​ခဲ့​ရသည်​မဟုတ်ပေ​လော။

“သူတစ်ပါး​အကျိုးသယ်ပိုး​ရန် သင်လို​လိုလား​လား​ရှိသလော” ဟူ​သည့် အားကျဖွယ်​ဟောပြောချက်​က အခြားသူများ​၏​အကျိုးသယ်ပိုး​ရာ​တွင် ယေရှု၏​ပုံ​နမူနာကို​တုပ​ရန် ကျွန်ုပ်​တို့ကို​အားပေးခဲ့​သည်။ (ယောဟန် ၁၃:၁၂-၁၅) အခြား​သူများကို​ကူညီပေး​ရန် အခွင့်အရေး​များ​ရှာယူ​ရာ​တွင် တိမောသေ​ကဲ့သို့​ဖြစ်​ကြဖို့ အရည်အချင်း​ရှိ​အမျိုးသားများ​ကို ဟောပြောသူက တိုက်ရိုက်​အားပေးခဲ့​၏။ (ဖိလိပ္ပိ ၂:၂၀၊ ၂၁) မိဘများသည် မိမိတို့​ကလေး​များ​ကို အချိန်ပြည့်​အမှုဆောင်​လုပ်ငန်း​တွင်​ပါဝင်​ကြ​ရန် အားပေး​ရာ​တွင် ဧလကာန​နှင့်​ဟန္န​တို့ကို တုပ​ကြဖို့​အားပေးခဲ့​သည်။ လူငယ်များ​မှာ​မူ မိမိတို့​ကိုယ်ကို​တလိုတလား​ပေးဆက်ခြင်း​အားဖြင့် ယေရှု​ခရစ်​နှင့် လူငယ်​တိမောသေ​တို့၏​ပုံ​နမူနာကို တုပ​ကြ​ရန် သတိပေး​ခဲ့​၏။ (၁ ပေတရု ၂:၂၁) သူတစ်ပါး​အကျိုးသယ်ပိုး​ရန် အခွင့်အရေးရှာ​ယူ​ကြ​သူများ​၏​စကား​များ​က​လည်း ကျွန်ုပ်​တို့ကို လှုံ့ဆော်ပေး​ခဲ့​သည်။

တတိယ​အခန်းဆက်​ဟောပြောချက်​၏ အဓိက​အချက်​မှာ “သီအိုကရက်တစ်​ပညာရေး​မှ သာ၍​အပြည့်အဝ​အကျိုး​ရယူ” ဖြစ်သည်။ ဦးဆုံး​ဟောပြောသူက အာရုံစိုက်မှု​အတိုင်းအတာ တိုးမြှင့်​ပေးခြင်း​၏​အရေးပါမှု​ကို အလေးပေး​ဖော်ပြ​သည်။ ထို​ပန်းတိုင်​သို့​ရောက်ရှိ​ရန် အစပိုင်း​တွင် ကိုယ်ပိုင်​လေ့လာမှု​ကို အချိန်တို​တို​သာ​ပြုလုပ်​၍ တဖြည်းဖြည်း​အချိန်ကြာကြာ​ပြုလုပ်​သွား​နိုင်​ကြသည်။ အစည်းအဝေး​များ​၌ ကျမ်းချက်​များ​ကို​လိုက်​ဖွင့်ပြီး မှတ်စု​ယူ​ရန် ပရိသတ်​ကို​အားပေးခဲ့​၏။ ဒုတိယ​ဟောပြောသူက “စင်ကြယ်သော​တရား​စကားပုံ​စံ​ကို” စွဲကိုင်​ထား​ရန် လိုအပ်ကြောင်း သတိပေး​သည်။ (၂ တိမောသေ ၁:၁၃၊ ၁၄က​ဘ) ညစ်ညမ်း​သော လူထု​ဆက်သွယ်ရေး​လမ်းကြောင်း​များ၊ လူ့​အတွေးအခေါ်​များ၊ အဆင့်မြင့်​အပြစ်ရှာ​ဝေဖန်ရေး​များနှင့် အယူဖောက်ပြန်သူ​များ​၏​သွန်သင်ချက်​များ​မှ မိမိကိုယ်ကို​ကာကွယ်​ရန် ကိုယ်ပိုင်​လေ့လာမှု​ပြုလုပ်​ဖို့​နှင့် အစည်းအဝေး​တက်ရောက်​ဖို့ အချိန်​ဝယ်ယူ​ရမည်။ (ဧဖက် ၅:၁၅၊ ၁၆) အခန်းဆက်​ဟောပြောချက်​၏ နောက်ဆုံး​ဟောပြောသူက သီအိုကရက်တစ်​ပညာရေး​မှ အပြည့်အဝ​အကျိုး​ရယူရန် သိရှိ​ထား​ရာ​များ​ကို လက်တွေ့​ကျင့်သုံး​ဖို့​လိုအပ်ကြောင်း ပေါ်လွင်​ထင်ရှားစေ​ခဲ့​သည်။—ဖိလိပ္ပိ ၄:၉

“ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​တိုးတက်မှု​အတွက် အသစ်​သော​ပြင်ဆင်​ပေး​ချက်​များ” ဟောပြောချက်ကို ကျွန်ုပ်​တို့​ကြား​ရသောအခါ တကယ်​စိတ်​လှုပ်ရှား​ခဲ့​ကြ​ပါ​သည်​တကား! သီအိုကရက်တစ်​ဓမ္မ​အမှု​ကျောင်း​ပညာရေး​မှ အကျိုး​ရယူ စာအုပ်​အသစ်​ကို မကြာမီ​ရရှိ​တော့​မည်​ဟု သိရှိ​ရ​၍ ကျွန်ုပ်​တို့​ဝမ်းမြောက်​ခဲ့​ကြ​ရ၏။ ဟောပြောသူက ထို​စာအုပ်​ပါ​အကြောင်း​များ​ကို အကျဉ်းချုပ်​ဖော်ပြ​သောအခါ ကျွန်ုပ်​တို့​အလွန်​ရ​လို​ခဲ့​ကြသည်။ စကားပြော​သွန်သင်ချက်​များစွာ​ပါရှိ​သည့် ၎င်း​စာအုပ်​၏​အပိုင်း​နှင့်​စပ်လျဉ်း၍ သူက​ဤသို့​ဆို​သည်– “ဒီ​စာအုပ်​အသစ်​က ကောင်းစွာ​ဖတ်ရှုခြင်း၊ ပြောဆိုခြင်း​နဲ့ သွန်သင်ခြင်း​နဲ့​ဆိုင်​တဲ့ အချက် ၅၃ ချက်​ကို လောက​သင်ရိုး​စာအုပ်​လို ရေးသား​ထား​တာမဟုတ်ပါဘူး။ ကျမ်းစာ​မူတွေ​အပေါ် အခြေ​ပြုပြီး တင်ဆက်​ထား​တယ်။” ပရောဖက်​များ၊ ယေရှု​နှင့် ကိုယ်တော်​၏​တပည့်တော်​များ​အသုံးပြု​ခဲ့​သော သွန်သင်ခြင်း​နည်းလမ်း​ကောင်း​များ​ကို ဤ​စာအုပ်​က​တင်ဆက်​ထား​၏။ မှန်ပါသည်၊ ဤ​သင်ရိုး​စာအုပ်​နှင့် သီအိုကရက်တစ်​ဓမ္မ​အမှု​ကျောင်း​၏ အကြောင်းအချက်​အသစ်များ​သည် ကျွန်ုပ်​တို့အား ဘုရားသခင့်​စကားတော်​ကို ပို​ပြီး​ထိရောက်​စွာ​သွန်သင်​သူများ​ဖြစ်လာ​စေပါ​လိမ့်​မည်။

တတိယ​နေ့—ကာလ​အချိန်ကို​ထောက်​လျက် သွန်သင်​သူများ​အဖြစ်သို့ ရောက်​ကြလော့

နောက်ဆုံး​နေ့​၏ နေ့စဉ်​ကျမ်းချက်​ကို​ဆွေးနွေး​ပြီး​နောက် စည်းဝေးကြီး​၏​နောက်ဆုံး​အခန်းဆက်​ဟောပြောချက် “မာလခိ​၏​ပရောဖက်ပြုချက်​သည် ကျွန်ုပ်​တို့အား ယေဟောဝါ​၏​နေ့​အတွက်​ပြင်ဆင်​ပေး” ကို​အားလုံး​က ဂရုစိုက်​နားထောင်​ခဲ့​ကြသည်။ ဗာဗုလုန်​မြို့မှ ဂျူး​များ​ပြန်ရောက်​ပြီး​နောက် အနှစ်​တစ်​ရာ​ခန့်​တွင် မာလခိ​ပရောဖက်ပြု​ခဲ့​၏။ သူတို့သည် ယေဟောဝါ​၏​ဖြောင့်မတ်​သော​ပညတ်တော်​များ​ကို လျစ်လျူရှု​ခြင်း​ဖြင့်​လည်းကောင်း၊ ယဇ်​ပူဇော်​ရန် မျက်​ကန်း၊ ခြေဆွံ့၊ ဖျားနာ​နေသော​တိရစ္ဆာန်​များ​ကို ယူဆောင်​လာ​ခြင်း​ဖြင့်​လည်းကောင်း ကိုယ်တော်​၏​နာမတော်​ကို​မထီမဲ့မြင်​ပြုပြီး အယူဖောက်ပြန်မှု​နှင့် ဆိုးသွမ်းမှု​တို့​တွင် တစ်ဖန်​မျောပါ​သွားခဲ့​ကြသည်။ ထို့​ပြင် တိုင်းတစ်ပါး​အမျိုးသမီးများနှင့် လက်ထပ်​နိုင်​ကြ​ရန် သူတို့၏​ငယ်​ပေါင်း​ဇနီး​များ​ကို ကွာရှင်း​ခဲ့​ကြ​၏။

မာလခိ​ပရောဖက်ပြုချက်​၏ ပထမဦးဆုံး​အခန်းကြီး​က ယေဟောဝါ​သည် မိမိ​လူမျိုး​ကို​ချစ်တော်မူ​ကြောင်း ကျွန်ုပ်​တို့အား သေချာ​စေ​ခဲ့​သည်။ ဘုရားသခင်​ကို ရိုသေ​ခန့်ညား​ကြောက်ရွံ့​ပြီး မြင့်မြတ်​သော​အရာများ​ကို လေးမြတ်​ဖို့​လို​ကြောင်း အလေးပေး​ဖော်ပြ​ခဲ့​သည်။ ယေဟောဝါ​သည် ကိုယ်တော့်​ကို​ကိုယ်ကျိုး​စွန့်​မေတ္တာဖြင့် ကျွန်ုပ်​တို့အား​ဝတ်ပြု​စေ​လို​ပြီး ကိုယ်တော်​အား အကောင်းဆုံး​အရာ​ကို​ပေး​စေ​လို​၏။ ကျွန်ုပ်​တို့၏​မြင့်မြတ်​သော​လုပ်ငန်းတော်​သည် လုပ်ရိုးလုပ်စဉ်​တစ်ခုမျှသာ မဖြစ်​သင့်​ချေ၊ ဘုရားသခင်​ထံ​၌ ကျွန်ုပ်​တို့​စာရင်း​ရှင်း​ကြ​ရမည်။

မာလခိကျမ်း​၏​ဒုတိယ​အခန်းကြီး​ကို ကျွန်ုပ်​တို့​ခေတ်​နှင့်​သက်ဆိုင်​စေ​၍ အခန်းဆက်​ဟောပြောချက်​၏ ဒုတိယ​ဟောပြောသူက ဤသို့​မေးခဲ့​၏– “‘ကျွန်ုပ်​တို့၏​နှုတ်၌ အပြစ်​ရှာ၍​မ​တွေ့’ နိုင်အောင် ကိုယ်တိုင်​သတိရှိ​ပါ​သလား။” (မာလခိ ၂:၆) သွန်သင်​သူများ​က မိမိ၏​စကား​သည် ဘုရားသခင့်​စကားတော်​အပေါ် အခိုင်အမာ​အခြေပြု​မပြု ဂရုစိုက်​သင့်​၏။ မတရား​သဖြင့်​ကွာရှင်း​ပြတ်စဲ​ခြင်း​အစ​ရှိသော သစ္စာမဲ့မှု​ကို ကျွန်ုပ်​တို့​မုန်းတီး​သင့်​သည်။—မာလခိ ၂:၁၄-၁၆

“ယေဟောဝါ​၏​နေ့ကို မည်သူ​ကပ်ကျော်​မည်​နည်း” အဓိက​အချက်​ကို ဟောပြောခဲ့​သော ဤ​အခန်းဆက်​ဟောပြောချက်​၏ နောက်ဆုံး​ဟောပြောသူက ယေဟောဝါ​၏​နေ့​အတွက် ကျွန်ုပ်​တို့ကို​ကြိုတင်​ပြင်ဆင်​ပေး​ခဲ့​သည်။ “မာလခိ​အခန်းကြီး ၃၊ အငယ် ၁၇ ဟာ​ယေဟောဝါ​ရဲ့​ကျေးကျွန်​တွေ​အပေါ်မှာ အဓိက​ပြည့်စုံ​နေတယ်​ဆိုတာ​သိရလို့ သူတို့​အတွက် တကယ်​ကို​နှစ်သိမ့်မှု​ပေး​တယ်! ဒီ​ကျမ်းချက်​က ဒီလို​ဆိုပါ​တယ်– ‘“ထို​သူတို့သည် ငါ​စီရင်​သော​နေ့ရက်​၌ ငါ​ပိုင်ထိုက်​သော​ဘဏ္ဍာတော်​ဖြစ်​ကြလိမ့်မည်။ အဘ​၏​အမှုကို​ဆောင်သော​သားကို အဘ​နှမြော​သကဲ့သို့ ထို​သူတို့ကို ငါ​နှမြော​မည်” ဟု​ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရ​ဘုရား​မိန့်တော်မူ၏’” ဟူ၍ ဟောပြောသူက ရှင်းပြ​ခဲ့​သည်။

စည်းဝေးကြီး​၏​ပေါ်လွင်​ချက်​နောက်တစ်ခု​မှာ ကောရ​သားများ​အဖြစ် သရုပ်ဆောင်​မည့် “ယေဟောဝါ​၏​အခွင့်အာဏာကို လေးစားပါ” ဝတ်စုံပြည့်​ပြဇာတ်​ဖြစ်သည်။ မောရှေ​နှင့်​အာရုန်​တို့ကို သူတို့၏​ဖခင်​က ပုန်ကန်​သော်လည်း ယေဟောဝါ​နှင့် ကိုယ်တော်​၏​ကိုယ်စားလှယ်​များ​အပေါ် သူတို့​သစ္စာ​စောင့်သိ​ခဲ့​ကြ​၏။ ကောရ​နှင့် သူ၏​နောက်လိုက်​များ အပြစ်ပေး​ခံရ​ကြသော်လည်း ကောရ​၏​သားများ​မှာ​မူ အသက်ရှင်​ကျန်ရစ်​ခဲ့​ကြသည်။ “ဘုရားသခင်​၏​အခွင့်အာဏာကို သစ္စာရှိ​စွာ​လက်အောက်ခံ​လော့” နောက်ဆက်တွဲ​ဟောပြောချက်​က ကျွန်ုပ်​တို့​တစ်ဦးစီ​နှင့် ပြဇာတ်​ပါ​အကြောင်းအရာများ သက်ဆိုင်​ကြောင်း​သိရှိ​စေ​သည်။ ကောရ​နှင့် သူ၏​နောက်လိုက်​များ ပျက်ကွက်​ခဲ့​သည့် ကဏ္ဍ​ခြောက်​ခု​ကို ဟောပြောသူက ဤသို့​ဖော်ပြ​ခဲ့​သည်– ယေဟောဝါ​၏​အခွင့်အာဏာကို သစ္စာရှိ​ရှိ​မထောက်ခံ​ခြင်း; မာန်​မာန၊ ရည်မှန်းချက်​ကြီးခြင်း​နှင့် မနာလို​စိတ်​တို့ကို သူတို့အား​လွှမ်းမိုးခွင့်​ပြုခြင်း; ယေဟောဝါ​ခန့်အပ်​ထား​သူများ​၏ မစုံလင်မှု​များ​ကို အာရုံစိုက်​ခြင်း; ညည်းညူ​တတ်သော​သဘောကို မွေးမြူခြင်း; မိမိတို့၏​လုပ်ငန်းတော်​အခွင့်အရေး​များ​ကို မကျေမနပ်​ဖြစ်​ခြင်း; ယေဟောဝါ​အား​သစ္စာ​စောင့်သိ​ခြင်း​ထက် ခင်မင်​ရင်းနှီးမှု သို့​မဟုတ် မိသားစု​နှောင်ကြိုး​ကို ပို​၍​ဦးစားပေး​ခြင်း​တို့​ဖြစ်သည်။

လူထု​ဟောပြောချက်​၏ အဓိက​အချက်​မှာ “လူမျိုးအပေါင်း​အား အမှန်တရားကို မည်သူ​တို့ သွန်သင်ပေး​နေသနည်း” ဖြစ်၏။ ဆွေးနွေး​ခဲ့​သည့်​အမှန်တရားမှာ ယေဘုယျ​အမှန်တရား​မဟုတ်ဘဲ ယေဟောဝါ​၏​ရည်ရွယ်တော်မူချက်​နှင့်​ပတ်သက်ပြီး ယေရှု​ခရစ်​သက်သေခံ​ခဲ့​သော အမှန်တရား​ဖြစ်သည်။ ယုံကြည်ချက်များ​နှင့်​ဆက်စပ်​နေသည့် အမှန်တရား၊ ဝတ်ပြု​ကိုးကွယ်​ပုံ​နှင့်​ဆက်စပ်​နေသည့် အမှန်တရား​နှင့် ကိုယ်ပိုင်​အမူအကျင့်​နှင့်​ဆက်စပ်​နေသည့် အမှန်တရား​တို့ကို ဟောပြောသူက ဆွေးနွေး​တင်ပြ​ခဲ့​သည်။ မျက်မှောက်ခေတ်​ယေဟောဝါသက်သေ​များနှင့် ပထမ​ရာစု​ရှိ​ခရစ်ယာန်​များ​ကို ဤသို့​နှိုင်းယှဉ်​ပြ​ခြင်း​ဖြင့် ‘ဘုရားသခင်​သည် ကျွန်ုပ်​တို့​တွင် အမှန်​ရှိ​တော်​မူ​သည်’ ကို​ပိုမို​ယုံကြည်​စိတ်ချ​စေပါ​သည်။—၁ ကောရိန္သု ၁၄:၂၅

ထို​အပတ်​တွင် လေ့လာ​မည့် ကင်းမျှော်စင် သင်တန်း​ဆောင်းပါး​ကို အကျဉ်းချုပ်​တင်ပြ​ပြီး​နောက် “ကျွန်ုပ်​တို့၏​သွန်သင်ခြင်း​တာဝန်​ကို အရေးတကြီး​ကျေပွန်​စေခြင်း” နိဂုံး​ချုပ်​ဟောပြောချက်​အားဖြင့် ပရိသတ်​ရှိ ဘုရားသခင့်​စကားတော်​ကို​သွန်သင်သူ​အားလုံး ဆက်လက်​ကြိုးစား​လုပ်ဆောင်ရန် တိုက်တွန်း​ခံ​ခဲ့​ရ၏။ စည်းဝေးကြီး​အစီအစဉ်​တစ်ခုလုံး​ကို အကျဉ်းချုပ်​ပြန်လည်​သုံးသပ်ခြင်းက သွန်သင်ရာ​တွင် သမ္မာကျမ်းစာ​အသုံးပြုခြင်း​၏​အရေးပါမှု၊ အရည်အချင်း​ပြည့်မီ​သော​သွန်သင်​သူများ​ဖြစ်လာ​နိုင်​သည့် နည်းလမ်းများ​နှင့် အခြားသူများ​အား ကျွန်ုပ်​တို့​သွန်သင်ပေး​သည့် အမှန်တရားကို ယုံကြည်​စိတ်ချ​ရန် လို​ကြောင်းကို အလေးပေး​ဖော်ပြ​ခဲ့​သည်။ ‘ကျွန်ုပ်​တို့၏​တိုးပွားခြင်း​ကို ထင်ရှား’ စေပြီး ‘ကိုယ်ကို​လည်းကောင်း၊ ကိုယ်​သွန်သင်​ပေးခြင်း​ကိုလည်း​ကောင်း သတိပြု​၍ အမြဲ​တည်​နေ’ ရန်​ဟောပြောသူက သတိပေး​ခဲ့​၏။—၁ တိမောသေ ၄:၁၅၊ ၁၆

“ဘုရားသခင့်​စကားတော်​ကို သွန်သင်​သူများ” ခရိုင်​စည်းဝေးကြီး​၌ ကျွန်ုပ်​တို့​စားသုံး​ခဲ့​ရသည့် ဝိညာဉ်​ရေး​ခဲ​ဖွယ်​စား​ဖွယ် များပြား​လှ​သည်​တကား! အခြားသူများ​အား ဘုရားသခင့်​စကားတော်​ကို သွန်သင်ပေး​ရာ​တွင် ကျွန်ုပ်​တို့၏​မဟာသွန်သင်ရှင် ယေဟောဝါ​နှင့် ကြီးမြတ်​တော်​မူ​သော​ဆရာ ယေရှု​ခရစ်​တို့ကို တုပ​ကြပါစို့။

[စာမျက်နှာ ၂၈ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

အထူး​လိုအပ်ရာ​များ​ကို ဖြည့်ဆည်း​ပေး​ရန် စာပေ​စာတမ်း​အသစ်များ

“ဘုရားသခင့်​စကားတော်​ကို​သွန်သင်​သူများ” ခရိုင်​စည်းဝေးကြီး တက်ရောက်သူ​များသည် ကမ္ဘာ့​ဒေသ​အချို့​ရှိ လူ​တို့ကို ကျမ်းစာ​အမှန်တရား​သွန်သင်ပေး​ရန် အလွန်​အထောက်အကူ​ဖြစ်​မည့် စာပေ​စာတမ်း​နှစ်မျိုးကို အားရ​ဝမ်းသာ​လက်ခံ​ယူ​ခဲ့​ကြ​၏။ သင်၌ မသေ​နိုင်သော​ဝိညာဉ် [စပီးရစ်] ရှိသလော ဟူ​သည့် ဝေစာ​သည် “စိုးလ်” နှင့် “စပီးရစ်” တို့ကို ဒေသခံ​ဘာသာ​စကား​များ​က ခွဲခြား​မဖော်​ပြ​သော​နိုင်ငံ​များ​၌ နေထိုင်ကြ​သူများ​နှင့် စကားစမြည်​ပြောဆို​ရာ​တွင် အသုံးဝင်​မည့်​ကိရိယာ​တစ်ခု​ဖြစ်​လိမ့်​မည်။ ဝိညာဉ်​စွမ်းအား​သည် နာမ်ဝိညာဉ်​သတ္တဝါ​နှင့်​မတူ​ကြောင်း၊ လူသေ​သောအခါ နာမ်ဝိညာဉ်​သတ္တဝါ ဖြစ်​မသွားကြောင်း ထို​ဝေစာ​အသစ်​က ရှင်းရှင်းလင်းလင်း​ဖော်ပြ​သည်။

စည်းဝေးကြီး​၏​ဒုတိယ​နေ့​အဆုံးပိုင်း​၌ ကျေနပ်​ရောင့်ရဲသော​ဘဝ—ယင်းကို ရရှိနိုင်​ပုံ ဘရိုရှာ​ကို ထုတ်ဝေ​လိုက်​၏။ ဂုဏ်ရည်တော်​ရှိ​ဖန်း​ဆင်​ရှင်​တစ်ပါး​ရှိကြောင်း​နှင့် ဘုရားသခင့်​မှုတ်သွင်းခံစာ​အုပ်​တစ်အုပ်​ရှိကြောင်းကို တစ်ခါမျှ​မတွေး​တော​ခဲ့​သူများ​ဖြင့် ကျမ်းစာ​သင်အံမှု​စတင်​ရန် ရည်ရွယ်ပြီး ယင်း​ဘရိုရှာ​ကို ပုံနှိပ်​ထုတ်ဝေ​ထားခြင်း​ဖြစ်သည်။ သင့်​ခရစ်ယာန်​ဓမ္မ​အမှု​တွင် အဆိုပါ​စာပေ​စာတမ်း​အသစ်များ​ကို အသုံးပြုနိုင်​ခဲ့ပြီ​လော။

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

အီတလီ​နိုင်ငံ၊ မီ​လ​န်​မြို့​နှင့် ကမ္ဘာ​တစ်ဝန်း​ရှိ စည်းဝေးကြီး​များ​၌ ရာ​နှင့်​ချီ​နှစ်ခြင်း​ခံ​ခဲ့

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

“ယေဟောဝါ​၏​အခွင့်အာဏာကို လေးစားပါ” ပြဇာတ်​က တက်ရောက်​သူများ​အတွက် လှုံ့ဆော်မှု​ဖြစ်