ဘိုင်ဇန်တီယမ် မြို့တွင် ချာ့ခ်ျနှင့် အစိုးရ
ဘိုင်ဇန်တီယမ် မြို့တွင် ချာ့ခ်ျနှင့် အစိုးရ
ခရစ်ယာန်ဘာသာတရားကို တည်ထောင်ခဲ့သူက ဘုရားသခင်ထံမှကင်းကွာနေသော လူ့လောကနှင့် မိမိ၏နောက်တော်လိုက်များ အလွန်ကွာခြားကြောင်း ရှင်းလင်းစွာဖော်ပြခဲ့သည်။ ယေရှုက “သင်တို့သည် လော[က]နှင့်ဆက်ဆံလျှင် လော[က]သားတို့သည် မိမိတို့နှင့်ဆက်ဆံသော သင်တို့ကို ချစ်ကြလိမ့်မည်။ သင်တို့သည် လော[က]နှင့်မဆက်ဆံ . . . သောကြောင့် လော[က]သားတို့သည် သင်တို့ကိုမုန်းကြ၏” ဟုမိမိ၏နောက်တော်လိုက်များအား မိန့်ဆိုခဲ့သည်။ (ယောဟန် ၁၅:၁၉) ယေရှုခေတ်က နိုင်ငံရေးအာဏာရှင်တစ်ဦးဖြစ်သူ ပိလတ်မင်းကို ကိုယ်တော်က “ငါ၏နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်” ဟုကြေညာခဲ့၏။—ယောဟန် ၁၈:၃၆။
ခရစ်ယာန်များသည် “မြေကြီးစွန်းတိုင်အောင်” ဟောပြောရမည့်တာဝန်ကိုကျေပွန်ရန် လောကရေးရာတွင် မပါဝင်ကြချေ။ (တမန်တော် ၁:၈) ယေရှုနည်းတူ အစောပိုင်းခရစ်ယာန်များသည် နိုင်ငံရေးနှင့်မပတ်သက်ခဲ့ကြချေ။ (ယောဟန် ၆:၁၅) တည်ကြည်သောခရစ်ယာန်များသည် နိုင်ငံ့ဝန်ထမ်း သို့မဟုတ် စီမံအုပ်ချုပ်ရေးရာထူးများ မခံယူခဲ့ကြကြောင်း ထင်ရှားသည်။ ယင်းသည် နောက်ဆုံး၌ ပြောင်းလဲခဲ့သည်။
‘လောကနှင့်ဆက်ဆံ’
နောက်ဆုံးတမန်တော် သေဆုံးပြီးနောက် တစ်ချိန်တွင် ဘာသာရေးခေါင်းဆောင်များသည် မိမိတို့အပေါ်တွင်လည်းကောင်း၊ လောကနှင့်ဆက်ဆံခြင်းအပေါ်တွင်လည်းကောင်း အမြင်ပြောင်းလဲသွားကြလေ၏။ ဘုရားသခင့် “နိုင်ငံတော်” သည်ဤလောကတွင်ရှိရုံမက ဤလောက၏တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု သူတို့စတင်ရှုမြင်ခဲ့ကြသည်။ ဘိုင်ဇန်တိုင်အင်ပါယာဟုခေါ်သည့် ဘိုင်ဇန်တီယမ် (ယခု အစ္စတန်ဘူလ်) ၌မြို့တော်တည်ထားသော အရှေ့ရောမအင်ပါယာတွင် ဘာသာရေးနှင့် နိုင်ငံရေး မည်သို့ရောယှက်သည်ကို တစေ့တစောင်းလေ့လာခြင်းသည် မှတ်သားဖွယ်ရာဖြစ်ပေလိမ့်မည်။
ထုံးတမ်းစဉ်လာအရ ဘာသာတရားကို အရေးပေးသော လူ့ဘောင်အဖွဲ့အစည်း၌ ဘိုင်ဇန်တီယမ်မြို့တွင် ဗဟိုစိုက်ထားသည့် ဘိုင်ဇန်တိုင်ချာ့ခ်ျသည် အတော်ပင်သြဇာလွှမ်းမိုးခဲ့၏။ ချာ့ခ်ျသမိုင်းပညာရှင် ပါနာယော့တီစ် ခရစ္စတူးက “ဘိုင်ဇန်တိုင်သားများသည် မိမိတို့၏မြေကြီးအင်ပါယာကို ဘုရားသခင့်နိုင်ငံတော်အဖြစ် ယူမှတ်ကြသည်” ဟုဆိုသည်။ သို့သော် မင်းအာဏာစက်သည် ထိုသို့အစဉ်မယူမှတ်ခဲ့ကြချေ။ ယင်းကြောင့် ချာ့ခ်ျနှင့် နိုင်ငံတော်အစိုးရတို့၏ ရောယှက်ဆက်ဆံမှုကြောင့် တစ်ခါတစ်ရံ မုန်တိုင်းထန်ခဲ့၏။ ဘိုင်ဇန်တီယမ် အောက်စဖို့အဘိဓာန် ကဤသို့ဖော်ပြသည်– “ကောန်စတန်တီနိုပဲလ် [သို့မဟုတ် ဘိုင်ဇန်တီယမ်] ဘိရှော့များသည် တန်ခိုးကြီးအုပ်စိုးရှင်တစ်ဦးကို ကြောက်ရွံ့စွာခယခြင်း . . . ၊ အကျိုးရှိမည့်အရာများကို ဧကရာဇ်မင်းနှင့်ပူးပေါင်းဆောင်ရွက်ခြင်း . . . နှင့်ဧကရာဇ်မင်း၏အလိုကို သတ္တိရှိရှိဆန့်ကျင်ခြင်းတို့အပါအဝင် အကျင့်အမျိုးမျိုး ကျင့်ကြံခဲ့ကြသည်။”
အရှေ့ပိုင်းချာ့ခ်ျခေါင်းဆောင် ကောန်စတန်တီနိုပဲလ်ဂိုဏ်းအုပ် ခရစ်ယာန်ဘုန်းတော်ကြီးသည် အလွန်သြဇာအာဏာရှိလာသည်။ သူသည် ဧကရာဇ်မင်းကို မင်းမြှောက်ပေးရာ ဩသဒေါက်စ်၏ယုံကြည်အားကိုးဖွယ် ကာကွယ်ပေးရှင်ဖြစ်စေလို၏။ ထို့ပြင် ဂိုဏ်းအုပ်
သည် ချာ့ခ်ျပိုင် ဥစ္စာပစ္စည်းအမြောက်အမြားကိုလည်း လက်ဝါးကြီးအုပ်ထားရာ အလွန်ချမ်းသာလာသည်။ သူသည် သာမန်လူတို့အပေါ်သာမက ခရစ်ယာန်ဘုန်းကြီးများစွာအပေါ်လည်း ဩဇာလွှမ်းမိုးနိုင်ခြင်းမှ တန်ခိုးအာဏာရှိလာသည်။ဂိုဏ်းအုပ်ခရစ်ယာန်ဘုန်းတော်ကြီးသည် ဧကရာဇ်မင်းကို မကြာခဏလွန်ဆန်နိုင်ခွင့်ရှိသည်။ သူသည် ဘုရားသခင်၏နာမတော်ကိုအမှီပြု၍ သူ၏ဆန္ဒအတိုင်းပြုလုပ်ကာ ဧကရာဇ်မင်းများကို နှင်ထုတ်နိုင်၏၊ သို့မဟုတ် အခြားနည်းများဖြင့် နန်းချနိုင်၏။
မြို့တော်ပြင်ပ နယ်မြေအုပ်ချုပ်မှုသည် တဖြည်းဖြည်းပျောက်ကွယ်လာရာ ဘိရှော့များသည် သူတို့နေထိုင်ရာမြို့များတွင် ဩဇာအရှိဆုံးဖြစ်လာကြပြီး သူတို့ရွေးကောက်တင်မြှောက်ထားသည့် ပြည်နယ်ဘုရင်ခံများနှင့် တန်းတူဖြစ်လာကြသည်။ ဤဘိရှော့များသည် ချာ့ခ်ျပါဝင်ပတ်သက်မှုရှိသည့်၊ တစ်ခါတစ်ရံ ချာ့ခ်ျနှင့်မဆိုင်သည်တိုင် တရားရေးကိစ္စများနှင့် လောကစီးပွားရေးကိစ္စတို့ကို စီရင်ဆုံးဖြတ်ပေးကြသည်။ အကြောင်းရင်းတစ်ခုမှာ ထောင်သောင်းချီရှိသော ခရစ်ယာန်ဘုန်းတော်ကြီးများနှင့် ခရစ်ယာန်ဘုန်းကြီးအားလုံးတို့သည် သူတို့၏ဒေသခံဘိရှော့များ၏ လက်အောက်ခံများဖြစ်ကြခြင်းကြောင့်ဖြစ်သည်။
နိုင်ငံရေးနှင့် ဆိုင်မွန်နီ
အထက်ပါဖော်ပြချက်အတိုင်း သာသနာရေးရာများသည် နိုင်ငံရေးရာများနှင့် ခွဲခြားမရအောင် ရောယှက်လာလေတော့သည်။ ထို့ပြင် ဓမ္မဆရာများစွာနှင့် သူတို့၏ဘာသာရေးလုပ်ငန်းများအတွက် ငွေကြေးမြောက်မြားစွာလိုအပ်ခဲ့၏။ အဆင့်မြင့်ဓမ္မဆရာအများစုသည် ဇိမ်ကျကျနေထိုင်လေ့ရှိကြသည်။ ချာ့ခ်ျသည် တန်ခိုးအာဏာရရှိလာပြီး ချမ်းသာလာသည်နှင့်အမျှ တမန်တော်များ၏ဆင်းရဲနွမ်းပါးမှုနှင့် သန့်ရှင်းမြင့်မြတ်မှုတို့မှာ ပျောက်ကွယ်သွားလေတော့သည်။ ခရစ်ယာန်ဘုန်းတော်ကြီးနှင့် ဘိရှော့အချို့တို့သည် ရာထူးရရှိရန် ငွေပေးကြ၏။ ဘာသာရေးအဖွဲ့အစည်း အကြီးအမှူးများအထိ ဆိုင်မွန်နီကို အသုံးပြုကြ၏။ လူကုံထံအဖွဲ့များ၏ထောက်ခံမှုရရှိထားသော ဓမ္မဆရာများသည် သာသနာရေးဆိုင်ရာ ရာထူးများရရှိရန် ဧကရာဇ်မင်းရှေ့ပြိုင်ဆိုင်ကြ၏။
တံစိုးလက်ဆောင်များပေးခြင်းဖြင့်လည်း ဝါရင့်ဘာသာရေးခေါင်းဆောင်များကို ဩဇာလွှမ်းမိုးကြ၏။ ဧကရာဇ်ဘုရင်မဇိုးအီ (စီ.အီး. ၉၇၈-၁၀၅၀ ခန့်) သည်သူ၏ခင်ပွန်းဖြစ်သူ ရိုမာနပ်စ် ၃ ကိုလုပ်ကြံခိုင်းပြီး သူ၏ချစ်သူ ဧကရာဇ်မင်းလောင်း မိုက်ကယ် ၄ ကိုလက်ထပ်လိုသောအခါ သူသည် ဂိုဏ်းအုပ်အလက်ခ်ဆီအာစ်အား နန်းတော်သို့ အလျင်အမြန်ဆင့်ခေါ်လိုက်သည်။ နန်းတော်သို့ရောက်မှ ရိုမာနပ်စ်ကွယ်လွန်ကြောင်းနှင့် လက်ထပ်မင်္ဂလာဆောင်နှင်းပေးစေလိုကြောင်း ဂိုဏ်းအုပ်သိရှိရသည်။ ထိုညနေပိုင်းတွင် ချာ့ခ်ျသည် ရက်မြတ်သောကြာနေ့ပွဲတော် ကျင်းပမည်ဖြစ်ရာ အလက်ခ်ဆီအာစ်အတွက် ဘေးကျပ်နံကျပ်ဖြစ်ခဲ့၏။ သို့သော် သူသည် ဧကရာဇ်ဘုရင်မ၏ လက်ဆောင်များစွာကို လက်ခံယူကာ ဘုရင်မအလိုကျ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
ဧကရာဇ်မင်းကို ခယဝပ်တွားခြင်း
တစ်ခါတစ်ရံ ဘိုင်ဇန်တိုင်အင်ပါယာရာဇဝင်တွင် ဧကရာဇ်မင်းသည် ကောန်စတန်တီနိုပဲလ်ဂိုဏ်းအုပ် ရွေးချယ်ခန့်အပ်ရာတွင် သူ၏ခန့်အပ်ပိုင်ခွင့်ကို အသုံးပြုခဲ့သည်။ ဤအချိန်အခါများအတွင်း ဧကရာဇ်မင်း၏အလိုကိုဆန့်ကျင်၍ မည်သူကမျှ ဂိုဏ်းအုပ်ဖြစ်မလာနိုင်ပေ၊ သို့မဟုတ် ကြာရှည်မတည်တံ့နိုင်ပေ။
ဧကရာဇ်မင်းအန်ဒရိုနီကပ်စ် ၂ (၁၂၆၀-၁၃၃၂) သည်ဂိုဏ်းအုပ်များကို ကိုးကြိမ်တိုင် ပြောင်းလဲပေးခဲ့ရ၏။ ထိုသို့ပြောင်းရခြင်း၏ရည်ရွယ်ချက်မှာ ဂိုဏ်းအုပ်အရိုက်အရာတွင် ကျိုးနွံလက်အောက်ခံသူကို ရွေးချယ်ခန့်အပ်လို၍ဖြစ်သည်။ ဘိုင်ဇန်တိုင် စာအုပ်၏အဆိုအရ ဂိုဏ်းအုပ်တစ်ပါးသည် “တရားဥပဒေနှင့်ဆန့်ကျင်နေပါစေ၊ ကိုယ်တော်တောင်းဆိုသမျှကို လုပ်ဆောင်ပေးပါမည်၊ ကိုယ်တော်စိတ်တော်မတွေ့သည့် မည်သည့်လုပ်ရပ်ကိုမဆို ရှောင်ကြဉ်ပါမည်” ဟုဧကရာဇ်မင်းထံ စာရေး၍ပင် ကတိပြုခဲ့သည်။ ဧကရာဇ်မင်းများသည် တော်ဝင်မိသားစုမှ အိမ်ရှေ့မင်းသားတစ်ပါးကို ဂိုဏ်းအုပ်အဖြစ် ခန့်အပ်ခြင်းဖြင့် ချာ့ခ်ျကိုချုပ်ကိုင်ရန် နှစ်ကြိမ်တိုင်တိုင် ကြိုးစားခဲ့ကြသည်။ ဧကရာဇ်မင်းရိုမာနပ်စ် ၁ သည် ၁၆ နှစ်သာရှိသေးသည့် သူ၏သား သီအာဖ်လက်ခ်ကို ဂိုဏ်းအုပ်ရာထူးချီးမြှင့်ခဲ့၏။
ဂိုဏ်းအုပ်တစ်ပါးသည် ဧကရာဇ်မင်းစိတ်တော်နှင့်မတွေ့လျှင် ရာထူးမှနုတ်ထွက်ရန် ဧကရာဇ်က သူ့ကိုအနိုင်အထက်ပြုမည်၊ သို့မဟုတ် သူ့ကိုနှင်ထုတ်ရန် ဘာသာရေးအကြီးအကဲအဖွဲ့ကို အကြောင်းကြားပေမည်။ ဘိုင်ဇန်တိုင် စာအုပ်က ဤသို့ဖော်ပြသည်– “ဘိုင်ဇန်တိုင်သမိုင်းအတွင်း အထက်အာဏာပိုင်များနှင့် ဧကရာဇ်မင်း၏သြဇာသည် ဘိရှော့များရွေးချယ်မှုတွင် ပို၍ပို၍ပင် စိုးမိုးခြယ်လှယ် [လာ] လေသည်။”
ဧကရာဇ်မင်းသည် ဂိုဏ်းအုပ်အပါး၌ထိုင်၍ ခရစ်ယာန်အသင်းတော်ကောင်စီများတွင်လည်း သဘာပတိအဖြစ်ဆောင်ရွက်သည်။ သူသည် စကားရည်လုပွဲများကို စီစဉ်ပေးပြီး ယုံကြည်ခြင်းစည်းကမ်းချက်များ ထုတ်ပြန်ကာ ဘိရှော့များအပြင် မယုံကြည်သူများနှင့်လည်း အငြင်းပွားသည်၊ နောက်ဆုံး နှက်တိုင်တင်ကွပ်မျက်ခြင်းဖြင့် အငြင်းပွားမှုကို အဆုံးသတ်သည်။ ဧကရာဇ်မင်းသည် ကောင်စီကလက်ခံအတည်ပြုသော ပြဋ္ဌာန်းချက်များကို အထမြောက်စေသည်။ ဧကရာဇ်မင်းသည် သူ့အား ဆန့်ကျင်သူများကို ဧကရာဇ်ကိုပြစ်မှားခြင်းမက ယုံကြည်ချက်နှင့် ဘုရားသခင်
၏ရန်သူများအဖြစ် စွပ်စွဲသည်။ “ချာ့ခ်ျတွင် ဧကရာဇ်မင်း၏အလိုနှင့် အမိန့်များကို မဆန့်ကျင်ရ” ဟုဆဋ္ဌမရာစုဂိုဏ်းအုပ်တစ်ပါးက ဆိုသည်။ လာဘ်ထိုး၍ ဩဇာလွှမ်းမိုးလာပြီး မျက်နှာချိုသွေးကာ အလိုက်အထိုက်နေကြသော တရားရုံးရှိဘိရှော့များသည် အများအားဖြင့် သူတို့၏အထက်လူကြီးကဲ့သို့ပင် ရေငုံနှုတ်ပိတ်နေလေ့ရှိကြ၏။ဥပမာ၊ ဂိုဏ်းအုပ်အစ်ဂ်နေရှပ်စ် (စီ.အီး. ၇၉၉-၈၇၈ ခန့်) သည် ဝန်ကြီးချုပ်ဘာဒါစ်အား မုန့်နှင့်စပျစ်ရည် သုံးဆောင်ခွင့်မပေးသောအခါ ထိုဝန်ကြီးသည် ပြန်လည်ခုခံဖြေရှင်းခဲ့၏။ ဘာဒါစ်သည် အစ်ဂ်နေရှပ်စ်ကို မသမာသူ၊ သစ္စာဖောက်သူအဖြစ် စွပ်စွဲခဲ့သည်။ ထိုအခါ ဂိုဏ်းအုပ်ကို ဖမ်းဆီး၍ မောင်းထုတ်လိုက်ကြသည်။ သူ့အစား ဝန်ကြီးသည် ခြောက်ရက်အတွင်း ခရစ်ယာန်ဂိုဏ်းအားလုံး၏ အကြီးအကဲဖြစ်လာပြီး နောက်ဆုံး၌ ဂိုဏ်းအုပ်ရာထူးရခဲ့သူ လူဝတ်ကြောင်ဖိုရှပ်စ်ကို ရွေးချယ်တင်မြှောက်ခဲ့သည်။ ဖိုရှပ်စ်သည် ထိုဝိညာဉ်ရေးရာထူးအတွက် အရည်အချင်းပြည့်မီသလော။ ဤသူသည် “လိုဘကြီးသူ၊ မာနကြီးလွန်းသူ၊ နိုင်ငံရေးကျွမ်းကျင်သူ” ဖြစ်သည်ဟု ဆိုကြသည်။
နိုင်ငံရေးဆောင်ရွက်မှုတွင် တရားသေအယူဝါဒ
ရှေးရိုးစွဲအယူနှင့် အယူဝါဒအသစ်တို့၏အငြင်းပွားမှုသည် နိုင်ငံရေးအတိုက်အခံပြုမှုကို ဖုံးကွယ်ထားသည်၊ အယူဝါဒအသစ်များကိုတင်သွင်းလိုခြင်းထက် နိုင်ငံရေးအကြောင်းတရားများက ဧကရာဇ်တို့ကို ပိုလွှမ်းမိုးသည်။ ယေဘုယျအားဖြင့် ဧကရာဇ်မင်းသည် တရားသေအယူဝါဒကိုချပြီး မိမိအလိုအတိုင်း ချာ့ခ်ျကနာခံရမည်ဟု အတင်းတောင်းဆိုလေ့ရှိ၏။
ဥပမာ၊ ဧကရာဇ်မင်းဟီရာကလီယက်စ် (စီ.အီး. ၅၇၅-၆၄၁) သည်မိမိ၏ချိနဲ့နေသောအင်ပါယာကို ပြိုကွဲနေစေသည့် ခရစ်တော်၏သဘောထားနှင့်ပတ်သက်၍ သင်းကွဲမှုဖြစ်နေခြင်းကို ကြိုးစားပြုပြင်ပေးခဲ့သည်။ အများသဘောတူလက်ခံဖို့ကြိုးစားရာတွင် သူသည် မိုနိုသီလစ်တဇမ်ဟုခေါ်သော အယူဝါဒသစ်တစ်ခုကို တင်သွင်းခဲ့သည်။ * ထို့နောက် ဟီရာကလီယက်စ်သည် သူ့အင်ပါယာရှိ တောင်ပိုင်းနိုင်ငံများ၏ သစ္စာစောင့်သိမှုရရှိစေရန် ဧကရာဇ်မင်းထောက်ခံသည့် အယူဝါဒကို အတည်ပြုခဲ့သော ဖာဆစ်မြို့မှ စိုင်းရပ်စ်ကို အလက်ဇန္ဒြီးယားမြို့ ဂိုဏ်းအုပ်သစ်အဖြစ် ရွေးချယ်တင်မြှောက်လိုက်လေသည်။ ဧကရာဇ်မင်းသည် စိုင်းရပ်စ်ကို ဂိုဏ်းအုပ်အဖြစ်သာမက ဒေသခံအုပ်ချုပ်သူများအား အုပ်ချုပ်ခွင့်နှင့်အတူ အီဂျစ်ပြည်၏ဘုရင်ခံမင်းကြီးအဖြစ်ပါ တင်မြှောက်ခဲ့၏။ ညှဉ်းပန်းနှိပ်စက်မှုဖိအားဖြင့် စိုင်းရပ်စ်သည် အီဂျစ်ချာ့ခ်ျမှ အများစု၏သဘောတူညီမှုကိုရရှိရန် လုပ်ဆောင်နိုင်ခဲ့သည်။
နာကြည်းဖွယ်အကျိုးဆက်တစ်ခု
အဆိုပါအဖြစ်အပျက်များက ယေရှု၏နောက်တော်လိုက်များသည် “ဤလောကနှင့်မဆက်ဆံ” ဟု မိန့်ဆိုခဲ့သော ကိုယ်တော်၏ဆုတောင်းချက်စကားများနှင့် ဆိုလိုရင်းတို့ကို မည်သို့ပေါ်လွင်စေနိုင်မည်နည်း။—ယောဟန် ၁၇:၁၄-၁၆။
ဘိုင်ဇန်တိုင်ခေတ်ကာလနှင့် ၎င်းနောက်ပိုင်းမှ အမည်ခံခရစ်ယာန်ခေါင်းဆောင်များသည် လောက၏နိုင်ငံရေးနှင့်စစ်ရေးတွင် ပါဝင်ပတ်သက်ခဲ့သောကြောင့် နာကြည်းဖွယ်အကျိုးဆက်များ ခံခဲ့ရသည်။ ဤသမိုင်းအကျဉ်းချုပ်က သင့်ကို အဘယ်အရာဖော်ပြသနည်း။ ဘိုင်ဇန်တိုင်ချာ့ခ်ျခေါင်းဆောင်များသည် ဘုရားသခင်နှင့် ယေရှုခရစ်၏မျက်နှာသာကို ရရှိခဲ့ကြသလော။—ယာကုပ် ၄:၄။
ဤလိုဘကြီးသော ဘာသာရေးခေါင်းဆောင်များနှင့် သူတို့၏နိုင်ငံရေးပေါက်ဖော်များသည် စစ်မှန်သောခရစ်ယာန်ဘာသာကို အကျိုးမပြုချေ။ ဤသို့ဘာသာရေးနှင့် နိုင်ငံရေး မသန့်မရှင်းရောယှက်မှုက ယေရှုသွန်သင်ပေးခဲ့သည့် စင်ကြယ်သောဘာသာတရားကို အထင်မှားစေခဲ့ပြီ။ ကျွန်ုပ်တို့သည် ဤသမိုင်းမှတ်တမ်းမှသင်ခန်းစာယူပြီး “ဤလောကနှင့်မဆက်ဆံ” ဘဲ နေကြစို့လေ။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 21 မိုနိုသီလစ်တဇမ်က ခရစ်တော်တွင် ဘုရားသခင်နှင့်လူ့ဇာတိ နှစ်မျိုးစလုံးရှိသော်လည်း စိတ်ဆန္ဒတစ်ခုတည်းရှိ၏ဟုဆိုသည်။
[စာမျက်နှာ ၁၀ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
“ကောင်းကင်ဘုံတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသော ဘုရားသခင်တစ်ပါးကဲ့သို့”
ဂိုဏ်းအုပ်မိုက်ကယ်စီရူလေရီအပ်စ် (၁၀၀၀-၁၀၅၉ ခန့်) နှင့်ပတ်သက်သော အဖြစ်အပျက်များသည် ချာ့ခ်ျခေါင်းဆောင်တစ်ဦး နိုင်ငံတော်အစိုးရရေးရာများတွင် ရည်မှန်းချက်ကြီးကြီး ပါဝင်ပတ်သက်နိုင်ခြင်းကို ဖော်ပြသည်။ စီရူလေရီအပ်စ်သည် ဂိုဏ်းအုပ်ရာထူးကိုရရှိပြီးနောက် ထိုထက်မက ရာထူးတက်လိုခဲ့၏။ “သူ့ဟန်ပန်မှာ ကောင်းကင်ဘုံတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေသော ဘုရားသခင်တစ်ပါးပုံ” ပေါက်ကာ မာနကြီးလွန်းသူ၊ ရောင့်တက်သူ၊ ခေါင်းမာသူဖြစ်၏ဟု သူ့ကိုဖော်ပြကြသည်။
စီရူလေရီအပ်စ်သည် ကိုယ့်ကိုယ်ကိုအမွှမ်းတင်လိုရာ ၁၀၅၄ ခုနှစ်တွင် ရောမမြို့ ပုပ်ရဟန်းမင်းနှင့် စိတ်ဝမ်းကွဲမှုကို ဆွပေးပြီး ဧကရာဇ်မင်းအား ဤသဘောထားကွဲလွဲမှုကို လက်ခံယူစေခဲ့သည်။ စီရူလေရီအပ်စ်သည် ဤအောင်မြင်မှုကို သဘောကျကာ မိုက်ကယ် ၆ အားမင်းတင်မြှောက်ရန် စီစဉ်ပြီး မိမိ၏တန်ခိုးအာဏာ ခိုင်မြဲစေရန် ထောက်ကူပေးခဲ့၏။ နောက်တစ်နှစ်အကြာတွင် စီရူလေရီအပ်စ်သည် ထိုဧကရာဇ်မင်းအား နန်းစွန့်စေပြီး အိုက်ဇက်ကာမ်နီနာစ် (၁၀၀၅-၁၀၆၁ ခန့်) ကိုနန်းတင်ခဲ့၏။
ဂိုဏ်းအုပ်နှင့် ဧကရာဇ်မင်းတို့စပ်ကြားရှိ ပဋိပက္ခသည် ကြီးထွားလာလေသည်။ လူထု၏ထောက်ခံမှုရရှိထားသော စီရူလေရီအပ်စ်သည် ခြိမ်းခြောက်ပြီး အတင်းအကျပ်တောင်းဆိုကာ အကြမ်းဖက်တိုက်ခိုက်လေသည်။ တစ်ခေတ်တည်းသားသမိုင်းပညာရှင်တစ်ဦးက ဤသို့ဖော်ပြသည်– “ဧကရာဇ်မင်း နန်းကျလိမ့်မည်အကြောင်း သူက ‘မင်းလိုအရူးကို ငါမြှင့်တင်ပေးခဲ့တာ မင်းကိုငါပြုတ်စေမယ်’ ဟူ၍ ရိုင်းရိုင်းစိုင်းစိုင်း ကြိုတင်ပြောခဲ့သည်။” သို့သော် အိုက်ဇက်ကာမ်နီနာစ်သည် သူ့ကိုဖမ်းဆီး၍ ထောင်ချကာ အီမ်ဘရိုစ်ကျွန်းသို့ ပြည်နှင်ဒဏ်ပေးလိုက်သည်။
ကောန်စတန်တီနိုပဲလ်ဂိုဏ်းအုပ်သည် အခက်အခဲများ မည်မျှဖြစ်ပေါ်စေနိုင်ပြီး ဧကရာဇ်မင်းကို သတ္တိရှိရှိ မည်မျှဖီဆန်နိုင်ကြောင်း ဤပုံနမူနာများက ဖော်ပြ၏။ မင်းရိုက်ရာသည် ဧကရာဇ်မင်းနှင့်စစ်တပ်ကိုပါ ဖီဆန်နိုင်သည့် နိုင်ငံရေးကျွမ်းကျင်သော ဤသို့သောသူများနှင့် ရင်ဆိုင်ဖြေရှင်းခဲ့ရ၏။
[စာမျက်နှာ ၉ ပါ မြေပုံ/ ရုပ်ပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ဘိုင်ဇန်တိုင် အင်ပါယာ၏ အကြီးမားဆုံးကျယ်ပြန့်မှု
ရဗဲနား
ရောမ
မက်စီဒိုးနီးယား
ကောန်စတန်တီနိုပဲလ်
ပင်လယ်နက်
နိုင်စီယာ
ဧဖက်
အန္တိအုတ်
ယေရုရှလင်
အလက်ဇန္ဒြီးယား
မြေထဲပင်လယ်
[Credit Line]
Map: Mountain High Maps® Copyright © 1997 Digital Wisdom, Inc.
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ကာမ်နီနာစ်
ရိုမာနပ်စ် ၃ (လက်ဝဲ)
မိုက်ကယ် ၄
ဧကရာဇ်ဘုရင်မဇိုးအီ
ရိုမာနပ်စ် ၁ (လက်ဝဲ)
[Credit Lines]
Comnenus, Romanus III, and Michael IV: Courtesy Classical Numismatic Group, Inc.; Empress Zoe: Hagia Sophia; Romanus I: Photo courtesy Harlan J. Berk, Ltd.
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
ဖိုရှပ်စ်
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
ဟီရာကလီယက်စ်နှင့်သား
[Credit Lines]
Heraclius and son: Photo courtesy Harlan J. Berk, Ltd.; all design elements, pages 8-12: From the book L’Art Byzantin III Ravenne Et Pompose