မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သန့်ရှင်းစင်ကြယ်မှု အမှန်အားဖြင့် အဘယ်အရာကိုဆိုလိုသနည်း

သန့်ရှင်းစင်ကြယ်မှု အမှန်အားဖြင့် အဘယ်အရာကိုဆိုလိုသနည်း

သန့်ရှင်း​စင်ကြယ်မှု အမှန်​အားဖြင့် အဘယ်အရာကို​ဆိုလို​သနည်း

၁၈ရာစု​နှင့် ၁၉ရာစု​အတွင်း ဥရောပ​နှင့် အမေရိကန်​ပြည်ထောင်စု​တွင် အလွန်​ညစ်ပတ်​သောကြောင့် ထို​အချိန်​က သာသနာပြု​များ ဟောပြောခဲ့​ရာ​ကို “သန့်ရှင်း​စင်ကြယ်မှု အယူဝါဒ” ဟု​ခေါ်တွင်​နိုင်​ပေ​သည်။ ထို​အယူဝါဒ​သည် ညစ်ညူး​ခြင်း​ကို အပြစ်​နှင့်​တန်းတူ​ထား​၏၊ သန့်ရှင်း​စင်ကြယ်​ခြင်း​မူ​ကား ဘုရားသခင်​နှင့် ပိုမို​ရင်းနှီး​စေ​သည်​ဟု​ဆို​၏။ ယင်းကြောင့် “သန့်ရှင်းခြင်း​သည် ဘုရားတရား​နှင့် ဆက်နွှယ်​၏” ဟူသော​ဆိုရိုး ရေပန်းစား​လာ​ခြင်း​ဖြစ်​နိုင်​သည်။

ဝီလျံ​နှင့် က​က်သ​ရင်း​ဘု​သ်​တို့ ဖွဲ့စည်း​တည်ထောင်​ခဲ့​သည့် ကယ်တင်ခြင်း​တပ်​က ထို​အတိုင်း​ရှုမြင်ခဲ့​ကြ​၏။ ဧဝံဂေလိ​ထုံးတမ်း​စဉ်​လာ​ပါ ကျန်းမာ​ရေး​နှင့် ဆေးပညာ စာအုပ်​အရ သူတို့၏​အစောပိုင်း​ဆောင်ပုဒ်​တစ်ခု​မှာ– “ဆပ်ပြာ၊ စွပ်​ပြုတ်​နှင့် ကယ်တင်ခြင်း” ဖြစ်သည်။ ၎င်းနောက် လူ​ဝီ​ပါစတာ​နှင့် အခြားသူများ​က ရောဂါဘယ​နှင့် ပိုးမွှား​များသည် ဆက်စပ်မှု​ရှိကြောင်းကို သရုပ်ပြ​၍ သံသယ​ကင်းဝေး​စေ​ခဲ့​ကြသောအခါ လူထု​ကျန်းမာ​ရေး စီမံကိန်း​များ​ကို သာ၍​ကောင်းမွန်​လာ​စေရန် အရှိန်အဟုန်​မြှင့်တင်​ပြီး သိပ္ပံ​နည်း​ကျ​ကျ ပို​၍​ဆောင်ရွက်​ကြ​လေ​တော့​သည်။

ချက်ချင်း​အရေးယူ ဆောင်ရွက်​ခဲ့​သည့်​အမှု​အချို့​တွင် တရားရုံး​တော်​၌ သက်သေ​ထွက်ဆို​သူအား ကျမ်းစာ​ကို​မ​နမ်း​စေ​တော့​ခြင်း၊ ကျောင်း​များနှင့် ဘူတာရုံ​များ​တွင် ဘုံ​သောက်ရေခွက်​များ မထား​တော့​ခြင်း​တို့​ပါဝင်​သည်။ ခရစ်ယာန် ဘာသာရေးပွဲ​များ​တွင်​သုံး​သည့် ဘုံ​ဝိုင်ခွက်​ကို သီးသန့်​ခွက်​များ​ဖြင့်​အစားထိုး​ရန်​ပင် ကြိုးစား​အားထုတ်​ခဲ့​ကြသည်။ မှန်ပါသည်၊ အစောပိုင်း​ရှေ့ဆောင်​လမ်းပြ​များသည် သန့်ရှင်း​စင်ကြယ်မှု​နှင့်​ပတ်သက်​၍ လူတို့၏​သဘောထားကို ပြောင်းလဲ​ပေး​ရာ​တွင် အတော်အတန်​အောင်မြင်​ပုံ​ရခဲ့​၏။ ရရှိသော​ရလဒ်ကို စာရေး​ဆရာ​တစ်ဦး​က “သန့်ရှင်း​စင်ကြယ်မှု​ကို ချစ်စိတ်​ဝင်​ခြင်း” ဟု​ခေါ်ဝေါ်​ခဲ့​သည့်​တိုင်​ဖြစ်သည်။

သို့ရာတွင် “သန့်ရှင်း​စင်ကြယ်မှု​ကို ချစ်စိတ်​ဝင်​ခြင်း” သည်​အပေါ်ယံ​မျှ​သာ​ဖြစ်​ကြောင်း ထင်ရှား​၏။ များ​မကြာမီ​ပင် စမ်းသပ်​ကြည့်​ရန်​စိတ်​ပြင်းပြ​သော ကုန်သည်​များသည် နေ့စဉ်​သုံး​ဆပ်ပြာ​ကို အလှ​ကုန်ပစ္စည်း​အဖြစ် ပြောင်းလဲ​ထုတ်လုပ်​ခဲ့​ကြသည်။ ကျွမ်းကျင်​လိမ္မာ​စွာ​စီစဉ်​ထားသော ကြော်ငြာ​များ​က​လည်း တစ်ကိုယ်ရေ​သန့်ရှင်းမှု​အတွက် ကုန်ပစ္စည်း​အချို့​ကို​အသုံးပြုခြင်း​သည် အခြားသူများ မနာလို​စ​ရာ လူနေမှု​အဆင့်​ရှိစေ​နိုင်​မည်​ဟု ဖောက်သည်​များ​အား ယုံကြည်​လာ​စေ​ခဲ့​ကြသည်။ ရုပ်မြင်သံကြား​က​လည်း ထို​စိတ်ကူး​စိတ်​သန်း​ကို အမြဲ​ရှင်သန်​နေ​စေ​သည်။ ကြော်ငြာ​များနှင့် အိမ်ထောင်ရေး​ဇာတ်လမ်းတွဲ​များ​၌ ပါဝင်​သရုပ်ဆောင်​သည့် အောင်မြင်​ကျော်ကြား​ပြီး စွဲမက်​ဖွယ် ညှို့​ဓာတ်​ရှိသူတို့​သည် အိမ်​သန့်ရှင်းရေး​လုပ်ခြင်း၊ ခြံဝင်း​တံ​မြက်​လှည်း​ခြင်း၊ အမှိုက်​ကောက်ခြင်း သို့​မဟုတ် သူတို့၏​အိမ်မွေး​ကြောင်​များနှင့် ခွေး​များ​၏ အညစ်အကြေး​ကို ကျုံး​ခြင်း​တို့ကို တွေ့ရ​ခဲ​သည်။

အပြင်ထွက်​အလုပ်လုပ်​လျှင် စား​ဝတ်​နေ​ရေး​အတွက် အထောက်အကူ​ပြု​သည်၊ အိမ်မှုကိစ္စ​နှင့် သန့်ရှင်းရေး​ပြုလုပ်ခြင်း​မှ အဘယ်​ဝင်ငွေ​မျှ​မရ​ဟု အကြောင်းပြ​သူများ​လည်း​ရှိသေး​သည်။ အဘယ်​ဝင်ငွေ​မျှ​မရရှိ​သည့်​အတွက် ပတ်ဝန်းကျင်​ကို အဘယ်ကြောင့် ထိန်းသိမ်း​စောင့်ရှောက်​ရမည်​နည်း​ဟု ဆို​ကြ​မည်။ ယင်းကြောင့် ယနေ့ လူ​အချို့​က တစ်ကိုယ်ရေ​သန့်ရှင်းမှု​အပြင် အခြား​အဘယ်​သန့်ရှင်း​စင်ကြယ်မှု​မျှ​မလိုဟု ထင်မှတ်​ထား​ကြသည်။

သန့်ရှင်း​စင်ကြယ်မှု​အပေါ် ဘုရားသခင့်​အမြင်

သန့်ရှင်း​စင်ကြယ်မှု​ရှိဖို့ ကြိုးစား​သင်ကြား​ပေး​ခဲ့​ခြင်း​တို့သည် လူ့​အခြေအနေ​ကို တိုးတက်စေ​ခဲ့​မည်​ကား ယုံမှားဖွယ်​မရှိ​ချေ။ ထိုသို့ အမှန်ပင်​ဖြစ်​သင့်​သည်၊ အကြောင်း​မူ​ကား သန့်ရှင်း​စင်ကြယ်မှု​သည် သန့်ရှင်းသော​ဘုရားသခင် ယေဟောဝါ​ပိုင်ဆိုင်ရာ​အရည်အသွေး​ဖြစ်၍ ကိုယ်တော့်​ထံ​မှ အစပြု​ခဲ့​သောကြောင့်​ဖြစ်သည်။ ပြု​လေ​သမျှ​တွင် သန့်ရှင်း​စင်ကြယ်​စွာ​ပြုမူခြင်း​ဖြင့် ကိုယ်တိုင်​အကျိုး​ခံစားရ​ရန် ကျွန်ုပ်​တို့ကို ကိုယ်တော်​သင်ကြား​ပေး​တော်​မူ​၏။—ဟေရှာယ ၄၈:၁၇; ၁ ပေတရု ၁:၁၅

ယေဟောဝါ​ဘုရားသခင်​သည် ဤ​ကဏ္ဍ​တွင် စံနမူနာ​ကောင်း​ပြ​ခဲ့​သည်။ သန့်ရှင်း​စင်ကြယ်မှု​သာမက ဘုရားသခင်​၏ အခြား​မျက်မြင်မရ အရည်အသွေးများ​ကို ကိုယ်တော်​၏ မျက်မြင်ရ​ဖန်ဆင်း​ရာ​များ​၌ တွေ့မြင်​နိုင်​သည်။ (ရောမ ၁:၂၀) ဖန်ဆင်း​ရာ​များ​ကိုယ်နှိုက်​သည် ရေရှည်​ညစ်ညမ်းမှု​ကို မဖြစ်စေ​ကြောင်း ကျွန်ုပ်​တို့​တွေ့မြင်​နိုင်​သည်။ ဂေဟစနစ်​သံသရာ​များ​ရှိ ကမ္ဘာ​မြေကြီး​သည် အလိုအလျောက်​သန့်စင်​နိုင်စွမ်း​ရှိသော အံ့ဖွယ်ရာ​ဖြစ်သည်၊ ယင်းကို သန့်ရှင်း​ပြီး ကျန်းမာ​စေသော အသက်တာ​အတွက် ပုံစံ​ပြု​ထား​၏။ ဤမျှ​သန့်ရှင်းသော​အလုပ်​သည် သန့်ရှင်းသော​ပုံစံ​ပြုသူ ပြုလုပ်​၍​သာ ဖြစ်လာ​၏။ ထို့​ကြောင့် ဘုရားသခင်​ကို​ဝတ်ပြုသူ​များသည် ဘဝ​ကဏ္ဍအသီးသီး​တွင် သန့်ရှင်း​စွာ​နေထိုင်​သင့်​ကြောင်း ကောက်ချက်​ချ​နိုင်​သည်။

သန့်ရှင်း​စင်ကြယ်မှု​၏ ကဏ္ဍ​လေး​ရပ်

သမ္မာကျမ်းစာ​က ဘုရားသခင်​အား​ဝတ်ပြုသူ​များ ကြိုးစား​ပြုလုပ်​သင့်​သော သန့်ရှင်း​စင်ကြယ်မှု​ကဏ္ဍ​လေး​ရပ်​ကို ဖော်ပြ​သည်။ ယင်း​တို့​တစ်ခုစီ​ကို သုံးသပ်ကြည့်​ကြပါစို့။

ဝိညာဉ်​ရေး။ ယင်းသည် လူတစ်ဦး​၏ ထာဝရ​အသက်​ရ​ရေး​အလားအလာ နှင့်​သက်ဆိုင်​သောကြောင့် ၎င်းကို အရေးအပါဆုံး သန့်ရှင်း​စင်ကြယ်မှု​ကဏ္ဍ​အဖြစ် ယူမှတ်​သင့်​သည်။ သို့ရာတွင် ယင်းသည် လျစ်လျူရှု​ခြင်း​အခံ​ရ​ဆုံးသော သန့်ရှင်းမှု​ကဏ္ဍရပ် ဖြစ်လေ့​ရှိ၏။ ရိုးရိုး​ဆို​ရ​လျှင် ဝိညာဉ်​ရေး​သန့်ရှင်း​စင်ကြယ်မှု​ဟူသည် စစ်မှန်သော​ဝတ်ပြုရေး​နှင့် မှားယွင်းသော​ဝတ်ပြုရေး​အကြား ဘုရားသခင်​ချမှတ်​ထားသော​စည်း​ကို မ​ကျော်​ခြင်း​ဖြစ်သည်၊ အကြောင်း​ကား မှားယွင်းသော​ဝတ်ပြုမှု​ပုံစံ​တိုင်း​ကို မသန့်ရှင်း​ဟု ဘုရားသခင်​ရှုမြင်တော်မူ​သောကြောင့်​ဖြစ်သည်။ တမန်​တော်​ပေါလု​က ဤသို့​ရေးသားခဲ့​သည်– “ထာဝရ​ဘုရား[သခင်]မိန့်တော်မူ​ပြန်​သည်​ကား ‘သင်တို့သည် ထို​သူတို့​အထဲ​မှ​ထွက်၍ အသီးအခြား​နေကြ​လော့။ မစင်ကြယ်​သော​အရာ​ကို လက်​နှင့်​မျှ​မတို့​ကြ​နှင့်။ ထို​သို့ပြုလျှင် သင်တို့ကို ငါသည်​လက်ခံ​မည်။’” (၂ ကောရိန္သု ၆:၁၇) တပည့်တော်​ယာကုပ်ကလည်း ဤ​ကဏ္ဍ​ကို တိတိကျကျ​ဖော်ပြ​ထား​သည်– “ခမည်းတော်​ဘုရားသခင့်​ရှေ့၌ စင်ကြယ်​သန့်ရှင်းသော [အကျင့်] ဟူ​မူ​ကား . . . ကိုယ်တိုင်​လည်း လော [က] အညစ်အကြေး​နှင့် ကင်းစင်​အံ့​သော​ငှာ စောင့်ရှောက်ခြင်း​ပေ​တည်း။”—ယာကုပ် ၁:၂၇

စစ်မှန်သော​ဝတ်ပြုရေး​နှင့် မှားယွင်းသော​ဝတ်ပြုရေး ရောနှောခြင်း​ကို ဘုရားသခင် မနှစ်သက်​ကြောင်း ရှင်းလင်း​ပြတ်သား​စွာ​ဖော်ပြ​ထား​တော်​မူ​၏။ မှားယွင်းသော​ဝတ်ပြုရေးတွင် မသန့်ရှင်း​သော​အမူအကျင့်များ၊ . . . များ​ပါ​ဝင်လေ့​ရှိသည်။ (ယေရမိ ၃၂:၃၅) ယင်းကြောင့် စစ်မှန်သော​ခရစ်ယာန်​များသည် မသန့်ရှင်း​သော​ဝတ်ပြုရေးတွင် အဘယ်​နည်းဖြင့်​မျှ​မပါဝင်ရန် တိုက်တွန်း​ခံရ​၏။—၁ ကောရိန္သု ၁၀:၂၀၊ ၂၁; ဗျာဒိတ် ၁၈:၄

ကျင့်ဝတ်။ ဤ​ကဏ္ဍ​တွင်​လည်း ဘုရားသခင်​သည် စင်ကြယ်သော​အရာ​နှင့် မစင်ကြယ်​သော​အရာ​တို့ အလွန်​ခြားနား​ကြောင်း ဖော်ပြ​တော်​မူ​၏။ ဤ​လောက​တစ်နိုင်ငံ​လုံး​သည် ဧဖက် ၄:၁၇-၁၉ (က​ဘ) ဖော်ပြ​သည့်​အတိုင်း ဖြစ်လာ​ခဲ့ပြီ– “သူတို့သည် စိတ်ပိုင်း​အရ အမှောင်​ကျနေ​သည်။ ဘုရားသခင်​၏​အသက်​နှင့် ကွာရှင်း​လျက်​ရှိကြ​၏။ . . . အကျင့်​သိက္ခာ​ဆိုင်ရာ​အာရုံ​အားလုံး​ပြီး​သည်​နှင့် ညစ်ညူး​သော​အကျင့်​အမျိုးမျိုးကို [လိုချင်​တောင့်တ​မှု​ပြင်းစွာ] ကျင့်​ရန်​အတွက် မိမိတို့​ကိုယ်ကို အကျင့်​လျော့ရဲခြင်း​သို့​အပ်​လိုက်​ကြ​၏။” ထိုသို့​သော အကျင့်​ယိုယွင်းမှု​များ​ကို နည်း​အမျိုးမျိုးဖြင့် ထင်ပေါ်​စေ​၍ သိ​မ်​သိမ်မွေ့​မွေ့ ဖော်ပြ​နေသော​ကြောင့် ခရစ်ယာန်​များ သတိပြု​ရန် လိုအပ်​သည်။

ပြည့်တန်ဆာ​လုပ်ခြင်း၊ လိင်​တူ​ဆက်ဆံခြင်း၊ လက်မထပ်မီ​သံဝါသပြု​ခြင်း​နှင့် အ​ပြာ​စာပေ​များသည် ကျင့်ဝတ်​စင်ကြယ်​ခြင်း​ဆိုင်ရာဘုရားသခင့်​စံနှုန်း​များ​ကို ဖောက်ဖျက်​ခြင်း​ဖြစ်​ကြောင်း ဘုရားသခင်​ကို ချစ်​မြတ်နိုးသူ​များ သဘောပေါက်​ကြသည်။ သို့ရာတွင် ဖျော်ဖြေရေး​နှင့် ဖက်ရှင်​လောကတွင် ထိုသို့​သော​အမူအကျင့်များ​ကို အမြဲ​ဖော်ပြ​နေသည်။ ထို့​ကြောင့် ယင်း​သို့​သော ခေတ်​ရေစီးကြောင်း​ကို ခရစ်ယာန်​များ သတိပြု​ရှောင်ရှား​ရမည်။ ခရစ်ယာန်​အစည်းအဝေး​များ သို့​မဟုတ် မိတ်ဆုံပွဲ​များ​သို့ တို​နံ့နံ့ မလုံ့တလုံ​အဝတ်အစား​များ ဝတ်ဆင်​လာ​ခြင်း​သည် မလိုလား​အပ်သော​အာရုံစိုက်မှု​ကို ဆွဲဆောင်​ရာ​ရောက်​သည့်​ပြင် အကျင့်​လျော့​ရဲ​ကြောင်း ပြသ​ရာ​ရောက်​သည်။ ခရစ်ယာန်​အပေါင်းအသင်း​အတွင်း မစင်ကြယ်​သော လောက​အတွေးအခေါ်​များ ယူဆောင်​လာ​သည့်​အပြင် ထိုသို့​ဝတ်စား​ဆင်ယင်​ခြင်း​တို့​က အခြား​သူများကို မသန့်ရှင်း​သော​အတွေးအခေါ်​များ ဖြစ်ပေါ်​လာ​စေနိုင်​သည်။ ယင်း​ကိစ္စ​မျိုး​တွင် “အထက်​မှ​သက်ရောက်​သော​ပညာ” ကို​ကျင့်သုံး​ကြ​ရန် ခရစ်ယာန်​များ ကြိုးစား​အားထုတ်​ဖို့​လို​သည်။—ယာကုပ် ၃:၁၇

စိတ်ဓာတ်​ရေး။ ကျွန်ုပ်​တို့​စိတ်နှလုံး​၏ အတွင်းအကျဆုံး နေရာများ​သည် မသန့်ရှင်း​သော​အတွေးအခေါ်​များ သိုထား​ရာ​နေရာ မဖြစ်​သင့်​ချေ။ ယေရှု​က “[တပ်မက်သော] စိတ်​နှင့် သူ့​မယား​ကို​ကြည့်​သော​သူသည် စိတ်နှလုံး​ထဲ​၌ ထို​မိန်းမ​နှင့်​ပြစ်မှား​ပြီ” ဟု​မိန့်တော်မူ​စဉ် မသန့်ရှင်း​သော​အတွေးအခေါ်​များ​ကို ဆန့်ကျင်​ရန် သတိပေး​နေသည်။ (မဿဲ ၅:၂၈; မာကု ၇:၂၀-၂၃) ထိုစကား​များသည် အ​ပြာ​ရုပ်ပုံများ​နှင့် ရုပ်ရှင်​များ​ကြည့်ရှု​ခြင်း၊ ယုတ်ညံ့​သော​လိင်ဆိုင်ရာ​လုပ်ဆောင်မှု အကြောင်း​များ​ဖတ်ရှုခြင်း​နှင့် မတော်လျော်​သော သီချင်း​စာသား​များ​ကို နားထောင်ခြင်း​တို့​နှင့်​သက်ဆိုင်​သည်။ ထို့​ကြောင့် ခရစ်ယာန်​များသည် မသန့်ရှင်း​သော အပြောအဆို၊ အပြု​အမူ​များ​ကို ဖြစ်ပေါ်​စေနိုင်​သည့် စိတ်​ရွှင်မြူး​စ​ရာ မသန့်ရှင်း​သော​အတွေးအခေါ်​များ​ကြောင့် မိမိကိုယ်ကို​ညစ်ညူး​စေခြင်း​ကို ရှောင်ကြဉ်​ကြ​ရမည်။—မဿဲ ၁၂:၃၄; ၁၅:၁၈

ကာယရေး။ သန့်ရှင်းခြင်း​နှင့် ကာယ​စင်ကြယ်မှု​သည် သမ္မာကျမ်းစာ​တွင် အလွန်​နီးကပ်​စွာ​ဆက်စပ်​နေသည်။ ဥပမာ ပေါလု​က ဤသို့​ရေးသားခဲ့​သည်– “ချစ်သူ​တို့၊ . . . ကိုယ်ခန္ဓာ​၏​အညစ်အကြေး၊ စိတ်​ဝိညာဉ်​၏​အညစ်အကြေး​ရှိသမျှ​တို့​နှင့် ကိုယ်ကို​ကိုယ်​ကင်းစင်​စေ​လျက်၊ ဘုရားသခင်​ကို​ကြောက်ရွံ့​၍ သန့်ရှင်းခြင်း [အကျင့်] နှင့်​ပြည့်စုံ​ကြ​ကုန်​အံ့။” (၂ ကောရိန္သု ၇:၁) ထို့​ကြောင့် စစ်မှန်သော​ခရစ်ယာန်​များသည် အခြေအနေ​ခွင့်ပြု​သမျှ မိမိတို့၏​ကိုယ်ခန္ဓာ၊ နေအိမ်​နှင့် ပတ်ဝန်းကျင်​ကို သန့်ရှင်း​သပ်ရပ်​နေ​စေ​သင့်​သည်။ ဆေးကြော​ရန် သို့​မဟုတ် ရေချိုး​ရန် ရေအလုံ​အ​လောက်​မရရှိ​စေ​ကာ​မူ ခရစ်ယာန်​များသည် သန့်ရှင်း၍ ကြည့်​ပျော်​ရှုပျော်​ဖြစ်​ရန် အတတ်နိုင်ဆုံး​ကြိုးစား​အားထုတ်​သင့်​သည်။

ကာယရေး​သန့်ရှင်း​စင်ကြယ်မှု​တွင် ဆေးလိပ်​ကို တစ်နည်း​နည်းဖြင့်​သောက်​ခြင်း၊ အရက်​သေ​စာ သောက်ကြူး​ခြင်း​နှင့် ခန္ဓာကိုယ်​ကို ညစ်ညူး​စေ​ကာ ထိခိုက်​ပျက်စီး​စေသည့် အဘယ်​ပုံစံ​ဖြင့်​မဆို မူးယစ်​ဆေး​အလွဲသုံးခြင်း​ကို ဆီးတား​မည်​ဖြစ်သည်။ ရှောလမုန်သီချင်း​တွင် ဖော်ပြ​ထားသော သိုးထိန်း​သည် ရှု​လ​မိတ်​မိန်းမပျို​၏​အဝတ်တန်ဆာ​မှ မွှေး​ကြို​င်​သော​ရနံ့​ကို သဘောကျ​နှစ်သက်ခဲ့​သည်။ (ရှောလမုန်သီချင်း ၄:၁၁) ကျွန်ုပ်​တို့​အနီးတစ်ဝိုက်​ရှိသူ​များ​ကို အော့နှလုံးနာ​စ​ရာ​အနံ့​အသက် မရ​စေ​လို​သည့်​အတွက် ကျွန်ုပ်​တို့၏ တစ်ကိုယ်ရေ​သန့်ရှင်းရေး​ကို ဂရုစိုက်​ခြင်း​သည် မေတ္တာပါ​သော​လုပ်ရပ်​တစ်ခု​ဖြစ်သည်။ အော်​ဒီ​က​လုံး​ရေမွှေး​သည် သင်း​ပျံ့​သော​မွှေး​ရနံ့​ကို ရရှိ​စေနိုင်​သည်​မှန်​သော်လည်း ယင်းက ပုံမှန်​ရေချိုးခြင်း​နှင့် အဝတ်​လျှော်​ခြင်း​ကို အစားမထိုး​နိုင်​ပေ။

မျှတသော​အမြင် ဆက်​ရှိပါ

ကာယရေး​သန့်ရှင်း​စင်ကြယ်မှု​နှင့်​ပတ်သက်​လာ​လျှင် လူတို့သည် တစ်ဖက်​စွန်း​ရောက်သွား​တတ်ကြ​၏။ တစ်ဖက်​တွင်​မူ သန့်ရှင်း​စင်ကြယ်မှု​နှင့်​စပ်လျဉ်း၍ အစွန်းရောက်​ခြင်း​က ဘဝ​ပျော်ရွှင်မှု​ကို ကင်းမဲ့စေနိုင်​သည်။ တန်ဖိုး​ရှိ​အချိန်ကို​လည်း အလဟဿ​ကုန်ခန်း​စေနိုင်​သည်။ အခြား​တစ်ဖက်​တွင်​မူ ညစ်ပတ်​၍ သပ်ရပ်​မှုမရှိ​သော​အိမ်များ​သည် ပြန်လည်​မွမ်းမံ​ပြုပြင်​ရန် အကုန်အကျ​များ​စေ​ပေမည်။ ထို​တစ်ဖက်​စွန်း​ရောက်ရှိ​မှုများ​အကြား​တွင် ကျွန်ုပ်​တို့၏​နေအိမ်​ကို သန့်ရှင်း၍ ကြည့်​ပျော်​ရှုပျော်​ဖြစ်နေ​စေရန် ထိန်းထား​နိုင်သော လက်တွေ့ကျ​၍ မျှတသော​နည်းလမ်း​ရှိပါ​သည်။

ရိုးရိုးရှင်းရှင်း​ထား​ပါ။ ရှုပ်ပွ​နေသော​အိမ်များ သို့​မဟုတ် အခန်း​များ​ကို သန့်ရှင်း​သပ်ရပ်​စေရန် ခက်ခဲ​သည်၊ ထိုသို့​သော ပြွတ်သိပ်​နေသည့်​ဝန်းကျင်​များ​တွင် အညစ်အကြေး​ကို အလွယ်တကူ မတွေ့မြင်​နိုင်​ချေ။ ပ​ကာ​သ​န​မ​ဖက်၊ ရိုးရှင်း​သော​အိမ်များ​ကို သန့်ရှင်း​စွာ​ထား​ရန် အချိန်​မကုန်​လှ​ပေ။ သမ္မာကျမ်းစာ​တွင် ရိုးရှင်း​သော​ဘဝ​ပုံစံ​ကို ထောက်ခံ​ထား​သည်– “စား​ရန်၊ ဝတ်​ရန်​ရှိသမျှ​နှင့် ရောင့်ရဲ​လျက်​နေကြ​ကုန်​အံ့။”—၁ တိမောသေ ၆:၈

သပ်သပ်ရပ်ရပ်​ထား​ပါ။ အိမ်တစ်လုံး သန့်သန့်ရှင်းရှင်း​ဖြစ်​ရေး​သည် ယင်း​တွင်​နေထိုင်သူ​အားလုံး​၏ တာဝန်ဖြစ်​သည်။ ရှုပ်ပွ​နေသော​အိမ်များ​သည် ရှုပ်ပွ​သော​အခန်း​များ​မှ အစပြု​လေ့​ရှိသည်။ သေ​သပ်​မှု​ရှိ​ခြင်း​ဟူသည် အရာရာတိုင်း သူ့​နေရာ​နှင့်​သူ ရှိနေခြင်း​မည်​၏။ ဥပမာ၊ ညစ်ပေ​နေသော​အဝတ်အစား​များ​ကို ထား​စ​ရာ​နေရာ​သည် အိပ်ခန်း​ကြမ်းပြင်​ပေါ် မဟုတ်ပေ။ ပို​၍​ဂရုပြု​ရမည်​မှာ ကစားစရာ​အရုပ်​များနှင့် တန်ဆာပလာ​များ​ကို ဖြန့်ကြဲ​ထားခြင်း​သည် အန္တရာယ်​ဖြစ်စေ​နိုင်၏။ အိမ်တွင်း​မတော်တဆ​ဖြစ်မှု​အများ​သည် သပ်ရပ်​မှုမရှိ​ခြင်း​ကြောင့်​ဖြစ်တတ်​သည်။

ရှင်း​နေသည်​မှာ သန့်ရှင်း​စင်ကြယ်​ခြင်း​နှင့် ခရစ်ယာန်​ဘဝ​လမ်းစဉ်သည် ဒွန်တွဲ​နေ​၏။ ဘုရားတရား​ကြည်ညို​သည့် ဘဝ​လမ်းစဉ်​နှင့်​စပ်လျဉ်း၍ ပရောဖက် ဟေရှာယ​က “သန့်ရှင်း​ရာ​လမ်း” အကြောင်း​ဖော်ပြ​ထား​၏။ “မစင်ကြယ်​သော​သူသည် ထို​လမ်း၌ မလျှောက်​မသွား​ရ” ဟူသော အလေးအနက်​စဉ်းစားစရာ​အချက်​ကို ထပ်လောင်း​ပြောကြား​သည်။ (ဟေရှာယ ၃၅:၈) မှန်ပါသည်၊ ယခု​ပင် သန့်ရှင်း​စင်ကြယ်မှု အလေ့အကျင့်ကောင်း​များ​ကို မွေးမြူခြင်း​သည် မကြာမီ သန့်ရှင်း​စင်ကြယ်​သည့် ပရဒိသု​ကမ္ဘာ​ကို ဘုရားသခင်​တည်ထောင်​မည်​ဟူသော ကတိတော်​ကို ယုံကြည်​ကြောင်း အ​ခိုင်​အ​လုံ​ဖော်ပြ​သည်။ ထို​အခါ လှပသော​ဤ​ကမ္ဘာ​ဂြိုဟ်​၏ ဒေသ​အားလုံး​တွင် လူ​ခပ်သိမ်း​သည် ကိုယ်တော်​၏ သန့်ရှင်း​စင်ကြယ်​ခြင်း​ဆိုင်ရာ စုံလင်သော​စံနှုန်း​များ​ကို အပြည့်အဝ​လိုက်လျှောက်ခြင်း​ဖြင့် ယေဟောဝါ​ဘုရားသခင်​၏​ဂုဏ်တော်​ကို ချီးမွမ်း​ကြ​ပေ​လိမ့်​မည်။—ဗျာဒိတ် ၇:၉

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

အိမ်တစ်လုံး သန့်သန့် ရှင်းရှင်း​ဖြစ်​ရေး​သည် ယင်း​တွင် နေထိုင်သူ​အားလုံး​၏ တာဝန်ဖြစ်

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ကမ္ဘာကြီး​သည် အလိုအလျောက်​သန့်စင်​နိုင်စွမ်း​ရှိ အံ့ဖွယ်ရာ​ဖြစ်