မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ကိုယ်၌စူးသောဆူး” ကို ကိုင်တွယ်ဖြေရှင်းခြင်း

“ကိုယ်၌စူးသောဆူး” ကို ကိုင်တွယ်ဖြေရှင်းခြင်း

“ကိုယ်​၌​စူးသော​ဆူး” ကို ကိုင်တွယ်​ဖြေရှင်းခြင်း

“ငါ့​ကျေးဇူး [“မခံစားထိုက်သော​ကရုဏာ၊” က​ဘ] သည် သင့်​အဖို့​လောက်​ပေ​၏။”—၂ ကောရိန္သု ၁၂:၉

၁၊ ၂။ (က) ကျွန်ုပ်​တို့သည် စမ်းသပ်မှု​များနှင့် ပြဿနာ​များ​ရင်ဆိုင်​ရခြင်း​ကြောင့် အဘယ်ကြောင့်​ကြံရာမရ​မဖြစ်​သင့်​သနည်း။ (ခ) စုံစမ်း​နှောင့်ယှက်မှု​များ​ခံရ​သည့်​ကြား အဘယ်ကြောင့်​ယုံကြည်​စိတ်ချ​နိုင်​သနည်း။

“ယေရှု​ခရစ်​၏​တရားတော်​နှင့်​အညီ၊ ဘုရား[သခင်]ဝတ်၌​မွေ့လျော်​၍ နေခြင်း​ငှာ  အလိုရှိ​သော​သူအပေါင်း​တို့သည် ညှဉ်းဆဲခြင်း​ကို​ခံရ​ကြလိမ့်မည်။” (၂ တိမောသေ ၃:၁၂) အဘယ်ကြောင့်​ထိုသို့​ဖြစ်​ရသနည်း။ အကြောင်း​မှာ စာတန်​က လူသည် ကိုယ်ကျိုး​အတွက်သာ ဘုရားသခင်​ကို​ဝတ်ပြု​သည်​ဟု​အခိုင်အမာ​ဆိုပြီး သူ၏​အဆို​မှန်​ကြောင်း သက်သေထူ​လို​စိတ် အားကြီး​သောကြောင့်​ဖြစ်သည်။ မိမိ၏​တည်ကြည်သော​တမန်​တော်​များ​ကို ယေရှု​တစ်ကြိမ်​က​ဤသို့​သတိပေး​ခဲ့​သည်– “ဂျုံဆန်​ကို​ဆန်ခါ​နှင့်​ချ​သကဲ့သို့ စာတန်​သည် သင်တို့ကို​ချ​ရမည်​အကြောင်း အခွင့်​တောင်း​သည်။” (လုကာ ၂၂:၃၁) ဘုရားသခင်​သည် အမှန်တကယ်​ခက်ခဲ​သော​ပြဿနာ​များ​ဖြင့် ကျွန်ုပ်​တို့ကို စာတန်​အားစမ်း​သပ်​စေ​လိမ့်​မည်​အကြောင်း ယေရှု​ကောင်းစွာ​သိတော်မူ၏။ သို့သော် ဘဝတွင်​တွေ့ကြုံ​ရ​သမျှ​အခက်အခဲ​သည် စာတန်​နှင့် သူ၏​နတ်ဆိုး​များ​ကြောင့် ဖြစ်သည်ဟု​မဆိုလို​ပေ။ (ဒေ. ၉:၁၁) သို့ရာတွင် ကျွန်ုပ်​တို့၏​တည်ကြည်မှု​ကို​ချိုးဖျက်​ဖို့ စာတန်​သည် အစွမ်းကုန် ကြိုးစား​လို​ပေ​သည်။

ကျွန်ုပ်​တို့​စုံစမ်း​နှောင့်ယှက်​ခံရ​ကြ​သည့်​အတွက် ကြံရာမရ မဖြစ်​သင့်​ဟု သမ္မာကျမ်းစာ​က​ဆို​၏။ မည်သည့်​အခက်အခဲ​ကို​မဆို ခံရ​ပါ​လေ​စေ ဖြစ်ရိုးဖြစ်စဉ်​မဟုတ်သော​အရာ၊ မမျှော်လင့်​ထားသော​အရာ​မဟုတ်ပေ။ (၁ ပေတရု ၄:၁၂) အမှန်​မှာ “လူ​ပြည်​အရပ်ရပ်​တို့​၌​ရှိသော [ကျွန်ုပ်]တို့​ညီအစ်ကို​များ​တို့သည် ထိုသို့​သော​ဆင်းရဲ​ကို​ခံရ​ကြသည်။” (၁ ပေတရု ၅:၉) ယနေ့ စာတန်​သည် ဘုရားသခင့်​ကျေးကျွန်​အားလုံး​အပေါ် အလွန့်အလွန်​ဖိအားပေး​လျက်​ရှိသည်။ ကျွန်ုပ်​တို့အား ဆူး​ကဲ့သို့​သော​ပြဿနာ များ​နိုင်​သမျှ​များများ အနှောင့်အယှက်​ပေး​သည်ကို သူ​မြင်တွေ့​လို​စိတ်​ရှိသည်။ ထိုသို့​ဖြစ်စေ​ရန် ကျွန်ုပ်​တို့ ‘ကိုယ်​၌​စူးသော’ အဘယ် ‘ဆူး’ ကို​မဆို ပို​တိုးများ​လာစေဖို့၊ သို့​မဟုတ် ပို​၍စူး​စေဖို့ သူ၏​အစီအစဉ်​စနစ်​ကို အသုံးပြု​သည်။ (၂ ကောရိန္သု ၁၂:၇) သို့သော်လည်း စာတန့်​တိုက်ခိုက်မှု​များသည် ကျွန်ုပ်​တို့၏​တည်ကြည်မှု​ကို ချိုးဖျက်​စေ​ရာ​မဖြစ်​သင့်​ပါ။ ယေဟောဝါ​သည် အပြစ်​သွေးဆောင်​ရာ​ကို​ခံရပ်​နိုင်​ဖို့ “ထွက်မြောက်​သော​လမ်းကို . . . စီရင်​ပြုပြင်” တော်​မူ​မည်​ဖြစ်​သကဲ့သို့ ကျွန်ုပ်​တို့​ကိုယ်​၌​စူးသော ဆူး​များနှင့်​တူ​သည့် ပြဿနာ​များ​ကို​ရင်ဆိုင်​ရသောအခါ​၌​လည်း ထပ်တူ​ပြု​တော်​မူ​ပါ​လိမ့်​မည်။—၁ ကောရိန္သု ၁၀:၁၃

ဆူး​ကို​ကိုင်တွယ်​ဖြေရှင်း​နိုင်​ပုံ

၃။ မိမိ​ကိုယ်​၌​စူးသော​ဆူး​ကို ဖယ်ရှား​ပေးဖို့ ပေါလု​တောင်းဆို​သောအခါ ယေဟောဝါ​မည်သို့​ဖြေကြား​ခဲ့​သနည်း။

တမန်​တော်​ပေါလု​သည် သူ၏​ကိုယ်​မှ​ဆူး ကို​ဖယ်ရှား​ပေးဖို့ ဘုရားသခင်​အား အသနားခံ​ခဲ့​သည်။ “ထို​ဆင်းရဲခြင်း​နှင့်​ကင်းလွတ်​မည်​အကြောင်း သုံးကြိမ်​မြောက်​အောင် သခင်​ဘုရား​ကို​ငါ​ဆုတောင်း၍ အသနားတော်ခံ” ပြီ။ ပေါလု​၏​စိတ်အား​ထက်သန်​သောတောင်းဆိုမှု​ကို ယေဟောဝါ​မည်သို့​ဖြေကြား​ခဲ့​သနည်း။ “ငါ့​ကျေးဇူး [“မခံစားထိုက်သော​ကရုဏာ၊” က​ဘ] သည် သင့်​အဖို့​လောက်​ပေ​၏။ ငါ့​တန်ခိုး​သည် အားနည်းခြင်း​အဖြစ်​၌ စုံလင်​တတ်​သည်။” (၂ ကောရိန္သု ၁၂:၈၊ ၉) ဤ​အဖြေကို ဆန်းစစ်​လေ့လာ​ပြီး ယင်းက ကျွန်ုပ်​တို့အား နာကျင်စေ​သည့် ဆူး​ကဲ့သို့​သော​ပြဿနာ​များ​ကို ကိုင်တွယ်​ဖြေရှင်းရန် မည်သို့​ထောက်ကူ​ပေး​နိုင်​ကြောင်း ကြည့်​ကြပါစို့။

၄။ ယေဟောဝါ​၏​မခံစားထိုက်သော ကရုဏာတော်​ကို အဘယ်​နည်းများဖြင့် ပေါလု​ခံစား​ခဲ့​သနည်း။

ခရစ်တော်​မှ​တစ်ဆင့်​ပေး​ထားပြီး​ဖြစ်သော မခံစားထိုက်သော​ကရုဏာတော်​ကို တန်ဖိုး​ထား​ရန် ပေါလု​အား​ယေဟောဝါ​တိုက်တွန်း​ခဲ့​ကြောင်း သတိပြုပါ။ ပေါလု​သည် နည်း​မျိုးစုံ​ဖြင့် ကောင်းချီး​များစွာ အမှန်​ခံစား​ခဲ့​ရပြီ​ဖြစ်သည်။ ယေရှု၏​နောက်တော်လိုက်​များ​ကို တစ်ယူသန်​ဆန်​ဆန် ဆန့်ကျင်​ခဲ့​ဖူး​သော်လည်း ယေဟောဝါ​သည် မေတ္တာ​ရှိ​စွာ​ဖြင့် သူ့ကို တပည့်ဖြစ်​ခွင့်​ပေး​ခဲ့​သည်။ (တမန်​တော် ၇:၅၈; ၈:၃; ၉:၁-၄) ထို့နောက် ယေဟောဝါ​သည် စိတ်​လှုပ်ရှား​ဖွယ်​တာဝန်​များနှင့် အခွင့်ထူး​များစွာ​တို့ကို ပေါလု​အား ကြင်နာ​စွာ​ပေးသနား​ခဲ့​သည်။ ကျွန်ုပ်​တို့​ရရှိသော​သင်ခန်းစာ​ကား ရှင်းလင်း​ပြတ်သား​ပေ​သည်။ အဆိုးဆုံး​အချိန်​အခါ​များ​၌​ပင် ကျေးဇူး​တင်စရာ​ကောင်းချီး​များစွာကို ကျွန်ုပ်​တို့​ခံစားရ​ကြသည်။ ကျွန်ုပ်​တို့​ခံစား​ရသော စုံစမ်း​နှောင့်ယှက်မှု​များ​ကြောင့် ယေဟောဝါ​၏​ကြွယ်ဝသော​ကောင်းမြတ်​ခြင်း​ကို ဘယ်​သောအခါ​မျှ​မမေ့လျော့​သင့်​ပါ။—ဆာလံ ၃၁:၁၉

၅၊ ၆။ (က) ဘုရားသခင့်​တန်ခိုးတော်​သည် “အားနည်းခြင်း​အဖြစ်​၌ စုံလင်​တတ်” ကြောင်း ပေါလု​ကို ယေဟောဝါ​မည်သို့​သွန်သင်ပေး​သနည်း။ (ခ) စာတန်​သည် မုသာကောင်​ဖြစ်​ကြောင်း ပေါလု​၏​ပုံသက်သေ​က မည်သို့​သက်သေထူ​ခဲ့​သနည်း။

ယေဟောဝါ​၏​မခံစားထိုက်သော ကရုဏာတော်​သည် အခြား​နည်း​တစ်နည်း​ဖြင့် လုံလောက်​ပေ​၏။ စုံစမ်း​နှောင့်ယှက်မှု​များ​ကို ခံရပ်​နိုင်​ရန် ဘုရားသခင်​၏​တန်ခိုးတော် အလုံအလောက်​ရထား​ပေ​ပြီ။ (ဧဖက် ၃:၂၀) ဘုရားသခင့်​တန်ခိုးတော်​သည် “အားနည်းခြင်း​အဖြစ်​၌ စုံလင်​တတ်” ကြောင်း ပေါလု​ကို ယေဟောဝါ​သွန်သင်​ပေး​ခဲ့​သည်။ မည်သို့​အားဖြင့်​နည်း။ စုံစမ်း​နှောင့်ယှက်ခြင်း​ကို ပေါလု​ကိုင်တွယ်​ဖြေရှင်း​နိုင်​ဖို့ လိုအပ်သမျှ​ခွန်အား​ကို မေတ္တာတော်​ဖြင့် ထောက်ပံ့​ပေး​ခဲ့​သည်။ တစ်ဖန် ပေါလု​၏​ခံနိုင်ရည်​နှင့် အကြွင်းမဲ့ယုံ​ကြည်​စိတ်ချမှု​က ဘုရားသခင့်​တန်ခိုးတော်​သည် ဤ​အားနည်း​သော​အပြစ်သား​၌ အောင်ပွဲခံ​နေကြောင်း လူအပေါင်း​ကို ယေဟောဝါ​တွေ့မြင်​စေ​၏။ လူတို့သည် သက်သောင့်သက်သာ​ရှိ၍ ပြဿနာ​ကင်းမဲ့​မှ​သာ ဘုရားသခင်​အား ဝတ်ပြု​ကြသည်​ဟု​ဆို​သော စာတန်​အပေါ် အဘယ်​အကျိုး​သက်ရောက်​သည်ကို ယခု​သုံးသပ်ကြည့်​ပါ။ ပေါလု​၏​တည်ကြည်မှု​က ထို​သားပုပ်လေလွင့်​ပြောဆိုသူ​ကို ပါးရိုက်​လိုက်​သည့်​ပ​မာ​ပင်!

အခွင့်သာ​သူ​လူတန်းစား​၌ မွေးဖွား​လာသော​ကြောင့် တစ်ချိန်က ဘဝ​စည်းစိမ်​များစွာကို​ခံစား​ခဲ့​သူ ပေါလု​သည် စာတန်​နှင့်အတူ ဘုရားသခင်​ကို တိုက်ခိုက်​ခဲ့​၍ ခရစ်ယာန်​များ​ကို ရက်စက်​ကြမ်းကြုတ်​စွာ ညှဉ်းဆဲ​ခဲ့​သော ဇွဲ​လုံ့လ​ရှိ ဖာရိရှဲ​တစ်ဦး​ဖြစ်​ခဲ့​သည်။ ယခု​မူ​ကား ပေါလု​သည် “တမန်​တော်​တို့​တွင် အသိမ်အငယ်” အဖြစ် ယေဟောဝါ​နှင့်​ခရစ်တော်​၏​အမှုတော်ကို ထမ်း​လျက်​ရှိသည်။ (၁ ကောရိန္သု ၁၅:၉သ​မ) အမှုတော်ထမ်း​သူ​တစ်ဦး​အဖြစ် သူသည် ပထမ​ရာစု ခရစ်ယာန်​အုပ်ချုပ်ရေး​အဖွဲ့​၏ အခွင့်အာဏာကို နှိမ့်ချစွာ​လက်အောက်ခံ​၏။ သူ၏​ကိုယ်​၌ ဆူး​စူး​နေသည့်​ကြား​မှ​ပင် သူသည် တည်ကြည်မှု​ရှိ၏။ ပေါလု​ခံရ​သော စုံစမ်း​နှောင့်ယှက်မှု​များ​က သူ၏​ဇွဲ​ကို​မ​လျော့နည်းစေ​ခဲ့​သောကြောင့် စာတန်​သည် အလွန်​ဒေါသ​ထွက်​ခဲ့​သည်။ ပေါလု​မူ​ကား ခရစ်တော်​၏​ကောင်းကင်​နိုင်ငံတော်​၌ အမွေခံ​တစ်ဦး​ဖြစ်​ရမည့်​မျှော်လင့်ချက်ကို တစ်ခါမျှ မျက်ခြည်မပြတ်​ခဲ့​ချေ။ (၂ တိမောသေ ၂:၁၂; ၄:၁၈) မည်မျှ​ပင်​နာကျင်​ပါစေ အဘယ်​ဆူး​မျှ သူ၏​ဇွဲ​ကို​မ​လျော့နည်း​စေနိုင်​ခဲ့​ချေ။ ကျွန်ုပ်​တို့၏​ဇွဲ​လည်း ထပ်တူ​ပင် ဆက်၍​ကြံ့ခိုင်​နိုင်​ပါစေ! ကျွန်ုပ်​တို့​စုံစမ်း​နှောင့်ယှက်မှု​များ​ခံရ​စဉ် ခွန်အား​ရှိစေ​ခြင်း​အားဖြင့် စာတန်​သည် မုသာကောင်​ဖြစ်​ကြောင်း သက်သေထူ​ရသည့်​အခွင့်ထူး​ကို ကျွန်ုပ်​တို့အား ယေဟောဝါ​ချီးမြှင့်​တော်​မူ​သည်။—သု. ၂၇:၁၁

ယေဟောဝါ​၏​ပြင်ဆင်​ပေး​ချက်​များ မ​ရှိလျှင်​မဖြစ်

၇၊ ၈။ (က) ယေဟောဝါ​သည် မျက်မှောက်ခေတ်​ကျေးကျွန်​များ​ကို အဘယ်​နည်းများဖြင့် ခွန်အား​ပေး​တော်​မူ​သနည်း။ (ခ) ကျွန်ုပ်​တို့​ကိုယ်​၌​စူးသော​ဆူး​ကို ကိုင်တွယ်​ဖြေရှင်း​နိုင်​ရန် နေ့စဉ်​ကျမ်းစာ​ဖတ်ရှုခြင်း​နှင့် လေ့လာခြင်း​သည် အဘယ်ကြောင့်​အလွန်​အရေးပါ​သနည်း။

ယေဟောဝါ​သည် ယနေ့ တည်ကြည်သော​ခရစ်ယာန်​များ​ကို သန့်ရှင်းသော​ဝိညာဉ်​တော်၊ မိမိ၏​နှုတ်မြွက်​စကားတော်​နှင့် ခရစ်ယာန်​ညီအစ်ကို​အသင်းအပင်း​အားဖြင့် ခွန်အား​ပေး​တော်​မူ​သည်။ တမန်​တော်​ပေါလု​နည်းတူ ကျွန်ုပ်​တို့သည် ဆုတောင်းခြင်း​အားဖြင့် မိမိတို့​ဝန်များ​ကို ယေဟောဝါ​၌​ချထား​နိုင်​ကြသည်။ (ဆာလံ ၅၅:၂၂) ကျွန်ုပ်​တို့၏​စုံစမ်း​နှောင့်ယှက်မှု​များ​ကို ဘုရားသခင်​ဖယ်ရှား​ပေး​တော်​မူ​မည်​မဟုတ်သော်လည်း အထူး​ခံရ​ခက်​သော​စုံစမ်း​နှောင့်ယှက်မှု​များ​ကို​ပင် ကိုင်တွယ်​ဖြေရှင်း​နိုင်​ဖို့ ဉာဏ်ပညာ​ပေးသနား​နိုင်​ပါ​သည်။ ကျွန်ုပ်​တို့​ခံရပ်​နိုင်​ဖို့ “သာမန်​ထက်​ထူးကဲ​သော တန်ခိုးတော်” ခွန်အား​ကိုလည်း ယေဟောဝါ​ပေးသနား​နိုင်​ပါ​သည်။—၂ ကောရိန္သု ၄:၇က​ဘ။

ထိုသို့​သော​အကူအညီကို ကျွန်ုပ်​တို့​မည်သို့​ရရှိနိုင်​သနည်း။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​တွင် ကိုယ်တော်​၏​ယုံကြည်​စိတ်ချ​ရသော နှစ်သိမ့်​ပေး​မှုများ​ကို​တွေ့ရှိ​မည်​ဖြစ်သော​ကြောင့် ယင်းကို အပတ်တကုတ်​လေ့လာ​ရမည်။ (ဆာလံ ၉၄:၁၉) ဘုရားသခင်​၏ထောက်မ​ကူညီ​မှု​ကို တောင်းခံ​ခဲ့​ကြသော ကိုယ်တော့်​ကျေးကျွန်​များ​၏ နှလုံးကို​ထိမိ​စေသော​စကား​များ သမ္မာကျမ်းစာ​တွင် ကျွန်ုပ်​တို့​ဖတ်ရှု​ကြ​ရသည်။ အများအားဖြင့် နှစ်သိမ့်မှု​စကား​များ​ပါဝင်​သည့် ယေဟောဝါ​၏​တုံ့ပြန်မှု​ကို ကျွန်ုပ်​တို့​တွေးတော​ဆင်ခြင်​သင့်​သည်။ ‘သာမန်​ထက်​ထူးကဲ​သော တန်ခိုးတော်​သည် ငါ​တို့​နှင့်​မဆိုင်၊ ဘုရားသခင်​နှင့်​ဆိုင်’ စေဖို့ လေ့လာမှု​ပြုခြင်း​က ကျွန်ုပ်​တို့ကို​သန်စွမ်း​စေပါ​လိမ့်​မည်။ ကြီးထွား​ဖွံ့ဖြိုး​၍ ခွန်အား​ရှိ​ရန် နေ့စဉ် အစာစား​သုံး​ရသကဲ့သို့ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို ကျွန်ုပ်​တို့​မှန်မှန်​ဆည်းပူး​ရမည်။ ထိုသို့​ပြု​ကြ​သလော။ သို့ပြုလျှင် “သာမန်​ထက်​ထူးကဲ​သောတန်​ခိုး​တော်” က ယခု ကျွန်ုပ်​တို့ကို​နှိပ်စက်​နေသည့် အဘယ်​ပုံဆောင်​ဆူး​ကို​မဆို ခံရပ်​နိုင်​စေပါ​လိမ့်​မည်။

၉။ အခက်အခဲ​ပြဿနာ​များ​ရင်ဆိုင်​နေရသူ​တို့ကို အကြီးအကဲ​များ မည်သို့​ထောက်ကူ​ပေး​နိုင်​သနည်း။

စိတ်​ဆင်းရဲခြင်း​နှင့် ပြဿနာ​များ​ရင်ဆိုင်​ရသည့်​အခါ ဘုရားသခင်​ကို​ကြောက်ရွံ့​သော ခရစ်ယာန်​အကြီးအကဲ​များသည် ‘လေ​ကွယ်ရာ’ သို့​မဟုတ် ‘မိုးသက်မုန်တိုင်း​ကွယ်ရာ’ အရပ်​ကဲ့သို့ ဖြစ်​နိုင်​ပါ​သည်။ ထို​မှုတ်သွင်းခံ​ဖော်ပြချက်​နှင့်​ကိုက်ညီ​လို​သော အကြီးအကဲ​များသည် ဆင်းရဲခံ​ရသူ​တို့အား သင့်တော်​သည့်​စကား​များ​ဖြင့် မည်သို့​ဖြေဆို​ပေး​ရမည်ကို​သိနိုင်ဖို့ “လူ​တတ်၏​နှုတ်​သတ္တိ” ကို​ပေး​ရန် ယေဟောဝါ​အား နှိမ့်ချ​ရိုးသား​စွာ​တောင်းလျှောက်​ကြသည်။ ခက်ခဲ​သော​အချိန်​အခါ​များ​တွင် အကြီးအကဲ​များ​၏​စကား​များသည် ညင်သာ​စွာ​ရွာသွန်း​သော​မိုး​ရေ​ပ​မာ ကျွန်ုပ်​တို့၏​စိတ်​ကို​အေးချမ်း​စေ​၍ နှစ်သိမ့်မှု​ပေး​သည်။ အကြီးအကဲ​များသည် “စိတ်​ငယ်​သော​သူတို့ကို အားပေး” စကားပြော​ခြင်း​ဖြင့် ကိုယ်​၌​စူးသော​ဆူး​တစ်မျိုး​မျိုး​ကြောင့် ပင်ပန်း​နွမ်းလျ သို့​မဟုတ် စိတ်ဓာတ်ကျ​နေသော ဝိညာဉ်​ရေး​ညီအစ်ကို၊ ညီအစ်မ​များ​ကို အမှန်ပင်​ထောက်ကူ​ပေး​ကြသည်။—ဟေရှာယ ၃၂:၂; ၅၀:၄; ၁ သက်သာလောနိတ် ၅:၁၄

၁၀၊ ၁၁။ ဘုရားသခင့်​ကျေးကျွန်​များသည် ပြင်းထန်သော​စမ်းသပ်မှု​များ​ခံ​နေရသူ​တို့ကို မည်သို့​အားပေးနိုင်​ကြ​သနည်း။

၁၀ ယေဟောဝါ​၏​ကျေးကျွန်​အားလုံး​သည် ကိုယ်တော်​၏​စည်းလုံး​သော ခရစ်ယာန်​မိသားစုဝင်​များ​ဖြစ်​ကြသည်။ ကျွန်ုပ်​တို့သည် “အသီးအသီး​အင်္ဂါ​ချင်း​ဖြစ်” ၍ “အချင်းချင်းချစ်​ကြဖို့​ဝတ္တရား​ရှိ” ၏။ (ရောမ ၁၂:၅; ၁ ယောဟန် ၄:၁၁က​ဘ) ဤ​တာဝန်​ကို မည်သို့​ကျေပွန်​နိုင်​မည်​နည်း။ ၁ ပေတရု ၃:၈ အရ ယုံကြည်ခြင်း​၏​အိမ်သူအိမ်သား​တို့ကို “စိတ်​ကြင်နာ​ခြင်း၊ ညီအစ်ကို​ချင်း​ကဲ့သို့​ချစ်ခြင်း [နှင့်] သနားစုံမက်​ခြင်း” တင်ပြခြင်း​ဖြင့်​ဖြစ်သည်။ ကိုယ်​၌​အလွန်​နာကျင်​စွာ​စူး​နေသော​ဆူး​ကို နိုင်နင်း​စွာ​ကိုင်တွယ်​သူ လူကြီးလူငယ်​မရွေး​ကို ကျွန်ုပ်​တို့အားလုံး အထူး​ထောက်ထား​စာနာ​ကြ​ရမည်။ မည်သို့​အားဖြင့်​နည်း။

၁၁ သူတို့​ခံစား​နေရ​သော​ဝေဒနာ​ကို အထူး​သိမြင်​နားလည်​ပေး​သင့်​သည်။ ကျွန်ုပ်​တို့သည် အကြင်နာ​ကင်း​မည်၊ ဖော်ရွေမှု​မရှိ သို့​မဟုတ် စိတ်ဝင်စားမှု​မပြ​ပါ​က သူတို့၏​ဝေဒနာ​ကို မထင်မှတ်​ဘဲ ပို​၍​တိုး​စေ​ပေမည်။ သူတို့​ခံရ​သော​စုံစမ်း​နှောင့်ယှက်မှု​များ​ကို ကျွန်ုပ်​တို့​သိရှိ​ထားခြင်း​က ကျွန်ုပ်​တို့​ပြောဆို​ရာ၊ ပြောဆို​ပုံ​နှင့် လုပ်ကိုင်ပုံ​တို့ကို သတိပြု​စေ​သင့်​သည်။ ကျွန်ုပ်​တို့သည် အပြုသဘော​ရှိ​ခြင်း၊ အားပေးခြင်း​ဖြင့် သူတို့ကို​စူး​နေသော မည်သည့်​ဆူး​မဆို​၏​စူးရှ​နာကျင်မှုကို အနည်းငယ်​သက်သာ​စေနိုင်​သည်။ သို့ဖြင့် ကျွန်ုပ်​တို့သည် သူတို့ကို​နှစ်သိမ့်​ပေး​သူများ​ဖြစ်​ကြ​ပေမည်။—ကောလောသဲ ၄:၁၁

ချို့ အောင်မြင်စွာ​ကိုင်တွယ်​ခဲ့​ကြ​ပုံ

၁၂-၁၄။ (က) ကင်ဆာ​ရောဂါ​ကို​ရင်ဆိုင်​နိုင်​ဖို့ ခရစ်ယာန်​တစ်ဦး မည်သို့​ပြုလုပ်​ခဲ့​သနည်း။ (ခ) ၎င်း​အမျိုးသမီး​၏ ဝိညာဉ်​ရေး​ညီအစ်ကို၊ ညီအစ်မ​များသည် သူ့ကို မည်သို့​ထောက်မ၊ အားပေးခဲ့​ကြ​သနည်း။

၁၂ ဤ​နောက်ဆုံး​ကာလ​၏​အဆုံးနီးလာ​သည်​နှင့် “. . . ဆင်းရဲခြင်း” နေ့စဉ်​နှင့်​အမျှ​တိုးများ​လာ​သည်။ (မဿဲ ၂၄:၈) ထို့​ကြောင့်မြေကြီးပေါ်​ရှိသူ​အားလုံး အထူးသဖြင့် ယေဟောဝါ​၏​အလိုတော်နှင့်​တွေ့​လို​သူ၊ ကိုယ်တော်​၏​တည်ကြည်သော​ကျေးကျွန်​များသည် စုံစမ်း​နှောင့်ယှက်မှု​များ ခံရ​ကြ​ပေမည်။ ဥပမာ၊ အချိန်ပြည့်​ဓမ္မ​အမှုဆောင်​အဖြစ် အမှုထမ်း​နေသော ခရစ်ယာန်​တစ်ဦး​ကို​သုံးသပ်ကြည့်​ပါ။ သူ့မှာ ကင်ဆာ​ရောဂါ​ရှိကြောင်း​သိရ​ပြီး​နောက် တံတွေး​ဂလင်း​နှင့် ပြန်ရည်ဂလင်း​တို့ကို ခွဲထုတ်​လိုက်ရ​သည်။ ဤ​ရောဂါ​ရှိကြောင်းကို သူတို့​ဇ​နှီး​မောင်နှံ​သိရှိ​ရသောအခါ ယေဟောဝါ​ထံ ချက်ချင်း ရှည်​ရှည်လျား​လျား​ဆုတောင်း အသနားခံ​ခဲ့​ကြသည်။ ထိုသို့​ပြုပြီး​နောက် မယုံနိုင်​ဖွယ်​ကောင်း​လောက်​အောင် စိတ်​ငြိမ်သက်မှု​ရှိခဲ့​သည်​ဟု နောက်ပိုင်း​တွင်​သူ​ပြောပြ​သည်။ သို့​တိုင် ကောင်း​တစ်​ချီ ဆိုး​တစ်​လှည့်​နှင့် အထူးသဖြင့် ဆေး​ကုသမှု​၏​ဘေးထွက်​ဆိုးကျိုး​များ​ကို သူ​ရင်ဆိုင်ခဲ့​ရသည်။

၁၃ ဤ​ညီအစ်မ​သည် မိမိ၏​အခြေအနေ​ကို ကိုင်တွယ်​ဖြေရှင်း​နိုင်​ဖို့ ကင်ဆာ​အကြောင်း တတ်နိုင်​သမျှ​ကြိုးစား​လေ့လာ​ခဲ့​သည်။ သူ၏​ဆရာဝန်​များနှင့် တိုင်ပင်​ဆွေးနွေး​သည်။ ကင်းမျှော်စင်၊ နိုးလော့! နှင့် သက်ဆိုင်ရာ​ခရစ်ယာန်​စာပေ​စာတမ်း​များ​တွင် ၎င်း​ရောဂါ​နှင့်​ပတ်သက်​၍ စိတ်ပိုင်း​ဆိုင်ရာ​အရ သူတို့​မည်သို့​ရင်ဆိုင်​ကိုင်တွယ်​ခဲ့​ကြောင်း​ဖော်ပြ​သည့် ဘဝ​အတ္ထုပ္ပတ္တိ​များ​ကို သူ​တွေ့ရှိ​ခဲ့​သည်။ ထို့​အပြင် ခက်ခဲ​ကျပ်တည်း​ချိန်​တွင် မိမိ၏​လူမျိုးတော်ကို ယေဟောဝါ​မည်သို့​ထောက်မ​ကူညီပေး​ကြောင်း​နှင့်​ဆိုင်​သည့် သက်ဆိုင်ရာ​ကျမ်းပိုဒ်​များ​အပြင် အခြား​အထောက်အကူ​ပြု​သတင်း​အချက်အလက်​များ​ကိုလည်း သူ​ဖတ်ရှု​ခဲ့​သည်။

၁၄ စိတ်ပျက်​အားလျော့​မှု​ကို ရင်ဆိုင်​ခြင်း​နှင့်​ပတ်သက်သော ဆောင်းပါး​တစ်ခု​က ဤ​ပညာရှိ​စကား​များ​ကို ကိုးကား​သည်– ‘ထီးတည်း​နေ​သူသည် ကိုယ့်​အတ္တ​ဆန္ဒ​ကို​သာ ရှာကြံ​မည်။’ (သု. ၁၈:၁က​ဘ) ထို့​ကြောင့် ၎င်း​ဆောင်းပါး​က “တစ်ဦးတည်း​မနေ​ပါ​နှင့်” * ဟု​အကြံပြု​သည်။ ထို​ညီအစ်မ​က ဤသို့​ပြန်​ပြောပြ​သည်– “ကျွန်မ​အတွက်​ဆုတောင်းပေး​နေကြ​တယ်လို့ ပြော​တဲ့​သူတွေ; ဖုန်း​ဆက်​အားပေး​ကြ​တဲ့​သူတွေ အတော်​များ​ပါ​တယ်။ ကျွန်မ​ဘယ်လို​နေသလဲ​ဆိုတာ​ကို​သိဖို့ အကြီးအကဲ​နှစ်ယောက်​က မှန်မှန်​ဖုန်း​ဆက်​တယ်။ ပန်း​တွေ၊ ကတ်​တွေ​အများကြီး​ပို့ပေး​ကြတယ်။ တချို့​ဆိုရင် စားစရာ​တောင် ချက်ပြုတ်​ပို့ပေး​ခဲ့​ကြတယ်။ ကျွန်မ ဆေး​ကုသမှု​ခံယူ​ဖို့ လိုက်​ပို့ပေး​တဲ့​သူတွေလည်း မနည်း​ဘူး။”

၁၅-၁၇။ (က) မတော်တဆ​ဖြစ်မှု​များ​ကြောင့် ကြုံတွေ့​ရသည့်​အခက်အခဲ​များ​ကို ခရစ်ယာန်​တစ်ဦး မည်သို့​နိုင်နင်း​ခဲ့​သနည်း။ (ခ) အသင်းတော်​ရှိ​သူများ​က မည်သို့​ထောက်မ​ကူညီပေး​ခဲ့​ကြ​သနည်း။

၁၅ ယူ.အက်စ်.အေ. န​ယူး​မက္ကစီကို​မှ ယေဟောဝါ​၏​လုပ်​သက်​ရ​င့်​ကျေးကျွန်​တစ်ဦး​သည် ယာဉ်တိုက်မှု​နှစ်ခု​ကြုံ​ခဲ့​ရသည်။ သူ၏​လည်တိုင်​နှင့် ပခုံး​များ​တွင် ဒဏ်ရာ​ရရှိခဲ့​ရာ ၂၅ နှစ်​ကျော်​ခံ​ခဲ့​ရသည့် ရိုး​ဆက်​ရောင်ရမ်းနာ​ကို ပို​ဆိုးဝါး​သွား​စေ​ခဲ့​သည်။ သူက​ဤသို့​ပြန်​ပြောပြ​သည်– “ကျွန်မ မနည်း​ကြိုးစား​ခေါင်းထောင်​ရပြီး အလေးချိန်​ငါး​ပေါင်​ကျော်​ရှိတဲ့ ဘာ​ပစ္စည်း​ကို​မျှ​မ​သယ်​နိုင်ဘူး။ ဒါပေမဲ့ ယေဟောဝါ​ကို စိတ်​ထက်ထက်သန်သန်​ဆုတောင်း​ခဲ့လို့ အတော်​ခံ​သာတယ်။ ကျွန်မ​တို့​လေ့လာ​ခဲ့​တဲ့ ကင်းမျှော်စင်​ဆောင်းပါး​တွေ​က​လည်း အတော်​အကူအညီ​ဖြစ်တယ်။ ဆောင်းပါး​တစ်ခု​က မိက္ခာ ၆:၈ နဲ့​ပတ်သက်​တယ်၊ ဘုရားသခင်​နှင့်အတူ ကျိုးနွံ​စိတ်​နဲ့​သွားလာ​တယ်​ဆိုတာ​က ကိုယ့်​ကန့်သတ်ချက်​တွေ​ကို ကိုယ်​သိဖို့​လိုတယ်လို့​ဖော်ပြ​ပါ​တယ်။ အဲဒီ​အကြောင်း​က ကျွန်မ​ရဲ့​အခြေအနေ​ကြောင့် ဓမ္မ​အမှုမှာ ကျွန်မ​ပါဝင်​ချင်​သလော​က် မပါဝင်နိုင်​ပေမဲ့ စိတ်ဓာတ်​မကျ​သင့်​ဘူးဆို​တာ​ကို သိ​နားလည်​စေတယ်။ အရေး​အကြီးဆုံး​က မှန်ကန်​တဲ့​သဘောထား​နဲ့ ကိုယ်တော်​ရဲ့​အမှုကို​ထမ်း​ခြင်း​ပါ​ပဲ။”

၁၆ သူက​ဤသို့​လည်း​ပြောပြ​သည်– “အစည်းအဝေးတွေ​တက်​ဖို့၊ လယ်ကွင်း​ဓမ္မ​အမှုမှာ​ပါဝင်​ဖို့ ကျွန်မ​ကြိုးစား​သမျှ​ကို အကြီးအကဲ​တွေ​က အမြဲ​ချီးမွမ်း​ကြတယ်။ လူငယ်တွေ​ဆိုရင်လည်း ကျွန်မ​ကို​ဖက်ယမ်း​နှုတ်ဆက်​တတ်ကြ​တယ်။ ခရစ်ယာန်​ဓမ္မ​အမှုဆောင်​ရှေ့ဆောင်​တွေ​လည်း ကျွန်မ​အပေါ်​တကယ်​စိတ်ရှည်​ကြ​တာ၊ ကျွန်မ​နေမကောင်းတဲ့​နေ့တွေမှာ သူတို့ရဲ့​အစီအစဉ်တွေကို ပြုပြင်​ပြောင်းလဲ​ပေး​တတ်ကြ​တယ်။ ရာသီဥတု​မကောင်းတဲ့​အခါ ထောက်ထား​ညှာတာ​တဲ့​အနေ​နဲ့ ကျွန်မ​ကို​ပြန်လည်ပတ်မှု​တွေ​ခေါ်သွား၊ ဒါမှ​မဟုတ် သူတို့ရဲ့​ကျမ်းစာ​သင်အံမှု​တွေ​ကို​ခေါ်သွား​ကြတယ်။ ဟောပြောခြင်း​လုပ်ငန်းမှာ ကျွန်မ​ပါဝင်​တဲ့​အခါ စာအုပ်​ထည့်​တဲ့​အိတ်​ကို မလွယ်​နိုင်​တဲ့​အတွက် တခြား​ကြေညာသူ​တွေ​က ကျွန်မ​ရဲ့​စာပေ​တွေ​ကို သူတို့​အိတ်ထဲ​ထည့်​သယ်​ပေး​ကြတယ်။”

၁၇ အထက်ပါ​ညီအစ်မ​နှစ်ဦး​၏ ဆူး​နှင့်​တူသော​မကျန်းမာ​မှုများ​ကို ရင်ဆိုင်​ဖြေရှင်း​နိုင်​ဖို့ အသင်းတော်​အကြီးအကဲ​များနှင့် ယုံကြည်သူချင်း​များ​က မည်သို့​ကူညီပေး​ခဲ့​ကြောင်း သတိပြုပါ။ ဝိညာဉ်​ရေး၊ ကာယရေး​နှင့် စိတ်ပိုင်း​ဆိုင်ရာ​လိုအပ်ချက်​များ​ကို ဖြည့်ဆည်း​ပေးဖို့ လက်တွေ့ကျကျ ကြင်နာ​မှု​ရှိ​ရှိ သူတို့​ကူညီပေး​ခဲ့​ကြသည်။ ပြဿနာ​များ​ကြုံတွေ့​နေရ​သော အခြား​ညီအစ်ကို၊ ညီအစ်မ​များ​ကို​ကူညီ​ပေးဖို့ ယင်းက သင့်ကို​အားပေး​လှုံ့ဆော်​သည်မဟုတ်​ပေ​လော။ အသင်​လူငယ်များ​လည်း ကိုယ်​၌​စူးသော​ဆူး​များနှင့် ရင်ဆိုင်​ဖြေရှင်း​နေရ​သော အသင်းတော်​သားများ​ကို ကူညီပေး​နိုင်​ကြ​ပါ​သည်။—သု. ၂၀:၂၉

၁၈။ ကင်းမျှော်စင်​နှင့် နိုးလော့!မဂ္ဂဇင်း​များ​ပါ ဘဝ​အတ္ထုပ္ပတ္တိ​များ​မှ အဘယ်​အားပေးမှုကို ကျွန်ုပ်​တို့​ရရှိ​သနည်း။

၁၈ ဘဝ​ပြဿနာ​များ​ရင်ဆိုင်ခဲ့​ကြ​ရ​၍ ရင်ဆိုင်​နေကြ​ဆဲ​ရှိ သက်သေ​ခံ​များ​၏ ဘဝ​အတ္ထုပ္ပတ္တိ​များနှင့် တွေ့ကြုံမှု​များစွာကို ကင်းမျှော်စင်​နှင့် နိုးလော့!မဂ္ဂဇင်း​များ​တွင် ဖော်ပြ​ထား​သည်။ ၎င်း​ဆောင်းပါး​ကို မှန်မှန်​ဖတ်ရှု​ကြည့်​လျှင် ကမ္ဘာ​တစ်ဝန်း​ရှိ ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ညီအစ်ကို၊ ညီအစ်မ​များသည် စီးပွားရေး​အခက်အခဲ​များ၊ သဘာဝဘေးဒဏ်​များ​ကြောင့် ချစ်​မြတ်နိုး​ရသူများကို​ဆုံးရှုံး​ခဲ့​ရသည့်​အပြင် ကြောက်မက်​ဖွယ်​စစ်​တွင်း​အခြေအနေ​များ​ကိုလည်း တွေ့ကြုံ​ခဲ့​ရ​ကြသည်။ အခြားသူများ​မှာ​မူ မစွမ်းဆောင်​နိုင်​စေသည့်​ရောဂါ​များနှင့် အသက်​ရှင်​နေကြ​ရ၏။ များစွာသော​သူတို့မှာ ကျန်းမာ​သန်စွမ်း​သူများ အလေး​မထားတတ်​သည့် လွယ်ကူ​သော​အရာများ​ကို​ပင် မ​လုပ်ကိုင်​နိုင်​ကြ​ပါ။ သူတို့၏​ဖျားနာ​မှုများ​သည် အကြီးအကျယ်​စမ်းသပ်မှု​ဖြစ်၏၊ အထူးသဖြင့် ခရစ်ယာန်​လုပ်ဆောင်မှုများ​တွင် သူတို့​ပါဝင်​ချင်​သလော​က် မပါဝင်နိုင်​ကြသောအခါ​တွင်​ဖြစ်သည်။ ဤ​သူများ​သည် သူတို့၏​ညီအစ်ကို၊ ညီအစ်မ​ကြီးငယ်မရွေး​တို့၏ ကူညီ​ထောက်မမှုကို ရရှိကြ​သော​ခါ အလွန်​ကျေးဇူး​တင်​ကြ​ပါ​သည်!

ခံနိုင်ရည်​ရှိ​ခြင်း​က ပျော်ရွှင်​စေ

၁၉။ ပေါလု​သည် ဆူး​နှင့်​တူသော​စုံစမ်း​နှောင့်ယှက်မှု​များနှင့် အားနည်းချက်များ​ရှိသည့်​ကြား​မှ အဘယ်ကြောင့်​ပျော်ရွှင်​နိုင်​ခဲ့​သနည်း။

၁၉ မိမိ​အား ဘုရားသခင်​ခွန်အား​ပေး​ခဲ့​ပုံ​ကို ပေါလု​တွေ့မြင်​ရ​၍ ဝမ်းမြောက်​ခဲ့​သည်။ သူက​ဤသို့​ဆို​ခဲ့​သည်– “ခရစ်တော်​၏​တန်ခိုး​သည် ငါ့​အပေါ်​၌​ကျိန်းဝပ်​မည်​အကြောင်း ငါ့​ကိုယ်​၌​အားနည်းခြင်း​အဖြစ်ကို ဝမ်းမြောက်​သော​စိတ်​နှင့် ဝါကြွားခြင်း​ငှာ သာ၍​ငါ​အလိုရှိ၏။ သို့​ဖြစ်၍ ခရစ်တော်​ကြောင့်​ခံရ​သော အားနည်းခြင်း၊ ကဲ့ရဲ့​ခြင်း၊ ဆင်းရဲခြင်း၊ ညှဉ်းဆဲ​နှိပ်စက်ခြင်း၊ ကျပ်တည်း​စွာ​သော . . . ဝေဒနာ​ခံ​ခြင်း​တို့ကို ငါ​နှစ်သက်​၏။ အကြောင်း​မူ​ကား၊ ငါသည်​အားနည်း​သောအခါ တန်ခိုး​နှင့်​ပြည့်စုံ​လျက်​ရှိ၏။” (၂ ကောရိန္သု ၁၂:၉၊ ၁၀) ပေါလု​သည် ကိုယ်ပိုင်​အတွေ့အကြုံ​များ​ကြောင့် ဤသို့​ယုံကြည်​စိတ်ချ​စွာ ဆိုနိုင်​ခဲ့​၏– “ထိုသို့​ငါ​ဆို​သော်၊ ကိုယ်တိုင်​ဆင်းရဲခြင်း​ကို​ရည်​မှတ်၍​ဆို​သည်မဟုတ်။ အကြောင်း​မူ​ကား၊ ငါသည်​တွေ့ကြုံ​သမျှ​သော​အခြင်းအရာ​တို့​၌ ရောင့်ရဲသော​စိတ်​ရှိ​အံ့​သော​ငှာ သင်​မိ​ပြီ။ ရှုတ်ချခြင်း​ကိုလည်း​ကောင်း၊ ကြွယ်ဝခြင်း​ကိုလည်း​ကောင်း ခံ​တတ်၏။ ဝ​စွာ​စားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်​ရှိ​ခြင်း၊ ဆင်းရဲခြင်း​တို့ကို​ခံရ​အံ့​သော​ငှာ၊ အရပ်ရပ်​တို့​တွင် အရာရာ၌​သင်​မိ​ပြီ။ ငါ့ကို​ခွန်အား​နှင့်​ပြည့်စုံ​စေတော်မူ​သော ခရစ်တော်​အားဖြင့် ခပ်သိမ်း​သော​အမှုတို့​ကို ငါ​တတ်စွမ်း​နိုင်၏။”—ဖိလိပ္ပိ ၄:၁၁-၁၃

၂၀၊ ၂၁။ (က) “မထင်ရှား​သော​အရာ” ကို​စဉ်းစား​ဆင်ခြင်​ရာ​၌ အဘယ်ကြောင့်​ပျော်ရွှင်မှု​ရနိုင်​သနည်း။ (ခ) မြေကြီး​ပရဒိသု​တွင်​တွေ့မြင်​ရဖို့ သင်​မျှော်လင့်သည့် “မထင်ရှား​သော​အရာ” တချို့​ကား အဘယ်နည်း။

၂၀ သို့​ဖြစ်၍ ကျွန်ုပ်​တို့​ကိုယ်​၌​စူးသော မည်သည့်​ဆူး​ကို​မဆို​ဆက်ခံခြင်း​အားဖြင့် ကျွန်ုပ်​တို့၏​အားနည်းမှု​တွင် ယေဟောဝါ​၏​တန်ခိုးတော်​ကို ပြည့်ဝ​စုံလင်​စေ​ကြောင်း လူတိုင်းကို​ပြသခြင်း​မှ ကျွန်ုပ်​တို့​ကျေနပ်မှု၊ ပျော်ရွှင်မှု​ရရှိနိုင်​ကြသည်။ ပေါလု​ဤသို့​ရေးသားခဲ့​သည်– “ငါ​တို့သည် အားလျော့​စိတ်ပျက်ခြင်း​နှင့်​ကင်းလွတ်​ကြ​၏။ ငါ​တို့၏ . . . အတွင်းလူ​မူ​ကား တစ်နေ့​ထက်​တစ်နေ့ ပြုပြင်ခြင်း​ကို​ခံရ​၏။ အကြောင်း​မူ​ကား၊ . . . မထင်ရှား​သော​အရာ​တို့သည် အစဉ်အမြဲ​တည်​ကြောင်းကို ငါ​တို့သည်​ထောက်​လျက်၊ . . . မထင်ရှား​သော​အရာ​တို့ကို​ကြည့်မှတ်​ကြ​စဉ်​အခါ၊ ယခု​ခဏ​ခံရ​၍ ပေါ့ပါး​သော​ဆင်းရဲခြင်း . . . သည် အတိုင်း​ထက်​အလွန်​ကြီးမြတ်​လေးလံ​သော . . . ထာဝရ​ဘုန်း​အသရေ​ကို ငါ​တို့​အဖို့​ဖြစ်စေ​တတ်၏။”—၂ ကောရိန္သု ၄:၁၆-၁၈

၂၁ ယေဟောဝါ​၏​မျက်မှောက်ခေတ် လူမျိုးတော်​အများစု​သည် မြေကြီး​ပရဒိသု​တွင်​နေထိုင်ပြီး ကိုယ်တော်​ကတိထားရာ ကောင်းချီး​များ​ကို​ခံစား​ရဖို့ မျှော်လင့်​ကြသည်။ ထို​ကောင်းချီး​များသည် ကျွန်ုပ်​တို့အတွက် ယနေ့ “မထင်ရှား” ဖြစ်​ပေမည်။ သို့ရာတွင် အဆိုပါ​ကောင်းချီး​များ​ကို ကျွန်ုပ်​တို့​ကိုယ်တိုင်​တွေ့​မြင်ကြ​ပြီး ၎င်းတို့ကို ထာဝစဉ်​မွေ့လျော်​ရမည့်​အချိန် အလျင်အမြန်​နီး​သည်ထက်​နီးကပ်​လာ​ပေ​ပြီ။ ၎င်း​ကောင်းချီး​တစ်ခု​မှာ ဆူး​ကဲ့သို့​သော​မည်သည့်​ပြဿနာ​မျှ ဘယ်တော့မှ​ပြန်​မ​ပေါ်လာ​ရတော့​မည့် စိတ်သက်သာ​မှု​ပင်​တည်း! ဘုရားသခင့်​သားတော်​သည် “[စာတန့်]အမှုတို့​ကို​ပယ်ဖျက်” ပြီး “သေခြင်း​တရားကို​အစိုးရ​သော​သူ . . . ၏​တန်ခိုး​ကို ချိုးဖဲ့​ဖျက်ဆီး” ပစ်​ပါ​လိမ့်​မည်။—၁ ယောဟန် ၃:၈; ဟေဗြဲ ၂:၁၅

၂၂။ ကျွန်ုပ်​တို့​အဘယ်အရာကို ယုံကြည်​စိတ်ချ​၍ အဘယ်​သို့ စိတ်ပိုင်းဖြတ်​ထား​သင့်​သနည်း။

၂၂ ထို့​ကြောင့် ယနေ့ ကျွန်ုပ်​တို့​ကိုယ်​၌ မည်သည့်​ဆူးပင်​စူး​နေပါ​စေ ၎င်းကို​ဆက်၍ ကိုင်တွယ်​နိုင်နင်း​ကြပါစို့။ ပေါလု​နည်းတူ ကျွန်ုပ်​တို့သည် ရက်ရော​စွာ​ခွန်အား​ပေးသနား​တော်​မူ​သော ယေဟောဝါ​ကြောင့် ထိုသို့​ပြု​ဖို့​ခွန်အား​ရှိကြပါ​လိမ့်​မည်။ မြေကြီး​ပရဒိသု​တွင် ကျွန်ုပ်​တို့​နေထိုင်ကြ​ရသောအခါ ယေဟောဝါ​ပြု​တော်​မူသမျှ အံ့ဖွယ်ရာ​တို့အတွက် ဘုရားသခင်​ကို​နေ့စဉ်​ကောင်းချီး​ပေး​ကြ​ပါ​မည်။—ဆာလံ ၁၀၃:၂

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 14 ၂၀၀၀၊ မေ ၈ [လိပ်] ထုတ်​နိုးလော့! မဂ္ဂဇင်း​မှ “သမ္မာကျမ်းစာ​ရှုထောင့်– စိတ်ပျက်​အားလျော့​မှု​ကို အောင်မြင်စွာ​ကျော်လွှား​နိုင်​ပုံ” ဟူသော​ဆောင်းပါး​ကို​ရှု။

သင်​မည်သို့​ဖြေဆို​မည်​နည်း

• စာတန်​သည် ခရစ်ယာန်စစ်​များ​၏​တည်ကြည်မှု​ကို အဘယ်ကြောင့်​နှင့် အဘယ်​သို့ ချိုးဖျက်​ဖို့​ကြိုးပမ်း​သနည်း။

• ယေဟောဝါ​၏​တန်ခိုးတော်​သည် မည်သို့ “အားနည်းခြင်း​အဖြစ်​၌ စုံလင်​တတ်” သနည်း။

• အကြီးအကဲ​များနှင့် အခြား​သူများ​သည် အခက်အခဲ​ပြဿနာ​များ​ကြောင့် စိတ်​ဆင်းရဲသူ​တို့ကို မည်သို့​အားပေးနိုင်​ကြ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ပေါလု​သည် သူ၏​ကိုယ်​၌​စူးသော​ဆူး​ကို ဖယ်ရှား​ပေး​ပါ​မည်​အကြောင်း ဘုရားသခင်​ထံ​သုံးကြိမ်​ဆုတောင်း​ခဲ့