မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမှန်တကယ်ရှိတော်မူသော ဘုရားသခင်ယေဟောဝါအား ယုံကြည်ကိုးစားလော့

အမှန်တကယ်ရှိတော်မူသော ဘုရားသခင်ယေဟောဝါအား ယုံကြည်ကိုးစားလော့

အမှန်တကယ်​ရှိတော်မူသော ဘုရားသခင်​ယေဟောဝါ​အား ယုံကြည်​ကိုးစား​လော့

တိမ်​ကင်းစင်​သော​ည​တစ်ည​တွင် မိုးကောင်းကင်ကို မော့ကြည့်​၍ ရာ​နှင့်​ချီ​သော​ကြယ်​များ​ကို ရှုစား​ဖူး​သလော။ ၎င်း​တို့​တည်ရှိ​နေခြင်း​ကို သင်​မည်သို့ ရှင်းပြ​မည်​နည်း။

ဆိတ်ငြိမ်​သော​ည​အခါ​တွင် ကြယ်​များသည် ရှေး​ဣသရေလ​ဘုရင်​ဒါဝိဒ်​အား နှုတ်မြွက်​ပြောဆို​ခဲ့​ရာ ဤသို့​ရေးသား​ရန် သူ​လှုံ့ဆော်​ခံ​ခဲ့​ရသည်– “မိုးကောင်းကင်​သည် ဘုရားသခင်​၏​ဘုန်း​အသရေတော်​ကို​ကြား​ပြော​၍ မိုး​မျက်နှာကြက်​သည် လက်တော်​နှင့်​လုပ်သော​အရာများ​ကို​ပြသ​၏။” (ဆာလံ ၁၉:၁) မှန်ပါသည်၊ ဖန်ဆင်း​ခြင်း​လက်ရာများ​ထက် ဖန်ဆင်း​ရှင်​သည် “ဘုန်း​အသရေ​တန်ခိုးတော်​ကို ခံစား​ထိုက်​တော်​မူ​၏။”—ဗျာဒိတ် ၄:၁၁; ရောမ ၁:၂၅

“အလုံးစုံ​တို့ကို​တည်ဆောက်​သော​သူ​ကား ဘုရားသခင်​ပေ​တည်း” ဟု​သမ္မာကျမ်းစာ​ဆို​သည်။ (ဟေဗြဲ ၃:၄) မှန်ပါသည်၊ ‘ယေဟောဝါ​ဟူ၍ နာမတော်​ရှိသော’ စစ်မှန်သော​ဘုရားသခင်​သည် ‘မြေကြီး​တစ်ပြင်လုံး​တွင် အမြင့်ဆုံး​ဖြစ်​တော်​မူ​၏။’ (ဆာလံ ၈၃:၁၈) ကိုယ်တော်​သည် ထင်ယောင်ထင်မှား​ဖြစ်စေ​သည့် တံလျှပ်​မဟုတ်​ချေ။ ယေရှု​ခရစ်​က ကိုယ်တော်​၏​ကောင်းကင်​ခမည်းတော်​နှင့်​စပ်လျဉ်း၍ ဤသို့​ဆို​သည်– “ငါ့ကို​စေလွှတ်​တော်​မူ​သော​အရှင်​သည် အမှန်တကယ်​ရှိ​တော်​မူ​၏။”—ယောဟန် ၇:၂၈က​ဘ။

ယေဟောဝါ—ရည်ရွယ်ချက်များ​ကို ပြည့်စေ​သော​အရှင်

ဘုရားသခင်​၏ ထူးခြားသော​နာမတော် ယေဟောဝါ​သည် ဟေဗြဲ​ကျမ်းစောင်​များ​တွင်​ပင် အကြိမ် ၇,၀၀၀ နီးပါး​ပါရှိ​သည်။ ထို​နာမတော်​ကိုယ်နှိုက်​က ကိုယ်တော်​သည် အမှန်​တည်ရှိ​တော်​မူ​ကြောင်း ဖော်ပြ​သည်။ ဘုရားသခင့်​နာမတော်​သည် “ကိုယ်တော်​ဖြစ်လာ​စေ​သည်” ဟု​အဓိပ္ပာယ်​ရသည်။ သို့ဖြင့် ယေဟောဝါ​ဘုရားသခင်​သည် မိမိ၏​ရည်ရွယ်တော်မူချက်​များ​ကို ပြည့်စုံ​စေတော်မူ​သော​အရှင်ဖြစ်​ကြောင်း ဖော်ပြ​သည်။ ဘုရားသခင်​အား နာမတော်​ကို​ဖော်ပြ​ရန် မောရှေ​တောင်းဆို​သောအခါ ယေဟောဝါ​က ယင်း​၏​အဓိပ္ပာယ်​ကို ဤသို့​အသေးစိတ် ဖော်ပြ​တော်​မူ​သည်– “ငါ​ဖြစ်စေ​မည့်​အရာ​ကို ငါ​ဖြစ်စေ​မည်။” (ထွက်မြောက်ရာ ၃:၁၄က​ဘ) ရော့သ​ဟ​မ်​ဘာသာပြန်​ကျမ်း​က ဤသို့​ရှင်းလင်း​ပြတ်သား​စွာ ဆို​သည်– “ငါ​ဖြစ်​လိုသမျှ​အတိုင်း ငါ​ဖြစ်​မည်။” ယေဟောဝါ​သည် မိမိ၏​ဖြောင့်မတ်​သော​ရည်ရွယ်တော်မူချက်​များနှင့် ကတိတော်​များ ပြည့်စုံစေရန် လိုအပ်သမျှ​အတိုင်း ကိုယ်တော်​ဖြစ်​တော်​မူ​သည် သို့​မဟုတ် ဖြစ်လာ​ရန်​ရွေးချယ်​တော်​မူ​သည်။ သို့​ဖြစ်၍ ဖန်ဆင်း​ရှင်၊ ခမည်းတော်၊ အုပ်စိုး​ပိုင်သ​သော​သခင်၊ သိုးထိန်း၊ ဗိုလ်ခြေ​တို့၏​အရှင် ယေဟောဝါ၊ ဆုတောင်းချက်​ကို နားညောင်း​တော်​မူ​သော​အရှင်၊ တရားသူကြီး၊ မြင့်မြတ်​သော​သွန်သင်သူ၊ ရွေးနုတ်​တော်​မူ​သော​အရှင် အစ​ရှိသည့် စိတ်​တွင်​စွဲငြိ မှတ်သားဖွယ်​ရာ​ဘွဲ့​နာမ​များ​ကို ကိုယ်တော်​ပိုင်သတော်မူ​သည်။—တရားသူကြီး ၁၁:၂၇; ဆာလံ ၂၃:၁; ၆၅:၂; ၇၃:၂၈; ၈၉:၂၆; ဟေရှာယ ၈:၁၃; ၃၀:၂၀; ၄၀:၂၈; ၄၁:၁၄

စစ်မှန်သော​ဘုရားသခင်​တစ်ပါး​တည်း​သာ​လျှင် ယေဟောဝါ​ဟူသော​နာမတော်​နှင့် ထိုက်တန်​၏၊ အကြောင်း​မှာ လူသားများ​သည် ၎င်းတို့၏​အစီအစဉ်များ အထမြောက်​မည်​ဟု အသေအချာ​မပြော​နိုင်​ကြ​ချေ။ (ယာကုပ် ၄:၁၃၊ ၁၄) ယေဟောဝါ​တစ်ပါး​တည်း သာ​လျှင် “မိုး​ရေ​နှင့်​မိုး​ပွင့်​တို့သည် မိုးကောင်းကင်​မှ​ဆင်းသက်​၍ နောက်​တစ်ဖန်​မပြန်၊ မြေ​သည် မျိုးစေ့ကြဲ​သော​သူအား မျိုးစေ့ကို​လည်းကောင်း၊ အစာစား​သော​သူအား အစာကို​လည်းကောင်း​ပေး​မည်​အကြောင်း မြေ​ကို​စို​စေ​သဖြင့် အပင်ပေါက်​စေ​၍ အသီးကို​သီး​စေ​သကဲ့သို့၊ ထို​အတူ ငါ​၏​နှုတ် [ထွက်] စကား​သည် ဖြစ်​လိမ့်​မည်။ အကျိုးမရှိ​ဘဲ ငါ့​ထံ​သို့​မပြန်​ရ။ ငါ့​အလိုကို ပြည့်စုံ​စေမည်။ ငါ​စေခိုင်း​သော​အမှု၌ အောင်​လိမ့်​မည်” ဟူ၍ မိန့်ဆို​နိုင်၏။—ဟေရှာယ ၅၅:၁၀၊ ၁၁

ယေဟောဝါ​သည် မိမိ၏​ရည်ရွယ်ချက်ကို ကျိန်းသေ​ဖြစ်မြောက်​စေတော်မူ​မည်​ဖြစ်​သဖြင့် လူသားများ​အနေ​နှင့် မဖြစ်​နိုင်​ဟု​ထင်​ရသည့်​အရာများ​သည် ကိုယ်တော်​၏​ရှုထောင့်​မှ​ဆိုလျှင် အမှန်တကယ်​ဖြစ်​ပေ​သည်။ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့​သေဆုံး​ပြီး ကာလ​အတန်ကြာ​ပြီး​နောက်​၌​ပင် သူတို့​အကြောင်းကို ယေရှု​ဤသို့​ဖော်ပြ​ခဲ့​သည်– “[ယေဟောဝါ] ဘုရားသခင်​သည် သေနေ​သော​သူတို့၏​ဘုရား[သခင်]မဟုတ်။ အသက်ရှင်​သော​သူတို့၏​ဘုရား[သခင်]ဖြစ်​တော်​မူ​၏။ ထို​သူအပေါင်း​တို့သည် ဘုရားသခင်​၌​အသက်ရှင်​ကြသည်။” (လုကာ ၂၀:၃၇၊ ၃၈) တည်ကြည်သော ထို​ဘိုးဘေး​သုံးဦးသည် သေလွန်​ကြပြီ​ဖြစ်သော်လည်း သူတို့ကို ရှင်ပြန်ထမြောက်​စေဖို့ ဘုရားသခင့်​ရည်ရွယ်တော်မူချက်​သည် သေချာ​လွန်း​ရ​ကား ကိုယ်တော်​အတွက် သူတို့သည် အသက်ရှင်​လျက်​ရှိသကဲ့သို့​ဖြစ်​ကြသည်။ ဤ​တည်ကြည်သော​ကျေးကျွန်​များ​ကို ယေဟောဝါ​အသက်ပြန်ရှင်​စေခြင်း​သည် ပထမ​ဆုံး​လူသားကို မြေမှုန့်​မှ​ဖန်ဆင်း​ခဲ့​ခြင်း​လောက် ခက်ခဲ​လိမ့်​မည်​မဟုတ်​ချေ။—ကမ္ဘာဦး ၂:၇

ဘုရားသခင်​သည် ဆောင်ရွက်ရန်​ရည်ရွယ်​ထား​ရာ​များ​ကို ဖြစ်မြောက်​စေ​ကြောင်း  အခြား​ဥပမာတစ်ခု​ကို တမန်​တော်​ပေါလု​ဖော်ပြ​သည်။ ကျမ်းစာ​၌ အာဗြဟံ​ကို “လူမျိုး​အများ​တို့၏​အဘ” ဟု​ခေါ်ဆို​ထား​သည်။ (ရောမ ၄:၁၆၊ ၁၇) အာဗြံ​မှာ ကလေး​မရှိ​သေး​ချိန်​၌​ပင် ယေဟောဝါ​သည် သူ့ကို အာဗြဟံ၊ “လူအုပ်ကြီး (လူ​အမြောက်အမြား) ၏​ဖခင်” ဟု​အဓိပ္ပာယ်​ရှိသည့်​အမည်​ဖြင့် ပြောင်း​ခေါ်​ခဲ့​သည်။ ယေဟောဝါ​သည် သက်ကြီးရွယ်အို အာဗြဟံ​နှင့် သူ့​ဇနီး​စာရာ​တို့ကို သားသမီး​ထွန်းကား​နိုင်​သည့်​အစွမ်း ပြန်လည်​ရရှိစေ​ခြင်း​ဖြင့် ထို​နာမည်​၏​အဓိပ္ပာယ်​နှင့်​အညီ အမှန်​ဖြစ်စေ​တော်​မူ​ခဲ့​သည်။—ဟေဗြဲ ၁၁:၁၁၊ ၁၂

တန်ခိုး​အာဏာ​များစွာ အပ်နှင်းခြင်း​ခံ​ခဲ့​ရသော ယေရှု​ခရစ်​သည် လူသားများ​ထက် သာလွန်​သော​ရှုထောင့်​မှ အဖြစ်မှန်​များ​ကို​ဖော်ပြ ပြောဆို​ခဲ့​သည်။ ယေရှု၏​မိတ်ဆွေရင်း လာဇရု​သေဆုံး​သွား​သော်လည်း တပည့်တော်​များ​ကို ကိုယ်တော်​ဤသို့​မိန့်ဆို​သည်– “ငါ​တို့​အဆွေ​လာဇရု​သည် အိပ်ပျော်​၏။ သူ့ကို​နှိုး​ခြင်း​အလို​ငှာ ငါ​သွား​မည်။” (ယောဟန် ၁၁:၁၁) သေနေ​သူ​တစ်ဦး​ကို အိပ်​နေသည်​ဟု ယေရှု အဘယ်ကြောင့်​မိန့်တော်မူ​ခဲ့​ရသနည်း။

လာဇရု​၏​ဇာတိ ဗေသနိ​ရွာ​သို့ ယေရှု​ရောက်​သောအခါ သင်္ချိုင်းဂူ​သို့​သွား​၍ အဝ​၌​ပိတ်​ထားသော​ကျောက်တုံး​ကို​ရွှေ့လိုက်​ရန် ညွှန်ကြား​တော်​မူ​၏။ အသံ​ကျယ်ကျယ်​ဖြင့်​ဆုတောင်း​ပြီး​နောက် “လာဇရု ထွက်၍​လာ​လော့” ဟု​မိန့်တော်မူ၏။ ဘေး​မှ​ကြည့်​နေ​သူများ​သည် သင်္ချိုင်းဂူ​ကို စိုက်​၍​ကြည့်​နေစဉ် “သေလွန်​သော​သူသည် မိမိ​ခြေလက်​၌ ပုဆိုးနံငယ်​နှင့်​ရစ်ပတ်​လျက်၊ မျက်နှာကို​လည်း ပဝါ​နှင့်​စည်း​လျက်​ထွက်​လာ​၏။” ထို​အခါ​ယေရှု​က “သူ့ကို​ဖြေ​၍​လွှတ်​ကြလော့” ဟု​မိန့်တော်မူ၏။ (ယောဟန် ၁၁:၄၃၊ ၄၄) ယေရှုသည် လေး​ရက်​ကြာ​သေဆုံး​နေ​သူ​လာဇရု​ကို အသက်ပြန်ရှင်​စေ​ခဲ့​သည်​တကား! ခရစ်တော်​က မိမိ၏​အဆွေ​သည် အိပ်ပျော်​နေသည်​ဟု​ပြော​သောအခါ အမှန်တရားကို ထင်ယောင်ထင်မှား​ဖြစ်စေ​ခဲ့​သည်မဟုတ်။ ယေဟောဝါ​နှင့်​ယေရှု၏ ရှုထောင့်​မှ​ကြည့်​လျှင် သေဆုံး​သူ​လာဇရု​သည် အိပ်ပျော်​နေ​သကဲ့သို့​ဖြစ်သည်။ မှန်ပါသည်၊ ယေရှု​နှင့် ကိုယ်တော့်​ကောင်းကင်​ခမည်းတော်​သည် အမှန်တကယ်​ဖြစ်ရပ်​များနှင့် ပတ်သက်​ကြ​၏။

ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​မျှော်လင့်ချက်များ​ကို အမှန်တကယ်​ဖြစ်လာ​စေနိုင်

ထင်ယောင်ထင်မှား​ဖြစ်စေ​သော ရုပ်ပုံများ​နှင့် အမှန်​တည်ရှိ​သော​ဘုရားသခင်​သည် ကွာခြား​လိုက်​လေ​ခြင်း! . . . အခြား​တစ်ဖက်​တွင်​မူ ယေဟောဝါ​ဘုရားသခင်​သည် နှစ်ပေါင်း​များစွာ သေဆုံး​နေသော​ကျေးကျွန်​များ​ကို အသက်​ပြန်ပေး​နိုင်သော​ကြောင့် သူတို့သည် အသက်ရှင်နေ​ဘိ​သကဲ့သို့ တော်မှန်​စွာ​ပြောဆို​နိုင်​ပေ​သည်။ “ထာဝရ​ဘုရား[သခင်]မူ​ကား မှန်သော​ဘုရား [သခင်] ဖြစ်​တော်​မူ” ၍​လူ​တို့ကို​ဘယ်တော့​မျှ ထင်ယောင်ထင်မှား​မဖြစ်စေ​ပါ။—ယေရမိ ၁၀:၁၀

ယေဟောဝါ​ချိန်းချက်​ထား​တော်​မူ​ချိန်​တွင် ကိုယ်တော့်​မှတ်ဉာဏ်တော်​ထဲ​ရှိသူတို့​သည် သေ​ရာ​မှ အသက်ပြန်ရှင်​လာ​ကြ​မည်​ကို သိရ​ခြင်း​မှာ တကယ်​စိတ်အားတက်​စ​ရာ​ပါ​တကား! (တမန်​တော် ၂၄:၁၅) မှန်ပါသည်၊ ရှင်ပြန်ထမြောက်​စေခြင်း​တွင် လူတစ်ဦး​၏​ဘဝ​ပုံစံ​ကို ပြန်​ဖော်​ပေးခြင်း​ပါဝင်​သည်။ သေလွန်သူ​တို့၏​ဘဝ​ပုံစံ​များ​ကို မှတ်မိ​ပြီး သူတို့ကို​ရှင်ပြန်ထမြောက်​စေခြင်း​သည် ဖန်ဆင်း​ရှင်​အတွက် အခက်အခဲ​တစ်ရပ်​မဟုတ်ပေ၊ ကိုယ်တော်၌ အကန့်အသတ်မဲ့​ဉာဏ်ပညာ​နှင့် တန်ခိုးတော်​ရှိ၏။ (ယောဘ ၁၂:၁၃; ဟေရှာယ ၄၀:၂၆) ယေဟောဝါ​သည် မေတ္တာ​နှင့်​ပြည့်ဝ​တော်​မူသောကြောင့် မြေကြီး​ပရဒိသု​ပေါ်​သို့ သေလွန်သူ​များ​ကို အသက်ပြန်ရှင်​စေမည်၊ သူတို့​မသေဆုံးမီ​က​ရှိခဲ့​သည့် ဥပဓိရုပ်​များ​အတိုင်း​ဖြစ်လာ​စေရန် မိမိ၏​စုံလင်သော​မှတ်ဉာဏ်တော်​ကို အသုံးပြု​တော်​မူ​မည်။—၁ ယောဟန် ၄:၈

စာတန့်​လောက​၏​အဆုံး နီးကပ်​လာ​လေ စစ်မှန်သော​ဘုရားသခင်​ကို ယုံကြည်​ကိုးစား​သူများ​၏ အနာဂတ်​သည် ပို​တောက်ပ​လေ​ဖြစ်သည်။ (သု. ၂:၂၁၊ ၂၂; ဒံယေလ ၂:၄၄၊ ၄၅; ၁ ယောဟန် ၅:၁၉) ဆာလံဆရာ​က ဤသို့​အာမခံ​ထား​သည်– “ခဏ​ကြာပြီး​မှ မတရားသော​သူသည်​မရှိ​ရ။ . . . စိတ်​နှိမ့်ချသော​သူတို့မူကား ပြည်တော်​ကို​အမွေခံ​၍ များပြား​သော​ငြိမ်သက်ခြင်း​၌ မွေ့လျော်​ကြလိမ့်မည်။” (ဆာလံ ၃၇:၁၀၊ ၁၁) ရာဇဝတ်မှု​နှင့် အကြမ်းဖက်မှု​တို့သည် အတိတ်​တွင်​ကျန်ရစ်​ကြလိမ့်မည်။ တရား​မျှတမှု လွှမ်းမိုး၍ စီးပွားရေး​အခက်အခဲ​များ ပပျောက်​သွား​မည်။ (ဆာလံ ၃၇:၆; ၇၂:၁၂၊ ၁၃; ဟေရှာယ ၆၅:၂၁-၂၃) လူမှုရေး၊ လူမျိုးရေး၊ လူမျိုးနွယ်​နှင့် လူမျိုးစု​ခွဲခြား​မှုများ​တို့သည် စိုး​စဉ်း​မျှ ရှိတော့မည်​မဟုတ်။ (တမန်​တော် ၁၀:၃၄၊ ၃၅) စစ်ပွဲ​များနှင့် စစ်​လက်နက်များ​လည်း မရှိတော့​ချေ။ (ဆာလံ ၄၆:၉) ထို​အချိန်တွင် “မြို့သား​က​လည်း ငါ​နာ​သည်​ဟု​မဆို​ရ။” (ဟေရှာယ ၃၃:၂၄) လူတိုင်း​၏​ကျန်းမာ​ရေး​သည် စုံလင်​၍ ဒေါင်ဒေါင်မြည်​ဖြစ်လာ​လိမ့်​မည်။ (ဗျာဒိတ် ၂၁:၃၊ ၄) မြေကြီး​ပရဒိသု​သည် မကြာမီ အမှန်တကယ်​ဖြစ်လာ​တော့​မည်။ ယင်း​သို့ ယေဟောဝါ​ရည်ရွယ်​ထား​တော်​မူ​သတည်း!

မှန်ပါသည်၊ ကျမ်းစာ​အခြေပြု​မျှော်လင့်ချက်​အားလုံး​သည် မကြာမီ ပြည့်စုံ​လာတော့​မည်။ ယေဟောဝါ​အပေါ် အပြည့်အဝ​ယုံကြည်​ကိုးစား​နိုင်​လျက်​နှင့် ဤ​လောက​ရှိ ကြည်ညို​လေးမြတ်​ခံရ​ရာ​များ​ကြောင့် အဘယ်ကြောင့် ထင်ယောင်ထင်မှား​အဖြစ်​ခံ​ကြ​မည်​နည်း။ “လူအပေါင်း​တို့သည် ကယ်တင်ခြင်း​သို့​ရောက်​၍ [အမှန်] တရားကို​သိစေ” ရန်​မှာ ကိုယ်တော့်​အလိုတော်​ဖြစ်သည်။ (၁ တိမောသေ ၂:၃၊ ၄) ကျွန်ုပ်​တို့၏​အချိန်​နှင့် ကျွန်ုပ်​တို့၏​စွမ်းရည်​ကို ဤ​အစီအစဉ်​စနစ်​ရှိ ထင်ယောင်ထင်မှား​ဖြစ်စေ​ရာ​များနှင့် ယင်း​၏​ဘုရား[သခင်]များ​၌​မြှုပ်နှံထား​မည့်​အစား အမှန်တကယ်​ရှိသော​ဘုရားသခင်​ကို ပိုမို​သိကျွမ်း​လာ၍ ကိုယ်တော်​အား စိတ်နှလုံး​အကြွင်းမဲ့ ကိုးစား​ကြ​စို့​လေ။—သု. ၃:၁-၆; ယောဟန် ၁၇:၃

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

ယေဟောဝါ​နှင့်​ယေရှု၏ ရှုထောင့်​မှ​ကြည့်​လျှင် လာဇရု​သည် အိပ်ပျော်​ခဲ့​ခြင်း​သာ​ဖြစ်

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

မကြာမီ မြေကြီးပေါ်​တွင် ပရဒိသု အမှန်တကယ်​တည်ရှိ​လာ​မည်