မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ—အမြင့်မြတ်ဆုံး ကောင်းမြတ်ခြင်း စံနမူနာရှင်

ယေဟောဝါ—အမြင့်မြတ်ဆုံး ကောင်းမြတ်ခြင်း စံနမူနာရှင်

ယေဟောဝါ—အမြင့်မြတ်ဆုံး ကောင်းမြတ်​ခြင်း စံနမူနာရှင်

“[ယေဟောဝါ] သည် ကောင်းမြတ်​တော်​မူ . . . သောကြောင့် . . . ဗိုလ်ခြေ​အရှင် [ယေဟောဝါ] ကို​ချီးမွမ်း​ကြလော့။” —ယေရမိ ၃၃:၁၁

၁။ ဘုရားသခင်​၏ ကောင်းမြတ်​တော်​မူ​ခြင်း​အတွက် ကိုယ်တော်​အား​ချီးမွမ်း​ရန် ကျွန်ုပ်​တို့​အဘယ်ကြောင့်​လှုံ့ဆော်​ခံရ​ကြ​သနည်း။

ယေဟောဝါ​ဘုရားသခင်​သည် အကြွင်းမဲ့​သဘောဖြင့် ကောင်းမြတ်​တော်​မူ​၏။ “[ကိုယ်တော်​၏​ကောင်းမြတ်​ခြင်း] သည် အလွန်​ကြီး​စွ​တကား” ဟု​ပရောဖက်​ဇာခရိ​ကြွေးကြော်​ခဲ့​သည်။ (ဇာခရိ ၉:၁၇) အမှန်ဆိုလျှင် ကျွန်ုပ်​တို့​မွေ့လျော်​ခံစား​ဖို့ မြေကြီးကို​ပြင်ဆင်​ရာ​၌ ဘုရားသခင်​ပြု​ခဲ့​လေ​သမျှ​တွင် ကောင်းမြတ်​ခြင်း​ထင်ဟပ်​လျက်​ရှိသည်။ (ကမ္ဘာဦး ၁:၃၁) စကြဝဠာ​ကို​ဖန်ဆင်း​စဉ်​က ဘုရားသခင်​အတည်ပြုခဲ့​သော ရှုပ်ထွေး​နက်နဲ​သည့်​နိယာမ​အားလုံး​ကို ကျွန်ုပ်​တို့​ဘယ်​သောအခါ​မျှ နားလည်​နိုင်​မည်​မဟုတ်။ (ဒေ. ၃:၁၁; ၈:၁၇) သို့သော် ကျွန်ုပ်​တို့​သိထား​သည့် အနည်း​အကျဉ်း​က ဘုရားသခင်​၏ ကောင်းမြတ်​တော်​မူ​ရာ​အတွက် ကိုယ်တော်​အား​ချီးမွမ်း​ရန်​လှုံ့ဆော်ပေး​သည်။

၂။ ကောင်းမြတ်​ခြင်း​ကို သင်​မည်သို့​အဓိပ္ပာယ်​ဖွင့်​မည်​နည်း။

ကောင်းမြတ်​ခြင်း​ဟူသည် အဘယ်နည်း။ ယင်းသည် အထူး​ကောင်းမွန်​သည့်​ကိုယ်ကျင့်တရား သို့​မဟုတ် မွန်မြတ်သော​အကျင့်​ဖြစ်သည်။ သို့သော် မကောင်းမှု​မှန်သမျှ မရှိ​ရုံ​မျှ​မကပါ။ ဝိညာဉ်​အသီး​တစ်လုံး​ဖြစ်သော ကောင်းမြတ်​ခြင်း​သည် အပြုသဘော​ပါ​သော​အရည်အသွေး​တစ်ခု​ဖြစ်သည်။ (ဂလာတိ ၅:၂၂၊ ၂၃) သူတစ်ပါး​အကျိုးသယ်ပိုး​၍ ကောင်းမှု​ပြုသော​အခါ ကောင်းမြတ်​ခြင်း​ကို ကျွန်ုပ်​တို့​တင်ပြ​ကြသည်။ ဤ​အစီအစဉ်​စနစ်​တွင် အချို့​အသိုင်းအဝိုင်း​က အကောင်း​ဟု​ယူမှတ်​ရာ​ကို အခြားသူ​တို့​က အဆိုး​ဟု​ရှုမြင်ကြ​ပေမည်။ သို့သော် ငြိမ်သက်မှု​နှင့်​ပျော်ရွှင်မှု​ကို ကျွန်ုပ်​တို့​ခံစား​လို​ပါ​က ကောင်းမြတ်​ခြင်း​ဆိုင်ရာ စံနှုန်း​တစ်ခု​တည်း​ရှိ​ရ​ပေမည်။ ၎င်း​စံနှုန်း​ကို မည်သူ​မှန်ကန်​စွာ ပြဋ္ဌာန်း​ပေး​နိုင်​သနည်း။

၃။ ကောင်းမြတ်​ခြင်း​စံနှုန်း​နှင့်​ပတ်သက်​၍ ကမ္ဘာဦး ၂:၁၆၊ ၁၇ က​အဘယ်အရာကို​ဖော်ပြ​သနည်း။

ကောင်းမြတ်​ခြင်း​စံနှုန်း​ကို ဘုရားသခင်​ပြဋ္ဌာန်း​တော်​မူ​သည်။ လူ့​သမိုင်းအစ​တွင် ယေဟောဝါ​သည် ပထမ​လူသားကို ဤသို့​မိန့်မှာ​ခဲ့​သည်– “ကောင်း​မကောင်း​ကို​သိကျွမ်းရာ​အပင်​မှတစ်ပါး ထို​ဥယျာဉ်​၌​ရှိသမျှ​သော​အပင်​တို့၏​အသီးကို သင်သည်​စား​ရသော​အခွင့်​ရှိ၏။ ထို​အပင်​၏​အသီးကို​ကား​မစား​ရ။ စား​သော​နေ့တွင် ဧကန်​အမှန်​သေရ​မည်။”(ကမ္ဘာဦး ၂:၁၆၊ ၁၇) မှန်ပါသည်၊ ကောင်း​မကောင်း​ကို​သိကျွမ်းဖို့ လူသား​တို့သည် မိမိတို့​ဖန်ဆင်း​ရှင်​ကို မျှော်ကိုး​ဖို့​လို​သည်။

မခံစားထိုက်သော ကောင်းမြတ်​ခြင်း​ထင်ရှား​ပြသမှု

၄။ အာဒံ​အပြစ်ပြု​ပြီး​ချိန်​မှ​စ၍ ဘုရားသခင်​သည် လူသားတို့​အတွက် အဘယ်အရာ​ပြု​တော်​မူ​ခဲ့ပြီ​နည်း။

ကောင်းမြတ်​ခြင်း​စံနှုန်း​များ​ကို ဘုရားသခင်​ပြဋ္ဌာန်း​ပိုင်ခွင့်​ရှိကြောင်း အာဒံ​အပြစ်ပြု​ပြီး အသိအမှတ်ပြု​ဖို့​ငြင်းပယ်​ခဲ့​စဉ်​က စုံလင်မှု​ဖြင့် လူသား​တို့ ထာဝရ​ပျော်ရွှင်စွာ​နေထိုင်​ရမည့် အလားအလာကို​ထိခိုက်​စေ​ခဲ့​သည်။ (ကမ္ဘာဦး ၃:၁-၆) သို့သော် အပြစ်​နှင့်​သေခြင်းကို အမွေခံ​ရသူ​များ​အဖြစ် အာဒံ​၏​သားမြေး​များ​မမွေးဖွား​မီ ဘုရားသခင်​သည် စုံလင်သော​မျိုးနွယ်တော်​ကြွလာ​မည့်​အကြောင်း ကြိုပြော​ခဲ့​သည်။ အမှန်​မှာ “ရှေး​မြွေ​ဟောင်း” စာတန်​ကို​ရည်စူး​ပြီး ဤသို့​ယေဟောဝါ​အတိအလင်း​မိန့်ဆိုခဲ့သည်– “သင်​နှင့်​မိန်းမကို​လည်းကောင်း၊ သင်၏​အမျိုးအနွယ်​နှင့် မိန်းမ​၏​အမျိုးအနွယ်​ကိုလည်း​ကောင်း ငါသည်​ရန်ငြိုး​ဖွဲ့​စေမည်။ သူသည်​သင်၏​ခေါင်း​ကို​ကြိတ်​လိမ့်​မည်၊ သင်သည်​သူ၏​ဖနောင့်​ကို​ကြိတ်​လိမ့်​မည်။” (ဗျာဒိတ် ၁၂:၉; ကမ္ဘာဦး ၃:၁၅) ယေဟောဝါ​၏​ရည်ရွယ်တော်မူချက်​မှာ အပြစ်သားများကို ပြန်လည်​ရွေးနုတ်​ဖို့​ဖြစ်သည်။ မခံစားထိုက်သော ကောင်းမြတ်​ခြင်း​ကို ထင်ရှား​ပြသ​ရာ​တွင် ယေဟောဝါ​သည် မိမိ​ချစ်​မြတ်နိုးသော​သားတော်​၏ ရွေးနုတ်ဖိုး​ပူဇော်​ခြင်း​ကို ယုံကြည်​ကြောင်း​တင်ပြ​သူတို့အား ကယ်တင်​ဖို့ အမှန်​စီစဉ်​ထား​တော်​မူ​ပြီ။—မဿဲ ၂၀:၂၈; ရောမ ၅:၈၊ ၁၂

၅။ ဆိုးညစ်သော​စိတ်နှလုံး​အကြံအစည်​ကို ကျွန်ုပ်​တို့​အမွေ​ရခဲ့​ကြ​သည့်​တိုင် ကောင်းမြတ်​ခြင်း​ကို အတိုင်းအတာ​တစ်ခု​အထိ အဘယ်ကြောင့်​တင်ပြ​နိုင်​ကြ​သနည်း။

အမှန်​မှာ အာဒံ​၏​အပြစ်​ကြောင့် ကျွန်ုပ်​တို့သည် စိတ်နှလုံး​အကြံအစည်​ဆိုး​ကို အမွေ​ရထား​ကြသည်။ (ကမ္ဘာဦး ၈:၂၁) သို့သော် ဝမ်းသာစရာ​မှာ ကောင်းမြတ်​ခြင်း​ကို အတိုင်းအတာ​တစ်ခု​အထိ​တင်ပြ​နိုင်​ရန် ကျွန်ုပ်​တို့ကို ယေဟောဝါ​ကူညီ​ပေးခြင်း​ဖြစ်သည်။ ကိုယ်တော်​၏​အဖိုးတန်​သမ္မာကျမ်းစာ​မှ သင်ယူခဲ့ရာ​များ​၌ တည်​နေခြင်း​အားဖြင့် ကျွန်ုပ်​တို့သည် ‘ကယ်တင်ခြင်း​အလို​ငှာ ပညာ’ ရစေ​၍ ‘ကောင်းမှု​အမျိုးမျိုး​တို့ကို​ပြု​ဖို့ ပြင်ဆင်’ ခံရ​ရုံ​မ​က ကိုယ်တော့်​မျက်မှောက်တော်၌​လည်း ကောင်းမှု​ပြု​စေပါ​သည်။ (၂ တိမောသေ ၃:၁၄-၁၇) သို့သော် ကျမ်းစာ​သွန်သင်ချက်​မှ အကျိုး​ရရှိ​ပြီး ကောင်းမြတ်​ခြင်း​ကို​တင်ပြ​ဖို့ “ကိုယ်တော် [ယေဟောဝါ] သည် ကောင်းသော​သဘော၊ ကျေးဇူးပြု​တတ်သော​သဘော​ရှိ​တော်​မူ​၏။ အထုံးအဖွဲ့တော်​တို့ကို အကျွန်ုပ်​၌ သွန်သင်​တော်​မူ​ပါ” ဟု​သီဆို​ခဲ့​သူ ဆာလံဆရာ​၏​သဘောထားမျိုး ကျွန်ုပ်​တို့​၌​ရှိ​ရ​ကြ​မည်။—ဆာလံ ၁၁၉:၆၈

ယေဟောဝါ​၏​ကောင်းမြတ်​ခြင်း ချီးမွမ်း​ခံရ

၆။ ပဋိညာဉ်သေတ္တာ​ကို ယေရုရှလင်​မြို့​သို့ ဒါဝိဒ်​ယူဆောင်​ခဲ့​ပြီး​နောက် အဘယ်​ဖော်ပြချက်​ပါရှိ​သော သီချင်း​တစ်ပုဒ်​ကို လေဝိ​သားတို့​သီဆို​ခဲ့​ကြ​သနည်း။

ရှေးခေတ်​ဣသရေလ​ရှင်ဘုရင်​ဒါဝိဒ်​သည် ဘုရားသခင်​၏​ကောင်းမြတ်​ခြင်း​ကို အသိအမှတ်ပြု​၍ ကိုယ်တော့်​လမ်းညွှန်မှုကို​ရှာယူ​ခဲ့​သည်။ “[ယေဟောဝါ] သည် ကောင်းသော​သဘော၊ ဖြောင့်မတ်​သော​သဘော​နှင့်​ပြည့်စုံ​တော်​မူ​သည်​ဖြစ်၍ အပြစ်ရှိ​သော​သူတို့ကို လမ်းပြ​တော်​မူ​၏” ဟု​ဒါဝိဒ်​ဆို​ခဲ့​သည်။ (ဆာလံ ၂၅:၈) ဣသရေလ​လူမျိုး​ကို​ပေး​ခဲ့​သော ဘုရားသခင့်​ညွှန်ကြားချက်​တွင် ကျောက်ပြား​နှစ်ပြား​ပေါ်​ရေးသား​ပြီး မြင့်မြတ်​သော​သေတ္တာတော်​ခေါ် ပဋိညာဉ်သေတ္တာ​ထဲ​ထည့်​ထား​သည့် အရေးကြီး​ဥပဒေ​ဆယ်ခု—ပညတ်တော်​ဆယ်ပါး—ပါဝင်​သည်။ သေတ္တာတော်​ကို ဣသရေလ​နိုင်ငံ​၏​မြို့တော် ယေရုရှလင်​မြို့​သို့ ဒါဝိဒ်​ယူဆောင်​လာပြီး​နောက် ဤ​ဖော်ပြချက်​ပါ​သော​သီချင်း​တစ်ပုဒ်​ကို လေဝိ​သားတို့​သီဆို​ခဲ့​ကြသည်– “[ယေဟောဝါ] ဘုရား[သခင်]သည် ကောင်းမြတ်​တော်​မူ​၍ ကရုဏာတော် [သနား​ကြင်နာ​ခြင်း]အစဉ်အမြဲ​တည်​သောကြောင့် ဂုဏ်​ကျေးဇူးတော်​ကို ချီးမွမ်း​ကြလော့။” (၁ ရာဇဝင်ချုပ် ၁၆:၃၄၊ ၃၇-၄၁) ဤ​စကား​များ​ကို လေဝိ​သီချင်းသည်​များ​၏​နှုတ်​မှ ကြား​ရခြင်း​သည် နှစ်လိုဖွယ်​ကောင်း​လိုက်​လေ​ခြင်း!

၇။ ပဋိညာဉ်​သေတ္တာတော်​ကို အသန့်ရှင်းဆုံး​အခန်း​ထဲ​ယူဆောင်​လာပြီး ရှောလမုန်​၏​အပ်နှံမှု​ဆုတောင်းချက်​ပြီး​နောက် အဘယ်အရာ​ဖြစ်ပျက်​ခဲ့​သနည်း။

ဒါဝိဒ်​၏​သားတော် ရှောလမုန်​တည်ဆောက်​ခဲ့​သော ဘုရားသခင့်​ဗိမာန်တော်​အပ်နှံ​ပွဲ​အတွင်း အလားတူ​ချီးမွမ်း​စကား​များ​ကို အလေးပေး​ဖော်ပြ​ခဲ့​ကြသည်။ ပဋိညာဉ်​သေတ္တာတော်​ကို တည်ဆောက်​ထား​ခါ​စ ဗိမာန်တော်​၏ အသန့်ရှင်းဆုံး​ဌာန​အတွင်း​ထည့်​ပြီး​နောက် လေဝိ​သားတို့​က “ကိုယ်တော်​သည် ကောင်းမြတ်​တော်​မူ​၏။ မေတ္တာ​ကျေးဇူးတော်​အစဉ်အမြဲ​တည်​၏” ဟူ၍ ယေဟောဝါ​ကို​စတင်​ချီးမွမ်း​ခဲ့​ကြသည်။ ထို​အခါသမယ​တွင် ဗိမာန်တော်​သည် ယေဟောဝါ​၏​ဘုန်းတော်​သက်ရောက်​ကြောင်း ကိုယ်စား​ပြု​သည့် မိုးတိမ်​ဖြင့် အံ့ဖွယ်ကောင်း​စွာ​ပြည့်​လေ​၏။ (၂ ရာဇဝင်ချုပ် ၅:၁၃၊ ၁၄) ရှောလမုန်​၏​အပ်နှံမှု​ဆုတောင်းချက်​ပြီး​နောက် “ကောင်းကင်​မှ​မီး​ကျ​၍ မီးရှို့​ရာ​ယဇ်​အစ​ရှိသော ယဇ်မျိုး​ကို​လောင် . . . ၏။” ယင်းကို​မြင်​သောအခါ “ဣသရေလ​အမျိုးသား​အပေါင်းတို့သည် . . . ကျောက်​ခင်း​အရပ်၌ မြေပေါ်မှာဦးချ​ပျပ်ဝပ်​လျက် ‘ကောင်းမြတ်​တော်​မူ​သည်၊ ကရုဏာတော် [သနား​ကြင်နာ​ခြင်း]အစဉ်အမြဲ​တည်​သည်’ ဟု [ယေဟောဝါ] ကိုကိုး​ကွယ်​၍ ဂုဏ်တော်​ကို​ချီးမွမ်း​ကြ​၏။” (၂ ရာဇဝင်ချုပ် ၇:၁-၃) ၁၄ ရက်​ကြာ​ပွဲခံ​ပြီး​နောက် “[ယေဟောဝါ] သည် ဒါဝိဒ်​နှင့်​ရှောလမုန်​မှ​စ​သော မိမိလူ​ဣသရေလ​အမျိုးသား​တို့​၌ ပြု​တော်​မူသမျှ​သော​ကျေးဇူးတော်​ကြောင့် ဝမ်းမြောက်​ရွှင်လန်း​လျက်” ဣသရေလလူ​တို့သည် မိမိတို့​အိမ်သို့ပြန်​သွား​ကြ​၏။—၂ ရာဇဝင်ချုပ် ၇:၁၀

၈၊ ၉။ (က) ဣသရေလလူ​တို့သည် ယေဟောဝါ​၏​ကောင်းမြတ်​ခြင်း​ကို​ချီးမွမ်း​ခဲ့​ကြသော်လည်း အဆုံး​၌ အဘယ်​လမ်းစဉ်​လိုက်ခဲ့​ကြ​သနည်း။ (ခ) ယေရုရှလင်​မြို့​နှင့်​ပတ်သက်​၍ ယေရမိ​အားဖြင့် အဘယ်အရာ​ကြို​ဟောခဲ့​ပြီး ထို​ပရောဖက်ပြုချက်​သည် မည်သို့​ပြည့်စုံ​ခဲ့​သနည်း။

ဝမ်းနည်းစရာမှာ ဣသရေလလူ​တို့သည် ဘုရားသခင်​ထံ မိမိတို့၏​ချီးမွမ်း​သီချင်းများ​နှင့်​အညီ ဆက်​မနေထိုင်​ခဲ့​ကြ​ချေ။ အချိန်တန်သော် ယုဒ​လူတို့သည် ‘နှုတ်ခမ်း​နှင့်​သာ ယေဟောဝါ​ကို ဂုဏ်တင်​ချီးမွမ်း​ခဲ့​ကြသည်။’ (ဟေရှာယ ၂၉:၁၃) သူတို့သည် ဘုရားသခင်​၏ ကောင်းမြတ်​ခြင်း​စံနှုန်း​နှင့်​လျော်ညီစွာ ပြုမူ​မည့်​အစား မကောင်းမှုကို​ကျင့်​စ​ပြု​ခဲ့​ကြသည်။ သူတို့၏​မကောင်းမှု​၌ အဘယ်အရာ​များ​ပါဝင်​သနည်း။ ရုပ်ပုံ​ကိုးကွယ်​ခြင်း၊ အကျင့်​ယိုယွင်းခြင်း၊ ဆင်းရဲသား​များ​ကို​ဖိနှိပ်ခြင်း​နှင့် အခြားကြီး​လေး​သော​အပြစ်​များ​ကို ပြု​ကြသည်​တကား! ယင်းကြောင့် ဘီ.စီ.အီး. ၆၀၇ ခုနှစ်​တွင် ယေရုရှလင်​မြို့​ဖျက်ဆီး​ခံရ​ပြီး ယုဒပြည်​သူ​ပြည်သား​များသည် ဗာဗုလုန်​နိုင်ငံ​သို့ သုံ့ပန်း​အဖြစ်​ခေါ်ဆောင်​ခံ​ခဲ့​ရ​ကြသည်။

ဘုရားသခင်​သည် ယင်း​သို့ဖြင့် မိမိ၏​လူမျိုးတော်ကို ပဲ့ပြင်​ခဲ့​သည်။ သို့သော် “[ယေဟောဝါ] သည် ကောင်းမြတ်​တော်​မူ​၍ ကရုဏာတော် [သနား​ကြင်နာ​ခြင်း]သည် အစဉ်အမြဲ​တည်​သောကြောင့် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရ​ဘုရား[သခင်]ကို ချီးမွမ်း​ကြလော့” ဟု​ဆို​သော​သူတို့၏​အသံကို ယေရုရှလင်​မြို့၌ ကြား​ရ​ကြ​လိမ့်​ဦး​မည်​ဟု ပရောဖက်​ယေရမိ​မှ​တစ်ဆင့် ကိုယ်တော်​ကြို​ဟောခဲ့​သည်။ (ယေရမိ ၃၃:၁၀၊ ၁၁) ထို​အတိုင်း​ဖြစ်ပျက်​ခဲ့​ပါ​သည်။ အနှစ် ၇၀ ကြာ လူဆိတ်ညံ​ရာ​ဖြစ်​ပြီး​နောက် ဘီ.စီ.အီး. ၅၃၇ ခုနှစ်​တွင် ဂျူး​လူမျိုး​အကြွင်းအကျန်​တို့သည် ယေရုရှလင်​မြို့​သို့​ပြန်လာ​ခဲ့​ကြသည်။ (ယေရမိ ၂၅:၁၁; ဒံယေလ ၉:၁၊ ၂) မောရိ​တောင်ပေါ်​ရှိ ဗိမာန်တော်​မြေနေရာ​၌ ယဇ်​ပလ္လင်​ပြန်​တည်ဆောက်​ကာ ပူဇော်​သကာ​များ​ကို စတင်​ပူဇော်​ကြ​လေ​သည်။ သူတို့​ပြန်ရောက်​ပြီး​ဒုတိယ​နှစ်​တွင် ဗိမာန်တော်​အုတ်မြစ်ကို​ချ​ခဲ့​ကြသည်။ ဝမ်းသာ​ပီတိ​ဖြစ်စရာ​အချိန်​ပါ​တကား! ဧဇရ​ဤသို့​ဆို​ခဲ့​သည်– “လုပ်ဆောင်​သော​သူတို့သည် ထာဝရ​ဘုရား[သခင်]၏​ဗိမာန်တော်​တိုက်မြစ်​ကို ချ​သောအခါ၊ ဣသရေလ​ရှင်ဘုရင်​ဒါဝိဒ်​စီရင်​သည်​အတိုင်း ထာဝရ​ဘုရား[သခင်]၏​ဂုဏ်တော်​ကို​ချီးမွမ်း​စေခြင်း​ငှာ တံပိုး​ကိုင်​သော​လေဝိ​အမျိုး အာသပ်သားများ​တို့ကို ခန့်​ထား​ကြ​၏။ ‘ထာဝရ​ဘုရား​သည် ကောင်းမြတ်​တော်​မူ​၏။ ဣသရေလ​အမျိုး​၌​ပြတော်မူ​သော ကရုဏာတော် [သနား​ကြင်နာ​ခြင်း]အစဉ်အမြဲ​တည်​ပါ​သည်’ ဟူ၍ ဂုဏ်တော်​ကို​ချီးမွမ်း​လျက်၊ ကျေးဇူးတော်​ကို​ဝန်ခံ​လျက် အသံ​ပြိုင်​၍ အလှည့်​လှည့်​သီချင်းဆို​ကြ​၏။”—ဧဇရ ၃:၁-၁၁

၁၀။ ဆာလံ ၁၁၈ ကို အဘယ်​အရေးပါသော​စကား​များနှင့်​စ၍ နိဂုံး​ချုပ်​ထား​သနည်း။

၁၀ ယေဟောဝါ​၏​ကောင်းမြတ်​ခြင်း​နှင့်​ပတ်သက်​၍ အလားတူ​ချီးမွမ်း​စကား​ကို ဆာလံကျမ်း​အမြောက်အမြား​၌​တွေ့ရ​သည်။ ၎င်း​တို့​အနက်​တစ်ခု​မှာ ပသခါပွဲ​ကို​နိဂုံး​ချုပ်​ရန် ဣသရေလ​အိမ်ထောင်စုများ​သီဆို​ခဲ့​ကြ​သည့် ဆာလံ ၁၁၈ ဖြစ်သည်။ ထို​ဆာလံကျမ်း​သည် ဤ​စကား​များနှင့်​စ၍ ဆုံး​သည်– “[ယေဟောဝါ] သည် ကောင်းမြတ်​တော်​မူ​၍ ကရုဏာတော် [သနား​ကြင်နာ​ခြင်း]အစဉ်အမြဲ​တည်​သောကြောင့် ဂုဏ်​ကျေးဇူးတော်​ကို​ချီးမွမ်း​ကြလော့။” (ဆာလံ ၁၁၈:၁၊ ၂၉) ယင်း​တို့သည် စီ.အီး. ၃၃၊ ယေရှု​မသေဆုံးမီ​ည​၌ မိမိ၏​တည်ကြည်သော​တမန်​တော်​များနှင့်​အတူ ကိုယ်တော်​သီဆို​ခဲ့​သော နောက်ဆုံး​ချီးမွမ်း​စကား​များ ဖြစ်​ကောင်း​ဖြစ်​နိုင်​သည်။—မဿဲ ၂၆:၃၀

‘ကျေးဇူးပြု​၍ ကိုယ်တော်​၏​ဘုန်း​ကို အကျွန်ုပ်​အား​ပြတော်မူ​ပါ’

၁၁၊ ၁၂။ မောရှေ​သည် ဘုရားသခင့်​ဘုန်းတော်​ကို ရေး​ရေး​မျှ​တွေ့မြင်​ပြီး​နောက် အဘယ်​ကြေညာ​ချက်​ကို သူ​ကြား​ခဲ့​ရသနည်း။

၁၁ ဧဇရ​ခေတ်​မတိုင်မီ ရာစုနှစ်များစွာ​က​ပင် ယေဟောဝါ​၏​ကောင်းမြတ်​ခြင်း​နှင့် ရု​ဏာ​တော်​သည် ဦးဆုံး​အကြိမ် ပတ်သက်​ဆက်နွှယ်​ခဲ့​သည်။ တောကန္တာရ​၌ ဣသရေလ​လူမျိုး​တို့ ရွှေ​နွား​ရုပ်​ကိုးကွယ်​ကြ​၍ ပြစ်မှားသူ​တို့ကို အဆုံးစီရင်​ပြီး​မကြာမီ ယေဟောဝါ​ကို​မောရှေ ဤသို့​အသနားခံ​ခဲ့​သည်– “ကိုယ်တော်​၏​ဘုန်း​ကို အကျွန်ုပ်​အား​ပြတော်မူ​ပါ။ အကျွန်ုပ်​တောင်းပန်​ပါ​၏။” မောရှေ​သည် မိမိ၏​မျက်နှာတော်​ကို​မြင်ပြီး အသက်မရှင်​နိုင်​ကြောင်း​သိ​လျက် ယေဟောဝါ​ဤသို့​ဆို​ခဲ့​သည်– “ငါ​၏​ကောင်းမွန်​ခြင်း [“ကောင်းမြတ်​ခြင်း၊” က​ဘ] ရှိသမျှကို သင့်​ရှေ့၌ ငါ​လျှောက်​သွား​စေမည်။”—ထွက်မြောက်ရာ ၃၃:၁၃-၂၀

၁၂ နောက်​တစ်ရက်​၌ သိနာ​တောင်ပေါ်​တွင် ယေဟောဝါ​၏​ကောင်းမြတ်​ခြင်း​သည် မောရှေ​ရှေ့ လျှောက်​သွားခဲ့သည်။ ထို​အချိန်တွင် မောရှေ​သည် ဘုရားသခင်​၏​ဘုန်းတော်​ကို ရေး​ရေး​မျှ​တွေ့မြင်​ခဲ့​ရပြီး ဤ​ကြေညာ​ချက်​ကို​ကြား​ခဲ့​ရသည်– “ယေဟောဝါ၊ ယေဟောဝါ သနားတတ်​သော​သဘော၊ ကျေးဇူးပြု​တတ်သော​သဘော၊ အမျက်ထွက်​နှေး​သော​သဘော၊ ဂ​ရု​ဏာ [သနား​ကြင်နာ​ခြင်း]နှင့် [အမှန်တရား] ကြွယ်ဝသော​သဘော​ရှိတော်မူသော၊ အထောင်အသောင်း​သော​သူတို့အား ကရုဏာ [သနား​ကြင်နာ​ခြင်း]တရားကို​စောင့်​တော်​မူ​ထ​သော၊ မှားယွင်း​ခြင်း၊ တရားတော်​ကို​လွန်ကျူးခြင်း၊ [မကောင်းမှု]ပြုခြင်း​များ​ကို​ဖြေလွှတ်​သော်လည်း အပြစ်ဒဏ်​စီရင်ခြင်း​ကို အဘယ်နည်း​နှင့်​မျှ​လွတ်ကင်း​စေ​တော်​မ​မူ​သော၊ သားစဉ်မြေးဆက်၊ တတိယ​အဆက်၊ စတုတ္ထ​အဆက်​တိုင်အောင်၊ အဘ​တို့၏​အပြစ်ကို သားတို့​၌ ဆပ်ပေး​စီရင်တော်မူ​သော ဘုရားသခင်။” (ထွက်မြောက်ရာ ၃၄:၆၊ ၇က​ဘ) ယေဟောဝါ​၏​ကောင်းမြတ်​ခြင်း​သည် ကိုယ်တော်​၏ ကရုဏာတော်​အပြင် အခြား​ကိုယ်​ရည်​ကိုယ်​သွေး​များနှင့် ဆက်နွှယ်​ကြောင်း ဤ​စကား​များ​က​ဖော်ပြ​သည်။ ယင်း​တို့ကို​စဉ်းစား​သုံးသပ်ခြင်း​ဖြင့် ကောင်းမြတ်​ခြင်း​ကို ကျွန်ုပ်​တို့​တင်ပြ​ရန် ထောက်ကူ​ပေး​ပါ​လိမ့်​မည်။ ဘုရားသခင့်​ကောင်းမြတ်​ခြင်း​ဆိုင်ရာ ဤ​အံ့ဖွယ်​ကြေညာ​ချက်​တွင် နှစ်ကြိမ်​ဖော်ပြ​ထားသော အရည်အသွေးကို ဦးဆုံး​သုံးသပ်ကြည့်​ကြ​စို့။

ကရုဏာ [သနား​ကြင်နာ​ခြင်း]နှင့် . . . ကြွယ်ဝသော . . . ဘုရားသခင်”

၁၃။ ဘုရားသခင့်​ကောင်းမြတ်​ခြင်း​ဆိုင်ရာ ကြေညာ​ချက်​တွင် အဘယ်​ဂုဏ်ရည်တော်​ကို နှစ်ကြိမ်​တိုင်​ဖော်ပြ​ထား​သနည်း၊ ယင်းသည် အဘယ်ကြောင့်​ဆီလျော်​သနည်း။

၁၃ “ယေဟောဝါ [သည်]ကရုဏာ [သနား​ကြင်နာ​ခြင်း]နှင့် . . . ကြွယ်ဝသော​သဘော​ရှိတော်မူသော၊ အထောင်အသောင်း​သော​သူတို့အား ကရုဏာ [သနား​ကြင်နာ​ခြင်း]တရားကို စောင့်​တော်​မူ . . . သော​ဘုရားသခင် [ဖြစ်​တော်​မူ​၏။]” “ကရုဏာ သနား​ကြင်နာ​ခြင်း” ဟု​ပြန်ဆို​ထားသော ဟေဗြဲ​စကားလုံး​သည် ‘တည်မြဲသော​မေတ္တာ’ ဟု​အဓိပ္ပာယ်​ရသည်။ ၎င်း​သည် မောရှေ​ကို ဘုရားသခင်​ကြေညာ​ခဲ့​သည့်​စကား​၌ နှစ်ကြိမ်​ဖော်ပြ​သည့် ဂုဏ်ရည်တော်​တစ်ခု​တည်း​ဖြစ်သည်။ မေတ္တာသည် ယေဟောဝါ​၏ အဓိက​ဂုဏ်ရည်တော်​ဖြစ်​ရာ ဆီလျော်​လှ​သည်​တကား! (၁ ယောဟန် ၄:၈) ယေဟောဝါ​သည် “ကောင်းမြတ်​တော်​မူ​၍ ကရုဏာတော် [သနား​ကြင်နာ​ခြင်း]အစဉ်အမြဲ​တည်​သောကြောင့်” ကိုယ်တော်​ကို​ချီးမွမ်း​ကြ​ဟူသော လူသိ​များ​သည့်​ချီးမွမ်း​စကား​က ၎င်း​ဂုဏ်ရည်တော်​ကို ထင်ရှားစေ​သည်။

၁၄။ ဘုရားသခင့်​ကောင်းမြတ်​ခြင်း​နှင့် ကရုဏာတော်​ကို မည်သူ​တို့ အထူး​ခံစားရ​ကြ​သနည်း။

၁၄ ယေဟောဝါ​၏​ကောင်းမြတ်​ခြင်း ထင်ရှား​နည်း​တစ်ခု​မှာ ကိုယ်တော်​သည် “ကရုဏာ [သနား​ကြင်နာ​ခြင်း]နှင့် . . . ကြွယ်ဝ” တော်​မူ​ခြင်း​ဖြစ်၏။ ကိုယ်တော်​သည် မိမိ၏​ဆက်ကပ်​အပ်နှံ၊ တည်ကြည်သော​လူသား​ကျေးကျွန်​များ​အား​ပြ​သော ဂရုစိုက်​မှု​တွင် ၎င်း​အရည်အချင်း အထူး​ထင်ရှား​သည်။ (၁ ပေတရု ၅:၆၊ ၇) ယေဟောဝါသက်သေ​များ ထောက်ခံ​ပြောဆို​နိုင်​သည့်​အတိုင်း ကိုယ်တော်​သည် မိမိကို​ချစ်၍ ဝတ်ပြုသူ​တို့​အပေါ် “ကရုဏာ​တရားကို​စောင့် [သနား​ကြင်နာ]တော်” မူ​၏။ (ထွက်မြောက်ရာ ၂၀:၆) ဇာတိ​ဣသရေလ​လူမျိုး​သည် သားတော်ကို​ငြင်းပယ်​ခဲ့​ကြသော​ကြောင့် ယေဟောဝါ​၏​ကရုဏာတော် သို့​မဟုတ် တည်မြဲသော​မေတ္တာတော်ကို သူတို့​မခံစား​ရ​ကြ​တော့​ချေ။ သို့သော် ဘုရားသခင့်​ကောင်းမြတ်​ခြင်း​နှင့် တည်မြဲသော​မေတ္တာတော်​သည် လူမျိုးအပေါင်း​မှ တည်ကြည်သော​ခရစ်ယာန်​များ​အပေါ် အစဉ်​တည်​ပါ​လိမ့်​မည်။—ယောဟန် ၃:၃၆

ယေဟောဝါ—သနားတတ်​ပြီး ကျေးဇူးပြု​တတ်

၁၅။ (က) သိနာ​တောင်ပေါ်​တွင် မောရှေ​ကြား​ခဲ့​ရသော​ကြေညာ​ချက်​ကို အဘယ်​စကား​များနှင့်​အစပြု​ခဲ့​သနည်း။ (ခ) သနားခြင်း​တွင် အဘယ်အရာ​ပါဝင်​သနည်း။

၁၅ သိနာ​တောင်ပေါ်​တွင် မောရှေ​ကြား​ခဲ့​ရသော​ကြေညာ​ချက်​သည် “ယေဟောဝါ၊ ယေဟောဝါ သနားတတ်​သော​သဘော၊ ကျေးဇူးပြု​တတ်သော​သဘော . . . ရှိတော်မူသော . . . ဘုရားသခင်” ဟူသော​စကား​နှင့် အစပြု​သည်။ “သနား” ဟု​ပြန်ဆို​ထားသော ဟေဗြဲ​စကားလုံး​သည် “အူမ​ကြီး” ကို​ဆိုလို​ပြီး “သား​အိမ်” ဟူသော​စကားလုံး​နှင့် အတော်ပင်​ဆက်စပ်​သည်။ ထို့​ကြောင့် သနားခြင်း​တွင် လူတစ်ဦး​၏ အတွင်းအကျဆုံး​အပိုင်း​၌​ရှိသော သနား​ကြင်နာ​တတ်​သည့် သဘောထားများ​ပါဝင်​သည်။ သို့သော် သနားတတ်​ခြင်း​တွင် စိတ်ရင်းမှန်​ဖြင့်​သနားခြင်း​မျှ​မကပါ​ဝင်​သည်။ သူတစ်ပါး​ခံစားရ​သည့်​ဝေဒနာ​ကို သက်သာ​စေဖို့ တစ်စုံတစ်ရာ​ပြုလုပ်​ရန် ယင်းက ကျွန်ုပ်​တို့ကို​လှုံ့ဆော်ပေး​သင့်​သည်။ ဥပမာ၊ မေတ္တာ​ရှိသော​ခရစ်ယာန်​အကြီးအကဲ​များသည် သင့်လျော်​သည့်​အခါ ‘ရွှင်​ပျ​သော​စိတ်​နှင့် သနားခြင်း​ကို​တင်ပြ​လျက်’ ယုံကြည်သူချင်း​များ​အပေါ် သနားတတ်​သော​သဘော တင်ပြ​ဖို့​လို​ကြောင်း​သိမြင်​ကြသည်။—ရောမ ၁၂:၈; ယာကုပ် ၂:၁၃; ယုဒ ၂၂၊ ၂၃

၁၆။ ယေဟောဝါ ကျေးဇူးပြု​တတ်​သည်​ဟု အဘယ်ကြောင့်​ဆိုနိုင်​သနည်း။

၁၆ ဘုရားသခင့်​ကောင်းမြတ်​ခြင်း​သည် ကိုယ်တော်​၏​ကျေးဇူးပြု​တတ်သော​သဘော​၌​လည်း ထင်ရှား​သည်။ ကျေးဇူးပြု​တတ်​သူ​တစ်ဦး​သည် သူတစ်ပါး​၏​ခံစားချက်​ကို သိသိသာသာ စာနာ​ထောက်ထား​တတ်​ပြီး အထူးသဖြင့် မိမိ​ထက်​နိမ့်ကျ​သူများကို ချစ်ခင်​ကြင်နာ​မှု တင်ပြ​တတ်​သည်။ ယေဟောဝါ​သည် မိမိ၏​တည်ကြည်သော​ကျေးကျွန်​များနှင့် ဆက်ဆံ​ရာ​တွင် ကျေးဇူးပြု​ခြင်း​၏ အကောင်းဆုံး​စံနမူနာရှင်​ဖြစ်​တော်​မူ​၏။ ဥပမာ၊ ဘုရားသခင်​သည် ကျေးဇူးပြု​သည့်​သဘော​နှင့် ကောင်းကင်တမန်​များ​အားဖြင့် သက်ကြီးရွယ်အို​ပရောဖက်​ဒံယေလ​ကို ခွန်အား​ပေး​ခဲ့​၏၊ ယေရှုကို​မွေးဖွား​မည့်​အခွင့်ထူး​ကို အပျိုစင်​မာရိ​အား သတင်းပေး​ခဲ့​၏။ (ဒံယေလ ၁၀:၁၉; လုကာ ၁:၂၆-၃၈) ယေဟောဝါ​၏​လူမျိုးတော်​အနေ​နှင့် ကျမ်းစာ​မှ​တစ်ဆင့် ယေဟောဝါ​ကျေးဇူးပြု​သည့်​နည်းကို ကျွန်ုပ်​တို့​အမှန်ပင်​တန်ဖိုး​ထား​လေးမြတ်​ကြ​ပါ​သည်။ ကိုယ်တော်​၏​ကောင်းမြတ်​ခြင်း​ကို ဤနည်းဖြင့်​ထင်ရှား​ပြသ​သည့်​အတွက် ကိုယ်တော်​အား​ကျွန်ုပ်​တို့​ချီးမွမ်း​ကြ​ပြီး သူတစ်ပါး​နှင့်​ဆက်ဆံ​ရာ​တွင် ကြင်နာ​မှု​တင်ပြ​တတ်​ဖို့ ကြိုးစား​ကြသည်။ ဝိညာဉ်​ရေး​အရည်အချင်းများ​ရှိသူတို့​သည် ယုံကြည်သူချင်း​တစ်ဦး​ကို “သိမ်မွေ့​နူးညံ့​သော​သဘော” နှင့် ပြန်လည်​တည့်မတ်​ပေး​သောအခါ သက်ညှာမှု၊ ကြင်နာ​မှု​တင်ပြ​ဖို့ ကြိုးစား​ကြသည်။—ဂလာတိ ၆:၁

အမျက်ထွက်​နှေး​သော ဘုရားသခင်

၁၇။ ယေဟောဝါ​သည် “အမျက်ထွက်​နှေး” ခြင်း​ကို ကျွန်ုပ်​တို့​အဘယ်ကြောင့်​ကျေးဇူး​တင်​သင့်​သနည်း။

၁၇ “အမျက်ထွက်​နှေး​သော . . . ဘုရားသခင်။” ဤ​စကား​များ​က ယေဟောဝါ​၏​ကောင်းမြတ်​ခြင်း ထင်ရှား​သည့် နောက်ထပ်​နည်း​တစ်နည်း​ကို ပေါ်လွင်​စေ​သည်။ ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​ချွတ်ယွင်းချက်​များ​ကို စိတ်ရှည်​စွာ​သည်းခံ​တော်​မူ​ပြီး ကျွန်ုပ်​တို့၏​ကြီး​လေး​သော အားနည်းချက်များ​ကို​ကျော်လွှား​၍ ဝိညာဉ်​ရေး​ဘက်​တိုးတက်​ဖို့ အချိန်ပေး​တော်​မူ​၏။ (ဟေဗြဲ ၅:၁၂–၆:၃; ယာကုပ် ၅:၁၄၊ ၁၅) ဘုရားသခင့်​စိတ်ရှည်ခြင်း​သည် ကိုယ်တော်​အား​ဝတ်မပြု​ကြ​သေး​သူတို့ကိုလည်း အကျိုးပြု​သည်။ သူတို့သည် ဘုရားသခင့်​နိုင်ငံတော်​သတင်းကို လက်ခံ​တုံ့ပြန်​ကြ​ပြီး နောင်တ​ယူ​ကြဖို့​အချိန်​ရှိပါ​သေး​သည်။ (ရောမ ၂:၄) သို့သော် ယေဟောဝါ​သည် စိတ်ရှည်​တော်​မူ​သော်လည်း သိနာ​တောင်ပေါ်​တွင် ဣသရေလ​လူမျိုး​တို့ ရွှေ​နွား​ရုပ်​ကိုကိုး​ကွယ်​စဉ်​က​ကဲ့သို့ ကိုယ်တော်​၏​ကောင်းမြတ်​ခြင်း​သည် တစ်ခါတစ်ရံ အမျက်တော်ကို​ဖော်ပြ​စေ​သည်။ များ​မကြာမီ စာတန့်​စနစ်ဆိုး​ကို ဘုရားသခင်​အဆုံးတိုင်​စေသည့်​အခါ ကိုယ်တော်​၏​အမျက်တော်​သည် သာ၍​ကြီးမား​စွာ ထင်ရှား​ပေ​လိမ့်​မည်။—ယေဇကျေလ ၃၈:၁၉၊ ၂၁-၂၃

၁၈။ အမှန်တရား​နှင့်​ပတ်သက်​၍ ယေဟောဝါ​နှင့် လူသား​ခေါင်းဆောင်​များ​စပ်ကြား အဘယ်​ကွာခြားမှု​ရှိ​သနည်း။

၁၈ ‘ယေဟောဝါ [သည်] အမှန်တရား​ကြွယ်ဝသော . . . ဘုရားသခင် [ဖြစ်​တော်​မူ​၏။]’ ယေဟောဝါ​သည် လေလုံး​ထွား​သောက​တိ​များ​ပေး​ပြီး ထို​အတိုင်း​လုပ်ဆောင်ဖို့​ပျက်ကွက်​သည့် လူသား​ခေါင်းဆောင်​များနှင့် ကွာခြား​လှ​သည်​တကား! ယင်း​နှင့်​ခြားနား​စွာ​ဖြင့် ယေဟောဝါ​အား​ဝတ်ပြုသူ​တို့သည် ကိုယ်တော်​၏​မှုတ်သွင်းခံကျမ်း​စာ​၌ မိန့်ဆိုခဲ့​သမျှ​ကို ယုံကြည်​စိတ်ချ​နိုင်​ကြသည်။ ဘုရားသခင်​သည် အမှန်တရား၌ ကြွယ်ဝသော​ကြောင့် ကိုယ်တော့်​ကတိတော်​များ​ကို ကျွန်ုပ်​တို့​အစဉ်​ယုံကြည်​စိတ်ချ​နိုင်​ကြသည်။ ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော်​သည် ကောင်းမြတ်​တော်​မူ​သောကြောင့် ဝိညာဉ်​ရေး​အမှန်တရားကို ကြွယ်ဝ​စွာ​ပေးသနား​ခြင်း​ဖြင့် ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များ​ကို မပျက်​မ​ကွက်​ဖြေကြား​ပေး​ပါ​သည်။—ဆာလံ ၄၃:၃; ၆၅:၂

၁၉။ ယေဟောဝါ​သည် နောင်တ​ရသော​အပြစ်သား​များ​အား ကောင်းမြတ်​ခြင်း​ကို အဘယ်​နည်းဖြင့် ထူးခြား​စွာ​တင်ပြ​သနည်း။

၁၉ “ယေဟောဝါ [သည်] မှားယွင်း​ခြင်း၊ တရားတော်​ကို​လွန်ကျူးခြင်း၊ [မကောင်းမှု] ပြုခြင်း​များ​ကို​ဖြေလွှတ် . . . သော​ဘုရားသခင် [ဖြစ်၏။]ယေဟောဝါ​သည်​ကောင်းမြတ်​တော်​မူ​သောကြောင့် နောင်တ​ရသော​အပြစ်သားများကို ခွင့်လွှတ်​ရန်​အသင့်ရှိ​တော်​မူ​၏။ ကျွန်ုပ်​တို့၏​မေတ္တာရှင် ကောင်းကင်​ခမည်းတော်​သည် ယေရှု၏​ပူဇော်​သကာ​အားဖြင့် အပြစ်လွှတ်ခြင်း​အစီအစဉ်ကို စီမံ​ပေး​ခဲ့​သည့်​အတွက် ကျွန်ုပ်​တို့​အမှန်တကယ် အလွန်​ကျေးဇူး​တင်​ကြသည်။ (၁ ယောဟန် ၂:၁၊ ၂) ရွေးနုတ်ဖိုး​ကို​ယုံကြည်သူ​အားလုံး​သည် ကိုယ်တော်​ကတိထားရာ​ကမ္ဘာသစ်​တွင် အဆုံးမဲ့​အသက်​ရရှိ​ပြီး ယေဟောဝါ​၏​မျက်နှာသာ​ရ​ဆက်ဆံ​ရေး​ကို ခံစား​နိုင်​ကြ​မည့်​မျှော်လင့်ချက်​ရှိသောကြောင့် ကျွန်ုပ်​တို့​အမှန်ပင်​ဝမ်းမြောက်​ကြ​ရသည်။ လူသား​တို့​အပေါ် ကောင်းမြတ်​ခြင်း​တင်ပြ​သည့်​အတွက် ယေဟောဝါ​အား​ချီးမွမ်း​ဖို့​ကောင်း​သည့် ထူးခြား​လှ​သော​အကြောင်းရင်း​များ​ပါ​တကား!—၂ ပေတရု ၃:၁၃

၂၀။ ဘုရားသခင်​သည် မကောင်းမှုကို​လျစ်လျူရှု​မထား​ကြောင်း အဘယ်​အထောက်အထား​ရှိ​သနည်း။

၂၀ “အပြစ်ဒဏ်​စီရင်ခြင်း​ကို အဘယ်နည်း​နှင့်​မျှ လွတ်ကင်း​စေ​တော်​မ​မူ​သော [ယေဟောဝါ။]” ဤ​မည်​ကား ယေဟောဝါ​၏​ကောင်းမြတ်​ခြင်း​ကို​ချီးမွမ်း​ဖို့ နောက်ထပ်​အကြောင်းရင်း​တစ်ခု​ဖြစ်သည်။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ ကောင်းမြတ်​ခြင်း​၏ အရေးပါသော​အသွင်အပြင်​တစ်ခု​မှာ မကောင်းမှုကို အဘယ်​နည်းဖြင့်​မျှ လျစ်လျူ​မ​ရှုခြင်း​ဖြစ်သော​ကြောင့်​ပင်။ ထို့​အပြင် “သခင်​ယေရှု​ခရစ်​သည် တန်ခိုး​ရှိသော​ကောင်းကင်တမန်​တို့​နှင့်အတူ၊ ကောင်းကင်ဘုံ​က​ပေါ်ထွန်း​တော်​မူ​သောအခါ ဘုရားသခင်​ကို​မသိသော​သူ၊ . . . ဧဝံဂေလိတရား​ကို နားမထောင်​သော​သူတို့ကို” တရား​သဖြင့်​စီရင်တော်မူ​လိမ့်​မည်။ သူတို့သည် “ထာဝရ​ပျက်စီးခြင်း​တည်း​ဟူသော​အပြစ်ဒဏ်​ကို ခံရ​ကြ​လတ္တံ့။” (၂ သက်သာလောနိတ် ၁:၆-၁၀) ထို​အခါ ယေဟောဝါ​ကို​ဝတ်ပြု​သော ကပ်ကျော်​သူများ​သည် “ကောင်းမှု​ကို​မချစ်​သော​သူ” များ​ဖြစ်သည့် ဘုရားတရား​မဲ့​သူများ​၏ နှောင့်ယှက်ခြင်း​ကို​မခံရ​ဘဲ ဘဝ​အရသာ​ကို အပြည့်အဝ​ခံစား​နိုင်​ကြ​ပါ​လိမ့်​မည်။—၂ တိမောသေ ၃:၁-၃က​ဘ။

ယေဟောဝါ​၏​ကောင်းမြတ်​ခြင်း​ကို​တုပ​လော့

၂၁။ ကောင်းမြတ်​ခြင်း​ကို ကျွန်ုပ်​တို့​အဘယ်ကြောင့်​တင်ပြ​သင့်​သနည်း။

၂၁ ယေဟောဝါ​၏​ကောင်းမြတ်​ခြင်း​ကို​ချီးမွမ်း​၍ ကျေးဇူး​တင်စရာ​အကြောင်း မြောက်မြားစွာ​ရှိသည်​မှာ သေချာ​ပါ​သည်။ ကျွန်ုပ်​တို့သည် ကိုယ်တော်​၏​ကျေးကျွန်​များ​အနေ​နှင့် ၎င်း​အရည်အချင်းကို အတတ်နိုင်ဆုံး မတင်ပြ​သင့်​ပေ​လော။ တမန်​တော်​ပေါလု​က “သင်တို့သည် ဘုရားသခင်​၏​ချစ်​သား​ဖြစ်​ကြသည်​နှင့်​အညီ၊ ဘုရားသခင်​ကျင့်​တော်​မူ​သည်​နည်းတူ ကျင့်​ကြလော့” ဟု​ခရစ်ယာန်​ချင်း​တို့ကို တိုက်တွန်း​ခဲ့​သည့်​အတွက် တင်ပြ​သင့်ပါသည်။ (ဧဖက် ၅:၁) ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော်​သည် ကောင်းမြတ်​ခြင်း​ကို အစဉ်​တင်ပြ​ခဲ့​သည်​ဖြစ်၍ ကျွန်ုပ်​တို့​လည်း ထိုသို့​ပြုသင့်​သည်။

၂၂။ နောက်​ဆောင်းပါး​တွင် အဘယ်​အကြောင်းကို ကျွန်ုပ်​တို့​သုံးသပ်ကြ​မည်​နည်း။

၂၂ ယေဟောဝါ​ထံ မိမိကိုယ်ကို စိတ်နှလုံး​အကြွင်းမဲ့ ဆက်ကပ်​အပ်နှံ​ထား​မည်​ဆိုလျှင် ကိုယ်တော်​၏​ကောင်းမြတ်​ခြင်း​ကို ကျွန်ုပ်​တို့​တုပ​လို​စိတ်​ပြင်းပြ​ကြ​ရမည်။ ကျွန်ုပ်​တို့သည် အပြစ်သား​အာဒံ​၏ သားမြေး​များ​ဖြစ်​ကြသော​ကြောင့် ကောင်းမှု​ပြု​ဖို့​မလွယ်ကူ​ပါ။ သို့သော် ကျွန်ုပ်​တို့သည် ကောင်းမြတ်​ခြင်း​ကို အဘယ်ကြောင့်​တင်ပြ​နိုင်​ကြောင်း နောက်​ဆောင်းပါး​၌​တွေ့ရ​ပါ​မည်။ ကောင်းမြတ်​ခြင်း​၏ အမြင့်မြတ်ဆုံး​စံနမူနာရှင်​ဖြစ်သော ယေဟောဝါ​ကို နည်း​အမျိုးမျိုးဖြင့် ကျွန်ုပ်​တို့​တုပ​နိုင်​၍ တုပ​သင့်​ကြောင်းကို​လည်း သုံးသပ်ကြ​ပါ​မည်။

သင်​မည်သို့​ဖြေဆို​မည်​နည်း

• ကောင်းမြတ်​ခြင်း​ဟူသည် အဘယ်နည်း။

• ဘုရားသခင်​၏​ကောင်းမြတ်​ခြင်း​ကို ကျမ်းစာ​မှ​အဘယ်​အသုံးအနှုန်း​က ပေါ်လွင်​စေ​သနည်း။

• ယေဟောဝါ​၏​ကောင်းမြတ်​ခြင်း ထင်ရှား​ချက်​အချို့​ကား အဘယ်နည်း။

• ကောင်းမြတ်​ခြင်း​နှင့်​ပတ်သက်​၍ ယေဟောဝါ​၏​စံနမူနာ​ကို ကျွန်ုပ်​တို့​အဘယ်ကြောင့်​တုပ​သင့်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ယေဟောဝါ​၏​ရှေးခေတ်​လူမျိုးတော်သည် မိမိတို့​ချီးမွမ်း​စကား​များနှင့်​အညီ မနေထိုင်​ခဲ့​ကြသော​ကြောင့် သူတို့ကို ကိုယ်တော်​ပဲ့ပြင်​ခဲ့

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ယေရုရှလင်​မြို့​သို့ တည်ကြည်သော အကြွင်းအကျန် ပြန်လာ​ခဲ့​ကြ

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ဘုရားသခင်​၏ ကောင်းမြတ်​ခြင်း​အကြောင်း အံ့ဖွယ်​ကြေညာ​ချက်​တစ်ခု​ကို မောရှေ​ကြား​ခဲ့​ရ

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာ​မှ​တစ်ဆင့် ကျွန်ုပ်​တို့ကို ကိုယ်တော်​မေတ္တာ​ရပ်ခံ​ပုံ​က ယေဟောဝါ​၏​ကောင်းမြတ်​ခြင်း​ကို ထင်ရှားစေ