မျက်နှာမလိုက်ခြင်း
မျက်နှာမလိုက်ခြင်း
ဘက်လိုက်မှု သို့မဟုတ် မျက်နှာသာပေးမှုနှင့် လွတ်ကင်းခြင်း; မျှတခြင်း။ မျက်နှာမလိုက်ခြင်းမည်သည်ကား ရာထူးရာခံ၊ အာဝဇ္ဇန်းရွှင်မှု၊ ဥစ္စာကြွယ်ဝမှု၊ တံစိုးလက်ဆောင်တို့ကိုထောက်၍ သို့မဟုတ် အခြားတစ်ဖက်တွင် ဆင်းရဲသား၊ သို့မဟုတ် တစ်နည်းနည်းဖြင့် အခွင့်မသာသူတစ်ဦးအပေါ် သနားသောစိတ်ကိုထောက်၍ ထိုပုဂ္ဂိုလ်ဘက်လိုက်ပြီးစီရင်ခြင်း သို့မဟုတ် အရေးယူဆောင်ရွက်ပေးခြင်းကို မပြုခြင်းဖြစ်သည်။ မျက်နှာမလိုက်ခြင်းသည် တစ်ဦးစီရထိုက်သည့် လိုအပ်ရာများနှင့်အညီ အားလုံး တရားမျှတစွာရရှိရန် ကြည့်ရှုဆောင်ရွက်သည်။—သု ၃:၂၇။
‘ဘက်လိုက်ဆက်ဆံသည်’ ဟုပြန်ဆိုထားသည့် နာဆာပါနင်မ်ဟူသော ဟေဗြဲအသုံးအနှုန်းသည် စာသားအရ “မျက်နှာကိုချီးမြှင့်သည်” ဟူ၍အဓိပ္ပာယ်ရ၏။ (ဝ ၁၉:၁၅) အရှေ့တိုင်းသားတို့၏နှုတ်ဆက်နည်းတစ်မျိုးမှာ နှိမ့်ချစွာဦးညွတ်လျက် မြေကြီးသို့မျက်နှာမူထားခြင်းဖြစ်သည်။ လက်ခံအသိအမှတ်ပြုသည့် လက္ခဏာအဖြစ် ချီးမြှင့်နှုတ်ဆက်ခံရသူသည် ဦးညွတ်သူ၏မျက်နှာကိုချီပင့် သို့မဟုတ် မော့ပေးသည်။ (စာသားအရ “မျက်နှာကိုချီပင့်သည်” ဟူ၍အဓိပ္ပာယ်ရှိသော ‘ကြင်နာစွာကြိုဆိုလက်ခံ’ ဟုပြန်ဆိုသည့် ဟေဗြဲစကားစုပါသော က ၃၂:၂၀၊ [ကဘ] နှိုင်းယှဉ်။) မရိုးမသား မျက်နှာလိုက်ဆက်ဆံခြင်းကို ရည်ညွှန်းသောအခါ ကဲ့ရဲ့ရှုတ်ချသည့်အနေနှင့် ထိုအသုံးအနှုန်းကို အသုံးပြုလေ့ရှိကြသည်။ ဟေဗြဲစကားစု နာခါ ပါနင်မ် (“မျက်နှာလိုက်သည်” ဟုပြန်ဆိုသော်လည်း စာသားအရ “မျက်နှာကိုအသိအမှတ်ပြုသည်” အဓိပ္ပာယ်ရှိ) ကို ထပ်တူအသုံးပြုကြသည်။ (တရ ၁:၁၇; ၁၆:၁၉) ဂရိအသုံးအနှုန်း လမ်ဘားနို ပရိုစိုပွန် (‘မျက်နှာလိုက်သည်’; စာသားအရ “မျက်နှာယူသည် သို့မဟုတ် လက်ခံသည်”) သည် ဟေဗြဲပုံစံအတိုင်းဖြစ်သည်။ (လု ၂၀:၂၁; ကြားညှပ်နှိုင်းယှဉ်။) ဤကြိယာနှစ်ခု၏ ပေါင်းစပ်ထားသောပုံစံများကို “မျက်နှာလိုက်ခြင်း; မျက်နှာသာပေးခြင်း” (ရ ၂:၁၁; ယာ ၂:၁)၊ ‘ဘက်လိုက်သည်’ (ယာ ၂:၉)၊ နှင့် “မျက်နှာလိုက်” ဟုပြန်ဆိုထားသည် (တ ၁၀:၃၄၊ ကဘ)။—ကြားညှပ်နှိုင်းယှဉ်။
ယေဟောဝါသည် မျက်နှာမလိုက်။ ယေဟောဝါသည် “သူ့မျက်နှာကိုမထောက်၊ တံစိုးကိုမစား” ကြောင်း မိန့်ဆိုသည်။ (တရ ၁၀:၁၇; ၆ရ ၁၉:၇) တမန်တော်ပေတရုသည် အရေဖျားမလှီးသော တစ်ပါးအမျိုးသားဖြစ်သူ ကော်နေလိထံ သတင်းကောင်းကြေညာရန် ဘုရားသခင်စေလွှတ်တော်မူသောအခါ သူကဤသို့ဆိုခဲ့သည်– “ထိုအခါပေတရုသည်နှုတ်ကိုဖွင့်၍၊ အကယ်စင်စစ်ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌မျက်နှာရသည်ကို ငါသိမြင်၏။”—တ ၁၀:၃၄၊ ၃၅; ရ ၂:၁၀၊ ၁၁။
ဖန်ဆင်းရှင်နှင့် အမြင့်ဆုံးသောအရှင် ယေဟောဝါ၏ဆုံးဖြတ်ချက်များနှင့် လုပ်ရပ်များကို စောဒကတက်စိန်ခေါ်၍မရနိုင်ပါ။ ကိုယ်တော်သည် မိမိဖန်ဆင်းထားရာကို မိမိနှစ်သက်သည့်အတိုင်းပြုလုပ်နိုင်ပြီး မည်သူတစ်ဦးကိုမျှ ကြွေးမတင်ပါ။ (ရ ၉:၂၀-၂၄; ၁၁:၃၃-၃၆; ယဘ ၄၀:၂) မိမိ၏ရည်ရွယ်တော်မူချက်နှင့်အညီ သတ်မှတ်ထားချိန်တွင် တစ်ဦးချင်းစီနှင့်ဖြစ်စေ၊ အုပ်စုအလိုက်ကိုဖြစ်စေ၊ တိုင်းနိုင်ငံများအလိုက်ပင်ဖြစ်စေ ကိုယ်တော်ဆက်ဆံတော်မူ၏။ (တ ၁၇:၂၆၊ ၃၁) သို့သော်ငြားလည်း ဘုရားသခင်သည် မျက်နှာလိုက်တော်မမူချေ။ ကိုယ်တော်သည် ပုဂ္ဂိုလ်တစ်ဦးစီကို သူတို့၏အပြင်ပန်းသဏ္ဌာန် သို့မဟုတ် ပိုင်ဆိုင်ရာများအရမဟုတ်ဘဲ သူသည် မည်သို့သောလူစားဖြစ်သည်၊ အဘယ်အရာလုပ်ဆောင်သည်ဟူသောအချက်နှင့်အညီ ဆုချတော်မူ၏။ (၁ရ ၁၆:၇; ဆ ၆၂:၁၂; သု ၂၄:၁၂) ကိုယ်တော့်သားတော် ယေရှုခရစ်သည်လည်း မျက်နှာမလိုက်သည့်ထပ်တူလမ်းစဉ်ကို လိုက်လျှောက်သည်။—မ ၁၆:၂၇။
ဣသရေလလူမျိုးအပေါ် မျက်နှာလိုက်ခြင်းမရှိ။ အချို့သောသူများက ယေဟောဝါသည် ရှေးခေတ်တွင် မိမိ၏လူမျိုးတော်အဖြစ် ဣသရေလလူမျိုးကို အသုံးပြုကာ မျက်နှာသာပေးခြင်းဖြင့် ဘက်လိုက်ဆက်ဆံသည်ဟု ယူဆကြသည်။ သို့ရာတွင် ဣသရေလလူမျိုးနှင့် ကိုယ်တော်၏ဆက်ဆံမှုကို ရိုးသားစွာဆန်းစစ်ခြင်းက ထိုသို့သောစွဲချက်သည် မှားယွင်းကြောင်း ဖော်ပြလိမ့်မည်။ ဣသရေလလူမျိုးကို ယေဟောဝါရွေးချယ်ဆက်ဆံရခြင်းမှာ သူတို့၏ကြီးမြတ်မှုနှင့် အရေအတွက်ကြောင့်မဟုတ်ဘဲ သူတို့၏ဘိုးဘေးဖြစ်သော ကိုယ်တော့်အဆွေ အာဗြဟံအပေါ်မေတ္တာရှိခြင်းကြောင့်နှင့် သူ၏ယုံကြည်ခြင်းနှင့် သစ္စာစောင့်သိမှုကို လေးစားသောကြောင့်ဖြစ်သည်။ (ယာ ၂:၂၃) ထို့ပြင် သူတို့ကို မိမိ၏နာမတော်ခံယူစေသောကြောင့် သူတို့အပေါ် စိတ်ရှည်သည်းခံခဲ့သည်။ (တရ ၇:၇-၁၁; ယဇ ၃၆:၂၂; တရ ၂၉:၁၃; ဆ ၁၀၅:၈-၁၂) နာခံမှုရှိကြစဉ် ပညတ်တရားမရှိသော တစ်ပါးအမျိုးသားများထက် ပိုမိုကောင်းချီးခံစားခဲ့ကြသည်။ ဣသရေလလူမျိုးသည် နာခံမှုမတင်ပြသည့်အခါ သူတို့ကို ဘုရားသခင်စိတ်ရှည်ပြီး ကရုဏာထားခဲ့သည်၊ သို့သော် သူတို့ကို အပြစ်ဒဏ်ပေးခဲ့သည်။ သူတို့သည် မျက်နှာသာရထားသော်လည်း ဘုရားသခင့်နာမတော်ကို ခံယူထားကြသောကြောင့်နှင့် ပညတ်တရားအောက်၌ရှိနေကြသောကြောင့် ဘုရားသခင်ရှေ့တော်မှောက်၌ ကြီးလေးသည့်တာဝန်ရှိသည်။ ပညတ်တရားကိုချိုးဖောက်ခြင်းက ကျိန်စာ သင့်ရောက်စေသည်။ ဤသို့ရေးသားဖော်ပြသည်– “ဤပညတ်တရားစကားတို့ကို အမြဲမကျင့်သောသူသည် အမင်္ဂလာရှိစေသတည်းဟုကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။” (တရ ၂၇:၂၆) ဂျူးများသည် အပြစ်ရှိသော အာဒံ၏မျိုးဆက်အဖြစ် စီရင်ခံရသည့်အပြင် ပညတ်တရားကိုချိုးဖောက်ခြင်းကြောင့် ဤကျိန်စာအောက် ကျရောက်ခဲ့ကြသည်။ (ရ ၅:၁၂) ထို့ကြောင့် ဂလာတိ ၃:၁၀-၁၃ တွင် တမန်တော်ပေါလု အကျိုးအကြောင်းပြ ပြောဆိုထားသည့်အတိုင်း ဤအထူးချို့တဲ့မှုမှ ဂျူးများကိုရွေးနုတ်ရန် ခရစ်တော်သည် သေရရုံမက ညှဉ်းဆဲရာနှက်တိုင်တွင် အသေခံတော်မူခဲ့သည်။
သို့ဖြင့် ဘုရားသခင်သည် ဣသရေလလူမျိုးအပေါ် မျက်နှာလိုက်တော်မမူခဲ့ချေ။ ဘုရားသခင်သည် လူမျိုးအပေါင်းကောင်းချီးရခြင်းအတွက် ဣသရေလလူမျိုးကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ (ဂ ၃:၁၄) ဘုရားသခင်သည် ဤနည်းအားဖြင့် မိမိချိန်းချက်ထားသောအချိန်တွင် လူမျိုးအပေါင်းအကျိုးရရှိဖို့အတွက် အမှန်တကယ်လုပ်ဆောင်တော်မူခြင်းဖြစ်သည်။ ဤအချက်နှင့်အညီ တမန်တော်က ဤသို့မှတ်ချက်ချသည်– “ဘုရားသခင်သည် ယုဒလူတို့၏ဘုရား[သခင်]သာဖြစ်တော်မူသလော။ တစ်ပါးအမျိုးသားတို့၏ဘုရား[သခင်]ဖြစ်တော်မူသည်မဟုတ်လော။ ဟုတ်ပေ၏။ တစ်ပါးအမျိုးသားတို့၏ဘုရား[သခင်]လည်းဖြစ်တော်မူ၏။ အကြောင်းမူကား၊ အရေဖျားလှီးခြင်းကိုခံသောသူနှင့် မခံသောသူနှစ်ဦးကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာ၌တည်စေတော်မူသော ဘုရားသခင်တစ်ဆူတည်း ရှိတော်မူ၏။” (ရ ၃:၂၉၊ ၃၀) ထို့အပြင် ဂိဗောင်မြို့သားများ၊ နက်သနင် (“ပေးဆက်ခံရသူများ” ဟူ၍အဓိပ္ပာယ်ရှိ)၊ နှင့် များစွာသော တိုင်းတစ်ပါးသားများကဲ့သို့ ရှေးဂျူးလူထုအသိုင်းအဝိုင်းတွင်ရှိသည့် အခြားတိုင်းနိုင်ငံများမှသူများသည် ဣသရေလဘုရားသခင် ယေဟောဝါအားဝတ်ပြုကိုးကွယ်ခြင်းနှင့် ကိုယ်တော့်ပညတ်တော်တို့ကိုစောင့်ခြင်းအားဖြင့် ဘုရားသခင့်မျက်နှာသာနှင့် ကောင်းချီးကိုခံစားနိုင်ကြသည်။—ယရ ၉:၃၊ ၂၇; ၃ရ ၈:၄၁-၄၃; ဧဇ ၈:၂၀; တလ ၉:၁၄။
ယေဟောဝါသည် ဣသရေလလူမျိုး နောင်တယူကြသောအခါ စိတ်ရှည်တော်မူကာ သနားကရုဏာရှိတော်မူပြီး ထပ်တလဲလဲပြန်လက်ခံခဲ့သော်လည်း နောက်ဆုံး၌မူ မိမိ၏နာမတော်ဖြင့်သမုတ်သည့်လူမျိုးတော်အဖြစ်မှ သူတို့ကိုစွန့်ပယ်လိုက်သည်။ (လု ၁၃:၃၅; ရ ၁၁:၂၀-၂၂) ဤတွင် တမန်တော်၏ဖော်ပြချက်မှာ သက်ဆိုင်မှုရှိသည်– “ဘုရားသခင်သည် လူအသီးအသီးတို့အား မိမိတို့အကျင့်နှင့်အလျောက် အကျိုးအပြစ်ကိုဆပ်ပေးတော်မူလတ္တံ့။ ကောင်းသောအကျင့်ကိုအမြဲကျင့်၍၊ ဘုန်းအသရေကိုလည်းကောင်း၊ မဖောက်ပြန်သောဇာတိကိုလည်းကောင်း၊ ရှာသောသူတို့အား ထာဝရအသက်ကိုပေးတော်မူလတ္တံ့။ ငြင်းဆန်သောသဘောရှိ၍၊ သမ္မာတရားကိုနားမထောင်ဘဲ မတရားသဖြင့်ကျင့်သောသူတို့ကိုကား၊ ပြင်းစွာသောဒေါသအမျက်ထွက်တော်မူလတ္တံ့၊ ရှေးဦစွာ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ဆိုးညစ်သောအမှုကိုပြုသောသူရှိသမျှတို့သည် ကြီးစွာသောဆင်းရဲဒုက္ခဝေဒနာကို ခံရကြလတ္တံ့၊ ရှေးဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ကောင်းသောအကျင့်ကိုကျင့်သောသူရှိသမျှတို့သည် ဘုန်းအသရေချမ်းသာကို ခံစားရကြလတ္တံ့။ ဘုရားသခင်သည် အဘယ်သူ၏မျက်နှာကိုမျှ မှတ်တော်မမူ။”—ရ ၂:၆-၁၁။
ထို့ကြောင့် ဘုရားသခင်ဆက်ဆံပုံနှင့်စပ်လျဉ်း၍ အပေါ်ယံသာကြည့်ခြင်း၊ အမြင်ကျဉ်းကျဉ်းဖြင့်ကြည့်ခြင်းက မျက်နှာလိုက်ပုံပေါက်နိုင်သော်လည်း နက်နက်နဲနဲ၊ အမြင်ကျယ်ကျယ်ဖြင့်ရှုမြင်ခြင်းက လူ့စိတ်ကူးဖြင့်မကြံဆနိုင်သည့်တိုင် အံ့ဖွယ်ကောင်းလောက်အောင် မျက်နှာမလိုက်မှုနှင့် တရားမျှတမှုကို ထင်ရှားပေါ်လွင်စေသည်။ ကိုယ်တော်သည် မိမိ၏မျက်နှာသာတော်နှင့် အသက်ကို လူသားအပေါင်းရရှိခွင့်အတွက် ကိစ္စရပ်များကို အလွန်ကောင်းမွန်စွာ လုပ်ဆောင်တော်မူခဲ့ပါသည်တကား!—ရှာ ၅၅:၈-၁၁; ရ ၁၁:၃၃။