မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခံနိုင်ရည်နှင့်ဇွဲရှိရန် ကျွန်တော်တို့ကို ယေဟောဝါသွန်သင်ပေး

ခံနိုင်ရည်နှင့်ဇွဲရှိရန် ကျွန်တော်တို့ကို ယေဟောဝါသွန်သင်ပေး

ဘဝ​အတ္ထုပ္ပတ္တိ

ခံနိုင်ရည်​နှင့်​ဇွဲရှိ​ရန် ကျွန်တော်​တို့ကို ယေဟောဝါ​သွန်သင်ပေး

အရစ္စတိုတယ်​လီစ် အာပေါ့တိုလီဒီစ် ပြောပြ​သည်

မြောက်ပိုင်း​ကော့​ကေး​ဆပ်​တောင်​ခြေရင်း​မှာ ရေ​ပူ​စမ်း​တွေ​ရှိပြီး ရာသီဥတု​ကောင်း​လို့ နာမည်​ကျော်ကြား​တဲ့ ရုရှား​မြို့ကြီး ရား​တီ​ဂေါ့စ်ခ်​တည်ရှိ​တယ်။ အဲဒီမှာ ဂရိ​ခိုလှုံ​သူတွေရဲ့​သား​အဖြစ် ၁၉၂၉ ခုနှစ်​မှာ ကျွန်တော့်​ကို​မွေး​ခဲ့​တာ။ နောက်​ဆယ်နှစ်​ကြာ​တော့ စ​တာ​လင်​ဝါဒီ​သန့်စင်မှု​တွေ၊ ထိတ်လန့်စရာတွေ​နဲ့ လူမျိုးရေး​သန့်စင်မှု​တွေ ဖြစ်ပျက်​ပြီး​နောက်​မှာ ဂရိ​နိုင်ငံ​ကို​မောင်းထုတ်​ခံရ​တဲ့​အတွက် ခိုလှုံ​သူတွေ​ပြန်​ဖြစ်လာ​တယ်။

ဂရိ​နိုင်ငံ၊ ပစ်​ရီ​အာ​စ်​မြို့ကို ကျွန်တော်​တို့​ပြောင်း​သွားပြီး​နောက် “ခိုလှုံ​သူတွေ” ဆို​တဲ့​စကားလုံး​ဟာ ကျွန်တော်​တို့အတွက် အဓိပ္ပာယ်​လုံးလုံး​ပြောင်း​သွားတယ်။ ကျွန်တော်​တို့ကို သူစိမ်း​တွေ​လို ဆက်ဆံ​ခဲ့​ကြတယ်။ ကျွန်တော့်​အစ်ကို​နဲ့ ကျွန်တော့်​ကို ဂရိ​အတွေးအခေါ်​ပညာရှင်​နှစ်ယောက်​ရဲ့​နာမည်​ဖြစ်​တဲ့ ဆို​က​ရေး​တီး​နဲ့ အရစ္စတိုတယ်​လို့ နာမည်​ပေး​ထား​ပေမဲ့ အဲဒီ​နာမည်​တွေ​နဲ့​မ​ခေါ်​ကြဘူး။ ကျွန်တော်​တို့ကို လူတိုင်း​က​ရုရှား​ချာတိတ်​လေး​တွေ​လို့​ပဲ ခေါ်​ကြတယ်။

ဒုတိယ​ကမ္ဘာ​စစ်​ဖြစ်​ပြီး မကြာခင် ကျွန်တော်​ချစ်​ရတဲ့​အမေ ဆုံး​သွားတယ်။ ကျွန်တော်​တို့​အိမ်မှာ အမေက​အဓိက​ပဲ၊ အမေ​ဆုံး​တော့ ဝမ်းနည်း​ကြေကွဲ​ခဲ့​ရတာပေါ့။ အမေ​ဖျားနေ​တုန်း​မှာ အိမ်မှုကိစ္စ​အတော်များများကို​လုပ်တတ်​ဖို့ ကျွန်တော့်​ကို​သင်ပေးတယ်။ ဒီ​လေ့ကျင့်မှု​က နောက်ပိုင်း​မှာ အတော်​ကို​အသုံးဝင်​ခဲ့တယ်။

စစ်​နှင့် လွတ်မြောက်မှု

စစ်​ဖြစ်နေ​တာ​ရ​ယ်၊ နာဇီ​ခေတ်​ရ​ယ်၊ မဟာမိတ်​တပ်ဖွဲ့​တွေ တရ​စပ်​ပစ်ခတ်​နေတာ​တွေ​ရ​ယ်​ကြောင့် နေ့စဉ်​နေ့တိုင်း​ဟာ ကျွန်တော်​တို့​အသက်ရှင်​ကြ​ရမယ့် နောက်ဆုံး​နေ့​ပဲ​လို့ ထင်​ခဲ့​ရတယ်။ နေရာတကာမှာ ဆင်းရဲ​မွဲတေ၊ ငတ်ပြတ်၊ သေနေ​ကြတယ်။ ၁၁ နှစ်အရွယ်​ကတည်းက ကျွန်တော်​တို့​သုံးယောက်ရဲ့​စား​ဝတ်​နေ​ရေး​အတွက် အဖေနဲ့​အတူ ကျွန်တော်​ပင်ပင်ပန်းပန်းအလုပ်လုပ်​ခဲ့​ရတယ်။ ဂရိ​ဘာသာ​စကား​သိပ်​မတတ်တဲ့​အပြင် စစ်​ဖြစ်နေ​တာ​ရ​ယ်၊ စစ်ဒဏ်​တွေ​ကြောင့်​ပါ လောက​ပညာ များများ​မ​ဆည်းပူး​ခဲ့​ရ​ဘူး။

၁၉၄၄၊ အောက်တိုဘာ​လမှာ ဂရိ​နိုင်ငံ​ဟာ ဂျာမန်​လက်အောက်​ကနေ လွတ်မြောက်​သွားတယ်။ အဲဒီနောက်​မကြာခင် ယေဟောဝါသက်သေ​တွေ​နဲ့ ကျွန်တော်​အဆက်အသွယ်​ရခဲ့တယ်။ စိတ်ဓာတ်ကျ​ပြီး စိတ်​ဆင်းရဲ​နေရ​တဲ့​အချိန်​မှာ ကျမ်းစာ​မျှော်လင့်ချက်​ဖြစ်​တဲ့ ဘုရားသခင့်​နိုင်ငံတော်​အောက် တောက်ပ​တဲ့​အနာဂတ်​ဟာ ကျွန်တော့်​ကို​အားတက်စေ​ပါ​တယ်။ (ဆာလံ ၃၇:၂၉) ငြိမ်းချမ်း​တဲ့​မြေကြီး​ပေါ်မှာ ထာဝရ​အသက်​ရမယ်ဆို​တဲ့ ဘုရားသခင့်​ကတိတော်​ဟာ ကျွန်တော့်​ရဲ့​ဒဏ်ရာ​ဒဏ်ချက်​တွေ​ကို တကယ်ပဲ​သက်သာ​စေပါ​တယ်။ (ဟေရှာယ ၉:၇) ၁၉၄၆ ခုနှစ်​မှာ အဖေနဲ့ ကျွန်တော် ယေဟောဝါ​ထံ​ဆက်ကပ်​အပ်နှံ​ပြီး နှစ်ခြင်း​ခံ​ခဲ့တယ်။

နောက်​နှစ်မှာ ပစ်​ရီ​အာ​စ်​မြို့က ဒုတိယ​အသင်းတော်ရဲ့ (နောက်ပိုင်း မဂ္ဂဇင်း​အမှုထမ်း​လို့​ခေါ်​တဲ့) ကြော်ငြာ​အမှုထမ်း​အဖြစ် ကျွန်တော် ဦးဆုံး​တာဝန်ရ​လို့ ဝမ်းသာ​ခဲ့​ရတယ်။ ကျွန်တော်​တို့​ရဲ့​ရပ်ကွက်​က ပစ်​ရီ​အာ​စ်​မြို့ကနေ အီလျူစီနီယံ​မြို့​အထိ​မိုင် ၃၀ လောက်​ရှိတယ်။ အဲဒီတုန်းက ဒီ​အသင်းတော်မှာ ကောင်းကင်​အတန်းအစား​ခရစ်ယာန်​တွေ အတော်များများ​ရှိတယ်။ သူတို့နဲ့​ပူးတွဲ​အမှုဆောင်ခွင့်​ရပြီး သူတို့ဆီကနေ သင်ယူ​ခွင့်​ရခဲ့တယ်။ ဟောပြောခြင်း​လုပ်ငန်း​ကို ဆောင်ရွက်ဖို့ ဇွဲ​န​ပဲ​နဲ့​ကြိုးစား​ဖို့​လို​တာ​နဲ့​ပတ်သက်ပြီး သူတို့ဆီမှာ မကုန်နိုင်​မ​ခန်း​နိုင်​တဲ့​တွေ့ကြုံမှု​တွေ​ရှိလို့ သူတို့နဲ့​ပေါင်းသင်း​ရတာ တကယ်​ပျော်စရာ​ကောင်းတယ်။ ယေဟောဝါ​ရဲ့​အမှုတော်ကို သစ္စာရှိ​ရှိ​ဆောင်ရွက်ဖို့​နဲ့ စိတ်ရှည်​ပြီး ဇွဲရှိ​ဖို့​လိုတယ်​ဆိုတာ သူတို့ရဲ့​ဘဝ​လမ်းစဉ်​က ဖော်ပြ​တယ်။ (တမန်​တော် ၁၄:၂၂) အခု​ဆိုရင် ဒီ​ဒေသမှာ ယေဟောဝါသက်သေ​တွေ​ရဲ့ အသင်းတော် ၅၀ ကျော်​ရှိနေပြီ​ဆိုတော့ ကျွန်တော်​အရမ်း​ဝမ်းသာတယ်!

မထင်မမှတ်​သော​စိန်ခေါ်ချက်​တစ်ရပ်

နောက်​မကြာခင်​မှာ ပ​ထရပ်​စ်​မြို့က ချစ်စရာ​ကောင်းပြီး စိတ်​ထက်သန်​တဲ့ ခရစ်ယာန်​မိန်းကလေး အယ်​လ​နီ​နဲ့ ကျွန်တော်​ရင်းနှီး​လာတယ်။ ၁၉၅၂ ခုနှစ်​အကုန်ပိုင်း​မှာ ကျွန်တော်​တို့ စေ့စပ်​ခဲ့​ကြတယ်။ ဒါပေမဲ့ တစ်လ​နှစ်လ​ကြာ​တော့ အယ်​လ​နီ အသည်းအသန်​ဖျား​လာတယ်။ ဆရာဝန်​တွေ​က ဦးနှောက်​အကြိတ် ရှာတွေ့​တဲ့​အတွက် သူ့ရဲ့​အခြေအနေ​က စိုးရိမ်​စ​ရာ​ပဲ။ သူ့ကို ချက်ချင်း​ခွဲစိတ်​ကုသ​ရမယ်​တဲ့။ ဆရာဝန်​ကို အခက်အခဲ​နဲ့​ကြိုးစား​ရှာပြီး​တဲ့​နောက် အေ​သင်​မြို့မှာ တစ်ယောက်ကို တွေ့​တယ်၊ အဲဒီတုန်းက ခေတ်မီ​ပစ္စည်း​တွေ​မရှိပေမဲ့ ဒီ​ဆရာဝန်​က ကျွန်တော်​တို့​ရဲ့​ဘာသာရေး ယုံကြည်ချက်တွေကို လိုက်လျော​ပြီး သွေးမဲ့​ခွဲစိတ်​ပေးဖို့​အသင့်​ရှိခဲ့တယ်။ (ဝတ်ပြုရာ ၁၇:၁၀-၁၄; တမန်​တော် ၁၅:၂၈၊ ၂၉) ခွဲစိတ်​ပြီး​တဲ့​အခါ ကျွန်တော့်​ဇနီးလောင်း​ရဲ့​အခြေအနေ​ကို ဆရာဝန်​တွေ​ကျေနပ်​ကြ​ပေမဲ့ ရောဂါ​ပြန်​ဖြစ်​နိုင်တယ်​လို့​လည်း ပြော​ကြတယ်။

ဒီလို​အခြေအနေ​မျိုးမှာ ကျွန်တော်​ဘာလုပ်ရမလဲ။ အခြေအနေ​ပြောင်းလဲ​သွားတဲ့​အတွက် စေ့စပ်​ကြောင်း​လမ်း​ထား​တာ​ကို ဖျက်သိမ်း​လိုက်ရ​မလား။ မ​ဖျက်သိမ်း​ခဲ့​ပါ​ဘူး! ကျွန်တော်​စေ့စပ်​ကတိပြု​ထား​တဲ့​အတွက် အ​ဟုတ်​ကို အ​ဟုတ်​ဖြစ်ချင်​တယ်။ (မဿဲ ၅:၃၇) တခြား​ဘာကိုမှ ကျွန်တော်​မစဉ်း​စား​တော့​ဘူး။ အယ်​လ​နီ​ရဲ့​အစ်မ​က သူ့ကို​ပြုစုပေး​လို့ အတော်လေး​နေကောင်း​လာတော့ ၁၉၅၄၊ ဒီဇင်ဘာ​လမှာ ကျွန်တော်​တို့​လက်ထပ်​လိုက်ကြတယ်။

နောက်​သုံးနှစ်​အကြာမှာ အယ်​လ​နီ ရောဂါ​ပြန်​ဖြစ်တယ်၊ ပထမ​ဆရာဝန်​က​ပဲ ခွဲစိတ်​ပေး​ခဲ့တယ်။ ဒီ​တစ်ခါ​တော့ အကြိတ်​ကို​အကုန်​ထုတ်ပစ်ဖို့ ဦးနှောက်​အတွင်း​နက်​နက်​အထိ ခွဲစိတ်​ခဲ့​ရတယ်။ အဲဒါ​ကြောင့် ကျွန်တော့်​ဇနီး​ဟာ ကိုယ်​တစ်ပိုင်း​လေဖြတ်​သွားပြီး သူ့ရဲ့​စကား​ပြောနိုင်စွမ်း အတော်လေး​ထိ​သွားတယ်။ အခု ကျွန်တော်​တို့​နှစ်ယောက်စလုံး​အတွက် စိန်ခေါ်ချက်​အသစ်တွေ​ဖြစ်ပေါ်​လာတာပေါ့။ အားမစိုက်​ရတဲ့​အလုပ်​ကလေး​တစ်ခု​ကို​တောင် ကျွန်တော့်​ဇနီး​မလုပ်နိုင်တော့ဘူး။သူ့ရဲ့​ကျန်းမာ​ရေး​အခြေအနေ​ကြောင့် ကျွန်တော်​တို့​ရဲ့​နေ့စဉ်​လုပ်ငန်းဆောင်တာ​တွေ​ကို ပြောင်းလဲ​ခဲ့​ရတယ်။ ဒါ​ထက် ခံနိုင်ရည်​နဲ့ ဇွဲရှိ​ဖို့​လို​လာပြီ​လေ။

ဒီ​အချိန်​မှာ ကျွန်တော့်​အမေ​သင်​ထား​ပေး​တဲ့ လေ့ကျင့်မှု​ဟာ အတော့်​ကို အသုံးဝင်​လာတယ်။ နေ့တိုင်း မနက်စောစော​ထ​ပြီး ချက်ပြုတ်​ဖို့​ပစ္စည်း​တွေ​အားလုံး​ကို ကျွန်တော်​ပြင်ပေး​ထား​တယ်၊ အယ်​လ​နီ​က ချက်ပြုတ်​တယ်။ မကြာခဏ​ဆို​သလို အချိန်ပြည့်​အမှုဆောင်​တွေ၊ ကျွန်တော်​တို့​နဲ့​ကျမ်းစာ​သင်​နေတဲ့​သူတွေနဲ့ အသင်းတော်က ဆင်းရဲ​တဲ့​ခရစ်ယာန်​ချင်း​တွေ​ကို ကျွန်တော်​တို့​ဖိတ်ခေါ်​ကျွေးမွေး​တတ်တယ်။ စား​လို့​ကောင်းတယ်​လို့ အားလုံး​က​ပြော​ကြ​တာ​ပဲ! တခြား​အိမ်မှုကိစ္စ​တွေ​ကိုလည်း အယ်​လ​နီ​နဲ့​ကျွန်တော်​တို့​နှစ်ယောက်စလုံး ပူးပေါင်း​လုပ်ကြ​တဲ့​အတွက် အိမ်က သန့်ရှင်း​သပ်ရပ်​နေတယ်။ အတော့်​ကို​ခက်ခဲ​တဲ့​အခြေအနေ​မျိုးကို အနှစ် ၃၀ လုပ်ဆောင်ခဲ့ရ​တာ။

မကျန်းမာ​သည့်​ကြား​မှ ဇွဲ​လုံ့လ

ကျွန်တော့်​ဇနီး​ရဲ့ ယေဟောဝါ​ကို​ချစ်တဲ့​မေတ္တာ၊ ကိုယ်တော့်​လုပ်ငန်း​အတွက် သူ့ရဲ့​ဇွဲ​ကို ဘာကမှ​တားဆီး​လို့​မရဘူး​ဆိုတာ​ကို သတိပြုမိ​တဲ့ ကျွန်တော်​နဲ့ အခြားသူ​တွေ​အတွက် အားရှိစရာ​ပါ။ အတော်လေး​ကြာ​လာတော့ အယ်​လ​နီ​ဟာ မှန်မှန်​ကြိုးစား​ခဲ့လို့ သူ​ပြော​ချင်​တာ​ကို စကားလုံး​နည်းနည်းနဲ့ ပြောတတ်​လာတယ်။ လမ်းသွားလမ်းလာ​သူတွေကို ကျမ်းစာ​သတင်းကောင်း သူ​အမြဲ​ပြောပြ​ချင်​တယ်။ အလုပ်​ကိစ္စ​နဲ့ ကျွန်တော်​အပြင်ထွက်​တိုင်း သူ့ကို​ပါ​ခေါ်သွား​ပြီး လူ​သွား​လူ​လာ​များတဲ့ လမ်းဘေး​မှာ ကား​ကို​ရပ်​ထား​ပေး​လိုက်တယ်။ ကား​ပြတင်းပေါက်​ကို သူ​ဖွင့်​ထားပြီး လမ်းသွားလမ်းလာ​သူတွေကို ကင်းမျှော်စင် နဲ့ နိုးလော့! တွေ​ယူ​ဖတ်​ဖို့ အားပေးတယ်။ တစ်ခါ​က နှစ်နာရီ​အတွင်း စောင်ရေ ၈၀ ဝေငှ​ခဲ့တယ်။ များသောအားဖြင့် အသင်းတော်ရဲ့ မဂ္ဂဇင်း​အဟောင်း​တွေ​ကို သူပဲ​ဝေငှ​ပေး​တာ။ အယ်​လ​နီ​ဟာ တခြား​ဟောပြော​နည်း​တွေ​မှာလည်း မှန်မှန်​ပါဝင်​တယ်။

ကျွန်တော့်​ဇနီး မကျန်းမာတဲ့​နှစ်တွေ​တစ်လျှောက်​လုံး​မှာ ကျွန်တော်​နဲ့​အတူ အစည်းအဝေးတွေကို အမြဲတမ်း​တက်​ခဲ့တယ်။ ဂရိ​နိုင်ငံ​မှာ ယေဟောဝါ​သက်သေတွေကို ညှဉ်းပန်း​နှိပ်စက်​တဲ့​အတွက် တိုင်းတစ်ပါး​မှာ စည်းဝေးကြီး​တွေ​သွား​တက်​ရတာ​တောင် စည်းဝေး​တစ်ခု​ကို​မှ မပျက်​ခဲ့​ဘူး။ မကျန်းမာတဲ့​ကြား​ကနေ ဩစတြီးယား၊ ဂျာမနီ၊ စိုက်​ပ​ရပ်​စ်​နဲ့ အခြား​နိုင်ငံ​တွေ​မှာ စည်းဝေးကြီး​တွေ​ကို ပျော်ပျော်ရွှင်ရွှင်​နဲ့​တက်​ခဲ့တယ်။ ယေဟောဝါ​ရဲ့​လုပ်ငန်းတော်မှာ ကျွန်တော်​တာဝန်​တွေ​များ​လာလို့ တစ်ခါ​တ​လေ အယ်​လ​နီ​အတွက် အဆင်မပြေ​ခဲ့ရင်​တောင် သူ​တစ်ခါ​မှ​မ​ညည်း​ဘူး၊ အတင်း​တောင်းဆို​တာ​လည်း​မရှိခဲ့ဘူး။

ဒီ​အခြေအနေ​က ကျွန်တော့်​ကို ရေရှည်​မှာ ခံနိုင်ရည်​နဲ့​ဇွဲရှိ​စေပါ​တယ်။ ယေဟောဝါ​ရဲ့​အကူအညီကို ကျွန်တော်​ခဏ​ခဏ​ရခဲ့တယ်။ ညီအစ်ကို၊ ညီအစ်မ​တွေ​လည်း ဖြစ်​နိုင်​သမျှ​နည်းနဲ့ ကျွန်တော်​တို့ကို တကယ်​ကိုယ်ကျိုး​စွန့်​ကူညီပေး​တယ်၊ ဆရာဝန်​တွေ​တောင် ကြင်နာ​စွာ​ကူညီပေး​ခဲ့​ကြတယ်။ ဒီလို​ခက်ခဲ​တဲ့​နှစ်တွေ​တစ်လျှောက် ရုန်းကန်​နေရ​တဲ့​အခြေအနေ​တွေ​ကြောင့် အချိန်ပြည့်​အလုပ်အကိုင်​ကို ကျွန်တော်​မ​လုပ်နိုင်​ပေမဲ့ ဘဝ​လိုအပ်ချက်​တွေ ပြတ်လပ်​သွားတယ်​ဆိုတာ တစ်ခါ​မှ​မရှိခဲ့ဘူး။ ယေဟောဝါ​ရဲ့​အကျိုး​စီးပွား​နဲ့ လုပ်ငန်းတော်​ကို အမြဲတမ်း​ဦးစား​ထားခဲ့​တယ်။—မဿဲ ၆:၃၃

ဒီလို​ရုန်းကန်​ခဲ့​ကြ​ရတဲ့​အချိန်တွေမှာ ကျွန်တော်​တို့ကို ဘာက​ကျား​ကန်​ပေး​တာလဲ​လို့ လူတွေက​မေးကြတယ်။ အခု ကျွန်တော် ပြန်ပြောင်း​ကြည့်​လိုက်ရင် ကိုယ်ပိုင်​ကျမ်းစာ​လေ့လာခြင်း၊ ဘုရားသခင်​ထံ လှိုက်လှိုက်လှဲလှဲ​ဆုတောင်းခြင်း၊ ခရစ်ယာန်​စည်းဝေး​တွေ​ကို မှန်မှန်​တက်​ခြင်း​နဲ့ ဟောပြောခြင်း​လုပ်ငန်းမှာ ဇွဲရှိ​ရှိပါ​ဝင်​ခြင်း​တွေ​က ကျွန်တော်​တို့ကို ခံနိုင်ရည်​နဲ့​ဇွဲရှိဖို့ အားရှိစေ​ကြောင်း​သဘောပေါက်ခဲ့​တယ်။ ဆာလံ ၃၇:၃-၅ က “ထာဝရ​ဘုရား[သခင်]ကို​ခိုလှုံ​၍ ကောင်းသော​အကျင့်ကို​ကျင့်​လော့။ . . . ထာဝရ​ဘုရား[သခင်]၌ မွေ့လျော်ခြင်း​ရှိ​လော့။ . . . ကိုယ်​အမှုအရာ​ကို ထာဝရ​ဘုရား[သခင်]၌​အပ်​လော့။ ကိုယ်တော်​ကိုကိုး​စား​လော့။ သို့ပြုလျှင် စီရင်တော်မူ​မည်” ဆို​တဲ့ အားပေး​စကား​တွေ​ကို ကျွန်တော်​တို့​အမြဲတမ်း​သတိရ​ကြတယ်။ ကျွန်တော်​တို့အတွက် တန်ဖိုး​ရှိတဲ့ နောက်​ကျမ်းချက်​တစ်ချက်​က​တော့ “ထမ်းရွက်​ရသော​ဝန်ကို ထာဝရ​ဘုရား[သခင်]၌​ချထား​လော့။ သင့်ကို​မစ​တော်​မူ​မည်” ဆို​တဲ့ ဆာလံ ၅၅:၂၂ ပါ​ပဲ။ အဖေ​ကို လုံးလုံး​ယုံကြည်​အားကိုး​တဲ့​ကလေး​တစ်ယောက်လို​ပဲ ကျွန်တော်​တို့​ရဲ့​ဝန်​တွေ​ကို ယေဟောဝါ​ထံ​မှာ​အပ်​ထား​လိုက်တယ်။—ယာကုပ် ၁:၆

၁၉၈၇၊ ဧပြီ ၁၂ ရက်​နေ့​က ကျွန်တော့်​ဇနီး အိမ်ရှေ့မှာ ဟောပြောနေ​တုန်း သံ​တံခါး​အလေး​ကြီး​တစ်ခု သူ့​အနောက်​ကနေ​ပိတ်​သွားတော့ သူ့ကို​ရိုက်​မိတယ်၊ သူ​လမ်းဘေး​ကို လဲကျ​သွားပြီး အကြီးအကျယ်​ဒဏ်ရာ​ရသွားတယ်။ အဲဒါ​ကြောင့် နောက်​သုံးနှစ်​အထိ သူ​မေ့မြော​နေခဲ့တာ။ ၁၉၉၀ ပြည့်နှစ်,နှစ်ဆန်း​ပိုင်း​မှာ သူ​ကွယ်လွန်​သွား​ရှာတယ်။

ယေဟောဝါ​၏​အမှုတော်ကို အတတ်နိုင်ဆုံး​ထမ်းဆောင်ခြင်း

၁၉၆၀ ပြည့်နှစ်​မှာ ပစ်​ရီ​အာ​စ်​မြို့၊ နီ​ကာ​အာ​အသင်းတော်ရဲ့ အသင်းတော်​အမှုထမ်း​အဖြစ် ကျွန်တော်​ခန့်အပ်​ခံ​ခဲ့​ရတယ်။ အဲဒီ​ကတည်းက ပစ်​ရီ​အာ​စ်​မြို့က အခြား​အသင်းတော် အတော်များများမှာ​လည်း ကျွန်တော်​အမှုဆောင်ခွင့်​ရခဲ့တယ်။ ကျွန်တော့်​မှာ သားသမီး​အရင်း​မရှိပေမဲ့ အမှန်တရားမှာ​ခိုင်မြဲ​လာ​ကြဖို့ ဝိညာဉ်​ရေးသား​သမီးတွေကို ကူညီပေး​ခွင့်​ရလို့ ကျွန်တော်​ဝမ်းသာ​ရတယ်။ အခု​ဆိုရင် သူတို့​ထဲ​က​တချို့ဟာ အသင်းတော်​အကြီးအကဲ​တွေ၊ ဓမ္မ​အမှုထမ်းတွေ၊ ရှေ့ဆောင်​တွေ​နဲ့ ဗေသလ​အိမ်သားတွေ​ဖြစ်နေ​ကြပြီ။

၁၉၇၅ ခုနှစ်​က ဂရိ​နိုင်ငံ​မှာ ဒီ​မို​က​ရေ​စီ​ပြန်​ရပြီး​တဲ့​နောက်​ယေဟောဝါ​သက်သေတွေဟာ သူတို့ရဲ့ စည်းဝေးကြီး​တွေ​ကို တောအုပ်​ထဲမှာ ပုန်းလျှိုးကွယ်လျှိုး​ကျင်းပ​စ​ရာ​မလို​တော့​ဘဲ လွတ်လွတ်လပ်လပ်​ကျင်းပ​နိုင်​ကြတယ်။ တိုင်းတစ်ပါး​မှာ စည်းဝေးကြီး​တွေ​စီစဉ်​ပေး​ခဲ့​ရတဲ့ ကျွန်တော်​တို့​ထဲ​က​တချို့​ရဲ့ အတွေ့အကြုံ​တွေ​ဟာ အခု အသုံးဝင်​ပြီ​ပေါ့။ ဒါ့​ကြောင့် ကျွန်တော်​ဟာ စည်းဝေးကြီး​ကော်မတီဝင်​အနေ​နဲ့ နှစ်​အတော်များများ အမှုဆောင်ခွင့်​ရခဲ့​တာ​ကို တကယ်​ဝမ်းသာတယ်။

နောက်တော့၊ ၁၉၇၉ ခုနှစ် ဂရိ​နိုင်ငံ၊ အေ​သင်​မြို့စွန်​မှာ ပထမ​ဆုံး​စည်းဝေးကြီး​ခန်းမ​တစ်ခု​ကို​ဆောက်​ဖို့ စီစဉ်​ခဲ့​ကြတယ်။ ဒီ​ဆောက်လုပ်ရေး​စီမံကိန်း​ကြီး​ကို ဖွဲ့စည်း​ပေး​ပြီး ပြီးမြောက်​အောင်​လုပ်ဆောင်ဖို့ ကျွန်တော်​တာဝန်ရ​ခဲ့တယ်။ ဒီ​အလုပ်မှာ​လည်း ခံနိုင်ရည်​နဲ့​ဇွဲရှိ​ဖို့ အတော်လေး​လိုတယ်။ ရာနဲ့ချီ​တဲ့ ကိုယ်ကျိုး​စွန့်​ညီအစ်ကို၊ ညီအစ်မ​တွေ​နဲ့ သုံးနှစ်​တိ​တိ ပူးပေါင်း​လုပ်ဆောင်ခဲ့ရ​တာ​ဟာ မေတ္တာ​နှောင်ကြိုး​ခိုင်မြဲ​ပြီး စည်းလုံးစေ​ပါ​တယ်။ ဒီ​စီမံကိန်း​ရဲ့​အမှတ်တရ​တွေ​ဟာ ကျွန်တော့်​နှလုံး​ထဲမှာ ဖျောက်ဖျက်​လို့​မရအောင် စွဲကျန်​ရ​စ်​ခဲ့​ပါ​ပြီ။

အကျဉ်းသား​များ​၏ ဝိညာဉ်​ရေး​လိုအပ်ချက်​များ​ကို ဖြည့်ဆည်း​ပေးခြင်း

နောက်​တစ်နှစ်၊ နှစ်နှစ်​အကြာမှာ ကျွန်တော်​အခွင့်အရေးသစ်​တစ်ခု ရခဲ့တယ်။ ကျွန်တော့်​ရဲ့​အသင်းတော်​ရပ်ကွက်​အနား​က ကော့​ရီ​ဒါ​လော​စ်​မြို့မှာ ဂရိ​နိုင်ငံ​ရဲ့ အကြီးဆုံး​ထောင်​တစ်ခု​ရှိတယ်။ ယေဟောဝါသက်သေ​တွေ​ရဲ့ အမှုဆောင်​တစ်ယောက်​အနေ​နဲ့ အဲဒီ​ထောင်​ကို အပတ်​တိုင်း​လည်ပတ်​ဖို့ ၁၉၉၁၊ ဧပြီလ​ကတည်းက ကျွန်တော်​တာဝန်ရ​ခဲ့တယ်။ အဲဒီမှာ စိတ်ဝင်စား​တဲ့ အကျဉ်းသားတွေ​နဲ့ ကျမ်းစာ​သင်အံမှု​ပြုလုပ်​ဖို့၊ ခရစ်ယာန်​စည်းဝေး​တွေ​ကျင်းပ​ဖို့ ကျွန်တော်​အခွင့်​ရထားတယ်။ သူတို့​ထဲ​က​အများစုဟာ အကြီးအကျယ်​ပြောင်းလဲ​လာ​ကြ​လို့ ကျမ်းစာ​ဟာ တန်ခိုး​ကြီး​မှန်း​ထင်ရှား​တယ်။ (ဟေဗြဲ ၄:၁၂) ဒါက ထောင်​အမှုထမ်းတွေ​နဲ့ တခြား​အကျဉ်းသားတွေ​အတွက် စိတ်​စွဲမှတ်စရာ​ဖြစ်​ခဲ့တယ်။ ကျွန်တော်​နဲ့ ကျမ်းစာ​သင်​ခဲ့​တဲ့ အကျဉ်းသား​တချို့ဟာ အခု​ထောင်​က​လွတ်​ပြီး သတင်းကောင်း​ကြေညာသူ​တွေ ဖြစ်နေ​ကြတယ်။

နာမည်ကြီး​မူးယစ်​ဆေး​ရောင်းဝယ်​သူ​သုံးယောက်​နဲ့ ကျွန်တော်​အတော်ကြာ သင်အံမှု​ပြုလုပ်​ခဲ့​ရတယ်။ ဝိညာဉ်​ရေး​မှာ သူတို့​တိုးတက်​လာတာ​နဲ့ ကျမ်းစာ​သင်​ဖို့​လာတဲ့အခါ သူတို့ရဲ့​မုတ်ဆိတ်​တွေ​ရိတ်၊ သေ​သေ​သပ်​သပ်​ခေါင်းဖြီး​ပြီး ဂရိ​နိုင်ငံ​မှာ အပူ​ဆုံး​လ​ဖြစ်​တဲ့ ဩဂုတ်​လလယ်​မှာ​တောင် ရှပ်အင်္ကျီ​နဲ့ လည်​စည်း​ဝတ်​လာကြတယ်​လေ! ထောင်​ညွှန်ကြားရေးမှူး၊ အဆောင်​မှူး​ကြီး​နဲ့ အမှုထမ်း​တချို့က ဒီ​ဖြစ်ရပ်ဆန်း​ကို​ကြည့်​ဖို့ သူတို့​ရုံးခန်း​တွေ​ကနေ အပြေးအလွှား​လာကြတယ်။ ယုံ​တောင်​မယုံနိုင်​ကြဘူး!

အကျဉ်းထောင်​ရဲ့ အမျိုးသမီး​တန်းလျား​မှာ နောက်ထပ်​အားရှိစရာ ဖြစ်ပျက်​ခဲ့တယ်။ လူသတ်မှု​နဲ့ တစ်သက်တစ်ကျွန်း​ထောင်ကျ​နေတဲ့ အမျိုးသမီး​တစ်ယောက်ကို ကျမ်းစာ​သင်​ခွင့်​ရခဲ့တယ်။ သူ့ရဲ့​ကလန်ကဆန်​အကျင့်​ကြောင့် နာမည်ကြီး​ခဲ့တယ်။ ဒါပေမဲ့ မကြာခင်​မှာပဲ သူသိ​ရှိလာတဲ့ ကျမ်းစာ​အမှန်တရားက သူ့​ပုံစံ​ကို ခြင်္သေ့​တစ်ကောင်​ကနေ သိုးကလေး​လိုပြောင်းလဲ​လာတယ်လို့ လူ​အတော်များများ​ပြော​ကြ​တဲ့​အထိ​ကို သိသိသာသာ​ပြောင်းလဲ​လာ​စေတယ်။ (ဟေရှာယ ၁၁:၆၊ ၇) ထောင်​ညွှန်ကြားရေးမှူး​ရဲ့ ယုံကြည်​လေးစားမှုကို သူ​မြန်မြန်ဆန်ဆန်​ပဲ​ရရှိ​လာခဲ့တယ်။ ဝိညာဉ်​ရေး​မှာ သူ​အတော်လေး​တိုးတက်လာ​ပြီး ယေဟောဝါ​ထံ သူ့ကိုယ်သူ​ဆက်ကပ်​အပ်နှံ​တဲ့​အဆင့်​ထိ ရောက်​လာတာကို​မြင်ရ​တော့  ကျွန်တော်​ဝမ်းသာ​ခဲ့​ရတယ်။

မ​ကျန်း​မမာ၊ အသက်​ကြီးရင့်​သူများကို ကူညီ​ပေးခြင်း

နှစ်​ရှည်​လ​များ​ရောဂါ​ဖိစီး​ခံ​ခဲ့​ရတဲ့ ကျွန်တော့်​ဇနီး​ကြောင့် ကျွန်တော်​တို့​မှာ​ရှိတဲ့ မ​ကျန်း​မမာ၊ အသက်ကြီး​ရင့်တဲ့​သူတွေကို ပို​ပြီး​ဂရုစိုက်​တတ်​လာတယ်။ ကျွန်တော်​တို့​ရဲ့​စာပေ​တွေ​မှာ အဲဒီလို​လူတွေကို မေတ္တာပါပါ​ကူညီပေး​ရမယ်​လို့ အားပေးထား​တဲ့​ဆောင်းပါး​တွေ​ကို ကျွန်တော်​အရမ်း​စိတ်ဝင်စား​တယ်။ ဒါနဲ့ အဲဒီ​ဆောင်းပါး​တွေ​ကို သိမ်းထား​ခဲ့တယ်။ နှစ်​အတော်ကြာ​တော့ ၁၉၆၂၊ ဇူလိုင် ၁၅ ရက်ထုတ် ကင်းမျှော်စင် “အသက်​ကြီးရင့်​သူများ​နှင့် မ​ကျန်း​မမာ​သူများကို ထောက်ထား​စာနာ​ခြင်း” ဆောင်းပါး​ကနေ​စပြီး​စုဆောင်း​ခဲ့​တာ စာမျက်နှာ​တစ်​ရာ​ကျော် ဖိုင်တွဲ​တစ်ခု​ရှိတယ်။ မ​ကျန်း​မမာ၊ အသက်​ကြီးရင့်​သူတွေကို အစီအစဉ်​တ​ကျ​ကူညီပေး​တာ​ဟာ အသင်းတော်​တိုင်း​အတွက် အကျိုးရှိ​တယ်လို့ အဲဒီ​ဆောင်းပါး​တွေ​က ဖော်ပြ​တယ်။—၁ ယောဟန် ၃:၁၇၊ ၁၈

ကျွန်တော်​တို့​အသင်းတော်က မ​ကျန်း​မမာ၊ အသက်​ကြီးရင့်​သူတွေကို ကြည့်ရှု​စောင့်ရှောက် ကူညီပေး​နိုင်​မယ့် ညီအစ်ကို၊ ညီအစ်မ​အုပ်စု​တစ်စု​ကို အကြီးအကဲ​တွေ​က ဖွဲ့စည်း​ပေး​ခဲ့တယ်။ ကူညီပေး​နိုင်​မယ့်​သူ စေတနာ့​ဝန်ထမ်းတွေကို နေ့​ပိုင်း​မှာ​ကူညီ​နိုင်​တဲ့​သူ၊ တစ်ညလုံး​ကူညီပေး​နိုင်​တဲ့​သူ၊ ကြို​ပို့ပေး​နိုင်​တဲ့​သူနဲ့ ၂၄ နာရီ​လုံးလုံး လိုအပ်​သလို ကူညီပေး​နိုင်​တဲ့​သူတွေ​ဆိုပြီး အဖွဲ့​လိုက်​ဖွဲ့​ပေး​ထား​တယ်။ ဒီ​နောက်ဆုံး​အဖွဲ့က​တော့ လျှပ်​တစ်​ပြ​က်​အဖွဲ့​မျိုး​ဖြစ်တယ်။

ဒီလို​ကြိုးစား​စီစဉ်​ထား​တာ​တွေ​က တကယ်​အကူအညီ​ဖြစ်​ခဲ့တယ်။ ဥပမာ၊ တစ်ယောက်တည်း​နေတဲ့ မကျန်းမာတဲ့​ညီအစ်မ​တစ်ယောက်​ဆီ​ကို နေ့တိုင်း​လည်ပတ်​ခဲ့​တဲ့​တစ်ခေါက်​မှာ သူ့ကို​ကြမ်းပြင်​ပေါ်မှာ သတိလစ်​နေတာ တွေ့ခဲ့​ရတယ်။ အနားမှာ​နေပြီး ကား​ရှိတဲ့ ညီအစ်မ​တစ်ယောက်ကို ကျွန်တော်​တို့ ချက်ချင်း​အကြောင်းကြား​ခဲ့တယ်။ သူက အဲဒီ​မကျန်းမာတဲ့​ညီအစ်မ​ကို အနီးဆုံး​ဆေးရုံ​ကို ဆယ်မိနစ်​အတွင်း​ရောက်​အောင် အမြန်​မောင်း​ပို့​ခဲ့တယ်! ဒီလို​ခေါ်သွား​လိုက်လို့ သူ​အသက်ရှင်​ရတာ​လို့ ဆရာဝန်​တွေ​က​ပြော​တယ်။

မ​ကျန်း​မမာ၊ အသက်​ကြီးရင့်​သူတွေက အဲဒီ​စေတနာ့​ဝန်ထမ်း​အဖွဲ့သား​တွေ​ကို ကျေးဇူး​တင်​ကြ​တာ တကယ်​အားရစရာ​ပါ​ပဲ။ ဒီ​ညီအစ်ကို၊ ညီအစ်မ​တွေ​နဲ့​အတူ ဘုရားသခင့်​စနစ်သစ်​မှာ ကောင်းကောင်းမွန်မွန်​နေ​ရတော့မယ်​ဆို​တဲ့ မျှော်လင့်ချက်ဟာ တကယ်​ကို​စိတ်​ကြည်နူး​စ​ရာ​ပါ။ သူတို့​ခက်ခဲ​နေတဲ့​အချိန်​မှာ အကူအညီ​ရတဲ့​အတွက် ခံနိုင်ရည်​ရှိ​နိုင်တာ​လို့ သိရတာက​လည်း နောက်ထပ်​ဆုကျေးဇူး​တစ်ခု​ပါ​ပဲ။

ဇွဲ​မာန်​က ဆုကျေးဇူး​များ​ကို​ရရှိစေ

ပစ်​ရီ​အာ​စ်​မြို့မှာ​ရှိတဲ့ အသင်းတော်​တွေ​ထဲ​က အသင်းတော်​တစ်ခု​မှာ အကြီးအကဲ​အနေ​နဲ့ ကျွန်တော် အခု​အမှုဆောင်​နေတယ်။ အသက်လည်း​ကြီး​ပြီး ကျန်းမာ​ရေး​အခက်အခဲ​တွေ​ရှိနေတဲ့ကြားက အသင်းတော်​လုပ်ငန်း​တွေ​မှာ ပါဝင်​နိုင်​သေး​လို့ ကျွန်တော်​ဝမ်းသာတယ်။

နှစ်တွေ​တစ်လျှောက်​မှာ အခက်အခဲ​တွေ၊ စိန်ခေါ်ချက်​တွေ​နဲ့ ကြိုတင်​မသိနိုင်​တဲ့​အဖြစ်အပျက်​တွေ​ကြုံ​ခဲ့​ရလို့ အားကြိုးမာန်တက်​ဇွဲရှိ​ရှိ​လုပ်ဆောင်ဖို့ အတော်​လိုအပ်​ခဲ့တယ်။ ဒါပေမဲ့ ဒီ​အခက်အခဲတွေကို​ကျော်လွှား​နိုင်​ဖို့ လိုအပ်​တဲ့​ခွန်အား​ကို ယေဟောဝါ​အမြဲတမ်း​ပေး​တယ်။ ဆာလံဆရာ​ရဲ့​ဒီ​စကား မှန်ကန်​တယ်​ဆိုတာ​ကို ခဏ​ခဏ​ကြုံ​ခဲ့​ရတယ်– “‘ငါ့​ခြေချော်​လျက်​ရှိသည်’ ဟု​အကျွန်ုပ်​ဆို​သောအခါ အို​ထာဝရ​ဘုရား[သခင်] ကိုယ်တော်​၏​ကရုဏာ​သည် အကျွန်ုပ်​ကို​ထောက်မပါ​၏။ အကျွန်ုပ်၏​နှလုံး​ထဲမှာ စိတ်​များပြား​သောအခါ ကိုယ်တော်​သည် သက်သာ​စေတော်မူ​သဖြင့် အကျွန်ုပ်၏​ဝိညာဉ်​သည် ရွှင်လန်း​ပါ​၏။”—ဆာလံ ၉၄:၁၈၊ ၁၉

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

၁၉၅၇ ခုနှစ်​တွင် ဒုတိယ​အကြိမ်​ခွဲစိတ်​ကုသ​ပြီး​သော ကျွန်တော့်​ဇနီး​အယ်​လ​နီ​နှင့်အတူ

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

၁၉၆၉ ခုနှစ်​တွင် ဂျာမနီ​နိုင်ငံ၊ နူ​ရမ်​ဘတ်​မြို့ စည်းဝေးကြီး​တစ်ခု​၌

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

မ​ကျန်း​မမာ၊ အသက်​ကြီးရင့်​သူများကို ကူညီပေး​ကြသော ညီအစ်ကို၊ ညီအစ်မ​အုပ်စု