ဘုရားသခင့်စကားတော်သွန်သင်သူများ အဖြစ် အပြည့်အဝပြင်ဆင်လေ့ကျင့်ခံရ
ဘုရားသခင့်စကားတော်သွန်သင်သူများ အဖြစ် အပြည့်အဝပြင်ဆင်လေ့ကျင့်ခံရ
‘ဓမ္မအမှုဆောင်များဖြစ်စေခြင်းငှာ . . . ဘုရားသခင်ကိုအမှီပြု၍သာ ငါတို့အရည်အချင်းပြည့်မီခြင်းဖြစ်၏။’ —၂ ကောရိန္သု ၃:၅၊ ၆၊ ကဘ။
၁၊ ၂။ ဟောပြောဖို့အတွက် အဘယ်ကြိုးပမ်းမှုများကို တစ်ခါတစ်ရံပြုလုပ်ခဲ့ကြသနည်း၊ အဘယ်ကြောင့်အောင်မြင်လေ့မရှိသနည်း။
သင်ထမ်းဆောင်ဖို့ အရည်အချင်းမပြည့်မီသောအလုပ်တစ်ခု ပေးအပ်ခံရလျှင် အဘယ်သို့နေမည်နည်း။ စဉ်းစားကြည့်ပါ– သင်လိုအပ်သောပစ္စည်းများကို သင့်ရှေ့၌ဖြန့်ထားပြီး ကိရိယာများက အသင့်ရှိသည်။ သို့သော် မည်သို့လုပ်ဆောင်ရမည်ကို သင်မသိပေ။ ပို၍ဆိုးသည်မှာ ယင်းသည် အရေးတကြီးလုပ်ရမည့်လုပ်ငန်းဖြစ်သည်။ သင့်ကို လူတို့စောင့်မျှော်အားကိုးနေကြသည်။ အလွန်စိတ်ပျက်စရာကောင်းလိုက်လေခြင်း!
၂ ဤသို့အကျပ်ရိုက်သည့်အခြေအနေသည် စိတ်ကူးယဉ်ခြင်းလုံးဝမဟုတ်ပါ။ ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ တစ်ခါတစ်ရံ ခရစ်ယာန်ဘောင်ချာ့ခ်ျတစ်ခုက တစ်အိမ်မှတစ်အိမ်ဓမ္မအမှုကို စီစဉ်လုပ်ဆောင်ဖို့ကြိုးပမ်းခဲ့သည်။ အဆိုပါကြိုးပမ်းမှုသည် အများအားဖြင့် မအောင်မြင်ပေ၊ ရက်သတ္တပတ် သို့မဟုတ် လပိုင်းအတွင်း ဖြည်းဖြည်းချင်းပျောက်ပျက်သွားသည်။ အဘယ်ကြောင့်နည်း။ ခရစ်ယာန်ဘောင်သည် ၎င်းလုပ်ငန်းအတွက် အရည်အချင်းပြည့်မီဖို့ မိမိ၏နောက်လိုက်များကို မကူညီခဲ့သောကြောင့်တည်း။ ဓမ္မဆရာများပင်လျှင် လောကကျောင်းများနှင့် ကျမ်းစာသင်ကျောင်းများတွင် နှစ်ချီ၍ပညာသင်ယူခဲ့ကြသော်လည်း အဆိုပါဟောပြောခြင်းလုပ်ငန်းအတွက် အရည်အချင်းမပြည့်မီခဲ့ကြချေ။ ထိုသို့ ကျွန်ုပ်တို့အဘယ်ကြောင့်ဆိုနိုင်ကြသနည်း။
၃။ ၂ ကောရိန္သု ၃:၅၊ ၆ (ကဘ) တွင် အဘယ်စကားလုံးကို သုံးကြိမ်အသုံးပြုထားသနည်း၊ ယင်းက အဘယ်အရာကိုဆိုလိုသနည်း။
၃ ခရစ်ယာန်သတင်းကောင်း ဟောပြောသူအစစ်အမှန်တစ်ဦး၏ အရည်အချင်းများကို ဘုရားသခင့်နှုတ်မြွက်စကားတော်က ရှင်းပြသည်။ တမန်တော်ပေါလုသည် ဤသို့ရေးသားရန်မှုတ်သွင်းခံခဲ့ရသည်– “ငါတို့သည် ကိုယ်ကိုကိုယ်အမှီပြု၍ တစ်စုံတစ်ခုကိုကြံစည်ခြင်းငှာ အရည်အချင်းပြည့်မီသည်မဟုတ်၊ ဓမ္မအမှုဆောင်များဖြစ်စေခြင်းငှာ ငါတို့ကို အရည်အချင်းပြည့်မီစေတော်မူသော ဘုရားသခင်ကိုအမှီပြု၍သာ ငါတို့အရည်အချင်းပြည့်မီခြင်းဖြစ်၏။” (၂ ကောရိန္သု ၃:၅၊ ၆၊ ကဘ) ဤတွင် “အရည်အချင်းပြည့်မီ” ဟူသောစကားလုံးကို သုံးကြိမ်အသုံးပြုထားကြောင်း သတိပြုပါ။ ယင်းက အဘယ်အရာကိုဆိုလိုသနည်း။ ဗိုင်း၏ကျမ်းစာစကားလုံးများဆိုင်ရာ ရှင်းလင်းဖော်ပြချက်အဘိဓာန်ကဤသို့ဆိုသည်– “[ဤဂရိစကားလုံး] သည် ရုပ်ဝတ္ထုများကို ရည်ညွှန်းသောအခါ ‘လုံလောက်သော’ ဟူသည့် သဘောသက်ရောက်သည် . . . ၊ လူပုဂ္ဂိုလ်များကိုရည်ညွှန်းသောအခါမူ ‘အစွမ်းရှိသော၊’ ‘ထိုက်တန်သော’ ဟုဆိုလို၏။” ထို့ကြောင့် “အရည်အချင်းပြည့်မီ” သူတစ်ဦးသည် အစွမ်းရှိ၍ ပေးအပ်သောလုပ်ငန်းကိုလုပ်ဆောင်ဖို့ ထိုက်တန်သူဖြစ်သည်။ မှန်ပါသည်၊ သတင်းကောင်း၏ စစ်မှန်သောဓမ္မအမှုဆောင်များသည် ဤလုပ်ငန်းအတွက် အရည်အချင်းရှိသူများဖြစ်ကြသည်။ သူတို့သည် ဟောပြောဖို့အစွမ်းရှိ၊ သင့်လျော် သို့မဟုတ် ထိုက်တန်သူများဖြစ်ကြသည်။
၄။ (က) ခရစ်ယာန်ဓမ္မအမှုအတွက် အရည်အချင်းရှိခြင်းသည် လက်ရွေးစင်လူနည်းစုအတွက်သာမဟုတ်ကြောင်း ပေါလု၏ပုံသက်သေက မည်သို့ဖော်ပြသနည်း။ (ခ) ယေဟောဝါသည် ကျွန်ုပ်တို့အား ဓမ္မအမှုဆောင်များအဖြစ် အရည်အချင်းရှိစေသော နည်းသုံးနည်းကား အဘယ်နည်း။
၄ သို့သော် ထိုအစွမ်းကိုအဘယ်မှရသနည်း။ ကိုယ်ပိုင်အစွမ်းအစမှလော။ ဉာဏ်ကြီးရှင်ထံမှလော။ နာမည်ကြီးကျောင်းများတွင် သီးသန့်ပညာဆည်းပူးခဲ့၍လော။ ၎င်းတို့အားလုံးကို တမန်တော်ပေါလုရရှိခဲ့ကြောင်း ထင်ရှားပါသည်။ (တမန်တော် ၂၂:၃; ဖိလိပ္ပိ ၃:၄၊ ၅) သို့တိုင် ဓမ္မအမှုဆောင်တစ်ဦးအဖြစ် သူ၏အရည်အချင်းများသည် အဆင့်မြင့်ပညာသင်ကျောင်းများမှမဟုတ်ဘဲ ယေဟောဝါဘုရားသခင်ထံတော်မှဖြစ်ကြောင်း နှိမ့်ချစွာသူဝန်ခံခဲ့သည်။ ဤအရည်အချင်းများသည် လက်ရွေးစင်လူနည်းစုအတွက်သာလော။ ပေါလုသည် ကောရိန္သုအသင်းတော်ထံ “ငါတို့အရည်အချင်းပြည့်မီခြင်း” အကြောင်းရေးသားခဲ့သည်။ မိမိ၏တည်ကြည်သောကျေးကျွန်အားလုံးသည် ပေးအပ်ထားသောလုပ်ငန်းကို အစွမ်းရှိရှိ၊ လုပ်ဆောင်နိုင်စေဖို့ ယေဟောဝါအသေအချာစီစဉ်ကြောင်း ယင်းကအမှန်ဖော်ပြသည်။ ယနေ့ ခရစ်ယာန်စစ်များကို အရည်အချင်းရှိဖို့ ယေဟောဝါမည်သို့လုပ်ဆောင်သနည်း။ ကိုယ်တော်အသုံးပြုသော နည်းသုံးနည်းကိုဆွေးနွေးကြည့်ကြပါစို့– (၁) ကိုယ်တော်၏စကားတော်၊ (၂) ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်နှင့် (၃) ကိုယ်တော်၏မြေကြီးဆိုင်ရာအဖွဲ့အစည်းတို့ဖြစ်သည်။
ယေဟောဝါ၏စကားတော်က ကျွန်ုပ်တို့ကိုအရည်အချင်းရှိစေ
၅၊ ၆။ သန့်ရှင်းသောသမ္မာကျမ်းစာသည် ခရစ်ယာန်စစ်များအပေါ် အဘယ်အကျိုးသက်ရောက်မှုရှိသနည်း။
၅ ဦးဆုံး၊ ဘုရားသခင့်စကားတော်က ဓမ္မအမှုဆောင်များအဖြစ် ကျွန်ုပ်တို့ကို မည်သို့အရည်အချင်းရှိစေသနည်း။ ပေါလုဤသို့ရေးသားခဲ့သည်– “ကျမ်းစာရှိသမျှသည် ဘုရားသခင်ဝိညာဉ်တော်မှုတ်သွင်းထား၍ ဘုရားသခင်၏လူကို စွမ်းရည်လုံးလုံးရှိစေရန်၊ ကောင်းသောအလုပ်တိုင်းအတွက် အပြည့်အဝပြင်ဆင်လေ့ကျင့်ပေးရန်၊ သင်ကြားခြင်း၊ အပြစ်ဖော်ပြဆုံးမခြင်း၊ ပဲ့ပြင်တည့်မတ်ပေးခြင်း၊ ဖြောင့်မတ်အောင်ဆုံးမခြင်းတို့၌ အကျိုးရှိ၏။” (၂ တိမောသေ ၃:၁၆၊ ၁၇၊ ကဘ) ထို့ကြောင့် သန့်ရှင်းသောသမ္မာကျမ်းစာသည် ဘုရားသခင့်စကားတော်အကြောင်း လူတို့အားသွန်သင်ပေးရသည့် “ကောင်းသောအလုပ်” ကိုဆောင်ရွက်ဖို့ ကျွန်ုပ်တို့အား ‘စွမ်းရည်လုံးလုံးရှိစေ၍ အပြည့်အဝပြင်ဆင်လေ့ကျင့်ပေး’ ပါသည်။ သို့သော် ခရစ်ယာန်ဘောင်ချာ့ခ်ျများ၏ နောက်လိုက်အားလုံးနှင့်ပတ်သက်၍ကော မည်သို့နည်း။ သမ္မာကျမ်းစာကို သူတို့လည်းအသုံးပြုကြပါသည်။ စာအုပ်တစ်အုပ်သည် လူအချို့ကို အစွမ်းရှိသောဓမ္မအမှုဆောင်များဖြစ်စေပြီး အခြားသူများကိုမူ ထိုသို့မဖြစ်စေခြင်းသည် မည်သို့ဖြစ်နိုင်မည်နည်း။ အဖြေသည် သမ္မာကျမ်းစာအပေါ် ကျွန်ုပ်တို့၏သဘောထားပေါ်မူတည်သည်။
၆ ဝမ်းနည်းစရာမှာ ချာ့ခ်ျတက်သူအများသည် ကျမ်းစာသတင်းတရားကို “ဘုရားသခင်၏နှုတ်[မြွက်]တော်အမှန်ဖြစ်” ကြောင်း လက်မခံကြပါ။ (၁ သက်သာလောနိတ် ၂:၁၃) ဤကိစ္စနှင့်ပတ်သက်လျှင် ခရစ်ယာန်ဘောင်၏မှတ်တမ်းသည် ရှက်စရာပင်။ ဓမ္မပညာရေးကျောင်းကြီးများတွင် နှစ်အတော်ကြာ သင်ယူကြပြီးနောက် ဓမ္မဆရာများသည် ဘုရားသခင့်စကားတော်သွန်သင်သူများအဖြစ် အသင့်ပြင်ဆင်ခံရကြသလော။ မခံရကြပါ။ ကျောင်းသားအချို့သည် ကျမ်းစာယုံကြည်သူများအဖြစ် သင်တန်းစတက်ခဲ့ကြသော်လည်း ကျောင်းဆင်းသည့်အခါ သံသယဝင်နေကြသည်တကား! ထို့နောက် သူတို့မှအများစု မယုံကြည်ကြတော့သည့် ဘုရားသခင့်စကားတော်ကို ဟောပြောမည့်အစား သူတို့၏ဓမ္မအမှုကို လမ်းကြောင်းပြောင်းလိုက်ပြီး နိုင်ငံရေးအငြင်းပွားမှုတွင်ပါဝင်ကြ၊ လူမှုရေးဆိုင်ရာကျမ်းစာမူဝါဒကို လှုံ့ဆော်တွန်းအားပေးကြ၊ သို့မဟုတ် သူတို့၏ဟောပြောချက်များတွင် လူ့အတွေးအခေါ်များကို အလေးပေးလာကြသည်။ (၂ တိမောသေ ၄:၃) ယင်းနှင့်မတူဘဲ ခရစ်ယာန်စစ်များသည် ယေရှုခရစ်၏ပုံသက်သေကို လိုက်လျှောက်ကြသည်။
၇၊ ၈။ ဘုရားသခင့်စကားတော်အပေါ် ယေရှု၏သဘောထားသည် ကိုယ်တော့်ခေတ်မှ ဘာသာရေးခေါင်းဆောင်များနှင့် မည်သို့ကွာခြားသနည်း။
၇ ယေရှုသည် သူ၏အတွေးအခေါ်ကို သူ့ခေတ်ရှိဘာသာရေးခေါင်းဆောင်များအား ပုံသွင်းခွင့်မပြုခဲ့ချေ။ ယေရှုသည် တမန်တော်များအစရှိသည့် အုပ်စုငယ်လေးကိုသွန်သင်သည်ဖြစ်စေ၊ လူအုပ်ကြီးကိုသွန်သင်သည်ဖြစ်စေ ကျမ်းစာကိုကောင်းစွာအသုံးပြုခဲ့သည်။မဿဲ ၁၃:၁၀-၁၇; ၁၅:၁-၁၁) ဤအလေ့အကျင့်က ထိုခေတ်မှဘာသာရေးခေါင်းဆောင်များနှင့် ကိုယ်တော့်ကိုကွာခြားစေခဲ့သည်။ သူတို့သည် အများပြည်သူတို့ ဘုရားသခင့်နက်နဲရာများကို စူးစမ်းလေ့လာခြင်းမပြုဖို့ အကြီးအကျယ်ဟန့်တားခဲ့ကြသည်။ အမှန်မှာ အချို့ကျမ်းပိုဒ်များသည် အလွန်နက်နဲသောကြောင့် အရင်းနှီးဆုံးကျောင်းသားနှင့်သာ ဆွေးနွေးနိုင်သည်ဟုယူဆထားပြီး ထိုသို့ပြုလျှင်ပင် ခေါင်းအုပ်ထား၍ လေသံတိုးတိုးဖြင့်ဖတ်ခြင်းသည် ထိုခေတ်မှသွန်သင်သူတစ်ဦး၏ ထုံးစံဖြစ်ခဲ့သည်။ ထိုဘာသာရေးခေါင်းဆောင်များသည် ဘုရားသခင့်နာမတော်ကို အသံထွက်ပြောဆိုခြင်းနှင့်ပတ်သက်၍ အယူသီးကြသကဲ့သို့ ကျမ်းစာ၏အစိတ်အပိုင်းတချို့ကို ဆွေးနွေးခြင်း၌လည်း အယူသီးခဲ့ကြသည်။
(၈ ခရစ်တော်မူကား သူတို့နှင့်မတူပါ။ လက်ရွေးစင်လူနည်းစုလောက်သာမဟုတ်ဘဲ လူတိုင်း “ဘုရားသခင်မိန့်တော်မူသမျှ” ကိုသုံးသပ်ဖို့လိုသည်ဟု ကိုယ်တော်ယုံကြည်ခဲ့သည်။ ယေရှုသည် ကျမ်းတတ်လက်ရွေးစင်အုပ်စုတစ်ခုကိုသာ အသိပညာသော့ကိုအပ်နှင်းဖို့ စိတ်မကူးခဲ့ချေ။ တပည့်တော်များကို ကိုယ်တော်ဤသို့မိန့်ဆိုခဲ့သည်– “မှောင်မိုက်၌ သင်တို့အားငါပြောသောအရာများကို သင်တို့သည် အလင်း၌ကြားပြောကြလော့။ သင်တို့နားအပါး၌ပြော၍ ကြားသောအရာများကို အိမ်မိုးပေါ်မှာဟစ်ကြော်ကြလော့။” (မဿဲ ၄:၄; ၁၀:၂၇) ယေရှုသည် လူများနိုင်သမျှများများအား ဘုရားသခင့်အသိပညာကို ဝေမျှပေးလိုစိတ်ပြင်းပြခဲ့သည်။
၉။ ခရစ်ယာန်စစ်များသည် ကျမ်းစာကို မည်သို့အသုံးပြုကြသနည်း။
၉ ဘုရားသခင့်စကားတော်သည် ကျွန်ုပ်တို့သွန်သင်ချက်၏ အဓိကအာရုံစိုက်ရာဖြစ်သင့်သည်။ ဥပမာ၊ ဘုရားသခင့်နိုင်ငံတော်ခန်းမ၌ ကျွန်ုပ်တို့ဟောပြောချက်တစ်ခုပေးသောအခါ ကျမ်းစာမှ ရွေးချယ်ထားသောအခန်းငယ်များကို ဖတ်ပြရုံနှင့်မလုံလောက်ပါ။ ကျမ်းချက်ကိုရှင်းပြ၊ ဥပမာပေးပြီး ဆက်စပ်ပြဖို့လိုပေမည်။ ကျွန်ုပ်တို့၏ပန်းတိုင်မှာ ပုံနှိပ်စာပေများမှ ကျမ်းစာသတင်းတရားကို ထုတ်ယူပြီး နားထောင်သူ၏နှလုံးသားထဲသွင်းပေးဖို့ဖြစ်သည်။ (နေဟမိ ၈:၈၊ ၁၂) သွန်သင်ချက်ပေးဖို့ သို့မဟုတ် ပဲ့ပြင်တည့်မတ်ပေးဖို့လိုအပ်သောအခါ၌လည်း ကျမ်းစာကိုအသုံးပြုသင့်သည်။ ယေဟောဝါ၏လူမျိုးတော်သည် ဘာသာစကားမတူကြ၊ နောက်ခံအမျိုးမျိုးမှလာကြသော်လည်း သူတို့အားလုံး စာအုပ်တကာတို့၏စာအုပ်—သမ္မာကျမ်းစာကို လေးမြတ်တန်ဖိုးထားကြသည်။
၁၀။ သမ္မာကျမ်းစာ၏မှုတ်သွင်းခံသတင်းတရားသည် ကျွန်ုပ်တို့အပေါ် အဘယ်အကျိုးသက်ရောက်နိုင်သနည်း။
၁၀ ထိုသို့လေးမြတ်မှုနှင့်အသုံးပြုကြသောအခါ ကျမ်းစာ၏သတင်းစကားသည် တန်ခိုးပါ၏။ (ဟေဗြဲ ၄:၁၂) သမ္မာကျမ်းစာသည် လူတို့၏အသက်တာကိုပြောင်းလဲရန် လှုံ့ဆော်ပေးပြီး မတရားမေထုန်၊ သူ့သားအိမ်ရာပြစ်မှားခြင်း၊ ရုပ်ပုံကိုးကွယ်ခြင်း၊ သောက်ကြူးခြင်းနှင့် ခိုးခြင်းအစရှိသည့် ကျမ်းစာနှင့်မညီညွတ်သောအမူအကျင့်များကို ရှောင်ကြဉ်စေသည်။ ၎င်းက လူများစွာအား ဥပဓိရုပ်ဟောင်းကိုချွတ်ပြီး အသစ်ကိုယူတင်ဝတ်ဆင်စေခဲ့ပြီ။ (ဧဖက် ၄:၂၀-၂၄) အဘယ်မည်သောလူ့အယူအဆ၊ ထုံးတမ်းစဉ်လာထက်မဆို ၎င်းကို ကျွန်ုပ်တို့လေးမြတ်တန်ဖိုးထားကြမည်ဆိုလျှင် သမ္မာကျမ်းစာသည် ဘုရားသခင့်စကားတော်သွန်သင်သူများအဖြစ် ကျွန်ုပ်တို့ကိုအစွမ်းရှိစေပြီး အပြည့်အဝပြင်ဆင်လေ့ကျင့်ပေးနိုင်ပါသည်။
ယေဟောဝါ၏ဝိညာဉ်တော်က အရည်အချင်းရှိစေ
၁၁။ ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်ကို “အထောက်အမ” အဖြစ် အဘယ်ကြောင့်သင့်လျော်စွာရည်ညွှန်းသနည်း။
၁၁ ဒုတိယအနေနှင့် ကျွန်ုပ်တို့အား အပြည့်အဝပြင်ဆင်လေ့ကျင့်ပေးသော ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်၊ သို့မဟုတ် တက်ကြွလှုပ်ရှားသောစွမ်းအား၏ကဏ္ဍကို ဆွေးနွေးကြည့်ကြစို့။ ယေဟောဝါ၏ဝိညာဉ်တော်သည် စွမ်းအားအရှိဆုံးဖြစ်ကြောင်း ကျွန်ုပ်တို့ဘယ်သောအခါမျှမမေ့လျော့သင့်ပါ။ ယေဟောဝါသည် စစ်မှန်သောခရစ်ယာန်အားလုံး၏အကျိုးအတွက် ထိုအံ့မခန်းဖွယ်စွမ်းအားကိုအသုံးချရန် မိမိချစ်မြတ်နိုးသောသားတော်ကို တန်ခိုးအပ်နှင်းခဲ့သည်။ ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်ကို “အထောက်အမ” အဖြစ် သင့်လျော်စွာရည်ညွှန်းခဲ့သည်။ (ယောဟန် ၁၆:၇) ယေဟောဝါထံတော်မှ ထိုဝိညာဉ်တော်ကိုတောင်းလျှောက်ဖို့ မိမိနောက်လိုက်များအား ကိုယ်တော်တိုက်တွန်းခဲ့ပြီး ယေဟောဝါသည် ၎င်းကိုရက်ရောစွာပေးသနားမည်ဖြစ်ကြောင်း သူတို့ကိုစိတ်ချစေခဲ့သည်။—လုကာ ၁၁:၁၀-၁၃; ယာကုပ် ၁:၁၇။
၁၂၊ ၁၃။ (က) ကျွန်ုပ်တို့၏ဓမ္မအမှုတွင်ထောက်ကူပေးရန် သန့်ရှင်းသောဝိညာဉ်တော်ကိုတောင်းလျှောက်ဖို့ အဘယ်ကြောင့်အရေးကြီးသနည်း။ (ခ) သန့်ရှင်းသောဝိညာဉ်တော်သည် မိမိတို့၌မလုပ်ဆောင်ကြောင်း ဖာရိရှဲများမည်သို့တင်ပြခဲ့ကြသနည်း။
၁၂ သန့်ရှင်းသောဝိညာဉ်တော်ရှိဖို့အတွက်၊ အထူးသဖြင့် ကျွန်ုပ်တို့၏ဓမ္မအမှုတွင်ကူညီပေးဖို့အတွက် နေ့စဉ်ဆုတောင်းဖို့လိုသည်။ ထိုလှုပ်ရှားသောစွမ်းအားသည် ကျွန်ုပ်တို့အပေါ် အဘယ်အကျိုးသက်ရောက်နိုင်သနည်း။ ၎င်းသည် ကျွန်ုပ်တို့၏စိတ်နှလုံးအပေါ် တန်ခိုးသက်ရောက်နိုင်ပြီး ပြောင်းလဲရန်၊ ကြီးထွားရန်နှင့် ဥပဓိရုပ်ဟောင်းကို အသစ်နှင့်လဲရန် ထောက်ကူပေးနိုင်သည်။ (ကောလောသဲ ၃:၉၊ ၁၀) အဖိုးထိုက်သော ခရစ်တော်ကဲ့သို့သောအရည်အသွေးများကို ပြုစုပျိုးထောင်ဖို့ ကူညီပေးနိုင်သည်။ ကျွန်ုပ်တို့အများစုသည် ဂလာတိ ၅:၂၂၊ ၂၃ ကိုအလွတ်ဆိုနိုင်ကြသည်။ ထိုအခန်းငယ်များက ဘုရားသခင့်ဝိညာဉ်တော်အသီးများကို စာရင်းတင်ပြထားသည်။ ပထမဆုံးအသီးမှာ မေတ္တာဖြစ်၏။ ထိုအရည်အသွေးသည် ကျွန်ုပ်တို့၏ဓမ္မအမှုအတွက် မရှိ၍မဖြစ်ချေ။ အဘယ်ကြောင့်နည်း။
၁၃ ချစ်ခြင်းမေတ္တာသည် အကြီးမားဆုံးလှုံ့ဆော်ပေးမှုဖြစ်၏။ ယေဟောဝါကိုချစ်ခြင်းနှင့် လူသားချင်းအပေါ် မေတ္တာရှိခြင်းက ခရစ်ယာန်စစ်များကို သတင်းကောင်းဝေမျှစေသည်။ (မာကု ၁၂:၂၈-၃၁) ဤသို့သောမေတ္တာမရှိလျှင် ဘုရားသခင့်စကားတော်သွန်သင်သူများ အဖြစ် အရည်အချင်းအမှန်ပြည့်မီနိုင်မည်မဟုတ်ပေ။ ယေရှုနှင့် ဖာရိရှဲတို့၏ ကွာခြားမှုကိုသတိပြုပါ။ မဿဲ ၉:၃၅ခ၊ ၃၆ တွင် ယေရှုဤသို့ဆို၏– “လူအစုအဝေးတို့ကိုမြင်တော်မူလျှင် သနားခြင်းစိတ်ရှိတော်မူ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့ ဖြစ်ကြ၏။” သာမန်လူတို့အပေါ် ဖာရိရှဲများ၏သဘောထားကား အဘယ်နည်း။ သူတို့က “တရားကိုမသိသော ဤလူများတို့သည် ကျိန်ခြင်းကိုခံရသောသူဖြစ်သည်” ဟုဆိုခဲ့ကြသည်။ (ယောဟန် ၇:၄၉) ထိုဖာရိရှဲများသည် လူတို့အပေါ်မေတ္တာမရှိဘဲ ရစရာမရှိအောင်အထင်သေးခဲ့ကြသည်။ ယေဟောဝါ၏ဝိညာဉ်တော်သည် သူတို့ထဲ၌ အလုပ်မလုပ်သည်မှာ ထင်ရှားပါသည်။
၁၄။ ဓမ္မအမှုတွင် မေတ္တာပြခြင်းနှင့်ဆိုင်သော ယေရှု၏ပုံသက်သေသည် ကျွန်ုပ်တို့ကိုမည်သို့လှုံ့ဆော်ပေးသင့်သနည်း။
၁၄ ယေရှုသည် လူတို့ကိုသနားခဲ့သည်။ သူတို့၏နာကျင်မှုကို ကိုယ်တော်သိရှိခဲ့သည်။ သူတို့သည် ထိန်းသူမရှိသောသိုးများကဲ့သို့ မတရားပြုခံရ၊ အရေခွံဆုတ်ခံရပြီး ပစ်ထားခံရကြောင်း ကိုယ်တော်သိထားသည်။ ယောဟန် ၂:၂၅ ကယေရှုသည် “လူတို့အထဲ၌ရှိသမျှကို သိတော်မူ” ၏ဟုဆို၏။ ဖန်ဆင်းရာကာလတွင် ယေရှုသည် ယေဟောဝါ၏လုပ်သားချုပ်ဖြစ်ခဲ့သောကြောင့် လူ့သဘောသဘာဝကို ကိုယ်တော်နှိုက်နှိုက်ချွတ်ချွတ်နားလည်တော်မူ၏။ (သု. ၈:၃၀၊ ၃၁) ထိုနားလည်မှုက ကိုယ်တော်၏ချစ်ခြင်းမေတ္တာကို ပို၍နက်ရှိုင်းစေခဲ့သည်။ ထိုသို့သောမေတ္တာသည် ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းနောက်ကွယ်မှ တွန်းအားပေးသောစွမ်းအား အစဉ်ဖြစ်ပါလေစေ! ဤကိစ္စတွင် ကျွန်ုပ်တို့တိုးတက်ဖို့လိုမည်ဟုယူဆပါက ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်အတွက် ဆုတောင်းပြီး ဆုတောင်းချက်နှင့်အညီ လုပ်ဆောင်ကြစို့။ ကျွန်ုပ်တို့ကို ယေဟောဝါနားညောင်းပါလိမ့်မည်။ သတင်းကောင်းဟောပြောဖို့ အရည်အချင်းအပြည့်မီဆုံးဖြစ်သူ ခရစ်တော်နှင့် ကျွန်ုပ်တို့ပို၍တူစေဖို့ ဤမတွန်းလှန်နိုင်သောစွမ်းအားကို ကိုယ်တော်စေလွှတ်ပါလိမ့်မည်။
၁၅။ ဟေရှာယ ၆၁:၁-၃ ပါစကားများသည် ယေရှုနှင့်သက်ဆိုင်ပြီး တစ်ကြိမ်တည်းတွင် ကျမ်းတတ်များနှင့် ဖာရိရှဲများကို မည်သို့ဖော်ထုတ်ခဲ့သနည်း။
၁၅ ယေရှု၏အရည်အချင်းများ အဘယ်ကလာသနည်း။ “ထာဝရဘုရား[သခင်၊ ယေဟောဝါ] ၏ဝိညာဉ်တော်သည် ငါ့အပေါ်၌တည်၏” ဟုကိုယ်တော်ဆိုခဲ့သည်။ (လုကာ ၄:၁၇-၂၁) မှန်ပါသည်၊ ယေဟောဝါကိုယ်တော်တိုင် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ယေရှုကိုခန့်အပ်ခဲ့သည်။ နောက်ထပ်ခန့်အပ်လွှာကို ယေရှုမလိုအပ်ခဲ့ပေ။ ကိုယ်တော့်ခေတ်မှ ဘာသာရေးခေါင်းဆောင်များသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ခန့်အပ်ခံခဲ့ရပါသလော။ ခန့်အပ်မခံခဲ့ရပါ။ ယေရှုကျယ်လောင်စွာဖတ်ရှုပြီး မိမိကိုယ်တိုင်နှင့်သက်ဆိုင်ကြောင်း ဖော်ပြခဲ့သော ဟေရှာယ ၆၁:၁-၃ ပြည့်စုံစေရန် သူတို့ပြင်ဆင်လေ့ကျင့်မခံခဲ့ကြရပါ။ ကျေးဇူးပြု၍ ထိုအခန်းငယ်များကိုဖတ်ရှုပြီး အရေခြုံကျမ်းတတ်နှင့် ဖာရိရှဲများသည် အရည်အချင်းမပြည့်မီကြောင်းကို ကိုယ်တိုင်စစ်ဆေးကြည့်ပါ။ သူတို့၌ ဆင်းရဲသားများအား ကြွေးကြော်ဖို့သတင်းကောင်းမရှိခဲ့ကြပေ။ ဖမ်းသွားချုပ်ထားခံရသူများကိုလွှတ်ပေးရန်နှင့် မျက်စိကန်းသူတို့ကို မျက်စိပြန်မြင်စေရန် မည်သို့ဖြစ်နိုင်မည်နည်း။ ဝိညာဉ်ရေးသဘောအရ သူတို့ကိုယ်တိုင်မျက်မမြင်များဖြစ်ကြပြီး လူ့ထုံးတမ်းစဉ်လာများ၏ အချုပ်အနှောင် ခံနေကြရသည်! ထိုသူများနှင့်မတူဘဲ လူတို့ကိုသွန်သင်ဖို့ ကျွန်ုပ်တို့အရည်အချင်းပြည့်မီပါသလော။
၁၆။ ယနေ့ ယေဟောဝါ၏လူမျိုးတော်သည် ဓမ္မအမှုဆောင်များအဖြစ် မိမိတို့၏အရည်အချင်းနှင့်ပတ်သက်၍ အဘယ်သို့ယုံကြည်စိတ်ချနိုင်သနည်း။
၁၆ ကျွန်ုပ်တို့သည် ခရစ်ယာန်ဘောင်၏ အဆင့်မြင့်ပညာရေးတက္ကသိုလ်များတွင် ပညာမသင်ယူခဲ့ကြသည်မှာမှန်၏။ ဓမ္မပညာရေးတက္ကသိုလ်တစ်ခုမှ ကျောင်းဆင်း၍ သွန်သင်သူများအဖြစ် ကျွန်ုပ်တို့ခန့်အပ်မခံရကြပါ။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် အရည်အချင်းမပြည့်မီသူများဖြစ်ကြသလော။ လုံးဝမဖြစ်ကြပါ! ယေဟောဝါသည် ကိုယ်တော်၏သက်သေခံများအဖြစ် ကျွန်ုပ်တို့ကိုခန့်အပ်ထားတော်မူပြီ။ (ဟေရှာယ ၄၃:၁၀-၁၂) ကိုယ်တော်၏ဝိညာဉ်တော်အတွက် ဆုတောင်းပြီး ကျွန်ုပ်တို့၏ဆုတောင်းချက်နှင့်အညီ လုပ်ဆောင်ကြမည်ဆိုလျှင် အမြင့်ဆုံးအရည်အချင်းများရှိကြမည်။ ကျွန်ုပ်တို့သည် မစုံလင်သူများဖြစ်ကြပြီး ကြီးမြတ်သောဆရာ၊ ယေရှုချမှတ်ခဲ့သောပုံသက်သေကို လိုက်မမီသူများဖြစ်သည်မှာမှန်ပါသည်။ သို့သော် ကိုယ်တော်၏စကားတော်သွန်သင်သူများအဖြစ် ကျွန်ုပ်တို့ကိုအရည်အချင်းရှိစေပြီး ပြင်ဆင်လေ့ကျင့်ပေးဖို့ ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်ကို အသုံးပြုသည့်အတွက် ယေဟောဝါအားကျေးဇူးမတင်ကြပေလော။
ယေဟောဝါ၏အဖွဲ့အစည်းက ကျွန်ုပ်တို့ကိုအရည်အချင်းရှိစေ
၁၇-၁၉။ ယေဟောဝါ၏အဖွဲ့အစည်း ပြင်ဆင်ပေးသော အစည်းအဝေးငါးခုက ကျွန်ုပ်တို့ကို ဓမ္မအမှုဆောင်များအဖြစ် မည်သို့အရည်အချင်းရှိစေသနည်း။
၁၇ ယခု ကိုယ်တော်၏စကားတော်သွန်သင်သူများအဖြစ် ကျွန်ုပ်တို့ကိုပြင်ဆင်လေ့ကျင့်ပေးသော ယေဟောဝါ၏တတိယနည်းလမ်းဖြစ်ပြီး ဓမ္မအမှုဆောင်များအဖြစ် ကျွန်ုပ်တို့ကိုလေ့ကျင့်ပေးသည့် ကိုယ်တော်၏မြေကြီးဆိုင်ရာအသင်းတော် သို့မဟုတ် အဖွဲ့အစည်းအကြောင်း ဆွေးနွေးကြပါစို့။ မည်သို့လေ့ကျင့်ပေးသနည်း။ ကျွန်ုပ်တို့ရရှိခံစားရသော သွန်သင်ခြင်းအစီအစဉ်ကို ခေတ္တမျှစဉ်းစားကြည့်ပါ! သာမန်သီတင်းပတ်တစ်ပတ်တွင် ခရစ်ယာန်အစည်းအဝေးငါးခုကို ကျွန်ုပ်တို့တက်ကြသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ယေဟောဝါ၏အဖွဲ့အစည်းမှတစ်ဆင့် ပြင်ဆင်ပေးသော သင်တန်းသုံးစာအုပ်တစ်အုပ်ဖြင့် ကျမ်းစာ၏နက်နဲရာကို ခရေစေ့တွင်းကျလေ့လာရန် အသင်းတော်စာအုပ်ကြီးသင်တန်းတွင် အုပ်စုငယ်လေးများအဖြစ်စုဝေးကြသည်။ နားထောင်၍ မှတ်ချက်များပေးခြင်းဖြင့် အချင်းချင်းသင်ယူအားပေးကြသည်။ စာအုပ်ကြီးသင်တန်းကြီးကြပ်မှူးထံမှ တစ်ဦးချင်းစီ သွန်သင်မှုနှင့် ဂရုစိုက်မှုကိုလည်း ကျွန်ုပ်တို့ရရှိကြသည်။ လူထုစည်းဝေးနှင့် ကင်းမျှော်စင်သင်တန်းတွင် နောက်ထပ်ဝိညာဉ်စာအလျှံပယ် သုံးဆောင်ကြသည်။
၁၈ ကျွန်ုပ်တို့၏သီအိုကရက်တစ်ဓမ္မအမှုကျောင်းသည် သွန်သင်၁ ပေတရု ၃:၁၅) အတော်ရင်းနှီးသည်ဟုအထင်ရှိသော အကြောင်းအရာတစ်ခုကို ဟောပြောချက်ပေးဖို့တာဝန်ရပြီး ၎င်းနှင့်ပတ်သက်၍ အသစ်အဆန်းတစ်ခုခုသိရှိသွားရခြင်းကို သင်ကြုံဖူးသလော။ ထိုသို့ဖြစ်လေ့ရှိပါသည်။ အကြောင်းအရာတစ်ခုကို ပိုရင်းနှီးသိကျွမ်းစေသည်မှာ ၎င်းကို အခြားသူများအားသွန်သင်ပေးခြင်းဖြစ်သည်။ ကိုယ်တိုင်တင်ဆက်ဖို့ တာဝန်မရထားလျှင်ပင် သာ၍ကောင်းသောသွန်သင်သူများဖြစ်ဖို့ သင်ယူနိုင်ဆဲဖြစ်၏။ ကျောင်းသားတစ်ဦးစီတွင် အရည်အချင်းကောင်းများတွေ့မြင်နိုင်ပြီး ၎င်းအရည်အချင်းများကို မည်သို့တုပနိုင်ကြောင်း စဉ်းစားနိုင်သည်။
နည်းနှင့်ပတ်သက်၍ ပို့ချပေးရန် ရည်ရွယ်ထားသည်။ ကျောင်းသားဟောပြောချက်များကို ပြင်ဆင်ခြင်းအားဖြင့် ကျယ်ပြန့်သောအကြောင်းအရာများကိုသွန်သင်ဖို့ ဘုရားသခင့်စကားတော်အသုံးပြုနည်းကို ကျွန်ုပ်တို့သင်ယူကြသည်။ (၁၉ လုပ်ငန်းတော်အစည်းအဝေးကို ဘုရားသခင့်စကားတော်သွန်သင်သူများအဖြစ် ကျွန်ုပ်တို့အားပြင်ဆင်လေ့ကျင့်ပေးဖို့ ရည်ရွယ်ထားပါသည်။ ကျွန်ုပ်တို့၏ဓမ္မအမှုနှင့်အံဝင်သော အသက်ဝင်သည့်ဟောပြောချက်များ၊ ဆွေးနွေးခန်းများနှင့် သရုပ်ပြခန်းများကို တစ်ပတ်ပြီးတစ်ပတ် ကျွန်ုပ်တို့ကြားနာကြရသည်။ အဘယ်တင်ဆက်ပုံကို ကျွန်ုပ်တို့အသုံးပြုမည်နည်း။ လူတို့ကို ဟောပြောရာတွင် ကျွန်ုပ်တို့တွေ့ကြုံသော အထူးစိန်ခေါ်ချက်များကို မည်သို့ဖြေရှင်းနိုင်မည်နည်း။ ထပ်ဆင့်လေ့လာဖို့လိုသော အဘယ်ဟောပြောနည်းများရှိသနည်း။ ပြန်လည်ပတ်ပြီး ကျမ်းစာသင်အံမှုများကျင်းပသောအခါ အဘယ်အရာက ပို၍ထိရောက်သောသွန်သင်သူများ ဖြစ်စေမည်နည်း။ (၁ ကောရိန္သု ၉:၁၉-၂၂) ထိုသို့သောမေးခွန်းများကို လုပ်ငန်းတော်စည်းဝေး၌ အသေးစိတ်ဟောပြော၊ ဆွေးနွေးပါသည်။ အစည်းအဝေးအပိုင်းများစွာသည် ကျွန်ုပ်တို့၏အရေးပါသောလုပ်ငန်းအတွက် ပြင်ဆင်လေ့ကျင့်ပေးဖို့စီစဉ်ထားသော နောက်ကိရိယာတစ်ခုဖြစ်သော ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုပါဆောင်းပါးများကို အခြေခံသည်။
၂၀။ အစည်းအဝေးများနှင့် စည်းဝေးကြီးများမှ ကျွန်ုပ်တို့မည်သို့အကျိုးအပြည့်အဝရနိုင်သနည်း။
၂၀ အစည်းအဝေးများကိုပြင်ဆင်၊ တက်ရောက်ပြီး သွန်သင်သူများအဖြစ် မိမိတို့လုပ်ငန်းတွင် သင်ယူခဲ့ရာများကို လက်တွေ့အသုံးပြုခြင်းဖြင့် ထပ်ဆင့်လေ့ကျင့်မှုရရှိကြသည်။ သို့သော် ထိုထက်ရှိပါသေးသည်။ ဘုရားသခင့်စကားတော်သွန်သင်သူများအဖြစ် ကျွန်ုပ်တို့ကိုပြင်ဆင်လေ့ကျင့်ပေးရန် ရည်ရွယ်ထားသော ပို၍ကြီးမားသည့်အစည်းအဝေးများနှင့် စည်းဝေးကြီးများလည်းရှိသေးသည်။ ၎င်းတို့တွင် ဂရုတစိုက်နားထောင်ပြီး ကြားသိရသောအကြံပြုချက်များကိုကျင့်သုံးရန် ကျွန်ုပ်တို့စောင့်မျှော်ကြသည်မဟုတ်ပေလော!—လုကာ ၈:၁၈။
၂၁။ ကျွန်ုပ်တို့၏လေ့ကျင့်မှုသည် ထိရောက်မှုရှိကြောင်း အဘယ်အထောက်အထားကဖော်ပြသနည်း၊ မည်သူ့ကိုဂုဏ်တင်ရမည်နည်း။
၂၁ ယေဟောဝါပြင်ဆင်ပေးထားသော သင်တန်းများသည် ထိရောက်မှုရှိပါသလော။ အဖြစ်မှန်များကိုယ်နှိုက်က ဖြေဆိုပါလေစေ။ နှစ်စဉ် ထောင်သောင်းချီသောသူများသည် အခြေခံကျမ်းစာအယူဝါဒများကို သင်ယူဖို့နှင့် ဘုရားသခင့်တောင်းဆိုချက်များနှင့်အညီနေထိုင်ဖို့ ကူညီပေးခြင်းခံကြရသည်။ ကျွန်ုပ်တို့၏အရေအတွက်မှာ တိုးများလာနေသည်၊ သို့သော် မိမိကြောင့်ဖြစ်သည်ဟု ကျွန်ုပ်တို့တစ်ယောက်မျှ ဂုဏ်မယူနိုင်ချေ။ ယေရှုကဲ့သို့ အရှိကိုအရှိအတိုင်း ကိစ္စရပ်များကိုရှုမြင်ရကြမည်။ ကိုယ်တော်ဤသို့ဆိုခဲ့သည်– “ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်သည် သွေးဆောင်တော်မမူလျှင်၊ အဘယ်သူမျှငါ့ထံသို့မလာနိုင်။” ရှေးခေတ်တမန်တော်များကဲ့သို့ ကျွန်ုပ်တို့အများစုသည် စာမတတ်သော သာမန်လူများဖြစ်ကြသည်။ (ယောဟန် ၆:၄၄; တမန်တော် ၄:၁၃) ကျွန်ုပ်တို့၏အောင်မြင်မှုသည် စိတ်နှလုံးရိုးဖြောင့်သူများကို အမှန်တရားသို့သွေးဆောင်တော်မူသော ယေဟောဝါအပေါ်မူတည်ပါသည်။ ပေါလုကဤသို့ကောင်းစွာဆို၏– “ငါသည်စိုက်ပျိုးသောသူဖြစ်၏။ အာပေါလုသည် ရေလောင်းသောသူဖြစ်၏။ အပင်ကိုကြီးပွားစေသောသူကား၊ ဘုရားသခင်ပေတည်း။”—၁ ကောရိန္သု ၃:၆။
၂၂။ ခရစ်ယာန်ဓမ္မအမှုတွင် အပြည့်အဝပါဝင်ခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့အဘယ်ကြောင့် ဘယ်သောအခါမျှ အလွန်စိတ်ဓာတ်မကျသင့်သနည်း။
၂၂ မှန်ပါသည်၊ ကိုယ်တော်၏စကားတော်သွန်သင်သူများအဖြစ် ကျွန်ုပ်တို့၏လုပ်ငန်းတွင် ယေဟောဝါဘုရားသခင် တက်ကြွစွာပါဝင်တော်မူ၏။ သွန်သင်သူများအဖြစ် အရည်အချင်းပြည့်မီသည်ဟု ကျွန်ုပ်တို့အစဉ်ခံစားရချင်မှ ခံစားရပေမည်။ သို့သော် မိမိကိုယ်တော်တိုင်နှင့် သားတော်ထံသို့ လူတို့ကိုသွေးဆောင်တော်မူသောသူမှာ ယေဟောဝါဖြစ်ကြောင်းသတိရပါ။ ကိုယ်တော်၏စကားတော်၊ ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်နှင့် ကိုယ်တော်၏မြေကြီးဆိုင်ရာအဖွဲ့အစည်းအားဖြင့် ထိုလူသစ်များကိုဟောပြောရန် ကျွန်ုပ်တို့ကို ဓမ္မအမှုဆောင်များအဖြစ် အရည်အချင်းရှိစေသူမှာ ယေဟောဝါသာဖြစ်သည်။ ဘုရားသခင့်စကားတော်သွန်သင်သူများအဖြစ် ကျွန်ုပ်တို့ကို အပြည့်အဝပြင်ဆင်လေ့ကျင့်ပေးဖို့ ယခုစီမံပေးလျက်ရှိသော ကောင်းသောအရာများကို ကျင့်သုံးခြင်းအားဖြင့် ယေဟောဝါ၏လေ့ကျင့်ပေးမှုကို ခံယူကြစို့လေ!
သင်မည်သို့ဖြေဆိုမည်နည်း
• သမ္မာကျမ်းစာသည် ဟောပြောခြင်းလုပ်ငန်းအတွက် ကျွန်ုပ်တို့ကိုမည်သို့ပြင်ဆင်လေ့ကျင့်ပေးသနည်း။
• ကျွန်ုပ်တို့ကို ဓမ္မအမှုဆောင်များအဖြစ် အရည်အချင်းရှိစေရန် သန့်ရှင်းသောဝိညာဉ်တော်သည် အဘယ်အခန်းကဏ္ဍမှပါဝင်သနည်း။
• ယေဟောဝါ၏မြေကြီးဆိုင်ရာအဖွဲ့အစည်းသည် သတင်းကောင်းဟောပြောသူတစ်ဦးအဖြစ် သင့်ကို အဘယ်နည်းများဖြင့် အရည်အချင်းရှိစေခဲ့ပြီနည်း။
• ဓမ္မအမှု၌ပါဝင်ကြစဉ် ကျွန်ုပ်တို့အဘယ်ကြောင့်ယုံကြည်စိတ်ချနိုင်ကြသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ဘုရားသခင့်စကားတော်သွန်သင်သူတစ်ဦးအဖြစ် ယေရှုသည် လူတို့ကိုမေတ္တာပြခဲ့