မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မတူညီသည့်သဘောထားများကို ကြီးထွားစေသောညီနောင်

မတူညီသည့်သဘောထားများကို ကြီးထွားစေသောညီနောင်

မတူညီသည့်​သဘောထားများကို ကြီးထွား​စေသော​ညီနောင်

မိဘများ​၏​ဆုံးဖြတ်ချက်​များသည် သားသမီး​များ​အပေါ် အမှန်ပင်​သြဇာ​သက်ရောက်​၏။ ဧဒင်ဥယျာဉ်​တွင်​သာမက မျက်မှောက်ခေတ်တွင်​လည်း ထို့​အတူ​ဖြစ်သည်။ အာဒံ​နှင့်​ဧဝ​တို့၏ ပုန်ကန်​သော​လမ်းစဉ်သည် လူသား​အားလုံး​အပေါ် အကြီးအကျယ်​ဆိုးကျိုး​သက်ရောက်​ခဲ့​၏။ (ကမ္ဘာဦး ၂:၁၅၊ ၁၆; ၃:၁-၆; ရောမ ၅:၁၂) သို့​တိုင် ကျွန်ုပ်​တို့​တစ်ဦးစီ​သည် ဖန်ဆင်း​ရှင်​နှင့် ကောင်းသော​ဆက်ဆံ​ရေး​ရှိ​လိုလျှင် ၎င်း​ဆက်ဆံ​ရေး​ကို တည်ဆောက်​ခွင့်​ရှိသည်။ လူ့​သမိုင်း​တွင် ဦးဆုံး​ညီနောင်​ရင်း​ချာ​ဖြစ်သော ကာဣန​နှင့် အာဗေလ​တို့၏​မှတ်တမ်းက ယင်းကို​ဖော်ပြ​သည်။

ဧဒင်ဥယျာဉ်​မှ အာဒံ​နှင့်​ဧဝ​ကို​နှင်ထုတ်​ပြီး​နောက် သူတို့နှင့် ဘုရားသခင်​စကားပြော​သည်​ဟု ကျမ်းစာ​မှတ်တမ်းက​မဖော်​ပြ​ချေ။ မည်သို့​ပင်​ဖြစ်ပါစေ၊ ယေဟောဝါ​သည် သူတို့၏​သားများ​နှင့် စကား​မပြော​ဘဲ​နေ​မည်​မဟုတ်ပေ။ ကာဣန​နှင့် အာဗေလ​တို့သည် ဖြစ်ပျက်​ခဲ့​သမျှ​ကို သူတို့​မိဘများ​ထံ​မှ သိရှိ​ခဲ့​မည်​မှာ သေချာ​သည်။ “အသက်​ပင်​လမ်းကို စောင့်ရှောက်​စေခြင်း​ငှာ မီးစက်​လက်နက်​နှင့်​တကွ ခေရုဗိမ်​တို့ကို” သူတို့​တွေ့မြင်​နေကြ၏။ (ကမ္ဘာဦး ၃:၂၄) ပင်ပန်း​နာကျင်မှု​က ဘဝ​ဖြစ်ရပ်မှန်များ​ဖြစ်လာ​လိမ့်​မည်​ဟူ​သည့် ဘုရားသခင်​၏​ကြေညာ​ချက် မှန်ကန်ကြောင်း​ကိုလည်း သူတို့​တွေ့မြင်​ခဲ့​ကြ​၏။—ကမ္ဘာဦး ၃:၁၆၊ ၁၉

မြွေ​ကို ယေဟောဝါ​ပြော​ခဲ့​သော ဤ​စကား​များ​ကိုလည်း ကာဣန​နှင့် အာဗေလ​တို့​သိ​ကြ​ပေမည်– “သင်​နှင့်​မိန်းမကို​လည်းကောင်း၊ သင်၏​အမျိုးအနွယ်​နှင့် မိန်းမ​၏​အမျိုးအနွယ်​ကိုလည်း​ကောင်း ငါသည် ရန်ငြိုး​ဖွဲ့​စေမည်။ သူသည် သင်၏​ခေါင်း​ကို​ကြိတ်​လိမ့်​မည်၊ သင်သည် သူ၏​ဖနောင့်​ကို​ကြိတ်​လိမ့်​မည်။” (ကမ္ဘာဦး ၃:၁၅) ယေဟောဝါ​အကြောင်း ကာဣန​နှင့် အာဗေလ​တို့ သိရှိ​ခဲ့​ရာ​များသည် ကိုယ်တော်​နှင့် မျက်နှာသာ​ရ​ဆက်ဆံ​ရေး​ရှိစေ​နိုင်​မည်။

ယေဟောဝါ​၏​ပရောဖက်ပြုချက်​နှင့် မေတ္တာ​ရှိ​ကျေးဇူးရှင်​အဖြစ် ကိုယ်တော်​၏​အရည်အသွေးများ​ကို ဆင်ခြင်​တွေးတောခြင်း​က ကာဣန​နှင့် အာဗေလ​တို့အား ဘုရားသခင်​၏​မျက်နှာတော် ရ​လို​စိတ်​ကို​ဖြစ်ပေါ်​စေ​ပေမည်။ သို့သော် သူတို့သည် ထို​စိတ်ဆန္ဒ​ကို အဘယ်​အတိုင်းအတာ​အထိ ပြုစု​ပျိုးထောင်​ကြ​မည်​နည်း။ ဘုရားသခင်​ကို ဝတ်ပြုလို​သည့် သူတို့၏​မွေးရာပါ​ဆန္ဒ​နှင့်​အညီ ပြုမူ​ကြ​ပြီး ကိုယ်တော်​ကို ယုံကြည်​ကြောင်း​တင်ပြ​သည့်​အထိ သူတို့၏​ဝိညာဉ်​ရေး​ကို တိုးပွား​စေမည်​လော။—မဿဲ ၅:၃

ညီနောင်​တို့ ပူဇော်ရာ​များ ယူဆောင်​လာ

အချိန်တန်​သောအခါ ကာဣန​နှင့် အာဗေလ​တို့သည် ဘုရားသခင်​ထံ ပူဇော်ရာ​များ ယူဆောင်​လာ​ကြ​၏။ ကာဣန​သည် မြေ​အသီးများ​ကို ဆက်သ​ပြီး အာဗေလ​မူ သူ၏​သိုးစု​မှ အ​ဦး​ဖွား​သော​သိုးများ​ကို ပူဇော်​ခဲ့​သည်။ (ကမ္ဘာဦး ၄:၃၊ ၄) သူတို့၏​အသက်သည် ၁၀၀ ခန့်​ရှိ​နိုင်၏၊ အကြောင်း​မှာ အာဒံ​၏​သား ရှေ​သ​မွေးဖွားချိန်​တွင် သူ၏​အသက် ၁၃၀ ရှိသည်။—ကမ္ဘာဦး ၄:၂၅; ၅:၃

ကာဣန​နှင့် အာဗေလ​တို့၏​ပူဇော်ရာ​များ​က သူတို့တွင် အပြစ်ရှိ​အနေအထား​ကို အသိအမှတ်​ပြုပြီး ဘုရားသခင်​၏​မျက်နှာသာ​ရ​လို​ကြောင်း​ဖော်ပြ​၏။ မြွေ​နှင့် မိန်းမ​၏​အမျိုးအနွယ်​အကြောင်း ယေဟောဝါ​၏​ကတိတော်​ကို သူတို့ အနည်းငယ်​စဉ်းစား​ခဲ့​ကြ​ပေမည်။ ကာဣန​နှင့် အာဗေလ​တို့သည် ယေဟောဝါ​၏​မျက်နှာသာ​ရ​ဆက်ဆံ​ရေး​ရရှိရန် အချိန်​မည်မျှ​ပေး​၍ မည်မျှ​ကြိုးစား​အားထုတ်​ခဲ့​သည်ကို မဖော်​ပြ​ထား​ချေ။ သို့သော် သူတို့၏​ပူဇော်ရာ​များ​ကို ဘုရားသခင်​တုံ့ပြန်​ပုံ​က တစ်ဦးစီ၏​စိတ်နှလုံး​အကြံအစည်​ကို ပေါ်လွင်​စေ​ခဲ့​၏။

ကာဣန​မွေးဖွားချိန်​တွင် ဧဝ​က “ထာဝရ​ဘုရား[သခင်]၏​လူကို ငါ​ရပြီ​ဟု​ဆို” သောကြောင့် ကာဣန​သည် မြွေ​ကို​ဖျက်ဆီး​မည့် “အမျိုးအနွယ်” ဖြစ်​လိမ့်​မည်​ဟု ဧဝ​ယူဆ​ခဲ့​ကြောင်း ကျမ်း​ပညာရှင်​အချို့​က​ဆို​၏။ (ကမ္ဘာဦး ၄:၁) ဤသို့ ကာဣန​ယူမှတ်ခဲ့​လျှင် အမှား​ကြီး​မှား​ပါ​သည်။ အခြား​တစ်ဖက်​တွင်​မူ၊ အာဗေလ​၏​ပူဇော်ရာ​ယဇ်​တွင် ယုံကြည်ခြင်း​နှင့်​ဒွန်တွဲ​နေ​၏။ သို့​ဖြစ်၍ “အာဗေလ​သည် ကာဣန​ပူဇော်​သော​ယဇ်​ထက် သာ၍​မြတ်သော​ယဇ်ကို ယုံကြည်ခြင်း​အားဖြင့် ဘုရားသခင်​အား​ပူဇော်​၏။”—ဟေဗြဲ ၁၁:၄

အာဗေလ​၏  ဝိညာဉ်​ရေးထိုး​ထွင်း​သိမြင်မှု​ရှိ​ခြင်း​နှင့်ကာဣန​၏ ဝိညာဉ်​ရေးထိုး​ထွင်း​သိမြင်မှု​မရှိခြင်း​တို့သည် ဤ​ညီနောင်​စပ်ကြား တစ်ခု​တည်း​သော​ကွာခြား​ချက်​သာ မဟုတ်​ချေ။ သူတို့၏​သဘောထား​ချင်း​လည်း ကွာခြား​၏။ ထို့​ကြောင့် “ထာဝရ​ဘုရား[သခင်]သည် အာဗေလ​နှင့် သူ၏​ပူဇော်[ရာ​ယဇ်]ကို ပမာဏ​ပြု​တော်​မူ​၏။ ကာဣန​နှင့်​သူ၏​ပူဇော်[ရာ​ယဇ်]ကို ပမာဏ​ပြု​တော်​မ​မူ။” ကာဣန​သည် သူ၏​ပူဇော်ရာ​ယဇ်ကို အပေါ်ယံ​သဘောဖြင့်​သာ ပူဇော်​ပြီး ဝတ်​ကျေ​တမ်း​ကျေ​မျှ​ဆက်သ​ခဲ့​ပုံ​ရသည်။ သို့ရာတွင် ဘုရားသခင်​သည် ဟန်ပြ​ဝတ်ပြု​ကိုးကွယ်​မှု​ကို မနှစ်သက်​ချေ။ ကာဣန​တွင် ဆိုးညစ်သော​နှလုံး​ရှိလာပြီး သူ၏​ရည်ရွယ်ချက်​မှား​များ​ကို ယေဟောဝါ​သတိပြုမိ​သည်။ ကာဣန​၏​ပူဇော်ရာ​ယဇ် ငြင်းပယ်​ခံရ​ခြင်း​ကို သူ၏​တုံ့ပြန်​ပုံ​က သူ၏​သဘောထား​အမှန်​ကို ပေါ်လွင်​စေ​ခဲ့​သည်။ တည့်မတ်​ပြုပြင်​မည့်​အစား “ကာဣန​သည် အလွန်​စိတ်ဆိုး​၍ မျက်နှာ​ပျက်​လေ​၏။” (ကမ္ဘာဦး ၄:၅) သူ၏​အမူအကျင့်​က ဆိုးညစ်သော​အယူအဆ​များ​ရှိပြီး ရည်ရွယ်ချက်​မှား​ကြောင်း ဖော်ပြ​နေသည်။

သတိပေး​ခြင်း​နှင့် တုံ့ပြန်​ခြင်း

ဘုရားသခင်​သည် ကာဣန​၏​သဘောထားကို​သိရှိ​သောကြောင့် ဤသို့​ဆုံးမ​ခဲ့​၏– “သင်သည် အဘယ်ကြောင့် စိတ်ဆိုး​သနည်း။ အဘယ်ကြောင့်​မျက်နှာ​ပျက်​သနည်း။ သင်သည် ကောင်းမွန်​စွာ​ပြု​လျှင် အခွင့်​မရ​လော။ ကောင်းမွန်​စွာ​မပြုလျှင် အပြစ်ဖြေ​သော​ယဇ်ကောင်​သည် တံခါး​နား​မှာ ဝပ်​လျက်​ရှိ၏။ သူသည် သင်၏​အလို​သို့​လိုက်၍ သင်သည် သူ့ကို​အုပ်စိုး​ရ၏။”—ကမ္ဘာဦး ၄:၆၊ ၇

ဤ​တွင် ကျွန်ုပ်​တို့အတွက် လက်တွေ့ကျ​သင်ခန်းစာ​ရှိသည်။ အမှန်​ဆို​သော် ကျွန်ုပ်​တို့​ရှေ့မှောက် အပြစ်ပြု​နိုင်​စ​ရာ​အကြောင်း များစွာ​ရှိ၏။ သို့​တိုင် ဘုရားသခင်​သည် ကျွန်ုပ်​တို့ကို လွတ်လပ်​စွာ​ဆုံးဖြတ်​ပိုင်ခွင့်​ပေး​ထား​ရာ မှန်ရာကို​ရွေးချယ်​ပြုလုပ်​နိုင်​သည်။ ယေဟောဝါ​သည် ကာဣန​ကို “ကောင်းမွန်​စွာ​ပြု” ရန်​ပြောဆို​သော်လည်း အတင်းအကျပ်​မပြု​လုပ်ခဲ့​ချေ။ ကာဣန​သည် သူ့​လမ်း​သူ​ရွေးချယ်​ခဲ့​၏။

မှုတ်သွင်းခံ​မှတ်တမ်းက ဤသို့​ဆက်ဆို​သည်– “ကာဣန​က​လည်း ‘လယ်​သို့​သွား​ကြ​ကုန်​အံ့’ ဟု ညီ​အာဗေလ​ကို​ခေါ်​၍ လယ်​သို့​ရောက်​သောအခါ ညီ​အာဗေလ​ကို ရန်ဘက်ပြု​၍​သတ်​လေ​၏။” (ကမ္ဘာဦး ၄:၈) သို့​နှင့် ကာဣန​သည် နာခံမှု​မရှိသော သွေးအေး​လူသတ်သမား​တစ်ဦး​ဖြစ်လာ​ခဲ့​သည်။ ယေဟောဝါ​က “သင့်​ညီ​အာဗေလ​သည် အဘယ်​မှာ​ရှိ​သနည်း” ဟု​မေး​သောအခါ သူသည် နည်းနည်းလေး​မှ​နောင်တ​မရခဲ့​ချေ။ ယင်းအစား၊ အကြင်နာ​ကင်းမဲ့​စွာ မောက်မောက်မာမာ​ဖြင့် “အကျွန်ုပ်​မသိ​ပါ။ အကျွန်ုပ်သည် ညီ​ကို​စောင့်​ရသော​သူ​ဖြစ်ပါ​သလော” ဟု​ကာဣန​လျှောက်ဆို​၏။ (ကမ္ဘာဦး ၄:၉) ဤသို့​ဗြောင်​လိမ်ညာ​ပြီး တာဝန်​မယူ​ခြင်း​က ကာဣန​၏​အကြင်နာ​ကင်းမဲ့မှု​ကို ဖော်ပြ​သည်။

ယေဟောဝါ​သည် ကာဣန​ကို ကျိန်​ပြီး ဧဒင်ဥယျာဉ်​ဝန်းကျင်​မှ နှင်ထုတ်​လိုက်​လေ​သည်။ ကျိန်ခြင်း​ခံရ​ပြီး​သော​မြေကြီး​သည် ကာဣန​ကိစ္စ​တွင် ပို​၍​ထင်ရှား​လာပြီး မြေကြီးကို သူ​စိုက်​ပျိုး​သည့်​အခါ အသီးသီး​လိမ့်​မည်​မဟုတ်ပေ။ သူသည် မြေကြီးပေါ်​တွင် ခြေဦး​တည့်​ရာ​လှည့်လည်​သွားလာ​ရ​လိမ့်​မည်။ ကြီး​လေး​သော​ပြစ်ဒဏ်​စီရင်ခံ​ရခြင်း​ကို ကာဣန​ညည်းညူ​ခဲ့​ခြင်း​က ညီ​ကို​လုပ်ကြံ​မှုကြောင့် မိမိ​လက်တုံ့ပြန်​ခံရ​မည်​ကို စိုးရိမ်​ကြောင်း ထင်ရှား​သော်လည်း သူ့​တွင် စိတ်ရင်းမှန်​သော​နောင်တ​မရှိကြောင်း ပေါ်လွင်​သည်။ ယေဟောဝါ​သည် ကာဣန​အတွက် “အမှတ်” လက္ခဏာ​တစ်ခု​ပေး​တော်​မူ​ခဲ့​သည်၊ ယင်း​ကား အရေးပါ​လေးနက်​သော​အမိန့်​တစ်ခု​ဖြစ်​နိုင်​ပြီး ၎င်းကို အခြားသူများ လိုက်နာ​ကြ​ရ​ပေမည်၊ သူ့ကို ကလဲ့စားချေ​ပြန်​သတ်​ခြင်း​မှ ကာကွယ်​ခံရ​လိမ့်​မည်​ဖြစ်သည်။—ကမ္ဘာဦး ၄:၁၀-၁၅

ထို့နောက် ကာဣန​သည် “ထာဝရ​ဘုရား[သခင်]ထံ​တော်​မှ​ထွက်သွား​၍ ဧဒင်​ပြည်​အရှေ့ နော​ဒ​ပြည်​တွင်​နေ​လေ​၏။” (ကမ္ဘာဦး ၄:၁၆) သူ၏​ညီမ​များ​မှ သို့​မဟုတ် တူမ​များ​မှ ဇနီး​အဖြစ် တစ်ဦး​ကို​ယူပြီး သူ၏​သားဦး ဧနောက်​အမည်​ဖြင့် မြို့​တစ်မြို့​ကို တည်ထောင်​ခဲ့​သည်။ ကာဣန​မှ​ဆင်းသက်လာ​သူ လာ​မက်​သည် ဘုရားတရား​မဲ့​ဘိုးဘေး​ကဲ့သို့​ပင် အကြမ်းဖက်​သူ​တစ်ဦး​ဖြစ်လာ​လေ​သည်။ သို့သော် ကာဣန​၏​ဆွေစဉ်မျိုးဆက်​သည် နောဧ​ခေတ် ရေလွှမ်းမိုး​ချိန်​တွင် ဖျက်ဆီး​ခံ​ခဲ့​ရ၏။—ကမ္ဘာဦး ၄:၁၇-၂၄

ကျွန်ုပ်​တို့အတွက်​သင်ခန်းစာများ

ကာဣန​နှင့် အာဗေလ​တို့၏​မှတ်တမ်း​မှ ကျွန်ုပ်​တို့​သင်ခန်းစာ​ရယူ​နိုင်​သည်။ “[စာတန်]နှင့်​ဆိုင်၍ မိမိ​ညီ​ကို​သတ်​သော​ကာဣန​ကဲ့သို့​မဟုတ်၊” အချင်းချင်း​တစ်ယောက်ကို​တစ်ယောက် ချစ်​ကြ​ရန် ခရစ်ယာန်​များ​ကို တမန်​တော်​ယောဟန်​တိုက်တွန်း​ခဲ့​သည်။ ကာဣန​၏ “အကျင့်​သည် ဆိုးယုတ်​၍ ညီ​၏​အကျင့်​သည် ဖြောင့်မတ်​သတည်း။” “မိမိ​ညီအစ်ကို​ကို​မုန်း​သော​သူ​မည်​သည်​ကား၊ လူ​အသက်ကို​သတ်​သော​သူ​ဖြစ်၏။ လူ​အသက်ကို​သတ်​သော​သူ​တစ်စုံ​တစ်ယောက်​၌​မျှ ထာဝရ​အသက်​မတည်​သည်ကို သင်တို့​သိ​ကြ​၏” ဟူ၍လည်း ယောဟန်​ဖော်ပြ​သည်။ မှန်ပါသည်၊ ခရစ်ယာန်​ချင်း​များ​ကို ကျွန်ုပ်​တို့​ဆက်ဆံပုံ​သည် ဘုရားသခင်​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး၊ ကျွန်ုပ်​တို့၏​အသက်​ရ​ရေး​အပေါ် ဩဇာ​သက်ရောက်​သည်။ ယုံကြည်သူချင်း​တစ်ဦး​တစ်ယောက်ကို မုန်း​လျှင် ဘုရားသခင်​၏​မျက်နှာသာတော် ရရှိနိုင်​မည်​မဟုတ်​ချေ။—၁ ယောဟန် ၃:၁၁-၁၅; ၄:၂၀

ကာဣန​နှင့် အာဗေလ​တို့သည် တစ်​ပုံစံ​တည်း​ပြုစု​ပျိုးထောင်​ခံ​ခဲ့​ရ​သော်လည်း ကာဣန​မှာ​မူ ဘုရားသခင်​ကို ယုံကြည်ခြင်း​မရှိ​ချေ။ အမှန်​ဆို​ရ​လျှင် သူသည် အဦးဆုံး ‘လူသတ်သမား​နှင့် မုသာ​၏​အဘ’ ဖြစ်သူ စာတန်​၏​စိတ်ဓာတ်​ကို ပြသ​ခဲ့​သည်။ (ယောဟန် ၈:၄၄) ကာဣန​၏​လမ်းစဉ်​က ကျွန်ုပ်​တို့အားလုံး ရွေးချယ်မှု​ပြု​ရမည်ကို​ဖော်ပြ​သည်၊ အပြစ်ပြု​လို​သူများ​သည် ဘုရားသခင်​နှင့်​ဝေးကွာ​သွားပြီး နောင်တ​မရသူ​များ​ကို ယေဟောဝါ​တရား​စီရင်​မည်​ဖြစ်​ကြောင်း သိရှိ​စေ​သည်။

အခြား​တစ်ဖက်​တွင်​မူ၊ အာဗေလ​သည် ယေဟောဝါ​ကို​ယုံကြည်​ကြောင်း တင်ပြ​ခဲ့​သည်။ မှန်ပါသည်၊ “အာဗေလ​သည် ကာဣန​ပူဇော်​သော​ယဇ်​ထက် သာ၍​မြတ်သော​ယဇ်ကို ယုံကြည်ခြင်း​အားဖြင့် ဘုရားသခင်​အား​ပူဇော်​၏။ ထိုသို့​သော​ယဇ်ကို​ပူဇော်​၍ မိမိ​ဖြောင့်မတ်​သည်​ဟု သက်သေခံ​တော်​မူ​ခြင်း​ကို​ရလေ​၏။ အဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သူ​လှူ​သော​အလှူ​ကို ဘုရားသခင်​သည် လက်ခံ​တော်​မူ​၏။” သမ္မာကျမ်းစာ​တွင် အာဗေလ​၏​စကား တစ်ခွန်း​တစ်​ပါ​ဒ​မျှ​မပါ​ရှိသော်လည်း သူ၏​ယုံကြည်ခြင်း​ပုံ​နမူနာ​အားဖြင့် သူသည် “ယခု​ပင် တရားဟော​သေး​၏။”—ဟေဗြဲ ၁၁:၄

သမာဓိ​စောင့်သိ​သူများ​စာရင်း​တွင် အာဗေလ​သည် ထိပ်ဆုံး​ဖြစ်သည်။ သူ့​အသွေး​၏ ‘အသံသည် မြေ​ထဲ​က ယေဟောဝါ​ကို အော်ဟစ်’ လျက်​ရှိ၏၊ မေ့ပျောက်​၍​မရနိုင်​ချေ။ (ကမ္ဘာဦး ၄:၁၀; လုကာ ၁၁:၄၈-၅၁) အာဗေလ​နည်းတူ ကျွန်ုပ်​တို့​လည်း ယုံကြည်ခြင်း​တင်ပြ​ကြ​မည်​ဆိုလျှင် ယေဟောဝါ​နှင့် တန်ဖိုး​မ​ဖြတ်​နိုင်သော မြဲမြံ​သည့်​ဆက်ဆံ​ရေး​ကို ရရှိနိုင်​ကြ​ပါ​သည်။

[စာမျက်နှာ ၂၂ ပါ လေးထောင့်ကွက်]

လယ်သမား​နှင့် သိုးထိန်း

စိုက်ပျိုးခြင်း​နှင့် တိရစ္ဆာန်​များ​ထိန်းကျောင်း​ခြင်း​သည် အာဒံ​ကို ဘုရားသခင် ဦးဆုံး​ပေး​ခဲ့​သည့် တာဝန်​အချို့​ဖြစ်၏။ (ကမ္ဘာဦး ၁:၂၈; ၂:၁၅; ၃:၂၃) သူ၏​သား​ကာဣန​သည် လယ်​လုပ်ပြီး အာဗေလ​သည် သိုးထိန်း​ခဲ့​သည်။ (ကမ္ဘာဦး ၄:၂) သို့သော် ရေလွှမ်းမိုးခြင်း​မတိုင်မီ ဟင်းသီးဟင်းရွက်​များ​ကို​သာ လူ​တို့​စား​ကြ​ရာ​အဘယ်ကြောင့် သိုးမွေး​မြူ​ကြ​သနည်း။—ကမ္ဘာဦး ၁:၂၉; ၉:၃၊ ၄

သိုးများ​သည် ကျန်းမာ​သန်စွမ်း​ရန် ဂရုစိုက်​ပေးဖို့​လို​သည်။ လူ့​သမိုင်းအစ​အ​ဦး​ကတည်းက လူသည် အဆိုပါ​အိမ်မွေး တိရစ္ဆာန်​များ​ကို မွေးမြူ​ခဲ့​ကြောင်း အာဗေလ​၏​အလုပ်​က ထင်ရှားစေ​သည်။ ကနဦး​လူသားများ​သည် တိရစ္ဆာန်​နို့​ကို သောက်သုံး​သည်၊ မ​သောက်သုံး​သည်ကို ကျမ်းစာ​က​မဖော်ပြသော်လည်း ဟင်းသီးဟင်းရွက်​စား​သူများ​ပင် သိုးမွေး​ကို​အသုံးပြုနိုင်​ကြသည်။ ထို့​ပြင် သိုးများ​သေ​သောအခါ သူတို့၏​သားရေ​များ​ကိုလည်း အသုံးပြု​ကြ​၏။ ဥပမာ၊ ယေဟောဝါ​သည် အာဒံ​နှင့် ဧဝ,ဝတ်ဆင်​ရန် “သားရေ​ဖြင့် ဝတ်လုံ” ကို​ပေး​ခဲ့​သည်။—ကမ္ဘာဦး ၃:၂၁

မည်သို့​ပင်​ဖြစ်ပါစေ၊ ကာဣန​နှင့် အာဗေလ​တို့သည် အစပိုင်း​၌ တစ်ဦး​နှင့် တစ်ဦး ပူးပေါင်း​ဆောင်ရွက်​ခဲ့​ကြသည်​ဟု ယူဆ​ဖို့​အကြောင်း​ရှိသည်။ မိသားစု​ထဲ​ရှိ​သူများ​ဝတ်ဆင်​ရန်​နှင့် စားသောက်​ရန် သူတို့​ပြုလုပ်​ပေး​ခဲ့​ကြသည်။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ကာဣန​၏ “အကျင့်​သည် ဆိုးယုတ်​၍ ညီ​၏​အကျင့်​သည် ဖြောင့်မတ်​သတည်း”