တစ်လောကလုံး ဖျက်ဆီးခံရ!
တစ်လောကလုံး ဖျက်ဆီးခံရ!
သင့်ဝန်းကျင်လောကရှိ မြို့ပြများ၊ ၎င်း၏ယဉ်ကျေးမှု၊ သိပ္ပံဆိုင်ရာ အောင်မြင်မှုများနှင့် သန်းပေါင်းများစွာသောလူဦးရေတို့ကို ရှုလိုက်ပါ။ ၎င်းတို့၏တည်မြဲဟန်ရှိခြင်းသည် အထင်ကြီးစရာပင် မဟုတ်ပေလော။ ဤလောကသည် တစ်နေ့နေ့တွင် လုံးလုံးပျောက်ကွယ်သွားလိမ့်မည်ကို သင်တွေးကြည့်နိုင်သလော။ တွေးရခက်ပေလိမ့်မည်။ သို့ရာတွင် ယုံကြည်စိတ်ချရသော ဇာစ်မြစ်တစ်ခုအရ ဤကမ္ဘာလောကမတည်ရှိမီ လောကတစ်ခုတည်ရှိခဲ့ပြီး ၎င်းသည်လုံးလုံးဖျက်ဆီးခံခဲ့ရကြောင်း သင်သိပါသလော။
ရှေးခေတ်လူမျိုးစုများ နေထိုင်သည့် ကမ္ဘာလောကတစ်ခုကို ပြောနေခြင်းမဟုတ်ပါ။ ပျက်စီးသွားသည့်လောကသည် မြို့ပြများ၊ အနုပညာဆိုင်ရာအောင်မြင်မှုများနှင့် သိပ္ပံပညာထွန်းကားသော ယဉ်ကျေးသည့် လောကတစ်ခုဖြစ်သည်။ သို့တိုင် ဘိုးဘေးအာဗြဟံမမွေးမီ နှစ်ပေါင်း ၃၅၂ နှစ်၊ ဒုတိယလ၊ ၁၇ ရက်နေ့တွင် ရုတ်တရက် ရေလွှမ်းမိုးဘေးကျရောက်ခဲ့ပြီး တစ်လောကလုံး သုတ်သင်ရှင်းလင်းခံခဲ့ရကြောင်း ကျမ်းစာမှတ်တမ်းကဆို၏။ *
၎င်းမှတ်တမ်းသည် မှန်ပါသလော။ ထိုသို့ အမှန်တကယ်ဖြစ်ပျက်ခဲ့ပါသလော။ လက်ရှိလောကမတိုင်မီ စည်ပင်ထွန်းကားခဲ့ပြီး နောက်ပိုင်းတွင်ဖျက်ဆီးခံခဲ့ရသည့် ရှေးလောကဓာတ်တစ်ခု အမှန်တည်ရှိခဲ့သလော။ သို့ဖြစ်လျှင် အဘယ်ကြောင့် အဆုံးတိုင်ခဲ့ရသနည်း။ ပြဿနာကားအဘယ်နည်း။ ၎င်းဖျက်ဆီးခံရခြင်းမှ သင်ခန်းစာယူနိုင်စရာ ရှိပါသလော။
ရှေးလောကဓာတ်တစ်ခု အမှန်တကယ် ဖျက်ဆီးခံခဲ့ရသလော
စိုးရွံ့ထိတ်လန့်ဖွယ် ထိုသို့သောကပ်ဘေးကြီးတစ်ခု အမှန်တကယ်ဖြစ်ပျက်ခဲ့ပါမူ ယင်းကိုဘယ်သောအခါမျှ လုံးဝမေ့ပျောက်နိုင်ကြမည်မဟုတ်ပေ။ ထို့ကြောင့် လူမျိုးများစွာတွင် ထိုပျက်စီးခြင်းဘေးကို သတိပေးသောစကားများရှိသည်။ ဥပမာ၊ သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသော ရက်စွဲအတိအကျကို သုံးသပ်ကြည့်ပါ။ ရှေးခေတ်ပြက္ခဒိန်၏ ဒုတိယလသည် ယခုကျွန်ုပ်တို့သတ်မှတ်သော အောက်တိုဘာလလယ်မှ နိုဝင်ဘာလလယ်အထိဖြစ်သည်။ ထို့ကြောင့် ၁၇ ရက်သည် ခန့်မှန်းခြေအားဖြင့် နိုဝင်ဘာပထမရက်နှင့်ကိုက်ညီသည်။ ထို့ကြောင့် နိုင်ငံများစွာတွင် ကွယ်လွန်သူတို့အတွက်ပွဲနေ့များကို ထိုအချိန်တွင်ပင် ကျင်းပကြခြင်းသည် တိုက်ဆိုင်မှုမျှမဖြစ်နိုင်ပေ။
ရေလွှမ်းမိုးဘေး၏ အခြားသောအထောက်အထားများသည် လူတို့၏ထုံးတမ်းစဉ်လာများတွင် ဆက်လက်တည်ရှိသည်။ ရှေးကျသောလူမျိုးစုတိုင်းတွင် မိမိတို့ဘိုးဘေးများသည် ကမ္ဘာချီရေလွှမ်းမိုးဘေးကို ကပ်ကျော်ခဲ့ကြသည်ဟူသည့် ဒဏ္ဍာရီရှိသည်။ အနည်းငယ်ကိုသာဖော်ပြရလျှင် တရုတ်၊ နယူးဇီလန်၊ မက္ကစီကို၊ မိုက်ခရိုနီးရှား၊ မြောက်အမေရိကတိုက် ဒေသအသီးသီး၊ လစ်သူယေးနီးယား၊ အလာစကာ၊ ဩစတြေးလျနှင့် အိန္ဒိယရှိလူမျိုးများနည်းတူ အာဖရိကန် ပစ်ဂမီလူမျိုးများ၊ ဥရောပ ကက်လူမျိုးများ၊ တောင်အမေရိက အင်ဂါလူမျိုးအားလုံးတို့တွင် အလားတူ ဒဏ္ဍာရီများရှိကြသည်။
အချိန်ကုန်လွန်လာသည်နှင့်အမျှ ထိုဒဏ္ဍာရီများကို အမွှမ်းတင်ရေးသားခဲ့ကြသည်မှန်သော်လည်း ၎င်းတို့အားလုံးသည် ရင်းမြစ်တူဇာတ်လမ်းတစ်ခုကိုရည်ညွှန်းသည့် အသေးစိတ်အချက်အလက်များစွာပါရှိသည်၊ ၎င်းမှာ လူသားတို့၏ဆိုးညစ်မှုကြောင့် ဘုရားသခင် အမျက်ထွက်တော်မူခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ရေလွှမ်းမိုးဘေးကြီးကို ကျရောက်စေတော်မူသည်။ လူသားတစ်ရပ်လုံး ဖျက်ဆီးခံခဲ့ရသည်။ သို့ရာတွင် ဖြောင့်မတ်သူလူနည်းစုသည် ကာကွယ်ခံခဲ့ရသည်။ ထိုသူတို့သည် လူနှင့်တိရစ္ဆာန်များကို လွတ်မြောက်စေသည့် သင်္ဘောတစ်စီး ဆောက်လုပ်ခဲ့ကြသည်။ အချိန်တန်သော် ခြောက်သွေ့ရာအရပ်ကိုရှာရန် ငှက်များကို စေလွှတ်ခဲ့၏။ နောက်ဆုံး သင်္ဘောသည် တောင်တစ်လုံးပေါ်တွင် တင်သွားသည်။ လွတ်မြောက်လာသူများသည် သင်္ဘောမှဆင်း၍ ပူဇော်ပသခဲ့ကြသည်။
ယင်းက အဘယ်အရာကို သက်သေထူသနည်း။ တူညီချက်များသည် တိုက်ဆိုင်မှုသာ မဖြစ်နိုင်ချေ။ ထိုဒဏ္ဍာရီများ၏ စုပေါင်းအထောက်အထားက လူသားလောကတစ်ခုလုံးကိုဖျက်ဆီးခဲ့သည့် ရေလွှမ်းမိုးဘေးကို လွတ်မြောက်သူများမှ လူအားလုံး ဆင်းသက်လာသည်ဟူသော ကျမ်းစာ၏ရှေးသက်သေခံချက်ကို ထောက်ခံအတည်ပြုသည်။ ယင်းကြောင့် အဘယ်အရာဖြစ်ပျက်ခဲ့ကြောင်းသိရှိရန် ဒဏ္ဍာရီများကို ယုံကြည်အားထားစရာမလိုပါ။ ကျွန်ုပ်တို့တွင် ကျမ်းစာ၏ဟေဗြဲစာစောင်များ၌ ဂရုတစိုက်ထိန်းသိမ်းထားသော မှတ်တမ်းရှိသည်။—ကမ္ဘာဦး အခန်းကြီး ၆-၈။
သမ္မာကျမ်းစာတွင် လူ့ဘဝအစပိုင်းအထိ ပြန်ရောက်သွားစေသည့် သမိုင်းဆိုင်ရာ မှုတ်သွင်းခံမှတ်တမ်း ပါရှိသည်။ သို့ရာတွင် အထောက်အထားများက ယင်းသည် သမိုင်းမှတ်တမ်းမျှသာမက
ကြောင်း သက်သေထူ၏။ ၎င်း၏ စိတ်ချရသောပရောဖက်ပြုချက်နှင့် နက်နဲသောဉာဏ်ပညာတို့က လူသားများနှင့်ဘုရားသခင်ဆက်ဆံသည့် နည်းလမ်းဖြစ်ကြောင်းဖော်ပြသည်။ ဒဏ္ဍာရီများနှင့်မတူဘဲ သမ္မာကျမ်းစာပါ သမိုင်းမှတ်တမ်းများတွင် အမည်နှင့်ရက်စွဲများရော ဆွေစဉ်မျိုးဆက်စာရင်းအပြင် ပထဝီဆိုင်ရာ အသေးစိတ်အချက်အလက်များပါရှိ၏။ ရေလွှမ်းမိုးဘေးမတိုင်မီက လူသားဘဝသည် အဘယ်အရာနှင့်တူကြောင်းနှင့် တစ်လောကလုံးသည် အဘယ်ကြောင့် ရုတ်တရက်ဆုံးခန်းတိုင်ခဲ့ရကြောင်းကိုလည်း ဖော်ပြပေးသည်။ရေလွှမ်းမိုးဘေးမတိုင်မီက လူသားများသည် အဘယ်အမှားကို ပြုခဲ့ကြသနည်း။ နောက်ဆောင်းပါးက ထိုမေးခွန်းကို သုံးသပ်ထားပါသည်။ ၎င်းက လက်ရှိယဉ်ကျေးမှု၏အနာဂတ် တည်ရှိရေးမှာ မည်မျှစိတ်ချရကြောင်း သိရှိလိုသူများအတွက် အရေးပါသည့်မေးခွန်းတစ်ခုဖြစ်သည်။
[အောက်ခြေမှတ်ချက်]
[စာမျက်နှာ ၄ ပါ ဇယား]
(ကားချက်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ကမ္ဘာချီရေလွှမ်းမိုးဘေးဒဏ္ဍာရီများ
နိုင်ငံ တူညီချက်များ ၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀
ဂရိ ၇ ◆ ◆ ◆ ◆ ◆ ◆ ◆
ရောမ ၆ ◆ ◆ ◆ ◆ ◆ ◆
လစ်သူယေးနီးယား ၆ ◆ ◆ ◆ ◆ ◆ ◆
အဆီးရီးယား ၉ ◆ ◆ ◆ ◆ ◆ ◆ ◆ ◆ ◆
တန်ဇန်းနီးယား ၇ ◆ ◆ ◆ ◆ ◆ ◆ ◆
အိန္ဒိယ – ဟိန္ဒူ ၆ ◆ ◆ ◆ ◆ ◆ ◆
နယူးဇီလန် – မေအိုရီ ၅ ◆ ◆ ◆ ◆ ◆
မိုက်ခရိုနီးရှား ၇ ◆ ◆ ◆ ◆ ◆ ◆ ◆
ဝါရှင်တန် ယူ.အက်စ်.အေ. - ယကီမာ ၇ ◆ ◆ ◆ ◆ ◆ ◆ ◆
မစ်စစ္စပီ ယူ.အက်စ်.အေ. - ချော့ခ်ထော် ၇ ◆ ◆ ◆ ◆ ◆ ◆ ◆
မက်ဆီကို – မီကိုအာကန် ၅ ◆ ◆ ◆ ◆ ◆
တောင်အမေရိက - ကစ်ချူဝါ ၄ ◆ ◆ ◆ ◆
ဘိုလီးဗီးယား - ခိရိဂူအာနို ၅ ◆ ◆ ◆ ◆ ◆
ဂူယာနာ - အားရဝါ့ခ် ၆ ◆ ◆ ◆ ◆ ◆ ◆
၁– ဆိုးသွမ်းမှုကြောင့် ဘုရားသခင်အမျက်ထွက်တော်မူခဲ့
၂– ရေလွှမ်းမိုးဘေးဖြင့် ဖျက်ဆီးခံခဲ့ရ
၃– ဘုရားသခင်မိန့်တော်မူခဲ့
၄– ဘုရားသခင် သတိပေးခဲ့
၅– လူအနည်းငယ်သာ ကပ်ကျော်ခဲ့
၆– သင်္ဘောတစ်စီးအားဖြင့် ကယ်တင်ခံခဲ့ရ
၇– တိရစ္ဆာန်များ ကယ်နုတ်ခံခဲ့ရ
၈– ငှက် သို့မဟုတ် အခြားသတ္တဝါတစ်မျိုး စေလွှတ်ခဲ့
၉– နောက်ဆုံးတွင် တောင်တစ်လုံးပေါ် တင်သွားခဲ့
၁၀– ပူဇော်ပသခဲ့ကြ