မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်ချစ်မြတ်နိုးသူတို့တွင် သင်ပါဝင်သလော

ဘုရားသခင်ချစ်မြတ်နိုးသူတို့တွင် သင်ပါဝင်သလော

ဘုရားသခင်​ချစ်​မြတ်နိုးသူတို့တွင် သင်​ပါဝင်​သလော

“ငါ့​ပညတ်​တို့ကို​ရ​၍ စောင့်ရှောက်သော​သူသည် ငါ့ကို​ချစ်သော​သူ​ဖြစ်၏။ ငါ့ကို​ချစ်သော​သူကို ငါ့​ခမည်းတော်​သည်​ချစ်တော်မူ​မည်။”—ယောဟန် ၁၄:၂၁

၁၊ ၂။ (က) ယေဟောဝါ​သည် လူသား​တို့ကို ချစ်တော်မူ​ကြောင်း မည်သို့​တင်ပြ​ခဲ့​သနည်း။ (ခ) စီ.အီး. ၃၃၊ နိသန်လ ၁၄ ရက်​ည​တွင် ယေရှု​အဘယ်အရာကို အစပြု​ကျင်းပ​ခဲ့​သနည်း။

ယေဟောဝါ​သည် မိမိ​ဖန်ဆင်း​ထားသော​လူသားများ​ကို ချစ်​မြတ်နိုး​တော်​မူ​၏။ အမှန်​မှာ ကိုယ်တော်​သည် “သားတော်ကို​ယုံကြည်​သော​သူအပေါင်း​တို့သည် ပျက်စီးခြင်း​သို့​မ​ရောက်၊ ထာဝရ​အသက်ကို​ရစေ​ခြင်း​ငှာ . . . မိမိ​၌​တစ်ပါး​တည်း​သော​သားတော်ကို စွန့်​တော်​မူ​သည်” တိုင် လောကသား​တို့ကို ချစ်​မြတ်နိုး​တော်​မူ​၏။ (ယောဟန် ၃:၁၆) ခရစ်တော်​၏​သေခြင်းကို သတိရအောက်မေ့ပွဲ​ကျင်းပ​ရန် အချိန်​နီးလာသည်နှင့်​အမျှ ယေဟောဝါ​သည် “ငါ​တို့ကို​ချစ်၍ ငါ​တို့​အပြစ်ဖြေ​စ​ရာ​အကြောင်း​ဖြစ်စေ​ခြင်း​ငှာ သားတော်ကို​စေလွှတ်​တော်​မူ” ကြောင်း ခရစ်ယာန်စစ်​များ ပို​၍​ပို​၍​သတိချပ်​အပ်​သည်။—၁ ယောဟန် ၄:၁၀

အီဂျစ်​ပြည်​မှ ဣသရေလ​လူမျိုး​တို့​လွတ်မြောက်​လာ​ခြင်း​ကို အမှတ်ရ​စေသည့် ပသခါပွဲ​ကို​ခံ​ဖို့ ယေရှု​နှင့်​ တမန်​တော် ၁၂ ပါး​တို့သည် စီ.အီး. ၃၃၊ နိသန်လ ၁၄ ရက်​ည​တွင် ယေရုရှလင်​မြို့ရှိ အထက်​ခန်းမ​တစ်ခု​၌ စုဝေး​ခဲ့​ကြသည်။ (မဿဲ ၂၆:၁၇-၂၀) ဤ​ဂျူးပွဲတော်​ကို​ကျင်းပ​ပြီး​နောက် ယေရှုသည် ယုဒရှကာရုတ်​ကို ထွက်သွား​စေပြီး ခရစ်တော်​သေခြင်း​၏ ခရစ်ယာန်​သတိရအောက်မေ့ပွဲ​ဖြစ်လာ​မည့် ညစာ​စားပွဲ​ကို အစပြု​ကျင်းပ​ခဲ့​သည်။ * ကိုယ်တော်​၏​ကိုယ်ခန္ဓာ​နှင့် အသွေးတော်​ကို ပုံဆောင်​သည့် သို့​မဟုတ် ကိုယ်စား​ပြု​သည့် တဆေးမဲ့​မုန့်​နှင့် စပျစ်​ရည်​ကို​အသုံးပြုလျက် ယေရှုသည် ကျန်​တမန်​တော် ၁၁ ပါး​နှင့်အတူ​စားသောက်​ခဲ့​သည်။ ကိုယ်တော်​ဆက်လက်​လုပ်ဆောင်ပုံကို ခရစ်ဝင်​ကျမ်း​ရေးသူ​များ​ဖြစ်သော မဿဲ၊ မာကု​နှင့် လုကာ​အပြင် ‘သခင့်​ညစာ​စားပွဲ’ ဟု​ခေါ်တွင်​ခဲ့​သူ တမန်​တော်​ပေါလု​တို့​က အသေးစိတ်​ရေးသား​ဖော်ပြ​ခဲ့​ကြသည်။—၁ ကောရိန္သု ၁၁:၂၀; မဿဲ ၂၆:၂၆-၂၈; မာကု ၁၄:၂၂-၂၅; လုကာ ၂၂:၁၉၊ ၂၀

၃။ အထက်ခန်း​မ​တွင် တပည့်တော်​နောက်တော်လိုက်​များနှင့် ယေရှု​အတူ​ရှိခဲ့​သော နောက်ဆုံး​အချိန်နာရီ​ပိုင်း​များ​အကြောင်း တမန်​တော်​ယောဟန်​၏​မှတ်တမ်း​သည် အခြား​မှတ်တမ်းများ​နှင့် အဘယ်​အရေးပါသော​နည်းများဖြင့် ကွာခြား​သနည်း။

တမန်​တော်​ယောဟန်​သည် မုန့်​နှင့် စပျစ်​ရည်​လက်ဆင့်ကမ်း​ပေးခြင်း​အကြောင်း မ​ဖော်ပြ​သည်​မှာ စိတ်ဝင်စားစရာ​ပင်၊ သူ၏​ခရစ်ဝင်​ကျမ်း​မှတ်တမ်း​ကို ရေးသားချိန် (စီ.အီး. ၉၈ ခန့်) တွင် ၎င်း​လုပ်ထုံး​လုပ်​နည်းကို ကနဦး​ခရစ်ယာန်​များ ပြုလုပ်​နှင့်​ပြီး​ဖြစ်​နိုင်​သည်။ (၁ ကောရိန္သု ၁၁:၂၃-၂၆) သို့သော် ယောဟန်​သာ​လျှင် ယေရှု၏​သေခြင်း​အောက်မေ့ရာပွဲကို အစ​မပြု​မီ​နှင့် ပြုပြီး​နောက် ကိုယ်တော်​အဘယ်အရာ​မိန့်ဆို၍ အဘယ်အရာ​ပြုလုပ်​ခဲ့​ကြောင်း အရေးပါသည့်​သတင်း​အချက်အလက်​များ​ကို မှုတ်သွင်းခံ​ရခြင်း​ဖြင့် ကျွန်ုပ်​တို့အား​သိစေ​ခဲ့​သည်။ အဆိုပါ​စိတ်​လှုပ်ရှား​ဖွယ် ခရေစေ့​တွင်း​ကျ​ဖော်ပြချက်များ​ကို ယောဟန်​ခရစ်ဝင်​ကျမ်း​၏ အခန်းကြီး​ငါး​ခု​တွင် ဖတ်ရှု​ရသည်။ ၎င်း​တို့​က ဘုရားသခင်​ချစ်​မြတ်နိုးသော လူစားမျိုး​ကို အထင်အရှား​ဖော်ပြ​သည်။ ယောဟန်​အခန်းကြီး ၁၃ မှ ၁၇ ကို​ဆန်းစစ်​ကြည့်​ကြ​စို့။

စံ​ထား​အပ်သော ယေရှု၏​မေတ္တာတော်​မှ သင်ယူ​လော့

၄။ (က) အောက်မေ့ရာပွဲကို ယေရှု​အစပြု​သောအခါ တပည့်တော်​နောက်တော်လိုက်​များနှင့်​ကိုယ်တော်​တွေ့ဆုံ​ခြင်း​၏ အဓိက​အချက်​ကို ယောဟန်​မည်သို့​အလေးပေး​ဖော်ပြ​ခဲ့​သနည်း။ (ခ) အဘယ်​အရေးပါသော​အကြောင်းရင်း​တစ်ခု​ကြောင့် ယေရှုကို​ယေဟောဝါ​ချစ်​မြတ်နိုး​ရသနည်း။

မိမိ၏​နောက်လိုက်​များ​ကို ယေရှု​မိန့်ဆိုခဲ့​သော နှုတ်ဆက်​စကား​များ​ပါ​သည့် ၎င်း​အခန်းကြီး​များ​တစ်လျှောက် အဓိက​အချက်​မှာ မေတ္တာ​ဖြစ်သည်။ အမှန်​မှာ “မေတ္တာ” ဟူသော စကားလုံး​ပုံစံ​အမျိုးမျိုးကို ၃၁ ကြိမ်​တွေ့ရှိ​ရသည်။ ခမည်းတော်​ယေဟောဝါ​နှင့် မိမိ၏​တပည့်တော်​နောက်တော်လိုက်​များ​ကို ယေရှု​အလွန်​ချစ်​ကြောင်း ဤ​အခန်းကြီး​များ​တွင် အထင်ရှားဆုံး​ပေါ်လွင်​သည်။ ယေရှု၏​သက်​တော်​စဉ်​ဆိုင်ရာ ခရစ်ဝင်​ကျမ်း​မှတ်တမ်း​အားလုံး​တွင် ယေဟောဝါ​ကို ကိုယ်တော်​ချစ်​မြတ်နိုး​ကြောင်း သိနိုင်​ပါ​သည်၊ သို့သော် “ငါသည် ခမည်းတော်​ကို​ချစ်​သည်” ဟု ယေရှု​အတိအလင်း​ဖော်ပြ​ကြောင်း ယောဟန်​တစ်ဦးတည်း​သာ​လျှင် မှတ်တမ်းတင်​သည်။ (ယောဟန် ၁၄:၃၁) မိမိကို ယေဟောဝါ​ချစ်​မြတ်နိုး​ကြောင်း​နှင့် အဘယ်ကြောင့်​ချစ်​ရ​ကြောင်းကို​လည်း ယေရှု​ဖော်ပြ​ခဲ့​သည်။ ကိုယ်တော်​ဤသို့​ဆို​ခဲ့​၏– “ခမည်းတော်​သည် ငါ့ကို​ချစ်တော်မူ​သကဲ့သို့ ငါသည်​သင်တို့ကို​ချစ်​၏။ ငါ​၏​ချစ်ခြင်း​မေတ္တာ​၌​တည်​နေကြ​လော့။ ငါသည် ငါ့​ခမည်းတော်​၏​မေတ္တာ​၌​တည်​နေ​သကဲ့သို့၊ သင်တို့သည် ငါ့​ပညတ်​တို့ကို​စောင့်ရှောက်​လျှင်၊ ငါ့​မေတ္တာ​၌​တည်​နေကြ​လိမ့်​မည်။” (ယောဟန် ၁၅:၉၊ ၁၀) မှန်​ပါ​၏၊ ယေဟောဝါ​သည် သားတော်​၏​အကြွင်းမဲ့​နာခံမှု​ကြောင့် ကိုယ်တော်​ကို​ချစ်​မြတ်နိုး​တော်​မူ​၏။ ယေရှု​ခရစ်​၏​နောက်လိုက်​အားလုံး​အတွက် ကောင်းသော​သင်ခန်းစာ​တစ်ရပ်​ပင်!

၅။ ယေရှုသည် တပည့်တော်​နောက်တော်လိုက်​များ​ကို​ချစ်​ကြောင်း မည်သို့​တင်ပြ​ခဲ့​သနည်း။

တပည့်​နောက်လိုက်​များ​ကို ယေရှု​အလွန်​ချစ်​ကြောင်း တမန်​တော်​များနှင့် ယေရှု​နောက်ဆုံး​အကြိမ် တွေ့ဆုံ​ခဲ့​ခြင်း​အကြောင်း ယောဟန်​၏​မှတ်တမ်း​အစ​၌ ပေါ်လွင်​သည်။ ယောဟန်​ဤသို့​ပြန်​ပြောပြ​ခဲ့​သည်– “ပသခါပွဲ​မခံ​မီ​၌ ယေရှုသည် ဤ​လောက​မှ​ခမည်းတော်​ထံ​သို့ ပြောင်း​ရသော​အချိန်​ရောက်​သည်ကို သိတော်မူ​သည်​ဖြစ်၍၊ ဤ​လောက​၌​ရှိသော​မိမိလူ​တို့ကို ချစ်တော်မူ​သောကြောင့် အဆုံးတိုင်အောင်​ချစ်တော်မူ​၏။” (ယောဟန် ၁၃:၁) သတိရအောက်မေ့​ဖွယ် ထို​ညနေခင်း​တွင် ကိုယ်တော်​သည် မေတ္တာ​ရှိ​စွာ သူတစ်ပါး​အစေခံခြင်း​ကို မမေ့နိုင်​ဖွယ်​သင်ခန်းစာ​တစ်ခု​ဖြင့် ဖော်ပြ​ခဲ့​သည်။ ကိုယ်တော်​သည် သူတို့၏​ခြေ​ကို​ဆေး​ပေး​ခဲ့​သည်။ ၎င်း​သည် ယေရှု​နှင့် ညီအစ်ကို​ချင်း​တို့အား သူတို့​ယောက်​တိုင်း တလိုတလား​ပြုလုပ်​သင့်​သော​အရာ​ဖြစ်သော်လည်း သူတို့​ခေါင်းရှောင်​ခဲ့​ကြသည်။ ဤ​နိမ့်ကျသော​အလုပ်ကို ယေရှု​လုပ်ဆောင်​ပြီး​နောက် တပည့်တော်​နောက်တော်လိုက်​များ​အား ဤသို့​မိန့်ဆိုခဲ့သည်– “ငါသည် သခင်​ဖြစ်​လျက်၊ အရှင်​ဘုရား​လည်း​ဖြစ်​လျက်​နှင့် သင်တို့၏​ခြေ​ကို​ဆေး​လျှင် သင်တို့သည် အချင်းချင်း​တို့၏​ခြေ​ကို ဆေး​ရ​ကြ​မည်။ ငါသည်​သင်တို့၌​ပြု​သကဲ့သို့ သင်တို့သည်​ပြု​စေခြင်း​ငှာ ပုံသက်သေ​ကို​ပြ​ခဲ့ပြီ။” (ယောဟန် ၁၃:၁၄၊ ၁၅) ခရစ်ယာန်စစ်​များသည် မိမိတို့​ညီအစ်ကို​များ​၏​အစေ​ကို​ခံ​ဖို့ တလိုတလား​ရှိ​ရုံ​မ​က ပျော်ရွှင်​သင့်​သည်။—မဿဲ ၂၀:၂၆၊ ၂၇က​ဘ၊ အောက်ခြေမှတ်ချက်; ယောဟန် ၁၃:၁၇

ပညတ်​အသစ်​ကို​လိုက်လျှောက်​လော့

၆၊ ၇။ (က) အောက်မေ့ရာပွဲ​စတင်​ကျင်းပ​ခြင်း​နှင့်​ပတ်သက်​၍ အဘယ်​အရေးပါသည့် အသေးစိတ်​အချက်အလက်​ကို ယောဟန်​ဖော်ပြ​သနည်း။ (ခ) ယေရှုသည် တပည့်တော်​နောက်တော်လိုက်​များ​အား အဘယ်​ပညတ်သစ်​ကို ပေး​ခဲ့​သနည်း၊ ထို​တွင် အဘယ်အရာက အသစ်​ဖြစ်သနည်း။

နိသန်လ ၁၄ ရက်​ည​က အထက်ခန်း​မ​၌ အဖြစ်အပျက်​ကို ယောဟန်​၏​မှတ်တမ်း​တစ်ခု​တည်း​က​သာ ယုဒရှကာရုတ်​ထွက်ခွာ​သွား​ကြောင်း အတိအကျ​ဖော်ပြ​သည်။ (ယောဟန် ၁၃:၂၁-၃၀) ခရစ်ဝင်​ကျမ်း​မှတ်တမ်းများ ကိုက်​မ​ကိုက် ညှိ​ကြည့်​သည့်​အခါ အဆိုပါ မတည်​ကြည်​သူ ထွက်သွား​ပြီး​နောက်​မှ​သာ ယေရှုသည် မိမိ၏​သေခြင်း​အောက်မေ့ရာပွဲကို စတင်​ကျင်းပ​ကြောင်း သိရှိ​ရသည်။ ထို့နောက် တည်ကြည်သော​တမန်​တော်​များနှင့် မခွဲခွာ​မီ အမှာစကား​များ​ကို အကျယ်တဝင့်​ပြောဆို​ခဲ့​သည်။ အောက်မေ့ရာပွဲ​တက်ရောက်​ဖို့ ပြင်ဆင်​နေကြ​စဉ် ကျွန်ုပ်​တို့သည် အထူးသဖြင့် ဘုရားသခင်​ချစ်​မြတ်နိုးသူ​များ​တွင် တစ်ဦး​ပါဝင်​လို​သောကြောင့် ထို​အချိန်​အခါ​၌ ယေရှု​မိန့်ဆိုခဲ့​ရာ​ကို အထူး​စိတ်ဝင်စား​သင့်​သည်။

မိမိ၏​သေခြင်း​အောက်မေ့ရာပွဲကို စတင်​ကျင်းပ​ပြီး​နောက် တပည့်တော်​နောက်တော်လိုက်​များ​အား ယေရှု​ဦးဆုံး​ပေး​ခဲ့​သော သွန်သင်ချက်​သည် အသစ်​ဖြစ်၏။ ကိုယ်တော်​ဤသို့​ကြေညာ​ခဲ့​သည်– “သင်တို့သည် အချင်းချင်း​တစ်ယောက်ကို​တစ်ယောက်​ချစ်​ကြလော့။ ငါသည် သင်တို့ကို​ချစ်​သည်​နည်းတူ အချင်းချင်းချစ်​ကြလော့​ဟု ပညတ်သစ်​ကို​ငါ​ပေး​၏။ သင်တို့သည်​အချင်းချင်းချစ်​ကြ​လျှင်၊ လူအပေါင်း​တို့သည် ထို​မေတ္တာကို​ထောက်၍ သင်တို့သည် ငါ​၏​တပည့်ဖြစ်​သည်ကို သိရ​ကြလိမ့်မည်။” (ယောဟန် ၁၃:၃၄၊ ၃၅) ဤ​ပညတ်​တွင် အဘယ်အရာက အသစ်​ဖြစ်သနည်း။ ထို​ညနေ​နှောင်းပိုင်းတွင် ယေရှုသည် ဤသို့​ဆို​လျက် ကိစ္စရပ်​ကို​ရှင်းလင်း​ခဲ့​သည်– “ငါ့​ပညတ်​ဟူ​မူ​ကား ငါသည်​သင်တို့ကို​ချစ်​သည့်​နည်းတူ သင်တို့သည်​အချင်းချင်းချစ်​ကြလော့။ ကိုယ်​အဆွေ​တို့​အဖို့​အလို​ငှာ ကိုယ်​အသက်ကို​စွန့်​ခြင်း​မေတ္တာ​ထက် သာ၍​မြတ်သော​မေတ္တာသည် အဘယ်သူ​၌​မျှ​မရှိ။” (ယောဟန် ၁၅:၁၂၊ ၁၃) မောရှေ​ပညတ်​က “ကိုယ်​နှင့်​စပ်ဆိုင်​သူကို ကိုယ်​နှင့်​အမျှ​ချစ်” ရန် ဣသရေလလူ​တို့ကို​ပညတ်​ထား​သည်။ (ဝတ်ပြုရာ ၁၉:၁၈) ယေရှု၏​ပညတ်​မှာ​မူ ထို့​ထက်​တာသွား​သည်။ ခရစ်ယာန်​များသည် မိမိတို့ကို​ခရစ်တော်​ချစ်​သကဲ့သို့ အချင်းချင်းချစ်​ရ​ကြ​မည်​ဖြစ်သည်၊ ညီအစ်ကို​များ​အတွက် အသက်စွန့်​ဖို့​တလိုတလား​ရှိကြ​ရမည်။

၈။ (က) ကိုယ်ကျိုး​စွန့်​မေတ္တာတွင် အဘယ်အရာ​ပါဝင်​သနည်း။ (ခ) ယေဟောဝါသက်သေ​များသည် ကိုယ်ကျိုး​စွန့်​မေတ္တာကို ယနေ့ မည်သို့​တင်ပြ​ကြ​သနည်း။

သတိရအောက်မေ့ပွဲ​အချိန်​အခါ​သည် စစ်မှန်သော​ခရစ်ယာန်​ဘာသာ​၏ ထင်ရှားသော​အမှတ်အသား​ဖြစ်သည့် ခရစ်တော်​ကဲ့သို့​မေတ္တာ ကျွန်ုပ်​တို့​၌​အမှန်​ရှိမရှိ​သိ​ရန် မိမိတို့​ကိုယ်ကို​စစ်ဆေး​သင့်​သော​အချိန်​ဖြစ်သည်။ ထိုသို့​သော​ကိုယ်ကျိုး​စွန့်​မေတ္တာသည် မိမိ​ညီအစ်ကို​များ​ကို အပ်နှံ​မည့်​အစား မိမိ​အသက်စွန့်ခြင်း​ကို ဆိုလို​နိုင်​ပြီး တစ်ခါတစ်ရံ ထိုသို့​ဖြစ်​ခဲ့​သည်။ သို့သော် အများအားဖြင့် ကျွန်ုပ်​တို့၏​ညီအစ်ကို​များနှင့် အခြား​သူတို့ကို အကူအညီ​ပေး​၍ သူတစ်ပါး​အကျိုးဆောင်​ရန် တလိုတလား​ကိုယ်ကျိုး​စွန့်​ခြင်း​ပါဝင်​သည်။ ဤ​ကိစ္စ​တွင် တမန်​တော်​ပေါလု​သည် စံနမူနာ​ကောင်း​ဖြစ်သည်။ (၂ ကောရိန္သု ၁၂:၁၅; ဖိလိပ္ပိ ၂:၁၇) ကမ္ဘာ​တစ်ဝန်း​တွင် ယေဟောဝါသက်သေ​များသည် မိမိတို့​ညီအစ်ကို​များနှင့် အိမ်နီးချင်း​များ​ကို​ကူညီ​ပေးခြင်း၊ လူသားချင်း​တို့အား ကျမ်းစာ​အမှန်တရား​ဝေမျှပေး​ရန် ကိုယ်ကျိုး​စွန့် အသုံးတော်ခံ​ကြ​ခြင်း​အတွက် လူသိ​များ​ကြသည်။ *ဂလာတိ ၆:၁၀

တန်ဖိုး​ထား​ရမည့်​ဆက်ဆံ​ရေး​များ

၉။ ဘုရားသခင်၊ ကိုယ်တော်​၏​သားတော်​နှင့် ကျွန်ုပ်​တို့ အဖိုးတန်​ဆက်ဆံ​ရေး​ရှိ​ခြင်း​ကို ဆက်၍​ထိန်းသိမ်း​ရန် အဘယ်အရာကို ပျော်ရွှင်စွာ​လုပ်ဆောင်​လို​ကြ​သနည်း။

ယေဟောဝါ​နှင့် ကိုယ်တော့်​သားတော် ခရစ်တော်​ယေရှု​တို့၏ ချစ်​မြတ်နိုးမှု​ခံရ​ခြင်း​ထက် သာ၍​အဖိုးထိုက်​သော​အရာ​မရှိ​နိုင်​ပါ။ သို့ရာတွင် ဤ​မေတ္တာတော်ကို​ခံစား​ရဖို့ ကျွန်ုပ်​တို့​ပြုလုပ်​ရမည့်​အရာတစ်ခု​ရှိသည်။ တပည့်တော်​နောက်တော်လိုက်​များနှင့်​အတူ​ရှိသော နောက်ဆုံး​ည​တွင် ယေရှု​ဤသို့​မိန့်ဆိုခဲ့သည်– “ငါ့​ပညတ်​တို့ကို​ရ​၍ စောင့်ရှောက်သော​သူသည် ငါ့ကို​ချစ်သော​သူ​ဖြစ်၏။ ငါ့ကို​ချစ်သော​သူကို ငါ့​ခမည်းတော်​သည်​ချစ်တော်မူ​မည်။ ငါသည်​လည်း​ထို​သူကို​ချစ်၍ သူ့​အား​ကိုယ်တိုင်​ထင်ရှား​မည်။” (ယောဟန် ၁၄:၂၁) ဘုရားသခင်​နှင့် ကိုယ်တော်​၏​သားတော်​တို့​နှင့် ဆက်ဆံ​ရေး​ကောင်း​ရှိ​ခြင်း​ကို ကျွန်ုပ်​တို့​တန်ဖိုး​ထား​ကြသော​ကြောင့် သူတို့၏​ပညတ်ချက်​များ​ကို ကျွန်ုပ်​တို့​ပျော်ရွှင်စွာ​နာခံကြ​သည်။ ၎င်း​တွင် ကိုယ်ကျိုး​စွန့်​မေတ္တာ​တင်ပြ​ရန် ပညတ်​အသစ်​နှင့် သတင်းကောင်း​လက်ခံသူ​တို့ကို “တပည့်​ဖြစ်စေ” ရန်​ကြိုးပမ်း​လျက် “လူအပေါင်း​တို့အား​ဟောပြော . . . သက်သေခံ​ကြလော့” ဟူသော ခရစ်တော်​ရှင်ပြန်ထမြောက်​ပြီး​နောက်​ပေး​ခဲ့​သည့် အမိန့်တော်​လည်း​ပါဝင်​သည်။—တမန်​တော် ၁၀:၄၂; မဿဲ ၂၈:၁၉၊ ၂၀

၁၀။ ဝိညာဉ်​တော်​ဖွား​များနှင့် “အခြားသိုး” အတွက် အဘယ်​တန်ဖိုး​ရှိ​ဆက်ဆံ​ရေး​များ​ရှိ​သနည်း။

၁၀ ထို​ည​နှောင်းပိုင်းတွင် တည်ကြည်သော​တမန်​တော်​ယုဒ (သဒ္ဒဲ) ၏​မေးခွန်း​ကို ယေရှု​ဤသို့​ဖြေကြား​ခဲ့​သည်– “ငါ့ကို​ချစ်သော​သူသည် ငါ့​စကား​ကို​နားထောင်​လိမ့်​မည်။ ငါ့​ခမည်းတော်​သည် ထို​သူကို​ချစ်တော်မူ​သည်။ ငါ​တို့သည်​လည်း သူ့​ဆီ​သို့​ကြွ​၍​နေရာချ​မည်။” (ယောဟန် ၁၄:၂၂၊ ၂၃) ခရစ်တော်​နှင့်အတူ ကောင်းကင်​တွင်​အုပ်ချုပ်​ဖို့ ခေါ်ဖိတ်​ခံရ​သော ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များသည် မြေကြီးပေါ်​ရှိ​စဉ်​၌​ပင် ယေဟောဝါ၊ ကိုယ်တော့်​သားတော်​နှင့် အထူး​ရင်းနှီးသော​ဆက်ဆံ​ရေး​ရှိကြသည်။ (ယောဟန် ၁၅:၁၅; ၁၆:၂၇; ၁၇:၂၂; ဟေဗြဲ ၃:၁; ၁ ယောဟန် ၃:၂၊ ၂၄) သို့သော် သူတို့၏​အပေါင်းပါ​ဖြစ်သော မြေကြီးပေါ်​ထာဝစဉ်​အသက်ရှင်ဖို့​မျှော်လင့်​ကြ​သည့် “အခြားသိုး” တို့သည်​လည်း နာခံမှု​ရှိကြောင်း​တင်ပြ​ကြ​မည်​ဆိုလျှင် သူတို့၏ “သိုးထိန်း​တစ်ပါး​တည်း” ဖြစ်သော ယေရှု​ခရစ်၊ သူတို့၏​ဘုရားသခင် ယေဟောဝါ​နှင့် အဖိုးထိုက်​သော​ဆက်ဆံ​ရေး​ရှိကြသည်။—ယောဟန် ၁၀:၁၆; ဆာလံ ၁၅:၁-၅; ၂၅:၁၄

“သင်တို့သည်​လော[က]နှင့်​မဆက်ဆံ”

၁၁။ ယေရှုသည် မိမိ၏​တပည့်တော်​နောက်တော်လိုက်​များ​အား အဘယ်​လေးနက်​သော​သတိပေး​ချက်​ကို ပေး​ခဲ့​သနည်း။

၁၁ ယေရှု​မသေဆုံးမီ တည်ကြည်သော​တမန်​တော်​များနှင့် နောက်ဆုံး​အကြိမ်​တွေ့ဆုံ​ချိန်​၌ ကိုယ်တော်​သည် ဤသို့​အလေး​အနက်​သတိပေး​ခဲ့​သည်– ဘုရားသခင့်​ချစ်​မြတ်နိုးမှု​ခံစား​ရသူ​တစ်ဦး​သည် လောက​၏​မုန်းတီးခြင်း​ကို​ခံရ​လိမ့်​မည်။ ကိုယ်တော်​ဤသို့​အတိအလင်း​ဆို​၏– “လောကသား​တို့သည် သင်တို့ကို​မုန်း​လျှင်၊ သင်တို့ကို​မမုန်း​မီ ငါ့ကို​မုန်း​ကြသည်​ကို သိမှတ်​ကြလော့။ သင်တို့သည် လော[က]နှင့်​ဆက်ဆံ​လျှင်၊ လော[က]သားတို့​သည် မိမိတို့​နှင့်​ဆက်ဆံ​သော​သင်တို့ကို ချစ်​ကြလိမ့်မည်။ သင်တို့သည်​လော[က]နှင့်​မဆက်ဆံ၊ လော[က]ထဲ​က ငါ​ရွေးကောက်​သော​သူ​ဖြစ်သော​ကြောင့်၊ လော[က]သားတို့​သည် သင်တို့ကို​မုန်း​ကြ​၏။ ကျွန်​သည် မိမိ​သခင်​ထက်​သာ၍​ကြီးမြတ်​သည်မဟုတ်​ဟု ငါ​ပြော​ခဲ့​ပြီး​သော​စကား​ကို အောက်မေ့​ကြလော့။ သူတို့သည် ငါ့ကို​ညှဉ်းဆဲ​လျှင် သင်တို့ကို​ညှဉ်းဆဲ​ကြလိမ့်မည်။ ငါ့​စကား​ကို​နားထောင်​လျှင် သင်တို့၏​စကား​ကို နားထောင်​ကြလိမ့်မည်။”—ယောဟန် ၁၅:၁၈-၂၀

၁၂။ (က) လောက​၏​မုန်းတီးမှု​ကို​ခံရ​မည်​ဟု တပည့်တော်​နောက်တော်လိုက်​များ​ကို ယေရှု​အဘယ်ကြောင့်​သတိပေး​ခဲ့​သနည်း။ (ခ) အောက်မေ့ရာပွဲ​ချဉ်းကပ်​လာ​သည်​နှင့်​အမျှ ကျွန်ုပ်​တို့အားလုံး အဘယ်အရာကို သုံးသပ်​သင့်​သနည်း။

၁၂ ဤ​တမန်​တော် ၁၁ ပါး​နှင့် သူတို့​နောက်​မှ ယုံကြည်​လာ​သူ ခရစ်ယာန်စစ်​များသည် လောက​၏​မုန်းတီးမှု​ခံရ​သောကြောင့် စိတ်ဓာတ်ကျ​၍ အရှုံးမပေး​ကြဖို့ ထိုသို့​ယေရှု​သတိပေး​ခဲ့​သည်။ ကိုယ်တော်​ဤသို့​ထပ်ဆင့်​မိန့်ဆိုခဲ့သည်– “သင်တို့သည်​စိတ်မပျက် [“ထိမိ​၍​မလဲ၊” က​ဘ] စေခြင်း​ငှာ ဤ​စကား​ကို​ငါ​ဟောပြော​၏။ လော[က]သားတို့​သည် သင်တို့ကို တရား​ဇရပ်​မှ​နှင်ထုတ်​လိမ့်​မည်။ သင်တို့ကို​သတ်​သော​သူ​မည်​သည်​ကား ဘုရား[သခင်]ဝတ်​ကို​ငါ​ပြု​ပြီ​ဟု မိမိ​ထင်မှတ်​သော​အချိန်ကာလ​ရောက်​လိမ့်​မည်။ ခမည်းတော်​ကို​မသိ၊ ငါ့ကို​လည်း​မသိသော​ကြောင့် ထိုသို့​ပြု​ကြလိမ့်မည်။” (ယောဟန် ၁၆:၁-၃) ဤ​တွင် ‘ထိမိ​၍​လဲ’ ဟု​ဘာသာ​ပြန်ဆို​ထားသော ကြိယာ​သဏ္ဌာန်​သည် “ယုံကြည်​စိတ်ချ​၍ နာခံ​သင့်​သူကို လူတစ်ဦး မယုံ​သင်္ကာ​ဖြစ်လာ​ပြီး စွန့်ခွာ​သွားခြင်း; သွေဖည်​သွားခြင်း” ဟု​အဓိပ္ပာယ်​ရှိကြောင်း ကျမ်းစာ​အဘိဓာန်​တစ်စောင်​က ရှင်းပြသည်။ အောက်မေ့ရာပွဲ​ကျင်းပ​ချိန်​နီးကပ်​လာ​သည်​နှင့်​အမျှ အတိတ်​နှင့်​မျက်မှောက်ခေတ် တည်ကြည်သူ​များ​၏ ဘဝ​လမ်းစဉ်​ကို ပြန်လည်​ဆင်ခြင်​သုံးသပ်​ကာ စမ်းသပ်မှု​အောက် သူတို့၏​တည်ကြည်​မြဲမြံ​မှု စံနမူနာ​ကို အားလုံး​အတုယူ​သင့်​သည်။ ဆန့်ကျင်မှု သို့​မဟုတ် နှိပ်စက်​ညှဉ်းပန်းမှု​က သင့်​အား ယေဟောဝါ​နှင့်​ယေရှုကို​မစွန့်​စေ​ဘဲ သူတို့ကို ယုံကြည်​စိတ်ချ​၍ နာခံ​ရန်​သန္နိ​ဋ္ဌာန်​ချထား​ပါ။

၁၃။ ခမည်းတော်​ထံ​ယေရှု​ဆုတောင်းရာ​၌ မိမိ၏​နောက်လိုက်​များ​အတွက် အဘယ်အရာ​တောင်းဆို​ခဲ့​သနည်း။

၁၃ ယေရုရှလင်​မြို့ရှိ​အထက်ခန်း​မ​မှ မထွက်ခွာမီ နိဂုံး​ချုပ်​ဆုတောင်းရာ​၌ ခမည်းတော်​ကို ယေရှု​ဤသို့​ဆို​ခဲ့​သည်– “ကိုယ်တော်​၏​နှုတ်[မြွက်]တရားကို ဤသူတို့​အား​အကျွန်ုပ်​ပေး​ပါ​ပြီ။ အကျွန်ုပ်သည် ဤ​လောက​နှင့်​မဆက်ဆံ​သကဲ့သို့ ဤ​သူတို့သည် မဆက်ဆံ​သောကြောင့်၊ လော[က]သားတို့​သည် ဤသူတို့ကို​မုန်း​ကြ​ပါ​၏။ ဤသူတို့ကို ဤ​လောက​မှ​နုတ်ယူ​တော်​မူ​မည်​အကြောင်း အကျွန်ုပ်​တောင်း​သည်မဟုတ်​ပါ။ မကောင်းသော​အမှုအရာ​နှင့် ကင်းလွတ်​စေခြင်း​ငှာ စောင့်မ​တော်​မူ​မည်​အကြောင်းကို​သာ တောင်း​ပါ​၏။ အကျွန်ုပ်သည် ဤ​လောက​နှင့်​မဆက်ဆံ​သကဲ့သို့ ဤ​သူတို့သည်​မဆက်ဆံ​ကြ​ပါ။” (ယောဟန် ၁၇:၁၄-၁၆) ယေဟောဝါ​သည် မိမိ​ချစ်​မြတ်နိုးသူ​များ လောက​မှ​သီးခြားနေ​ကြ​စဉ် သူတို့ကို​ခွန်အား​ပေး​ရန် စောင့်ကြပ်​တော်​မူ​လိမ့်​မည်​ဟု ကျွန်ုပ်​တို့​စိတ်ချ​နိုင်​ကြ​ပါ​သည်။—ဟေရှာယ ၄၀:၂၉-၃၁

ခမည်းတော်​နှင့် သားတော်​၏​မေတ္တာ​၌ တည်​နေကြ​လော့

၁၄၊ ၁၅။ (က) ယေရှုသည် မိမိကိုယ်ကို အဘယ်အရာ​နှင့်​ခိုင်းနှိုင်း​ခဲ့​သနည်း၊ အဘယ် ‘အမျိုး​ဖျင်း​သော​စပျစ်​ပင်’ နှင့်​မတူ​သနည်း။ (ခ) “မှန်သော​စပျစ်​နွယ်ပင်” ၏ “အခက်များ” ကား​မည်သူ​တို့​နည်း။

၁၄ နိသန်လ ၁၄ ရက်​ည​တွင် မိမိ၏​တည်ကြည်သော​တပည့်တော်​နောက်တော်လိုက်​များနှင့် ရင်းရင်းနှီးနှီး​စကားပြော​ဆို​ကြ​စဉ် ယေရှုသည် ‘အမျိုး​ဖျင်း​သော​စပျစ်​ပင်’ ဖြစ်သည့် မတည်​ကြည်​သော​ဣသရေလလူ​တို့​နှင့်​ဆန့်ကျင်​လျက် မိမိကိုယ်ကို “မှန်သော​စပျစ်​နွယ်ပင်” အဖြစ်​ခိုင်းနှိုင်း​ပြ​ခဲ့​သည်။ ကိုယ်တော်​က “ငါသည် မှန်သော​စပျစ်​နွယ်ပင်​ဖြစ်၏။ ငါ့​ခမည်းတော်​သည်လည်း ဥယျာဉ်စောင့်​ဖြစ်​တော်​မူ​၏” ဟု​ဆို​သည်။ (ယောဟန် ၁၅:၁) လွန်​ခဲ့​သည့်​ရာစုနှစ်​ပေါင်း​များစွာက ပရောဖက်​ယေရမိ​သည် သွေဖည်​သွားသော မိမိ၏​လူမျိုးတော်​အားယေဟောဝါ​မိန့်ဆို​သည့် ဤ​စကား​ကို​မှတ်တမ်းတင်​ခဲ့​သည်– “စပျစ်​နွယ်ပင်​အမျိုးစစ်​ဖြစ်သော​သင့်ကို ငါ​စိုက်​ပျိုး​သော်လည်း သင်သည်​ငါ့​ရှေ့မှာ အဘယ်မျှ​လောက်​ဖောက်​ပြန်၍ အမျိုး​မ​စစ်​သော​စပျစ်​နွယ်ပင်​ဖြစ်ပါ​သည်​တကား။” (ယေရမိ ၂:၂၁) ပရောဖက်​ဟောရှေ​လည်း ဤသို့​ရေးသားခဲ့​သည်– “ဣသရေလ​သည် [“အမျိုး​ဖျင်း၊” က​ဘ] သော စပျစ်​နွယ်ပင်​ဖြစ်၏။ ကိုယ်​အလိုအလျောက် သီး​တတ်၏။ . . . သူတို့၌ စိတ်​နှစ်ခွ​ရှိ၏။”—ဟောရှေ ၁၀:၁၊ ၂

၁၅ ဣသရေလ​လူမျိုး​သည် စစ်မှန်သော​ဝတ်ပြုရေး​အသီးကို သီးပွင့်​မည့်​အစား အယူဖောက်ပြန်​၍ ကိုယ်​အလိုအလျောက်​အသီးသီး​ခဲ့​သည်။ တည်ကြည်သော​တပည့်တော်​နောက်တော်လိုက်​များနှင့် နောက်ဆုံး​တွေ့ဆုံ​ချိန်​မတိုင်မီ သုံးရက်​တွင် ယေရှုသည် အရေခြုံ​ဘာသာရေး​ခေါင်းဆောင်​များ​ကို ဤသို့​ပြော​ခဲ့​သည်– “ငါ​ဆိုသည်ကား ဘုရားသခင်​၏​နိုင်ငံတော်​ကို သင်တို့​မှ​နုတ်​၍ နိုင်ငံတော်​၏​အသီးကို​သီး​အံ့​သော လူမျိုး​အားပေး​ရ​လတ္တံ့။” (မဿဲ ၂၁:၄၃) ထို​လူမျိုးအသစ်​ကား ဝိညာဉ်​တော်​ဖွား​ခရစ်ယာန် ၁၄၄,၀၀၀ ဖြင့်​ဖွဲ့စည်းထား​ပြီး “မှန်သော​စပျစ်​နွယ်ပင်” ခရစ်တော်​ယေရှု၏ “အခက်များ” နှင့်​ခိုင်းနှိုင်း​ခံရ​သော “ဘုရားသခင်​၏​ဣသရေလ​အမျိုး” ဖြစ်သည်။—ဂလာတိ ၆:၁၆; ယောဟန် ၁၅:၅; ဗျာဒိတ် ၁၄:၁၊

၁၆။ ယေရှုသည် တည်ကြည်သော​ တမန်​တော် ၁၁ ပါး​ကို အဘယ်အရာ​ပြု​ရန် တိုက်တွန်း​ခဲ့​သနည်း၊ ဤ​ဆုံးခန်း​ချိန်​၌ တည်ကြည်သော​အကြွင်းအကျန်​နှင့်​ပတ်သက်​၍ မည်သို့​ဆိုနိုင်​သနည်း။

၁၆ ထို​အထက်ခန်း​မ​တွင် မိမိ​နှင့်အတူ​ရှိသော တမန်​တော် ၁၁ ပါး​ကို ယေရှု​ဤသို့​မိန့်ဆိုခဲ့သည်– “ငါ​၌​အသီး​မ​သီး​သော​အခက်​ရှိသမျှ​တို့ကို ခုတ်ပစ်​တော်​မူ​၏။ အသီးသီး​သော​အခက်​ရှိသမျှ​တို့ကို သာ၍​သီး​စေခြင်း​ငှာ သုတ်သင်​ရှင်းလင်း​တော်​မူ​၏။ ငါ​၌​တည်​နေကြ​လော့။ ငါသည်​လည်း​သင်တို့၌​တည်​နေ​မည်။ စပျစ်​ခက်​သည် အပင်​၌​မတည်​လျှင် ကိုယ်​အလိုအလျောက်​အသီး​မ​သီး​နိုင်​သကဲ့သို့ သင်တို့သည် ငါ​၌​မတည်​လျှင် အသီး​မ​သီး​နိုင်​ကြ။” (ယောဟန် ၁၅:၂၊) တည်ကြည်သော​ဝိညာဉ်​တော်​ဖွား အကြွင်းအကျန်​ခရစ်ယာန်​များသည် သူတို့၏​ဦးခေါင်း​ယေရှု​ခရစ်​၌ ဆက်​တည်​နေကြောင်း ယေဟောဝါ​၏​မျက်မှောက်ခေတ် လူမျိုးတော်​သမိုင်းက​တင်ပြ​ပါ​သည်။ (ဧဖက် ၅:၂၃) သန့်စင်​၍ အခက်​အလက်​ချိုင်​ပေးခြင်း​ကို သူတို့​လက်ခံခဲ့​ကြသည်။ (မာလခိ ၃:၂၊ ၃) ၁၉၁၉ မှ​စ၍ သူတို့သည် ဘုရားသခင့်​နိုင်ငံတော်​အသီး​ဖြစ်သော ဦးဆုံး​အနေ​နှင့် အခြား​ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ၊ ထို့နောက် ၁၉၃၅ မှ​စ၍ အရေအတွက် အစဉ်​တ​စိုက်​တိုးပွားလျက်​နေသော သူတို့၏​အပေါင်းပါ “လူအုပ်ကြီး” ကို​လှိုင်လှိုင်​သီးပွင့်​စေ​ခဲ့ပြီ။—ဗျာဒိတ် ၇:၉; ဟေရှာယ ၆၀:၄၊ ၈-၁၁

၁၇၊ ၁၈။ (က) ဝိညာဉ်​တော်​ဖွား​များနှင့် အခြားသိုး​များ​ကို ယေဟောဝါ​၏​မေတ္တာတော်၌​တည်​နေကြ​ဖို့ ယေရှု၏​အဘယ်​စကား​များ​က ထောက်ကူ​ပေး​သနည်း။ (ခ) အောက်မေ့ရာပွဲကို​တက်ရောက်ခြင်း​က ကျွန်ုပ်​တို့ကို မည်သို့​အားဖြည့်ပေး​မည်​နည်း။

၁၇ ယေရှု​ထပ်ဆင့်​မိန့်ဆိုခဲ့​သော ဤ​စကား​များသည် ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​အပြင် သူတို့၏​အပေါင်းပါ​အားလုံး​နှင့်​သက်ဆိုင်​သည်– “သင်တို့သည် များစွာသော​အသီးကို​သီး​သော​အားဖြင့်၊ ငါ့​ခမည်းတော်​သည် ဘုန်းထင်ရှား​တော်​မူ​၍၊ သင်တို့သည်လည်း ငါ​၏​တပည့်​မှန်​ကြလိမ့်မည်။ ခမည်းတော်​သည် ငါ့ကို​ချစ်တော်မူ​သကဲ့သို့ ငါသည်​သင်တို့ကို​ချစ်​၏။ ငါ​၏​ချစ်ခြင်း​မေတ္တာ​၌​တည်​နေကြ​လော့။ ငါသည် ငါ့​ခမည်းတော်​၏​ပညတ်​တို့ကို​စောင့်ရှောက်​၍ ခမည်းတော်​၏​မေတ္တာ​၌​တည်​နေ​သကဲ့သို့၊ သင်တို့သည် ငါ့​ပညတ်​တို့ကို​စောင့်ရှောက်​လျှင် ငါ့​မေတ္တာ​၌​တည်​နေကြ​လိမ့်​မည်။”—ယောဟန် ၁၅:၈-၁၀

၁၈ ကျွန်ုပ်​တို့အားလုံး ဘုရားသခင့်​မေတ္တာတော်၌​တည်​နေ​လို​ကြ​ပြီး ယင်းက ကျွန်ုပ်​တို့ကို တည်ကြည်သော​ခရစ်ယာန်​များ​ဖြစ်စေ​သည်။ “[ဘုရားသခင့်] နိုင်ငံတော်​နှင့်ယှဉ်သော​ဧဝံဂေလိတရား” ဟောပြောရန် အခွင့်အရေး​ရ​သမျှ​ကို ကျွန်ုပ်​တို့​ယူခြင်း​ဖြင့် ယင်း​သို့​ပြု​ကြသည်။ (မဿဲ ၂၄:၁၄) ကျွန်ုပ်​တို့၏​အသက်တာတွင် ‘ဝိညာဉ်​တော်​နှင့်​ဆိုင်သော​အသီးများ’ ကိုလည်း အတတ်နိုင်ဆုံး​တင်ပြ​ကြသည်။ (ဂလာတိ ၅:၂၂၊ ၂၃) ထိုသို့​ပြုလုပ်​ရန် ကျွန်ုပ်​တို့၏​စိတ်ပိုင်းဖြတ်​ချက်​ကို ခရစ်တော်​၏​သေခြင်း​အောက်မေ့ရာပွဲကို​တက်​ခြင်း​က အားဖြည့်ပေး​ပါ​လိမ့်​မည်၊ အကြောင်း​မူ​ကား မိမိတို့​အပေါ် ဘုရားသခင်​နှင့်​ခရစ်တော်​၏ ကြီးမားသော​မေတ္တာတော်ကို ကျွန်ုပ်​တို့အား ပြန်သတိရ​စေပါ​လိမ့်​မည်။—၂ ကောရိန္သု ၅:၁၄၊ ၁၅

၁၉။ နောက်​ဆောင်းပါး​တွင် အဘယ်​ထပ်ဆင့်​အကူအညီ​အကြောင်း ဆွေးနွေး​မည်​နည်း။

၁၉ ခမည်းတော်​သည် မိမိ၏​တည်ကြည်သော​နောက်လိုက်​များ​ထံ ‘အကူအညီ​ပေး​မည့် သန့်ရှင်းသော​ဝိညာဉ်​တော်’ ကို​စေလွှတ်​မည်​ဟု အောက်မေ့ရာပွဲကို အစပြု​ကျင်းပ​ပြီး​နောက် ယေရှု​ကတိပြု​ခဲ့​သည်။ (ယောဟန် ၁၄:၂၆က​ဘ) ဤ​ဝိညာဉ်​တော်​က ဝိညာဉ်​တော်​ဖွား​နှင့် အခြားသိုး​များ​ကို ယေဟောဝါ​၏​မေတ္တာတော်၌​တည်​နေ​စေဖို့ မည်သို့​ထောက်ကူ​ပေး​မည်​ကို နောက်​ဆောင်းပါး​၌ သုံးသပ်ပါ​မည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 2 ကျမ်းစာ​ဖြင့်​တွက်ချက်​ကြည့်​လျှင် ၂၀၀၂ ခုနှစ်​အတွက် နိသန်လ ၁၄ ရက်​သည် မတ်​လ ၂၈၊ ကြာသပတေး​နေ့ နေဝင်ချိန်​၌​စတင်​သည်။ ထို​ညနေပိုင်း​တွင် ကမ္ဘာ​တစ်ဝန်း​ရှိ ယေဟောဝါသက်သေ​များသည် သခင်​ယေရှု​ခရစ်​၏​သေခြင်းကို သတိရအောက်မေ့ပွဲ​ကျင်းပ​ရန် စုရုံး​ကြ​ပါ​လိမ့်​မည်။

^ အပိုဒ်၊ 8 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သော ယေဟောဝါသက်သေ​များ—ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ စာအုပ်​အခန်း ၁၉ နှင့် ၃၂ ကို​ရှု။

ပြန်လည်​သုံးသပ်ရန်​မေးခွန်းများ

• ယေရှုသည် မိမိ၏​တပည့်တော်​နောက်တော်လိုက်​များ​အား မေတ္တာဖြင့်​အစေခံခြင်း​ဆိုင်ရာ အဘယ်​လက်တွေ့ကျ​သော​သင်ခန်းစာ​ကို ပေး​ခဲ့​သနည်း။

• သတိရအောက်မေ့ပွဲ​အချိန်​အခါ​သည် အဘယ်​ကိစ္စ​နှင့်​စပ်လျဉ်း၍ မိမိတို့​ကိုယ်ကို ဆန်းစစ်​သင့်​သော​အချိန်​ဖြစ်သနည်း။

• လောက​၏​မုန်းတီးမှု​နှင့် နှိပ်စက်​ညှဉ်းပန်းမှု​ခံရ​မည်​ဟူသော ယေရှု၏​သတိပေး​ချက်​ကြောင့် ကျွန်ုပ်​တို့​အဘယ်ကြောင့် ထိမိ​၍​မလဲ​သင့်​သနည်း။

• “မှန်သော​စပျစ်​နွယ်ပင်” ကား​မည်သူ​နည်း။ “အခက်များ” ကား​မည်သူ​များ​ဖြစ်၍ သူတို့​ထံ​မှ အဘယ်အရာကို​မျှော်လင့်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ယေရှုသည် မိမိ၏​တမန်​တော်​များ​အား မေတ္တာဖြင့်​အစေခံခြင်း​ဆိုင်ရာ မမေ့နိုင်​ဖွယ်​သင်ခန်းစာ​တစ်ခု​ကို ပေး​ခဲ့

[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]

ကိုယ်ကျိုး​စွန့်​မေတ္တာ​တင်ပြ​ရန် ခရစ်တော်​၏​မိန့်မှာချက်ကို ကိုယ်တော့် တပည့်တော်​နောက်တော်လိုက်​များ​နာခံကြ