ကိုယ်ကျိုးစွန့်စိတ်ဓာတ်ဖြင့် အမှုဆောင်ခြင်း
ဘဝအတ္ထုပ္ပတ္တိ
ကိုယ်ကျိုးစွန့်စိတ်ဓာတ်ဖြင့် အမှုဆောင်ခြင်း
ဒေါန် ရန်ဒဲလ် ပြောပြသည်
ကျွန်တော့်အသက် ငါးနှစ်လောက်ပဲရှိသေးတဲ့ ၁၉၂၇ ခုနှစ်မှာ အမေဆုံးသွားတယ်။ ဒါပေမဲ့ အမေ့ရဲ့ယုံကြည်ခြင်းက ကျွန်တော့်ဘဝကို အကြီးအကျယ်လွှမ်းမိုးခဲ့တယ်။ ဖြစ်နိုင်ပါ့မလား။
ကြေးစားစစ်သားဖြစ်တဲ့အဖေ့ကို အမေလက်ထပ်တုန်းက အမေဟာ စိတ်ထက်သန်တဲ့ အင်္ဂလီကန်ချာ့ခ်ျအသင်းသားတစ်ယောက်ဖြစ်တယ်။ အဲ့ဒီအချိန်က ပထမကမ္ဘာစစ်မတိုင်ခင်ကပေါ့။ ၁၉၁၄ ခုနှစ်မှာ ပထမကမ္ဘာစစ်ဖြစ်လာတော့ အမေ့ရဲ့ခရစ်ယာန်ဘုန်းကြီးက စစ်သားစုဆောင်းရေးဟောပြောချက်တွေပေးခဲ့လို့ အမေနဲ့ကတောက်ကဆတ်ဖြစ်ကြတယ်။ အဲ့ဒီဓမ္မဆရာက ဘာပြန်ပြောတယ်မှတ်သလဲ။ “အိမ်ပြန်၊ ဒီကိစ္စနဲ့ ဘာမှစိတ်ရှုပ်မခံနဲ့” တဲ့! ဒါကို အမေ ဘဝင်မကျခဲ့ဘူး။
စစ်အရှိန်တက်နေတဲ့ ၁၉၁၇ ခုနှစ်မှာ “ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်” ကိုအမေသွားကြည့်ခဲ့တယ်။ အမှန်တရားကိုတွေ့ပြီလို့ အမေယုံကြည်စိတ်ချစွာနဲ့ ချာ့ခ်ျကနေ ချက်ချင်းနုတ်ထွက်လိုက်တယ်၊ အဲ့ဒီတုန်းက ကျမ်းစာကျောင်းသားတွေလို့ လူသိများတဲ့ ယေဟောဝါသက်သေတွေနဲ့ အမေစပေါင်းသင်းလာတယ်။ အင်္ဂလန်နိုင်ငံ၊ ဆောမ်မာဆက်ခရိုင်က ကျွန်တော်တို့ရဲ့ ဝက်စ်ကိုကာရွာနဲ့အနီးဆုံး ယိုဗီလ်မြို့ကအသင်းတော်မှာ စည်းဝေးတွေ အမေသွားတက်ခဲ့တယ်။
မကြာခင် အမေရဲ့ညီမသုံးယောက်ကို အမေသိထားခါစ ယုံကြည်ခြင်းအကြောင်း ပြောပြတယ်။ အမေနဲ့ သူ့ညီမမိလ်လီတို့ဟာ ကျေးလက်ဒေသတစ်လျှောက် စက်ဘီးနင်းပြီး ကျမ်းစာလေ့လာဖို့ အထောက်အကူဖြစ်တဲ့ ကျမ်းစာစောင်များမှ လေ့လာစရာများ စာအုပ်တွေကို ဝေငှခဲ့ကြတဲ့အကြောင်း ယိုဗီလ်အသင်းတော်က ရှေးမီနောက်မီသူတွေက ကျွန်တော့်ကိုပြောပြကြတယ်။ ဒါပေမဲ့ အဲ့ဒီတုန်းက အဆုတ်ရောဂါကုဖို့ ဆေးမရှိသေးလို့ အမေ,မဆုံးခင် ၁၈ လလုံးလုံး အဲ့ဒီရောဂါနဲ့ အိပ်ရာထဲလဲနေရရှာတယ်။
လက်တွေ့ကိုယ်ကျိုးစွန့်ခြင်း
အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့နဲ့အတူနေတဲ့ အန်တီမိလ်လီဟာ နေမကောင်းတဲ့အမေ့ကို ပြုစုပေးရင်း ကျွန်တော်နဲ့ အသက်
ခုနစ်နှစ်အရွယ်ကျွန်တော့်အစ်မ ဂျိုအဲန်းကို ကြည့်ရှုစောင့်ရှောက်ပေးခဲ့တယ်။ အမေဆုံးတာနဲ့ ချက်ချင်းပဲ ကျွန်တော်တို့ကို အန်တီမိလ်လီ တာဝန်ယူကြည့်ရှုမယ်လို့ပြောတယ်။ အဖေကလည်း ကလေးတွေတာဝန်ကို လွှဲယူမယ့်သူရှိလို့ ဝမ်းသာပြီး အန်တီမိလ်လီကို ကျွန်တော်တို့နဲ့အတူ အမြဲနေဖို့ တလိုတလားသဘောတူလိုက်တယ်။အန်တီကို ကျွန်တော်တို့ချစ်တဲ့အတွက် ကျွန်တော်တို့နဲ့ အန်တီအတူနေမှာကို ဝမ်းသာခဲ့ကြတယ်။ ဒါပေမဲ့ ဒီလို အန်တီဘာကြောင့်ဆုံးဖြတ်တာလဲ။ ဂျိုအဲန်းနဲ့ကျွန်တော့်ကို ကျမ်းစာအမှန်တရားသင်ပေးဖို့ အမေချခဲ့တဲ့အုတ်မြစ်အပေါ် ဆက်တည်ဆောက်ပေးရမယ့်တာဝန် သူ့မှာရှိလို့၊ အဖေက ဘာသာရေးကို စိတ်မဝင်စားတော့ ဒီတာဝန်ကို အဖေယူမှာမဟုတ်မှန်းသိထားလို့ဆိုပြီး နှစ်တွေအလီလီကြာပြီးတဲ့နောက်မှ ကျွန်တော်တို့ကို အန်တီမိလ်လီပြောပြတယ်။
ဒါကြောင့် အန်တီမိလ်လီဟာ နောက်ထပ်ဆုံးဖြတ်ချက်တစ်ခုချခဲ့ရတယ်ဆိုတာကိုလည်း နောက်ပိုင်းမှ ကျွန်တော်တို့သိခဲ့ရတယ်။ ကျွန်တော်တို့ကို ကောင်းကောင်းကြည့်ရှုစောင့်ရှောက်ပေးဖို့ အန်တီဟာ ဘယ်တော့မှအိမ်ထောင်မပြုဘူးလို့ ဆုံးဖြတ်ရရှာတယ်။ တကယ့်ကိုကိုယ်ကျိုးစွန့်တာ! ဂျိုအဲန်းနဲ့ကျွန်တော်ဟာ အန်တီကို ကျေးဇူးတင်လို့မဆုံးဘူး။ အန်တီသင်ပေးခဲ့တာတွေရယ်၊ သူ့ရဲ့အထူးကောင်းတဲ့ပုံသက်သေဟာ ကျွန်တော်တို့ဆီမှာ ကျန်ရစ်ခဲ့တယ်။
ဆုံးဖြတ်ရန်အချိန်
ဂျိုအဲန်းနဲ့ကျွန်တော် အင်္ဂလီကန်ချာ့ခ်ျပိုင် ရွာကျောင်းကို တက်ခဲ့ကြတယ်၊ ကျွန်တော်တို့ရဲ့ ဘာသာရေးပညာနဲ့ပတ်သက်လို့ အန်တီမိလ်လီက ကျောင်းအုပ်ဆရာမကြီးကို ကျွန်တော်တို့ရဲ့ရပ်တည်ချက် အသေအချာပြောပြထားတယ်။ တခြားကလေးတွေ ချာ့ခ်ျကိုသွားတဲ့အခါ ကျွန်တော်တို့အိမ်ပြန်ကြတယ်၊ ဘာသာရေးသွန်သင်ချက်ပေးဖို့ ခရစ်ယာန်ဘုန်းကြီး ကျောင်းကိုလာတဲ့အခါ ကျွန်တော်တို့ တခြားမှာသွားထိုင်ပြီး ကျမ်းချက်တွေကို အလွတ်ကျက်နေရတယ်။ အဲ့ဒါက နောက်ပိုင်းမှာ ကျွန်တော့်အတွက်အကျိုးရှိတယ်၊ အဲ့ဒီကျမ်းပိုဒ်တွေကို အခုထိကျွန်တော်မှတ်မိသေးတယ်။
ဒေသန္တရဒိန်ခဲစက်ရုံမှာ လေးနှစ်တာအလုပ်သင်ဖို့ ၁၄ နှစ်နဲ့ ကျွန်တော်ကျောင်းထွက်လိုက်တယ်။ စန္ဒရားတီးတတ်ဖို့လည်းသင်ယူပြီး တေးဂီတနဲ့ စုံတွဲအကကိုပါ ကျွန်တော်ဝါသနာပါလာတယ်။ ကျမ်းစာအမှန်တရားက ကျွန်တော့်နှလုံးထဲမှာ အမြစ်စွဲနေပေမဲ့ ကျွန်တော့်ကိုမလှုံ့ဆော်ပေးသေးဘူး။ ဒါနဲ့ ၁၉၄၀၊ မတ်လရဲ့တစ်နေ့မှာ သက်ကြီးပိုင်းသက်သေခံညီအစ်မတစ်ယောက်က မိုင် ၇၀ လောက်ဝေးတဲ့ ဆွင်ဒန်မြို့မှာကျင်းပမယ့် စည်းဝေးကြီးကို သူနဲ့အတူတက်ဖို့ ကျွန်တော့်ကို ဖိတ်ခေါ်ခဲ့တယ်။ ဗြိတိန်နိုင်ငံက ယေဟောဝါသက်သေတွေရဲ့ ဦးစီးအမှုဆောင် အဲလ်ဘတ် ဒီ. ရှရိုးဒါက လူထုဟောပြောချက်ပေးတယ်။ အဲ့ဒီစည်းဝေးကြီးဟာ ကျွန်တော့်အတွက် အလှည့်အပြောင်းဖြစ်ခဲ့တယ်။
ဒုတိယကမ္ဘာစစ်ကြီး အရှိန်တက်နေတယ်။ ကျွန်တော် ဘာတွေလုပ်နေသလဲ။ ယိုဗီလ်မြို့က ဘုရားသခင့်နိုင်ငံတော်ခန်းမကို ပြန်သွားဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ ဦးဆုံးတက်ခဲ့တဲ့စည်းဝေးမှာ လမ်းပေါ်သက်သေခံခြင်းကို စကြေညာခဲ့တယ်။ ကျွန်တော့်မှာ ကျမ်းစာအသိပညာ နည်းနေသေးပေမဲ့ ဒီလုပ်ငန်းမှာပါဝင်လိုတယ်လို့ ကျွန်တော်ထုတ်ပြောတယ်၊ ကျွန်တော့်မိတ်ဆွေအတော်များများက အံ့ဩကြတယ်၊ ကျွန်တော့်ဘေးကနေ ဖြတ်လျှောက်သွားတဲ့အခါ လှောင်ပြောင်ကြတယ်လေ!
၁၉၄၀၊ ဇွန်လမှာ ဘရစ္စတိုလ်မြို့မှာ ကျွန်တော်နှစ်ခြင်းခံခဲ့တယ်။ တစ်လအတွင်းပဲ အချိန်ပြည့်ဧဝံဂေလိတရားဟောပြောသူဖြစ်တဲ့ မှန်မှန်ရှေ့ဆောင်ဖြစ်လာတယ်။ မကြာခင် ကျွန်တော့်အစ်မလည်း ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံလိုက်တော့ ကျွန်တော်အရမ်းကိုဝမ်းသာခဲ့ရတာပေါ့!
စစ်ဖြစ်စဉ် ရှေ့ဆောင်ခြင်း
စစ်စဖြစ်ပြီးတစ်နှစ်အကြာမှာ စစ်ထဲဝင်ဖို့အမိန့်စာ ကျွန်တော့်ဆီရောက်လာတယ်။ ယိုဗီလ်မြို့မှာ ဘာသာရေးခံယူချက်အရ စစ်မတိုက်လိုသူအဖြစ် နာမည်စာရင်းသွင်းထားတဲ့အတွက် ဘရစ္စတိုလ်မြို့ရဲ့ စစ်ခုံရုံးရှေ့ ကျွန်တော်ရောက်သွားတယ်။ ဂါလာစ်တာရှာပြည်နယ်၊ ဆင်ဒါဖို့ဒ်မြို့မှာ အဲ့ဒီနောက် ဝေလပြည်နယ်၊ ဟက်ဗားဖက်စ်ဝက်စ်မြို့နဲ့ ကာမာသန်မြို့တွေမှာ ဂျွန်ဝင်း * ကာမာသန်မြို့က တရားရုံးမှာအမှုစစ်ခံရပြီးနောက် စွမ်စီအကျဉ်းထောင်မှာ ထောင်ဒဏ်သုံးလချခဲ့တဲ့အပြင် အဲ့ဒီတုန်းက အတော်လေးများတဲ့ ၂၅ ပေါင်ဒဏ်ငွေချခံခဲ့ရတယ်။ နောက်တော့ အဲ့ဒီဒဏ်ငွေကို ကျွန်တော်မပေးနိုင်လို့ နောက်ထပ်ထောင်ဒဏ်သုံးလချခဲ့တယ်။
နဲ့အတူ ရှေ့ဆောင်ခဲ့တယ်။တတိယအကြိမ်အမှုစစ်ခံရတဲ့အချိန်မှာ “‘ကဲသာဘုရင်ရဲ့ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေး’ လို့ကျမ်းစာပြောတာကို မင်းမသိဘူးလား” လို့ကျွန်တော့်ကိုမေးတယ်။ “သိပါတယ်၊ ဒါပေမဲ့ အဲ့ဒီကျမ်းချက်က ‘ဘုရားသခင်၏ဥစ္စာကို ဘုရားသခင်အား ဆက်ပေးကြ’ လို့ဆိုတဲ့အတိုင်း ကျွန်တော်လုပ်နေတာပါ” လို့ပြန်ဖြေခဲ့တယ်။ (မဿဲ ၂၂:၂၁) နောက်တစ်ပတ်၊ နှစ်ပတ်အကြာမှာ စစ်မှုထမ်းခြင်းကနေ လွတ်ကင်းတယ်ဆိုတဲ့ စာတစ်စောင်ကို ကျွန်တော်ရခဲ့တယ်။
၁၉၄၅ ခုနှစ် နှစ်ဆန်းပိုင်းမှာ လန်ဒန်ဗေသလမိသားစုဝင်ဖြစ်ဖို့ ကျွန်တော်ဖိတ်ခေါ်ခံခဲ့ရတယ်။ နောက်နှစ်ဆောင်းရာသီမှာ ကမ္ဘာတစ်ဝန်းဟောပြောခြင်းလုပ်ငန်းကို ဦးစီးခဲ့တဲ့ နေသန် အိပ်ခ်ျ. နောရ်နဲ့ သူ့အတွင်းရေးမှူး မီလ်တန် ဂျီ. ဟဲန်ရှယ်လ်တို့ လန်ဒန်မြို့ကို ရောက်လာတယ်။ သာသနာပြုလေ့ကျင့်မှုအတွက် ကင်းမျှော်စင် သမ္မာကျမ်းစာ ဂိလဒ်ကျောင်းရဲ့ ရှစ်ကြိမ်မြောက်သင်တန်းတက်ဖို့ ဗြိတိန်နိုင်ငံက လူငယ်ညီအစ်ကိုရှစ်ယောက် နာမည်စာရင်းထဲမှာ ကျွန်တော်လည်းပါတယ်။
သာသနာပြုတာဝန်များ
၁၉၄၆၊ မေ ၂၃ ရက်၊ စစ်အတွင်းမှာ လစ်ဘတီသင်္ဘောနဲ့ ကော်နဝါး၊ ဖောအီးဆိပ်ကမ်းကနေ ခရီးထွက်ခဲ့ကြတယ်။ ဆိပ်ကမ်းအုပ်ချုပ်ရေးမှူး ကပ္ပီတန်ကော်လင်းစ်က ယေဟောဝါသက်သေတစ်ဦးဖြစ်တယ်၊ ကျွန်တော်တို့ကမ်းခွာတဲ့အခါ အချက်ပေးဥသြဆွဲလိုက်တယ်။ မြင်ကွင်းကနေ အင်္ဂလိပ်ပင်လယ်ကမ်းရိုးတန်း တဖြည်းဖြည်းပျောက်ကွယ်သွားတော့ ငိုရမလို၊ ရယ်ရမလိုဖြစ်ကြတာ မဆန်းပါဘူး။ အတ္တလန်တိတ်သမုဒ္ဒရာအဖြတ်မှာ အကြီးအကျယ်မိုးလေထန်ခဲ့ပေမဲ့ ၁၃ ရက်အကြာ အမေရိကန်ပြည်ထောင်စုကို ကျွန်တော်တို့ ချောချောမောမောရောက်ခဲ့ကြတယ်။
၁၉၄၆၊ ဩဂုတ် ၄ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ အိုဟိုင်အိုပြည်နယ်၊ ကလီဗ်လန်မြို့မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာပျော်ရွှင်သောလူမျိုး သီအိုကရက်တစ်စည်းဝေးကြီးကို ရှစ်ရက်တက်ခဲ့ရတဲ့အချိန်ဟာ အမှတ်ရထိုက်တဲ့ အတွေ့အကြုံတစ်ခုပဲ။ အခြား ၃၂ နိုင်ငံကနေ စည်းဝေးကြီးတက်ရောက်သူ ၃၀၂ ယောက်အပါအဝင် ရှစ်သောင်းတက်ရောက်ခဲ့တယ်။ အဲ့ဒီစည်းဝေးကြီးမှာ နိုးလော့! * မဂ္ဂဇင်းထွက်လာပြီး ကျမ်းစာသင်ပေးဖို့အထောက်အကူဖြစ်စေတဲ့ “ဘုရားသခင်သစ္စာတော်တည်စေသတည်း” စာအုပ်ကို စိတ်အားထက်သန်သူတွေအတွက် ထုတ်ဝေခဲ့တယ်။
၁၉၄၇ ခုနှစ်မှာ ကျွန်တော်တို့ ဂိလဒ်ကျောင်းဆင်းခဲ့ပြီး ဘီလ် ကော့ပ်ဆန်နဲ့အတူ အီဂျစ်နိုင်ငံမှာ တာဝန်ကျတယ်။ ဒါပေမဲ့ ကျွန်တော်တို့မထွက်ခွာခင် ဘရွတ်ကလင်ဗေသလမှာ ရစ်ချပ် အေဘရန်ဆန်က ကျွန်တော့်ကို ရုံးလုပ်ငန်း ကောင်းကောင်းသင်ပေးခဲ့တယ်။ အလက်ဇန္ဒြီးယားဆိပ်ကမ်းကိုရောက်ပြီး မကြာခင်မှာပဲ အရှေ့အလယ်ပိုင်း ဘဝပုံစံအတိုင်း နေထိုင်တတ်လာတယ်။ ဒါပေမဲ့ အာရဘစ်ဘာသာစကားကို သင်ယူရတာ စိန်ခေါ်ချက်တစ်ခုပဲ၊ ဘာသာစကားလေးမျိုးပါတဲ့ သက်သေခံကတ်ပြားကို ကျွန်တော်အသုံးပြုခဲ့ရတယ်။
အီဂျစ်နိုင်ငံမှာ ဘီလ် ကော့ပ်ဆန်က ခုနစ်နှစ်နေခွင့်ရတယ်၊ ကျွန်တော်ကတော့ ဗီဇာပြန်မလဲပေးတဲ့အတွက် တစ်နှစ်ပဲ နေခဲ့ရတယ်။ အဲ့ဒီသာသနာပြုခဲ့ရတဲ့နှစ်ဟာ ကျွန်တော့်ဘဝမှာ အကျိုးအဖြစ်ထွန်းဆုံးပဲလို့မြင်တယ်။ အပတ်တိုင်း အိမ်တွင်းကျမ်းစာသင်အံမှု ၂၀ ကျော်ကျင်းပခွင့်ရပြီး အဲ့ဒီတုန်းက အမှန်တရား
ရခဲ့ကြသူအချို့ဟာ ခုထက်ထိ ယေဟောဝါကို တက်တက်ကြွကြွချီးမွမ်းဝတ်ပြုနေကြတုန်း။ အီဂျစ်နိုင်ငံကနေ ဆိုက်ပရပ်စ်ကျွန်းကို ကျွန်တော်သွားခဲ့ရတယ်။ဆိုက်ပရပ်စ်နှင့် အစ္စရေးလ်
အဲ့ဒီမှာ ဘာသာစကားအသစ်ဖြစ်တဲ့ ဂရိစကားကိုသင်ခဲ့ရတဲ့အပြင် ဒေသသုံးစကားကို အကျွမ်းတဝင်ရှိဖို့ ကြိုးစားခဲ့ရတယ်။ သိပ်မကြာခင်မှာ အန်တိုနီ ဆိုင်ဒါရာစ်ကို ဂရိနိုင်ငံပြောင်းရွှေ့လိုက်တဲ့အခါ ဆိုက်ပရပ်စ်ကျွန်းမှာ လုပ်ငန်းကြီးကြပ်မှူးအဖြစ် ကျွန်တော့်ကို ခန့်အပ်တယ်။ အဲ့ဒီတုန်းက ဆိုက်ပရပ်စ်ဌာနခွဲရုံးက အစ္စရေးလ်ကိုလည်း ကြည့်ရှုနေရတဲ့အတွက် အခြားညီအစ်ကိုတွေနဲ့အတူ အဲ့ဒီမှာရှိတဲ့ သက်သေခံလူနည်းစုဆီ မကြာခဏလည်ပတ်ခွင့်ရခဲ့တယ်။
အစ္စရေးလ်ကို ပထမအကြိမ်ရောက်တုန်းက ဟိုင်ဖာမြို့စားသောက်ဆိုင်တစ်ဆိုင်မှာ စည်းဝေးကျင်းပတာ တက်ရောက်သူ ၅၀၊ ၆၀ ရှိတယ်။ လူမျိုးစုလိုက်ခွဲပြီး စည်းဝေးအစီအစဉ်ကို ခြောက်ဘာသာစကားနဲ့ တင်ဆက်ခဲ့ကြရတယ်! နောက်တစ်ခါမှာ ယေဟောဝါသက်သေတွေထုတ်တဲ့ ရုပ်ရှင်ကို ဂျေရုဆလင်မြို့မှာ ကျွန်တော်ပြနိုင်တယ်၊ ကျွန်တော်ပေးတဲ့ လူထုဟောပြောချက်ကို အင်္ဂလိပ်သတင်းစာမှာ အသေအချာဖော်ပြခဲ့တယ်။
အဲ့ဒီတုန်းက ဆိုက်ပရပ်စ်ကျွန်းမှာ သက်သေခံအယောက် ၁၀၀ လောက်ရှိပြီး သူတို့ရဲ့ယုံကြည်ခြင်းအတွက် အတော်ကြိုးစားခဲ့ကြရတယ်။ ဂရိသြသဒေါက်စ်ချာ့ခ်ျဘုန်းကြီးတွေ သွေးထိုးပေးတဲ့ သောင်းကျန်းသူတွေက ကျွန်တော်တို့ရဲ့စည်းဝေးတွေကို နှောင့်ယှက်တယ်၊ ကျေးလက်ဒေသတွေမှာ သက်သေခံနေတုန်း ခဲနဲ့အပေါက်ခံရတဲ့ အတွေ့အကြုံသစ်ကိုလည်း ကျွန်တော်ရခဲ့တယ်။ ခြေကုန်သုတ်ထွက်ပြေးတတ်ဖို့ သင်ထားရတယ်! ဒီလိုအကြမ်းဖက်ခံရတဲ့ကြားမှာ ဒီကျွန်းပေါ် သာသနာပြုတွေ ထပ်ရောက်လာလို့ တကယ်အားရှိတယ်။ ဒဲနစ္စနဲ့ မေးဗစ် မဲသရူး၊ ဂျိုအဲန်း ဟာလီနဲ့ ဘယ်ရယ်လ် ဟေဝဒ်တို့က ကျွန်တော်နဲ့အတူ ဖာမာဂွဒ်စ်တာမြို့မှာအမှုဆောင်ကြပြီး တောမ်နဲ့ မေရီ ဂူးလ်ဒဲန်ရယ်၊ လန်ဒန်မြို့မှာမွေးတဲ့ ဆိုက်ပရပ်စ်ကျွန်းသူ နီနာ ကောန်စတန်တီတို့က လီမာဆိုလ်မြို့မှာ အမှုဆောင်ခဲ့ကြတယ်။ တစ်ချိန်ထဲမှာပဲ ဘီလ် ကော့ပ်ဆန်လည်း ဆိုက်ပရပ်စ်ကိုရောက်လာပြီး နောက်ပိုင်းမှာ ဘတ်နဲ့ ဘယ်ရယ်လ် ဗာဆီတို့ ရောက်လာခဲ့ကြတယ်။
ပြောင်းလဲသောအခြေအနေများနှင့်အညီ အလိုက်သင့်နေထိုင်ခြင်း
၁၉၅၇ ခုနှစ်အကုန်ပိုင်းမှာ ကျွန်တော်ကျန်းမာရေးချူချာလာပြီး သာသနာပြုဖို့ တာဝန်ကျတဲ့နေရာမှာ ဆက်မနေနိုင်ခဲ့ဘူး။ ကျန်းမာရေးပြန်ကောင်းလာဖို့ အင်္ဂလန်နိုင်ငံကို ပြန်သင့်တယ်လို့ ဝမ်းနည်းစွာနဲ့ ဆုံးဖြတ်ခဲ့ပြီး ၁၉၆၀ ပြည့်နှစ်အထိ အင်္ဂလန်မှာ ရှေ့ဆောင်ခဲ့တယ်။ ကျွန်တော့်အစ်မနဲ့ သူ့ခင်ပွန်းက သူတို့အိမ်မှာနေဖို့ ကြင်နာစွာလက်ခံပေမဲ့ အခြေအနေတွေက အရင်နဲ့မတူတော့ဘူး။ ဂျိုအဲန်းအတွက် အခြေအနေတွေက ပိုခက်လာတယ်။ ကျွန်တော်မရှိတဲ့ ၁၇ နှစ်အတွင်းမှာ ဂျိုအဲန်းက သူ့ခင်ပွန်းနဲ့ သမီးလေးကို ကြည့်ရှုပြုစုရတဲ့အပြင် အခုအသက်လည်းကြီး နေထိုင်မကောင်းတဲ့ အဖေနဲ့ အန်တီမိလ်လီတို့ကိုပါ သူပြုစုစောင့်ရှောက်နေရရှာတယ်။ အန်တီရဲ့ကိုယ်ကျိုးစွန့်ပုံသက်သေကို အတုယူဖို့လိုတယ်၊ ဒါကြောင့် အန်တီနဲ့အဖေတို့ဆုံးတဲ့အထိ အစ်မနဲ့အတူ ကျွန်တော်နေခဲ့တယ်။
အင်္ဂလန်နိုင်ငံမှာပဲ ဆက်နေရင် အရမ်းအဆင်ပြေမှာ၊ ဒါပေမဲ့ ခဏအနားယူပြီးနောက် ကျွန်တော်တာဝန်ကျရာနေရာကို ပြန်သွားဖို့လိုတယ်လို့ ခံစားခဲ့ရတယ်။ ယေဟောဝါအဖွဲ့အစည်းက ငွေအကုန်ခံပြီး ကျွန်တော့်ကို လေ့ကျင့်ပေးခဲ့တယ်မဟုတ်လား။ ဒါနဲ့ ၁၉၇၂ ခုနှစ်မှာ ဆိုက်ပရပ်စ်ကို ကိုယ့်စရိတ်နဲ့ကိုယ် ပြန်သွားပြီး အဲ့ဒီမှာ ရှေ့ဆောင်လုပ်ခဲ့တယ်။
နောက်တစ်နှစ်မှာကျင်းပမယ့် စည်းဝေးကြီးကိုစီစဉ်ဖို့ နေသန် အိပ်ခ်ျ. နောရ်ရောက်လာတယ်။ ကျွန်တော်ပြန်ရောက်နေမှန်း သူတွေ့တဲ့အခါ ကျွန်းတစ်ကျွန်းလုံးအတွက် တိုက်နယ်ကြီးကြပ်မှူးအဖြစ် ကျွန်တော့်ကိုခန့်အပ်ခဲ့တာ လေးနှစ်အထိ ဒီအခွင့်အရေးကို ကျွန်တော်ရခဲ့တယ်။ ဒါပေမဲ့ တစ်ချိန်လုံး ဂရိဘာသာစကားပဲပြောနေရတော့ ကျွန်တော့်အတွက် တုန်လှုပ်စရာတာဝန်တစ်ခုပဲ။
အကျပ်အတည်းကာလ
ဂရိစကားပြောတတ်တဲ့ ဆိုက်ပရပ်စ်ကျွန်းသားသက်သေခံ ပေါလ်အင်ဒရူးနဲ့ ပင်လယ်ကမ်းရိုးတန်းမြောက်ပိုင်း ကရီနီယာအရှေ့ဘက်လောက်က ကာရာကူမီရွာမှာ ကျွန်တော်နေခဲ့တယ်။ ကရီနီယာတောင်တန်းတွေရဲ့ မြောက်ဘက်က နီကိုဆီယာမြို့မှာ ဆိုက်ပရပ်စ်ဌာနခွဲရုံးရှိတယ်။ ၁၉၇၄၊ ဇူလိုင်လဆန်းပိုင်းမှာ သမ္မတမာကာရီယော့စ်ကိုဖြုတ်ပြီး အာဏာသိမ်းချိန်က နီကိုဆီယာမြို့မှာ ကျွန်တော်ရှိနေတယ်၊ သမ္မတရဲ့အိမ်တော်ကို မီးဝါးမျိုသွားတာ ကျွန်တော်တွေ့လိုက်ရတယ်။ ခရီးသွားလို့ရတော့မှ ကရီနီယာကို ကတိုက်ကရိုက်ပြန်လာတယ်၊ အဲ့ဒီအချိန်မှာ တိုက်နယ်စည်းဝေးအတွက် ကြိုတင်ပြင်ဆင်နေကြတာ။ နောက်နှစ်ရက်ကြာတော့ ဆိပ်ကမ်းမှာ ဦးဆုံးဗုံးပေါက်ကွဲသံ ကြားလိုက်ရပြီး တူရကီနိုင်ငံကနေဝင်လာတဲ့ စစ်သားတွေကိုတင်လာတဲ့ ရဟတ်ယာဉ်တွေအများကြီးကို တွေ့လိုက်ရတယ်။
ကျွန်တော်က ဗြိတိန်နိုင်ငံသားတစ်ယောက်ဖြစ်တော့ တူရကီစစ်သားတွေက ကျွန်တော့်ကို နီကိုဆီယာမြို့စွန်းကိုခေါ်သွားပြီး ဌာနခွဲရုံးနဲ့ဆက်သွယ်ပေးပြီး အမေရိကန်ပြည်ထောင်စုဝန်ထမ်းတွေက ကျွန်တော့်ကိုမေးမြန်းစစ်ဆေးခဲ့ကြတယ်။ အဲ့ဒီနောက် တစ်ဖက်ကမ်းမှာရှိတဲ့ မင်းမဲ့နယ်မြေ လူသူမရှိတဲ့အိမ်တွေဆီကို ရှုပ်ထွေးနေတဲ့တယ်လီဖုန်း၊ လျှပ်စစ်ကြိုးတွေကြားကနေ ကြောက်ကြောက်နဲ့ လျှောက်သွားခဲ့ရတယ်။ ယေဟောဝါဘုရားသခင်နဲ့ ကျွန်တော့်ဆက်သွယ်ရေးလမ်းကြောင်းကို မဖြတ်နိုင်တာ တကယ်ဝမ်းသာစရာပဲ! ကျွန်တော့်ဘဝမှာ မချိမဆံ့ခံခဲ့ရတဲ့အတွေ့အကြုံတွေကို ခံရပ်နိုင်ဖို့ ကျွန်တော့်ရဲ့ဆုတောင်းချက်တွေက တကယ်ထောက်မကူညီပေးခဲ့တယ်။
ကျွန်တော့်ပစ္စည်းတွေအားလုံးဆုံးရှုံးသွားပေမဲ့ ဌာနခွဲရုံးမှာလုံခြုံနေလို့ ကျွန်တော်ဝမ်းသာခဲ့ရတယ်။ ဒါပေမဲ့ ဒီအခြေအနေက သိပ်မကြာလိုက်ပါဘူး။ တစ်ရက်၊ နှစ်ရက်အတွင်းမှာပဲ ချင်းနင်းဝင်ရောက်လာတဲ့စစ်တပ်က ကျွန်းရဲ့မြောက်ပိုင်း သုံးပုံတစ်ပုံကို သိမ်းပိုက်လိုက်တယ်။ ဒါနဲ့ ဗေသလကို ဒီအတိုင်းထားခဲ့ပြီး လီမာဆိုလ်မြို့ကို ကျွန်တော်တို့ပြောင်းခဲ့ကြရတယ်။ နိုင်ငံရေးမငြိမ်မသက်ဒဏ်ကိုခံခဲ့ကြရတဲ့ ညီအစ်ကိုအယောက် ၃၀၀ ရဲ့အကျိုးကို ဆောင်ရွက်ပေးဖို့ ဖွဲ့စည်းခဲ့တဲ့ကော်မတီနဲ့အတူ အလုပ်လုပ်ခွင့်ရလို့ ကျွန်တော်ဝမ်းသာခဲ့ရတယ်၊ သူတို့အများစုက အိုးမဲ့အိမ်မဲ့ဖြစ်နေကြတယ်။
ထပ်ဆင့်တာဝန်အပြောင်းအလဲများ
၁၉၈၁၊ ဇန်နဝါရီလမှာ အုပ်ချုပ်ရေးအဖွဲ့က ကျွန်တော့်ကို အေသင်ဗေသလမိသားစုဝင်ဖြစ်ဖို့ ဂရိနိုင်ငံကို ပြောင်းရွှေ့ခိုင်းတယ်၊ ဒါပေမဲ့ အဲ့ဒီနှစ်အကုန်ပိုင်းမှာ ဆိုက်ပရပ်စ်ကို ပြန်ရောက်လာပြီး ဌာနခွဲကော်မတီညှိနှိုင်းရေးမှူးအဖြစ် အမှုထမ်းခဲ့ရတယ်။ လန်ဒန်မြို့ကနေလာတဲ့ ဆိုက်ပရပ်စ်ကျွန်းသား အန်သီယပ်စ် ကောန်တိုရီအောဂီစ်နဲ့ သူ့ဇနီးမာရိုတို့ဟာ ကျွန်တော့်အတွက် ‘တကယ်အားရှိစေတဲ့အထောက်အကူ’ ဖြစ်တယ်။—ကောလောသဲ ၄:၁၁။
၁၉၈၄ ခုနှစ်မှာ သီအိုဒေါရ် ဂျဲရက်စ်ရဲ့ ဇုန်လည်ပတ်မှုအဆုံးပိုင်းမှာ “ညီအစ်ကိုဂျဲရက်စ်ရဲ့ ဇုန်လည်ပတ်မှုပြီးရင် သူနဲ့အတူ ဂရိနိုင်ငံကိုလိုက်သွားစေချင်တယ်” လို့ရိုးရိုးလေးရေးထားတဲ့ အုပ်ချုပ်ရေးအဖွဲ့ရဲ့ စာတစ်စောင်ကို ကျွန်တော်ရလိုက်တယ်။ ဘာအကြောင်းပြချက်မှမပါပေမဲ့ ဂရိနိုင်ငံကို ကျွန်တော်တို့ရောက်တော့ ဒီနိုင်ငံမှာ ကျွန်တော့်ကို ဌာနခွဲကော်မတီညှိနှိုင်းရေးမှူးအဖြစ် ခန့်အပ်တယ်လို့ ဌာနခွဲကော်မတီကိုရေးထားတဲ့ အုပ်ချုပ်ရေးအဖွဲ့ရဲ့ နောက်ထပ်စာတစ်စောင်ကို ဖတ်လိုက်ရတယ်။
အဲ့ဒီအချိန်မှာ အယူဖောက်ပြန်ခြင်းနဲ့ ကျွန်တော်တို့ရင်ဆိုင်နေကြရတယ်။ တရားမဝင်ဘဲ ဘာသာသွင်းနေကြတယ်လို့လည်း စွပ်စွဲခံရတယ်။ ယေဟောဝါရဲ့လူမျိုးတော်ကို နေ့တိုင်း ဖမ်းဆီးပြီး တရားရုံးတွေ ခေါ်သွားကြတယ်။ စမ်းသပ်ရာကာလမှာ တည်ကြည်မှုတင်ပြခဲ့ကြတဲ့ ညီအစ်ကို၊ ညီအစ်မတွေကို သိကျွမ်းခွင့်ရတာ တကယ်အခွင့်ထူးတစ်ခုပါ! နောက်ပိုင်းမှာ သူတို့ရဲ့အမှုအချို့ *
ကို ဥရောပလူ့အခွင့်အရေးတရားရုံးရှေ့ အမှုစစ်ခံခဲ့ရတာ ဂရိနိုင်ငံရဲ့ဟောပြောခြင်းလုပ်ငန်းအတွက် အတော်အကျိုးရှိသွားတယ်။ဂရိနိုင်ငံမှာ အမှုဆောင်နေတုန်း အေသင်မြို့၊ သက်စလိုနီကာမြို့နဲ့ ရိုဒ်စ်ကျွန်း၊ ကရေတေကျွန်းတွေမှာကျင်းပတဲ့ အမှတ်ရစရာစည်းဝေးကြီးတွေကို ကျွန်တော်တက်ရောက်ခွင့်ရခဲ့တယ်။ အဲ့ဒီလေးနှစ်တာကာလက ပျော်စရာကောင်းပြီး အကျိုးရှိတဲ့နှစ်တွေဖြစ်တယ်၊ ဒါပေမဲ့လည်း နောက်ထပ်အပြောင်းအလဲတစ်ခု ရှိသေးတယ်၊ ၁၉၈၈ ခုနှစ်မှာ ဆိုက်ပရပ်စ်ကို ကျွန်တော်ပြန်လာခဲ့ရတယ်။
ဆိုက်ပရပ်စ်နှင့် ဂရိသို့ပြန်သွား
ဆိုက်ပရပ်စ်မှာ ကျွန်တော်မရှိတုန်း နီကိုဆီယာမြို့ကနေ မိုင်အနည်းငယ်ဝေးတဲ့ နီဆူမြို့မှာ ဌာနခွဲရုံးအသစ်ကို ညီအစ်ကိုတွေရရှိထားပြီး ယေဟောဝါသက်သေတွေရဲ့ ဘရွတ်ကလင်ဌာနချုပ်ကနေ ကယ်ရီဘာဘာက အပ်နှံပွဲဟောပြောချက်လာပေးတယ်။ အခုဆိုရင် ဒီကျွန်းပေါ်မှာ အခြေအနေတွေအေးချမ်းလာပြီး ဒီကိုပြန်ရောက်လာရတာ ကျွန်တော်ပျော်နေတယ်၊ ဒါပေမဲ့ သိပ်မကြာလိုက်ပါဘူး။
ဂရိနိုင်ငံ၊ အေသင်မြို့ရဲ့မြောက်ပိုင်း မိုင်အနည်းငယ်အကွာအဝေးမှာ ဗေသလအိမ်အသစ်ဆောက်ဖို့ အုပ်ချုပ်ရေးအဖွဲ့က အစီအစဉ်ဆွဲခဲ့တယ်။ ကျွန်တော်က အင်္ဂလိပ်စကားရော၊ ဂရိစကားပါပြောနိုင်လို့ အဆောက်အဦသစ်ဆောက်မယ့်နေရာမှာ လုပ်အားပေးကြမယ့် အပြည်ပြည်ဆိုင်ရာအမှုထမ်းမိသားစုအတွက် စကားပြန်အဖြစ်ပြန်လာဖို့ ၁၉၉၀ ပြည့်နှစ်မှာ ဖိတ်ခေါ်ခံရတယ်။ နွေရာသီနံနက်စောစော ခြောက်နာရီအချိန်မှာ လုပ်ငန်းခွင်ကိုရောက်နေပြီး ဆောက်လုပ်ရေးမိသားစုနဲ့အတူ အလုပ်လုပ်ဖို့ စေတနာ့ဝန်ထမ်းကြတဲ့ ရာနဲ့ချီဂရိညီအစ်ကို၊ ညီအစ်မတွေကို ကြိုဆိုရတဲ့ပျော်ရွှင်မှုကို ခုထိမှတ်မိနေတုန်းပါ! သူတို့ရဲ့ပျော်ရွှင်မှုနဲ့ စိတ်အားထက်သန်မှုကို ကျွန်တော်အမြဲတမ်းအမှတ်ရနေတယ်။
ဂရိသြသဒေါက်စ်ဘုန်းကြီးတွေနဲ့ သူတို့ဘက်တော်သားတွေက ဆောက်လုပ်ရေးမြေကွက်ထဲဝင်ပြီး ကျွန်တော်တို့အလုပ်ကိုနှောင့်ယှက်ဖို့ ကြိုးစားကြတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ဆုတောင်းသံတွေကို ယေဟောဝါနားညောင်းပြီး ကာကွယ်ပေးခဲ့တယ်လေ။ ၁၉၉၁၊ ဧပြီ ၁၃ ရက်နေ့မှာ ဗေသလအိမ်သစ်အနုမောဒနာပွဲခံတဲ့အချိန်အထိ အဲ့ဒီမှာကျွန်တော်ရှိနေတယ်။
ကျွန်တော်ချစ်ရသည့်အစ်မကို ထောက်ပံ့ခြင်း
နောက်တစ်နှစ်မှာ ခွင့်ရက်နဲ့ အင်္ဂလန်နိုင်ငံကိုပြန်ပြီး ကျွန်တော့်အစ်မ၊ သူ့ခင်ပွန်းတို့နဲ့အတူ နေခဲ့တယ်။ ဝမ်းနည်းစရာကတော့၊ အဲ့ဒီမှာ ကျွန်တော်ရှိနေတုန်း ကျွန်တော့်ယောက်ဖဟာ နှစ်ခါနှလုံးရပ်ပြီး ကွယ်လွန်သွားရှာတယ်။ ကျွန်တော်သာသနာပြုနေတုန်း ဂျိုအဲန်းက ကျွန်တော့်ကို အများကြီးထောက်ပံ့ကူညီပေးခဲ့တာ။ ကျွန်တော့်ဆီကို အားပေးစာ အပတ်တိုင်း ရေးပို့ပေးခဲ့တယ်။ ဒီလိုဆက်သွယ်မှုဟာ သာသနာပြုတိုင်းအတွက် တကယ့်ကောင်းချီးတစ်ခုပဲ! အခုဆိုရင် အစ်မက ကျန်းမာရေးချူချာနေပြီး ထောက်ပံ့ကူညီမှုလိုတဲ့ မုဆိုးမဖြစ်နေပြီ။ ကျွန်တော် ဘာလုပ်သင့်သလဲ။
ဂျိုအဲန်းရဲ့သမီး သဲလ်မာနဲ့ သူ့ခင်ပွန်းကလည်း ရောဂါကျွမ်းနေပြီဖြစ်တဲ့ ကျွန်တော်တို့ရဲ့ဝမ်းကွဲတော်သူ သူတို့အသင်းတော်က တည်ကြည်တဲ့မုဆိုးမတစ်ယောက်ကို ကြည့်ရှုစောင့်ရှောက်နေကြတယ်။ ဒါကြောင့် အကြိမ်ကြိမ်ဆုတောင်းပြီးတဲ့နောက်မှာ ဂျိုအဲန်းကို ပြုစုစောင့်ရှောက်ဖို့ သူနဲ့နေသင့်တယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒီအပြောင်းအလဲက မလွယ်ပါဘူး၊ ဒါပေမဲ့ ယိုဗီလ်မှာရှိတဲ့ အသင်းတော်နှစ်ခုထဲက ပဲန်မီလ်မှာ အကြီးအကဲလုပ်ဆောင်ခွင့်ရခဲ့ပါတယ်။
ကျွန်တော်နဲ့အမှုဆောင်ခဲ့ကြတဲ့ ညီအစ်ကိုတွေဟာ ကျွန်တော့်ကို တယ်လီဖုန်းနဲ့ရော၊ စာနဲ့ပါ မှန်မှန်ဆက်သွယ်နေကြတုန်း၊ အဲ့ဒီအတွက် ကျွန်တော်အရမ်းကျေးဇူးတင်တယ်။ တကယ်လို့ ဂရိ ဒါမှမဟုတ် ဆိုက်ပရပ်စ်ကျွန်းကို ကျွန်တော်ပြန်သွားချင်တယ်ဆိုရင် ကျွန်တော့်အတွက် ခရီးသွားလက်မှတ်တွေ ချက်ချင်းရောက်လာမယ်ဆိုတာ ကျွန်တော်သိတယ်။ ဒါပေမဲ့ အခု ကျွန်တော် အသက် ၈၀ ရှိနေပြီ၊ အရင်လိုမျက်စိရော ကျန်းမာရေးပါ မကောင်းတော့ဘူး။ အရင်ကလို မလုပ်ဆောင်နိုင်တော့တာ စိတ်ဓာတ်ကျစရာပဲ၊ ဒါပေမဲ့ ဗေသလမှာ အမှုဆောင်ခဲ့ရတဲ့နှစ်တွေဟာ ဒီနေ့အထိ ကျွန်တော့်အတွက် အကျိုးရှိတဲ့အကျင့်ကောင်းတွေ မွေးပေးခဲ့တယ်။ ဥပမာ၊ မနက်စာမစားခင် နေ့စဉ်ကျမ်းချက်ကို အမြဲတမ်းဖတ်တယ်။ လူတွေနဲ့သင့်မြတ်ပြီး၊ ချစ်ချစ်ခင်ခင်နေတတ်တယ်၊ အဲ့ဒါက သာသနာပြုလုပ်ငန်းမှာ အောင်မြင်မှုရရှိစေတဲ့ အဓိကသော့ချက်ပဲ။
ယေဟောဝါကို ချီးမွမ်းထောမနာပြုနိုင်ခဲ့တဲ့ အနှစ် ၆၀ ကျော်ခန့်ကို ပြန်ပြောင်းကြည့်လိုက်တဲ့အခါ အချိန်ပြည့်အမှုဆောင်ဟာ အလုံခြုံဆုံးဖြစ်တဲ့အပြင် အကောင်းဆုံးပညာရေးကိုလည်း ရရှိစေတယ်။ “ဘေးရောက်သောကာလ၌ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ၊ ဘေးလွတ်ရာဖြစ်တော်မူ၏” လို့ယေဟောဝါကို ပြောခဲ့တဲ့ ဒါဝိဒ်ရဲ့စကားတွေက ကျွန်တော့်နှလုံးထဲမှာ ပဲ့တင်ထပ်နေပါတယ်။—ဆာလံ ၅၉:၁၆။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 18 စက်တင်ဘာ ၁၊ ၁၉၉၇ ခုနှစ်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၅-၈ တွင်ဂျွန်ဝင်း၏ဘဝအတ္ထုပ္ပတ္တိ “ကျွန်တော့်နှလုံးသားသည် ကျေးဇူးတင်စိတ်နှင့်ပြည့်လျှံနေ” ကိုဖော်ပြထားသည်။
^ အပိုဒ်၊ 23 ယခင်က နှစ်သိမ့်မှု ဟုလူသိများခဲ့သည်။
^ အပိုဒ်၊ 41 ၁၉၉၈၊ ဒီဇင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၀-၁ နှင့် ၁၉၉၃၊ စက်တင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၇-၃၁; ၁၉၉၈၊ ဇန်နဝါရီ ၈ ရက်ထုတ် နိုးလော့! စာမျက်နှာ ၂၁-၂ နှင့် ၁၉၉၇၊ မတ် ၂၂ ရက်ထုတ် နိုးလော့! စာမျက်နှာ ၁၄-၁၅ တို့ကိုရှု။
[စာမျက်နှာ ၂၄ ပါ မြေပုံ]
(ကားချက်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ဂရိ
အေသင်
ဆိုက်ပရပ်စ်
နီကိုဆီယာ
ကရီနီယာ
ဖာမာဂွဒ်စ်တာ
လီမာဆိုလ်
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
၁၉၁၅ ခုနှစ်က အမေ
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
၁၉၄၆ ခုနှစ်တွင် ဘရွတ်ကလင်ဗေသလအိမ်အမိုးပေါ်၌ ရှစ်ကြိမ်မြောက် ဂိလဒ်သင်တန်းမှ အခြားညီအစ်ကိုများနှင့်အတူ ကျွန်တော် (လက်ဝဲမှ စတုတ္ထမြောက်)
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
အင်္ဂလန်နိုင်ငံသို့ ကျွန်တော်ပထမဦးဆုံးပြန်လာစဉ် အန်တီမိလ်လီနှင့်အတူ