မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘အမှန်တရား၏ဝိညာဉ်တော်’ ကို သင်ရထားပြီးပြီလော

‘အမှန်တရား၏ဝိညာဉ်တော်’ ကို သင်ရထားပြီးပြီလော

‘အမှန်တရား​၏​ဝိညာဉ်​တော်’ ကို သင်​ရထား​ပြီးပြီ​လော

“ခမည်းတော်​သည် [အမှန်] တရား​၏​ဝိညာဉ်​တော်​တည်း​ဟူသော အခြားသော​ထောက်မ​သူကို သင်တို့​နှင့်အတူ​အစဉ်မပြတ်​တည်​နေ​စေခြင်း​ငှာ သင်တို့အား​ပေး​တော်​မူ​မည်။”—ယောဟန် ၁၄:၁၆၊ ၁၇၊ က​ဘ။

၁။ ယေရှုသည် အထက်ခန်း​မ​၌ တမန်​တော်​များနှင့်​အတူ​ရှိခဲ့​သော နောက်ဆုံး​နာရီ​ပိုင်း​တွင် အဘယ်​အရေးပါသော​သတင်းကို​ပေး​ခဲ့​သနည်း။

“သခင်၊ ကိုယ်တော်​သည် အဘယ်​အရပ်သို့​ကြွတော်မူ​မည်​နည်း။” ယင်း​ကား ယေရုရှလင်​မြို့၊ အထက်​ခန်းမ​တစ်ခု​တွင် တမန်​တော်​များနှင့်​အတူ​နေခဲ့​သော နောက်ဆုံး​နာရီ​ပိုင်း​အတွင်း တမန်​တော်​တစ်ပါး​က ယေရှုကို​မေး​သော​မေးခွန်း​တစ်ခု​ဖြစ်သည်။ (ယောဟန် ၁၃:၃၆) ထို​အချိန်တွင် အတူ​ရှိ​စဉ် ယေရှု​က ယခု မိမိသည် ခမည်းတော်​ထံ​ပြန်ချိန်တန်​ပြီ​ဟု သူတို့ကို​အသိပေးခဲ့​သည်။ (ယောဟန် ၁၄:၂၈; ၁၆:၂၈) သူတို့ကို​ညွှန်ကြား​၍ သူတို့၏​မေးခွန်းများကို​ဖြေဆို​ဖို့ သူတို့နှင့်​အတူ ကိုယ်တော်​ရှိတော့မည်​မဟုတ်။ သို့သော် ကိုယ်တော်​က “ငါသည်​ခမည်းတော်​ကို​တောင်း​၍ ခမည်းတော်​သည် [အမှန်]တရား​၏​ဝိညာဉ်​တည်း​ဟူသော အခြားသော​ထောက်မ​သူ [သို့​မဟုတ် နှစ်သိမ့်​ပေး​သူ] ကို သင်တို့​နှင့်အတူ​အစဉ်မပြတ်​တည်​နေ​စေခြင်း​ငှာ သင်တို့အား​ပေး​တော်​မူ​မည်” ဟု​စိတ်ချ​ရအောင် ပြောဆို​သည်။—ယောဟန် ၁၄:၁၆က​ဘ၊ အောက်ခြေမှတ်ချက်။

၂။ မိမိ​သွားပြီး​နောက် တပည့်တော်​နောက်တော်လိုက်​များ​ထံ အဘယ်အရာ​စေလွှတ်​မည်​ဟု ယေရှု​ကတိပြု​ခဲ့​သနည်း။

ယေရှု​က ၎င်း​ထောက်မ​သူသည် အဘယ်အရာ​ဖြစ်​ကြောင်း​နှင့် သူတို့ကို မည်သို့​ထောက်ကူ​ပေး​မည်​ဖြစ်​ကြောင်း ရှင်းပြ​ခဲ့​၏။ သူတို့ကို ကိုယ်တော်​ဤသို့​မိန့်ဆိုခဲ့သည်– “အစအဦး​၌ သင်တို့​နှင့်အတူ​ငါ​ရှိသောကြောင့် ဤသို့​မပြောဖူး​သေး။ ငါ့ကို​စေလွှတ်​တော်​မူ​သော​သူ​ထံ​သို့ ယခု​ငါ​သွား​ရမည်။ . . . ငါ​သွား​လျှင် သင်တို့​အကျိုးရှိ​လိမ့်​မည်။ အကြောင်း​မူ​ကား၊ ငါ​မသွား​လျှင် [ထောက်မ​သူ]သည် သင်တို့​ဆီ​သို့​မလာ။ ငါ​သွား​လျှင် ထို​သူကို သင်တို့​ဆီ​သို့​ငါ​စေလွှတ်​မည်။ . . . [အမှန်]တရား​နှင့်​ပြည့်စုံသော ထို​ဝိညာဉ်တော်သည်​ရောက်လာသော​အခါ၊ [အမှန်]တရားကို​သင်တို့အား အကြွင်းမဲ့​သွန်သင်​ပြသ​လိမ့်​မည်။”—ယောဟန် ၁၆:၄၊ ၅၊ ၇၊ ၁၃

၃။ (က) ‘အမှန်တရား​၏​ဝိညာဉ်’ ကို ကနဦး​ခရစ်ယာန်​များ​ထံ အဘယ်​အချိန်​က​စေလွှတ်ခဲ့​သနည်း။ (ခ) ဝိညာဉ်တော်သည် အဘယ်​အရေးပါသော​နည်း​တစ်နည်း​ဖြင့် သူတို့​အတွက် “ထောက်မ​သူ” တစ်ဦး​ဖြစ်​ခဲ့​သနည်း။

တမန်​တော်​ပေတရု သက်သေထူ​ခဲ့​သည့်​အတိုင်း ဤ​ကတိတော်​သည် စီ.အီး. ၃၃ ပင်တေကုတ္တေ​ပွဲနေ့​တွင် ပြည့်စုံ​ခဲ့​၏– “ထို​ယေရှုကို ဘုရားသခင်​ထမြောက်​စေတော်မူ​သည်ကို ငါ​တို့​ရှိသမျှသည် သက်သေခံ​ဖြစ်​ကြ​၏။  ထိုသို့​ဘုရားသခင်​သည် လက်ယာလက်​တော်​နှင့်​ချီးမြှင့်​တော်​မူ​သဖြင့်၊  ထို​သခင်သည်  ကတိတော်​နှင့်ယှဉ်သော  သန့်ရှင်းသော​ဝိညာဉ်​တော်​ကို ခမည်းတော်​ထံ​၌​ခံ​ပြီ​ဖြစ်၍ သင်တို့​သိမြင်​ကြား​ရသော​အရာ​ကို သွန်းလောင်း​တော်​မူ​၏။” (တမန်​တော် ၂:၃၂၊ ၃၃)  နောင်​တွင် ကျွန်ုပ်​တို့​တွေ့ရ​ကြ​မည်​ဖြစ်သည့်​အတိုင်း ပင်တေကုတ္တေ​ပွဲနေ့​တွင် သွန်းလောင်းခဲ့​သော သန့်ရှင်းသော​ဝိညာဉ်တော်သည် ကနဦး​ခရစ်ယာန်​များ​အတွက် အကျိုးများစွာ​ဆောင်ရွက်​ပေး​ခဲ့​သည်။ သို့သော် ယေရှု​က ‘အမှန်တရား​၏​ဝိညာဉ်’ သည် ‘ကိုယ်တော်​ပြော​ခဲ့​သမျှ​သော​စကား​တို့ကို မှတ်မိ​စေ’ မည်​ဟု​ကတိပြု​ခဲ့​သည်။ (ယောဟန် ၁၄:၂၆) ယေရှု၏​ဓမ္မ​အမှု၊ ကိုယ်တော်​၏​သွန်သင်ချက်​များနှင့် ကိုယ်တော့်​စကားလုံး​များ​ကို​ပင် ပြန်လည်​သတိရ​ကြ​ပြီး ၎င်းတို့ကို​ရေးသား​စေ​ပေမည်။ စီ.အီး. ပထမ​ရာစု​အဆုံးပိုင်း​၌ သက်ကြီးရွယ်အို တမန်​တော်​ယောဟန်​သည် မိမိ၏​ခရစ်ဝင်​ကျမ်း​ကို ရေးသား​စ​ပြုသော​အခါ ယင်းသည် သူ့​အတွက် အထူး​အထောက်အကူ​ဖြစ်​ခဲ့​ပေမည်၊ ထို​မှတ်တမ်း​တွင် ယေရှု၏​သေခြင်း​အောက်မေ့ရာပွဲကို စတင်​ကျင်းပ​ခဲ့​စဉ်​က ကိုယ်တော်​ပေး​ခဲ့​သော အဖိုးတန်​သွန်သင်ချက်​ပါဝင်​သည်။—ယောဟန်​အခန်းကြီး ၁၃-၁၇။

၄။ ‘အမှန်တရား​၏​ဝိညာဉ်’ သည် ကနဦး​ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​ကို မည်သို့​ထောက်ကူ​ပေး​ခဲ့​သနည်း။

ထို​ကနဦး​ခရစ်ယာန်​များ​အား ယေရှု​က ဝိညာဉ်တော်သည် ‘ခပ်သိမ်း​သော​အရာ​တို့ကို သူတို့အား ပြသ​သွန်သင်’ ၍ ‘အမှန်တရားကို အကြွင်းမဲ့​သွန်သင်​ပြသ’ ပေး​မည်​ဖြစ်​ကြောင်းကို​လည်း ကတိပြု​ခဲ့​သည်။ ဝိညာဉ်တော်သည် ကျမ်းစာ​၏​နက်နဲရာ​များ​ကို နားလည်စေ​၍ သူတို့၏​အတွေးအခေါ်၊ သိနားလည်မှု​နှင့် ရည်ရွယ်ချက်​တို့ကို တစ်​စည်း​တစ်လုံးတည်း​ဖြစ်စေ​လိမ့်​မည်။ (၁ ကောရိန္သု ၂:၁၀; ဧဖက် ၄:၃) သို့ဖြင့် သန့်ရှင်းသော​ဝိညာဉ်တော်သည် ကနဦး​ခရစ်ယာန်​များ​ကို “သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်” အဖြစ်​အမှုဆောင်​၍ ဝိညာဉ်​တော်​ဖွား ခရစ်ယာန်​တစ်ဦးချင်း​စီ​ကို ဝိညာဉ်​ရေးရာ ‘အချိန်တန်​အစာ’ ထောက်ပံ့​ပေးဖို့ အခွင့်အာဏာ​အပ်နှင်း​တော်​မူ​မည်​ဖြစ်သည်။—မဿဲ ၂၄:၄၅သ​မ။

ဝိညာဉ်​တော်​က​သက်သေခံ

၅။ (က) စီ.အီး. ၃၃၊ နိသန်လ ၁၄ ရက်​ည​တွင် ယေရှုသည် မိမိ၏​တပည့်တော်​နောက်တော်လိုက်​များ​အား အဘယ်​မျှော်လင့်ချက်​အသစ်​ကို ဖော်ပြ​ခဲ့​သနည်း။ (ခ) ယေရှု၏​ကတိတော်​ကို​ပြည့်စုံ​စေ​ရာ​၌ သန့်ရှင်းသော​ဝိညာဉ်တော်သည် အဘယ်​အပိုင်းကဏ္ဍ​မှ​ပါဝင်​မည်​နည်း။

စီ.အီး. ၃၃၊ နိသန်လ ၁၄ ရက်​ည​တွင် ယေရှု​က တပည့်တော်​နောက်တော်လိုက်​များသည် နောက်ပိုင်း​တွင် ကိုယ်တော်​နှင့်အတူ ကောင်းကင်​တွင်​နေထိုင်ရန် ကိုယ်တော်​နှင့် ကိုယ်တော့်​ခမည်းတော်​က လက်ခံ​လိမ့်​မည်​ဟု အသိပေးခဲ့​သည်။ သူတို့ကို​ကိုယ်တော်​ဤသို့​မိန့်ဆိုခဲ့သည်– “ငါ့​အဘ​၏​အိမ်တော်၌ နေစရာ​အခန်း​များ​ရှိ၏။ သို့​မဟုတ်လျှင် မဟုတ်​ကြောင်းကို သင်တို့အား​ငါ​မပြော​ဘဲ​မနေ။ သင်တို့​နေစရာ​အရပ်​ကို​ပြင်ဆင်ခြင်း​ငှာ ငါ​သွားရ၏။ ငါသည်​သွား​၍ သင်တို့​နေစရာ​အရပ်​ကို​ပြင်ဆင်​ပြီး​မှ တစ်ဖန်​လာ​ပြန်၍၊ ငါ​ရှိရာ​အရပ်၌ သင်တို့​ရှိစေ​ခြင်း​ငှာ သင်တို့ကို ငါ့​ထံ​သို့​သိမ်းဆည်း​မည်။” (ယောဟန် ၁၃:၃၆; ၁၄:၂၊ ၃) သူတို့သည် ကိုယ်တော်​၏​နိုင်ငံတော်​တွင် ကိုယ်တော်​နှင့်အတူ အုပ်ချုပ်​ကြ​မည်။ (လုကာ ၂၂:၂၈-၃၀) ဤ​ကောင်းကင်​မျှော်လင့်ချက်ကို သူတို့​ခံစား​ရဖို့ ဘုရားသခင်​၏​ဝိညာဉ်​ရေး,သားများ​အဖြစ် “ဝိညာဉ်​တော်​အားဖြင့် မွေးဖွားခြင်း​ကို” ခံရ​ကြ​မည်​ဖြစ်​ပြီး ခရစ်တော်​နှင့်အတူ ကောင်းကင်​တွင် ဘုရင်​များ၊ ယဇ်ပုရောဟိတ်​များ​အဖြစ်​အမှုထမ်း​ရန် ခန့်အပ်​ခံရ​ကြ​မည်။—ယောဟန် ၃:၅-၈သတင်းကောင်း; ၂ ကောရိန္သု ၁:၂၁၊ ၂၂; တိတု ၃:၅-၇; ၁ ပေတရု ၁:၃၊ ၄; ဗျာဒိတ် ၂၀:၆

၆။ (က) အဘယ်​အချိန်၌ ကောင်းကင်​ခေါ်တော်မူ​ခြင်း စတင်​ခဲ့​ပြီး မည်မျှ​ခေါ်တော်မူ​ခြင်း​ခံ​ခဲ့​ကြ​ရသနည်း။ (ခ) ခေါ်တော်မူ​ခြင်း​ခံရ​သူများ​သည် အဘယ်အရာ​၌​နှစ်ခြင်း​ခံ​ခဲ့​ကြ​သနည်း။

ဤ ‘ကောင်းကင်​ခေါ်တော်မူ​ခြင်း’ သည် စီ.အီး. ၃၃၊ ပင်တေကုတ္တေ​ပွဲနေ့​တွင် အစပြု​ခဲ့​ပြီး အများစုမှာ ၁၉၃၀ ပြည့်လွန်​နှစ်များ​အလယ်ပိုင်း​တွင် ပြီးဆုံး​သွား​ပုံ​ရသည်။ (ဟေဗြဲ ၃:၁) ဝိညာဉ်​ရေး​ဣသရေလ​အဝင်​ဖြစ်​ရန် “လူ​တို့​အထဲ​က​ရွေးနုတ်​၍” သန့်ရှင်းသော​ဝိညာဉ်တော်ဖြင့် တံဆိပ်​ခတ်​ခြင်း​ခံရ​သူ အရေအတွက်​မှာ ၁၄၄,၀၀၀ ဖြစ်သည်။ (ဗျာဒိတ် ၇:၄; ၁၄:၁-၄) ထို​သူတို့သည် ခရစ်တော်​၏​ဝိညာဉ်​ရေး​ကိုယ်ခန္ဓာ၊ ကိုယ်တော်​၏​အသင်းတော်​နှင့် ကိုယ်တော်​၏​သေခြင်း​၌ နှစ်ခြင်း​ယူ​ခဲ့​ကြသည်။ (ရောမ ၆:၃; ၁ ကောရိန္သု ၁၂:၁၂၊ ၁၃၊ ၂၇; ဧဖက် ၁:၂၂၊ ၂၃) သူတို့သည် ရေ​တွင်​နှစ်ခြင်း​ခံ​ပြီး သန့်ရှင်းသော​ဝိညာဉ်တော်ဖြင့် ခန့်အပ်​ခံရ​ပြီး​နောက် သေ​သည့်​တိုင် သမာဓိ​စောင့်သိ​ခြင်း​တည်း​ဟူသော ပူဇော်​သကာ​လမ်းစဉ်​ကို လိုက်လျှောက်​ခဲ့​ကြသည်။—ရောမ ၆:၄၊ ၅

၇။ သတိရအောက်မေ့ပွဲ​တွင် ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​သာ အထိမ်းအမှတ်​များ​ကို အဘယ်ကြောင့်​သုံးဆောင်​သင့်​သနည်း။

ဤ​ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များသည် ဝိညာဉ်​ရေး​ဣသရေလ​လူမျိုး​အဖြစ် ယေဟောဝါ​နှင့် “ဘုရားသခင်​၏​ဣသရေလ​အမျိုး” တို့​ဖွဲ့​ထားသော ပဋိညာဉ်တရား​သစ်​၌​ရှိကြသည်။ (ဂလာတိ ၆:၁၆; ယေရမိ ၃၁:၃၁-၃၄) ပဋိညာဉ်တရား​သစ်​သည် ခရစ်တော်​သွန်း​ခဲ့​သော​အသွေးတော်​အားဖြင့် အတည်ပြု​ခံရ​သည်။ ယေရှုသည် မိမိ၏​သေခြင်း​အောက်မေ့ရာပွဲကို အစပြု​ကျင်းပ​စဉ်​က ယင်းကို​ဖော်ပြ​ခဲ့​သည်။ ဤသို့​လုကာ​မှတ်တမ်းတင်​ခဲ့​သည်– “မုန့်ကို​ယူ၍ ကျေးဇူးတော်​ကို​ချီးမွမ်း​ပြီး​မှ မုန့်ကို​ဖဲ့၍၊ ‘ဤ​မုန့်​ကား​သင်တို့​အဖို့​အလို​ငှာ စွန့်​သော​ငါ​၏​ကိုယ်​ဖြစ်၏။ ငါ့ကို​အောက်မေ့​ဖို့​ရာ ဤသို့​ပြု​ကြလော့’ ဟု​မိန့်တော်မူ၏။ ထို​နည်းတူ ညစာ​စား​ပြီး​မှ ခွက်​ကိုလည်း​ယူ၍ ‘ဤ​ခွက်​ကား သင်တို့​အဖို့​အလို​ငှာ​သွန်း​သော ငါ​၏​အသွေး​၌​တည်​သော ပဋိညာဉ်တရား​သစ်​ဖြစ်၏။’” (လုကာ ၂၂:၁၉၊ ၂၀) အကြွင်းအကျန်​ဖြစ်သော မြေကြီးပေါ်​ရှိ ၁၄၄,၀၀၀ မှ​ကျန်ကြွင်း​သူတို့သည် ခရစ်တော်​၏​သေခြင်း​သတိရအောက်မေ့ပွဲ အထိမ်းအမှတ်​မုန့်​နှင့် စပျစ်​ရည်​ကို သင့်လျော်​စွာ​သုံးဆောင်​ကြ​၏။

၈။ ဝိညာဉ်​တော်​ဖွား​များသည် ကောင်းကင်​ခေါ်တော်မူ​ခြင်း​ခံရ​ကြောင်း မည်သို့​သိနိုင်​သနည်း။

ဝိညာဉ်​တော်​ဖွား​များသည် ကောင်းကင်​ခေါ်တော်မူ​ခြင်း​ခံရ​ကြောင်း မည်သို့​သိရှိ​ကြ​သနည်း။ သူတို့သည် သန့်ရှင်းသော​ဝိညာဉ်​တော်​၏ မမှား​နိုင်သော​သက်သေခံချက်​ကို ရရှိကြ​၏။ ထို​သူတို့ကို တမန်​တော်​ပေါလု ဤသို့​ရေးသားခဲ့​သည်– “ဘုရားသခင်​၏​ဝိညာဉ်​တော် ဆုံးမ​ပဲ့ပြင်​တော်​မူသမျှ​သော​သူတို့သည် ဘုရားသခင်​၏​သား​ဖြစ်​ကြ​၏။ . . . ငါ​တို့သည် ဘုရားသခင်​၏​သား​ဖြစ်​ကြသည်​ဟု ဝိညာဉ်တော်သည် ငါ​တို့၏​ဝိညာဉ်​နှင့်အတူ သက်သေခံ​တော်​မူ​၏။ သား​မှန်​လျှင်​အမွေခံ၊ ဘုရားသခင်​၏​အမွေခံ​ဖြစ်​ကြ​၏။ ခရစ်တော်​နှင့်အတူ​ဘုန်းဝင်စား​မည်​အကြောင်း၊ ထို​သခင်​နှင့်အတူ ဆင်းရဲ . . . ကို​ခံရ​လျှင်၊ ထို​သခင်​နှင့်​ဆက်ဆံ​သော အမွေခံ​လည်း​ဖြစ်​ကြ​၏။” (ရောမ ၈:၁၄-၁၇) ဝိညာဉ်​တော်​၏ ဤ​သက်သေခံချက်​သည် အလွန်​တန်ခိုး​ပါ​သည်​ဖြစ်၍ ကောင်းကင်​ခေါ်တော်မူ​ခြင်း​ရရှိ​ထား​သည်ကို အနည်းငယ်​မျှ​သံသယဝင်​သူသည် မိမိတို့​ခေါ်တော်မူ​ခြင်း​မခံရ​ဟု ကျိုးကြောင်း​ညီ​လျော်​စွာ ကောက်ချက်​ချ​နိုင်​ပြီး သတိရအောက်မေ့ပွဲ အထိမ်းအမှတ်​များ​ကို သူတို့​သုံးဆောင်​တော့​မည်​မဟုတ်​ချေ။

ဝိညာဉ်​တော်​နှင့် အခြားသိုး

၉။ ခရစ်ဝင်​ကျမ်း​များနှင့် ဗျာဒိတ်ကျမ်း​တွင် အဘယ်​သီးခြား​အုပ်စု​နှစ်စု​အကြောင်း ဖော်ပြ​ထား​သနည်း။

ဝိညာဉ်​ရေး​ဣသရေလ​အဖြစ် ခေါ်တော်မူ​ခြင်း​ခံရ​သူ ခရစ်ယာန်​အရေအတွက်​အကန့်အသတ်​ရှိ​ခြင်း​ကို စိတ်ထဲ​မှတ်​လျက် ယေရှုသည် သူတို့အား “သိုးစုငယ်” ဟု​ခေါ်ဆို​ခဲ့​သည်၊ ထို​သူတို့သည် ပဋိညာဉ်တရား​သစ်​၏ “သိုးခြံ” ထဲ​သို့​ဝင်ခွင့်​ရ​ကြသည်​ဖြစ်​ရာ မိမိ​စုသိမ်း​ရဦး​မည်​ဟု ယေရှု​မိန့်ဆိုခဲ့​သော မရေတွက်​နိုင်​သည့် “အခြားသိုး” များနှင့်​မတူ​ချေ။ (လုကာ ၁၂:၃၂; ယောဟန် ၁၀:၁၆) ဤ​ဆုံးခန်း​ချိန်​၌ စုသိမ်း​ခံရ​သော​အခြားသိုး​များသည် မြေကြီး​ပရဒိသု​တွင် ထာဝစဉ်​အသက်ရှင်ဖို့​မျှော်လင့်သည့် “ကြီးစွာ​သော​ဆင်းရဲ” ခြင်း​ကို​ကပ်ကျော်​မည့် “လူအုပ်ကြီး” တွင်​ပါဝင်​ကြ​မည်။ စိတ်ဝင်စားစရာ​မှာ စီ.အီး. ပထမ​ရာစု​အကုန်ပိုင်း​တွင် ယောဟန်​ရရှိခဲ့​သော အဆင်းအာရုံ​က ဤ​လူအုပ်ကြီး​နှင့် ဝိညာဉ်​ရေး​ဣသရေလ ၁၄၄,၀၀၀ တို့ကို ကွဲပြား​ခြားနား​စေ​ခဲ့​သည်။ (ဗျာဒိတ် ၇:၄၊ ၉၊ ၁၄) အခြားသိုး​များ​ကော သန့်ရှင်းသော​ဝိညာဉ်​တော်​ခံစား​ကြ​ရ​သလော၊ ခံစားရ​သည်​ဆိုလျှင် သူတို့၏​အသက်တာကို မည်သို့​အကျိုး​သက်ရောက်​သနည်း။

၁၀။ အခြားသိုး​များသည် “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော​ဝိညာဉ်​တော်​၏​နာမ၌” မည်သို့ နှစ်ခြင်း​ခံယူ​ကြ​သနည်း။

၁၀ သန့်ရှင်းသော​ဝိညာဉ်တော်သည် အခြားသိုး​များ​၏​အသက်တာတွင် အမှန်ပင်​အရေးပါ​သည်။ သူတို့သည် “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော​ဝိညာဉ်​တော်​၏​နာမ၌” နှစ်ခြင်း​ယူခြင်း​အားဖြင့် ယေဟောဝါ​ထံ​ဆက်ကပ်​အပ်နှံ​ကြောင်း ပြသ​ကြသည်။ (မဿဲ ၂၈:၁၉) သူတို့သည် ယေဟောဝါ​၏​ပိုင်သ​အုပ်စိုးမှု​ကို အသိအမှတ်ပြု​ကြ​၏၊ မိမိတို့၏​ဘုရင်​နှင့် ရွေးနုတ်ရှင်​အဖြစ် ခရစ်တော်​ကို​လက်အောက်ခံ​ကြ​၍ မိမိတို့​အသက်တာတွင် ဘုရားသခင့်​ဝိညာဉ်​တော် သို့​မဟုတ် လှုပ်ရှား​သော​စွမ်းအား​၏​လုပ်ဆောင်မှုကို လက်ခံ​ကြသည်။ သူတို့၏​အသက်တာတွင် ‘ဝိညာဉ်​အသီးများ’ ဖြစ်သည့် “ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြု​ခြင်း၊ ကောင်းမြတ်​ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း၊ . . . ချုပ်တည်း​ခြင်း” တို့ကို နေ့စဉ် ကြိုးစား​ပြုစု​ပျိုးထောင်​ကြသည်။—ဂလာတိ ၅:၂၂၊ ၂၃

၁၁၊ ၁၂။ (က) ဝိညာဉ်​တော်​ဖွား​များသည် အလွန်​ထူးခြားသော​နည်းဖြင့် မည်သို့​သန့်စင်​ခံရ​ကြ​သနည်း။ (ခ) အခြားသိုး​များသည် အဘယ်​နည်းဖြင့် သန့်စင်​ခံရ​ပြီး သန့်ရှင်း​လာ​ကြ​သနည်း။

၁၁ ထို့​အပြင် အခြားသိုး​များသည် သမ္မာကျမ်းစာ​နှင့် ကိုယ်တော်​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​က သူတို့ကို​သန့်ရှင်း​စင်ကြယ်​စေရန်​လည်း ခွင့်ပြု​ရမည်။ ဝိညာဉ်​တော်​ဖွား​များသည် ခရစ်တော်​၏​သတို့သမီး​အဖြစ် ဖြောင့်မတ်​၍ သန့်ရှင်း​ကြောင်း ကြေညာ​ခံရ​ပြီး​ဖြစ်​ရာ အလွန်​ထူးခြားသော​နည်းဖြင့် သန့်စင်​ခံ​ထား​နှင့်​ပြီး​ဖြစ်သည်။ (ယောဟန် ၁၇:၁၇; ၁ ကောရိန္သု ၆:၁၁; ဧဖက် ၅:၂၃-၂၇) ပရောဖက်​ဒံယေလ​က သူတို့ကို “လူသား” ယေရှု​ခရစ်​လက်အောက် နိုင်ငံတော်​ကို​ခံယူ​ကြသော “အမြင့်ဆုံး​သော​ဘုရား[သခင်]၏​သန့်ရှင်းသူ​တို့” ဖြစ်သည်ဟု ဖော်ပြ​ခဲ့​သည်။ (ဒံယေလ ၇:၁၃၊ ၁၄၊ ၁၈၊ ၂၇) အစောပိုင်း​တွင် ဣသရေလ​လူမျိုး​ကို မောရှေ​နှင့်​အာရုန်​မှ​တစ်ဆင့် ယေဟောဝါ​ဤသို့​မိန့်ဆိုခဲ့သည်– “ငါသည် သင်တို့​ဘုရားသခင် ထာဝရ​ဘုရား[သခင်]ဖြစ်၏။ ငါသည် သန့်ရှင်းသော​ကြောင့် သင်တို့လည်း ကိုယ်ကို​ကိုယ်​သန့်ရှင်း​စေ​၍ သန့်ရှင်းခြင်း​ရှိ​ရ​ကြ​မည်။”—ဝတ်ပြုရာ ၁၁:၄၄

၁၂ “သန့်ရှင်း​စေခြင်း” ဟူသော​စကားလုံး​သည် အခြေခံ​အားဖြင့် “ယေဟောဝါ​ဘုရားသခင်​၏​လုပ်ငန်းတော် သို့​မဟုတ် ကိုယ်တော်​၏​အသုံးတော်ခံ​အဖြစ် သန့်ရှင်း​စေခြင်း၊ သီးသန့် သို့​မဟုတ် သီးခြား​ဖြစ်စေ​ခြင်း; သန့်ရှင်း၊ မြင့်မြတ် သို့​မဟုတ် သန့်စင်​ထားသော​အခြေအနေ” ကို​ဆိုလို​သည်။ ၁၉၃၈ ခုနှစ်​ကတည်းက ကင်းမျှော်စင်​က ယောနဒပ် သို့​မဟုတ် အခြားသိုး​များသည် “အုပ်စုကြီး​တွင်​ပါ​ဝင်၍ မြေကြီးပေါ်​အသက်ရှင်​မည့်​သူ​တိုင်း​သည် အပ်နှံခြင်း ဆက်ကပ်​အပ်နှံခြင်း နှင့် သန့်စင်ခြင်း​ခံ​ဖို့​လို​ကြောင်း သင်ယူ​ရ​ကြ​မည်” ဟု​ဖော်ပြ​ခဲ့​သည်။ ဗျာဒိတ်ကျမ်း​၏ လူအုပ်ကြီး​အဆင်းအာရုံ​တွင် သူတို့သည် “မိမိတို့​ဝတ်လုံကို သိုးသငယ်​၏​အသွေး​၌​လျှော်​၍​ဖြူ​စေ” ကြ​သူများ၊ ယေဟောဝါ​၏ ‘ဝတ်ပြုရာ​အိမ်တော်၌ မြင့်မြတ်​သော​လုပ်ငန်းတော်​ကို နေ့​ည​မပြတ်’ ထမ်းဆောင်​နေကြ​သူများ​ဖြစ်သည်ဟု ဖော်ပြ​ထား​သည်။ (ဗျာဒိတ် ၇:၉၊ ၁၄၊ ၁၅) အခြားသိုး​များသည် သန့်ရှင်းသော​ဝိညာဉ်​တော်​၏​အကူအညီ​ဖြင့် ယေဟောဝါ​၏ သန့်ရှင်းသော​တောင်းဆိုချက်​များနှင့်​အညီ​ဖြစ်​ဖို့ အတတ်နိုင်ဆုံး​လုပ်ဆောင်ကြ​သည်။—၂ ကောရိန္သု ၇:၁

ခရစ်တော်​၏​ညီတော်​များ​အား ကောင်းမှု​ပြုခြင်း

၁၃၊ ၁၄။ (က) ယေရှု၏​သိုး​နှင့်​ဆိတ်​ပုံ​ဥပမာ​အရ သိုးများ​ကယ်တင်​ခံရ​ခြင်း​သည် အဘယ်အရာ​ပေါ်​မူတည်​သနည်း။ (ခ) ဤ​ဆုံးခန်း​ချိန်​တွင် အခြားသိုး​များသည် ခရစ်တော်​၏​ညီတော်​များ​ကို မည်သို့​ကောင်းမှု​ပြု​ကြ​သနည်း။

၁၃ ယေရှုသည် ‘ဤ​စနစ်​ဆုံးခန်း​၏’ ပရောဖက်ပြုချက်​တွင်​ပါဝင်သော သိုး​နှင့်​ဆိတ်​ပုံ​ဥပမာ​တွင် အခြားသိုး​နှင့် သိုးစုငယ်​တို့၏ ရင်းနှီးသော​နှောင်ကြိုး​ကို ပေါ်လွင်​စေ​ခဲ့​သည်။ ထို​ပုံ​ဥပမာ​တွင် ခရစ်တော်​က “ငါ့​ညီ​တို့” ဟု​ကိုယ်တော်​ခေါ်ဆို​ခဲ့​သော ဝိညာဉ်​တော်​ဖွား​များ​အား အခြားသိုး​ပြုမူ​ဆက်ဆံပုံ​အပေါ်​မူတည်ပြီး သူတို့​ကယ်တင်​ခံရ​စ​ရာ​အကြောင်း​ရှိသည်​ဟု အတိအလင်း​ဖော်ပြ​ခဲ့​သည်။ ကိုယ်တော်​ဤသို့​မိန့်ဆိုခဲ့သည်– “လက်ယာတော်​ဘက်၌​ရှိသောသူ​တို့အား မင်းကြီး​က၊ ‘ငါ့​ခမည်းတော်​ထံ​ကောင်းချီး​မင်္ဂလာ​ကို​ခံ​သော​သူတို့၊ ကမ္ဘာဦး​က​ပင် သင်တို့​အဖို့​ပြင်ဆင်​သော​နိုင်ငံ​ကို လာ၍​အမွေခံ​ကြလော့။ . . . ငါ​အမှန်​ဆိုသည်ကား၊ သင်တို့သည် ဤ​သူ​တည်း​ဟူသော​ငါ့​ညီ​တို့​တွင် အငယ်ဆုံး​သော​သူ​တစ်ယောက်​အား ပြု​ကြ​သမျှ​တို့ကို ငါ့​အားပြု​ကြပြီ’ ဟု​ပြန်၍​မိန့်တော်မူ​လတ္တံ့။”—မဿဲ ၂၄:၃; ၂၅:၃၁-၃၄၊ ၄၀

၁၄ “ပြု​ကြ​သမျှ” ဟူသော​အသုံးအနှုန်း​က ခရစ်တော်​၏​ဝိညာဉ်​တော်​ဖွား​ညီ​များ​အား မေတ္တာ​ရှိ​စွာ​ထောက်ပံ့​ကူညီပေး​ခဲ့​သော​လုပ်ရပ်များ​ကို ရည်ညွှန်း​သည်၊ စာတန့်​လောက​မူ​ကား ထို​ညီတော်​များ​ကို သူစိမ်း​များ​ကဲ့သို့ ဆက်ဆံ​ပြီး အချို့​တို့ကို ထောင်ချ​သည့်​အထိ​ပင် ပြု​ခဲ့​ကြသည်။ သူတို့သည် အစားအစာ၊ အဝတ်အစား​နှင့် ကျန်းမာ​ရေး​ဂရုစိုက်​မှု အလုံအလောက်​မရရှိ​ခဲ့​ကြ​ချေ။ (မဿဲ ၂၅:၃၅၊ ၃၆က​ဘ၊ အောက်ခြေမှတ်ချက်) ၁၉၁၄ ခုနှစ်​မှ​စ၍၊ ဤ​ဆုံးခန်း​ကာလ​တွင် ဝိညာဉ်​တော်​ဖွား​အများစု​သည် ထိုသို့​သော​အခြေအနေ​မျိုး​တွင် ရောက်ရှိ​ခဲ့​ကြသည်။ သူတို့သည် ဝိညာဉ်​တော်​တိုက်တွန်းမှု​ခံရ​သည့် အခြားသိုး​များ​ဖြစ်သူ သူတို့၏​တည်ကြည်သော​အပေါင်းပါများ​၏ ထောက်မ​ကူညီ​မှု​ရရှိခဲ့ကြ​ကြောင်း ယေဟောဝါသက်သေ​များ​၏ မျက်မှောက်ခေတ်​သမိုင်းက သက်သေထူ​သည်။

၁၅၊ ၁၆။ (က) အခြားသိုး​များသည် ခရစ်တော်​၏​မြေကြီးပေါ်​ရှိ ဝိညာဉ်​တော်​ဖွား​ညီတော်​များ​ကို အဘယ်​လုပ်ငန်း​၌ အထူး​ကူညီ​ခဲ့​ကြပြီ​နည်း။ (ခ) ဝိညာဉ်​တော်​ဖွား​များသည် အခြားသိုး​များ​ကို​ကျေးဇူး​တင်​ကြောင်း မည်သို့​ဖော်ပြ​ခဲ့​ကြပြီ​နည်း။

၁၅ ဤ​ဆုံးခန်း​ချိန်​တွင် ခရစ်တော်​၏ မြေကြီးပေါ်​ရှိ​ဝိညာဉ်​တော်​ဖွား​ညီတော်​များသည် ‘လူမျိုးအပေါင်း​တို့အား သက်သေ​ဖြစ်​မည်​အကြောင်း [ဘုရားသခင့်]နိုင်ငံတော်​နှင့်ယှဉ်သော​သတင်းကောင်းကို လောက​နိုင်ငံ​အရပ်ရပ်ရှိ​သမျှ​တို့​၌​ဟော’ ပါ​ဟူသော ဘုရားသခင်​ပေး​သည့်​တာဝန်​ကို ကျေပွန်​စေ​ရာ​၌ အခြားသိုး​၏ အားတက်သရော​ပူးပေါင်း​ဆောင်ရွက်မှု​ကို အထူးသဖြင့်​ရရှိ​ထား​ကြသည်။ (မဿဲ ၂၄:၁၄; ယောဟန် ၁၄:၁၂) နှစ်များ​တစ်လျှောက် ဝိညာဉ်​တော်​ဖွား​အရေအတွက်​သည် လျော့နည်းလာ​သော်လည်း အခြားသိုး​အရေအတွက်​မှာ​မူ စာသား​အတိုင်း သန်းပေါင်း​များစွာ​ဖြစ်​ဖို့ တိုးများ​လာ​ခဲ့​ချေ​ပြီ။ ဤ​သူ​ထောင်ပေါင်း​များစွာမှာ အချိန်ပြည့်​ဧဝံဂေလိတရား​ဟောပြောသူများ—ရှေ့ဆောင်​များနှင့် ခရစ်ယာန်​သာသနာပြု​များ—အဖြစ်​အမှုထမ်းခဲ့​ကြ​ကာ ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို “မြေကြီးစွန်း​တိုင်အောင်” ပျံ့နှံ့​စေ​လျက်​ရှိသည်။ (တမန်​တော် ၁:၈) အခြားသူများ​လည်း သက်သေခံခြင်း​လုပ်ငန်း​၌ တတ်​အား​သရွေ့​ပါဝင်​ကြ​ပြီး ဤ​အရေးကြီး​လုပ်ငန်း​ကို ငွေကြေး​ဖြင့် ပျော်ရွှင်စွာ​ထောက်ပံ့​ကြသည်။

၁၆ ခရစ်တော်​၏​ဝိညာဉ်​တော်​ဖွား​ညီတော်​များသည် မိမိတို့၏​အပေါင်းပါ​အခြားသိုး​များ​၏ ဤ​တည်ကြည်သော​ထောက်မမှုကို ကျေးဇူး​တင်​လိုက်​လေ​ခြင်း! သူတို့၏​ခံစားချက်​များ​ကို ၁၉၈၆ ခုနှစ်​တွင် ကျေးကျွန်​အတန်းအစား​ထုတ်ဝေ​သော “ငြိမ်းချမ်းရေး​မင်းသား” လက်အောက် ကမ္ဘာချီ​လုံခြုံမှု စာအုပ်​က​ဖော်ပြ​ခဲ့​သည်။ ယင်းက​ဤသို့​ဆို​၏– “‘ဤ​စနစ်​ဆုံးခန်း’ ဆိုင်ရာ ယေရှု၏​ပရောဖက်ပြုချက်​ပြည့်စုံခြင်း​သည် ဒုတိယ​ကမ္ဘာ​စစ်​မှ​စ၍ အများအားဖြင့် ‘အခြားသိုး’ တွင်​ပါဝင်​သည့် ‘လူအုပ်ကြီး’ ၏​အခန်းကဏ္ဍ​ကြောင့်​ဖြစ်သည်။ . . . ထို့​ကြောင့် မဿဲ ၂၄:၁၄ မှ[ယေရှု၏]ပရောဖက်ပြုချက်​ပြည့်စုံ​ရေး​အတွက် နိုင်ငံ​ပေါင်း​စုံ၊ ဘာသာ​စကား​အမျိုးမျိုး​မှ ‘လူအုပ်ကြီး’ ထမ်းဆောင်​သော​အပိုင်းကဏ္ဍ​ကို ကျေးဇူး​တင်​မဆုံး​ပါ​လေ!”

‘ငါ​တို့​မပါဘဲ စုံလင်ခြင်း​သို့​မ​ရောက်’

၁၇။ မြေကြီးပေါ်​ရှင်ပြန်ထမြောက်​လာ​ကြ​မည့် ရှေးခေတ်​တည်ကြည်သူ​များသည် အဘယ်​နည်းဖြင့် ဝိညာဉ်​တော်​ဖွား​များ “မပါဘဲ စုံလင်ခြင်း​သို့​မ​ရောက်” သနည်း။

၁၇ ခရစ်တော်​မတိုင်မီ အသက်ရှင်ခဲ့​ကြသော တည်ကြည်​သည့်​အမျိုးသား၊ အမျိုးသမီးများ​ကို​ရည်ညွှန်း​လျက် တမန်​တော်​ပေါလု​သည် ဝိညာဉ်​တော်​ဖွား​တစ်ဦး​အနေ​နှင့် ဤသို့​ရေးသားခဲ့​သည်– “ထို​သူအပေါင်း​တို့သည် ယုံကြည်ခြင်း​အားဖြင့် ချီးမွမ်း​ခြင်း​သို့​ရောက်​သော်လည်း၊ ကတိတော်​အတိုင်း အကျိုးကျေးဇူး​ကို​မခံရ​ကြ။ အဘယ်ကြောင့်​နည်း​ဟူ​မူ​ကား၊ ထို​သူတို့သည် ငါ​တို့​မပါဘဲ စုံလင်ခြင်း​သို့​မရောက်ရ​မည်​အကြောင်း၊ ဘုရားသခင်​သည် ငါ​တို့ [ဝိညာဉ်​တော်​ဖွား​များ] အဖို့​အ​လို့​ငှာ သာ၍​မြတ်သော​ကျေးဇူး​ကို​ကြံစည်​တော်​မူ​၏။” (ဟေဗြဲ ၁၁:၃၅၊ ၃၉၊ ၄၀) ခရစ်တော်​နှင့် ကိုယ်တော်​၏​ဝိညာဉ်​တော်​ဖွား​ညီတော် ၁၄၄,၀၀၀ တို့သည်အနှစ်​တစ်ထောင်​ကာလ​အတွင်း ဘုရင်​များနှင့် ယဇ်ပုရောဟိတ်​များ​အဖြစ် အမှုထမ်းဆောင်​ကြ​ပြီး ခရစ်တော်​၏​ရွေးဖိုး​ပူဇော်​သကာ​အကျိုးကျေးဇူးများ​ကို မြေကြီးပေါ်​သို့ ဆောင်ကြဉ်း​ပေး​ကြ​ပါ​လိမ့်​မည်။ သို့ဖြင့် အခြားသိုး​များသည် ကိုယ်​စိတ်​နှစ်​ဖြာ “စုံလင်” ကြ​ပါ​လိမ့်​မည်။—ဗျာဒိတ် ၂၂:၁၊ ၂

၁၈။ (က) အခြားသိုး​များ​သဘောပေါက်​နားလည်စေဖို့ အဘယ်​ကျမ်း​ဆိုင်ရာ​ဖြစ်ရပ်​များ​က ထောက်ကူ​ပေး​သင့်​သနည်း။ (ခ) အခြားသိုး​များသည် အဘယ်​မျှော်လင့်ချက်​ဖြင့် “ဘုရားသခင့်​သားတို့​၏​ပေါ်ထွန်းခြင်း” ကို​စောင့်မျှော်​ကြ​သနည်း။

၁၈ ဤ​အကြောင်းအရာ​အားလုံး​တို့သည် ခရစ်ယာန်​ဂရိ​ကျမ်း​စာစောင်​များ​က ခရစ်တော်​နှင့် ကိုယ်တော်​၏​ဝိညာဉ်​တော်​ဖွား​ညီတော်​များ​ကို​မ​က ယေဟောဝါ​၏​ရည်ရွယ်ချက် အကောင်အထည်​ပေါ်​ရေး​နှင့်​ပတ်သက်​၍ သူတို့၏ အဓိက​အခန်းကဏ္ဍကို အဘယ်ကြောင့်​အထူး​အလေးပေး​ဖော်ပြ​ကြောင်း အခြားသိုး​များ​အား စိတ်စွဲ​မှတ်​စေ​သင့်​သည်။ ထို့​ကြောင့် အခြားသိုး​များသည် အာမဂေဒုန်​နှင့် အနှစ်​တစ်ထောင်​ကာလ​အတွင်း “ဘုရားသခင့်​သားတို့​၏​ပေါ်ထွန်းခြင်း” ကို​စောင့်ဆိုင်း​နေကြ​စဉ် ဝိညာဉ်​တော်​ဖွား​ကျေးကျွန်​များ​အား တတ်နိုင်​သ၍ ထောက်ကူ​ပေး​ရခြင်း​ကို အခွင့်ထူး​တစ်ခု​အဖြစ်​ယူမှတ်​ကြသည်။ သူတို့သည် “ဘုရားသခင့်​သားတို့​၏ ထူးမြတ်​သော​လွတ်ခြင်း​ချမ်းသာ​တည်း​ဟူသော ဖောက်ပြန်​ပျက်စီးခြင်း​အနှောင်အဖွဲ့​မှ ကယ်​လွတ်ခြင်း​ချမ်းသာ​ကို​ဝင်စား” ရန် စောင့်မျှော်​နိုင်​ကြသည်။—ရောမ ၈:၁၉-၂၁

သတိရအောက်မေ့ပွဲ​တွင် ဝိညာဉ်​တော်​၌ တစည်းတလုံး​ဖြစ်​ခြင်း

၁၉။ ‘အမှန်တရား​၏​ဝိညာဉ်’ သည် ဝိညာဉ်​တော်​ဖွား​နှင့် သူတို့၏​အပေါင်းပါများ​အတွက် အဘယ်အရာ​ပြု​ခဲ့ပြီ​နည်း၊ သူတို့သည် မတ်​လ ၂၈ ရက်​ညနေခင်း​တွင် မည်သို့​အထူးသဖြင့်​တစည်းတလုံး​ဖြစ်​ကြ​မည်​နည်း။

၁၉ စီ.အီး. ၃၃၊ နိသန်လ ၁၄ ရက်​ည နိဂုံး​ချုပ်​ဆုတောင်းချက်​တွင် ယေရှုသည် ဤသို့​မိန့်မြွက်​ခဲ့​သည်– “ကိုယ်တော်​သည် အကျွန်ုပ်​ကို​စေလွှတ်​တော်​မူ​သည်ကို လော[က]သားတို့​သည်​ယုံကြ​မည်​အကြောင်း၊ ထို​သူအပေါင်း​တို့သည် တစ်လုံးတစ်ဝတည်း​ဖြစ်​လျက်၊ အဘ၊ ကိုယ်တော်​သည် အကျွန်ုပ်​၌​ရှိ​တော်​မူ​၍ အကျွန်ုပ်သည်​လည်း ကိုယ်တော်၌​ရှိသကဲ့သို့၊ ထို​သူအပေါင်း​တို့သည် ငါ​တို့​၌ တစ်လုံးတစ်ဝတည်း​ဖြစ်စေ​ခြင်း​ငှာ [အကျွန်ုပ်] ဆုတောင်း​ပါ​၏။” (ယောဟန် ၁၇:၂၀၊ ၂၁) ဘုရားသခင်​သည် မေတ္တာတော်​ကြောင့် ဝိညာဉ်​တော်​ဖွား​များနှင့် နာခံမှု​ရှိသော​လောကသား​များ ကယ်တင်ခြင်း​ရဖို့ သားတော်​အား​စေလွှတ်​၍ အသက်ကို​စွန့်​တော်​မူ​စေ​ခဲ့​သည်။ (၁ ယောဟန် ၂:၂) ‘အမှန်တရား​၏​ဝိညာဉ်’ က ခရစ်တော်​၏​ညီတော်​များနှင့် သူတို့၏​အပေါင်းပါများ​ကို တစည်းတလုံး​တည်း​ဖြစ်စေ​ခဲ့ပြီ။ ဤ​အတန်းအစား​နှစ်ခုစလုံး​သည် မတ်​လ ၂၈ ရက်​ညနေခင်း နေဝင်ပြီး​အချိန်တွင် ခရစ်တော်​၏​သေခြင်းကို​အောက်မေ့ပွဲ​ကျင်းပ​ရန်​နှင့် ယေဟောဝါ​ချစ်​မြတ်နိုး​တော်​မူ​သော​သားတော်၊ ယေရှု​ခရစ်​၏​ပူဇော်​သကာ​အားဖြင့် မိမိတို့​အတွက် ကိုယ်တော်​ပြုလုပ်​ပေး​ခဲ့​သမျှ​ကို ပြန်လည်​သတိ​ရဖို့ အတူတကွ​စုရုံး​ကြ​ပါ​လိမ့်​မည်။ ထို​အရေးပါသော​အခါသမယ​ကို​တက်ရောက်ခြင်း​က သူတို့၏​စည်းလုံးမှု​ကို ခိုင်ခံ့​စေ​၍ ဘုရားသခင့်​အလိုတော်ကို​ဆက်လက်​ထမ်းဆောင်​ရန် သူတို့၏​စိတ်ပိုင်းဖြတ်​ချက်​ကို အားသစ်လောင်း​ပေး​ပါ​လေ​စေ၊ သို့ဖြင့် ယေဟောဝါ​ချစ်​မြတ်နိုးသူ​များ​အဝင်​ဖြစ်​ရခြင်း​ကို မိမိတို့​ဝမ်းမြောက်​ကြောင်း သက်သေထူ​ကြ​ပါ​လေ​စေ။

ပြန်လည်​သုံးသပ်ခြင်း​ဖြင့်

• ကနဦး​ခရစ်ယာန်​များ​ထံ ‘အမှန်တရား​၏​ဝိညာဉ်’ ကို​အဘယ်​အချိန်၌​စေလွှတ်ခဲ့​သနည်း၊ ယင်းသည် “ထောက်မ​သူ” ဖြစ်​ကြောင်း မည်သို့​ပြ​ခဲ့​သနည်း။

• ဝိညာဉ်​တော်​ဖွား​များသည် ကောင်းကင်​ခေါ်တော်မူ​ခြင်း​ခံရ​ကြောင်း မည်သို့​သိရှိ​ကြ​သနည်း။

• ဘုရားသခင့်​ဝိညာဉ်တော်သည် အခြားသိုး​များ​အပေါ် အဘယ်​နည်းများဖြင့် အကျိုး​သက်ရောက်​သနည်း။

• အခြားသိုး​များသည် ခရစ်တော်​၏​ညီတော်​များ​ကို မည်သို့​ကောင်းမှု​ပြု​ခဲ့​ကြ​သနည်း၊ အဘယ်ကြောင့် သူတို့သည် ဝိညာဉ်​တော်​ဖွား​များ “မပါဘဲ စုံလင်ခြင်း​သို့ . . . ရောက်” မည်​မဟုတ်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

စီ.အီး. ၃၃၊ ပင်တေကုတ္တေ​ပွဲနေ့​တွင် ‘အမှန်တရား​၏​ဝိညာဉ်’ ကို တပည့်တော်​နောက်တော်လိုက်​များ​အပေါ်​သွန်းလောင်းခဲ့

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

အခြားသိုး​များသည် ဘုရားသခင်​ပေး​သည့် ဟောပြောခြင်း​တာဝန်​ကို​ကျေပွန်​ရန် ထောက်မ​ကူညီ​ပေးခြင်း​ဖြင့် ခရစ်တော်​၏​ညီတော်​များ​အား ကောင်းမှု​ပြု​ကြ