မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမှန်တကယ်ရှိတော်မူသော ဘုရားသခင်ကို သင်ကိုးစားသလော

အမှန်တကယ်ရှိတော်မူသော ဘုရားသခင်ကို သင်ကိုးစားသလော

အမှန်တကယ်​ရှိတော်မူသော ဘုရားသခင်​ကို သင်​ကိုးစား​သလော

အစောပိုင်း​ခု​နစ်​နှစ်​ခန့်​က​ဖြစ်သော ၁၉၀၆ ခုနှစ်​တွင် စူးစမ်း​ရှာဖွေသူ ရောဘတ် အီး. ဖဲ​ရီး တွေ့ ရှိခဲ့​သည်​ဟု သတင်းပို့​ခဲ့​သည့် အာတိတ်​ဒေသ​ကို အမေရိကန်​သဘာဝ​သမိုင်း​ပြတိုက်​မှ တာဝန်ရ စူးစမ်း​ရှာဖွေရေး​အဖွဲ့​တစ်ဖွဲ့​သည် လေ့လာ​ရန် ခရီးနှင်​လျက်​ရှိခဲ့​သည်။

မြောက်​အမေရိက​တိုက်​၏ မြောက်ဘက်စွန်း​ပိုင်း​ရှိ ကိုးလ်ဂိတ်​အငူ​မှ ဖဲ​ရီး​သည် ဝေးလံ​သော​နေရာ​တစ်​နေရာတွင်​ရှိ အဖြူရောင်​တောင်ထိပ်​များနှင့်​တူ​သည့်​အရာ​ကို သတိပြုမိ​ခဲ့​သည်။ ထို​နေရာကို မိမိ​အား​ငွေကြေး​ထောက်ပံ့​ပေး​သူ​တစ်ဦး​အမည်​ဖြင့် ခရော့ခ်ကာ​ပြည်နယ်​ဟု သမုတ်​ခဲ့​၏။ နောက်ထပ်​စူးစမ်း​ရှာဖွေရေး​အဖွဲ့​၏ အဖွဲ့ဝင်​များသည် မိမိတို့​ရှေ့ ရပ်​ဝေး​တွင် တောင်ကုန်း​များ၊ ချိုင့်ဝှမ်း​များနှင့် နှင်းဖုံး​တောင်ထိပ်​များ​ကို ရိုးရိုး​ရိပ်​ရိပ်​မြင်​လိုက်​သောအခါ တကယ်​ဝမ်းသာ​လိုက်​ကြ​မည်​ဖြစ်​ခြင်း! သို့သော် သူတို့​တွေ့မြင်​ခဲ့​သော​အရာ​သည် အာတိတ်​တံလျှပ်​တစ်ခု​မျှ​ဖြစ်​ကြောင်း မကြာမီ သိရှိ​သွား​ကြသည်။ ဝန်းကျင်​အခြေအနေ​ကြောင့်​ဖြစ်ပေါ်​သော ဤ​တံလျှပ်​သည် ဖဲ​ရီး​ကို အမြင်မှား​စေ​ခဲ့​ရာ ယခု သူတို့သည် တကယ်​မရှိသည့်​အရာ​ကို စူးစမ်း​ရှာဖွေမှု​အတွက် အချိန်၊ ခွန်အား​နှင့် ငွေကြေး​များစွာ ကုန်ကျ​ခံ​ခဲ့​ပြီး​ဖြစ်သည်။

ယနေ့ လူများစွာ​သည် တကယ်​ရှိသည်​ဟု​ထင်မှတ်​သော ဘုရား​များ​ကိုကိုး​ကွယ်​ပြီး ၎င်း​တို့အတွက် အချိန်​များစွာ​ပေးဆက်​ကြသည်။ ယေရှု၏​တမန်​တော်​များ​လက်ထက်​တွင် ဟေ​ရ​မေ​နှင့် ဇုသ​ဟူသော​ဘုရား​များ​ကို ကိုးကွယ်​ခဲ့​ကြ​၏။ (တမန်​တော် ၁၄:၁၁၊ ၁၂) မျက်မှောက်ခေတ်တွင် ရှင်​တို၊ ဟိန္ဒူ​နှင့် အခြား​ဘာသာဝင်​များ ကိုးကွယ်​ဆည်းကပ်​ကြ​သည့်​ဘုရား​များ သန်းနှင့်ချီ​၍​ရှိသည်။ သမ္မာကျမ်းစာ​ဆို​သည့်​အတိုင်း “ဘုရား​များ၊ အရှင်​များ” ရှိသည်။ (၁ ကောရိန္သု ၈:၅၊ ၆) ထို​ဘုရား​အားလုံး​သည် မှန်​နိုင်​ပါ​မည်​လော။

“မ​ကယ်တင်​နိုင်သော” ဘုရား​များ

ဥပမာ၊ ဝတ်ပြု​ကိုးကွယ်​ရာ​၌ ရုပ်ပုံများ​နှင့် ကိုယ်စား​ပြု​သင်္ကေတ​များ အသုံးပြုခြင်း​ကို သုံးသပ်ကြည့်​ပါ။ ၎င်းတို့ကို ယုံကြည်​ကိုးစား​သူများ၊ ၎င်း​တို့​မှ​တစ်ဆင့် ဆုတောင်း​ကြ​သူများ​အတွက် ရုပ်ပုံ​တို့သည် ကောင်းကျိုး​ပြု​နိုင်​၍ အန္တရာယ်​မှ​လွတ်မြောက်​စေနိုင်​သော လူ​တို့​ထက်သာ​လွန်​သော အစွမ်း​တန်ခိုး​များ​ရှိ ကယ်တင်ရှင်​များ​ဖြစ်​ဟန်​ရှိသည်။ သို့ရာတွင် ၎င်းတို့သည် အမှန်တကယ်​ပင် ကယ်တင်​နိုင်​ပါသလော။ . . . —ဆာလံ ၁၃၅:၁၅-၁၇; ဟေရှာယ ၄၅:၂၀; ၄၆:၇; ဟဗက္ကုတ် ၂:၁၈

ယနေ့ ဖျော်ဖြေရေးသမား​များ၊ အားကစား​အကျော်အမော်​များ၊ နိုင်ငံရေး​စနစ်​များနှင့် ဘာသာရေး​ခေါင်းဆောင်​အချို့​ကို အလွန်အမင်း ကြည်ညို​လေးမြတ်ခြင်း​သည် အဆန်း​မဟုတ်​တော့​ချေ။ ထို့​ပြင် လူများစွာ​အတွက် ငွေ​သည် ဘုရား​တစ်ဆူ​ဖြစ်၏။ ထိုသို့​သော​ကိစ္စ​တစ်ခုစီ​တွင် ထို​အရုပ်​များ​၌​မရှိသည့် အရည်အသွေးများ၊ တန်ဖိုး​များ​ကို ၎င်း​တို့အား ပေး​ထား​ကြသည်။ ၎င်းတို့ကို ယုံကြည်​အားကိုး​သူတို့ မျှော်လင့်​ရာ​ကို ထို​အရာများ​က မ​ဖြည့်ဆည်း​ပေး​နိုင်​ပေ။ ဥပမာ၊ ချမ်းသာ​ကြွယ်ဝခြင်း​က ပြဿနာ​များစွာကို ကိုင်တွယ်​ဖြေရှင်း​နိုင်​ပုံ​ပေါက်​သော်လည်း စည်းစိမ်ဥစ္စာ​သည် လှည့်စား​တတ်၏။ (မာကု ၄:၁၉) သုတေသန​ပြုသူ​တစ်ဦး​က ဤသို့​မေးခွန်းထုတ်​သည်– “ပြဿနာ​အားလုံး​အတွက် ကု​ဆေး​အဖြစ်​ယုံကြည်​ကာ လူများစွာ မက်မက်မောမော​လိုချင်​သည့်​အရာ၊ တကယ်တမ်း​ရရှိ​လာ​သည့်​အခါ စိတ်ပျက်​စ​ရာ​ကောင်းခြင်း​မှ​သည် စိတ်ဒဏ်ရာ​ရသည်​အထိ အဘယ်ကြောင့်​ဖြစ်​ရခြင်း​ကို မည်သို့​ဖြေရှင်း​မည်​နည်း။” မှန်ပါသည်၊ လူတစ်ဦး​မှာ စည်းစိမ်ဥစ္စာ​ရှိဖို့ သူသည် အမှန်တကယ်​တန်ဖိုး​ရှိရာ​များ​ဖြစ်သည့် ကျန်းမာ​ရေး​ကောင်းခြင်း၊ သာယာသော​မိသားစု​ဘဝ၊ ရင်းနှီးသော​မိတ်ဆွေများ၊ ဖန်ဆင်း​ရှင်​နှင့် ဆက်ဆံ​ရေး​ကောင်းခြင်း​တို့ကို အရှုံး​ခံ​စွန့်လွှတ်​ခဲ့​ရ​ပေမည်။ သို့သော် သူ၏​ဘုရား​သည် ‘မုသာ’ သာ ဖြစ်​ကြောင်း သိလာ​ရ​ပေမည်!—ယောန ၂:၈

‘ထူး​သော​သူ​မရှိ’

ပရောဖက်​ဧလိယ​လက်ထက်​ရှိ ဗာလ​ဝတ်ပြုသူ​များသည် ခါးသီး​သော​အတွေ့အကြုံ​အားဖြင့် အမှန်တကယ်​မရှိ​ရာ​ကို ရှိ၏​ဟု​ဆို​ခြင်း​မှာ မိုက်မဲ​ကြောင်း​သိရှိ​ခဲ့​ကြ​ရသည်။ ဗာလ​သည် ကောင်းကင်​မှ​မီး​ကျစေ​၍ တိရစ္ဆာန်​ယဇ်​သကာ​ကို လောင်ကျွမ်း​စေနိုင်​စွမ်း​ရှိသည်​ဟု သူတို့​အခိုင်အမာ​ယုံကြည်​ကြသည်။ ထို့​ကြောင့် သူတို့သည် “‘အို​ဗာလ​ဘုရား အကျွန်ုပ်တို့အား ထူး​တော်​မူ​ပါ’ ဟု နံနက်​အချိန်​မှ​စ၍ မွန်းတည့်​အချိန်တိုင်​အောင် ဗာလ​၏​နာမကို​ဟစ်ခေါ်​ကြ​၏။” ဗာလ​၌ ကြား​နိုင်သော​နား၊ ပြော​နိုင်သော​နှုတ်​ရှိပါ​သလော။ မှတ်တမ်းက​ဤသို့​ဆက်​ပြောပြ​သည်– “ဗျာဒိတ်​သံ​မရှိ။ ထူး​သော​သူ အမှု​ထားသော​သူလည်း​မရှိ။” (၃ ဓမ္မ​ရာဇဝင် ၁၈:၂၆၊ ၂၉) ဗာလ​သည် အသက်ရှင်​လှုပ်ရှား​သော တကယ့်​ပုဂ္ဂိုလ်​တစ်ပါး​မဟုတ်ပေ။

အမှန်တကယ်​ရှိသော​ဘုရားသခင်​ကို ကျွန်ုပ်​တို့​သိကျွမ်း​ပြီး ဝတ်ပြုခြင်း​သည် တကယ်​အရေးကြီး​လှ​သည်​တကား! သို့ရာတွင် ကိုယ်တော်​ကား​မည်သူ​နည်း။ ကိုယ်တော့်​အား ယုံကြည်​ကိုးစားခြင်း​က ကျွန်ုပ်​တို့ကို မည်သို့​အကျိုးပြု​မည်​နည်း။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

ဖဲ​ရီး​၏​အဖော် အ​ဂ​င်​ဝေါ​သည် ကုန်းမြေ​တွေ့​ရန် မိုးကုပ်​စက်​ဝိုင်း​ကို စေ့စေ့​ကြည့်ရှု​နေ

ရောဘတ် အီး. ဖဲ​ရီး

[Credit Lines]

Egingwah: From the book The North Pole: Its Discovery in 1909 Under the Auspices of the Peary Arctic Club, 1910; Robert E. Peary: NOAA

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

ဤ​လောကတွင် ကြည်ညို​လေးမြတ်​ခံရ​ရာ​များ​ဖြင့် လူအများ ထင်ယောင်ထင်မှား​ဖြစ်​ခဲ့