သန့်ရှင်းစင်ကြယ်မှု မည်မျှအရေးပါသနည်း
သန့်ရှင်းစင်ကြယ်မှု မည်မျှအရေးပါသနည်း
သန့်ရှင်းစင်ကြယ်မှုကို လူအသီးသီးက အဓိပ္ပာယ်တစ်မျိုးစီ ဖွင့်ဆိုကြ၏။ သာဓကအနေဖြင့် ကလေးငယ်တစ်ဦးအား မိခင်က မျက်နှာသစ်၊ လက်ဆေးခဲ့ဟု ပြောသည့်အခါ ကလေးငယ်သည် လက်ချောင်းကလေးများကို ရေလောင်း၍ နှုတ်ခမ်းကိုရေဆွတ်ရုံဖြင့်ပြီးမည်ဟု ယူမှတ်ပေမည်။ သို့သော် မိခင်ကပို၍သိသည်။ ထို့ကြောင့် ကလေးငယ်အား ရေအိုးနားပြန်ခေါ်သွားပြီး သူငြင်းဆိုသည့်တိုင် သူ၏မျက်နှာနှင့် လက်တို့ကို ဆပ်ပြာဖြင့် တိုက်ချွတ်ဆေးကြောပေးပေလိမ့်မည်။
သန့်ရှင်းစင်ကြယ်မှုစံနှုန်းများသည် ကမ္ဘာတစ်ဝန်း၌ တစ်ပုံစံတည်းမဟုတ်သည်မှာ မှန်ပါသည်၊ လူတို့သည် သန့်ရှင်းမှုနှင့်ပတ်သက်၍ အယူအဆအမျိုးမျိုးအောက် ကြီးပြင်းလာခဲ့ကြမည်။ ယခင်က နိုင်ငံများစွာတွင် သန့်ရှင်းစင်ကြယ်၍ စည်းစနစ်ကျသော ကျောင်းပတ်ဝန်းကျင်က ကျောင်းသားများစွာကို သန့်ရှင်းစင်ကြယ်သော အကျင့်ကောင်းများရရှိစေခဲ့၏။ ယနေ့မူကား ကျောင်းဝင်းအချို့သည် အမှိုက်သရိုက်များနှင့် ပြည့်နှက်နေသောကြောင့် ကစားကွင်း၊ အားကစားကွင်းနှင့်တူမည့်အစား အမှိုက်ပုံနှင့်တူသည်။ စာသင်ခန်းများကော အသို့နည်း။ ဩစတြေးလျနိုင်ငံမှ အထက်တန်းကျောင်းတစ်ကျောင်း၏ တံခါးစောင့်ဖြစ်သူ ဒါရန်က ဤသို့ဆိုသည်– “အခုဆိုရင် စာသင်ခန်းထဲမှာလည်း ညစ်ပတ်နေတာပဲ။” “အမှိုက်ကောက်” သို့မဟုတ် “သန့်ရှင်းရေးလုပ်” ဟူသည့်အမိန့်ကို ကျောင်းသားတချို့က အပြစ်ပေးခံရခြင်းဟု ယူမှတ်ကြသည်။ ပြဿနာမှာ ဆရာအချို့သည် သန့်ရှင်းရေးလုပ်ခြင်းကို အပြစ်ဒဏ်ပေးခြင်းသဘောအဖြစ် အသုံးပြုခြင်းဖြစ်သည်။
အခြားတစ်ဖက်တွင်မူ လူကြီးများကိုယ်တိုင် နေ့စဉ်ဘဝအသက်တာတွင်ဖြစ်စေ၊ စီးပွားရေးလောကတွင်ဖြစ်စေ သန့်ရှင်းမှုမရှိကြချေ။ ဥပမာ၊ လူအများစုဝေးရာနေရာများသည် ညစ်ပတ်နေကာ ကြည့်ရဆိုးလှသည်။ စက်မှုလုပ်ငန်းအချို့သည် ဝန်းကျင်ကို ညစ်ညမ်းစေ၏။ သို့ရာတွင် ညစ်ညမ်းမှုသည် သက်မဲ့ဖြစ်သော စက်မှုလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများကြောင့်သာမဟုတ်ဘဲ လူတို့ကြောင့်ဖြစ်သည်။ လောဘကြီးခြင်းသည် ကမ္ဘာချီညစ်ညမ်းမှုပြဿနာ၏ အဓိကအကြောင်းရင်းဖြစ်၍ ယင်းကြောင့် အခက်အခဲများစွာဖြစ်ပေါ်နေသည်မှန်သော်လည်း ပြဿနာဖြစ်ရသည့် အကြောင်းရင်းတစ်ခုမှာ မသန့်ရှင်းသောအမူအကျင့်များကြောင့်ဖြစ်သည်။ ထိုယူဆချက်ကို ဩစတြေးလျဓနသဟာယ၏ ညွှန်ကြားရေးမှူးဟောင်းက ဤသို့ပြောခဲ့သည်– “လူထုကျန်းမာရေးပြဿနာမှန်သမျှ အမျိုးသား၊ အမျိုးသမီး၊ ကလေးတစ်ဦးချင်းစီရဲ့ သန့်ရှင်းမှုကို ထည့်တွက်စဉ်းစားရမယ်။”
သို့ရာတွင် သန့်ရှင်းစွာနေထိုင်ခြင်းသည် ကိုယ်ရေးကိုယ်တာကိစ္စဖြစ်ပြီး အခြားအဘယ်သူမျှ မပတ်သက်သင့်ဟု အချို့ယူမှတ်ကြပေမည်။ ယင်းသည် အမှန်ပင်လော။
ဈေးမှဝယ်လာသည့်အစာဖြစ်စေ၊ စားသောက်ဆိုင် သို့မဟုတ် သူငယ်ချင်းအိမ်၌ စားသုံးသည်ဖြစ်စေ ကျွန်ုပ်တို့၏စားစရာနှင့်ပတ်သက်လာလျှင် သန့်ရှင်းစင်ကြယ်ဖို့ အလွန်အရေးကြီးသည်။ အစားအသောက်တည်ခင်းကျွေးမွေးသူတို့သည်
မြင့်မားသော သန့်ရှင်းစင်ကြယ်မှုစံရှိကြရမည်။ တည်ခင်းပေးသူ၊ စားသောက်သူတို့၏ ညစ်ပေသောလက်များသည် ရောဂါဘယအမျိုးမျိုး ဖြစ်စေနိုင်သည်။ အခြားနေရာများထက် သန့်ရှင်းစင်ကြယ်မှုတွေ့ရှိရန် ကျွန်ုပ်တို့မျှော်လင့်ကြသည့် ဆေးရုံများကော အသို့နည်း။ ဆရာဝန်များနှင့် သူနာပြုများ လက်မဆေးကြခြင်းကြောင့် ဆေးရုံမှလူနာများ ရောဂါကူးစက်ခဲ့ရကြောင်း၊ ယင်းကြောင့် ဆေးကုသရန် တစ်နှစ်လျှင် ဒေါ်လာ ဘီလီယံတစ်ဆယ်အထိ ကုန်ကျခဲ့ကြောင်း နယူးအင်္ဂလန် ဆေးပညာဂျာနယ်က ရေးသားတင်ပြသည်။ သူတစ်ပါး၏ မသန့်ရှင်းသောအကျင့်များကြောင့် ကျွန်ုပ်တို့၏ကျန်းမာရေး မထိခိုက်လိုကြသည်ကား အမှန်ပင်။တစ်စုံတစ်ယောက်သောသူသည် ကျွန်ုပ်တို့၏သောက်သုံးရေကို တမင်သက်သက်ဖြစ်စေ၊ မစဉ်းစားမဆင်ခြင်ဘဲဖြစ်စေ ညစ်ညမ်းစေပါက အမှန်ပင်ကြီးလေးသောကိစ္စရပ်ဖြစ်သည်။ မူးယစ်ဆေးစွဲသူများနှင့် အခြားသူများ စွန့်ပစ်ထားခဲ့သည့် ဆေးထိုးအပ်အဟောင်းများတွေ့ရှိနိုင်သော ကမ်းခြေတစ်လျှောက် ဖိနပ်မပါဘဲ အပျင်းပြေလမ်းလျှောက်ခြင်းကကော မည်မျှစိတ်ချရသနည်း။ ပို၍ပင် ဦးစားပေးသုံးသပ်သင့်သည်မှာ ကျွန်ုပ်တို့၏နေအိမ်တွင် သန့်ရှင်းမှုရှိသလော ဖြစ်သည်။
စူအီလန် ဟဝိုင်က အညစ်အကြေးများကို ရှင်းလင်းခြင်း ဟူသောသူ၏စာအုပ်တွင် “ကျွန်ုပ်တို့ ယခင်ကလောက် သန့်ရှင်းကြပါသလော” ဟုမေးခွန်းထုတ်၍ “သန့်ရှင်းလိမ့်မည်မဟုတ်” ဟုဖြေဆိုသည်။ အဓိကအကြောင်းမှာ ပြောင်းလဲနေသော လူမှုရေးစံနှုန်းများဖြစ်သည်ဟု သူဆိုသည်။ လူတို့သည် အိမ်တွင်အနေနည်းလာသည်နှင့်အမျှ အခြားသူများကို အခပေး၍ သန့်ရှင်းရေးလုပ်စေကြသည်။ ထို့ကြောင့် ဝန်းကျင်သန့်ရှင်းရေးသည် ကိုယ်ကိုယ်တိုင်ဦးစားပေးရမည့်ကိစ္စ မဟုတ်တော့ချေ။ “ရေချိုးခန်းကို ကျွန်တော်သန့်ရှင်းရေးမလုပ်ဘူး၊ ကိုယ့်ကိုယ်ကိုပဲ သုတ်သင်ဆေးကြောတယ်၊ အိမ်ညစ်ပတ်နေပေမဲ့ ကျွန်တော်သန့်ရှင်းပါတယ်” ဟု အမျိုးသားတစ်ဦးဆို၏။
သို့သော် သန့်ရှင်းမှုသည် အပြင်ပန်းအသွင်အပြင်ထက်မကပါဝင်သည်။ အဘက်ဘက်အကျုံးဝင်သော ကျန်းမာစွာနေထိုင်ရေးကျင့်ဝတ်ဖြစ်သည်။ ကျွန်ုပ်တို့၏ ကျင့်ဝတ်နှင့် ကိုးကွယ်ဝတ်ပြုမှုတို့နှင့်ပတ်သက်သည့် စိတ်နေသဘောထားလည်းဖြစ်သည်။ ထိုအတိုင်း မည်သို့ဖြစ်သည်ကို ကြည့်ကြစို့။