မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တောင်ပေါ်မြို့

တောင်ပေါ်မြို့

တောင်ပေါ်​မြို့

ယေရှုသည် မိမိ၏​ကျော်ကြား​သော​တောင်ပေါ်​တရားတော်​တွင် တပည့်တော်​များ​အား “သင်တို့သည် ဤ​လောက​၏​အလင်း​ဖြစ်​ကြ​၏။ တောင်ထိပ်​၌​တည်​သော​မြို့ကို မ​ကွယ်​နိုင်” ဟု​မိန့်ဆိုခဲ့သည်။—မဿဲ ၅:၁၄

ဂျူး​နှင့်​ဂါလိလဲ​မြို့များ​စွာ​သည် ချိုင့်ဝှမ်း​များ​တွင်​မဟုတ်ဘဲ တောင်​များ​ပေါ်​တွင် တည်ရှိ​ကြ​၏။ တောင်ထိပ်​ကို​ရွေး​ရခြင်း အဓိက​အကြောင်းရင်း​မှာ လုံခြုံမှု​အတွက်​ဖြစ်သည်။ လက်နက်ကိုင်​တိုက်ခိုက်သူ​များ​အပြင် လှည့်လည်​လုယက်​တိုက်ခိုက်သူ​များသည် ဣသရေလ​မြို့ရွာ​များ​ကို လုယက်​ဖျက်ဆီး​လေ့​ရှိကြသည်။ (၄ ဓမ္မ​ရာဇဝင် ၅:၂; ၂၄:၂) ကြံ့ကြံ့ခံ​နိုင်စွမ်း​ရှိသော​မြို့သား​များသည် အုတ်တံတိုင်း​လို​သည့် မြေ​နိမ့်​ချိုင့်ဝှမ်း​ရှိ​မြို့​ထက် အိမ်များ​တစ်စု​တစ်​ဝေး​တည်ရှိ​သည့် တောင်ပေါ်​မြို့ကို ကာကွယ်​ရန် ပို​၍​လွယ်ကူ​ပေ​သည်။

ဂျူး​အိမ်နံရံ​များ​ကို ထုံး​ဖြူ​သုတ်​ထား​လေ့​ရှိရာ တောင်ထိပ်​ပေါ်​ရှိ အဆိုပါ​ထုံး​ဖြူ​အိမ်​အစုအဝေး​ကို မိုင်​ပေါင်း​များစွာ​မှ အလွယ်တကူ​မြင်တွေ့​နိုင်​သည်။ (တမန်​တော် ၂၃:၃) ပါလက်စတိုင်း​နယ်​၏​နေရောင်အောက်​တွင် ဤ​တောင်ပေါ်​မြို့များ​သည် ကျွန်ုပ်​တို့​ခေတ်တွင်​ပင် မြေထဲပင်လယ်​မြို့များ​ကဲ့သို့ အချက်ပြ​မီး​အလား ထွန်းလင်း​နေတတ်​သည်။

ယေရှုသည် ဂါလိလဲ​နှင့်​ဂျူး​တော​နယ်​ပိုင်း​၏ ထင်ရှား​ပေါ်လွင်​သော ဤ​အသွင်အပြင်​ကို​အသုံးပြု၍ မိမိ၏​နောက်တော်လိုက်​များ​အား ခရစ်ယာန်စစ်​တစ်ဦး၏​အပိုင်းကဏ္ဍ​အကြောင်း သွန်သင်​ပေး​ခဲ့​၏။ “ထို​နည်းတူ၊ သူတစ်ပါး​တို့သည် သင်တို့၏​ကောင်းသော​အကျင့်ကို​မြင်​၍ ကောင်းကင်ဘုံ​၌​ရှိတော်မူသော သင်တို့​အဘ​၏​ဂုဏ်တော်​ကို ချီးမွမ်း​စေခြင်း​ငှာ သူတစ်ပါး​ရှေ့၌ သင်တို့၏​အလင်း​ကို လင်း​စေ​ကြလော့။” (မဿဲ ၅:၁၆) ခရစ်ယာန်​တို့သည် လူတို့၏​ချီးမွမ်း​ခြင်း​ခံရ​ရန် အကျင့်ကောင်း​များ​ကို ကျင့်​နေခြင်း​မဟုတ်သော်လည်း သူတို့၏​အမူအကျင့်ကောင်း​ကို သတိ​မပြုမိ​ဘဲ​မနေကြ​ချေ။—မဿဲ ၆:၁

ဤသို့​သော​အမူအကျင့်ကောင်း​သည် ယေဟောဝါသက်သေ​များ​၏ ခရိုင်​စည်းဝေးကြီး​များ​အတွင်း အထူးသဖြင့် ပေါ်လွင်​ထင်ရှား​သည်။ စပိန်​နိုင်ငံ​မှ သတင်းစာ​တစ်စောင်​၌ မကြာသေးမီ​က​ကျင်းပ​ခဲ့​သော စည်းဝေးကြီး​ကို​ရည်ညွှန်း​၍ ဤသို့​ဖော်ပြ​ခဲ့​သည်– “တခြား​ဂိုဏ်း​တွေ​မှာ ဘာသာရေး​စိတ်ဝင်စားမှု​မရှိကြ​ပေမဲ့ ယေဟောဝါသက်သေ​တွေ​က​တော့ အဲဒီလို​မဟုတ်ဘူး။ ကျမ်းစာ​ရဲ့​လက်တွေ့ကျ​မှု​ကို သူတို့​မ​ပျောက်​သွား​စေ​ချင်​တဲ့​အတွက် ကျမ်းစာ​ကို လက်တွေ့​ကျင့်သုံး​ကြတယ်။”

ယေဟောဝါသက်သေ​များ​အသုံးပြု​နေကျ စပိန်​နိုင်ငံ​အနောက်မြောက်​ပိုင်း​မှ အားကစားရုံ​ကြီး​၏​အစောင့် သော​မား​စ်​သည် ကျမ်းစာ​ကို လက်တွေ့​ကျင့်သုံး​ကြ​သူများ​နှင့် ပေါင်းသင်း​ရခြင်း​ကို ပျော်မွေ့​သည်။ သူသည် ယေဟောဝါသက်သေ​များ​၏ ခရိုင်​စည်းဝေးကြီး​ကို တက်ရောက်​နိုင်​ရန် သူ၏​အငြိမ်းစား​ယူ​မည့်​ရက်ကို ရွှေ့ဆိုင်း​ခဲ့​သည်။ လူငယ်များ​အပါအဝင် စည်းဝေးကြီး​တက်ရောက်​လာ​သူများစွာ​က စည်းဝေးကြီး​ပြီး​နောက်​တွင် သူ့​ထံ​သွား​၍ နှစ်များ​တစ်လျှောက် သူ၏​ပူးပေါင်း​ဆောင်ရွက်မှု​ကို ကျေးဇူး​တင်​ကြောင်း​နှင့် အငြိမ်းစား​ကာလ​အတွင်း ကျန်းမာ​ပါစေ​ဟု ပြောဆို​ကြသောအခါ သူ​မျက်ရည်ကျခဲ့​၏။ “ခင်ဗျား​တို့​လို​လူတွေနဲ့ သိကျွမ်း​ရတာ ကျွန်တော့်​ဘဝမှာ အကောင်းဆုံး​အတွေ့အကြုံ​တစ်ခု​ပါ​ပဲ” ဟု​သူ​ပြော​သည်။

တောင်ပေါ်​မြို့​သည် မိုးကောင်းကင်​နောက်ခံ​တွင် အထင်အရှား​ပေါ်​နေပြီး ယင်း​မြို့ရှိ​အဖြူရောင်​အိမ်များ​ကို နေရောင်​ထိုး​ထားသော​ကြောင့် ကြည့်ရှု​သူ၏​အာရုံ​ကို ဖမ်းစား​ထား​၏။ ထို​နည်းတူ​စွာ စစ်မှန်သော​ခရစ်ယာန်​များသည် မြင့်​မြတ်သော​ကျမ်းစာ​စံနှုန်း​များ​ဖြစ်သည့် ရိုးသားမှု၊ ကိုယ်ကျင့်တရား​နှင့် ထောက်ထား​စာနာမှု​တို့ကို ကြိုးစား​လိုက်လျှောက်​ကြ​ရာ သူတစ်ပါး​နှင့်​မတူ​ကြောင်း​ထင်ရှား​သည်။

ထို့​ပြင် ခရစ်ယာန်​များသည် သူတို့၏​ဟောပြောခြင်း​လုပ်ငန်း​အားဖြင့် အမှန်တရား​အလင်း​ကို ရောင်ပြန်ဟပ်​ကြ​၏။ တမန်​တော်​ပေါလု​က ပထမ​ရာစု​ခရစ်ယာန်​များ​ကို ဤသို့​ပြော​ခဲ့​သည်– “ငါ​တို့သည် ထိုသို့​သော​တရား​၏​အမှုကို ဆောင်ရွက်​သော​သူ​ဖြစ်၍ ကရုဏာ​ကျေးဇူးတော်​ကို​ခံရ​သည်​နှင့်​အညီ အားလျော့​စိတ်ပျက်ခြင်း​နှင့် ကင်းလွတ်​ကြ​၏။ . . . [အမှန်]တရားကို​အတိအလင်း​ဖော်ပြ​၍ ဘုရားသခင့်​ရှေ့တော်၌ လူအပေါင်း​တို့၏​စိတ်ထင်​အတိုင်း ချီးမွမ်းဖွယ်​သော​အကျင့်ဓလေ့​ကို​ကျင့်​ကြ​၏။” (၂ ကောရိန္သု ၄:၁၊ ၂) သူတို့​ဟောပြောခဲ့သည့်​နေရာတိုင်း​တွင် အတိုက်အခံ​ကြုံတွေ့​ရ​သော်လည်း သူတို့၏​ခရစ်ယာန်​ဓမ္မအမှုကို ယေဟောဝါ​ကောင်းချီး​ပေး​သောကြောင့် စီ.အီး. ၆၀ ခန့်​တွင် “ကောင်းကင်​အောက်​၌​ရှိသမျှ​သော . . . သတ္တဝါ​တို့အား” ဟောပြောခဲ့ပြီ​ဟု ပေါလု​ရေးသား​နိုင်​ခဲ့​၏။—ကောလောသဲ ၁:၂၂၊ ၂၃

ယနေ့ ယေဟောဝါသက်သေ​များသည်​လည်း ယေရှု​မိန့်ဆိုခဲ့​သည့်​အတိုင်း ‘သူတစ်ပါး​ရှေ့၌ မိမိတို့၏​အလင်း​ကို​လင်း​စေ’ ရန်​မိမိတို့၏​တာဝန်​ကို အရေးတကြီး​ဆောင်ရွက်လျက်​ရှိကြသည်။ ယေဟောဝါသက်သေ​များသည် နှုတ်​အားဖြင့်​ဖြစ်စေ၊ စာပေ​စာတမ်း​အားဖြင့်​ဖြစ်စေ ကမ္ဘာ​တစ်ဝန်း နိုင်ငံ​ပေါင်း ၂၃၅ နိုင်ငံ​၌ ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို ဖြန့်ချိ​နေကြ​သည်။ ထို​ကျမ်းစာ​အမှန်တရား​အလင်း​ကို ဖြစ်​နိုင်​သ၍​လူများ​များ​ထံ​ရောက်ရှိ​စေရန် ကျမ်းစာ,စာပေ​စာတမ်း​များ​ကို ဘာသာ​စကား​ပေါင်း ၃၇၀ ခန့်​ဖြင့် သူတို့​ထုတ်ဝေ​ခဲ့​ကြပြီ။—မဿဲ ၂၄:၁၄; ဗျာဒိတ် ၁၄:၆၊ ၇

နေရာများ​စွာ​ရှိ သက်သေခံ​များသည် ဟောပြောခြင်း​လုပ်ငန်း​ကို ကန့်သတ်​ထား​ဆဲ သို့​မဟုတ် ကန့်သတ်​ခဲ့​သော​နိုင်ငံ​များ​မှ ပြောင်းရွှေ့​လာ​ကြ​သူများ​၏​ဘာသာ​စကား​ကို သင်ယူ​သည့် ခက်ခဲ​သော​အလုပ်ကို ပြုလုပ်​နေကြ​သည်။ ဥပမာ၊ တရုတ်​နိုင်ငံ​နှင့် ရုရှား​နိုင်ငံ​တို့​မှ လူတို့သည် မြောက်​အမေရိက​ရှိ မြို့ကြီး​များစွာ​သို့ အစုလိုက်​အပြုံလိုက်​ပြောင်းရွှေ့​လာ​ခဲ့​ကြသည်။ ဒေသခံ​သက်သေခံ​များသည် ဤ​ပြောင်းရွှေ့​လာ​ခါ​စ​လူသစ်များ​အား သတင်းကောင်း​ဟောပြောဖို့ တရုတ်၊ ရုရှား​နှင့် အခြား​ဘာသာ​စကား​တို့ကို ကြိုးစား​သင်ယူ​နေကြ၏။ လယ်ပြင်သည် ‘စပါး​ရိတ်ခြင်း​ငှာ ယခု​ပင်​ဝင်း​ဝင်း​ရှိ’ ဆဲ​ဖြစ်နေ​သည့်​အတွက် အခြားသူများ​အား သတင်းကောင်း​ဟောပြောရန် ဘာသာ​စကား​အတော်များများ​အတွက် အမြန်​သင်တန်းကို စီစဉ်​ပေး​လျက်​ရှိသည်။—ယောဟန် ၄:၃၅

ပရောဖက်​ဟေရှာယ​က ဤသို့​တင်ကြိုဟော​ခဲ့​သည်– “နောက်ဆုံးသော​ကာလ​၌ ထာဝရ​ဘုရား[သခင်]၏​အိမ်တော်​တည်​သော​တောင်​သည် တောင်ကြီး​တောင်​ငယ်​တို့၏​ထိပ်​ပေါ်မှာ ချီး​မြှောက်၍​တည်​လိမ့်​မည်။ ခပ်သိမ်း​သော​လူမျိုး​တို့သည် ထို​တောင်​သို့ စည်းဝေး​ကြလိမ့်မည်။” ယေဟောဝါသက်သေ​များသည် မိမိတို့၏​အမူအကျင့်​အားဖြင့်​ဖြစ်စေ၊ ခရစ်ယာန်​ဓမ္မ​အမှု​အားဖြင့်​ဖြစ်စေ ဘုရားသခင်​၏​လမ်းခရီးတော်​ကို​ခံ​ယူ၍ ခြေရာ​ကို​လိုက်လျှောက်​ကြ​ရန် “ထာဝရ​ဘုရား [သခင်၊ “ယေဟောဝါ၊” က​ဘ] ၏​တောင်တော်” သို့​လာ​ကြဖို့ နေရာတကာ​မှ​လူ​တို့ကို ကူညီပေး​နေကြ​သည်။ (ဟေရှာယ ၂:၂၊ ၃) ယေရှု​မိန့်ဆိုခဲ့​သည့်​အတိုင်း ပျော်ရွှင်​ရခြင်း​မှာ သူတို့​အတူတကွ ‘ကောင်းကင်​ခမည်းတော် ယေဟောဝါ​၏​ဂုဏ်တော်​ကို ချီးမွမ်း​ကြ​ခြင်း’ ကြောင့်​ဖြစ်၏။—မဿဲ ၅:၁၆; ၁ ပေတရု ၂:၁၂