မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ

မောရှေ​ပညတ်​တွင် ဖော်ပြ​ထား​သည့် ဆွေမျိုး​ချင်း အိမ်ထောင်ပြုခြင်း​နှင့်​ပတ်သက်သော ကန့်သတ်ချက်​များသည် အဘယ်​အတိုင်းအတာ​အထိ ခရစ်ယာန်​များနှင့် ယနေ့ သက်ဆိုင်​သနည်း။

ဣသရေလ​လူမျိုး​ကို ယေဟောဝါ​ပေး​သော​ပညတ်တော်​တွင် ထိမ်းမြား​မင်္ဂလာ​အခမ်းအနား​နှင့် လုပ်ပုံလုပ်နည်း​များ​အကြောင်း မပါ​သလော​က်​ဖြစ်သည်။ သို့သော် အိမ်ထောင်ပြုခြင်း​နှင့်​စပ်လျဉ်း၍ တားမြစ်ချက်​အချို့​ကို​ဖော်ပြ​ထား​သည်။ ဥပမာ၊ ဝတ်ပြုရာ ၁၈:၆-၂၀ [သ​မ] တွင် “ဆွေမျိုး​နီးစပ်​သူ” နှင့်​ဆက်ဆံခြင်း​ဆိုင်ရာ တားမြစ်ချက်​စာရင်း​ကို တွေ့ ရှိ​ရ၏။ ထို​ကျမ်းပိုဒ်​တွင် ဆွေမျိုးရင်းချာ​ချင်း လိင်ဆက်ဆံခြင်း​မပြုရ​ဟူ၍ အသေးစိတ်​ဖော်ပြ​ထား​သည်။ အမှန်​ဆို​ရ​လျှင်၊ ခရစ်ယာန်​များသည် မောရှေ​ပညတ်​အောက်တွင် မရှိတော့​ချေ၊ တစ်နည်း​အားဖြင့် ၎င်း​၏​ပညတ်​များ​ကို စောင့်ထိန်း​စ​ရာ​မလို​တော့​ချေ။ (ဧဖက် ၂:၁၅; ကောလောသဲ ၂:၁၄) သို့သော် ယင်းကြောင့် ခရစ်ယာန်​များသည် အိမ်ထောင်ဖက်​ရွေးချယ်သော​အခါ အဆိုပါ​ပညတ်​ကို လုံးဝ​လျစ်လျူရှု​နိုင်​သည်​ဟု ဆိုလို​နေခြင်း​မဟုတ်ပေ။ ဤသို့​ဖြစ်​ရခြင်း​အကြောင်းရင်း​များစွာ​ရှိပါ​သည်။

ဦးဆုံး​အနေ​နှင့်၊ ဆွေမျိုး​နီးစပ်​သူ​ချင်း အိမ်ထောင်ပြုခြင်း​ကို​ကြပ်မတ်​ထား​သည့် လောက​ဥပဒေ​များ​ရှိပြီး ခရစ်ယာန်​များသည် မိမိတို့​နေထိုင်​သည့် တိုင်းပြည်​၏​ဥပဒေ​များ​ကို​လိုက်နာ​ဖို့ တာဝန်​ရှိသည်။ (မဿဲ ၂၂:၂၁; ရောမ ၁၃:၁) ထိုသို့​သော​ဥပဒေ​များသည် တစ်​နေရာ​နှင့်​တစ်​နေရာ မတူကြ​ချေ။ အဓိက​အားဖြင့် မျိုးရိုး​ဗီဇ​ကို​ထောက်ထား​ပြီး ခေတ်​သစ်​ဥပဒေ​အများစုကို ထုတ်ပြန်​ထားခြင်း​ဖြစ်သည်။ ဆွေမျိုး​နီးစပ်​သူ​ချင်း အိမ်ထောင်ပြုခြင်း​ဖြင့် သားသမီး​များ​ကို မျိုးရိုး​ဗီဇ​ချို့ယွင်းချက်​များနှင့် ရောဂါ​များ ရနိုင်​ဖွယ်​ရှိသည့်​အချက်​ကို လူတိုင်း​သိ​ကြ​၏။ ဤ​အကြောင်းကြောင့်​နှင့် “အစိုး​ရသော​မင်း​အာဏာစက်​၏​အုပ်စိုးခြင်း​ကို . . . ဝန်ခံ” ရခြင်း​တို့​ကြောင့် အိမ်ထောင်ပြု​လို​သော ခရစ်ယာန်​များသည် ဒေသန္တရ​ထိမ်းမြားခြင်း​ဥပဒေ​များ​ကို လိုက်နာ​ကြ​ရသည်။

ထို့​ပြင် မိမိ​နေထိုင်​သော ရပ်ကွက်တွင် လက်ခံနိုင်ဖွယ်​နှင့် လက်မခံနိုင်​ဖွယ်​ဟူ၍​ရှိ၏။ ယဉ်ကျေးမှု​အားလုံးလိုလို​တွင် သွေး​နီးစပ်​သူ​ဆွေမျိုးရင်းချာ​ချင်း အိမ်ထောင်ပြုခြင်း​ကို တားမြစ်​ထားသော ဥပဒေ​များနှင့် ဓလေ့​ထုံးစံ​များ​ရှိကြသည်၊ ဤသို့​အိမ်ထောင်ပြုခြင်း​သည် သွေး​နီး​လွန်း​သူ​ချင်း ကာ​မဆက်ဆံ​ခြင်း​ဖြစ်သော​ကြောင့် တားမြစ်​ခြင်း​ဖြစ်၏။ သတ်သတ်မှတ်မှတ်​တားမြစ်​ထားသော ပေါင်းသင်း​ဆက်ဆံမှု​သည် ယဉ်ကျေးမှု​အသီးသီး​တွင် အလွန်​ကွာခြား​ကြ​မည်​ဖြစ်သော်လည်း “အများအားဖြင့် လူ​နှစ်ဦး​၏​မျိုးရိုး​ဗီဇ နီးစပ်​လေ သူတို့​နှစ်ဦး လိင်ဆက်ဆံခြင်း​ကို တားမြစ်​ခြင်း​သည် ပို​ကြပ်မတ်​လေ​ဖြစ်သည်” ဟု​ဗြိတဲန်နီကာ​စွယ်စုံ​ကျမ်း​က​ဆို​၏။ သို့ ဖြင့် ခရစ်ယာန်​များသည် ခရစ်ယာန်​အသင်းတော်​နှင့် ဘုရားသခင်​၏​နာမတော်​ကို မထိခိုက်​စေဖို့ သွေး​နီး​လွန်း​သူ​ချင်း အိမ်ထောင်ပြုခြင်း​နှင့်​မပတ်သက်​လျှင်​ပင် ရပ်ကွက်​ဓလေ့​ထုံးစံ​များ​ကို လုံးဝ​ဥပေက္ခာပြု​လို​ကြ​မည်​မဟုတ်​ချေ။—၂ ကောရိန္သု ၆:၃

ကျွန်ုပ်​တို့၏​ဘုရားသခင်​ပေးသိ​စိတ်​ကိုလည်း လျစ်လျူရှု​ကြ​မည်​မဟုတ်ပေ။ လူ​ခပ်သိမ်း​သည် အမှားအမှန်၊ အကောင်းအဆိုး ခွဲခြား​သိမြင်နိုင်စွမ်း​ဖြင့် မွေးဖွား​လာ​ကြ​၏။ (ရောမ ၂:၁၅) အကျင့်ပျက်​ပြား​မှုများ​ကြောင့် သိစိတ် ထုံထိုင်း​ခြင်း​မရှိခဲ့​သော် အဘယ်အရာက နှစ်သက်ဖွယ်​ကောင်း​သည်၊ အဘယ်အရာက ရွံရှာဖွယ်​ကောင်း​သည်ကို ယင်းက ပြောပြ​လေ့​ရှိသည်။ ယေဟောဝါ​သည် ဣသရေလ​လူမျိုး​အား ဆွေမျိုး​နီးစပ်​သူ​ချင်း​အိမ်ထောင်ပြုခြင်း​နှင့်​ဆိုင်​သည့် ပညတ်​ပေး​စဉ်​က ဤ​အချက်​ကို အရိပ်အမြွက်​ပြော​ခဲ့​သည်။ “သင်တို့​နေ​ဖူး​သော အဲဂုတ္တု​ပြည်​၏​အကျင့်ကို​လည်းကောင်း၊ သင်တို့ကို ငါ​ပို့ဆောင်​လတ္တံ့​သော ခါ​နာ​န်​ပြည်​၏​အကျင့်ကို​လည်းကောင်း သင်တို့သည် မကျင့်၊ သူတို့​တရားလမ်း​သို့​မလိုက်​ရ​ကြ” ဟု​ကျွန်ုပ်​တို့​ဖတ်​ရ၏။ (ဝတ်ပြုရာ ၁၈:၃) ခရစ်ယာန်​များသည် မိမိတို့၏ ကျမ်းစာ​အခြေပြု​သိစိတ်ကို တန်ဖိုး​ထား​ကြ​ရာ လူမျိုး​အသီးသီး​တို့၏ အမှားအမှန်​ကို တလွဲတချော်​မှတ်ယူ​ကြ​သည့်​သဘော​ကြောင့် ၎င်းကို ပျက်ပြား​စေ​ခွင့်​မပြု​ပါ။—ဧဖက် ၄:၁၇-၁၉

သို့ ဖြစ်​လျှင် ကျွန်ုပ်​တို့သည် မည်သို့​ကောက်ချက်​ချ​နိုင်​သနည်း။ ခရစ်ယာန်​တို့သည် မောရှေ၏​ပညတ်​အောက်တွင် မရှိကြ​သော်လည်း ဖခင်​နှင့်​သမီး၊ မိခင်​နှင့်​သား၊ အစ်ကို​နှင့်​ညီမ​စ​သော ဆွေမျိုး​နီးစပ်​သူ​ချင်း အိမ်ထောင်ပြုခြင်း​သည် ခရစ်ယာန်​အသိုင်းအဝိုင်း​တွင် လုံးဝ​လက်ခံနိုင်ဖွယ်​မရှိ​သည်ကို သူတို့၏​သိစိတ်​က အတိအလင်း​ဆို​သည်။ * ဆွေမျိုး​အသိုင်းအဝိုင်း ကျယ်ပြန့်​လာသော​အခါ တရားဝင်​အိမ်ထောင်ပြုခြင်း​ဆိုင်ရာ ဥပဒေ​များနှင့် လူမှုရေး​အရ​ရော၊ ယဉ်ကျေးမှု​အရ​ပါ လက်ခံနိုင်ဖွယ်​စံနှုန်း​များ​ရှိသည်​ကို ခရစ်ယာန်​များ အသိအမှတ်ပြု​ကြသည်။ “သင်တို့ ရှိသမျှ​တွင် အိမ်ထောင်ပြုခြင်း​အမှုကို ဂုဏ်တင်” ကြလော့​ဟူ​သည့် ကျမ်း​အမိန့်​ကို​လိုက်နာ​နိုင်​ရန် ယင်း​တို့ကို သေချာ​စွာ​ဆင်ခြင်​သုံးသပ်​ရမည်။—ဟေဗြဲ ၁၃:၄က​ဘ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 ယင်း​နှင့်​ပတ်သက်​၍ အသေးစိတ်​ဆွေးနွေးချက်​အတွက် ၁၉၇၉၊ မတ် ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၁၅-၈ မှ “သွေး​ရင်း​ထိမ်းမြား​မှု—ခရစ်ယာန်​များ မည်သို့​သဘောထား​အပ်​သနည်း” ဆောင်းပါး​ကို​ရှု။